ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းကာ ချက်ချင်းပင် မတ်တတ်ထလာပြီး ချန်းယွီထုံအား ကျေးဇူးတင်စကားဆိုလိုက်၏။ ထိုအခါ ချန်းယွီထုံက ပြုံးကာ သူ့အား ပြန်ထိုင်ခိုင်းလိုက်သည်။ သူတို့နှစ်ယောက်မှာ တစ်ခဏမျှ စကားပြောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ ထွက်ခွာရန်ပြင်လိုက်သဖြင့် ချန်းယွီထုံကိုယ်တိုင် သူ့အား အဆောင်အပြင်ဘက်သို့ လိုက်ပို့ပေးလိုက်ပြီး ရွှင်ပျစွာ ဆိုလိုက်၏။
” ညီလေးပေါင်လဲ့။ အစ်ကို မင်း ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာမယ့်နေ့ကို စောင့်နေမယ်။ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာဖို့ဆိုရင် တတိယအဆင့် နတ်ဘုရားရတနာတစ်ခုကို သန့်စင်နိုင်ဖို့ လိုတယ် ”
” ဓမ္မလက်နက်အဆောင်မှာ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာအောင် ရာထူးမြှင့်တင်ပေးတဲ့ ပြိုင်ပွဲတစ်ခုကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတယ်။ မင်း အကောင်းဆုံးကြိုးစားမယ်လို့ အစ်ကို မျှော်လင့်ပါတယ်ကွာ ”
ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးနောက် ချန်းယွီထုံမှာ သူ၏ ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံခန့် သောက်ကာ ပြုံးလိုက်၏။ သူ၏ အမူအရာမှာ ပျော်ရွှင်ဝမ်းမြောက်နေသည့်ပုံစံ ပေါက်နေ၏။ သိပ်မကြာခင် ဝမ်ပေါင်လဲ့အား လိုက်ပို့ပေးပြီးနောက် ပြန်ရောက်လာသော အဖွဲ့ခေါင်းဆောင်မှာ ချန်းယွီထုံ၏ရှေ့တွင် ရပ်လိုက်၏။ သူသည် စကားတစ်ခွန်း ပြောချင်နေသည့်ပုံ ပေါက်နေပါသော်လည်း သူ၏ဆန္ဒကို ချုပ်တည်းလိုက်၏။
ချန်းယွီထုံကမူ သူ့အား ဖျတ်ခနဲကြည့်ကာ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဆိုလိုက်၏။
” ကျိုးဖုန်းဟိုင်။ အခုမှ ရောက်လာတဲ့ ဝမ်ပေါင်လဲ့ကို အဖွဲ့ခေါင်းဆောင်အားလုံးကို ကြီးကြပ်အုပ်ချုပ်နိုင်တဲ့ ရာထူးတစ်ခု၊ သူ့ရဲ့အထက်မှာ ငါတစ်ယောက်ပဲ ရှိတော့တဲ့ ရာထူးတစ်ခုကို ပေးလိုက်လို့ ငါက သူ့အပေါ် ဘက်လိုက်နေတယ်လို့ မင်းတွေးနေတာမလား ”
ထိုအခါ အပြာရောင်အင်္ကျီနှင့် လူငယ်လေးမှာ စိတ်နှလုံး တုန်ရီသွားရပြီး ချက်ချင်းပင် ခေါင်းငုံ့ကာ ပြန်ပြောလိုက်၏။
” ကျနော် အဲဒီလိုမျိုး မတွေးရဲပါဘူး ”
အပြာရောင်လူငယ်လေး၏ လေသံကို ကြားလိုက်ရသောအခါ ချန်းယွီထုံ၏ အမူအရာမှာ တည်ကြည်သွား၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်ကာ တည်ကြည်စွာ ဆိုလိုက်၏။
” ဝမ်ပေါင်လဲ့က ကောင်းကင်တာအိုကျောင်းကို အများကြီး အကျိုးပြုနိုင်ခဲ့တဲ့ ရှစ်လက်မ ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားတဲ့လူ တစ်ယောက်ပဲ။ သူက အခုမှ အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရခဲ့တာဆိုပေမဲ့ ရာထူးအကြီးပိုင်းထဲက လူတော်တော်များများက သူ့ကို သတိထားမိသွားလို့ သူ့အပေါ် အာရုံစိုက်နေကြပြီ ”
” သူ့လိုလူမျိုးက ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက်အနေနဲ့ပဲ အမြဲတမ်း ရှိနေမှာမဟုတ်ဘူး။ ငါပြောခဲ့တဲ့ စကားတွေအားလုံးက လောကဝတ်စကားတွေ မဟုတ်ဘူးကွ။ သူက သိပ်မကြာခင် ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်ကိုဖြစ်လာမှာ ”
” ငါကလည်း ဓမ္မလက်နက်စစ်သည်တစ်ယောက်အနေနဲ့ အမြဲတမ်း ရှိနေမှာ မဟုတ်ဘူးလေ။ အဲဒီေတာ့ မင်း ငါ့ကိုဆက်ဆံတဲ့အတိုင်း သူ့ကိုဆက်ဆံမှရမယ် ”
ချန်းယွီထုံမှာ ထိုသို့ဆိုလိုက်ပြီးနောက် အပြာရောင်အင်္ကျီနှင့် လူငယ်လေးအား ကြည့်လိုက်၏။
ထိုအခါ ထိုလူငယ်လေးမှာ အသက်ရှူသံများနှင့် နှလုံးခုန်နှုန်းတို့မှာ ပို၍ပင် မြန်ဆန်လာတော့သည်။ ချန်းယွီထုံ ပြောခဲ့သော စကားများ၏ ဆိုလိုရင်းကို သူက နားလည်ပေသည်။ ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံ၏ နေရာကို ဆက်ခံပြီး ဂိုဏ်းစီမံရေးဌာနဌာနအား ခေါင်းဆောင်ရမည့် လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် တရိုတသေ သဘောတူလက်ခံလိုက်ပြီး အနာဂတ်တွင် ဝမ်ပေါင်လဲ့နှင့် ပို၍ ရင်းနှီးအောင်လုပ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့အား တစ်နည်းနည်းနှင့် မစော်ကားမိစေရန် စိတ်ထဲတွင် စွဲနေအောင် မှတ်ထားလိုက်တော့သည်။
” ဂိုဏ်းစီမံရေးဌာနဌာနက တခြားလူတွေက ညီလေးပေါင်လဲ့အကြောင်းကို သိပ်မသိကြသေးဘူး။ အခုက နောက်ကျနေပြီဆိုတော့ မနက်ဖြန်ရောက်ရင် မင်း သူတို့ကို အသိပေးဖို့ မမေ့နဲ့ဦး ”
ချန်းယွီထုံက ထိုသို့အမိန့်ပေးလိုက်ပြီး သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်၏။
ထိုအခါ အပြာရောင်အင်္ကျီနှင့် လူငယ်လေးမှာ ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ သူသည် ထွက်ခွာသွားပြီးနောက် ချန်းယွီထုံ၏ ပြောစကားများကို ပြန်လည်တွေးတောရင်း သူ၏နှလုံးသားထဲတွင် မီးတောက်တစ်ခု စတင်လောင်ကျွမ်းလာတော့သည်။
ချန်းယွီထုံကမူ အဝေးသို့ ထွက်ခွာသွားသော အပြာရောင်အင်္ကျီနှင့် လူငယ်လေး၏ နောက်ကျောကိုကြည့်၍ ခပ်ရေးရေးခန့် ပြုံးလိုက်၏။ သူပြောခဲ့သည့် စကားများမှာ အမှန်တရား ဖြစ်ပါသော်လည်း အပြည့်အစုံတော့ မဟုတ်သေးပေ။
” ညီလေးပေါင်လဲ့ကို စောင့်ကြည့်နေတဲ့ လူတွေအများကြီးရှိနေလို့သာ ဆရာက သူ့ကို ကိုယ်ပိုင်တပည့်အဖြစ် မသိမ်းသွင်းသေးတာ။ ပြီးတော့ ငါက သူ့ကိုသိတာ သိပ်မကြာသေးတော့ သူ့အကြောင်းကို ဝင်ပြောဖို့ကလည်း မသင့်တော်ဘူး။ ဒါပေမဲ့ အရင်ဆုံး သူ့ကို ငါက ကူညီပေးထားနိုင်တာမလို့ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး ”
” ညီလေးပေါင်လဲ့က ကျေးဇူးတရားနဲ့ အငြိုးအတေးကို ခွဲခြားမြင်တတ်တဲ့သူဆိုတော့ ဦးလေးဆရာလု၊ ဆရာနဲ့ ငါတို့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာကို မေ့သွားမဲ့ လူစားမျိုး မဟုတ်ဘူး။ သူ့ကို ငါ့ရဲ့ ဆရာတူညီလေးတစ်ယောက်လို သဘောထားတာက ပုံကြီးချဲ့ရာ မကျပါဘူး။ ငါကမှ သူ့ဘက်က မနေပေးရင် သူ့ကို ဘယ်သူက ကြည့်ရှုစောင့်ရှောက်မှာလဲ ”
ချန်းယွီထုံမှာ မျက်လုံးများမှေးကာ သူ့ဆရာ၏ ပြောစကားများကို ပြန်လည်တွေးတောလိုက်၏။ ထို့နောက် ကောင်းကင်တာအိုကျောင်းနှင့် ပတ်သက်သည့် သူ နားလည်ထားသော အချက်အလက်များကို ပြန်လည်သုံးသပ်ရင်း သူ၏မျက်လုံးများမှာ ဝင်းလက်သွား၏။
” ဦးလေးဆရာလုက အဆင့်နိမ့်ကျွန်းမှာ ဘယ်သူမှ မဖီဆန်နိုင်တဲ့ ပါမောက္ခရာထူးကို ရထားတာ။ အဲဒါ ငါတို့မျိုးနွယ်စုအတွက် အခြေခံအုတ်မြစ်ပဲ။ နောက်ထပ် ငါတို့ မဟာသခင်ကြီးက ဂိုဏ်းခေါင်းဆောင်လက်ထောက်အဆင့်အထိ ရာထူးတိုးတာကို စောင့်ဖို့ပဲ လိုတော့တယ်။ အဲဒီ အကြီးအကဲကြီး အောင်မြင်သွားပြီဆိုတာနဲ့ ဆရာက ဓမ္မလက်နက်အဆောင်ရဲ့ မဟာအကြီးအကဲ ဖြစ်လာမှာ။ အဲဒီအချိန်ထိ မရောက်သေးခင်ကတော့ ငါတို့မျိုးနွယ်စုရဲ့ လက်ရှိမျိုးဆက်ထဲမှာ ငါနဲ့ ညီလေးပေါင်လဲ့ကပဲ အပြန်အလှန် ဖေးမကူညီပြီးတော့ ရှေ့ဆက်ရမှာ ”
” ညီလေးပေါင်လဲ့။ မင်း အပြင်းအထန် ကြိုးစားပြီးတော့ သိပ်မကြာခင် ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာအောင် လုပ်မှရမယ် ”
ချန်းယွီထုံမှာ မျှော်လင့်ချက် အရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် ပြုံးလိုက်၏။
သူ၏ ဆရာမှာ ဝမ်ပေါင်လဲ့အား အလွန် အထင်ကြီးပြီး သူ အဆင့်နိမ့်ကျွန်းတွင် ရှိနေခဲ့စဉ်တုန်းက သူ့အား သိုလှောင်လက်ကောက် ပေးအပ်ခဲ့သည့် အကြီးအကဲကြီးပင် ဖြစ်သည်။ ဦးလေးဆရာကမူ အဆင့်နိမ့်ကျွန်းမှ သမားတော်အိုကြီးပင် ဖြစ်သည်။
ထိုအချိန်တွင် ဂိုဏ်းစီမံရေးဌာနဌာနမှ ထွက်ခွာလာသော ဝမ်ပေါင်လဲ့၏ အသိစိတ်များမှာ ဇဝေဇဝါ ဖြစ်နေရဆဲပင်။ သူသည် ထိုရာထူးကို လက်ခံရယူခဲ့ပြီး စိတ်လှုပ်ရှားနေရပါသော်လည်း ထိုဖြစ်ရပ်ကြီးတစ်ခုလုံး ထူးဆန်းနေ၏။ သူသည် ချန်းယွီထုံနှင့် ခင်မင်ရင်းနှီးခဲ့သည်မှာ တစ်ခဏမျှသာ ရှိသေးသည်ဖြစ်ရာ ထိုရင်းနှီးမှု တစ်ခုတည်းကြောင့် ချန်းယွီထုံက သူ့အား ယခုကဲ့သို့ အဓိကစစ်ဆေးရေးမှူးအဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။
ထိုရာထူး၏ အရေးပါအရာရောက်မှုကို ဝမ်ပေါင်လဲ့က ကောင်းကောင်းကြီး နားလည်ထား၏။
” ဒီရာထူးနဲ့ဆိုရင် ငါက ဂိုဏ်းစီမံရေးဌာနဌာန အကြီးအကဲရဲ့လက်ထောက် ဖြစ်သွားပြီပဲ… ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှုလိုက်၏။ သူ၏ မျက်ဝန်းများထဲ၌ အတွေးထဲတွင်နစ်မျောနေသည့် အရိပ်အယောင်များကို မြင်နိုင်၏။ သူသည် ရှစ်လက်မဝိညာဉ်အမြစ်နှင့် ဖောက်ထွက်နိုင်ခဲ့သောကြောင့် ယခုလို အခွင့်ထူးများကို ရရှိခံစားနေရခြင်း ဖြစ်လိမ့်မည်ဟုလည်း မယုံကြည်ထားပေ။ သူသည် အချိန်အတော်အတန်ကြာအောင် တွေးတောပြီးသွားသည့်တိုင်အောင် ဖြေရှင်းချက်တစ်ခုကို ရှာမတွေ့ပါသော်လည်း ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။
” ဖြစ်နိုင်ခြေတစ်ခုတော့ ရှိတယ်။ ချန်းယွီထုံရဲ့ ဆရာက ငါ အဆင့်နိမ့်ကျွန်းမှာ ရှိခဲ့တုန်းက ငါ့ကို သိုလှောင်လက်ကောက်နဲ့ ကျောက်စိမ်းပေလွှာတစ်ခုပေးခဲ့တဲ့ အကြီးအကဲကြီးသာဆိုရင်ရော…. အဲဒီဆရာတပည့် နှစ်ယောက်က မျိုးရိုးတော်စပ်နေပြီး ပါမောက္ခကြီးနဲ့ပါ မျိုးရိုးတော်စပ်နေတာ ဖြစ်လောက်တယ်။ ပြီးတော့ ပါမောက္ခကြီးလည်း ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲလေ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့တွေးတောရင်း အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်များထဲမှ ဇာတ်လမ်းပုံပြင်များမှာ သူ၏ အတွေးထဲတွင် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် သူသည် တစ်စုံတစ်ခုကို ရိပ်မိသွားတော့သည်။
” မျိုးရိုးတော်စပ်နေတာများလား ”
ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တုန်ရီသွားရ၏။ ထို ‘ မျိုးရိုး ‘ ဆိုသော စကားလုံးကို ယခင်က သူ လုံးဝ နားမလည်ခဲ့ပေ။ ယခုတွင်မူ သူသည် ၎င်း၏ အဓိပ္ပါယ်ကို တဖြည်းဖြည်းချင်း ဖော်ထုတ်နိုင်စွမ်းရှိလာသောကြောင့် သံသယများရှိနေသည့်တိုင်အောင် စိတ်လှုပ်တရှားဖြစ်လာ၏။
သို့သော် သူ၏ နားလည်မှုမှာ မှား၍နေမည်ကိုလည်း သူက စိုးရိမ်နေ၏။ ထို့ကြောင့် သူသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် အံကြိတ်လိုက်၏။
” ငါ သိပ်ဂရုစိုက်နေစရာ မလိုတော့ပါဘူး။ ငါက အဓိကစစ်ဆေးရေးမှူးအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေပြီလေ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချန်းယွီထုံ သူ့အပေါ် သဘောကောင်းနေရသည့် အကြောင်းအရင်းကို စဉ်းစားတွေးတောမနေတော့ပေ။ သို့သော် ဝမ်ပေါင်လဲ့တွင် သူ၏ဘဝ၌ အမြဲတမ်းလက်ခံကျင့်သုံးသည့် မူတစ်ခု ရှိပေသည်။ ၎င်းမှာ သူသည် သူ့အား အကူအညီပေးခဲ့ဖူးသည့် လူများကို အမြဲတမ်း စိတ်ထဲတွင် မှတ်သားထားခြင်းပင် ဖြစ်သည်။ သူ ကလေးဘဝကတည်းက ထိုကဲ့သို့ ကျင့်ကြံနေထိုင်ရန် သူ၏ ဖခင်ဖြစ်သူက သူ့အား အရိုးထဲအထိစွဲအောင် သင်ပေးထားခြင်းဖြစ်သည်။
တချိန်တည်းမှာပင် ထိုအချက်ကို အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင်လည်း ဖော်ပြထား၏။ ထို့ကြောင့် ထိုအယူအဆမှာ ဝမ်ပေါင်လဲ့၏ အငြှိုးအတေးကြီးသော အမူအကျင့်ကဲ့သို့ သူ၏ စိတ်ထဲတွင် မြဲမြံနေအောင် စွဲကပ်နေပြီ ဖြစ်သည်။ ၎င်းတို့ကို သူ၏ ကိုယ်ပိုင်မူများဟုပင် ခေါ်ဆိုနိုင်၏။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဂိုဏ်းသား တစ်ယောက်သာမက ဂိုဏ်းစီမံရေးဌာနဌာန၏ ခေါင်းဆောင်တစ်ယောက်ပါ ဖြစ်လာခဲ့ပြီ ဖြစ်သောကြောင့် အလွန် ကျေနပ်နေ၏။ သို့သော် သူသည် ဂိုဏ်းစီမံရေးဌာနဌာနထဲရှိ လူအများစုနှင့် အထူးသဖြင့် သူ၏ အဓိကစစ်ဆေးရေးမှူးအဖွဲ့မှ လူများမှာ သူ မည်သူမည်ဝါဖြစ်ကြောင်း မသိကြသေးသည့် အချက်ကိုလည်း သတိထားမိလိုက်၏။ သို့သော် ထိုသတင်းများမှာ ပျံ့နှံ့သွားမည်သာဖြစ်ရာ ရက်အနည်းငယ်အတွင်း ဂိုဏ်းစီမံရေးဌာနဌာန တစ်ခုလုံး ထိုအကြောင်းကို ကြားသိသွားကြမည်သာ ဖြစ်သည်။
” အခုလို ငါ့ရဲ့ အစွမ်းတွေကို တခြားဘယ်သူမှ မသိသေးလို့ အေးအေးချမ်းချမ်း ဖြစ်နေတဲ့အချိန်ကို ငါ တန်ဖိုးထားရမယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သိုသိုသိပ်သိပ်သာနေရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူ၏ နတ်ဝိဇ္ဇာဂူသို့ ပြန်နေရင်း တောင်ကြားထဲရှိ ဈေး၏ဘေးမှ ဖြတ်မိသွားသောအခါ ခေတ္တမျှ ရပ်တန့်သွား၏။ ထိုနေရာမှာ သူ ယခင်ကနေထိုင်ခဲ့ဖူးသည့်အဆောင် တည်ရှိရာနေရာလည်း ဖြစ်သည်။
ညနေခင်းအချိန်သို့ ရောက်နေပြီဖြစ်ရာ ထိုဈေးကြီးတစ်ခုလုံးမှာလည်း ပျားပန်းခတ်နေ၏။ ထိုဆူညံသံများကြားတွင် မွှေးရနံ့များစွာမှာလည်း ပျံ့လွင့်လာကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုရနံ့များကို ရှုရှိုက်မိလိုက်သောအခါ သွားရည်များ ကျလာရပါသော်လည်း သူ၏ စိတ်ဆန္ဒများကို ခက်ခက်ခဲခဲပင် ချုပ်တည်းလိုက်၏။
” ထားပါတော့ကွာ။ ဒီနေ့ ပျော်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်ခဲ့တာဆိုတော့ ငါ့ကိုယ်ငါ ဆုချတဲ့အနေနဲ့ စားလိုက်ပါ့မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်မိသောအခါ သူ၏ စိတ်ဖိစီးမှုများမှာ ချက်ချင်းပင် လျော့ကျသွားတော့သည်။ ထို့နောက် သူ၏ မျက်လုံးများမှာ ဖျတ်ခနဲ ဝင်းလက်သွားပြီး သူသည် ထိုဈေးတန်းဆီသို့ တဟုန်ထိုး ပြေးသွားလိုက်တော့သည်။
သိပ်မကြာခင် ပျားပန်းခတ်နေသော ဈေးတန်းထဲ၌ ဝမ်ပေါင်လဲ့မှာ ကြက်ဥနှပ်တစ်အိုးကို ရင်ဘတ်တွင်ပိုက်ထားပြီး အာလူးကြော်များကို ဝမ်းသာအားရနှင့် တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရင်း ပေါ့ပါးသော ခြေလှမ်းများဖြင့် ဈေးတန်းထဲတွင် ဟိုဟိုသည်သည် စူးစမ်းရှာဖွေနေတော့သည်။ သူသည် ဘေးပတ်ပတ်လည်ရှိ ဆိုင်ခန်းများအားလုံးကို အကဲခတ် ကြည့်ရှုလိုက်သောအခါ သူနှင့် ခန္ဓာကိုယ်အချိုးအစား ဆင်တူသော ကျောင်းသားမြောက်မြားစွာကို မြင်လိုက်ရသောကြောင့် ထိုဈေးတန်းကြီးမှာ နေရာကောင်းတစ်ခုဟု မှတ်ချက်ပေးလိုက်တော့သည်။
စားစရာများအပြင် နေ့စဉ်ဓူဝ အသုံးလိုသော ပစ္စည်းများသာမက အခြား အသေးအဖွဲပစ္စည်းများစွာကိုပါ ထိုဈေးတန်းထဲတွင် ရောင်းချ၏။ ထိုမျှသာမက အမျိုးအစားများမှာလည်း စုံလင်စွာရှိနေသောကြောင့် ထိုပစ္စည်းများမှာ အနည်းငယ်ခန့် ဈေးကြီးပါသော်လည်း ကောင်းကင်မြို့တော်ဆီသို့ သွားစရာမလိုတော့သောကြောင့် ကျောင်းသားများစွာအတွက် အဆင်ပြေသလို အချိန်ကုန်လည်း သက်သာပေသည်။
ဝမ်ပေါင်လဲ့မှာ ကြက်ဥနှပ်တစ်လုံးကို ယူကာ သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ဘဝ၏စည်းစိမ်ကို အပြည့်အဝ ခံစားလိုက်၏။ သူသည် ဈေးတန်းထဲမှ ထွက်ခွာရန် ပြင်လိုက်ပါသော်လည်း သူ ထိုနေရာတစ်ဝိုက်တွင် နေထိုင်ခဲ့စဉ်က ခဏခဏ သွားခဲ့သည့် မုန့်ဆိုင်တစ်ဆိုင်ကို လှမ်းမြင်လိုက်၏။
သူ၏အာရုံအား ဖမ်းစားသွားခဲ့သည့် အရာမှာ ဆိုင်ရှေ့တွင် ထောင်ထားသည့် ဆိုင်းဘုတ်ပေါ်တွင် မုန့်အသစ်တစ်မျိုး ရောင်းချနေပြီဖြစ်ကြောင်း ကြော်ငြာထားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် ထိုဈေးဆိုင်ဆီသို့ လျှောက်လှမ်းသွား၏။ ထိုဆိုင်ပိုင်ရှင်မှာ အဆင့်မြင့်ကျွန်းသို့ ရောက်လာခဲ့သည်မှာ ခုနစ်နှစ်တိတိ ရှိပြီဖြစ်သည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။ သို့သော် သူသည် အာနာပါနအဆင့် ပထမေမြာက်တွင်သာ ရှိသေးသောကြောင့် သာမန်ကျောင်းသားတစ်ယောက် ဖြစ်နေဆဲပင်။ သူသည် ဝမ်ပေါင်လဲ့အား သတိထားမိလိုက်သောအခါ ချက်ချင်းပင် စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုဆိုင်ခန်းထဲသို့ ဝင်သွားလိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်းကာ တဲ့တိုးပင် ဆိုလိုက်၏။
” အဘိုးကြီးလျှို။ ဈေးရောင်းကောင်းရဲ့လားဗျ။ ကျနော့်ကို မုန့်အသစ် အထုပ်တစ်ရာပေးဗျာ ”
ထိုအခါ သက်လတ်ပိုင်း ဆိုင်ရှင်ကြီးမှာလည်း ကျေနပ်အားရသွား၏။ ဝမ်ပေါင်လဲ့မှာ သူ၏ဆိုင်သို့ ရောက်လာသည့်အချိန်တိုင်း အမြောက်အမြား ဝယ်ယူအားပေးလေ့ရှိသည်ဖြစ်ရာ သူသည် အလွန် ပျော်ရွှင်ခဲ့ရ၏။ ယခုတွင်လည်း သူသည် ဝမ်ပေါင်လဲ့အတွက် ထိုမုန့်ထုပ်များကို ပြင်ဆင်ပေးရင်း ဝမ်းသာအားရပြုံးကာ ဆိုလိုက်၏။
” ညီေလးဝမ်။ မတွေ့ရတာတောင် ကြာပြီနော်။ မုန့်ထုပ်သုံးထုပ်ပါ အဆစ်ထည့်ပေးလိုက်မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ ဝမ်းသာအားရ ခေါင်းညိတ်လိုက်၏။ သူသည် အဆင့်မြင့်ကျွန်းသို့ ရောက်လာခဲ့သည့် အချိန်ကတည်းက အပြင်သို့ သိပ်မထွက်ခဲ့ပါသော်လည်း ထိုနေရာတွင် ဈေးဆိုင်များ ဖွင့်ထားကြသည့် ကျောင်းသားအများစုမှာ ပါရမီ သိပ်မပါကြဘဲ ကံကောင်း၍သာ အဆင့်မြင့်ကျွန်းသို့ ရောက်လာခဲ့ကြခြင်း ဖြစ်ကြောင်းကို ဝိညာဉ်ကွန်ရက်ပေါ်မှတစ်ဆင့် သိရှိထား၏။ သူတို့မှာ အာနာပါနအဆင့် ကျင့်ကြံသူအစစ်များ ဖြစ်ကြပါသော်လည်း အများစုမှာ ဝိညာဉ်အမြစ် တစ်လက်မ သို့မဟုတ် နှစ်လက်မအဆင့်တွင်သာ ဖောက်ထွက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
သာမန်လူများနှင့် ယှဥ်လိုက်ပါက သူတို့မှာ တမူထူးခြားနေဆဲ ဖြစ်ပါသော်လည်း ပါရမီရှင် အမြောက်အမြားရှိသော အဆင့်မြင့်ကျွန်းတွင်မူ သူတို့မှာ အဆင့်နိမ့်ကြ၏။ အဆင့်မြင့်ကျွန်းရှိ ကျင့်ကြံခြင်း အမျိုးအစားအားလုံးမှာ သူတို့မတတ်နိုင်သည့် ဈေးကြီးသော ကုန်ကြမ်းပစ္စည်းများကို လိုအပ်သောကြောင့် ယခုလို ဈေးဆိုင်များ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ သူတို့မှာ သူတို့၏ ကျင့်ကြံခြင်းအတွက် ကုန်ကျမည့် ငွေများကို ဤဈေးဆိုင်များမှ ရရှိသော ဝင်ငွေများဖြင့် ဖြေရှင်းကြရ၏။
တစ်ခုတည်းသော ပြဿနာမှာ ကျောင်းသားများ ကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်ထားသော ဈေးဆိုင်များမှာ တရားမဝင်သည့် အချက်ပင် ဖြစ်သည်။ သူတို့မှာ ဂိုဏ်းစီမံရေးဌာနဌာနဆီသို့ စာရင်းပေးသွင်းထားလျှင်တောင် သူတို့ ရောင်းချခွင့်ရှိသည့် ပစ္စည်းအများစုမှာ ကုန်ကြမ်းပစ္စည်းများနှင့် သန့်စင်ခြင်းအတွက် လိုအပ်သော အခြားကိရိယာ တန်ဆာပလာများသာ ဖြစ်ကြ၏။
ဓမ္မလက်နက်အဆောင်ထဲတွင် ကုန်ကြမ်းပစ္စည်းများနှင့် အခြားပစ္စည်းများကို ရောင်းချနေကြသည့် လူပေါင်းမြောက်မြားစွာ ရှိသည်။ ၎င်းတို့၏ ဈေးနှုန်းများမှာ မြင့်မားကြပြီး ဓမ္မလက်နက်အဆောင် ကိုယ်တိုင်ကလည်း ကျောင်းသားများအား တိုက်ရိုက် ပစ္စည်းများ ရောင်းချကြသည်ဖြစ်ရာ အပြိုင်အဆိုင်များလည်း ရှိကြသည်။ ထို့ကြောင့် ဈေးထဲတွင် မုန့်ပဲသရေစာများနှင့် အခြား စားစရာနှင့် ပတ်သက်သော ပစ္စည်းများကို ရောင်းချခြင်းမှာ ပို၍ အမြတ်အစွန်းထွက်၏။ သို့ဖြစ်ရာ နောက်ဆုံးတွင် ဆင်းရဲမွဲတေသော ကျောင်းသားများမှာ ဈေးထဲတွင် စားစရာများနှင့် အဖျော်ယမကာများကို စတင်ရောင်းချလာကြတော့သည်။
ဂိုဏ်းစီမံရေးဌာနဌာနမှာ ထိုရောင်းချမှုများကို မမြင်ချင်ယောင် ဆောင်ပေးထားပါသော်လည်း တစ်ခါတရံတွင်မူ ငြိမ်ဝပ်ပိပြားရေးအတွက် ထိုဈေးဆိုင်များ ရှိသည့်နေရာများသို့ ဝင်ရောက်စီးနင်းလေ့ ရှိကြ၏။ ဂိုဏ်းစီမံရေးဌာနဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို သူတို့က မလိုက်နာကြသည်ဖြစ်ရာ ထိုစီးနင်းမှုများကို ရှောင်လွဲရန်မှာ မဖြစ်နိုင်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများကို တွေးတောရင်း ဈေးဆိုင်ပိုင်ရှင်များ ကြုံတွေ့ရသောအခက်အခဲများကို စာနာသနားမိသွားပြီး ပြုံးလိုက်၏။
” အဘိုးကြီးလျှို။ ခင်ဗျားက ဈေးရောင်း တော်တော်ကျွမ်းကျင်တာပဲ။ ဟင်း။ ကျနော့်ကို အဲဒီ ဝိညာဉ်ရေခဲရေ ဖာသုံးဖာပါ ပေးဗျာ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှု၍ သူ မစားကြည့်ရသေးသော မုန့်များ ရှိနေဦးမည်လားဟု ရှာဖွေနေ၏။
ဝမ်ပေါင်လဲ့၏ နောက်ထပ်မှာယူမှုများကို ကြားလိုက်ရသောအခါ သက်လတ်ပိုင်း ဆိုင်ရှင်ကြီးမှာ ပို၍ပင် ကျေနပ်အားရသွား၏။ သူသည် ဝမ်ပေါင်လဲ့၏ ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးပေးလိုက်ပြီး ခဏအကြာတွင် မုန့်ထုပ် တစ်ရာ့သုံးထုပ်နှင့် ဝိညာဉ်ရေခဲရေ ဖာသုံးဖာကို ဝမ်ပေါင်လဲ့၏ရှေ့သို့ ချပေးလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း စိတ်ကျေနပ်သွားပြီး သူ၏ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူရန်ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ရှုပ်ယှက်ခတ်နေသော ခြေသံများနှင့် အလန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရ၏။
” ဂိုဏ်းစီမံရေးဌာနဌာန ရောက်လာပြီဟေ့ ”
” တောက်ကွာ။ သူတို့တွေ မနေ့ကပဲ လာခဲ့တာ မဟုတ်ဘူးလား။ ဘာကိစ္စ ဒီနေ့ ထပ်ရောက်လာရတာလဲ ”
ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ဝမ်ပေါင်လဲ့၏ ဘေးတွင်ရပ်နေသော သက်လတ်ပိုင်း ဆိုင်ရှင်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွား၏။ ဝမ်ပေါင်လဲ့သည်လည်း တအံ့တဩနှင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ဂိုဏ်းစီမံရေးဌာနဌာနမှ ဝတ်ရုံများ ဆင်မြန်းထားကြသော ကျောင်းသားဆယ်ယောက်မှာ ဓမ္မလက်နက်ဂိုဏ်းသား အနည်းငယ်၏ နောက်မှနေ၍ ဈေးတန်းထဲသို့ ဝင်လာကြသည်ကို မြင်လိုက်ရ၏။ လူတိုင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီး သူတို့ ဖြတ်လျှောက်သွားသည့် နေရာတိုင်းရှိ ဆိုင်ရှင်အားလုံးမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြတော့သည်။
ဂိုဏ်းစီမံရေးဌာနဌာနမှ ကျောင်းသားများ၏ အမူအရာမှာ အလွန် ရက်စက်ကြမ်းကြုတ်နေ၏။ သူတို့မှာ လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများအားလုံးကို အကြင်နာကင်းမဲ့စွာ ဖျက်ဆီးပစ်နေကြသည်။ ဆိုင်ရှင်များမှာ အလွန် ဝမ်းနည်းကြေကွဲနေကြပါသော်လည်း မတားဆီးရဲသောကြောင့် စိုးရိမ်ကြောင့်ကြမှုများကို ချုပ်တည်းကာ လေသံတိုးတိုးနှင့် အချင်းချင်း စကားပြောနေကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားရ၏။