အခန်း (၈) ကျုပ်သိတာတွေ သိပ်များနေပြီ
ညမိုးချုပ်နေပြီ ဖြစ်လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်ရိပ်သမ်းလျှက် ရှိ၏။
သို့သော်… တိုက်ပွဲတွင်းမှ မိန်းမပျိုလေးကတော့ ကျန်းလန်ကို သတိပြုမိသွားလေသည်။
မိန်းကလေးက တစ်စုံတစ်ခုကို စိုးရိမ်နေဟန် သတိအနေအထားဖြင့်…
“ရှင် ဘယ်သူလဲ…”
ဟု မေးလိုက်သည်။
ကျန်းလန်က မိန်းကလေး၏ အမေးစကားကို ပြန်မဖြေပေ။
သူက ဤနေရာမှ ထွက်ခွာသွားရန်သာ စိတ်စောနေမိသည်။ ထို့ကြောင့် နေရာမှ အမြန်ထွက်ခွာသွားရန် တန်ခိုးစွမ်းအားများကို ချက်ချင်းစုစည်းလိုက်သည်။
အခြားသူများ ရောက်ရှိလာပြီး သူရှိနေကြောင်း ရိပ်မိသွားကြပါက သူ့အနေဖြင့် ထွက်ခွာသွားရန် ခက်ခဲသွားပေလိမ့်မည်။
သို့သော်… ကျန်းလန် ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့အနားသို့ ကျင့်ကြံသူ (၂)ယောက် ရောက်ရှိလာကြလေသည်။
ကောင်းကင်ထက်တွင် လခြမ်းကွေးလေးက ထွန်းလင်းနေလေ၏။
မှိန်ပျပျ လရောင်အောက်တွင် ထိုကျင့်ကြံသူ (၂)ယောက် မည်သူမည်ဝါဖြစ်ကြောင်း ကျန်းလန် သေသေချာချာ တွေ့မြင်လိုက်ရသည်။
ထိုသူ (၂)ယောက်၏ မျက်လုံးများအောက်တွင် လျှပ်စီးပုံသဏ္ဍန်သင်္ကေတများ ပါရှိလေသည်။ တစ်ယောက်က ညာဘက်မျက်လုံးအောက်တွင်ဖြစ်ပြီး တစ်ယောက်ကတော့ ဘယ်ဘက်မျက်လုံးအောက်တွင် ဖြစ်၏။
ကျန်းလန် ထိုသူ (၂)ယောက်ကို ကြည့်နေစဉ်မှာပင်… သူတို့ မျက်လုံးများအောက်မှ လျှပ်စီးပုံသဏ္ဍန်သင်္ကေတများက ရုတ်တရက် တောက်ပသွားကြသည်။
သူတို့၏ တန်ခိုးစွမ်းအားများ စုစည်းလိုက်ခြင်းဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
ထိုသူ (၂)ယောက်နှင့် ကျန်းလန် တစ်ချိန်က ဆုံခဲ့ဖူးလေသည်။
ကျန်းလန် ခွန်လွန်တောင်သို့ ရောက်လာခါစတွင်… နဝမတောင်ထွတ်တွင် ကြာရှည်နေနိုင်မည် ၊ မနေနိုင်မည်ကို အလောင်းအစားလုပ်နေခဲ့ကြသည့် ကျင့်ကြံသူ (၂)ယောက် ဖြစ်၏။
ထို့ပြင်… ကျန်းလန် ခွန်လွန်တောင်တံခါးတွင် စနစ်မှတ်ပုံတင်ရန် လာရောက်စဉ်ကလည်း နဝမတောင်ထွတ်တွင် ကြာကြာနေနိုင်မည်မဟုတ်ကြောင်း သူ့ကို လှောင်ပြောင်ပြောဆိုခဲ့ကြသေးသည်။
ယခုတော့… အချိန် (၆)လ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
တစ်ယောက်နှင့်တစ်ယောက် မှတ်မိရန်ပင် သိပ်ပြီး မလွယ်ကူတော့ပေ။ သို့သော်… ကျန်းလန်ကတော့ ထိုသူ (၂)ယောက်ကို ကောင်းကောင်းမှတ်မိနေသည်။
ထိုသူ (၂)ယောက်က တောလမ်းထက် ဖြတ်လျှောက်လာခြင်း ဖြစ်သည်။
သူတို့ (၂)ယောက်၏ ဦးတည်ရာက လဲကျနေသည့် မိန်းမပျိုထံသို့ ဖြစ်လေ၏။ သို့သော်… အမှောင်ရိပ်ထဲတွင် ရပ်နေသည့် ကျန်းလန်ကို ချက်ချင်းပင် သတိပြုမိသွားကြသည်။
သို့သော်… ကျန်းလန်ရပ်နေသည့်နေရာက မှောင်ရိပ်ကျနေလေရာ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ သဲသဲကွဲကွဲ သိရှိကြဟန် မတူပေ။
“တာအိုရောင်းရင်း… ဒီ မိစ္ဆာမကို ဖမ်းဖို့ ကျုပ်တို့ကို ကူညီပေးစမ်းပါ ၊ ဒီမိစ္ဆာမက နဂါးမျိုးနွယ်က သူလျှိုတစ်ယောက်ပဲ…”
ကျင့်ကြံသူ (၂)ယောက်အနက် တစ်ယောက်က ကျန်းလန်ကို စကားစတင် ပြောဆိုလိုက်သည်။
သို့သော်… သူ့အသံက အလွန်မှ အထက်စီးဆန်လှသည်။
“ဂိုဏ်းတူအစ်ကို… သူတို့ပြောနေတဲ့ အဓိပ္ပါယ်မဲ့စကားတွေကို နားမထာင်ပါနဲ့ ၊ သူတို့ကမှ တကယ့်သူလျှိုတွေ ၊ ပြီးတော့ ရှင် ဒီနေရာက အမြန်ထွက်သွားပါ ၊ မဟုတ်ရင် ဒီ (၂)ယောက်က ရှင့်ကိုပါ သတ်ပစ်ကြလိမ့်မယ်…”
မြေပြင်ထက်လဲကျနေသည့် မိန်းကလေးက ချက်ချင်းပင် စကားဝင်ပြောလိုက်သည်။
အမှောင်ရိပ်ထဲမှ ကျင့်ကြံသူလူငယ် မည်သူဖြစ်သည်ကို သူမ သိရှိခြင်း မရှိပေ။ သို့သော်… အမှောင်ရိပ်ထဲမှ လူငယ်က သစ္စာဖောက်ကျင့်ကြံသူညီနောင်နှင့် ပူးပေါင်းပြီး သူမကို တိုက်ခိုက်မည်ကို စိုးရိမ်ပူပန်နေမိသည်။
ထို့ကြောင့် အလျှင်အမြန် ဝင်ရောက်စကားပြောလိုက်ခြင်း ဖြစ်၏။
ကျန်းလန်က သူတို့ (၃)ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခပ်အေးအေးလေသံဖြင့်…
“ကျုပ်က ဖြတ်သွားဖြတ်လာ တစ်ယောက်ပါ ၊ မင်းတို့ (၃)ယောက် ဘာပြဿနာဖြစ်ကြမှန်း ကျုပ် မသိဘူး ၊ ဒါကြောင့် ဝင်ပြီး မပတ်သက်ချင်ပါဘူး ၊ ကျုပ်ကို အေးအေးဆေးဆေး သွားခွင့်ပြုဖို့ မျှော်လင့်ပါတယ်…”
ပြောပြီးသည်နှင့် ကျန်းလန် ထွက်ခွာသွားရန် ခြေလှမ်းပြင်လိုက်သည်။
ကျင့်ကြံသူညီနောင်နှင့် မိန်းမပျိုတို့ ဆက်လက်တိုက်ခိုက်ကြလျှင်လည်း ကျန်းလန်က ဝင်ရောက်ပတ်သက်မည် မဟုတ်ပေ။
တိုက်ပွဲအခြေအနေကလည်း ရှုတ်ထွေးသည့်အခြေအနေဖြစ်လေသည်။
မိန်းမပျိုက ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားသော်လည်း ကျင့်ကြံသူညီနောင်က မှော်ဝင်ပစ္စည်းတစ်စုံတစ်ခုကို အသုံးပြုကာ သူမ၏တန်ခိုးစွမ်းအားများကို ဖိနှိပ်ထားဟန်ရှိသည်။
ထို့ပြင်… မည်သူက သူလျှို ၊ မည်သူက သစ္စာဖောက်မှန်းလဲ ကျန်းလန် သေသေချာချာမသိပေ။ သိလိုစိတ်လည်း မဖြစ်မိပေ။
ကျန်းလန် အမှန်တကယ်ပင် ထိုသူများနှင့် ပတ်သက်လိုခြင်းမရှိပေ။
ခွန်လွန်တောင်က ကျယ်ပြန့်သည့် နေရာတစ်ခု ဖြစ်သည်။ တန်ခိုးစွမ်းအားမြင့်မားသည့် ကျင့်ကြံသူများလည်း နေရာအနှံ့တွင် မရေမတွက်နိုင်အောင် ပေါများလွန်းလှသည်။
လက်ရှိအချိန်တွင်… ကျန်းလန်က သာမန်တပည့်တစ်ယောက်မျှသာ ဖြစ်လေရာ မည်သည့်ကိစ္စကိုမှ ဝင်ရောက်စွက်ဖက်လိုစိတ် မရှိပေ။
ကျင့်ကြံသူတစ်ယောက်က…
“တာအိုရောင်းရင်း… သတိထားပါ ၊ ဒီမိစ္ဆာမက ပြုစားတတ်တယ် ၊ မင်းသာ ဒီမိစ္ဆာမကို ဖမ်းဆီးဖို့ ကျုပ်တို့ကို ကူညီပေးမယ်ဆိုရင် ဒီကောင်မ မင်းကို မပြုစားနိုင်အောင် ကျုပ်တို့ တားဆီးပေးမယ်…”
စကားပြောရင်း ထိုသူက ကျန်းလန်အနားသို့ တိုးကပ်လာ၏။
ထိုသူက အလွန်လျှင်မြန်လေရာ ချက်ချင်းပင် ကျန်းလန်အနားသို့ ရောက်ရှိလာသည်။
“ဟင်…”
အနားသို့ ရောက်လာသည်နှင့် ကျန်းလန် မည်သူဖြစ်ကြောင်း ထိုသူ ရုတ်တရက် မှတ်မိသွားလေသည်။ ချက်ချင်းပင် သူ၏ မျက်နှာထက်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။
ပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း…
“ဘယ်သူများလဲလို့… မင်းကိုး…”
ကျန်းလန်က မျက်မှောင်ကြုတ်လိုက်ရင်း…
“ကျုပ်က ဒီနေရာက ဖြတ်သွားတာပါ… တခြားအကြောင်းမရှိပါဘူး…”
တစ်ဖက်လူက ကျန်းလန်ကို မှတ်မိသွားပြီ ဖြစ်သည်။
ထို့ကြောင့်… ကျန်းလန် ပိုပြီးပြဿနာမဖြစ်လိုသောကြောင့် ပြေရာပြေကြောင်း ပြောလိုက်၏။
သို့သော်… တစ်ဖက်လူကတော့ ပြေလည်လိုဟန်မရှိပေ။
“ဖြတ်သွားတယ်… ဟုတ်လား…”
ထိုသူက ချက်ချင်းပင် သူ့လက်ကို အသာပင့်မြှောက်လိုက်ပြီး ကျန်းလန်ကို တိုက်ခိုက်ရန် တန်ခိုးစွမ်းအားများ စတင် စုစည်းလိုက်သည်။
ထိုကျင့်ကြံသူ၏ တန်ခိုးစွမ်းအားကိုတွေ့မြင်လိုက်သည်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
သို့သော်… ထိုသူ၏ တန်ခိုးစွမ်းအားများက ထိပ်ဆုံးအဆင့် မရောက်သေးပေ။
ထိုသူက နဝမတောင်ထွတ်မှ ချီးထုပ်ကောင်ကို တစ်ချက်တည်းဖြင့် အလဲထိုးလိုက်မည်ဟု ယုံကြည်မှု အပြည့်ရှိနေဟန် ဖြစ်သည်။
ထိုကျင့်ကြံသူက…
“ဖြတ်သွားရုံလောက်ပဲဆိုပေမယ့်… မင်း သိတာတွေ သိပ်များနေပြီကွ…”
ပြောပြီးသည်နှင့် ထိုသူက ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည်။
“ဝှစ်…”
ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားများက ကျန်းလန်ရှိရာသို့ ဦးတည်ဝင်ရောက်လာသည်။
အမှောင်ရိပ်ထဲမှလူငယ် သေချာပေါက် အသက်ပျောက်ပေတော့မည်ဟု တွေးလိုက်မိသောကြောင့် မိန်းမပျိုလေး အလွန်ပင် ထိတ်လန့်သွားသွားသည်။
အမှောင်ရိပ်ထဲမှလူငယ်ကို ကြည့်ရသည်မှာ သိပ်ပြီး တန်ခိုးစွမ်းအားမြင့်မားဟန်မရှိသလို မဆင်မခြင် တိုက်ခိုက်လိုဟန်လည်း မရှိပေ။
ယခုတော့… ထိုလူငယ် အသက်သေဆုံးရပေတော့မည်။
အစပိုင်းတွင် မိန်းကလေးက ကျန်းလန်ကို ရန်သူဟု ထင်မှတ်ခဲ့သည်။ ထို့ကြောင့်… အစောပိုင်းတွင် သူမ ကျန်းလန်ကို မကူညီခဲ့ခြင်း ဖြစ်သည်။
ထိုလူငယ်သာ သစ္စာဖောက် ကျင့်ကြံသူညီနောင်နှင့် ပတ်သက်ခြင်းမရှိကြောင်း သိရှိခဲ့ပါက သူမ ထိုလူငယ်ကို လွတ်မြောက်အောင် ကူညီပေးမိမည် ဖြစ်လေသည်။
ယခုတော့ မဆီမဆိုင် လူငယ်က ကြားမှ သေရတော့မည်ဖြစ်ရာ သူမ အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသည်။
ထိုအချိန်…
“ဘုန်း…”
ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်နှင့် မိန်းမပျို သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူမကဲ့သို့ ကျင့်ကြံခြင်းအဆင့် မြင့်မားသူတစ်ယောက်ပင်လျှင် ထိုသစ္စာဖောက် (၂)ယောက်နှင့် ရင်ဆိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့်… အမှောင်ရိပ်ထဲမှ ကျင့်ကြံသူလူငယ်တော့ အသက်ပျောက်ရှာပြီဟု တွေးလိုက်မိသည်။
သူမ၏ တန်ခိုးစွမ်းအားများမှာလည်း ထိန်းချုပ်ခံထားရလေရာ ထိုလူငယ်ဘက်မှ ကူညီတိုက်ခိုက်ပေးနိုင်ခြင်းလည်း မရှိခဲ့ပေ။
“အား…”
ကြောက်မက်ဖွယ်ရာ အသံနက်ကြီးထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
မျက်လုံးအောက်တွင် လျှပ်စီးပုံသဏ္ဍန်သင်္ကေတပါရှိသည့် အခြားကျင့်ကြံသူတစ်ယောက်က…
“ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
ထိုသူ၏ စကားကြောင့် မိန်းမပျို စိတ်ရှုတ်ထွေးသွားပြီး ကျန်းလန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ထိုခဏမှာပင်… သူမ မျက်ဝန်းလှလှလေးများ ဝိုင်းစက်ပြူးကျယ်သွားရလေတော့သည်။
ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည့် ကျင့်ကြံသူမှ မြေပြင်ထက်တွင် လဲကျလျှက် ရှိသည်။
ထို့ထက်ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး မရှိတော့ဘဲ ပျောက်ကွယ်နေခြင်း ဖြစ်သည်။
ထိုသို့ မဟုတ်ပေ…။
ထိုသူ၏ ခန္ဓာကိုယ်အောက်ပိုင်းက ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အမှုန့်ကြေသွားပြီးသွေးမှုံများအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်လေ၏။
ဤသို့ ပြင်းထန်လှသော တိုက်ခိုက်မှုမျိုးကို အမှောင်ရိပ်ထဲမှ ကျင့်ကြံသူလူငယ်က ပြုလုပ်လိုက်သည်တဲ့လား…။
ထိုလူငယ်… မည်သို့များ တိုက်ခိုက်လိုက်ပါသနည်း။
မိန်းမပျို ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလန်က ရှေ့တည့်တည့်သို့ လက်သီးချက် ထိုးနှက်ထားသည့် ကိုယ်ဟန်အနေအထိုးအတိုင်း ရှိနေဆဲ ဖြစ်သည်။
ထို့နောက်… မြေပြင်ထက်လဲကျနေသည့် ခန္ဓာကိုယ်တစ်ပိုင်းပြတ် သက်မဲ့ရုပ်အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး လက်သီးချက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားမှာ နွားရိုင်းသုံးကောင်စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဤသည်က သူ နှစ်ဝက်ခန့် ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သည့် ကြိုးစားမှု ရလဒ်များပင် ဖြစ်၏။
အစပိုင်းတွင် ကျန်းလန်က နွားရိုင်းတစ်ကောင်စွမ်းအားကိုသာ အသုံးပြုနိုင်သော်လည်း (၆)လတာမျှ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက် နွားရိုင်းသုံးကောင်စွမ်းအားအထိ အသုံးပြုလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျန်းလန် မျှော်လင့်ထားသည်ထက်ပင် လက်သီးချက်က အစွမ်းထက် နေသေး၏။
ထို့နောက် ကျန်းလန်က ကျန်ရှိနေသေးသည့် ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။
ထိုကျင့်ကြံသူက…
“တာအိုရောင်းရင်း… ၊ ဒါက နားလည်မှုလွဲတာပါ ၊ ကျုပ်က မင်းနဲ့ရန်သူတွေ မဖြစ်ချင်ပါဘူး…”
ထိုသူက ကျန်းလန်ကို မယုံကြည်နိုင်စွာ ထိတ်လန့်တုန်လှုပ်သည့် မျက်နှာထားဖြင့် ကြည့်နေလေ၏။
ကျန်းလန်က ရုတ်တရက် သူ့ကို တိုက်ခိုက်လာမည်ကိုလည်း ကြောက်ရွံ့နေဟန် ရှိသည်။
အမှန်တော့… စောစောက တိုက်ပွဲတွင် သူ၏ ဂိုဏ်းတူညီလေး သေချာပေါက် အနိုင်ရမည်ဟု ထင်မှတ်ထားခဲ့မိသည်။ သို့သော်… ယခုတော့… လူကဲခတ်မှားသွားခဲ့ပြီ ဖြစ်သည်။
ကျန်းလန်က ကြောက်ရွံ့တုန်လှုပ်နေသည့် ကျင့်ကြံသူကိုကြည့်လိုက်ရင်း…
“ကျုပ်သိတာတွေ သိပ်များနေပြီ…”
ကျန်းလန်၏ လေသံက အေးစက်လျှက် ရှိ၏။
ထို့နောက်… ကျန်းလန် ထိုသူ၏ အနားသို့ ဖြည်းဖြည်းချင်းတိုးကပ်လာလေသည်။ သူ့အကြောင်းကို သိရှိသွားပြီဖြစ်လေရာ ထိုသူကိုလည်း အရှင်ထား၍ မဖြစ်တော့လေပြီ။
ထိုသူက တုန်ယင်သည့်လေသံဖြင့်…
“ပျက်သုန်းနေတဲ့တစပြင်လောကကြီးမှာ ခွန်လွန်တောင်တစ်နေရာတည်း နေဖို့နေရာ ရှိတာ မဟုတ်ပါဘူး ၊ မင်းကိုယ်တိုင် လမ်းသစ်ထွင်လို့ရပါတယ် ၊ အဲဒါ ပိုမကောင်းဘူးလား… ၊ ပြီးတော့ မင်းသိထားတာတွေလည်း သိပ်များပါဘူး ၊ ဒါက… ဒါက… နားလည်မှုလွဲတာပါ…”
“လမ်းသစ်ထွင်ရမယ်… ဟုတ်လား…”
ကျန်းလန်က မေးခွန်းထုတ်လိုက်သည်။
“ဟုတ်တယ်… လမ်းသစ်ထွင်လိုက်… ၊ ကျုပ်မင်းကို ကူညီ…”
“ဘုန်း…”
ထိုသူ စကားမဆုံးမီမှာပင်… ကျန်းလန်က ထိုသူရှေ့သို့ လျှပ်တပြက် ရောက်ရှိလာပြီး လက်သီးဖြင့်ထိုးချလိုက်သည်။
ခဏအတွင်းမှာပင်… ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးမှာ သွေးမှုံများအဖြစ် ပြောင်းလဲသွားတော့သည်။
သို့သော်… ထိုသူ မသေခင် ကျန်းလန်၏ မျက်နှာကိုတွေ့မြင်သွားလေ၏။
“မင်းကိုး…”
“ဒါ… ဒါ…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
ပြောပြီးသည်နှင့်…. ခေါင်းငိုက်စိုက်ချ အသက်ပျောက်သွားလေတော့၏။
ကျန်းလန်က ထိုကောင်ကို သိပ်ပြီး အရေးမစိုက်ပေ။
ထိုသူပြောနေသည့် အဓိပ္ပါယ်မဲ့စကားများကို သံယောင်လိုက်နေခြင်းက ရန်သူ အာရုံလွဲသွားအောင် တမင်သက်သက် ဟန်ပြပြုလုပ်နေခြင်း ဖြစ်သည်။
ဤသည်က လူသတ်သည့်နည်းလမ်းပင် ဖြစ်၏။ ရန်သူကိုအာရုံပြောင်းပြီး ကိုယ်တိုင်ကတော့ သတိအနေအထား ရှိနေရမည် ဖြစ်သည်။
ယခုတော့… ကျင့်ကြံသူညီနောင် (၂)ယောက်လုံး အသက်ပျောက်သွားကြပြီ ဖြစ်သည်။ ကိစ္စပြတ်ပြီဖြစ်လေရာ ကျန်းလန် ဤနေရာတွင် ဆက်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်… မြေပြင်ထက်တွင် လဲကျနေသည့် မိန်းမပျိုကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားလေတော့သည်။
“ခဏလေး… ခဏလောက်စောင့်ပါဦး…”
မိန်းမပျိုက ကျင့်ကြံသူလူငယ်ကို လှမ်းခေါ်တားဆီးလိုက်သည်။
သို့သော်… ကျန်းလန်က သူမခေါ်သံကို အရေးမစိုက်ဘဲ အဝေးသို့ လျှင်မြန်စွာ ထွက်ခွာသွားပြီ ဖြစ်လေသည်။
မိန်းမပျိုကတော့ အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည့် ကျင့်ကြံသူလူငယ်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်ရန်း ကျန်ရစ်ခဲ့လေသည်။
“ဒီလူက စွမ်းအားကြီးမားလွန်းတယ် ၊ ပြီးတော့… တည်ငြိမ်အေးဆေးတယ်… ၊ ဒီလူ ဘယ်သူများပါလိမ့်… ၊ ပြီးတော့ သူက ငါ့ကိုသတ်မယ့်သူ မဟုတ်တာတော့ သေချာတယ်…”
မိန်းမပျို တွေးလိုက်သည်။
ထို့နောက် … ထိုလူငယ်ကို ယခင်က တွေ့ဖူးလေသည်လားဟု ပြန်စဉ်းစားကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော်… သစ္စာဖောက်ညီနောင် (၂)ယောက်က ထိုလူငယ် မည်သူဖြစ်သည်ကို သိရှိနေကြဟန် ရှိသည်။ ထို့ပြင်… ထိုလူငယ်ကို အထင်အမြင်သေးပြီး လျှော့တွက်ခဲ့ကြဟန်လည်း ရှိသည်။
သေခါနီး မယုံကြည်နိုင်ဟန်ဖြင့်… “မင်းကိုး…” ဟု ပြောသွားကြသည့် စကားက သက်သေဖြစ်လေ၏။
“အဟွတ်… အဟွတ်….”
မိန်းမပျို ဒဏ်ရာရရှိထားလေရာ ချောင်းများ တဟွတ်ဟွတ် ဆိုးလာသည်။
ထို့နောက်… ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။
“ဒီလူငယ်က ဘယ်တောင်ထွတ်က အကြီးအကဲလဲ မသိဘူး… ဒါမှမဟုတ်…. ဘယ်တောင်ထွတ်က ဂိုဏ်းတူအစ်ကိုများလဲ…”
မိန်းမပျိုသည် လူငယ်အကြောင်း ပဟေဠိဆန်စွာ တွေးတောနေမိလေတော့သည်။