” မင်းပဲကိုးကွ ”
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံလေးကို ပြန်လည်တည်ငြိမ်သွားအောင် ခက်ခက်ခဲခဲ ထိန်းလိုက်ပြီးနောက် ခေါင်းမော့ကြည့်လိုက်သောအခါ မကျေမချမ်း ဖြစ်သွားရပြန်သည်။ သူသည် ထိုစိန်လူဝံကြီးနှင့် ဒုတိယအကြိမ်အဖြစ် ပက်ပင်းတိုးမိခြင်းဖြစ်ရာ သူတို့နှစ်ယောက်ကြားတွင် ထူးဆန်းသော ဆက်နွယ်မှုများ ရှိနေမည်လားဟု တွေးမိလိုက်၏။ ထို စိန်လူဝံကြီး၏ အမူအရာကိုကြည့်လျှင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ သင်္ဘောပျံအား မှတ်မိနေသည့်ပုံ ပေါ်၏
” ငါ တိမ်လွှာတွေထဲအထိ ရောက်အောင် မပျံသန်းခဲ့ပါဘူးဟ။ အဲဒါတောင် ဒီ အမွေးထူမျောက်ကြီးက ငါ့ကို တိုက်ခိုက်နေတုန်းပဲ။ ငါ သဘောကောင်းလွန်းနေလို့များ သူက ငါ့ကို အနိုင်ကျင့်နေတာလား ”
ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်းထွက်သွားပြီး ထိုကဲ့သို့သော ကိစ္စမျိုးကို ခွင့်လွှတ်ပေးရန် ဆန္ဒမရှိပေ။ သို့သော် သူသည် စိန်လူဝံကြီး၏ အာဏာကြီးမားသော နောက်ခံအင်အားနှင့် ကျင့်ကြံခြင်းအဆင့်အကြောင်းကို ပြန်အမှတ်ရသွား၏။
” ငါ သည်းခံလိုက်ပါ့မယ်လေ ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ သင်္ဘောပျံထဲမှ ထွက်ကာ ၎င်းအား သိမ်းဆည်းရန် ပြင်လိုက်၏။ သူသည် စိန်လူဝံကြီးကို ရန်စမိ၍ မဖြစ်ကြောင်း တွေးတောနေပြီး ၎င်း၏ မြင်ကွင်းထဲမှ သင်္ဘောပျံကို ဖယ်ရှားလိုက်မည်ဆိုပါက ၎င်းမှာ သူ့အား တိုက်ခိုက်ရဲတော့မည် မဟုတ်ကြောင်း ယူဆလိုက်၏။
သို့သော် သူ သင်္ဘောပျံပေါ်မှ မဆင်းနိုင်ခင်မှာပင် အတွေ့အကြုံ ရင့်သန်နေပုံရသော စိန်လူဝံကြီးမှာ ဖြူစင်ဝင်းပနေသော သွားများကို ဖြဲကာ အထင်သေးသော အမူအရာဖြင့် ဝမ်ပေါင်လဲ့၏ သင်္ဘောပျံဆီသို့ ရုတ်တရက် ပြေးလာပြီး ၎င်းအား နောက်ထပ်တစ်ကြိမ် ရိုက်နှက်လိုက်ပြန်သည်။
ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ သင်္ဘောပျံမှာ ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ယခင်အကြိမ်တုန်းကကဲ့သို့ပင် သူ၏ သင်္ဘောပျံမှာ လေပေါ်သို့ မြောက်တက်သွားပြီး လေထဲတွင် ထပ်ခါတလဲလဲ လည်သွားပြီးမှ ပြန်လည်တည်ငြိမ်သွား၏။ ဝမ်ပေါင်လဲ့မှာမူ ဒေါသငယ်ထိပ် ရောက်သွားရပါသော်လည်း ထိုမျောက်ကြီးကို မဆူရန် အခြားသူများက စေတနာဖြင့် သတိပေးထားခဲ့သည့် စကားများကို ပြန်၍ အမှတ်ရသွားသဖြင့် သူ၏ဒေါသစိတ်များကို မျိုသိပ်ထားလိုက်ရတော့သည်။ သို့သော် ထိုလူဝံကြီးမှာ သူ့အား စော်ကားပုတ်ခတ်နေသည့် ကိုယ်ဟန်အမူအရာဖြင့် သွားဖြဲပြလိုက်ပြီး ၎င်း၏ တင်ပါးများကို လှုပ်ယမ်းနေတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သတိတစ်ချက် လွတ်သွားရတော့သည်။ သူသည် သည်းမခံနိုင်တော့ဘဲ သင်္ဘောပျံ၏ အဖုံးကိုဖွင့်ကာ စိန်လူဝံအား လက်ညှိုးထိုး၍ အော်ပြောလိုက်၏။
” အမွေးထူမျောက်ကြီး။ စိတ်ဒုက္ခပေးတဲ့ မျောက်ဆိုးကြီး။ မင်းက တော်တော်ကို ဗိုလ်ကျတာပဲကွ။ သွားသေလိုက်စမ်းပါ။ ငါ အာနာပါနအဆင့်ကနေ ဖောက်ထွက်ပြီးတဲ့အချိန်အထိ စောင့်ပြီးတော့ ငါနဲ့ တိုက်ခိုက်ရဲလား။ အဲဒီလို မတိုက်ခိုက်ရဲဘူးဆိုရင် မင်းက ငါ့သားပဲ။ မင်းက အငြိုးအတေး ထားတတ်တယ်ပေါ့ ဟုတ်လား။ ငါက တခြားဘယ်သူနဲ့မှ မတူအောင် အငြိုးအတေးထားတတ်တဲ့ လူတစ်ယောက်ကွ။ ငါတို့ကြားက ဒီကိစ္စ ဒီအတိုင်း ပြီးသွားလိမ့်မယ်မထင်နဲ့ ”
ဝမ်ပေါင်လဲ့မှာ ဒေါသစိတ်များဖြင့် မွှန်နေသောကြောင့် သူ၏သားဖြစ်သူမှာ မျောက်တစ်ကောင် ဖြစ်နေလျှင်တောင် ဂရုမစိုက်နိုင်တော့ပေ။ သူ၏ အော်ဟစ်သံကြီးမှာ စတင်ပျံ့နှံ့သွားတော့သည်။
အဆင့်မြင့်ကျွန်းပေါ်ရှိ အဆောင်အသီးသီးမှ ဂိုဏ်းသားများစွာက စိန်လူဝံကြီးနှင့် ဝမ်ပေါင်လဲ့တို့ကြားမှ အပြန်အလှန် တုံ့ပြန်မှုများကို သတိထားမိလိုက်ကြ၏။ အစတွင် သူတို့မှာ ပွဲကြည့်နေရုံမျှသာ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
” သူက ဂိုဏ်းသားအသစ်လားဟ။ ဘုရားရေ။ တကယ်ကို စိန်လူဝံကြီးကို ဆူရဲတာပဲ။ ငါတို့တော့ ပြေးမှဖြစ်မယ် ”
” စိန်လူဝံက စိတ်ကွက်သွားတာနဲ့ အငြိုးအတေးထားပြီးတော့ နောက်ထပ်သုံးကြိမ်တိတိ ထပ်ပြီး ဆော့ကစားတာကို သူက မသိတာလား။ အများဆုံးကတော့ သုံးကြိမ်အထိပဲ။ သူက ပျင်းသွားရင်တော့ ဆက်မဆော့တော့ဘူး။ အဲဒါပြီးရင် သားရဲမွေးမြူရေးအဆောင်က နစ်နာကြေးတော့ ပြန်ပေးတယ် ”
” ပြဿနာ အကြီးကြီးတော့ တက်တော့မယ်ဟေ့ ”
ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည့် အဆောင်အသီးသီးမှ ဂိုဏ်းသားများ၏ အမူအရာများမှာ တုန်လှုပ်ချောက်ချားသွားကြ၏။ သူတို့မှာ ထိုနေရာနှင့် ခပ်ဝေးဝေးသို့ရောက်လေ ပို၍ ဘေးကင်းလုံခြုံလေဟု မှတ်ယူကာ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားကြတော့သည်။
စိန်လူဝံကြီးမှာမူ လေထဲတွင် ၎င်း၏ ရင်ဘတ်ကို တဒုန်းဒုန်းမြည်အောင်ထုကာ သွားများကို ဖြဲထား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံးတုန်ရီသွားပြီး သွားများကို ပြန်စိကာ ရင်ဘတ်အား တဒုန်းဒုန်း ထုနှက်နေခြင်းကိုလည်း ရပ်တန့်လိုက်၏။ ထို့နောက် ၎င်းမှာ အသက်ရှုသံများ များလာပြီး ဒေါသစိတ်များကြောင့် နီမြန်းနေသည့် မျက်ဝန်းများဖြင့် ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့အား ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ထို အော်ဟစ်သံကြီးမှာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်နေပြီး အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ပျံ့နှံ့သွား၏။ ထိုအော်သံကြီး ပျံ့နှံ့လာသောအခါ ထွက်ပြေးဆုတ်ခွာနေကြသော ဂိုဏ်းသားများမှာ ဦးခေါင်းများ ပေါက်ကွဲလာတော့မည့်အလား ခံစားလိုက်ရ၏။ သူတို့မှာ အရှိန်မြှင့်တင်လိုက်ကြပြီး တချို့မှာဆိုလျှင် သူတို့၏ သင်္ဘောပျံများကိုပင် ထုတ်ယူလိုက်ကြသည်။
” ဒုက္ခလှလှ တွေ့တော့မယ်ဟေ့။ ပြေးကြဟ ”
” စိန်လူဝံကြီးက သူ့ရဲ့ အမျက်ဒေါသတွေကို ထုတ်ပြတော့မှာ ”
သူတို့မှာ အံ့ဩတုန်လှုပ်စွာဖြင့် နောက်သို့ဆုတ်ခွာသွားကြစဉ် သားရဲမွေးမြူရေးအဆောင် တည်ရှိသော မိုးပျံတောင်မှ ပင့်သက်ရှိုက်သံများ ပေါ်ထွက်လာ၏။ သားရဲမွေးမြူရေးအဆောင်မှ ဂိုဏ်းသားမြောက်မြားစွာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြတော့သည်။ သူတို့မှာ ချက်ချင်းပင် သူတို့၏ မျက်နှာဖုံးများကို ထုတ်ယူလိုက်ကြပြီး အမြန်ဆုံးနည်းဖြင့် တပ်ဆင်လိုက်၏။ ထိုသို့ မျက်နှာဖုံးတပ်ပြီးသည့်တိုင်အောင် တချို့မှာ စိုးရိမ်နေကြဆဲဖြစ်သောကြောင့် အကာအကွယ်ပေးနိုင်မည့် အခန်းတစ်ခန်းခန်းအား အလျင်စလို ရှာဖွေနေကြတော့သည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ စိန်လူဝံကြီး၏ ဒေါသတကြီး အော်ဟစ်သံကြီးကြောင့် တုန်လှုပ်ချောက်ချားသွားရ၏။ ထို့နောက် သူ ရှိရာဘက်သို့ လေပြင်းများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း စိန်လူဝံကြီး အလွန် ရက်စက်ကြမ်းကြုတ်သွားသည်ကို မြင်လိုက်ရ၏။
” ဒီလောက်အထိ ဖြစ်ဖို့ လိုလို့လား။ ငါက မင်းကို ဆူပဲဆူတာလေ။ မရိုက်ရသေးပါဘူး။ မင်းက တော်တော်ကို အသဲငယ်တဲ့ကောင်ပဲကွ ”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး လှုပ်ရှားရန် ပြင်လိုက်စဉ်တွင် စိန်လူဝံကြီးမှာ သူ့အား ဒေါသတကြီး ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို နောက်သို့လှည့်သွားပြီး ဝမ်ပေါင်လဲ့အား ကျောပေးလိုက်၏။ ၎င်းမှာ သူ့ကိုယ်သူ ထိန်းသိမ်းချုပ်တည်းနိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရဟန်တူသည်။
” ဒီလိုမှပေါ့ကွ။ နောက်ဆုံးတော့ ဒီမျောက်လေးမှာ ဆင်ခြင်သုံးသပ်နိုင်စွမ်း ရှိသေးသားပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကို မြင်လိုက်ရပြီးနောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။ စိန်လူဝံကြီးမှာ သူ့ထက်ပို၍ စိတ်ဆတ်သောကြောင့် ၎င်းအား ထပ်၍ ရန်မစသင့်တော့ကြောင်း ယူဆလိုက်ပြီး သူ၏ သင်္ဘောပျံကို ထိန်းချုပ်ကာ သူ၏ နတ်ဝိဇ္ဇာဂူရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်တော့သည်။ စိန်လူဝံကြီးကမူ ဝမ်ပေါင်လဲ့အား ကျောပေးထားဆဲပင်။
သို့သော် ဝမ်ပေါင်လဲ့က သူ၏ သင်္ဘောပျံအား မောင်းထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ့အား ကျောပေးထားသည့် စိန်လူဝံကြီးမှာ အသက်ပြင်းပြင်း ရှူလိုက်၏။ ၎င်း အသက်ရှူသွင်းလိုက်ရာမှ ပေါ်ထွက်လာသည့် စုပ်အားကြီးမှာ အလွန် အားပြင်းသောကြောင့် သူ၏ရှေ့ရှိ ကောင်းကင်ယံတွင် လေပွေတစ်ခု ပေါ်လာ၏။ မိုးပျံတောင်ပေါ်တွင် ပေါက်ရောက်နေကြသော အသီးအရွက်များနှင့် အခြားသစ်ပင်ပန်းမန်များမှာလည်း ဆွဲငင်ခံလိုက်ရသဖြင့် တိမ်းစောင်းသွားကြ၏။ စိန်လူဝံကြီးကမူ ၎င်း၏ တင်ပါးကို ဖြည်းဖြည်းချင်းမြှောက်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြန်သည်။
အဝေးသို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာနေသည့် ဝမ်ပေါင်လဲ့မှာမူ ထိုအဖြစ်အပျက်များကို သတိထားမိလိုက်သောအခါ ခေတ္တမျှ ကြက်သေသေသွား၏။ ထို့နောက် သူသည် ဆွံ့အသွားရပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
” ဘာတွေဖြစ်နေတာလဲ ”
ဝမ်ပေါင်လဲ့ ပါးစပ်ဟလိုက်ချိန်မှာပင် စိန်လူဝံကြီးမှာ သူ၏ တင်ပါးကို ထပ်၍မြှောက်လိုက်ပြီး ဗိုက်ထဲတွင် လေအပြည့်ဝင်သွားအောင် အသက်ရှူသွင်းလိုက်၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ၎င်း၏ စအိုကြွက်သားများကို ညှစ်လိုက်သောအခါ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံ ချက်ချင်းပင် ထွက်ပေါ်လာ၏။ ထိုအသံနှင့်အတူ ကြည်လင်သော မြူခိုးလုံးကြီးတစ်လုံး ပျံ့နှံ့လာပြီး မျက်လုံးဖြင့် မမြင်နိုင်သော လှိုင်းတစ်လှိုင်းကဲ့သို့ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ကယောင်ချောက်ချား ဖြစ်သွားရတော့သည်။ ယခုလို လူအများက ကြောက်ရွံ့ရသော စိန်လူဝံကြီးမှာ အဆူခံလိုက်ရသောကြောင့် သူ့ဘက်သို့လှည့်ကာ လေလည်လိုက်လိမ့်မည်ဟု သူက လုံးဝ ထင်မှတ်မထားခဲ့ပေ။
” ဒါ…. ဒါ… ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ရူးသွပ်လုမတတ် ဖြစ်သွားရပြီး ထိုမြူခိုးလုံးကြီးကို ရှောင်တိမ်းရန် ကြိုးပမ်းလိုက်၏။
ဝမ်ပေါင်လဲ့ စိန်လူဝံကြီးအား ဆူပူကြိမ်းမောင်းလိုက်သည့် အခိုက်အတန့်နှင့် ထိုစိန်လူဝံကြီးက ၎င်း၏ ကြောက်မက်ဖွယ်ရာအကောင်းဆုံး တန်ပြန်တိုက်ကွက်ကို ပြန်လည်ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်အကြားရှိ အဖြစ်အပျက်များအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားပြီး အံ့ဩတုန်လှုပ်ကာ ရူးသွပ်လုမတတ် ဖြစ်နေရချိန်တွင် မြူခိုးလုံးကြီးမှာ သူ့ဆီသို့ ရောက်ရှိလာပြီဖြစ်ပြီး သူနှင့်အတူ သူ၏ သင်္ဘောပျံကို ဖုံးလွှမ်းသွားတော့သည်။
ထိုမြူခိုးလုံးကြီးထဲတွင် ထူးခြားသော အင်အားတစ်မျိုး ကိန်းအောင်းနေဟန်တူသည်။ ထိုမြူခိုးများ အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သင်္ဘောပျံလေးမှာ ယာယီခန့် စက်ချို့ယွင်းသွား၏။ ထို မြူခိုးများကို အတွင်းသို့ ဝင်မလာနိုင်အောင် တားဆီး၍လည်း မရပေ။ ၎င်းမှာ သင်္ဘောပျံပေါ်ရှိ အခန်းငယ်လေးထဲတွင် ပြည့်နှက်သွားပြီး ဝမ်ပေါင်လဲ့မှာ ၎င်းအား တစ်ရှိုက်ခန့် ရှူလိုက်မိသောအခါ သနားစဖွယ်ကောင်းလောက်အောင် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
” ဒါ လေပုတ်တွေမှ မဟုတ်ပဲ။ အဆိပ်တွေပဲကွ ”
ထိုလေပုပ်များ၏ အနံ့မှာ ဖော်ပြ၍မရနိုင်လောက်အောင် ဆိုးရွားနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ဘဝတစ်လျှောက် ထိုကဲ့သို့ အနံ့မျိုးကို တစ်ခါမှ မရှူဖူးပေ။ သူသည် ထိုလေပုပ်များ၏ လွှမ်းခြုံမှုကို ခံထားရပြီး အန်ချပစ်ချင်စိတ်များ ပေါက်လာပါသော်လည်း အပြင်ဘက်တွင် မြူခိုးလုံးကြီးမှာ ပို၍ပင် ထူထဲနေသည်ကို မြင်လိုက်ရသဖြင့် သင်္ဘောပျံပေါ်မှ ခုန်မချရဲပေ။ ထို့ကြောင့် သူသည် သတိလစ်မသွားအောင် ကြိုးပမ်းကာ နာကျည်းစွာ အော်ဟစ်မြည်တမ်းရင်း သူ၏ ဝိညာဉ်ချီအားလုံးကို ထုတ်လွှတ်လိုက်၏။ ခက်ခက်ခဲခဲ ကြိုးပမ်းလိုက်ပြီးနောက် သင်္ဘောပျံလေးမှာ ထိုမြူခိုးလုံးကြီးထဲမှ အရှိန်ပြင်းစွာ ထိုးထွက်လာတော့သည်။ ထိုကဲ့သို့ ထိုးထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကို ထိန်းချုပ်မနေတော့ဘဲ အပြင်ဘက်သို့ ခုန်ချလိုက်တော့သည်။
သို့သော် သူသည် သင်္ဘောပျံပေါ်မှ လွတ်မြောက်လာသည့်တိုင်အောင် ဘေးပတ်ပတ်လည်မှ လေထုကြီး၏ အနံ့မှာ ဆိုးရွားနေဆဲပင်။ ထိုမြူခိုးလုံးကြီး တဖြည်းဖြည်း ပျံ့နှံ့လာသောအခါ အဆင့်မြင့်ကျွန်းပေါ်ရှိ အဆောင်အားလုံးနီးပါး ၎င်း၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရ၏။ ထိုအခါ အမျက်ချောင်းချောင်းထွက်ကာ ခိုကိုးရာမဲ့ ဖြစ်သွားကြသည့် ဂိုဏ်းသားများထံမှ နာကျည်းစရာကောင်းသော ဒေါသတကြီး အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအနံ့အား တစ်ရှိုက်လောက်သာ ရှူမိလိုက်ပါသော်လည်း သူ့ကိုသူမထိန်းနိုင်တော့ဘဲ အန်ချလိုက်ရ၏။ သူသည် အဆိပ်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းမော့ကာ လေထဲရှိ စိန်လူဝံကြီးအား ဒေါသတကြီး စိုက်ကြည့်နေလိုက်တော့သည်။
ယခုတွင်မူ စိန်လူဝံကြီးမှာ အလွန် ကျေနပ်ပျော်ရွှင်နေပြီဖြစ်သည်။ ၎င်းမှာ ရင်ဘတ်ကို ပြန်၍ထုနှက်ကာ အော်ဟစ်မြည်တမ်းရင်း ဝမ်ပေါင်လဲ့အား သွားဖြဲပြလိုက်ပြီး လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
၎င်း၏ သွားများမှာ အလွန် ဖွေးဆွတ်ကာ ညီညာလှပနေပြီး တမူထူးခြားနေ၏။ ၎င်းသည် ကြွားဝါချင်သောကြောင့် ထိုသွားများကို ဖြဲပြနေသည့် အလားပင်။ ဝမ်ပေါင်လဲ့မှာမူ ထိုလူဝံကြီးအား ပို၍ပင် မျက်မုန်းကျိုးလာရတော့သည်။
” နေနှင့်ဦးပေါ့ကွာ ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ စိတ်ထဲတွင် ကြိမ်းဝါးလိုက်ပြီး ထွက်ခွာရန်ပြင်လိုက်စဉ်မှာပင် မိုးပျံတောင်ပေါ်ရှိ သားရဲမွေးမြူရေးအဆောင်မှ အသံကျယ်ကြီးတစ်သံ ရုတ်တရက်ဆိုသလို မြည်ဟည်းထွက်ပေါ်လာ၏။
” မည်းလုံး။ ဆိုးနေပြန်ပြီလား။ ဒီတစ်ခေါက် အပြစ်ပေးတဲ့အနေနဲ့ မင်းကို သုံးလတိတိ အပြင်ထွက်ခွင့် ပိတ်ရမယ်။ အခုချက်ချင်း ပြန်လာခဲ့စမ်း “
ထိုအသံကြီးမှာ မိုးချိန်းသံကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအခါ လေထဲတွင် ရှိနေသည့် စိန်လူဝံကြီးမှာ အသားများတုန်ရီသွားကာ ထိတ်လန့်ကြောက်ရွံ့သွားပြီး အနည်းငယ်ခန့် မခံမရပ်နိုင် ဖြစ်သွား၏။ ထို့နောက် ၎င်းမှာ ခေါင်းငုံ့ကာ ဝမ်ပေါင်လဲ့အား စူးရှစွာ စိုက်ကြည့်လိုက်ပြီးမှ သတိကြီးကြီးထားကာ နောက်သို့လှည့်သွားပြီး သားရဲမွေးမြူရေးအဆောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်တော့သည်။
စိန်လူဝံကြီး အပြစ်ပေးခံလိုက်ရသည်ကို မြင်လိုက်ရသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ဒေါသစိတ်များမှာ ပြေပျောက်သွားခြင်း မရှိသေးပေ။ သူသည် ထိုပြစ်ဒဏ်မှာ လျော့ပေါ့လွန်းနေသည်ဟု ထင်ပါသော်လည်း ၎င်းကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူ၏ ဒေါသစိတ်များကိုသာ ထိန်းချုပ်လိုက်ရပြီး မြေကြီးပေါ်သို့ အရှိန်အဟုန်ဖြင့် ထိုးကျသွားခဲ့သောကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော သူ၏သင်္ဘောပျံလေးကိုကြည့်လိုက်၏။ သူသည် ချုံးပွဲချ ငိုချလိုက်ချင်ပါသော်လည်း မျက်ရည်စက်တစ်စက်တစ်လေပင် ထွက်မလာခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ ဒေါသတကြီးဖြင့် အံကြိတ်ရင်း ထိုသင်္ဘောပျံကို သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်ယူသွားလိုက်ပြီး လက်တုံ့ပြန်နိုင်ရန် စဉ်းစားတွေးတောနေတော့သည်။ သို့သော် နည်းလမ်းတစ်ခုတစ်လေပင် ရှာမတွေ့သေးပါသော်လည်း နောက်တစ်ရက်သို့ ရောက်သွားသောအခါ သူ၏ ဓမ္မလက်နက်ဂိုဏ်းသား တာအိုဝတ်ရုံမှာ ရောက်ရှိလာ၏။ ထို့အပြင် သားရဲမွေးမြူရေးအဆောင်မှ ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက်လည်း ရောက်ရှိလာပြီး စိန်လူဝံကြီး၏ လုပ်ရပ်များအတွက် တောင်းပန်စကားဆိုကာ ဝမ်ပေါင်လဲ့အား နစ်နားကြေးများ ပေးလိုက်၏။
” အစ်ကိုပေါင်လဲ့။ ကျေးဇူးပြုပြီးတော့ ဗွေမယူပါနဲ့ဗျာ။ စိန်လူဝံကြီးက အရမ်းဆိုးလွန်းလို့ ကျနော်တို့တောင် အခက်တွေ့နေရတာ ”
သားရဲမွေးမြူရေးအဆောင်မှ ဂိုဏ်းသား၏ ရိုသေကျိုးနွံသော ပြုမူဆက်ဆံပုံကို မြင်လိုက်ရသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဒေါသများကို ဖြေဖျောက်လိုက်၏။ သူသည် အပေါ်ယံတွင် ဖြစ်ပျက်ခဲ့သောအရာများအတွက် စိန်လူဝံကြီးအား ခွင့်လွှတ်ပေးလိုက်သည့်ပုံ ပေါက်နေပါသော်လည်း စိတ်ထဲတွင်ကျိတ်၍ အငြှိုးအတေး ထားနေဆဲပင်။
” သေနာကောင် မျောက်။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ဒီကိစ္စကို မေ့သွားမယ် မထင်နဲ့ ”
ဝမ်ပေါင်လဲ့မှာ အေးစက်စက် ချောင်းဟန့်လိုက်ပြီး ထိုကိစ္စကို မေ့ထားလိုက်တော့သည်။ ထို့နောက် သူသည် အဆင့်မြင့်ကျွန်းပေါ်တွင် ကျင့်ကြံခြင်းများကို ဆက်လက် လေ့ကျင့်နေလိုက်၏။ ဈေးတန်းထဲတွင် ဖြစ်ပျက်သွားခဲ့သော ကိစ္စများနှင့် ပတ်သက်သည့် သတင်းများမှာလည်း ပျံ့နှံ့သွားသောကြောင့် ကျောင်းစီမံရေးဌာနထဲတွင် သူ၏ ဂုဏ်သတင်းမှာ ကျော်စောလာတော့သည်။
ထို့အပြင် သူ တာဝန်ယူထားရသည့် အဓိကစစ်ဆေးရေးမှူးအဖွဲ့မှာ အလွန် လုပ်ပိုင်ခွင့်အာဏာ ကြီးမားလွန်းနေ၏။ ထို့ကြောင့် နောက်ရက်များတွင် အဓိကစစ်ဆေးရေးမှူးအဖွဲ့မှ ဂိုဏ်းသားများမှာ သူ့ဆီသို့ ပုံမှန် သတင်းပို့နေကြရုံသာမက ဧည့်သည်များစွာကလည်း သူ့ဆီသို့ လာရောက်လည်ပတ်နေကြတော့သည်။
ထိုသို့ဖြင့် ကျောင်းစီမံရေးဌာနထဲရှိ လူများမှာ ဝမ်ပေါင်လဲ့၏ အမည်ကို တဖြည်းဖြည်းနှင့် ပို၍ ရင်းနှီးကျွမ်းဝင်လာကြ၏။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ ဓမ္မအဆောင် သန့်စင်ခြင်းကိုလည်း လျစ်လျူရှုထားခြင်း မရှိပေ။ ပြီးပြည့်စုံသော ပထမအဆင့် ဓမ္မအဆောင်များကို သန့်စင်ပြီးနောက် ဝမ်ပေါင်လဲ့မှာ ဒုတိယအဆင့် ဓမ္မအဆောင်များကို စမ်း၍ သန့်စင်ကြည့်ရန် တွေးလိုက်၏။ ဂိုဏ်းသားများအတွက် အရည်အချင်း စမ်းသပ်ပွဲတွင် သန့်စင်ပြရမည်မှာ ဒုတိယအဆင့် ဓမ္မအဆောင်များမဟုတ်ဘဲ တတိယအဆင့် နတ်ဘုရားရတနာများသာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ အခြေခံ ခိုင်မာအောင် လုပ်ပြီးမှ တစ်ဆင့်ချင်းစီတက်ရန် ဆုံးဖြတ်ထား၏။ ထို့ကြောင့် သူသည် ဒုတိယအဆင့် ဓမ္မအဆောင်များကို ကြိုးစား၍ သန့်စင်နေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ မျက်နှာဖုံးထဲမှ မမလေး သူ့ကိုမှာခဲ့သော ဓားအိမ်အား သန့်စင်နိုင်မည့်နည်းများကိုလည်း ရှာဖွေလေ့လာနေ၏။
ထိုသို့ဖြင့် နေ့ရက်များစွာ ကုန်ဆုံးသွားပြီး တစ်ရက်တွင် သိုင်းပညာအဆောင်က အဆင့်မြင့်ကျွန်း တစ်ကျွန်းလုံးပေါ်တွင် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်၏။ ထိုကြေညာချက်ကြောင့် အဆင့်မြင့်ကျွန်းပေါ်ရှိ အဆောင်အားလုံးနီးပါးတွင် ဆူညံပွက်လောရိုက်သွားကြပြီး လူများမှာ ဝင်းလက်နေသော မျက်လုံးများဖြင့် အကွက်များရွှေ့ရန် ပြင်ဆင်နေကြတော့သည်။
မှော်ဆေးရည်အဆောင်နှင့် ဓမ္မလက်နက်အဆောင်မှ ဂိုဏ်းသားများမှာဆိုလျှင် သိုင်းပညာအဆောင်၏ ကြေညာချက်ကို မြင်လိုက်ရပြီးနောက် စိတ်ဓာတ်များ တက်ကြွသွားကြ၏။