ဝမ်ပေါင်လဲ့သည် ဒုတိယအဆင့် ဓမ္မအဆောင်တစ်ခု သန့်စင်ဖန်တီးခြင်း၌ နစ်မြောနေသည့်တိုင် အဓိက စစ်ဆေးရေးအဖွဲ့၏ အဓိက အဖွဲ့ခေါင်းဆောင် ဖြစ်သောကြောင့် ဖြစ်ပျက်သမျှ အကြောင်းစုံကို လူကိုယ်တိုင် စုံစမ်းရန် မလိုပေ။ သူ၏ လိမ္မာပါးနပ်သည့် လက်အောက်ငယ်သားများက ဝမ်ပေါင်လဲ့ဆီသို့ သတင်းထူးများကို ချက်ချင်း တင်ပြကြသည်။
“ သိုင်းပညာအဆောင်ပြိုင်ပွဲ ”
အသံလွှင့်ချက်ကို နားထောင်ပြီးနောက် ဓါးအိမ်အား မည်သို့ သန့်စင်ရမည့် နည်းလမ်းကို လေ့လာနေသည့် ဝမ်ပေါင်လဲ့မှာ အတန်ငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းမော့စဉ်းစားလိုက်သည်။ ဓမ္မလက်နက်အဆောင်မှ ဝါရင့်ဂိုဏ်သားများက သိုင်းပညာအဆောင် ပြိုင်ပွဲကို ရင်းနှီးနေကြသော်လည်း အဆင့်မြင့်ကျွန်း၌ ဝမ်ပေါင်လဲ့မှာ အသစ်ဖြစ်နေသောကြောင့် သိချင်စိတ်ဖြင့် ထပ်မံစုံစမ်းမေးမြန်းလိုက်သည်။
အဓိက စစ်ဆေးရေးအဖွဲ့မှ ဂိုဏ်းသားက အခြေအနေကို ဝမ်ပေါင်လဲ့အား သေချာစွာ ရှင်းပြပေးသည်။ တဖြည်းဖြည်းနှင့် ဝမ်ပေါင်လဲ့မှာ သိုင်းပညာအဆောင် ပြိုင်ပွဲကို ပိုမို နားလည်လာသည်။
အမှန်တွင် သိုင်းပညာအဆောင်သည် အဆင့်မြင့်ကျွန်း၌ အလွန်အရှိန်အဝါကြီးမားသည့် အဆောင်တစ်ခု ဖြစ်သည်။ သာမန်အားဖြင့် သူတို့၏ ကျင့်ကြံခြင်းနှင့် တာဝန်များမှာ ပြင်းထန်လှပြီး ပြင်ပမှ လျှို့ဝှက်ကိစ္စရပ်များကိုလည်း ကိုင်တွယ်ရသည်။ သို့ဖြစ်ရာ သိုင်းပညာအဆောင်အား ကောင်းကင်တာအိုကျောင်း၏ ဓါးသွားဟု ခေါ်လျှင်ပင် လွန်အံ့မထင်ပေ။
တချိန်တည်းမှာပင် လူအများစုအတွက် သိုင်းပညာစွမ်းအားမှာ သိုင်းပညာအဆောင်မှ ဂိုဏ်းသားများက အခြားအဆောင်များထက် များစွာ သာလွန်ကြသည်။ ထို့ကြောင့် များသောအားဖြင့် အဆင့်မြင့်ကျွန်း၌ သိုင်းပညာအဆောင်မှ ဂိုဏ်းသားများမှာ သိုင်းပညာကျင့်ကြံသူများ ဖြစ်ကြသည်။
ရလဒ်အနေဖြင့် သိုင်းပညာအဆောင်မှာ အခြားအဆောင်များနှင့် စာလျှင် အရင်းအမြစ်များ၊ အခွင့်အရေးများ ပိုရလေ့ရှိသည်။ အထူးသဖြင့် တာဝန်များ အောင်မြင်စွာ ထမ်းဆောင်ပြီးချိန်၌ သူတို့၏ ဆုလာဘ်များမှာ အခြားအဆောင်မှ ဂိုဏ်းသားများ သားရေကျလောက်အောင် များပြားကြသည်။
ထို့ကြောင့် သိုင်းပညာအဆောင်မှ ကျောင်းသားများသည် ပြင်ပထွက်ကာ တာဝန်ထမ်းဆောင်ရာ၌ အန္တရာယ်ကြီးကြီးမားမား ကြုံရသည့်တိုင် ပစ္စည်း၊ ဥစ္စာအများအပြား လျော်ကြေးအဖြစ် ပြန်ရကြသည်။ သိူ့သော် သူတို့သည် ရက်စက်ကြမ်းတမ်းလှသည့် သိုင်းသမားများ ဖြစ်သောကြောင့် တချိန်လုံး ပင်ပင်ပန်းပန်း ကြိုးစား ကျင့်ကြံနေကြရသည်။ သို့ဖြင့် သိုင်းပညာအဆောင်၏ နှစ်စဉ်ပြိုင်ပွဲ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုပြိုင်ပွဲ၌ ငါးချီ တိုက်ခိုက်ရမည် ဖြစ်ပြီး အာနာပါနအဆင့် ငါးဆင့်လုံးအတွက် အချီတိုင်း၌ မတူညီသည့် အရာများကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။
နှစ်စဉ်ကျင်းပသည့် ဤသိုင်းပညာအဆောင် ပြိုင်ပွဲမှာ အခြားအဆောင်များအတွက်သာမက ကောင်းကင်တာအိုကျောင်းတစ်ကျောင်းလုံးအတွက် အရေးပါလှသည်။ လူတိုင်းက အာရုံစိုက်ကာ စောင့်ကြည့်ကြသည့် ပြိုင်ပွဲ ဖြစ်သည်။
ပြည်ထောင်စု အရာရှိများ၊ စစ်သည်တော်များပါ ပါရမီရှင်များကို ရှာဖွေလေ့လာနိုင်ရန် နှစ်စဉ် နှစ်တိုင်း လာရောက်ကြည့်ရှုကြသည့် အရေးကြီး ပွဲစဉ် ဖြစ်သည်။ ထိုပါရမီရှင်များကို ရွေးချယ်ခြင်း၊ ကြိုတင် ရာထူးခန့်အပ်ခြင်းများ ပြုလုပ်ကြသည်။ ထိုသို့ ပြင်ပကမ္ဘာ၏ အထူးအာရုံစိုက်ခြင်း ခံရသည့် ပွဲစဉ်ဖြစ်ခြင်းကြောင့်ပင် သိုင်းပညာအဆောင်မှ ဂိုဏ်းသားများကလည်း အလေးထား ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲရလဒ်များမှာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ မှတ်တမ်းတင်ကာ ဆုလာဘ်များ ပေးအပ်ကြသည်။
ထိုသို့ဖြင့် မည်သည့်အဆောင်ဖြစ်စေ မှော်ဆေးရည်အဆောင်၊ ဓမ္မလက်နက်အဆောင်၊ မန္တာန်အစီအရင်အဆောင် အားလုံးတို့မှာ အမြဲလိုလို ပံ့ပိုးရေး တာဝန်ယူထားကြသည့် ဂိုဏ်းသားများအတွက် အချီကြီး မြိုးမြိုးမြက်မြက် ရမည့် အချိန် ဖြစ်သည်။ သိုင်းပညာအဆောင်မှ ဂိုဏ်းသားများက ပြိုင်ပွဲကို အလေးထားလေလေ၊ ပစ္စည်း အစုံအလင် ပိုလိုလေ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဓမ္မအဆောင်၊ ဆေးလုံးနှင့် မန္တန်အစီအရင် လိုအပ်ချက်များမှာ ဆတိုး များပြားလာကြသည်။
အဆင့်မြင့်ကျွန်းမှ ယေဘုံယျအားဖြင့် ထုတ်ပေးသည့် ပစ္စည်းများမှာ သိုင်းပညာအဆောင် ဂိုဏ်းသားများ၏ လိုအပ်ချက်ကို ကျေနပ်အောင် မဖြည့်ဆီးပေးနိုင်ပေ။ သူတို့သည် အခြားအဆောင်များမှ ပစ္စည်းများကို ကိုယ်တိုင် ဝယ်ယူရန် လိုအပ်နေသောကြောင့် ပံ့ပိုးပေးသည့် အဆောင်များမှ ကျောင်းသားများ ကြားတွင် အဆိုတစ်ခု လူသိများလာခဲ့သည်။
“ သိုင်းပညာအဆောင် ပြိုင်ပွဲ ကျင်းပတဲ့နေ့က အချီကြီး ထောတဲ့နေ့ပဲ ”
အခြားအဆောင်များ၏ ပါဝင်မှုက ဤမျှသာဆိုလျှင် နည်းပါးလွန်းနေသည်ဖြစ်၍ သိုင်းပညာအဆောင်နှင့် အခြားအဆောင်များမှာ သီးခြားဖြစ်သွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကောင်းကင်တာအိုကျောင်းက ဂိုဏ်းသားများ၏ ကျင့်ကြံခြင်းအတွက် သတ်မှတ်ပေးထားသည့် အစီအစဉ်နှင့်လည်း မကိုက်ညီတော့ပေ။
ကောင်းကင်တာအိုကျောင်းက နှစ်များစွာ စီစဉ် အကောင်အထည် ဖော်ခဲ့သည့် မဟာတာအိုမှာ နယ်နယ်ရရ မဟုတ်ပေ။ ဂိုဏ်းသားများအနေဖြင့် တစ်ဦးကို တစ်ဦး ပံ့ပိုးကူညီကာ ရှေ့သို့ အဆင့်တက်သွားရမည် ဖြစ်သည်။ တစ်ဦးချင်း အားထုတ်မှုများကို သဘောမတူခြင်း မဟုတ်သော်လည်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားပေးသည်။
ထို့ကြောင့် သိုင်းပညာအဆောင်မှ ကျင်းပသည့် နှစ်စဉ် ပြိုင်ပွဲမှာ အပေါ်ယံတွင်သာ ရိုးရှင်းပြီး လက်တွေ့တွင် လုံးဝ ကွာခြားသည်။ ပြိုင်ပွဲ စည်းမျဉ်းတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်သည့် ဂိုဏ်းသားများအနေဖြင့် အသင်းသားတစ်ယောက်ကို ရှာရမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
သိုင်းပညာအဆောင် ဂိုဏ်းသားတစ်ယောက်သည် မှော်ဆေးရည် အဆောင်မှ မှော်ဆေးရည် ကျင့်ကြံသူများ၊ ဓမ္မလက်နက်အဆောင်မှ ဓမ္မလက်နက်ကျင့်ကြံသူများ၊ မန္တန်အစီအရင်အဆောင်မှ မန္တန်အစီအရင် ကျင့်ကြံသူများ သို့မဟုတ် သားရဲမွေးမြူရေးအဆောင်မှ ကျင့်ကြံသူများ အစရှိသဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ ဤအဆောင်များမှ ဂိုဏ်းသားတစ်ယောက်ယောက်ကို မရှာနိုင်လျှင် သိုင်းပညာအဆောင်မှ တစ်ယောက်နှင့် အသင်းဖွဲ့နိုင်သည်။ အတူ ယှဉ်ပြိုင်မည့် အသင်းသား မရှိခဲ့လျှင် တာအိုကျောင်းက အသင်းဖွဲ့ရန် သင့်တော်သူကို သတ်မှတ်ပေးမည် ဖြစ်သည်။
ဤနည်းအားဖြင့် သိုင်းပညာအဆောင် ပြိုင်ပွဲမှာ လူတိုင်း ပါဝင်ယှဉ်ပြိုင်ရသည့် ပွဲစဉ် ဖြစ်သွားသည်။ ထို့ကြောင့်လည်း ပြည်ထောင်စုမှ အရာရှိများနှင့် အခြားသော စစ်သည်တော်များက လာရောက် ကြည့်ရှုကြခြင်းဖြစ်ပြီး ကောင်းကင်တာအိုကျောင်း၏ အကြီးကျယ်ဆုံးပွဲတစ်ပွဲ ဖြစ်သည်။
သိုင်းပညာအဆောင် ပြိုင်ပွဲစည်းမျဉ်းများ၊ အသေးစိတ် အချက်အလက်များ နားလည်သွားသည့်နောက် ဝမ်ပေါင်လဲ့၏မျက်လုံးများ ဝင်းလက်လာသည်။ ဝိညာဉ်ကျောက်တုံးများ ထုတ်လုပ်ရန်မှာ အကုန်အကျ မရှိသလောက် နည်းသောကြောင့် အဆင့်နိမ့်ကျွန်း၌ အတော်လေး ထောသည့် သူဌေးဖြစ်ခဲ့သည်။
သို့ရာတွင် အဆင့်မြင့်ကျွန်း၌ ပြီးပြည့်စုံသည့် ပထမအဆင့် ဓမ္မအဆောင် အခုတစ်ရာ သန့်စင်ရသည့် အလုပ်ကပင် သူ စုထားသမျှ အတော်လေး လျော့ပါးသွားစေသည်။ ယခု သူက ဒုတိယအဆင့် ဓမ္မအဆောင်များ သန့်စင်နေချိန်၌ ကုန်ကျစရိတ်များမှာ ပို၍ များပြားလာသည်။ သူ့လို သူဌေးပင် သန့်စင်ခြင်း လုပ်ငန်းမှာ အနည်းငယ် လုပ်ရခက်သည်ဟု တွေးနေမိသည်။
တစ်ခုတည်းသော နည်းလမ်းမှာ သန့်စင်ခြင်း လုပ်ငန်းကို ရပ်တန့်ကာ တစ်နေ့လုံး ဝိညာဉ်ကျောက်တုံးများ ထုတ်လုပ်ရမည် ဖြစ်သည်။ အချိန်အတော်ကြာသွားလျှင် သူ့အတွက် ဝိညာဉ်ကျောက်တုံးများ ပြန်၍များလာမည် ဖြစ်သည်။ သို့သော် ဤနည်းကို သုံးလျှင် အချိန်အတော်ကုန်မည် ဖြစ်သဖြင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရဖြစ်နေသည်။
ထို့အပြင် ဝိညာဉ်အမြစ်ရွာမှ ဝမ်ပေါင်လဲ့ ရခဲ့သည်များကို စာရင်းမရှင်းရသေးသဖြင့် ဝေစုခွဲမပေးသေးပေ။ ဝမ်ပေါင်လဲ့မှာ စိတ်မရှည်ဖြစ်နေစဉ် ယခု သူ့ လက်အောက်ခံဆီမှ သိုင်းပညာအဆောင် ပြိုင်ပွဲအကြောင်း ကြားရလျှင် ဤသည်မှာ သူ့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်း ချက်ချင်း ခံစားမိသွားသည်။
ဓမ္မလက်နက်အဆောင်မှ အခြားဂိုဏ်းသားများမှာမူ သူတို့ သန့်စင်ထားသည့် ဓမ္မအဆောင်များကို ဦးစွာ ရောင်းချပြီး ရရှိသည့် ဝိညာဉ်ကျောက်တုံးများကို ကျင့်ကြံခြင်းနှင့် လေ့လာခြင်းများတွင် ပြန်လည် အသုံးချကြသည်။
“ ဒီလိုဆိုရင် ရှေ့ဆက်လည်ပတ်နိုင်သွားတာပဲ။ ငါလိုက်လုပ်သင့်တယ်”
ဝမ်ပေါင်လဲ့က တစ်ခုခုကို သေချာ သဘောပေါက်သွားဟန်ဖြင့် ဓမ္မအဆောင်အချို့ကို ထုတ်ယူကာ အချက်အလက်များကို မှတ်သားပြီး ရောင်းချရန် ဝိညာဉ်ကွန်ရက်ပေါ်သို့ တင်လိုက်သည်။
ဤအချိန်တွင် အဆင့်မြင့်ကျွန်း၏ ဝိညာဉ်ကွန်ရက်ပေါ်၌ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ဓမ္မအဆောင်၊ ဆေးလုံး၊ မန္တန်အစီအရင် ရောင်းချသည့် ပို့စ်များမှာ ပေါများလှပြီး ပြိုင်ပွဲအတွက် အသင်းသား ရှာနေသည့် သိုင်းပညာအဆောင်မှ တချို့ ဂိုဏ်းသားများလည်း ရှိကြသည်။
ဓမ္မအဆောင်များကို ဈေးနှုန်းသတ်မှတ်ရာ၌ ဝမ်ပေါင်လဲ့က ဈေးယှဉ်ကြည့်ကာ အများကြီး မတင်သင့်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ပစ္စည်းများကို ကုန်ကျစရိတ်၏ ဆယ်ဆ တန်ဖိုးသတ်မှတ်လိုက်သည်။ လက်တွေ့တွင် ဤဈေးမှာ သက်သာသည်ဟုပင် ပြောနိုင်သည်။ ဓမ္မလက်နက်အဆောင်မှ ဂိုဏ်းသား အများအပြားသည် သူတို့၏ ဓမ္မအဆောင်များကို မတန်တဆ ဈေးတင်ရောင်းနေကြသည်ကို တွေ့ရသည်။ အများစုမှာ ကုန်ကျစရိတ်၏ ဆယ်ဆကျော် ဈေးတင်ထားကြသည်။ အများဆုံး ဈေးမှာ ကုန်ကြမ်းစရိတ်၏ အဆငါးဆယ်မှ အဆတစ်ရာကျော်အထိ ဖြစ်သည်။
“ ဒါကြီးက ဈေးများလွန်းလိုက်တာ ”
ဝမ်ပေါင်လဲ့သည် ရုတ်တရက် သူ့လို စိတ်ထားကောင်း၊ နှလုံးသားလှသူမှာ ဓမ္မလက်နက်အဆောင်၌ ရှားပါးလှသည်ဟု တွေးလိုက်မိသည်။ တချိန်တည်းမှာပင် ယခင်က ဓမ္မလက်နက်ဌာန၏ ရွေးချယ်ခြင်းခံခဲ့ရသည်ကို ဝမ်းမြောက်နေမိသည်။
“ ဒီဓမ္မအဆောင်တွေ ရောင်းပြီးရင်တော့ ဝိညာဉ်အမြစ်ရွာက ရခဲ့တဲ့ ပစ္စည်းတွေထဲကနေ ငါ့အတွက် ဝေစုခွဲမပေးမချင်း အဆင်ပြေ၊ လောက်ငသွားမှာပါ ”
ဝမ်ပေါင်လဲ့က သေချာစဉ်းစားကြည့်ပြီးနောက် ပြဿနာ ကြီးကြီးမားမားမရှိဟု ခံစားလိုက်ရသည်။ ထို့နောက် သူသည် ဓါးအိမ်ဖန်တီးသန့်စင်ရန် နည်းလမ်းကို ဆက်လက်လေ့လာသည်။
တဖြည်းဖြည်းနှင့် သုံးရက်တာ ကုန်လွန်သွားသည်။ ဝမ်ပေါင်လဲ့သည် ဓါးအိမ် ဖန်တီးသန့်စင်ရာ၌ လိုအပ်သည့် ပထမအဆင့်အား လုံးဝ နားလည်သွားပြီဟု ခံစားလိုက်ရသည်။ လက်တွေ့သန့်စင်ကြည့်ရန် စဉ်းစားမိချိန်၌ ဝိညာဉ်ကွန်ရက်ပေါ်၌ အရောင်းကြေညာထားသည့် သူ၏ ဓမ္မအဆောင်များမှာ စိတ်ဝင်တစား ကြည့်ရှုခြင်း မခံရသည်ကို သတိထားမိသွားပြီး စိတ်ပူလာသည်။
ဝယ်သူမရှိသည့် ပြဿနာဆိုလျှင် ကိစ္စမရှိပေ။ သို့ရာတွင် ဝိညာဉ်ကွန်ရက်ပေါ်၌ လေ့လာကြည့်ရာ သူ့အဆောင်များလောက် အရည်အသွေး မကောင်း၊ ဈေးပိုကြီးသည့် ဓမ္မအဆောင် အများအပြားမှာ ရောင်းထွက်သွားကြသည်ကို တွေ့သောကြောင့် စိတ်ရှုပ်ထွေးသွားသည်။
“ ဒီလူတွေက ကန်းနေကြတာလား။ ဒီငမိုက်သားတွေက ချမ်းသာလွန်းလို့ ဈေးကြီးတာပဲ ဝယ်ကြတာလား”
ဝမ်ပေါင်လဲ့သည် မျက်မှောင်ကြုတ်ကာ ဈေးတင်ရန် ဆုံးဖြတ်လိုက်သည်။ ကုန်ကျစရိတ်၏ ( ၁၇ ) ဆအထိ ဈေးတင်ပြီးနောက် ဓါးအိမ်အတွက် လိုအပ်သည့် ဝိညာဉ်ကျောက်တုံးများကို ဆက်လက်ဖန်တီးနေသည်။ သို့ဖြင့် ရက်အတန်ကြာ ကုန်လွန်သွားပြန်သည်။ ဓါးအိမ်အတွက် ဝိညာဉ်ကျောက်တုံးများကို ဖန်တီးရန် ခက်ခဲသော်လည်း ဝမ်ပေါင်လဲ့မှာ သုံး၊လေးကြိမ် ကျရှုံးပြီး နောက်ဆုံးတွင် အောင်မြင်သွားသည်။
ဓါးအိမ်ပုံစံ ဝိညာဉ်ကျောက်တုံးများကို ကြည့်ကာ ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရနေသည်။ ဝိညာဉ်ကွန်ရက်ပေါ်၌ ရောင်းချထားသည့် ဓမ္မအဆောင်များကို ဈေးတင်လိုက်ခြင်းက အကျိုးရှိသွားဟန်တူသည်။ ပစ္စည်းများကို ကြည့်ရှုသူ ပိုမိုများပြားလာသည်။ ယခု ဝမ်ပေါင်လဲ့ ဝိညာဉ်ကွန်ရက်ကို စစ်ကြည့်သောအခါ wချို့က အသံလွှင့်ချက်များ ပေးပို့ထားကြောင်း တွေ့လိုက်ရသည်။ သို့ရာတွင် ဝမ်ပေါင်လဲ့က အသံလွှင့်လက်စွပ်ကို စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်လိုက်လျှင် ကြားလိုက်ရသည့်စကားကြောင့် ထောင်းခနဲ ဒေါသထွက်သွားသည်။
“ ဟေး၊ ညီလေး မင်းရောင်းထားတဲ့ ဓမ္မအဆောင် ဆယ့်တစ်ခုလုံးအတွက် ဝိညာဉ်ကျောက်တုံး နှစ်ရာဆို ဘယ်လိုလဲ ရောင်းမလား”
“ ဝိညာဉ်ကျောက်တုံး နှစ်ရာ၊ နေ့ခင်းကြောင်တောင်ကြီး ဓါးပြတိုက်နေတာလား။ အပြစ်အနာအဆာကင်းတဲ့ ပထမအဆင့် ဓမ္မအဆောင် ခုနစ်ခု၊ ဒုတိယအဆင့် ဓမ္မအဆောင်လေးခုကို ခင်ဗျားက ဝိညာဉ်ကျောက်တုံး နှစ်ရာပဲ ပေးချင်တယ်၊ ဟုတ်လား ”
ဝမ်ပေါင်လဲ့သည် ဒေါသထွက်နေကာ ကုန်ကျစရိတ်သာသာ တန်ဖိုးထိ ဈေးဆစ်သည်မှာ ရူးနေသောကြောင့်သာ ဖြစ်ရမည်ဟု တွေးနေမိသည်။
“ မရောင်းဘူးလား။ ဒါဆိုလည်း နေတော့။ ဓမ္မလက်နက်အဆောင်မှာ ဓမ္မလက်နက်ကျင့်ကြံသူတွေမှ အများကြီးပဲ။ အဲဒီအထဲမှာ စိတ်ချယုံကြည်ရတဲ့သူတွေမှ ပေါလို့။ မင်းရဲ့ အပြစ်အနာအဆာကင်းတဲ့ ဒုတိယအဆင့် ဓမ္မအဆောင်တွေက ကောင်းလှချည်ရဲ့လို့ ပြောလည်း ဘယ်သူက ယုံမှာလဲ။ ဒီလိုလုပ်ရင်ရော၊ ငါ့ကို တစ်ခု အလကားပေးလိုက်။ ငါ စမ်းသုံးကြည့်မယ်၊ တကယ် ကောင်းရင် မင်းပြောတဲ့ ဈေးကို တိုးပေးမယ် ”
“ သွားစမ်းပါ။ ခင်ဗျားကို မရောင်းဘူး ”
ဝမ်ပေါင်လဲ့က အသံလွှင့်လက်စွပ်ကို ပြူးကြည့်ကာ ချက်ချင်းပိတ်လိုက်ပြီး ယခု သူ ဖန်တီးထားသည့် ဝိညာဉ်ကျောက်တုံးများ၌ ကမ္ဗည်းစာ ရေးထိုးခြင်း စတင်လိုက်သည်။
ပြဿနာမှာ ဤအဆင့်၏ ခက်ခဲမှုမှာ ဝိညာဉ်ကျောက်တုံး သန့်စင်ခြင်းထက် များစွာ ကျော်လွန်နေသည်။ ဤအဆင့်မှာ ကမ္ဗည်းစာများ၏ ဖွဲ့စည်းပုံကို သေချာနှံ့စပ်စွာ နားလည်ရန် လိုအပ်သည်။ ဝမ်ပေါင်လဲ့သည် အဆင့်မြင့်ကျွန်း၌ အဆင့်မြင့်ကမ္ဗည်းစာများကို သင်ယူထားပြီး ပုံသေနည်းလည်း သိထားသောကြောင့် အဆင်ပြေမည် ထင်ထားသော်လည်း ဤအဆင့်၌ ကျရှုံးမှုများ အများအပြား တွေ့ကြုံနေရဆဲ ဖြစ်သည်။
ဤသို့ဖြင့် ငါးရက်တာ ကုန်လွန်သွားသည်။ ကမ္ဗည်းစာများ၏ မတည်ငြိမ်မှုကြောင့် ဝမ်ပေါင်လဲ့ရှေ့မှ ဓါးအိမ်မှာ ကျိုးပဲ့ကာ အသုံးမဝင် ဖြစ်သွားသည်။ ဝမ်ပေါင်လဲ့မှာ စိတ်ပျက်ကာ မျက်မှောင်ကြုတ်သွားသည်။
“ ဒီဟာကြီးက သန့်စင်ဖို့ အတော်ခက်တာပဲ။ လိုအပ်တဲ့ ဝိညာဉ်အမြုတေ လုပ်ဖို့အဆင့်ကတောင် ခက်နေပြီ။ ပြီးတော့ ပုံကြမ်းလုပ်ရမဲ့အဆင့်တောင် ပါသေးတယ်။ လက်နက်သဲဆိုတဲ့ ကုန်ကြမ်း သန့်စင်ပစ္စည်း တစ်ခုကလည်း လိုသေးတာ။ ဒီလက်နက်သဲဆိုတာကလည်း ဘာကြီးလဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်ရှုပ်ကာမွန်းကြပ်လာပြီး လက်နက်သဲအကြောင်း အချက်အလက်၊ မှတ်တမ်းမှတ်ရာများကို အကြမ်းဖျင်း ရှာဖွေကြည့်သော်လည်း ဘာမှ မတွေ့ရပေ။ သူ၏ သန့်စင်ခြင်း လုပ်ငန်းမှာ ပုံကြမ်းသွန်းလောင်းသည့် အဆင့်မရောက်မီ ဝိညာဉ်အမြုတေ ကမ္ဗည်းစာ ရေးထိုးခြင်း အဆင့်၌ပင် ရပ်တန့်နေသည်။
“ ငါ ဒီလို ဆက်သွားနေလို့ မဖြစ်ဘူး….”
ဝမ်ပေါင်လဲ့က တခဏမျှ စဉ်းစားလိုက်ပြီးနောက် ဓါးအိမ်ကို ဆက်လက်သန့်စင်ခြင်း မပြုတော့ပေ။ ထိုအစား ကမ္ဗည်းစာ ရေးထိုးရာ၌ လက်ရည်တက်လာစေရန် ပြီးပြည့်စုံသည့် ဒုတိယအဆင့် ဓမ္မအဆောင် သန့်စင်သည့်ဘက်သို့ ပြန်လှည့်ကာ လေ့ကျင့်နေသည်။
နေ့ရက်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မကြာခင် ပြိုင်ပွဲကျင်းပရန် ငါးရက်သာ လိုတော့သည့် အချိန်သို့ ရောက်လာသည်။ ဝမ်ပေါင်လဲ့က ပြည့်စုံသော ဒုတိယအဆင့် ဓမ္မအဆောင်များ သန့်စင်နေချိန်၌ ရှိသမျှ ဓမ္မအဆောင်များ အားလုံးကို တစ်ကျော့ပြန် သန့်စင်လိုက်ရာ အများစုမှာ ပြီးပြည့်စုံသည့် ဒုတိယအဆင့် ဓမ္မအဆောင်နှင့် ညီမျှသည့် အဆင့်သို့ ရောက်သွားကြသည်။ ကမ္ဗည်းစာ အများအပြားကိုလည်း အဆောင်များပေါ်တွင် အထူးသဖြင့် ရွှေခေါင်းလောင်းပုလဲဒိုင်းကာပေါ်၌ ရေးထိုးလိုက်သည်။ ဒုတိယအဆင့် ဓမ္မအဆောင်များမှာ ပြီးပြည့်စုံရုံသာမက ဝိညာဉ်ချီဒီရေလှိုင်းကို အတုယူထားသည့် တန်ပြန်အား ကမ္ဗည်းစာများ ပါဝင်သည်။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့မှာ သူ့အိပ်ကပ်များ ဗလာဖြစ်နေကြောင်း စိတ်ဆင်းရဲစရာကောင်းစွာ တွေ့လိုက်ရသည်။
ကောင်းကင်တာအိုကျောင်းသို့ ဝင်ရောက်ပြီးနောက်ပိုင်း ပထမအကြိမ်အဖြစ် ပြတ်လပ်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ် တုန်လှုပ်ကာ ဝိညာဉ်ကွန်ရက်ပေါ်သို့ စိတ်ပျက်လက်ပျက် ဝင်ကြည့်လိုက်သည်။ သူ ကြေညာထားသည့် ဓမ္မအဆောင်များကို ဝယ်ယူရန် မည်သူမျှ စိတ်မဝင်စားကြပေ။ ထို့အပြင် အသံလွှင့်လက်စွပ်မှတဆင့် ဈေးနှုန်းညှိနှိုင်းကြသည့် သတင်းစကားများ ရောက်လာသည့်တိုင် ဈေးမှာ ဝမ်ပေါင်လဲ့ စိတ်တိုင်းကျ မဟုတ်ပေ။
“ တစ်ခုခုတော့ လွဲနေပြီ ”
အခြေအနေကို ပြန်လည် သုံးသပ်ရင်း ဝမ်ပေါင်လဲ့က ဈေးရောင်းမကောင်းရသည့် အကြောင်းရင်းကို စိစစ်ရတော့သည်။ ဝိညာဉ်ကွန်ရက်ပေါ်၌ ရှာဖွေနေရင်း သူသည် အတွေးနက်နဲနေဟန် ရှိသည်။ တဖြည်းဖြည်းနှင့် အခြားသူများ ရောင်းချသည့် အဆောင်များနှင့် သူရောင်းသည့် အဆောင်များ၏ ကွာခြားချက်ကို သိမြင်လာသည်။
အဓိက အကြောင်းရင်းမှာ နာမည်ရှိသည့် အကျိုးသက်ရောက်မှုကြောင့် ဖြစ်သည်။ မည်သည့် ပစ္စည်းဖြစ်စေ၊ ဆေးလုံး သို့ ဓမ္မအဆောင်များ အားလုံးကို ရောင်းရန် ကြေညာသည်နှင့် ချက်ချင်း ရောင်းထွက်ကြသူများ ရှိသည်။ ထိုသို့ ချက်ချင်း ရောင်းမထွက်သည့်တိုင် အတော်အသင့် နာမည်ကြီးသူများလည်း ရှိသည်။ မည်မျှ ဈေးတင်သည်ဖြစ်စေ လူတိုင်းက လိုလိုချင်ချင် ဝယ်ကြသည်။
အလားတူပင် ဝမ်ပေါင်လဲ့ကဲ့သို့ နာမည်နှင့် ကျော်ကြားမှုမရှိကြသည့် ရောင်းချသူ အသစ်များလည်း အများအပြား ရှိကြသည်။ သူတို့၏ ပစ္စည်းများမှာ စိတ်ဝင်တစား ကြည့်ရှုခြင်း မခံရသည့် အပြင် မတန်တဆ ဈေးဆစ်ခံကြရသည်။
“ မယုံနိုင်လောက်အောင်ပါပဲလား … ”
ဝမ်ပေါင်လဲ့မှာ တွေးရင်း ခေါင်းကိုက်လာသည်။ သူ၏ ဓမ္မအဆောင်များကို စမ်းသပ်ကြည့်ချင်သည့် ဈေးဝယ်သူတစ်ယောက်ကို စဉ်းစားကြည့်မိသည်။ စမ်းသုံးကြည့်ပြီး အဆင်ပြေသွားလျှင် တစ်ဖက်လူက ပေးရန် ကျန်သည့် ဝိညာဉ်ကျောက်တုံးများကို ချက်ချင်းပေးမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဝမ်ပေါင်လဲ့၏ ဓမ္မအဆောင်များကို လူများများ သိသွားကြမည်ဖြစ်ပြီး ကြိတ်ကြိတ်တိုး လာဝယ်နိုင်သည်။
သို့ရာတွင် ဤဖြစ်ရပ်၌ အဓိကကျသူမှာ တစ်ဖက်လူဖြစ်နေသည်။ အစီအစဉ်အတိုင်း မဖြစ်လျှင် ရှုပ်ထွေးပြီး ပြဿနာတက်သွားနိုင်သည်။ ဝမ်ပေါင်လဲ့မှာ အလွန် ခေါင်းမာသူဖြစ်ပြီး တတ်နိုင်သရွေ့ တစ်ဖက်လူကို ဆုံးဖြတ်ပိုင်ခွင့် လုံးဝပေးမည် မဟုတ်ပေ။
စဉ်းစားကြည့်ပြီးနောက် သူက ခေါင်းကုတ်လိုက်သည်။ ထို့နောက် သူက စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ပေါင်ကို ဖြန်းခနဲ ရိုက်ချလိုက်သည်။
“ ငါ အဆောင်တွေ ရောင်းဖို့ကို ပြိုင်ပွဲမတိုင်ခင်အချိန်ထိပဲ ကန့်သတ်မထားသင့်ဘူး။ ငါက နာမည်ကောင်းဖို့နဲ့ လူတွေရဲ့ ယုံကြည်စိတ်ချမှုရဖို့ပဲ လိုနေတာလေ။ ဒီတစ်ခါမှာ မြိုးမြိုးမြက်မြက်ရဖို့ ခပ်ကြီးကြီး ရင်းရမှာပေါ့ ”
Good