ပြည်ထောင်စုစစ်တပ် ရောက်ရှိလာခြင်းကို အဆင့်မြင့်ကျွန်း၌ သိကြသူမများပေ။ သူတို့သည် မြူခိုးများ ဖုံးလွှမ်းနေသည့် ဝေဟင်လမ်းကျွန်း၌ ဆိုက်ရောက်လာခြင်း ဖြစ်သောကြောင့် အဝေးမှ တစ်ယောက်ယောက်က မြင်သည့်တိုင် အံ့ဩ သိချင်ကြသည်မှ လွဲ၍ အသေးစိတ် မသိကြပေ။
နောက်နှစ်ရက်အတွင်း ကောင်းကင်တာအိုကျောင်းတွင် သင်္ဘောပျံများ အလျှိုအလျှို ဆိုက်ရောက်လာကြသည်။ အများစုမှာ သိုင်းပညာအဆောင် ပြိုင်ပွဲကို ကြည့်ရှုကြမည့် ပြည်ထောင်စု အရာရှိများ ဖြစ်ကြသည်။ သူတို့သည်လည်း အလားတူ ဝေဟင်လမ်းကျွန်းပေါ်၌ ဆင်းသက်ကြသည်။
ဧည့်သည်များ ဆိုက်ရောက်လာခြင်းက သိုင်းပညာအဆောင် ပြိုင်ပွဲနီးကပ်လာခြင်းကို ညွှန်ပြနေသည်။ အဆင့်မြင့်ကျွန်းပေါ်မှ အဆောင်တစ်ခုစီတိုင်းတွင် ဆွေးနွေးချက်များ ပိုများလာသည်။ ပြိုင်ပွဲကို စောင့်မျှော်နေကြသည့် ခံစားချက်များနှင့် စိတ်အားထက်သန်မှုများမှာ တရွေ့ရွေ့ ကုန်ဆုံးလာသည့် အချိန်နှင့်အတူ ပိုမို ပြင်းပြလာသည်။
ဤအချိန်အတွင်း အဆောင်တစ်ခုဆီမှ ဂိုဏ်းသားများသည် ပြိုင်ပွဲ၌ ပါဝင်ကူညီပံ့ပိုးပေးရန် ဖိတ်ကြားခြင်း ခံရသည်။ ဂိုဏ်းသား အများစုအတွက် သိုင်းပညာအဆောင်မှ ဂိုဏ်းသားများနှင့် ရောင်းဝယ်ခြင်းကြောင့် အလွန်ပေါများ ကြွယ်ဝနေကြပြီး အတော်လေး ရှာနိုင်ခဲ့သည်။ သူတို့သည် ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့်အတူ ပြိုင်ပွဲကိုလည်း သိချင်စိတ် ပြင်းပြစွာ စောင့်မျှော်နေကြသည်။
တချို့က တိတ်တခိုး အလောင်းအစားများပင် လုပ်နေကြပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ဝိညာဉ်ကွန်ရက်ပေါ်မှ ဆွေးနွေးချက်များမှာလည်း ပြိုင်ပွဲအကြောင်း ဖြစ်နေကြသည်။
ပြိုင်ပွဲမတိုင်မီ ညနေ၌ ဝမ်ပေါင်လဲ့သည် သူကြော်ငြာချင်သည့် ဓမ္မအဆောင်များကို နောက်ဆုံးပြင်ဆင်ခြင်းအဆင့် ပြီးဆုံးအောင် လုပ်နိုင်ခဲ့သည်။
ဤဓမ္မအဆောင်အများစုမှာ ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်များ ဖြစ်ကြပြီး အနည်းငယ်မှာ သာမန် ဒုတိယအဆင့် ဓမ္မအဆောင်များ ဖြစ်သည်။
“ ငါ အချိန်မလောက်တာ နှမြောစရာပဲ။ မဟုတ်ရင် ငါ ဒါတွေ အားလုံးကို ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်တွေ ဖြစ်အောင် လုပ်ပြီးနေပြီ ”
ဝမ်ပေါင်လဲ့မှာ သူဖန်တီးသန့်စင်ထားသည့် ဓမ္မအဆောင်များ အားလုံးကို ငေးကြည့်ကာ ပြုံးပျော်နေသည်။ အထူးသဖြင့် သူ အထူးတလည် ဖန်တီးထားသည့် သစ်သားပုံးငယ်လေးများကို ကြည့်ကာ အူမြူးနေသည်။ ၎င်းတို့မှာ လူအများ၏ အာရုံစိုက်ခြင်းကို ရရှိနိုင်မည့် လျှို့ဝှက်လက်နက်များ ဖြစ်သည်။
ယခု သူသည် ပြုံးရွှင်စွာဖြင့် ကြော်ငြာခြင်းမှာ လူအများအပြားထံသို့ ပျံ့နှံ့သွားမည်ဟု ခံစားလိုက်ရသည်။ ပေါင်ကြားအကန်ခံထားရသည်ဟု သံသယဝင်ဖွယ် သိုင်းပညာအဆောင်မှ ပဟေဠိဆန်သူက ပူးပေါင်းဆောင်ရွက်ခြင်း မပြုလျှင်ပင် ဝမ်ပေါင်လဲ့၌ ကြော်ငြာရန် အခြားနည်းလမ်း တစ်ခု ရှိသေးသည်။ ထို့ကြောင့် မျှော်လင့်ခြင်း ကြီးစွာဖြင့် အကောင်းဆုံး အခြေအနေဖြစ်ရန် စတင်ကျင့်ကြံတော့သည်။
ထိုတစ်ညမှာ အေးချမ်းစွာ ကုန်ဆုံးသွားသည်။
ဒုတိယနေ့ နံနက်၌ အဆင့်မြင့်ကျွန်းပေါ်မှ ခေါင်းလောင်းသံနှင့်အတူ ဧရာမ မှန်သဖွယ် မန္တန်အစီအရင်တစ်ခု ပေါလောမျောနေသည့် တောင်ပေါ်၌ တလက်လက် တောက်ပကာ ထွက်ပေါ်လာသည်။
မန္တန်အစီအရင်မှာ အလွန် ခမ်းနားကြီးကျယ်လှပြီး ရောင်စုံ လင်းလက်နေကာ ရောက်လာသူအားလုံးကို စိတ်ခံစားချက်များ တက်ကြွသွားစေသည်။ တချိန်တည်းမှာပင် မန္တန်အစီအရင်၏ အပြင်ဘက် လေထုထဲတွင် လူတစ်ယောက် ရပ်နေသည်။
ထိုလူမှာ အကြီးအကဲဖြစ်ပြီး ခံစားချက် မရှိသည့် မျက်နှာနှင့် ခေါင်းမှ ခြေအဆုံး အနက်ရောင်ဝတ်ရုံတစ်ခုကို ခြုံလွှမ်းထားသည်။ သို့ရာတွင် သူ့အသံမှာ ဒြပ်ထုကိုပင် ဖောက်ထွင်းနိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားပြီး အဆင့်မြင့်ကျွန်းတစ်ခုလုံး၌ ပျံ့နှံ့သွားသည်။
“ ပြိုင်ပွဲဝင်အားလုံးနဲ့ ပံ့ပိုးအသင်းသားတွေ မန္တန်အစီအရင်ထဲကို ဝင်ပြီး စစ်ဆေးပွဲကွင်းပြင်ကို ဆက်သွားမယ်။ ပြိုင်ပွဲနဲ့ မဆိုင်တဲ့သူတွေက ဝင်စရာမလိုဘူး”
အကြီးအကဲ၏ စကားအဆုံးတွင် အဆောင်အသီးသီး၏ ကောင်းကင်ယံထက်၌ လူရိပ်များ ပေါ်လာသည်။ အများစုမှာ သိုင်းပညာအဆောင်မှ ဖြစ်ကြသော်လည်း အခြားအဆောင်များမှ ပံ့ပိုးအသင်းသားအဖြစ် ပါဝင်ယှဉ်ပြိုင်မည့်သူများလည်း အတော်လေး များပြားသည်။
စုစုပေါင်း လူနှစ်သောင်းခန့် ရှိပြီး တချို့မှာ သင်္ဘောပျံပေါ်၌ ရပ်နေကြပြီး တချို့မှာ ဓါးပျံကဲ့သို့ ဓမ္မရတနာများပေါ်၌ ရပ်နေကြသည်။ အားလုံးမှာ မန္တန်အစီအရင်သို့ ဦးတည်သွားနေကြပြီး အဝေးမှ ကြည့်လျှင် သူတို့ထံမှ ဖြာထွက်နေသော သက်တံ့သဖွယ် အလင်းရောင်များမှာ အံ့မခန်း ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
မြင်လိုက်ရသူ အားလုံးမှာ ခံစားချက်များ လှုပ်ခတ်သွားကြသည်။ နောက်တစ်ကြိမ် သူတို့သည် သာမန်ခေတ်မဟုတ်တော့ဘဲ ရှေးဦးဝိညာဉ်ခေတ်ကို ရောက်နေပြီဖြစ်ကြောင်း အသေအချာ သိလိုက်ရသည်။
ဝမ်ပေါင်လဲ့သည်လည်း ဂူထဲမှ ထွက်လာသည်။ ကောင်းကင်ထက်မှ အံ့ဩဖွယ် မန္တန်အစီအရင်ကို တွေ့သောအခါ သူသည်လည်း စိတ်လှုပ်ရှားခြင်းများဖြင့် ရင်ခုန်သွားသည်။
ဤသည်မှာ လူအများကြီးကို လေထဲ၌ တစ်စုတစ်စည်းတည်း တွေ့ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ အများစုမှာ အာနာပါန ပထမအဆင့်ထက် ကျော်လွန်သည့် ကျင့်ကြံခြင်းအဆင့်များ ရှိကြသည်။ သူတို့ဆီမှ ထွက်လာသည့် အရှိန်အဝါမှာ ကြောက်စရာ ကောင်းလှသည်။
အာနာပါန ပဉ္စမအဆင့် အထွတ်အထိပ်ကို ရောက်နေကြသူများလည်း အများအပြားဖြစ်သည်။ သူတို့သည် အလွန်အမင်း တည်ငြိမ်အေးဆေးနေကြပြီး သာမန်အတိုင်း ထုတ်လွှတ်နေသည့် ဖိအားမှာ လမ်းတစ်လျှောက်မှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့်အလား သူတို့ဘေးမှ လူများထက် သိသာစွာ ကျော်လွန်နေသည်။
အသက်ကို ဝဝရှူလိုက်ကာ ဝမ်ပေါင်လဲ့သည် ဝင်းရောင်လက်နေသော မျက်လုံး၊ သွေးဆူကာ သွက်လက်နေသည့် ခန္ဓာကိုယ်နှင့်အတူ ပြင်ထားသည့် သင်္ဘောပျံကို ထုတ်ကာ ရပ်လိုက်သည်။ လေထဲသို့ ပျံတက်သွားပြီး သက်တံ့အသွင် ပြောင်းလဲကာ တိမ်များအကြား ပျံသန်းနေသည့် ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်သွားသည်။
သင်္ဘောပျံမှာ ရှေ့တိုးသွားပြီး ဝမ်ပေါင်လဲ့မှာလည်း မန္တန်အစီအရင်နားသို့ ကပ်လာသည်။ အခြားသူများကလည်း မရပ်ဘဲ မန္တန်အစီအရင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသောကြောင့် ဝမ်ပေါင်လဲ့သည်လည်း တဒိတ်ဒိတ် ရင်ခုန်နေကာ တွေဝေခြင်းမရှိ၊ အများနည်းတူ ဝင်သွားလိုက်သည်။ မန္တန်အစီအရင်နှင့် ထိလိုက်သည့် အခိုက်အတန့်တွင် သူ့မျက်လုံးများမှာ ဝေဝါးသွားပြီး ရေပြင်ကို ဖြတ်သန်းသွားသည့်အလား ခံစားရသည်။ ထွက်လာသောအခါ သူသည် ဘဝတစ်လျှောက်လုံး၌ တစ်ကြိမ်မှ မရောက်ဖူးသည့် နေရာတစ်ခုသို့ ရောက်နေသည်။
ကောင်းကင်မှာ ပြာလဲ့နေပြီး တိမ်ဖြူဖြူလေးများ ပြည့်နှက်နေကာ ဓါးနေမင်းကြီးက ကောင်းကင်ထက်တွင် လင်းလက်နေဆဲ ဖြစ်သည်။ သို့ရာတွင် မြေပြင်မှာ ဧရာမ တောင်တန်းများ ဖုံးအုပ်နေသည့် အဆင့်မြင့်ကျွန်း မဟုတ်တော့ပေ။
တောင်တန်းများမှာ ထူးဆန်းနေပြီး အရှေ့၊ အနောက်၊ ဘယ်၊ ညာ မျက်နှာပြင်လေးဖက် ရှိသည်။ ဤတောင်တန်းမျိုး တစ်ရာကျော်ရှိနေပြီး အံ့ဩစရာ အကောင်းဆုံးမှာ တောင်အားလုံးသည် ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသည့်အလား ချွပ်စွပ်တူနေကြခြင်း ဖြစ်သည်။ သူတို့ကြားမှ အကွာအဝေးမှာလည်း ပုံတူကူးထားသည့်အလား တစ်ထေရာတည်း ဖြစ်သည်။
ဤထူးဆန်းလှသည့် မြင်ကွင်းကြောင့် ပထမဆုံးအကြိမ် ရောက်ရှိလာကြသူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူအများကြီး ထပ်ဝင်လာကြပြီး မန္တန်အစီအရင်ကို ဖြတ်ပြီးနောက် ကြုံရသည့် မြင်ကွင်းကြောင့် ဆွေးနွေးသံများ ပိုမိုကျယ်လောင်လာသည်။
“ ဒီတောင်တွေက ဘယ်လိုများ လုပ်ထားတာပါလိမ့်”
“ ဒါကြီးက မန္တန်အစီအရင်များလား ”
“ ဒါကြီးက တကယ့်အမိုက်စားပဲ။ ငါ တစ်ခါ ကြားဖူးတာ ဒီတောင်တွေကို ငါတို့ ကောင်းကင်တာအိုကျောင်းပိုင်တဲ့ နဝမအဆင့် ဓမ္မလက်နက်တွေထဲက တစ်ခုကနေ အသွင်ပြောင်းထားတာဆိုပဲ ”
ဆူဆူညံညံ အသံများကြားတွင် ဝမ်ပေါင်လဲ့၏ အသက်ရှူသံမှာ ပိုမို မြန်ဆန်လာသည်။ သူ့ဘေးတွင် လူအများကြီး ရှိနေပြီး ဝမ်ပေါင်လဲ့က သိုင်းပညာအဆောင်မှ လူထူးဆန်းကို အသံပို့လွှတ်သည့်တိုင် အချိန်အတော်ကြာသည်အထိ ရှာမရပေ။ သူ့ဘေးမှ လူများ၏ ဆွေးနွေးချက်များကို နားထောင်ရင်း အောက်မှ တောင်များကို ငုံ့ကြည့်လိုက်သည်။ မှုန်ဝါးစွာဖြင့် တောင်ရာကျော်အား နယ်မြေငါးခု ခွဲထားသည်ကို မြင်နေရသည်။ သို့ရာတွင် သေချာ မကြည့်ရသေးမီ အပေါ်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ တိတ်တိတ်နေကြစမ်း။ ပထမအဆင့်ကနေ စတုတ္ထအဆင့် အာနာပါန ပညာရှင်တွေက အရှေ့၊ အနောက်၊ တောင်၊ မြောက် အဲဒီနယ်မြေတွေကို အသီးသီး သွားကြမယ်။ အာနာပါနအဆင့် ပဥ္စမမြောက် ပညာရှင်တွေကတော့ အလယ်ပိုင်းနယ်မြေကို ဝင်ကြမယ်”
အသံမှာ မိုးခြိမ်းသံအလား အလွန်အမင်း ကျယ်လောင်ပြီး လူများ၏ နားထဲ၌ အုန်းခနဲ ကြားလိုက်ရသည်။ ချက်ချင်းပင် အားလုံးမှာ ငြိမ်ကျသွားပြီး ခေါင်းကို မော့ကြည့်လိုက်ကြသည်။ အသံရှူသံများ ကြားရသည်အထိ ငြိမ်ကျသွားပြီး မည်သူမျှ အသံမထွက်ရဲကြပေ။
အဘယ်ကြောင့်ဆိုသော် မူလက သူတို့ထက်မှ ကောင်းကင်မှာ ယခု ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ လေထဲတွင် လွင့်မြောနေသည့် ဧရာမ လှေကားလေးစင်းပေါ်လာပြီး အားလုံးမှာ စင်မြင့်အသွင် တစ်ဆက်တည်း ဖြစ်နေကြသည်။
လူပေါင်း သုံး၊ လေးရာခန့် ထိုင်နေကြရာ စင်အပြည့်ဖြစ်သည်။ သူတို့အားလုံးသည် ထိုအမြင့်မှ တောင်တန်းများပေါ်တွင် ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲများအားလုံးကို ခေါင်းငုံ့ကြည့်ရုံမျှဖြင့် ကြည့်နိုင်သည်။
ထိုလူများဆီမှ ထုတ်လွှတ်နေသည့် ဖိအားမှာ အလွန် ပြင်းထန်လှသောကြောင့် အားလုံးမှာ တုန်လှုပ်သွားကြသည်။
အတော်လေး ကွာဝေးသောကြောင့် သာမန်လူများမှာ စင်မြင့်ပေါ်တွင် ထိုင်နေသူများကို သေချာ မမြင်နိုင်သော်လည်း ကျင့်ကြံသူများမှာ အသေးစိတ် မမြင်ရသည့်တိုင် ဝိညာဉ်စွမ်းအင်ကို မျက်လုံး၌ စုစည်းပြီး ကြည့်နိုင်ကြသည်။
ဝမ်ပေါင်လဲ့က စင်မြင့်ပေါ်မှ လူများကို ဝေ့ကြည့်လိုက်စဉ် ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ပေါ်လာသည်။ ထိုလူများမှာ သုံးစုကွဲနေသည်ကို သတိထားမိလိုက်သည်။ တစ်ဖွဲ့မှာ တူညီဝတ်စုံများ ဝတ်ထားကြသည့် စစ်သည်တော်များဖြစ်ပြီး သူတို့ဆီမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။ အခြားနှစ်ဖွဲ့မှာ ပြည်ထောင်စု အရာရှိများနှင့် ကောင်းကင်တာအိုကျောင်းမှ အကြီးအကဲများဖြစ်မည်ဟု ဝမ်ပေါင်လဲ့က ခန့်မှန်းလိုက်သည်။
သူတို့ထဲ၌ တစ်ချက် ဝေ့ကြည့်ရုံဖြင့် မျက်လုံးနာစေသည့် အစွမ်းထက်ကျင့်ကြံသူ အချို့ရှိသည်။ သာမန်လူက ကောင်းကင်မှ နေမင်းကို ကြည့်လိုက်သည့်အလားပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားပြီး အကြည့်ကို လွှဲလိုက်သည်။ သူက လူအားလုံးကို အသေးစိတ် မကြည့်သော်လည်း စစ်သည်များထဲမှ ဝတ်ရုံနက် ဝတ်ဆင်ထားသည့် လူထွားကြီးတစ်ယောက်နှင့် နေမင်းကဲ့သို့ ထင်ရှားနေသော ဝတ်ရုံနီဝတ် သက်လတ်ပိုင်းလူတို့ကို ရှင်းလင်း ပြတ်သားစွာ တွေ့လိုက်ရသည်။
အကြည့်လွှဲလိုက်သည့် အခိုက် ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည့် ခံစားချက် ရလာသည်။ ဝမ်ပေါင်လဲ့မှာ အလန့်တကြးဖြစ်သွားပြီး အထင်မှားသည်ဟု တွေးကာ ပြန်ကြည့်လိုက်သည်။
လှည့်လိုက်လျှင် စစ်သည်တော်များ အကြား ဝတ်ရုံနက်ဝတ် လူသန်ကြီး၏ ဘေးတွင် ရပ်နေပြီး ရွံရှာမုန်းတီးြခင်းများ ပြည့်နှက်နေသော အေးစက်စက် အကြည့်ဖြင့် ကြည့်နေသည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။
“ သူ့ကြည့်ရတာ မြင်ဖူးနေသလိုပဲ… ဟင်… ကျိုးလု ”
ဝမ်ပေါင်လဲ့မှာ တခဏမျှ ကြောင်သွားကာ ဘာမှ မဖြစ်သည့်အလား ဟန်ဆောင်ကာ ဖြည်းဖြည်းချင်း အကြည့်လွှဲလိုက်သည်။
ထိုမိန်းမပျိုမှာ ကျိုးလုဖြစ်ပြီး ကောင်းကင်မြို့တော်၌ ဝမ်ပေါင်လဲ့အား သူမ၏ အာဏာကို သုံးကာ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ သို့ရာတွင် သူ အဆင့်နိမ့်ကျွန်း၌ ရှိစဉ်က သူမသည်သာ ဆိုးဆိုးဝါးဝါး အရိုက်ခံရပြီး ဖင်ဆောင့်ကန်ခြင်း ခံခဲ့ရသည်။
“ သူက စစ်ထဲဝင်ဖို့ ထွက်သွားတာလို့ ကြားဖူးတယ်။ ကြည့်ရတာ ငါ့ကို မှတ်မိတဲ့ပုံပဲ။ ငါ့သား လုကျစ်ဟောင်ကများ သတင်းပေးလိုက်တာလား ”
ဝမ်ပေါင်လဲ့က ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပေ။ ယခု သူက အဆင့်မြင့်ကျွန်း ဂိုဏ်းသား တစ်ယောက်ဖြစ်ပြီး ကျိုးလုက သူ့ကို လက်စားချေနိုင်မည်ဟု မထင်ပေ။ ထို့ကြောင့် သက်ပြင်းအသာချကာ အာရုံမစိုက်တော့ပေ။
မကြာမီ ကြေညာချက်အရ အားလုံးက လူခွဲကာ သက်ဆိုင်ရာ နယ်မြေများသို့ ဝင်သွားကြသည်။ ဝမ်ပေါင်လဲ့သည်လည်း ဘာမှ မဖြစ်သည့်အလား အရှေ့ပိုင်းနယ်မြေထဲသို့ ဝင်သွားသည်။
သို့ရာတွင် ကျိုးလု၏ အကြည့်မှာ သူ့ဆီ ရောက်နေသည်ကို ခံစားနေရဆဲ ဖြစ်သည်။
“ စိတ်တိုစရာကောင်းလိုက်တာ…”
ဝမ်ပေါင်လဲ့က စိတ်ထဲမှ ရွတ်လိုက်သည်။ သူက အရေးမစိုက်တော့ဘဲ အသံလွှင့်လက်စွပ်ကို ထုတ်ကာ သူပံ့ပိုးရမည့် သိုင်းပညာအဆောင်မှ လူထူးဆန်းကို အသံပို့လွှတ်လိုက်သည်။
သူတို့သည် ဝိညာဉ်ကွန်ရက်ပေါ်၌ အသံလွှင့်နံပါတ်များ လဲပြီးသည့်တိုင် ဤသည်မှာ ဝမ်ပေါင်လဲ့အနေဖြင့် ပထမဆုံးအကြိမ် တွေ့ရမည် ဖြစ်သည်။ သူ၏ တည်နေရာကို အသိပေးပြီးနောက် ဝမ်ပေါင်လဲ့က အသံလွှင့်လက်စွပ်ကို ပိတ်ကာ ရပ်စောင့်နေလိုက်သည်။
သို့ရာတွင် တော်တော်ကြာသွားပြီး ဘေးမှ လူများမှာ အသင်းသားများနှင့် စုဝေးပြီးသည့်တိုင် သူက တစ်ယောက်တည်း ဖြစ်နေဆဲ ဖြစ်သည်။ ဝမ်ပေါင်လဲ့သည် တစ်ဖက်လူက သူ့အား နောက်ပြောင်မှာကို တွေးမိကာ စိုးရိမ်ပူပန်လာသည်။
ထိုသို့ တွေးနေစဉ် ဝမ်ပေါင်လဲ့သည် သူ့အနား လူအုပ်ထဲမှ တစ်ယောက်ယောက်က ကြည့်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူက ထိုအကြည့်လာရာဘက်သို လှည့်ကြည့်လိုက်လျှင် မစင်စားမိသည့်အလား ရှုံ့မဲ့နေသည့် လူငယ်တစ်ယောက်ကို ချက်ချင်း တွေ့လိုက်ရသည်။
“ သား ”
ဝမ်ပေါင်လဲ့က ထိုလူငယ်မှာ ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ ထိုလူငယ်မှာ ပေါင်ကြားကို ကန်ကာ လက်ချောင်းများ လိမ်ချိုးခံရပြီး အဖေခေါ်ခိုင်းခံခဲ့ရသည့် လုကျစ်ဟောင် ဖြစ်သည်။ သူက ဝိညာဉ်အမြစ်ရွာသို့ မဝင်ခဲ့ပေ။ ထိုအစား သူ့ခရီးမှ ဝိညာဉ်အမြစ်တစ်ခု လက်ခံရရှိခဲ့ပြီး အဆင့်မြင့်ကျွန်းသို့ ဝင်လာခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့က သူ့ကို မြင်သွားကြောင်း သတိထားမိသောအခါ လုကျစ်ဟောင်က အံကြိတ်ကာ ဝမ်ပေါင်လဲ့နား တိုးလာသည်။
“ မင်းတော့ မဟုတ်ဘူးမလား ”
ဝမ်ပေါင်လဲ့က နားမလည်ဟန် မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်သည်။
လုကျစ်ဟောင်က မေးကို မော့ကာ ဟွန့်ခနဲ အသံထွက်လာသည်။ သူသည် ရွေးချယ်စရာ မရှိသောကြောင့် အလွန်အမင်း မခံမရပ်နိုင် ဖြစ်နေသည်။
ဝမ်ပေါင်လဲ့က တဟားဟား ရယ်မောလိုက်ပြီး လုကျစ်ဟောင်ကို စူးစမ်းကြည့်ပြီးနောက် မထိန်းနိုင်ဘဲ ပြောလိုက်သည်။
“ လာလာ၊ အဖေလို့ ခေါ်ပါဦး…”
‘ အဖေ’ ဟူသည့် စကားလုံးကို ကြားသည်နှင့် လုကျစ်ဟောင်၏နဖူး၌ သွေးကြောစိမ်းများ ထောင်လာသည်။ သူသည် ပေါက်ကွဲထွက်တော့မည့် ဆဲဆဲ၌ အသက်ကို ပြင်းပြင်းရှိုက်ကာ ဝမ်ပေါင်လဲ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
“ နားထောင်စမ်း၊ ဝမ်ပေါင်လဲ့။ ငါ ဒီတစ်ခါ မင်းရဲ့ အကူအညီကို မလိုဘူး။ မင်းက လူပြည့်အောင် လာရတာသက်သက်ပဲ၊ တွေ့လား။ ဟိုမှာ ကျိုးလုက မင်းကို စိုက်ကြည့်နေတယ် ”
“ သေစမ်း။ အဲဒီတော့ သူ့ဆီ သတင်းဖြန့်တာ တကယ်ပဲ မင်းကိုး၊ ခွေးကောင် … မင်း လုပ်ရဲတယ်ပေါ့ ”
ဝမ်ပေါင်လဲ့က အော်ဟစ်ကာ ထပ်ပြောရန် ဟန်ပြင်နေစဉ် သူ့ဘေးမှ လူအားလုံးတိတ်ဆိတ်နေကြသည်ကို သတိပြုမိသွားသည်။ ဝမ်ပေါင်လဲ့ကလည်း နှာခေါင်းရှုံ့ကာ လုကျစ်ဟောင်ကို အရေးမစိုက်တော့ပေ။ သို့ရာတွင် သူသည် ကောင်းကင်ထက် လှေကားပုံစံ ကြည့်ရှုသူ စင်မြင့်ဘက်သို့ မထိန်းနိုင်ဘဲ ကြည့်လိုက်မိရာ လူအတော်များများက သူ့အား စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူသည် အတော်လေး အလန့်တကြား ဖြစ်ကာ တွေဝေသွားသည်။
“ ဘာလို့ အကုန်လုံး ငါ့ကိုပဲ ကြည့်နေကြတာပါလိမ့်။ ငါ ကျိုးလုကြည့်တာကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ တခြားသူတွေက ဘာလို့လဲ။ ငါက အဲဒီလောက်တောင် သူမတူအောင် ထူးချွန်နေတာလား။ အဲဒီလို ဖြစ်မယ်….”
ဝမ်ပေါင်လဲ့က လည်ချောင်းဟန့်ကာ သူ့စိတ်ထဲ၌ ထင်နေသည့် သံသယများကို ထိန်းချုပ် ဖျောက်ဖျက်လိုက်သည်။