Switch Mode

အခန်း ( ၁၄၁ )

စစ်ဆေးရေးမှူးအဖွဲ့ကို စုစည်းစေခြင်း

” အဘိုးကြီးလျှို။ ဒါ ဂိုဏ်းစီမံရေးဌာနက လူတွေလား ”
ဝမ်ပေါင်လဲ့က လူမိုက်များကဲ့သို့ မောက်မာဝင့်ကြွားစွာ လမ်းလျှောက်ကာ ဈေးဆိုင်များကို ဖျက်ဆီးနေသည့် ဂိုဏ်းသားများကိုကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ ဈေးဆိုင်ပိုင်ရှင်များမှာ သူတို့၏ အကြမ်းဖက်မှုများကို ကြောက်ကြောက်ရွံ့ရွံ့နှင့် ခေါင်းငုံ့ခံနေကြရသည်။

” ရွံဖို့ကောင်းတဲ့ ဂိုဏ်းစီမံရေးဌာနက လူတွေ သိပ်ဟုတ်တာပေါ့ကွာ ”
အဘိုးကြီးလျှိုမှာ အံကြိတ်ကာ ပြန်ဖြေလိုက်၏။ သူ၏မျက်လုံးများထဲတွင် ဒေါသများနှင့် ဝမ်းနည်းမှု အရိပ်အယောင်များကို အတိုင်းသားမြင်နေရသည်။ ထို့ကြောင့် သူ၏ဘေးတွင်ရပ်နေသော ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး အနေရခက်နေသည့် အမူအရာဖြင့် သူ၏နှာခေါင်းအား ပွတ်လိုက်၏။

” ငါတို့လို အစွမ်းမထက်၊ မပြည့်စုံတဲ့ ဂိုဏ်းသားတွေအတွက် ကျင့်ကြံဖို့ဆိုတာ အရမ်းခက်ခဲတာ။ ငါတို့က အဲဒီအမှန်တရားကြီးကို လက်မခံချင်လို့ အများပြည်သူရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ရုံတင် မဟုတ်ဘဲ ငါတို့ရဲ့ ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေကိုပါ ရှာနိုင်တဲ့ အသေးစား စီးပွားရေးလုပ်ငန်းလေးတွေကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလေ။ အဲဒါ ဘာများ မှားလို့လဲ ”
အဘိုးကြီးလျှိုက ခိုကိုးရာမဲ့နေသည့် အမူအရာဖြင့် သနားစရာကောင်းစွာ ရေရွတ်လိုက်သည်။

” ငါတို့က ဆက်ကြေးတွေလည်း အချိန်မီ ဆောင်ရဲ့သားနဲ့ ဒီ ဂိုဏ်းစီမံရေးဌာနက လူတွေက သုံးလေးရက်နေရင်တစ်ခါ ရောက်ရောက်လာပြီး ရောက်လာတဲ့အခါတိုင်း ရှိသမျှအရာအားလုံးကို ဖျက်ဆီးသွားကြတာ။ တော်တော်ကို လွန်လွန်းပါတယ်ကွာ ”

ဝမ်ပေါင်လဲ့မှာ နှာခေါင်းပွတ်နေသော လက်ကို ပြန်ချလိုက်ပြီး ငြိမ်သက်သွား၏။ ဓမ္မလက်နက်အဆောင်၏ စည်းမျဉ်းများအရဆိုလျှင် ဈေးထဲ၌ စားစရာ သောက်စရာများ ရောင်းချခြင်းမှာ အဆင့်မြင့်ကျွန်း၏ ပတ်ဝန်းကျင်နှင့် မလျော်ညီသောကြောင့် ထိုကဲ့သို့ ရောင်းချခွင့်မပြုပေ။ သို့သော် ယထာဘူတကျကျ တွေးကြည့်လိုက်မည်ဆိုပါက သူတို့လို မပြည့်စုံသော ဂိုဏ်းသားများ ယခုလို ရောင်းချ၍ အသက်မွေးရသည်မှာ အပြစ်ဆိုဖွယ်ရာမရှိပေ။

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်သက်ပြင်းချလိုက်ပြီး နှစ်သိမ့်စကားတချို့ဆိုရန် ပြင်လိုက်စဉ်တွင် ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားများမှာ ထိုဆိုင်ရှေ့သို့ ရောက်လာကြ၏။ သူတို့ထဲမှ သုံးယောက်မှာ ဝမ်ပေါင်လဲ့ရှိနေသော ဆိုင်ခန်းထဲသို့ ချက်ချင်းပင် ဝင်လာ၏။

သူတို့မှာ အထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာရှည်ရှည်နှင့် လူငယ်လေးတစ်ယောက်မှာ ကြော်ငြာဆိုင်းဘုတ်ကို ကန်ထုတ်လိုက်ပြီး မုန့်များတင်ထားသော စားပွဲခုံအား လှန်ပစ်လိုက်၏။ ထို့ကြောင့် အရာအားလုံး ဖရိုဖရဲဖြစ်သွားပြီး မုန့်ထုပ်များစွာ ကြမ်းပြင်ပေါ်သို့ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ မတ်တတ်ရပ်လျက် ထိုအဖြစ်အပျက်အားလုံးကို ကြည့်ရှုရင်း တည်ကြည်သွား၏။

” အစ်ကိုတို့ရယ် … ကျနော် ဆက်ကြေးပေးပြီးပြီလေ။ ကျေးဇူးပြုပြီး ကျနော့်ကို ချမ်းသာပေးပါ။ ကျ… ကျနော် ဆက်ကြေးတွေ ထပ်ပေးပါ့မယ်ဗျာ။ အဲဒါဆို ရတယ်မလား ”
အဘိုးကြီးလျှိုမှာ စိုးရိမ်ကြောင့်ကြစွာဖြင့် ရှေ့သို့လှမ်းလာပြီး ကြောက်ကြောက်ရွံ့ရွံ့နှင့် မေးကာ အဖက်ဆယ်ရန် ကြိုးပမ်းလိုက်၏။ သို့သော် သူသည် သူတို့ကို မတားဆီးရဲပေ။

” ညီလေးလျှို။ မင်းကို ဒီနေရာမှာ ဒီလို အမှိုက်သရိုက်တွေ မရောင်းဖို့ ပြောထားပြီးသားလေ။ ဒီမှာရှိတဲ့လူတိုင်းက ကျင့်ကြံသူတွေပဲ။ ဘယ်အရူးက ဒီမုန့်တွေကို စားဖို့ ဝယ်လိမ့်မယ်လို့ မင်းက ထင်နေတာလဲ။ ဒါ ဓမ္မလက်နက်အဆောင်ကွ။ ဓမ္မအဆောင်‌တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေပဲ‌ ရောင်းရမယ်။ မုန့်ပဲသရေစာတွေ ရောင်းရင် သင့်တော်ပါ့မလား။ မင်းက ဓမ္မလက်နက်အဆောင်ကို အိုးမည်းသုတ်နေတာပဲ ”
ကြော်ငြာဆိုင်းဘုတ်ကို ကန်ထုတ်လိုက်သည့် မျက်နှာရှည်ရှည်နှင့် လူငယ်လေးမှာ အဘိုးကြီးလျှို၏ စကားကို ကြားလိုက်ရသောအခါ သူ့အား အေးစက်စက် လှည့်ကြည့်လိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်၏။

ဝမ်ပေါင်လဲ့မှာ မျက်ခုံးများ လှုပ်သွားရပြီး သူ၏ဘေးတွင် ပြန့်ကျဲနေသော မုန့်ထုပ်များကိုကြည့်ရင်း စိတ်နှလုံး မရွှင်မပျ ဖြစ်သွား၏။

” ကျနော် သိမ်းလိုက်ပါ့မယ်။ အခုချက်ချင်း ပြန်သိမ်းလိုက်ပါမယ်… အစ်ကိုတို့ရယ် ”
အဘိုးကြီးလျှိုက ကတုန်ကယင်နှင့်ဆိုကာ မုန့်ထုပ်များကို ကုန်းကောက်လိုက်၏။

” နောက်ကျသွားပြီကွ။ အဲ့ပစ္စည်းတွေ အကုန်လုံးကို သိမ်းယူလိုက်တော့ ”
သူ ထိုသို့အမိန့်ပေးလိုက်သောအခါ သူ၏နောက်မှ ဂိုဏ်းစီမံရေးဌာန ဂိုဏ်းသားနှစ်ယောက်မှာ လူမိုက်များကဲ့သို့ ချက်ချင်းပင် ရှေ့သို့လှမ်းလာပြီး ဆိုင်ခန်းထဲရှိ ပစ္စည်းများအားလုံးကို သိမ်းယူလိုက်၏။ တချိန်တည်းမှာပင် အခြားသောဆိုင်ခန်းများထဲတွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားနေ၏။

အဘိုးကြီးလျှိုကဲ့သို့ ဈေးဆိုင်ပိုင်ရှင်များမှာ မည်မျှပင် အသနားခံစေကာမူ အချည်းနှီးပင်။ ဝမ်ပေါင်လဲ့၏ အမူအရာမှာ ပို၍ပင်တည်ကြည်သွားပြီး မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူသည် နှုတ်ဆိတ်ကာ ကြည့်မနေနိုင်တော့သောကြောင့် ဝင်ပြောလိုက်တော့သည်။

” မင်းတို့တွေ လုပ်ပုံကိုင်ပုံတွေက တရားလွန်သွားပြီကွ ”

သူ ထိုသို့ဆိုလိုက်သည်နှင့် ဆိုင်ခန်းထဲမှဂိုဏ်းသားသုံးယောက်မှာ ချက်ချင်းပင် သူ့အား လှည့်ကြည့်လိုက်ကြ၏။ မျက်နှာရှည်ရှည်နှင့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်ပြီး သူသည် မီးခိုးရောင် ဝတ်ရုံကိုသာ ဆင်မြန်းထားခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ မျက်ခုံးများပင့်လိုက်၏။ ထို့နောက် သူသည် မြေကြီးပေါ်ရှိ မုန့်ထုပ်တစ်ထုပ်ကို အားပါပါ နင်းချလိုက်ပြီး ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် သူဝယ်ယူထားသော မုန့်ထုပ်များကို ဟိတ်ဟန်အပြည့်ဖြင့် လက်ညှိုးထိုးလိုက်၏။

” ဒီပစ္စည်းတွေ အကုန်လုံးကိုလည်း သိမ်းပစ် ”
သူသည် ထိုသို့အမိန့်ပေးလိုက်ပြီး ဝမ်ပေါင်လဲ့၏ စကားအား ဂရုပင်မစိုက်ဘဲ နောက်သို့လှည့်ကာထွက်ခွာသွား၏။

ဂိုဏ်းစီမံရေးဌာနမှ လူများ၏ အပြုအမူများကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ဒေါပွသွား၏။ သူသည် ညာလက်အား ထို မုန့်ထုပ်များပေါ်သို့ တင်ကာ မရွှင်မပျနှင့် မေးလိုက်၏။
” မင်းတို့မှာ ငါ ဝယ်ထားတဲ့ မုန့်တွေကို သိမ်းယူနိုင်ဖို့ ဘာအကြောင်းပြချက် ရှိလို့လဲကွ ”

ထိုအခါ မျက်နှာရှည်ရှည်နှင့် လူငယ်လေးနှင့် ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားနှစ်ယောက်မှာ မျက်မှောင်ကြုတ်သွားကြ၏။ ထို့နောက် မျက်နှာရှည်ရှည်နှင့် လူငယ်လေးမှာ စိတ်မရှည်တော့သည့်အမူအရာဖြင့် နောက်သို့ပြန်လှည့်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။

” မင်းက ပြဿနာ ရှာနေတာလားကွ။ လစ်လိုက်တော့။ ဒီနေရာမှာ ငါ့ကိုလာပြီးတော့ ဈေးဆစ်မနေနဲ့။ ပြဿနာထပ်ပြီး ရှာမယ်ဆိုရင် ဒီနေရာကနေ ထွက်သွားဖို့ မစဉ်းစားနဲ့ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်ရင်း သူ၏မျက်လုံးများမှာ အေးစက်စွာ တောက်ပသွား၏။ သို့သော် သူသည် ယမ်းပုန်မီးကျ ပေါက်ကွဲသွားခြင်း မရှိဘဲ တည်တည်ကြည်ကြည်သာ ပြန်ပြောလိုက်၏။
” ဆိုင်ရှင်တွေက ဆက်ကြေးလည်း ပေးပြီးသွားပြီဆိုတော့ မင်းတို့တွေ စစ်ဆေးတာက အကြောင်း မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းတို့တွေ ရောက်ရောက်လာချင်း ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်တာက နားလည်ပေးနိုင်စရာကို မရှိဘူး။ သူတို့တွေ တကယ်ပဲ အပြစ်လုပ်ခဲ့တယ်ဆိုရင် အပြစ်ပေးလိုက်လေ။ သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းယူပြီး မင်းတို့က ဘာလုပ်မှာမလို့တုန်း ”

မျက်နှာရှည်ရှည်နှင့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ စကားများကိုနားထောင်ရင်း ချက်ချင်းပင် အမူအရာ ပြောင်းလဲသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်ပြီး ရယ်မောကာ နောက်သို့လှည့်၍ အပြင်ဘက်သို့ လှမ်းအော်လိုက်၏။

” အစ်ကိုစွန်းရေ။ ဒီမှာ ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို နှောင့်ယှက်ပြီးတော့ စည်းမျဥ်းကို ဖီဆန်နေတဲ့ လူတစ်ယောက် ရှိတယ်။ ကျနော် ဘယ်လိုလုပ်လိုက်ရမလဲ ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ခပ်လှမ်းလှမ်းရှိ ဈေးဆိုင်တစ်ဆိုင်ထဲမှ အေးစက်စက် ရယ်မောသံတစ်သံ ပေါ်ထွက်လာ၏။

” စည်းမျဥ်းကို ဖီဆန်နေတယ် ဟုတ်လား ”
ထိုရယ်မောသံကြီးနှင့်အတူ ထိုဈေးဆိုင်ထဲမှ အပြာရောင် တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက် ထွက်ပေါ်လာ၏။ သူသည် အသက် နှစ်ဆယ့်ရှစ်နှစ်ဝန်းကျင်ခန့် ရှိပြီး မျက်နှာပေါ်တွင် အရေးအကြောင်းအချို့ ရှိနေ၏။ သူ၏ နောက်တွင် ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားငါးယောက် ရှိနေသောကြောင့် သူ၏ပုံစံမှာ အလွန် ဩဇာအာဏာကြီးမားသည့်ပုံ ပေါက်နေ၏။ သူ အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဂိုဏ်းစီမံရေးဌာနမှ အခြားဂိုဏ်းသားများမှာလည်း သူ၏ဘေးသို့ ရောက်လာကြသည်။

ထိုအခြင်းအရာများကို ကြည့်ခြင်းအားဖြင့် သူသည် ဂိုဏ်းစီမံရေးဌာနထဲတွင် အာဏာကြီးသောလူတစ်ယောက် ဖြစ်ကြောင်း သိနိုင်၏။ သူသည် အဓိက အဖွဲ့ခေါင်းဆောင်တစ်ယောက် မဟုတ်ပါသော်လည်း အဓိက အဖွဲ့ခေါင်းဆောင် တစ်ယောက်ယောက်၏ ညာလက်ရုံး ဖြစ်နိုင်ပေသည်။ ယခုတွင်မူ သူသည် ဝမ်ပေါင်လဲ့ရှိနေသော ဈေးဆိုင်ထဲသို့ ‌လျှောက်လှမ်းလာပြီး ဝမ်ပေါင်လဲ့အား အေးစက်စက်ကြည့်လိုက်၏။

” ဘာတွေဖြစ်နေတာလဲကွ ”

” ဒီ …. ”
ဝမ်ပေါင်လဲ့မှာ စကားပြောရန် ပြင်လိုက်ပါသော်လည်း စွန်းဟု အမည်ရသော ထိုလူငယ်လေးက လက်ဟန်ဖြင့် တားလိုက်၏။

” မင်းကို မေးနေတာမဟုတ်ဘူး ”
သူသည် ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ကြားဖြတ်ဝင်ပြောလိုက်ပြီး မျက်နှာရှည်ရှည်နှင့် လူငယ်လေးအား ကြည့်လိုက်၏။ ထိုအခါ မျက်နှာရှည်ရှည်နှင့် လူငယ်လေးမှာ ချက်ချင်းပင် ရှေ့သို့လှမ်းလာပြီး ဖြစ်ပျက်ခဲ့သည့် အရာများကို ပုံကြီးချဲ့ပြောဆိုကာ ဝမ်ပေါင်လဲ့အားကြည့်၍ ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်၏။

ဝမ်ပေါင်လဲ့မှာ ရှင်းပြရန် ပြင်ထားပါသော်လည်း ငြိမ်သက်နေရန် ဆုံးဖြတ်လိုက်၏။ သူသည် မတ်တတ်ရပ်လျက်သားဖြင့် စွန်းဟုအမည်ရသော ဓမ္မလက်နက်ဂိုဏ်းသား၏ ဖြေရှင်းပုံကို စောင့်ကြည့်နေလိုက်တော့သည်။

မျက်နှာရှည်ရှည်နှင့် လူငယ်လေး၏ စကားကို နားထောင်လိုက်ပြီးနောက် စွန်းဟု အမည်ရသော ဓမ္မလက်နက်ဂိုဏ်းသားမှာ သူ၏ရှေ့တွင်ရှိနေသော ဖက်တီးက အခြားသူများ၏ ကိစ္စထဲတွင် ဝင်ရှုပ်နေခြင်းဖြစ်ကြောင်း နားလည်သွား၏။ ဝမ်ပေါင်လဲ့ ဝတ်ဆင်ထားသော မီးခိုးရောင်တာအိုဝတ်ရုံကို မြင်လိုက်ရသောအခါ သူ၏ အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပေ။ အကယ်၍ ဝမ်ပေါင်လဲ့သာ ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက် ဖြစ်နေပါက သူ၏ဂုဏ်သိက္ခာကို ငဲ့ပေးလိုက်မည်သာ ဖြစ်သည်။ သို့သော် ဓမ္မလက်နက်အဆောင်ထဲတွင် ဖက်တီးပေါင်း မြောက်မြားစွာ ရှိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ မျက်မှန်းတန်းမိခြင်း မရှိသော သာမန်ဂိုဏ်းသားတစ်ယောက်သာ ဖြစ်နေသောကြောင့် သူသည် ဝမ်ပေါင်လဲ့အား ချက်ချင်းပင် လျစ်လျူရှုလိုက်ပြီး မောက်မာဝံ့ကြွားသော လေသံဖြင့် အမိန့်ပေးလိုက်၏။

” သူ့ကို ဖမ်းလိုက် ”

သူ ထိုသို့ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ဘေးတွင် ရက်နေကြသော ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားများမှာ ချက်ချင်းပင် ရှေ့သို့လှမ်းလာကြသည်။ မျက်နှာရှည်ရှည်နှင့် လူငယ်လေးမှာ အခြားဂိုဏ်းသားများကို ဦးဆောင်၍ ယခင်ကထက်ပင် ပို၍ မာန်မာနထောင်လွှားသွားပြီး လေသံတိုးတိုးဖြင့် ကြိမ်းဝါးလိုက်၏။
” ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေတုန်းပဲလားကွ ”

ဝမ်ပေါင်လဲ့မှာမူ ခေါင်းသာယမ်းလိုက်ပြီး ရယ်မောလိုက်၏။ သူ၏ ရယ်မောသံမှာ အေးစက်နေပြီး ထိုဂိုဏ်းသားများ ရှေ့သို့လှမ်းလာသည်နှင့် တစ်ပြိုင်နက် သူသည် လျင်မြန်သွက်လက်စွာဖြင့် အားပါပါ ကန်ကျောက်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ လျင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့သောကြောင့် ချက်ချင်းဆိုသလိုပင် ခြေထောက်ဖြင့် ကန်ကျောက်ခဲ့ရသော တဖုန်းဖုန်းအသံများ ထွက်ပေါ်လာတော့သည်။

ဝမ်ပေါင်လဲ့ဆီသို့ အရှိန်ဖြင့်ပြေးလာသည့် မျက်နှာရှည်ရှည်နှင့် လူငယ်လေးမှာ ချက်ချင်းဆိုသလိုပင် နာကျည်းစွာ အော်ဟစ်လိုက်ရ၏။ သူ၏ မျက်နှာမှာ ဖြူဆုတ်သွားပြီး ထိုကန်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားရတော့သည်။ သူသည် ခပ်လှမ်းလှမ်း တစ်နေရာတွင် အောက်သို့ပြန်ကျလာသောအခါ သူ၏ လက်ဖြင့် ပေါင်ကြားအား အုပ်ထားသည်ကို မြင်လိုက်ရ၏။ သူ၏ နာကျင်မှုများဖြင့် ပြည့်နှက်နေသော အော်ဟစ်သံများမှာမူ ပို၍ပင် သနားစရာ ကောင်းလာတော့သည်။

” မင်းက ဖီဆန်ရဲတယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်ရှိ လူများမှာ ဒေါသတကြီး ကြိမ်းဝါးလိုက်ကြ၏။ စွန်းဆိုသော လူငယ်လေးမှာမူ အသိစိတ် ပြန်ဝင်လာပြီးနောက် ချက်ချင်းပင် ဒေါသအမျက်ချောင်းချောင်း ထွက်သွား၏။ သူသည် လေပေါ်သို့ ခုန်တက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

” ဖီဆန်တယ် ဟုတ်လား။ ငါက ဖီဆန်ရုံတင်မဟုတ်ဘူး မင်းတို့ကိုပါ အကြမ်းဖက်ဦးမှာကွ ”
ဝမ်ပေါင်လဲ့မှာ အကြည့်များ စူးရှသွားပြီး သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်၏။ သူသည် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင် မြန်ဆန်နေသောကြောင့် မျက်စိတစ်မှိတ်အတွင်း စွန်း၏ရှေ့၌ ပေါ်လာ၏။ စွန်းမှာ ဝမ်ပေါင်လဲ့၏ အမြန်နှုန်းကြောင့် ကယောင်ချောက်ချား ဖြစ်နေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏တိုက်ကွက်ကို ထုတ်ပြီးသွားပြီဖြစ်ပြီး အားပါပါ ထိုးနှက်လိုက်တော့သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် စွန်း၏ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာ၏။ သူသည် နာကျည်းစွာ အော်ဟစ်မြည်တမ်းရင်း နောက်သို့ ဆုတ်သွားစဉ် ဝမ်ပေါင်လဲ့မှာ အရှိန်မြှင့်တင်လိုက်ပြီး အခြားတစ်ယောက်ကို လေပေါ်သို့ မြောက်တက်သွားအောင် ထိုးနှက်လိုက်ပြန်သည်။ ထို့နောက် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ကာ အခြားလူတစ်ယောက်အား လေပေါ်သို့ မြောက်တက်သွားအောင် ကန်ကျောက်လိုက်၏။

ခဏအကြာတွင် နာကျည်းစရာကောင်းသော အော်ဟစ်မြည်တမ်းသံများ နေရာအနှံ့တွင် ထွက်ပေါ်လာတော့သည်။ ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားဆယ်ယောက်ကျော်လုံး လေပေါ်သို့ မြောက်တက်သွားအောင် ကန်ကျောက်ခံနေရပြီ ဖြစ်သည်။ သူတို့မှာ တစ်ယောက် တစ်နေရာစီ ပြုတ်ကျသွားကြပြီးနောက် ဝမ်ပေါင်လဲ့မှာ မတ်တတ်ထရန် ကြိုးပမ်းနေသော စွန်း၏ရှေ့တွင် ပြန်ပေါ်လာပြီး သူ့အား နောက်ထပ်တစ်ကြိမ် ကန်ကျောက်လိုက်ပြန်သည်။ ထို့နောက် သူသည် စွန်း၏ ရင်ဘတ်ပေါ်သို့ တက်နင်းကာ မြေပြင်နှင့် ကပ်နေအောင် ဖိထားလိုက်ပြီး ပြန်ထလာ၍ မရအောင် လုပ်ထားလိုက်တော့သည်။

ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည့် ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားအားလုံးမှာ တုန်လှုပ်နေကြပြီ ဖြစ်သည်။ သူတို့မှာ ဖော်ပြ၍မရနိုင်လောက်အောင် ဒေါသထွက်ကာ အံ့ဩတုန်လှုပ်နေကြပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။

တချိန်တည်းမှာပင် ‌ဈေးထဲမှ လူအုပ်ကြီးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း သူတို့က ရိပ်မိလိုက်ကြ၏။

” အဲဒါ ဂိုဏ်းစီမံရေးဌာနနော်။ သူတို့က ဓမ္မလက်နက်အဆောင်က အင်အားအကြီးဆုံး ဌာနပဲ။ ဘယ်သူကများ သူတို့ကို အပြစ်လုပ်ရဲတာပါလိမ့် ”

” အဲဒီဖက်တီးကို မြင်ဖူးသလိုလိုရှိတယ်။ ဒါပေမဲ့ သူက ဂိုဏ်းစီမံရေးဌာနက လူတွေကို အကြမ်းဖက်ခဲ့တာဆိုတော့ ဒုက္ခလှလှ တွေ့တော့မှာ အမှန်ပဲ ”

ဈေးဆိုင်ထဲတွင် ရှိနေသည့် အဘိုးကြီးလျှိုမှာလည်း ဝမ်ပေါင်လဲ့အတွက် စိုးရိမ်ပူပန်သွား၏။ သို့သော် သူသည် ယခုလိုကိစ္စမျိုးထဲတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။ ထို့ကြောင့် သူသည် စိုးရိမ်စိတ်များ ကြီးထွားလာပြီး လူအုပ်ကြီးမှာ ဆွေးနွေးငြင်းခုံနေကြစဉ် ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ သူ၏ခြေထောက်အောက်ရှိ စွန်းအား ကြည့်လိုက်၏။

” အခုရော ငါ စကားပြောလို့ရပြီလား ”

” ကောင်လေး။ မင်း ဘာစကားမှ ပြောနေစရာမလိုဘူး။ မင်း သတ္တိကောင်းတာ မှန်ပေမဲ့ ဂိုဏ်းစီမံရေးဌာနက ငါတို့ရဲ့ လူ‌တွေ ထပ်ရောက်လာတဲ့ အချိန်ကျရင် အခုလို သတ္တိကောင်းနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ ”
စွန်းမှာ သူ၏နှုတ်ခမ်းထောင့်ရှိ ရဲရဲနီနေသော သွေးများကို သုတ်လိုက်ပြီး မြေကြီးပေါ်တွင် သနားစရာကောင်းစွာ လဲလျောင်းကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်၍ အေးစက်စက် ရယ်မောနေ၏။ ဘေးပတ်ပတ်လည်တွင် ရပ်နေကြသည် ဂိုဏ်းစီမံရေးဌာနမှ ဂိုဏ်းသားများမှာ သူတို့၏ အသံလွှင့်လက်စွပ်များကိုဖွင့်ကာ ဂိုဏ်းစီမံရေးဌာနအား ဆက်သွယ်နေကြပြီ ဖြစ်သည်။

ထို့နောက် သူတို့အားလုံးမှာ ရန်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဝမ်ပေါင်လဲ့အား အေးစက်စွာ စိုက်ကြည့်နေကြ၏။ ဂိုဏ်းစီမံရေးဌာနမှ ဝါရင့်များ ရောက်လာသည့်အချိန်တွင် သူတို့၏ရှေ့မှ ဖက်တီးမှာ ကြောက်ဒူးတုန်သွားမည်ဖြစ်ပြီး သူတို့အား တိုက်ခိုက်ခဲ့သည်ကို နောင်တရသွားလိမ့်မည်ဟု သူတို့က ယုံကြည်နေကြ၏။

မျက်နှာရှည်ရှည်နှင့် လူငယ်လေးဆိုလျှင် အံကြိတ်ကာ ဒေါသမီးများ တောက်လောင်နေသော မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေ၏။

ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးပင့်ကာ သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ရန် ဆုံးဖြတ်လိုက်၏။ သူသည် ထိုအသံလွှင့်လက်စွပ်အား ဖွင့်ရန် ပြင်လိုက်ချိန်တွင် စွန်းက ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် အေးစက်စက်ရယ်မောလိုက်၏။

” အကူအညီတောင်းဖို့ လူရှာနေတာလားကွ။ ကောင်လေး။ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့ဆီကို သွားပြီး အပူကပ်ကပ် ဘာမှ မထူးတော့ဘူးကွ။ ငါ မင်းကိုမှ သင်ခန်းစာ မပေးနိုင်ရင် ငါ့ရဲ့နာမည် စွန်းဖန်ကို ဖန်စွန်းလို့ ပြောင်းပြန်ခေါ်ပစ်မယ် ”

” ငါ့ကို သင်ခန်းစာပေးချင်တယ် ဟုတ်လား ”
ဝမ်ပေါင်လဲ့၏ အကြည့်မှာ ပို၍ပင်အေးစက်သွားပြီး သူ၏ အသံလွှင့်လက်စွပ်ကိုထုတ်ကာ သူ့အား ချန်းယွီထုံဆီသို့ ခေါ်သွားပေးခဲ့သည့် အဓိကအဖွဲ့ခေါင်းဆောင်အား လှမ်း၍ ဆက်သွယ်လိုက်သည်။

” အစ်ကိုကျိုးရေ။ ကျုပ်က အဓိကစစ်ဆေးရေးမှူးအဖွဲ့နဲ့ မရင်းနှီးသေးဘူး။ အဲဒီတော့ အဆင်ပြေရင် အဓိကစစ်ဆေးရေးမှူးအဖွဲ့က ဂိုဏ်းသားတွေအားလုံးကို တောင်ပိုင်းတောင်စဉ်တန်းက ဈေးတန်းထဲမှာ ငါးမိနစ်အတွင်း စုဝေးဖို့ အမိန့်ပေးပေးပါလား “

Comment

Leave a Reply

Options

not work with dark mode
Reset