Switch Mode

အခန်း ( ၁၄၅ )

ပ‌ဟေဠိဆန်သူ

“ ခုတော့ ငါ့ရဲ့ ဓမ္မအဆောင်တွေကို ဘယ်သူမှ အဖက်မလုပ်ကြပေမဲ့ ပြိုင်ပွဲပြီးရင် ဈေးဘယ်လောက်ကြီးကြီး လူတိုင်း လိုချင်စိတ်ဖြစ်သွားစေမဲ့ ပစ္စည်းတစ်ခုခု လုပ်မှာ”

ဝမ်ပေါင်လဲ့သည် စိတ်ပိုင်းဖြတ်ထားသည့် အသွင်ရှိသော်လည်း သူ့မှာ ရွေးချယ်စရာ မရှိပေ။ လုံးဝ တစ်ပြားမှ မရှိသည့် ခံစားချက်မှာ သူ့အတွက် အသားမကျနိုင်သေးပေ။ ဝမ်ပေါင်လဲ့မှာ ဖောဖောသီသီ သုံးဖြုန်းလေ့ရှိသည့် သူဌေးတစ်ယောက်၊ ရုတ်တရက် ညတွင်းချင်း သူဆင်းရဲတစ်ယောက် ဖြစ်သွားသည်နှင့် ဆင်တူနေသည်။

ဤခံစားချက်ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မအဆောင်များကို မဖြစ်မနေ ရောင်းထုတ်ရန် နည်းလမ်းများ စဉ်းစားနေရခြင်းဖြစ်သည်။ ပေါင်ကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ထရပ်လိုက်သည်။ ဂူထဲ၌ သုံးလေးပတ်ခန့် လမ်းလျှောက်ပြီးနောက် သူသည် အတွေးကမ္ဘာထဲ လုံးဝ နစ်မြောသွားတော့သည်။ စိတ်ထဲမှ သူ့အကြံအစည်ကို သုံးသပ်ကာ အသေးစိတ် စဉ်းစားပြီးနောက် ပြဿနာကြီးကြီး မရှိဟု သေချာလျှင် လမ်းလျှောက်နေခြင်းကို ရပ်လိုက်သည်။

“ ငါ ဒီလိုပဲ လုပ်တော့မယ်” ဝမ်ပေါင်လဲ့က အံကြိတ်ကာ အသံလွှင့်လက်စွပ်ကို ထုတ်ပြီး ချက်ချင်း ကျိုးရိဖန်ကို ဆက်သွယ်လိုက်သည်။

“ ဟေး၊ ကျိုးရိဖန်၊ ငါ သိုင်းပညာအဆောင်က ကျင်းပတဲ့ ပြိုင်ပွဲ အကြောင်း ကြားလို့။ မင်း ပြင်ဆင်တာ ဘယ်လိုလဲ။ ငါ မင်းအတွက် ပံ့ပိုးကူညီပေးရမလား။ ငါနဲ့ဆိုရင် မင်း… ဟား.. သေချာပေါက်…. ဟင်။ မင်းက ပြိုင်ပွဲမှာ ပံ့ပိုးမဲ့ အသင်းသား ရှာတွေ့သွားပြီလား၊ ဟုတ်လား”

ကျိုးရိဖန်မှာလည်း အလွန်အားနာကာ မျက်နှာပူနေသည်။ သူသည်လည်း အစက ဝမ်ပေါင်လဲ့နှင့် အသင်းဖွဲ့ချင်သော်လည်း ဝမ်ပေါင်လဲ့က ငြင်းမည်ကို စိုးရိမ်နေခဲ့သည်။ သူ တွေဝေနေပြီးနောက် ဝမ်ပေါင်လဲ့ကို မဆက်သွယ်တော့ဘဲ အခြားတစ်ယောက်ကိုသာ ရှာလိုက်သည်။

ဝမ်ပေါင်လဲ့က ကျိုးရိဖန်ကို နားလည်ကြောင်း ပြောပြီးနောက် အသံလွှင့်လက်စွပ်ကို အောက်ချလိုက်သည်။ သူက လက်မလျှော့သေးဘဲ ဤတစ်ကြိမ်တွင် အားကုန်ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဓမ္မအဆောင်များမှာ နာမည်ကျော်ကြားမှုမရှိသေးလျှင် သူကိုယ်တိုင် ဖန်တီးရမည် မဟုတ်လော။

နာမည်ကျော်ကြားစေရန် အကောင်းဆုံးနည်းလမ်းမှာ ကြည့်ရှုသူ ပရိသတ်များ အားလုံးရှေ့တွင် အစွမ်းထက် ဓမ္မအဆောင်များ ထုတ်ပြရန် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ဤကမ္ဘာတွင် ထိုမျှ မဖြစ်နိုင်‌လောက်အောင် အစွမ်းထက်သည့် ဓမ္မအဆောင်များ ရှိနေသည်ဟု လူအားလုံး မယုံနိုင်သည်အထိ ဖြစ်သွားစေရမည် ဖြစ်သည်။ ထိုမှတဆင့် အထင်ကြီးကာ လိုချင်စိတ် တိုးလာစေရန် ဖြစ်သည်။

အရှင်းဆုံးပြောရလျှင် ဤသည်မှာ ကြော်ညာခြင်းသာ ဖြစ်သည်။

ဓမ္မအဆောင်များ ကြော်ညာမည့်နေရာကို ဝမ်ပေါင်လဲ့က ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။ သိုင်းပညာအဆောင် ပြိုင်ပွဲကျင်းပမည့်နေရာပင် ဖြစ်သည်။ ထိုနေရာကဲ့သို့ အာရုံစိုက်ခံရမည့် နေရာမျိုး အခြားမရှိပေ။ ဝမ်ပေါင်လဲ့သည် ပြိုင်ပွဲကို အသုံးချကာ သူ့ဓမ္မအဆောင်များအတွက် နာမည်တစ်လုံးရစေရန် ဖန်တီးသွားမည် ဖြစ်သည်။

သိုင်းပညာအဆောင်၏ ပြိုင်ပွဲမှာ အဆင့်မြင့်ကျွန်းတစ်ခုလုံး အဓိက အာရုံစူးစိုက်ရာ ဖြစ်လာသည်။ လူပေါင်းများစွာတို့က စောင့်ကြည့်နေကြမည် ဖြစ်ပြီး ဓမ္မအဆောင်များက ပြိုင်ပွဲတွင် ထင်ရှားလာသည်နှင့်အမျှ လူအားလုံးကို အံ့ဩသွားစေပြီး နာမည်ကြီးသွားနိုင်သည်။

အမှန်တွင် ဤကြော်ညာနည်းမှာ ဝမ်ပေါင်လဲ့ တစ်ဦးတည်းသာမက အခြားအဆောင်များမှ လူများကလည်း စဉ်းစားဖူးသည်။ သူတို့သည် ထူးထူးခြားခြား အရည်အချင်း မရှိသည့်တိုင် သက်ဆိုင်ရာနယ်ပယ်များတွင် အတော်လေး ကျွမ်းကျင်ကြသည်။ သူတို့အတွက် တခဏတာ ကြွယ်ဝမှုက နာမည်ကောင်းနှင့် ကျော်ကြားခြင်းလောက် အရေးမကြီးပေ။ ထို့ကြောင့် သူတို့အတွက် နှစ်စဉ်ကျင်းပသည့် သိုင်းပညာအဆောင် ပြိုင်ပွဲမှာ နာမည်ကောင်းတစ်ခု တည်ဆောက်ရန် အခွင့်ကောင်းဖြစ်သည်။

သူတို့သည် သိုင်းပညာအဆောင်မှ ဂိုဏ်းသားများကို သူတို့ သန့်စင်ထားသည့် ဓမ္မအဆောင်များ၊ ဆေးလုံးများ၊ မန္တန်အစီအရင်များ ပေးအပ်ပံ့ပိုးခြင်း၊ တောင်းဆိုချက်များကို လိုက်လျောပေးခြင်းတို့၏ ရည်ရွယ်ချက်မှာ ပြိုင်ပွဲကို ကြော်ညာရန် အသုံးချပြီး သူတို့ သန့်စင်ထားသည့် ပစ္စည်းများ၏ တန်ဖိုးကို မြှင့်တင်ရန် ကြိုးစားကြခြင်း ဖြစ်သည်။

ဤသို့ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အခြေအနေကို သိုင်းပညာအ‌ဆောင် ဂိုဏ်းသားများလည်း သေချာ‌ပေါက် သဘောကျကြသည်။ တချိန်တည်းမှာပင် တာအိုကျောင်းကလည်း တားမြစ်ထားခြင်း မရှိပေ။ ထို့ကြောင့် ဆေးလုံးသစ်များ၊ ဓမ္မအဆောင်များနှင့် မန္တန်အစီအရင်များကို သိုင်းပညာအဆောင် ပြိုင်ပွဲ၌ နှစ်စဉ်နှစ်တိုင်း တွေ့ရလေ့ရှိသည်။

သို့ရာတွင် ဝမ်‌ပေါင်လဲ့၏ အကြံမှာ သူတို့နှင့် အနည်းငယ် ကွာခြားသည်။ အမှားအယွင်းမရှိဘဲ ပြိုင်ပွဲအတွင်း ပြောင်းလဲနေသည့် အခြေအနေများကို လိုက်လံချိန်ညှိကာ သူ့နာမည်နှင့် ကြော်ညာခြင်းများ သေချာပေါက် အောင်မြင်စေရန် ဝမ်ပေါင်လဲ့က ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် သူက အမှန်တကယ် လက်တွေ့ အခြေအနေကို ကြည့်ကာ ချိန်ညှိနိုင်သည်။ သူ့အကြံအတိုင်း မဟုတ်ဘဲ မထင်မှတ်ထားသည့် အရာရာတစ်ခုခု ဖြစ်လာခဲ့လျှင်ပင် ချက်ချင်း ပြင်ဆင်ကာ ဓမ္မအဆောင်များကို အပြည့်အဝ ကြော်ညာမည် ဖြစ်သည်။

ထိုသို့တွေးကာ ဝမ်ပေါင်လဲ့မှာ တက်ကြွလာသည်။ အသံလွှင့်လက်စွပ်ကို ကိုင်ကာ နောက်ထပ် သင့်တော်မည့်သူတစ်ယောက်ကို စဉ်းစားကြည့်လိုက်သည်။

“ ကျိုးရိဖန်က မရဘူးဆို‌တော့ ချန်းကျစ်ဟန်ဆို အဆင်ပြေမှာပဲ”

ထိုသို့တွေးကာ ဝမ်ပေါင်လဲ့က ချန်းကျစ်ဟန်ကို အသံလွှင့်ချက်တစ်ခု ချက်ချင်း ပို့လိုက်သည်။ သို့သော် မကြာမီပင် ချန်းကျစ်ဟန်သည်လည်း အသင်းသားတစ်ယောက် ရှာပြီးဖြစ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်မွန်းကြပ်လာသည်။

အမှန်တွင် ကျိုးရိဖန်ကဲ့သို့ပင် ချန်းကျစ်ဟန်သည်လည်း ဝမ်ပေါင်လဲ့နှင့် အသင်းဖွဲ့ရန် စဉ်းစားခဲ့သေးသည်။ သို့သော် သူ့စိတ်ထဲ၌ ဝမ်ပေါင်လဲ့မှာ အလွန်ဝေးကွာပြီး လက်လှမ်းမမှီနိုင်ဟု တွေးမိပြီး ချန်ကျစ်ဟန်မှာလည်း အငြင်းခံရမည်ကို ကြောက်သည့် မာနကြီးကြီး လူငယ်ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့ကို မချဉ်းကပ်ခဲ့ပေ။

ဝမ်ပေါင်လဲ့မှာ စိတ်ပူပန်လာပြီး သိသမျှ သိုင်းပညာအဆောင် ဂိုဏ်းသားများကို အမြန်ဆက်သွယ်ကြည့်လိုက်သည်။ သို့သော် နောက်ဆုံး သူ ခြေတစ်လှမ်း နောက်ကျသွားပြီ ဖြစ်ကြောင်း သိလိုက်ရပြီး ပြောစရာစကား ပျောက်ဆုံးသွားသည်။ ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုသောကြောင့် အားလုံးနီးပါးက ပံ့ပိုးပေးမည့်အသင်းသားများ ရှာပြီးကြပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့က ဤအဖြစ်ကြောင့် စိတ်ထဲ မကျေနပ်နိုင်အောင် ဖြစ်နေသည်။ သူက အသင်းသား ရှာနေသည့် တစ်ယောက်ကို သတိရသွားပြီး ဝိညာဉ်ကွန်ရက်သို့ ဝင်လိုက်သည်။

နောက်ဆုံးတွင် ကြိုးစားပမ်းစား ရှာပြီးနောက် ကမ်းလှမ်းထားသည့် ဈေးနှုန်းမှာ အလွန်ကပ်စေးနှဲရုံသာမက ဘဝင်မြင့်နေပုံပေါက်သည့် သိုင်းပညာအဆောင် ဂိုဏ်းသားတစ်ယောက်ကို တွေ့သွားသည်။

“ ငါ အခု ပြိုင်ပွဲအတွက် ကျင့်ကြံနေတယ်။ မင်းကို တွေ့ဖို့ အချိန်မရှိတော့ဘူး။ မင်း ဘယ်သူလဲဆိုတာ မသိချင်သလို မင်းလည်း ငါ ဘယ်သူဆိုတာ သိဖို့ မလိုဘူး။ အချိန်ကျပြီဆိုမှ ပြိုင်ပွဲကွင်းပြင်မှာ တွေ့ကြတာပေါ့။ မင်းကို လူပြည့်အောင် ခေါ်တာပဲမလို့ ဘာမှ ပြင်ဆင်စရာ မလိုဘူး။ တကယ်ဆို စည်းမျဉ်းကြောင့်နဲ့ တာအိုကျောင်းက အသင်းသား တွဲ‌ပေးတာကို လက်မခံနိုင်လို့သာ။ မဟုတ်ရင် ငါက ပံ့ပိုးပေးမဲ့အသင်းသားဆိုတာမျိုး မလိုဘူး”

ဝမ်ပေါင်လဲ့က ဆက်သွယ်လိုက်ပြီးနောက် ထိုစကားများကို တစ်ဖက်လူက ပြန်ပို့လိုက်သည်။ သူသည် စကားကောင်းပြောရန်ပင် စိတ်မဝင်စားသည့်ပုံပေါ်သည်။ ပို့လိုက်သည့် စာကို ဖတ်ပြီးနောက် ဝမ်ပေါင်လဲ့က တစ်ဖက်လူမှာ ပေါင်ကြားကို အကန်ခံထားရသောကြောင့် အဓိပ္ပါယ်မရှိသည့် စကားများ ပြောနေသည်ဟု ခံစားမိသည်။ သူသည်လည်း ရွေးချယ်စရာ ရှိလျှင် အခြားတစ်ယောက်ကို ရွေးမည် ဖြစ်သည်။

သို့ရာတွင် ပြိုင်ပွဲမှာ စတင်တော့မည် ဖြစ်သောကြောင့် လူအားလုံးမှာ အသင်းသားရှာပြီး ဖြစ်နေသည်မှာ ပုံမှန်ဖြစ်သည်။ မရှာရသေးသူများမှာ ပေါင်ကြားကန်ခံထားရသည့်အလား ရူးနေသူများနှင့် တာအိုကျောင်းမှ အလိုလို တွဲပေးမည့် အသင်းသားကို လက်ခံရန် ဆုံးဖြတ်ထားကြသူများ ဖြစ်သည်။

“ ဘယ်သူကများ ရက်ရက်စက်စက် ကန်ထားလို့ ဒီကောင်က ရိုင်းစိုင်းနေတာလဲ”
ဝမ်ပေါင်လဲ့က တိတ်တိတ်လေး ရေရွတ်လိုက်ပြီးနောက် မတတ်သာဘဲ ထိုလူနှင့်သာ အသင်းဖွဲ့လိုက်ရသည်။

တစ်ဖက်လူမှာ အလွန်မာနကြီးကာ ဘဝင်မြင့်သောကြောင့် သူ၏ပံ့ပိုးမှုကို မလိုလောက်ဟု စဉ်းစားနေမိသည်။ ထို့ကြောင့် သူသည် ဓမ္မအဆောင်များ ကြော်ညာရာ၌ အစွမ်းကုန် အာရုံစူးစိုက်ထားနိုင်သည်။ သို့သော် တစ်ခုတည်းသော ပြဿနာမှာ တစ်ဖက်လူက ပူးပေါင်းဆောင်ရွက်ခြင်းမပြုလျှင် ဝမ်ပေါင်လဲ့ ဖန်တီးထားသည့် ဓမ္မအဆောင်များကို မသုံးဘဲနေခြင်း ဖြစ်သည်။

“ ငါ မထင်မှတ်ထားတဲ့ အခြေအနေတွေ အားလုံးအတွက် ပြင်ဆင်ထားဖို့လိုတယ်”
ဝမ်ပေါင်လဲ့က အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။ တွေးလေလေ သိုင်းပညာအဆောင်မှ ဤပဟေဠိဆန်သူမှာ ပုံမှန်မဟုတ်ဟု ခံစားရလေဖြစ်သည်။ သို့ရာတွင် သူတတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သိုလှောင်လက်ပတ်ထဲမှ ဓမ္မအဆောင်များ အားလုံးကို ထုတ်ကာ အစီအစဉ်ကောင်းကောင်း ချရန်သာ ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများ မကျန်တော့သော်လည်း ကုန်ကြမ်းပစ္စည်းအနည်းငယ် ကျန်နေသေးသောကြောင့် သူ့အစီအစဉ်အတိုင်း ဓမ္မအဆောင်များကို အနည်းငယ် ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။ ဥပမာ၊ သားရဲ မွေးမြူရေးအဆောင်မှ သွေးဆာနေသည့် သားရဲနှင့် တွေ့နိုင်ခြေများသည်ဟု ခံစားရသောကြောင့် ကြိုးဓမ္မအဆောင်ကို ပါးချုပ်တစ်ခုအဖြစ် အဆင့်မြှင့်လိုက်သည်။ ဝမ်ပေါင်လဲ့က ဝိညာဉ်ကွန်ရက်ပေါ်မှ ဝယ်ယူထားသည့် သတိလစ်သွားစေသော အမှုန့်ကိုပါ ထည့်ထားလိုက်သေးသည်။

အထူးအခြေအနေများအတွက် ပြောင်းလဲဖန်တီးထားသည့် အခြားဓမ္မအဆောင်များလည်း ရှိသေးသည်။ နှင်းဓါးပျံဟု ခေါ်သည့် ဓမ္မအဆောင်ကို ဝမ်ပေါင်လဲ့က နာမည်ကြီးပစ္စည်းတစ်ခု ဖြစ်သွားမည်ဟု တွေးထားသည်။

ဝမ်ပေါင်လဲ့ ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပြိုင်ပွဲကျင်းပရန် နှစ်ရက်သာ လိုတော့သည်။ ကောင်းကင်တာအိုကျောင်း သစ်တောစိမ်းရေကန်၏ နောက်ဆုံးကျွန်းမှာ အလားတူ မြူခိုးများ ဝေနေသည့် မန္တန်အစီအရင်ဖြင့် ဖုံးလွှမ်းထားသည့် ဝေဟင်လမ်းကျွန်းဖြစ်ပြီး ယခုအချိန်တွင် အသံတိတ် လှုပ်ရှားလျက် ရှိနေသည်။ ပုံရိပ်အများအပြား တိမ်များပေါ်သို့ ဆင်းသက်လာသည်ကို တွေ့ရသည်။ ဝေဟင်လမ်းကျွန်းကို ဖုံးလွှမ်းထားသည့် မန္တန်အစီအရင်ကို ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် မန္တာန်အစီအရင်က လမ်းကျယ်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်

ထိုလူအုပ်စုအလယ်မှ သက်လတ်ပိုင်းလူတစ်ယောက်မှ လွဲ၍ အားလုံးမှာ အကြီးအကဲများ ဖြစ်ကြသည်။ သူတို့အားလုံးမှာ အတွေ့အကြုံရင့်ကျက်နေသည့် အသွင်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း မိုးထိအောင် မြင့်ကြသည်။

သို့ရာတွင် သူတို့နှင့် ယှဉ်လျှင် အလယ်မှ အနီရောင် ဝတ်ရုံရှည်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူမှာ ဓါးထက်ထက် တစ်လက်အလား ထင်ရသည်။ သူ့အစွမ်းကို ထုတ်လွှတ်လိုက်သည်နှင့် ဟာရီကိန်းမုန်တိုင်းကိုပင် ထက်ခြမ်းခြမ်းပစ်နိုင်မည် ထင်ရသည်။

သူတို့သည် ရပ်နေကာ ခေါင်းဆောင် သက်လတ်ပိုင်းလူကို ကြည့်လိုက်ကြသည်။ ကောင်းကင်ယံထက်၌ ဧရာမ အနက်ရောင် သင်္ဘောပျံ သုံးစင်းက ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို တွေ့နိုင်သည်။

သင်္ဘောပျံများ ဆင်းသက်လာလျှင် ၎င်းတို့၏ အပြင်နံရံများ၌ ခြောက်သွေ့နေပြီဖြစ်သည့် သွေးကွက်များကို တွေ့နိုင်သည်။ ထိုသွေးများမှာ ခရီးတစ်လျှောက် သင်္ဘောပျံပေါ်မှ လူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများ၏ သွေးဟု ထင်ရသည်။ သင်္ဘောပျံ၏ ကုန်းပတ်ပေါ်တွင် တူညီဝတ်စုံများ ဝတ်ထားကြသည့် လူရာပေါင်းများစွာ ရပ်နေကြသည်။ သူတို့အားလုံးမှာ မျက်နှာသေများနှင့် ပုံမှန်မဟုတ်သည့် သတ်ဖြတ်လိုစိတ်များ ပိုင်ဆိုင်ထားကြသည်။ ရက်စက်ကြမ်းကြုတ်လှသည့် သားရဲများနှင့် သူသေကိုယ်သေ နှစ်ပေါင်းများစွာ တိုက်ခိုက်ရာမှ ဤသို့ ကြမ်းတမ်းမှုမျိုး ဖြစ်ပေါ်လာစေခြင်းဖြစ်သည်။

ထိုသင်္ဘောပျံသုံးစင်းမှာ ပြည်ထောင်စုစစ်တပ်မှ ဖြစ်သည်။

လိုက်ပါလာကြသူများမှာ ပြည်ထောင်စု၏ နယ်စပ်တွင် စခန်းချနေကြသည့် စစ်သည်တော်များ ဖြစ်ကြသည်။

ယခု အလယ်သင်္ဘောပျံ အစွန်းတွင် အနက်ရောင် ဝတ်ရုံရှည်ကို ခြုံလွှမ်းထားသည့် သက်လတ်ပိုင်းအရွယ် တုတ်ခိုင်သန်မာသူတစ်ဦး ရပ်နေသည်။ ထိုဝတ်ရုံရှည်အောက်တွင် ဆုတံဆိပ်များ ပြည့်နှက်နေသည့် တူညီဝတ်စုံ ရှိသည်။ သူ့မျက်နှာကို နှစ်ခြမ်းကွဲသွားစေသည့် အမာရွတ်ကြီးတစ်ခု ထင်ရှားစွာ ရှိနေသည်။ သူသည် တောင်ကြီးတစ်လုံးအလား မားမားမတ်မတ် ရပ်နေကာ သူ့ထံမှ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခု အဆက်မပြတ် ထွက်‌ပေါ်နေသည်။ သူသည် ကောင်းကင်တာအိုကျောင်းမှ ဝတ်ရုံနီဝတ် သက်လတ်ပိုင်းလူကဲ့သို့ပင် ကြောက်လန့်တုန်လှုပ်စရာ ကောင်းလှသည်။

“ ကျိုးလု၊ မင်းပြောတဲ့ ဖက်တီးက ဟိုမှာလား”
လူထွားကြီးက ဝေဟင်လမ်းကျွန်းမှ ဝတ်ရုံနီဝတ် သက်လတ်ပိုင်းလူထံမှ အကြည့်လွှဲကာ အဆင့်မြင့်ကျွန်းဆီသို့ ကြည့်လိုက်ရင်း သူ့ဘေးမှ အကူအရာရှိဖြစ်ဟန်တူသည့် မိန်းမပျိုကို တည်ငြိမ်စွာ မေးလိုက်သည်။

သူ့ဘေးမှ ပိန်ပိန်သွယ်သွယ် မိန်းမလှလေးမှာ ထိန်းချုပ်ရန် မလွယ်သည့် ကြမ်းတမ်းမှုမျိုးဖြင့် ပြည့်နှက်နေသည်။ သူမသည် တစ်ခါက ဝမ်ပေါင်လဲ့၏ ဖင်ဆောင့်ကန်ခြင်း ခံခဲ့ရပြီး ဝမ်ပေါင်လဲ့ကို လက်စားချေရန် ပြင်းပြနေသည့် ကျိုးလုပင် ဖြစ်သည်။

Comment

  1. ဦးဝိေကာ လသ says:

    Good

Leave a Reply

Options

not work with dark mode
Reset