Switch Mode

အခန်း ( ၁၄၂ )

လေဟုန်ခွင်း၍ ရောက်ချလာပါသော

” အစ်ကိုဝမ် ဘာဖြစ်လို့လဲ ”
အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူတစ်‌ယောက်ဖြစ်သော ကျိုးဖုန်းဟိုင်မှာ နတ်ဝိဇ္ဇာဂူထဲတွင်ထိုင်ကာ ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်မည့် နည်းလမ်းများကို တွေးတောနေစဉ် ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။ ထို့ကြောင့် သူသည် အံ့အားသင့်သွားကာ ဝမ်ပေါင်လဲ့၏ စကားများကို သေသေချာချာ နားထောင်လိုက်၏။ ထို့နောက် သူသည် အံ့ဩတုန်လှုပ်သွားပြီး ချက်ချင်းပင် ဝမ်ပေါင်လဲ့အား ထိုကိစ္စအကြောင်းနှင့် ပတ်သတ်၍ အသေးစိတ် မေးမြန်းလိုက်တော့သည်။ သူသည် ဝမ်ပေါင်လဲ့အား ‘ အစ်ကို ‘ ဟု ရိုသေလေးစားစွာ ခေါ်ဝေါ်ခဲ့သည်ဖြစ်ရာ နမော်နမဲ့ မဆက်ဆံလိုကြောင်း သိသာထင်ရှားပေသည်။

တောင်ပိုင်းတောင်တန်း၏ ဈေးတန်းထဲတွင်မူ ဝမ်ပေါင်လဲ့မှာ စွန်းဖန်ကို တက်နင်းထားရင်း အသံလွှင့်လက်စွပ်ထဲသို့ တည်ကြည်စွာ လှမ်းပြောလိုက်၏။

” ဘာကြီးကြီးမားမား ကိစ္စမှတော့ မဟုတ်ပါဘူး။ ဂိုဏ်းစီမံရေးဌာနက စွန်းဖန်ဆိုတဲ့ကောင်က ကျုပ်ကို သင်ခန်းစာပေးမယ်ဆိုပြီး ခြိမ်းခြောက်နေလို့ ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်ပြီး မြေကြီးပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော စွန်းဖန်အားကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။

ဝမ်ပေါင်လဲ့မှာ အသံထုတ်လွှင့်ခြင်းစနစ်ကို မဖွင့်ထားသောကြောင့် စွန်းဖန်မှာ သူနှင့် ကျိုးဖုန်းဟိုင်ကြားရှိ အပြန်အလှန် ပြောစကားများကို မကြားရပေ။

ကျိုးဖုန်းဟိုင်မှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ အသက်ပြင်းပြင်း ရှူလိုက်ပြီး ထိုကဲ့သို့ ဥပဒေပြုလုပ်ငန်း ဆောင်ရွက်နေသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အလျင်အမြန် ရှာဖွေလိုက်၏။ ထိုသူမှာ သူ၏ အဖွဲ့ထဲမှ မဟုတ်ကြောင်း သိလိုက်ရသောအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်ရတော့သည်။ သို့သော် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများ အရောင်လက်သွားပြီး ၎င်းမှာ သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း ရိပ်မိသွား၏။

သူသည် ဤကိစ္စကြီး တစ်ခုလုံးကို အမှားအယွင်းမရှိ ကိုင်တွယ်ဖြေရှင်းလိုသောကြောင့် အဓိကစစ်ဆေးရေးမှူးအဖွဲ့အား ချက်ချင်းပင်ဆက်သွယ်လိုက်သည်။ သူသည် ဂိုဏ်းစီမံရေးဌာနထဲတွင် ရာထူးကြီးမားပြီး ချန်းယွီထုံ၏ ညာလက်ရုံးလည်း ဖြစ်သောကြောင့် သူ၏လေသံမှာ အလွန် တင်းမာနေ၏။ ထို့အပြင် အဓိက စစ်ဆေးရေးမှူးအဖွဲ့မှာ သူတို့၏ အဓိက အဖွဲ့ခေါင်းဆောင်အသစ်အကြောင်းကို ကြားဖူးထားပြီး ဖြစ်သည်။

အဖွဲ့ဝင်သုံးဆယ်ခန့်ရှိသော အဓိကစစ်ဆေးရေးမှူးအဖွဲ့မှာ ကျိုးဖုန်းဟိုင်၏ စကားကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားကြ၏။ သူတို့မှာ ကျိုးဖုန်းဟိုင်နှင့်အတူ တောင်ပိုင်းတောင်တန်း၏ ဈေးတန်းဆီသို့ တဟုန်ထိုး ဦးတည်လာတော့သည်။

သူသည် လမ်းခုလတ်တွင် ထိုကိစ္စအကြောင်းကို တွေးတောသုံးသပ်လိုက်ပြီး လက်ရှိတွင် ထိုဥပဒေပြုလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့၏ အဓိကအဖွဲ့ခေါင်းဆောင်အား ဆက်သွယ်ကာ အကြောင်းကြားလိုက်၏။ ထိုသို့ဆက်သွယ်လိုက်စဉ် ကျိုးဖုန်းဟိုင်မှာ သန့်စင်မှု မအောင်မြင်ဘဲ ကျရှုံးသွားရသည့်အသံကို ကြားလိုက်ရသဖြင့် ထို အဖွဲ့ခေါင်းဆောင်မှာ ဓမ္မအဆောင်များ သန့်စင်နေခဲ့ခြင်း ဖြစ်ရပေမည်။

ကျိုးဖုန်းဟိုင်မှာ ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်ပြီးနောက် ထိုအဖွဲ့ခေါင်းဆောင် အသက်ပြင်းပြင်း ရှူလိုက်သည့်အသံကို ကြားလိုက်ရ၏။ သူသည်လည်း ဝမ်ပေါင်လဲ့မှာ အနာဂတ်တွင် ဂိုဏ်းစီမံရေးဌာနအား ခေါင်းဆောင်ရမည့်လူ ဖြစ်လာနိုင်ကြောင်းကို ချန်းယွီထုံထံမှ ကြားသိထားပြီးဖြစ်သည်။

” ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကျိုးရယ်။ ဒီ သောက်ခွေးကောင် စွန်းဖန်ကတော့ကွာ…. ကျနော် ချက်ချင်း သွားလိုက်ပါ့မယ် ”

ထိုအဖွဲ့တစ်ဖွဲ့လုံး တောင်ပိုင်းတောင်တန်း၏ ဈေးတန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေကြစဉ် ဝမ်ပေါင်လဲ့၏ ခြေထောက်အောက်တွင် ရှိနေဆဲဖြစ်သော စွန်းဖန်မှာ သူ အသံလွှင့် အကြောင်းကြားစာတစ်ခု ထုတ်လွှတ်လိုက်သည်ကို ကြည့်ရင်း အနည်းငယ် စိုးထိတ်သွားရ၏။ သို့သော် သူသည် လက်ရှိအခြေအနေအား အကဲခတ်လိုက်ပြီးနောက် စိတ်ပူစရာမရှိကြောင်း မှတ်ယူလိုက်ပြီး အထင်သေးသည့်လေသံဖြင့် ရယ်မောလိုက်တော့သည်။

” ကောင်လေး။ မင်းက သရုပ်ဆောင် ကောင်းသားပဲကွ။ အဓိကစစ်ဆေးရေးမှူးအဖွဲ့နဲ့ မရင်းနှီးသေးလို့ တခြားတစ်ယောက်ကို မင်းရဲ့ကိုယ်စား အမိန့်ပေးခိုင်းတာက ဘာအဓိပ္ပါယ်လဲကွ ”

” မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ ”

စွန်းဖန်မှာ ဝမ်ပေါင်လဲ့အား သရော်လိုက်၏။ ထိုနေ့တွင် သူသည် သူ၏နေအိမ်မှ စောစောထွက်လာခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့ အဓိက အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ရာထူးတိုးခံလိုက်ရသည့် သတင်းကို မကြားသိရသေးပေ။ သူကိုယ်တိုင်ပင် ထိုအကြောင်းများကို မသိသေးသည်ဖြစ်ရာ သူ၏ပတ်ပတ်လည်ရှိ ဂိုဏ်းသားများမှာဆိုလျှင် ပို၍ပင် ဆိုးနေမည်မှာ အမှန်ပင်။ ဝမ်ပေါင်လဲ့မှာ မကြာသေးမီကမှ ထိုရာထူးကို ရရှိသွားခဲ့သည် မဟုတ်ပါလော။

” ဒီကောင်က တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတာပဲကွ… သူ့ရဲ့ စကားပြောဆိုပုံက မသိရင် တကယ်ဖြစ်နေတဲ့အတိုင်းပဲ။ ငါတောင် ယုံချင်သလိုလို ဖြစ်သွားတယ် ”

” ငါတို့ကို ရန်စနေတဲ့ကောင်က အကောင်ကြီးထဲက တစ်ကောင်ပေါ့ ဟုတ်လား။ ဟားဟား ”

ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားများမှာ ခွက်ထိုးခွက်လှန် ရယ်မောနေကြတော့သည်။ သူတို့ထဲတွင် မျက်နှာရှည်ရှည်နှင့် လူငယ်လေး၏ ရယ်မောသံမှာ အကျယ်ဆုံးနှင့် အမောက်မာဆုံး ဖြစ်နေ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ပတ်ပတ်လည်မှ လူများ၏ စကားများကို ကြားလိုက်ရသောအခါ အမူအရာတည်ကြည်သွားပြီး ခေါင်းမော့ကာ ကောင်းကင်ကြီးအား ဖျတ်ခနဲကြည့်လိုက်၏။

ဝမ်ပေါင်လဲ့၏ တည်ငြိမ်နေပုံကို မြင်လိုက်ရသောကြောင့် စွန်းဖန်မှာ အတန်ငယ် သံသယဝင်သွားပြီး အံ့အားသင့်သွားရ၏‌။ သို့သော် သူသည် ယခုကဲ့သို့သော ကိစ္စလေးများနှင့် ပတ်သတ်၍ ကြောက်ရွံ့မနေသင့်ကြောင်း တွေးတောလိုက်ပြီး အံကြိတ်ကာ ဆိုလိုက်၏။

” ကောင်လေး။ ဒီနေ့ မင်း တကယ်ပဲ အဓိကစစ်ဆေးရေးမှူးအဖွဲ့က လူတွေအကုန်လုံးကို စုဝေးနိုင်မလားဆိုတာ စောင့် ကြည့်ကြတာပေါ့။ တကယ်လို့မင်း …. ”
သူသည် စကားဆုံးအောင် မပြောနိုင်ခင်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှာ အပြင်းအထန် တုန်ရီလာတော့သည်။

သူ့အားဆက်သွယ်နေသူမှာ သူ၏ အဓိက အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း သိလိုက်ရသောအခါ စွန်းဖန်မှာ ခေတ္တမျှ အံ့အားသင့်သွားရ၏။ ထို့နောက် သူသည် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း စိတ်ထဲတွင် ထင့်သွားပြီး မယုံသင်္ကာနှင့် အသံလွှင့်လက်စွပ်ကို အလျင်အမြန် ဖွင့်လိုက်၏။ ထိုအခါ ထိုအသံလွှင့်လက်စွပ်ထဲမှ ဒေါသတကြီး အော်ဟစ်ကြိမ်း‌မောင်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူ၏နားထဲတွင် မိုးခြိမ်းသံများကဲ့သို့ ပေါက်ကွဲသွားတော့သည်။

” ငမိုက်သား စွန်းဖန်။ မင်း နေနှင့်ဦး။ မင်းရဲ့ တစ်ဆွေလုံး တစ်မျိုးလုံးကို ငါ သတ်ပစ်ဦးမယ်။ ဝမ်ပေါင်လဲ့ကို ရန်စရတဲ့အထိ မင်း ကန်းနေလားကွ။ သူ့ကို အခုချက်ချင်း လွှတ်ပေးလိုက်စမ်း ”

ထို အဓိကအဖွဲ့ခေါင်းဆောင်၏ အသံမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသောကြောင့် စွန်းဖန်မှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ သူ တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းတစ်လျှောက် သူ၏ အဓိက အဖွဲ့ခေါင်းဆောင် ယခုလို ဒေါသတကြီးပေါက်ကွဲနေသည်ကို လုံးဝ မကြားဖူးခဲ့သောကြောင့် သူသည် ကယောင်ချောက်ချား ဖြစ်နေရတော့သည်။ သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများ ပြူးသွား၏။ ထို့နောက် သူ၏ အသိစိတ်ထဲတွင် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရပြီး ဆွံ့အမှင်တက်သွားရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ပါးစပ်ပိတ်ကာ နှုတ်ဆိတ်နေဆဲပင်။

အဓိကအဖွဲ့ခေါင်းဆောင်၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေပါသော်လည်း ခပ်လှမ်းလှမ်းတွင် ရပ်၍ စကားလုံးများ ရယ်မောသံများဖြင့် ဝမ်ပေါင်လဲ့အား စော်ကားနေကြသည့် ဂိုဏ်းသားများမှာမူ ထိုအသံများကို မကြားမိလိုက်ပေ။

သူတို့၏ အဖွဲ့ခေါင်းဆောင် အသံလွှင့်အကြောင်းကြားစာတစ်ခုအား လက်ခံရရှိလိုက်သည်ကို သူတို့က မြင်လိုက်ရသောကြောင့် ချက်ချင်းပင် စိတ်လှုပ်တရှား ဖြစ်သွားကြ၏။ အထူးသဖြင့် မျက်နှာရှည်ရှည်နှင့် လူငယ်လေးဆိုလျှင် မနေနိုင်တော့ဘဲ အော်မေးလိုက်တော့သည်။
” အစ်ကိုစွန်းရေ။ ဂိုဏ်းစီမံရေးဌာနက ကျနော်တို့လူတွေ လာနေပြီတဲ့လား ”

” ဟားဟား။ ကောင်လေး။ မင်း ခဏနေရင် ဆက်ပြီးတော့ မောက်မာနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ ”

သူ၏ ပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ ထိုကဲ့သို့ စိတ်လှုပ်တရှား ဖြစ်‌နေကြစဉ် စွန်းဖန်မှာ တစ်ကိုယ်လုံး တုန်ရီသွားကာ လည်ပင်းကြီး နီမြန်းလာပြီး အော်ဟစ်လိုက်တော့သည်။
” မင်းတို့အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း ”

စွန်းဖန်မှာ ထိုသို့ အော်ဟစ်လိုက်ပြီး ဖြူဆုတ်နေသော မျက်နှာဖြင့် ဝမ်ပေါင်လဲ့အား စိုးရိမ်တကြီးနှင့် ကြည့်လိုက်၏။ ထို့နောက် အံ့ဩတုန်လှုပ်ကာ ကံဆိုးမိုးမှောင်ကျနေသည့်အလား ခံစားနေရသော မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား ကတုန်ကယင် မေးလိုက်‌တော့သည်။
” မင်း… မင်းက ဝမ်ပေါင်လဲ့လား ”

” ငါ ဘယ်သူလဲဆိုတာ မင်းက သိ‌တယ်ပေါ့ ”
ဝမ်ပေါင်လဲ့ကမူ တည်တည်ကြည်ကြည်ပင် ပြန်မေးလိုက်၏။ သို့သော် စွန်းဖန်မှာ ထိုစကားလုံးများကို ကြားလိုက်ရသောအခါ မိုးခြိမ်းသံပေါင်းမြောက်များစွာ ကျယ်လောင်စွာ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရကာ တစ်ကိုယ်လုံးတုန်ရီသွားပြီး ချက်ချင်းပင် ဖြူဆုတ်သွားရတော့သည်။ သူသည် ငိုမဲ့မဲ့ ဖြစ်နေပြီး သူ၏ ပတ်ပတ်လည်မှ လူအုပ်ကြီးမှာလည်း တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ရိပ်မိသွားကြ၏။ သူတို့မှာ အသက်ရှူသံများ မြန်လာကြပြီး ဆူဆူညံညံ မလုပ်ရဲကြတော့ပေ။ စွန်းဖန်မှာမူ ရူးသွပ်လုဆဲဆဲ ဖြစ်နေသည့် အမူအရာဖြင့် စကားပြောရန် ပြင်လိုက်၏။

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှနေ၍ တရွှီရွှီမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့နောက် သင်္ဘောပျံ ဆယ့်ငါးစင်းကျော်မှာ တစ်စင်းပြီး တစ်စင်း ရောက်ရှိလာကြ၏။ ထို သင်္ဘောပျံများမှာ မျက်စိတစ်မှိတ်အတွင်း သူတို့နားသို့ ရောက်ရှိလာကြပြီး ဂိုဏ်းစီမံရေးဌာနမှ တာအိုဝတ်ရုံများ ဆင်မြန်းထားကြသော ဂိုဏ်းသားဒါဇင်ပေါင်း များစွာ ချက်ချင်းပင် ခုန်ချလာကြ၏။ သူတို့ထဲတွင် လက်နက်အဖွဲ့ဝင် ကိုးယောက်‌ခန့်ပါပြီး သူတို့အားလုံးမှာလည်း တင်းမာခက်ထန်နေသော အမူအရာများဖြင့် ချဉ်းကပ်လာကြ၏။

သူတို့ထဲမှ လေးယောက်မှာ ရှေ့မှ ဦးဆောင်လာကြ၏။ ကျိုးဖုန်းဟိုင်နှင့် ဒေါသအမျက်ချောင်းချောင်းထွက်နေသော အမူအရာဖြင့် လျှောက်လှမ်းလာသည့် ခပ်ထွားထွား လူငယ်လေးမှလွဲ၍ အနက်ရောင် စစ်ဆေးရေးမှူးဝတ်ရုံများ ဆင်မြန်ထားကြသည့် အခြားနှစ်ယောက်မှာ အမူအရာများ ခက်ထန်နေကြ၏။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူတို့မှာ အဓိကစစ်ဆေးရေးမှူးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် လက်ထောက်များ ဖြစ်ကြကြောင်း သိနိုင်ပေသည်။

သူတို့ ရောက်လာကြသည်နှင့် တစ်ပြိုင်နက် ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည့် လူများနှင့် မြေပြင်ပေါ်ရှိ ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားများမှာ အံ့ဩတုန်လှုပ်ကာ ပင့်သက်ရှိုက်မိသွားကြတော့သည်။ စွန်းဖန်မှာဆိုလျှင် ပို၍ပင် ပြင်းထန်စွာ တုန်ရီလာပြီး အမြင်အာရုံများပင် စတင်ဝေဝါးလာတော့သည်။

သို့သော် ထိုအခြင်းအရာများမှာ အံ့ဩတုန်လှုပ်စရာ အကောင်းဆုံး မဟုတ်သေးပေ။ သူတို့အားလုံးကို ကယောင်ချောက်ချား ဖြစ်သွားစေသည့် မြင်ကွင်းမှာ အဓိကစစ်ဆေးရေးမှူးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် လက်ထောက်နှစ်ယောက်နှင့် သူတို့၏နောက်တွင်ပါလာသော ဂိုဏ်းသားအယောက်သုံးဆယ်ကျော်ပင် ဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့အား ယခုမှ အပြင်ဘက်တွင် မြင်ဖူးပါသော်လည်း ချက်ချင်းပင် မျက်မှန်းတမ်းမိသွားကြပြီး အခြားသူများကို ခုန်ကျော်ကာ သူ့ဆီသို့ ပြေးလာကြတော့သည်။

သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်လာကြသောအခါ ဒူးထောက်လိုက်ကြပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား တရိုတသေ နှုတ်ဆက်လိုက်ကြ၏။ သူတို့၏ နှုတ်ဆက်စကားမှာ အလွန် ရိုကျိုးနေကြ၏။

” မင်္ဂလာပါ။ အဓိကအဖွဲ့ခေါင်းဆောင် ”

သူတို့ ထိုသို့နှုတ်ဆက်လိုက်သောအခါ စွန်းဖန်မှာ အမြင်အာရုံများ ဝေဝါးသွားရတော့သည်။ သူသည် သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် သတိလစ်သွားတော့သည်။ သူ၏ ပတ်ပတ်လည်မှ သူ၏ လက်အောက်ငယ်သားများမှာလည်း အလွန် အံ့အားသင့်သွားကြပြီး ကယောင်ချောက်ချား ဖြစ်ကုန်ကြတော့သည်။ သူတို့မှာ ဆွံ့အသွားကြပြီး တုန်လှုပ်ချောက်ချားစွာဖြင့် ပင့်သက်များ ရှိုက်မိသွားကြ၏။

” အ… အဓိကအဖွဲ့ခေါင်းဆောင် ဟုတ်လား ”

” သူ… သူက တကယ့်ကို စစ်ဆေးရေးမှူးအဖွဲ့ ရဲ့ အဓိက အဖွဲ့ခေါင်းဆောင်လားဟ ”

” ဘုရားရေ…. ဘယ်… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ ”
သူတို့အားလုံးထဲတွင် မျက်နှာရှည်ရှည်နှင့် လူငယ်လေးမှာ အတုန်လှုပ်ဆုံး ဖြစ်နေတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီသွားပြီး သူသည် ရီဝေဝေဖြစ်ကာ ကြောက်ရွံ့တုန်လှုပ်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့ကမူ အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက်၏။ သူသည် ထို အဖြစ်အပျက်အားလုံးထဲတွင် အနည်းငယ်ခန့်ပင် မိန်းမောသွားရတော့သည်။ အမှန်တွင် သူသည် ထိုကဲ့သို့သော ခံစားချက်မျိုးနှင့် ရင်းနှီးနေပြီးသား ဖြစ်သည်။ အဆင့်နိမ့်ကျွန်းတွင် သူ ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သည့် အချိန်တုန်းက ခံစားချက်နှင့် တစ်ထေရာထဲပင်။ သို့သော် သူ အဆင့်မြင့်ကျွန်းသို့ ရောက်လာခဲ့သည့်အချိန်တွင် အဆင့်တက်ခဲ့ပါသော်လည်း ယခင်က သူ ပိုင်ဆိုင်ခဲ့သည့် လုပ်ပိုင်ခွင့်အာဏာများကို စွန့်လွှတ်ခဲ့ရသည်။

ယခုမှသာ ထိုကဲ့သို့သော လုပ်ပိုင်ခွင့်အာဏာမျိုးကို ပြန်လည်ရရှိလိုက်ခြင်း ဖြစ်သည်။ တစ်ခဏမျှ ကြာပြီးနောက် သူသည် သက်ပြင်းချလိုက်ပြီး သတိပြန်ဝင်လာ၏။ ထို့ကြောင့် သူသည် သူ၏ခြေထောက်ကို မြှောက်ပေးလိုက်ပြီး တည်ကြည်စွာ အမိန့်ပေးလိုက်၏။

” သူတို့အကုန်လုံးကို ဖမ်းလိုက် ”

သူ ထိုသို့အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ပတ်ပတ်လည်မှ စစ်ဆေးရေးမှူးများမှာ ချက်ချင်းပင် လိုက်နာလိုက်ကြ၏။ သူတို့မှာ ချက်ချင်းပင် လူစုခွဲသွားကြပြီး စွန်းဖန်နှင့် သူ၏ လက်အောက်ငယ်သားအားလုံးကို ဖမ်းဆီးချုပ်နှောင်လိုက်၏။ ထိုကဲ့သို့ ဖမ်းဆီးခံလိုက်ရသည့် လူများအားလုံး ထိတ်လန့်ကြောက်ရွံ့နေကြပြီး နှလုံးသားထဲတွင် နာကျည်းစိတ်များနှင့် ပြည့်နှက်နေတော့သည်။ အထူးသဖြင့် မျက်နှာရှည်ရှည်နှင့် လူငယ်လေးဆိုလျှင် ထိတ်လန့်ကြောက်ရွံ့လွန်းနေသောကြောင့် အသားများပင် တဆတ်ဆတ် တုန်ရီနေ၏။ စွန်းဖန်မှာ အသိစိတ်ပြန်ဝင်လာပါသော်လည်း ဖြစ်ပျက်သွားခဲ့သည့် အရာများကို အမှတ်ရသွားသောအခါ ပြန်၍ သတိလစ်သွားပြန်သည်။

အဓိကစစ်ဆေးရေးမှူးအဖွဲ့မှ စစ်ဆေးရေးမှူးများက စွန်းဖန်နှင့် သူ၏အပေါင်းအပါများကို ဖမ်းဆီးခေါ်ဆောင်သွားကြပြီးနောက် ကျိုးဖုန်းဟိုင်နှင့် သူ၏ဘေးမှ လူငယ်လေးမှာ ဝမ်ပေါင်လဲ့အနားသို့ ရောက်လာပြီး နှုတ်ဆက်စကားဆိုလိုက်၏။ ကျိုးဖုန်းဟိုင်က မိတ်ဆက်ပေးလိုက်သောကြောင့် ထိုလူငယ်လေးမှာ စွန်းဖန်တို့ အဖွဲ့ခွဲ၏ အဓိကအဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မျက်လုံးများ မှေးသွား၏။

ထိုလူငယ်လေးမှာမူ ခါးသီးစွာ ရယ်မောလိုက်ပြီး အကြမ်းဖျင်းခန့် ရှင်းပြလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း ထိုအကြောင်းကို ဆက်၍ပြောမနေတော့ပေ။ ခဏအကြာတွင် သူတို့သုံးယောက်မှာ ခင်မင်ရင်းနှီးစွာ စကားပြောဆိုနေကြသည့် အဆင့်အထိ ရောက်သွားသောကြောင့် ထိုလူငယ်လေးမှာ စိတ်အေးသွားရတော့သည်။ အချိန်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် ကောင်းကင်ကြီး မည်းမှောင်လာသဖြင့် ထိုနှစ်ယောက်မှာလည်း ဝမ်ပေါင်လဲ့အား နှုတ်ဆက်စကား ဆိုလိုက်ကြပြီး ထွက်ခွာသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ဈေးတန်းထဲရှိ ဈေးဆိုင်ပိုင်ရှင်များကို နှုတ်ဆက်လိုက်ပြီးနောက် သူဝယ်ယူခဲ့သည့် မုန့်ထုပ်များကို သိမ်းဆည်းလိုက်၏။ ဆိုင်ပိုင်ရှင် အဘိုးကြီးလျှိုမှာမူ ယခင်ကထက်ပင်ပို၍ ဣ‌န္ဒြေရှိနေသည့်ပုံ ပေါ်ပါသော်လည်း သူ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်နေသည့် အရိပ်အယောင်များကို အထင်သားမြင်နိုင်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး လှုပ်ရှားသွားရပြီး စကားတစ်ခွန်းမှ ထပ်ပြောမနေတော့ဘဲ ထွက်ခွာလာတော့သည်။

ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီ သူတို့၏မြင်ကွင်းမှ ပျောက်သွားသောအခါမှသာ ဈေးတန်းတစ်ခုလုံးမှာ ဆူညံပွက်လော ရိုက်သွားကြတော့သည်။ ဝမ်ပေါင်လဲ့ ရှိနေခဲ့စဉ်တုန်းက မည်သူကမှ မှတ်ချက်တစ်ခုတစ်လေပင် မပေးရဲခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့ ထွက်ခွာသွားသောအခါတွင်မူ အဘိုးကြီးလျှို အပါအဝင် အခြားဂိုဏ်းသားများမှာ စိတ်အားထက်သန်စွာ ဆွေးနွေးငြင်းခုံနေကြတော့သည်။

” ဘုရားရေ။ ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝကို မထင်မိခဲ့တာပါ။ အဲဒီ ရိုးရိုးအေးအေး ဖက်တီးလေးက အဓိကစစ်ဆေးရေးမှူးအဖွဲ့ရဲ့ အဓိက အဖွဲ့ခေါင်းဆောင် ဆိုပါလား။ အဲဒါ ဂိုဏ်းစီမံရေးဌာနရဲ့ ဒုတိယမြောက် လုပ်ပိုင်ခွင့်အာဏာ အကြီးဆုံး ရာထူးနော် ”

” ဝမ်ပေါင်လဲ့။ ငါ အခုမှ မှတ်မိတယ်… သူက ရှစ်လက်မဝိညာဉ်အမြစ်နဲ့ ဖောက်ထွက်နိုင်ခဲ့တဲ့ အာနာပါနအဆင့် လူတစ်ယောက်ပဲ။ ဝိညာဉ်အမြစ်ရွာမှာတုန်းက တာအိုကျောင်းကို အများကြီး အကျိုးပြုနိုင်ခဲ့တဲ့ တစ်ယောက်လေ ”

” ဟုတ်တယ် သူပဲ။ သိပ်မကြာခင်တုန်းက ဝိညာဉ်ကွန်ရက်ပေါ်မှာ အသရေဖျက်ခံခဲ့ရတဲ့ ဝမ်ပေါင်လဲ့ပဲ။ သူက အဆင့်နိမ့်ကျွန်းမှာရှိတဲ့ ဓမ္မလက်နက်ဌာနရဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်လို့ ငါကြားဖူးထားတယ်။ အဲ့ရာထူးကို ဘယ်သူမှ မရဖူးဘူး ”

လူများမှာ ထိုကဲ့သို့ ဆွေးနွေးငြင်းခုံနေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံပေါ်တွင်ထိုင်၍ သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားနေ၏။ သူသည် သူ၏ ဖခင်ဖြစ်သူ သူ့အား ပြောပြခဲ့သည့် စကားများကို ပြန်လည်တွေးတောရင်း အတွေးများထဲတွင် နစ်မျောနေ၏။

” အနိုင်ကျင့် မခံချင်ရင် ထိပ်ဆုံးကို ရောက်အောင်လုပ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ သူ၏ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်ချင်သော စိတ်ဆန္ဒများမှာ ပို၍ပင် ကြီးထွားလာရတော့သည်။

” လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ငါ အချိန်ကုန်ခံပြီးတော့ ဖတ်ခဲ့တဲ့ အဆင့်မြင့် အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေကို အလကားအဖြစ်မခံနိုင်ဘူး။ ပြည်ထောင်စုကြီးထဲမှာ ခံ့ညားတည်ကြည်ဆုံးဆိုတဲ့ ဝမ်ပေါင်လဲ့‌ဆိုတဲ့ ငါ အနှေးနဲ့အမြန် ပေါ်ထွက်…. ”

ဝမ်ပေါင်လဲ့မှာ ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့၍ သစ္စာတစ်ခုကို ကျိန်ဆိုရန် ပြင်လိုက်စဉ်မှာပင် စိတ်လှုပ်တရှားဖြစ်နေသည့် အသံကြီးတစ်သံမှာ သူ၏နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသည့်အလား တဖြည်းဖြည်းနှင့် ကျယ်လောင်လာတော့သည်။

” ဒီအသံ ငါ ကြားဖူးနေပါတယ် ”
ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရပြီး မတုံ့ပြန်နိုင်ခင်မှာပင် ကောင်းကင်ယံ၌ ကျယ်လောင်သော ပေါက်ကွဲသဲများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ သူ၏ သင်္ဘောပျံမှာလည်း ရုတ်တရက်ဆိုသလို အားပါပါ ရိုက်နှက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ထိုးကျလာတော့သည်။

” ဘာတွေဖြစ်နေတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်သည်။ သူ၏ အသိစိတ်ထဲတွင် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသည့် ခံစားချက်ကြီးတစ်ခုသာ ရှိတော့၏။ သူသည် ထိုသို့ အော်ဟစ်မြည်တမ်းနေရင်း ဝေဟင်တွင် ဧရာမ စိန်လူဝံကြီးတစ်ကောင်ကို လှမ်း၍မြင်လိုက်ရ၏။

ထိုစိန်လူဝံကြီးမှာ စိတ်လှုပ်ရှားနေသည့် အမူအရာနှင့် သူ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ထုနှက်ကာ သွားများကို ဖြဲပြလိုက်၏။ ၎င်းဆီမှ ထွက်ပေါ်လာနေသော အသံများမှာ ဝမ်ပေါင်လဲ့အား လှောင်ပြောင်နေသည့် အလားပင်။ ထိုဆူညံသံများမှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပြီး ဝမ်ပေါင်လဲ့အား ယှဉ်ပြိုင်ချင်နေသည့်အလား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset