ထိုလူငယ်လေး ကယောင်ချောက်ချားဖြစ်ကာ နှလုံး တဆတ်ဆတ် တုန်ရီနေရသည်မှာ မထူးဆန်းပေ။ သူသည် အဆင့်မြင့်ကျွန်းပေါ်တွင် ရှိနေခဲ့သည်မှာ နှစ်နှစ်တိတိ ရှိပြီဖြစ်သော်လည်း သူကိုယ်တိုင် စမ်းသပ်ပွဲကိုးခုကို ဖြေဆိုခဲ့သည့် အချိန်များတုန်းကဖြစ်စေ၊ အခြားသူများ၏ ပြောစကားများမှဖြစ်စေ ဝမ်ပေါင်လဲ့ကဲ့သို့သော လူမျိုးနှင့် တစ်ခါမှ မကြုံခဲ့ရဘူးပေ။ ဝမ်ပေါင်လဲ့မှာ သန့်စင်ရန် အလွန်အင်မတန် ခက်ခဲသော ပြီးပြည့်စုံသည့် ပထမအဆင့် ဓမ္မအဆောင် အခုတစ်ရာနှင့် ထိုစမ်းသပ်ပွဲအား ဖြေဆိုရန် ကြံစည်နေသည် မဟုတ်ပါလော။
မိမိဖြေဆိုရမည့် စမ်းသပ်ပွဲတစ်ခုလုံးကို ပို၍ခက်ခဲသွားအောင် လုပ်ရန် ကြံရွယ်နေသော လူတစ်ယောက် ရှိနေလိမ့်မည်ဟု ထိုလူငယ်လေးက လုံးဝထင်မထားမိခဲ့ပေ။ ထိုကဲ့သို့သော ဓမ္မအဆောင်များကို သန့်စင်ရန်မှာ အလွန်အင်မတန် ငွေကုန်ကြေးကျ များသည်မဟုတ်ပါလော။ ထို့အပြင် ထိုပထမဆုံး စမ်းသပ်ပွဲမှာ အင်မတန် ခက်ခဲနေမည်ဖြစ်ရာ ထပ်၍ ဖြေဆိုရမည့် ကြုံရာကျပန်း ဓမ္မအဆောင်ဆယ်ခုကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးစီးအောင် သန့်စင်ရမည့် စမ်းသပ်ပွဲဆိုလျှင် ပို၍ပင် ခဲယဉ်းသွားမည်သာ ဖြစ်သည်။
ထို့အပြင် ဂိုဏ်းသားအသစ်တစ်ယောက်တည်းက ထိုဓမ္မအဆောင်အားလုံးကို သန့်စင်ခဲ့ခြင်းဖြစ်သည်ဆိုသော အချက်ကို ထိုလူငယ်လေးမှာ လုံးဝမယုံကြည်နိုင်ပေ။ သူ မည်သို့ပင် တွေးတောတွက်ချက်စေကာမူ ထိုသို့ သန့်စင်နိုင်ရန် အချိန်လောက်ငှမည် မဟုတ်ပေ။ အကယ်၍ လူတစ်ယောက်မှာ ထိုကဲ့သို့ အမှန်တကယ် သန့်စင်နိုင်ခဲ့သည်ဆိုပါက ထိုလူသည် အနာဂတ်တွင် ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာနိုင်လောက်အောင် အလွန်အင်မတန်မှ ပါရမီပါသော လူတစ်ယောက် ဖြစ်ပေလိမ့်မည်ဟု ထိုလူငယ်လေးက ယူဆလိုက်၏။
သို့သော် သူ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ ပါရမီပါသော လူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူသည် အာရုံစုစည်းလိုက်ပြီး ဝမ်ပေါင်လဲ့ ကျောက်တိုင်ကြီးထဲသို့ ထည့်သွင်းနေသော ဓမ္မအဆောင်များထံမှ အကြည့်လွှဲလိုက်၏။ သူ၏ နှလုံးသားထဲရှိ ခံစားချက်လှိုင်းလုံးများကို ချုပ်တည်းလိုက်ပြီး ထိုလူငယ်လေးမှာ တစ်ယောက်ယောက်ထံမှ အကူအညီတောင်းကာ ဓမ္မအဆောင်များကို သန့်စင်ခဲ့ပြီး ကံစမ်းနေခြင်းဖြစ်မည်ဟု ယူဆလိုက်၏။
အကျိုးသင့်အကြောင်းသင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမပါပေ။ ထို့အပြင် ဤစမ်းသပ်ပွဲတွင် ကျရှုံးသွားခဲ့မည်ဆိုပါက အပ်နှံခဲ့သော ဓမ္မအဆောင်များကို ပြန်လည်ရရှိမည် မဟုတ်ပေ။ သို့သော် ချမ်းသာကြွယ်ဝသူများကမူ ထိုကဲ့သို့သော ဆုံးရှုံးမှုများကို မမှုပေ။
” အစ်ကို။ ကျနော် နောက်ထပ် ဘာဆက်လုပ်ရဦးမှာလဲ။ စမ်းသပ်ပွဲက စတော့မှာလား ”
ထိုလူငယ်၏ အတွေးများမှာ ယောက်ယက်ခတ်နေစဉ်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မအဆောင်အားလုံးကို ကျောက်တိုင်ကြီးထဲသို့ ထည့်သွင်းပြီးသွားပြီ ဖြစ်သောကြောင့် ထိုလူငယ်လေးဘက်သို့ လှည့်ကြည့်ကာ နောက်အဆင့်အကြောင်းကို ရင်တထိတ်ထိတ်နှင့် မေးလိုက်၏။ သူသည် ထိုလူငယ်လေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သတိထားမိလိုက်ပြီး ထိုသို့ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို နားလည်ထားပါသော်လည်း စမ်းသပ်ပွဲမှာ ပို၍အရေးကြီးနေသည်ဖြစ်ရာ သူသည် အာရုံပျံ့လွင့်သွား၍ မဖြစ်သောကြောင့် ရှင်းပြနေရန် အချိန်မရှိပေ။
” ဟွန်း ငွေကြေးချမ်းသာလို့ စည်းမျဉ်းစည်းကမ်းတွေကို လိုသလိုပြောင်းလဲပစ်လို့ ရလိမ့်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့လူတွေကို ငါ အမုန်းဆုံးပဲ ”
ထိုလူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ပြီးနောက် စိတ်ထဲတွင် ရေရွတ်ကာ သက်ပြင်းချလိုက်ပြီး ဂရုမစိုက်သည့် အမူအရာဖြင့် အေးစက်စက် ပြန်ပြောလိုက်၏။
” မင်းရဲ့လက်ကို ကျောက်တိုင်ပေါ်တင်လိုက်။ အဲဒါဆို စမ်းသပ်ပွဲ စသွားလိမ့်မယ် ”
သူ ထိုသို့ပြန်ဖြေလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ သူ၏လက်ကိုမြှောက်၍ ကျောက်တိုင်ပေါ်သို့ ဖိလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တဆတ်ဆတ် တုန်ရီသွားသည်ကို မြင်လိုက်ရသဖြင့် ထိုလူငယ်လေးမှာ အေးစက်စက် ရယ်မောလိုက်တော့သည်။
” ကောင်လေးရာ။ အရင်ဆုံး ကျရှုံးမှုကို ကြုံဖူးထားမှကွ။ မင်း ချမ်းသာတော့ရော ဘာလုပ်ရမှာလဲ။ ကျရှုံးမှာက ကျရှုံးမှာပဲ ”
ထိုလူငယ်လေးမှာ သူ၏ စမ်းသပ်ပွဲကို ရပ်တန့်လိုက်ပြီး ဝမ်ပေါင်လဲ့၏ ကျရှုံးမှုကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူ၏ ထင်မြင်ယူဆချက်အရဆိုလျှင် ဝမ်ပေါင်လဲ့မှာ နာရီဝက်အတွင်း ကျရှုံးရမည်ဖြစ်သည်။
သို့သော် အချိန်များကုန်လွန်သွားပြီး နာရီဝက်ဆိုသော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့၏ စမ်းသပ်ပွဲမှာ ပြီးဆုံးသွားခြင်း မရှိရုံသာမက သူ၏ရှေ့မှ ကျောက်တိုင်ကြီးမှာ စတင်လင်းလက်လာပြီး တစ်လက်မတိတိ ပို၍ မြင့်တက်လာ၏။
ထိုအခါ ထိုလူငယ်လေးမှာ အံ့အားသင့်သွားရပြီး အနည်းငယ်ခန့် တုန်လှုပ်ချောက်ချားစွာ တွေးမိလိုက်၏ ” ပထမဆုံး ပစ္စည်းက အောင်မြင်သွားပြီလားဟ ”
” မင်း ကံကောင်းနေလို့ပဲ ဖြစ်မှာပါ။ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ ”
သူသည် စိတ်ထဲတွင် ထိုကဲ့သို့ ညည်းတွားနေစဉ် ကျောက်တိုင်ကြီးမှာ ရုတ်တရက် လင်းလက်လာပြီး နှစ်လက်မအထိ မြင့်တက်သွားပြန်သည်။
” ဘာတွေဖြစ်နေတာလဲဟ ”
ထိုလူငယ်လေးမှာ အသက်ရှူသံများ မြန်လာ၏။
ခဏအကြာတွင် ထိုအလင်းတန်းမှာ သုံးလက်မအထိ မြင်တက်သွားသောအခါ ထိုလူငယ်လေးမှာ ဂနာမငြိမ် ဖြစ်သွားရတော့သည်။ သူသည် မတ်တတ်ထလာပြီး ကျောက်တိုင်ပေါ်ရှိ အလင်းတန်းလေး လေးလက်မမှ ငါးလက်မ ထို့နောက် ခြောက်လက်မအထိ အဆက်မပြတ် မြင့်တက်သွားသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အမူအရာဖြင့် စိုက်ကြည့်နေမိတော့သည်။ ထိုအလင်းတန်းလေး ကိုးလက်မအထိ ရောက်ရှိသွားသောအခါ ထိုလူငယ်လေးမှာ ကယောင်ချောက်ချားဖြစ်သွားပြီ တအံ့တဩနှင့် ပင့်သက်ရှိုက်မိသွား၏။
” မဖြစ်နိုင်တာ။ တော်တော်ကို မြန်တာပဲဟ ”
သူ၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အကယ်၍ ယခုလိုအောင်မြင်သွားသူမှာ အခြားတစ်ယောက်ယောက်သာ ဆိုပါက သူသည် ယခုလို ဖြစ်နေမည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့ ထည့်သွင်းခဲ့သည့် ဓမ္မအဆောင်အားလုံးမှာ သန့်စင်ရန် အလွန်အင်မတန် ခက်ခဲပြီး သာမန်အဆင့်အတန်းရှိ ပစ္စည်းများနှင့် လုံးဝမတူကြောင်းကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ သို့သော် သူသည် အောင်မြင်ခါနီးအခြေအနေသို့ ရောက်နေပြီဖြစ်သည်။
ထို အလင်းတန်းလေး ကိုးလက်မအထိ မြင့်တက်သွားပြီး သိပ်မကြာခင် ထိုကျောက်တိုင်ကြီးမှာ တောက်ပလာပြီး ထပ်၍ မြင့်တက်သွားကာ ဆယ်လက်မအထိ ရောက်ရှိသွားတော့သည်။ ၎င်းမှာ ဂိုဏ်းသားတစ်ယောက် ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက်အဖြစ်သို့ အောင်မြင်စွာ ရောက်ရှိသွားကြောင်းကို ဖော်ပြခြင်းပင် ဖြစ်သည်။ စစ်ဦးစီးဌာနမှ ဂိုဏ်းသားများမှာ ထိုအခြင်းအရာကို ရိပ်မိသွားကြသောအခါ ချက်ချင်းပင် စုဝေးလာကြ၏။
” လူတစ်ယောက်တော့ အောင်မြင်သွားပြီဟေ့ ”
” ဓမ္မလက်နက်ဂိုဏ်းသား အသစ်တစ်ယောက် ပေါ်လာပြီတဲ့ဟေ့ ”
စစ်ဦးစီးဌာနမှ ဂိုဏ်းသားများမှာ ထိုနေရာဆီသို့ ပြေးလာကြ၏။ လူငယ်လေးမှာမူ အံ့ဩလွန်းနေသောကြောင့် အမြင်အာရုံများပင် ဝေဝါးနေရပြီး ကျောက်တိုင်ကြီး၏အောက်တွင် ထိုင်နေသော ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများပွင့်လာပြီး စမ်းသပ်ပွဲကို အဆုံးသတ်လိုက်၏။
” အဲဒီလောက်ကြီးလည်း မခက်ပါဘူးကွာ ”
စမ်းသပ်ပွဲမှာ လူငယ်လေး ပြောပြခဲ့သလောက် ခဲယဉ်းမနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါ ဖြစ်နေရ၏။ သို့သော် သူသည် အောင်မြင်သွားပြီဖြစ်ရာ စိတ်လှုပ်ရှားနေတော့သည်။ ထို့ကြောင့် သူသည် မတ်တတ်ထလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ရီဝေဝေဖြစ်နေသော လူငယ်လေးအား ကျေးဇူးတင်စကားဆိုလိုက်၏။ ထို့နောက် နောက်သို့ လှည့်လိုက်သောအခါ စစ်ဦးစီးဌာနမှ ဂိုဏ်းသားများအားလုံး သူ့ဆီသို့ ပြေးလာကြပြီး ဂုဏ်ပြုစကားများ ဆိုလိုက်ကြ၏။
ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက်ရယ်မော၍ ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက်အဖြစ် တရားဝင် စာရင်းပေးသွင်းရန် စစ်ဦးစီးဌာနမှ ဂိုဏ်းသားများနှင့်အတူ ထွက်ခွာလာ၏။ မနက်ဖြန်သို့ရောက်လျှင် အထူးပြုလုပ်ထားသည့် ဓမ္မလက်နက်ဂိုဏ်းသားတာအိုဝတ်ရုံနှင့် အသိအမှတ်ပြု တံဆိပ်ပြားတို့ကို စစ်ဦးစီးဌာနက သူ့ဆီသို့ ပေးပို့ပေးမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်တိုင်းများကို ပေးလိုက်ပြီးနောက် စိတ်ဓာတ်တက်ကြွစွာ ထွက်ခွာလာတော့သည်။
သူ ထွက်ခွာသွားသောအခါမှသာ စစ်ဦးစီးဌာန၏ စမ်းသပ်ပွဲနယ်မြေထဲတွင် ရပ်နေသည့် လူငယ်လေးမှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သတိပြန်လည်လာတော့သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ စမ်းသပ်ပွဲကျောက်တိုင်ကြီးအား ချက်ချင်းပင် လှည့်ကြည့်လိုက်၏။
” မဟုတ်မှလွဲရော ဒီ ကျောက်တိုင်နဲ့ဆိုရင် စမ်းသပ်ပွဲ အောင်မြင်ဖို့ ပိုလွယ်တာလား ”
ထိုလူငယ်လေးမှာ ထိုသို့တွေးတောကာ မျက်လုံးများ အရောင်လက်သွားပြီး ထိုကျောက်တိုင်ကြီး၏ တည်နေရာကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။ ထို့နောက် သူ၏ နှလုံးသားထဲတွင် စိတ်ဆန္ဒများ တောက်လောင်လာပြီး ယခုအကြိမ်တွင် သူ ကျဆုံးသွားခဲ့မည်ဆိုပါက နောက်တစ်ကြိမ်တွင် ထိုကျောက်တိုင်ကြီးနှင့် စမ်းသပ်ပွဲအား ဖြေဆိုလိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ ထိုလူငယ်လေး တွေးတောနေသည့်အရာများကို အာရုံစိုက်မနေခဲ့ပေ။ သူသည် ကျေနပ်အားရစွာဖြင့် သူ၏ သင်္ဘောပျံပေါ်တွင် ထိုင်ချလိုက်ပြီး နောက်ဆုံးတွင် အပြာရောင်တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းနိုင်တော့မည်ဖြစ်ကြောင်း တွေးတောရင်း ပို၍ပင် ဝမ်းမြောက်ဝမ်းသာဖြစ်လာတော့သည်။ ထို့အပြင် မည်သည့် ဌာနတွင်မဆို တာဝန်ထမ်းဆောင်ရန် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်းကိုလည်း တွေးမိလိုက်၏။ ထို့ကြောင့် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး ချန်းယွီထုံအား ဆက်သွယ်လိုက်၏။ ထို့နောက် လက်ရှိအခြေအနေအကြောင်းကို လိမ္မာပါးနပ်စွာ ရှင်းပြလိုက်သောအခါ ချန်းယွီထုံကလည်း စိတ်ပါလက်ပါ သဘောတူလိုက်ပြီး ဝမ်ပေါင်လဲ့အား ဂိုဏ်းစီမံရေးဌာနရှိ စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များကို လက်စသတ်ရန် ဖိတ်ခေါ်လိုက်၏။
အရာအားလုံးမှာ အောင်အောင်မြင်မြင် ပြီးစီးသွားသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏လမ်းကြောင်းကို ပြောင်းလိုက်ပြီး ဂိုဏ်းစီမံရေးဌာနဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်တော့သည်။
ယခုတွင် ချန်းယွီထုံမှာ ဂိုဏ်းစီမံရေးဌာန၏ စံအိမ်ထဲတွင် ရှိနေ၏။ အစတွင် သူသည် သူ၏ ခေါင်းဆောင်မှုအောက်ရှိ အဖွဲ့ခေါင်းဆောင်လေးယောက် သူတို့၏ လုပ်ငန်းများအကြောင်း ဂရုတစိုက် အစီရင်ခံ တင်ပြနေသည်ကို အသက်မပါသော အမူအရာဖြင့် နားထောင်နေခြင်းဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ အသံလွှင့် အကြောင်းကြားစာကို ရရှိလိုက်သောအခါ သူသည် ပြုံးမိသွားပြီး ဝမ်းသာအားရဖြစ်ကာ အံ့အားသင့်သွားရ၏။
ထိုအခါ သူ၏ရှေ့တွင်ရှိနေသော အဖွဲ့ခေါင်းဆောင်လေးယောက်မှာ ဇဝေဇဝါဖြစ်နေသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သိသလောက်ဆိုလျှင် သူတို့၏ အထက်လူကြီးဖြစ်သော ချန်းယွီထုံမှာ ဂိုဏ်းစီမံရေးဌာနထဲတွင် မဟုတ်ပါက အခြားသူများကို ဖော်ရွေစွာ ဆက်ဆံတတ်ပါသော်လည်း ဂိုဏ်းစီမံရေးဌာနထဲတွင်မူ သူ၏အမူအရာမှာ အမြဲတမ်း ခက်ထန်နေတတ်၏။
” စိတ်ဝင်စားစရာပဲ။ သူ အဆင့်တက်ဖို့အတွက် အချိန်နည်းနည်းလောက် ထပ်လိုဦးမယ်လို့ ငါက ထင်ထားတာ။ တော်တော်ကို သွက်တာပဲကွ။ ကြည့်ရတာ ဆရာ့ရဲ့စကားတွေက မှန်နေတဲ့ပုံပဲ။ ဒီကောင့်ဆီမှာ အလားအလာတွေ အများကြီးရှိတာ သေချာတယ်။ သူနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ထားရင် အကျိုးရှိနိုင်တယ် ”
ချန်းယွီထုံမှာ ခပ်ရေးရေးခန့် ပြုံးလိုက်ပြီး သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ စစ်ဦးစီးဌာနရှိ ဝန်ထမ်းများအား ထိုအကြောင်းနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို စုံစမ်းမေးမြန်းလိုက်၏။ ထိုသို့မေးမြန်းလိုက်ပြီးနောက် သူ၏ မျက်ဝန်းများမှာ အံ့အားသင့်နေသည့် အရိပ်အယောင်များဖြင့် ဝင်းလက်သွား၏။
” သူ့ရဲ့ ရလဒ်တွေက တော်တော်ကို အဆင့်ကောင်းတာပဲ။ ကြည့်ရတာ သူက ငါပြောခဲ့တဲ့စကားကို သေချာ လိုက်နာခဲ့တဲ့ပုံပဲ။ ဒီလိုသာဆိုရင် ငါ သူ့ကို လက်အောက်ငယ်သားတစ်ယောက်လို ဆက်ဆံလို့ မဖြစ်တော့ဘူး။ အနာဂတ်မှာ သူက ငါ့ရဲ့ သွေးသောက်တစ်ယောက်တောင် ဖြစ်လာနိုင်တယ် ”
စမ်းသပ်ပွဲရလဒ်များနှင့် ပတ်သက်သော ကိစ္စများမှာ ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များ ဖြစ်ပါသော်လည်း ချန်းယွီထုံမှာ ရာထူးကြီးမားသောကြောင့် ထိုအကြောင်းများကို သိရှိနိုင်၏။
ချန်းယွီထုံမှာ ထိုကဲ့သို့တွေးတောကာ ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်းပင် အမိန့်များ ပေးလိုက်တော့သည်။
ထိုစဉ် ဝမ်ပေါင်လဲ့မှာ ဂိုဏ်းစီမံရေးဌာနဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာရင်း ဓမ္မလက်နက်စစ်သည်ဆိုသည့် ရာထူးမှာ တမူထူးခြားကြောင်း သတိထားမိလာ၏။ အပြာရောင်တာအိုဝတ်ရုံများ ဆင်မြန်းထားကြသည့် ဓမ္မလက်နက်ဂိုဏ်းသားတချို့ ဘေးမှဖြတ်သွားကြတိုင်း သာမန်ဂိုဏ်းသား အားလုံးနီးပါးမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူတို့အား အရိုအသေပေး၍ နှုတ်ဆက်ကြသည်ကို သူ၏ လမ်းတစ်လျှောက်တွင် မြင်ခဲ့ရ၏။ ဓမ္မလက်နက်စစ်သည်များ၏ အထင်ကြီးဖွယ်ရာ ပုံပန်းသွင်းပြင်များကို ကြည့်ရှုရင်း ဝမ်ပေါင်လဲ့မှာ ထိုတာအိုဝတ်ရုံကို ဆင်မြန်းနိုင်ရန် ပို၍ပင် မျှော်လင့်နေတော့သည်။
” ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက် ဖြစ်ရတာ တကယ်ကို တခြားသူတွေနဲ့ လုံးဝမတူတာပဲ ”
***
အဝေးမှကြည့်လိုက်မည်ဆိုပါက ဂိုဏ်းစီမံရေးဌာနမှာ အတော်အတန် ကြီးမား၏။ အထပ်လေးထပ်ပါသော အဆောင်တစ်ဆောင်ရှိပြီး ၎င်း၏ ပတ်ပတ်လည်တွင် နှစ်ထပ်၊ သုံးထပ်ရှိသော အဆောက်အဦများစွာက ဝန်းရံထား၏။ ထို့ကြောင့် ၎င်းမှာ အခြားအဆောက်အဦများနှင့် တစ်သီးတစ်ခြား ခွဲထွက်နေသည့်ပုံစံပင် ပေါက်နေ၏။
၎င်း၏ ပတ်ပတ်လည်တွင် သစ်ပင်ပန်းမန်း အမျိုးအစားများစွာလည်း ပေါက်ရောက်နေ၏။ ပင်မအဆောင်ကြီး၏ ရှေ့ရှိ ရင်ပြင်ထဲတွင် သင်္ဘောပျံများစွာကို ရပ်နားထားပြီး ထိုနေရာတစ်ဝိုက်တွင် သာမန်ဂိုဏ်းသားများဖြင့် ပြည့်နှက်နေပြီး ပျားပန်းခတ်နေကြ၏။ ဓမ္မလက်နက်ဂိုဏ်းသားများမှာလည်း လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာတစ်ခုအထိ ရှိကြသောကြောင့် သူတို့ဘေးမှ ဖြတ်သွားကြသည့် လူများမှာ သူတို့အား ရိုသေလေးစားမှု အပြည့်ဖြင့်သာ ဆက်ဆံကြ၏။
” ဒါက ဂိုဏ်းစီမံရေးဌာနကိုး ”
ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးခြင်းဖြစ်သည်။ သူ အနားသို့ ရောက်လာသောအခါ အပြာရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ့အား ပြုံးပြ၍ နှုတ်ဆက်လိုက်၏။
” ညီလေး ဝမ်ပေါင်လဲ့လား ”
သူ၏နာမည်အား ခေါ်လိုက်သည့်အသံကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အခြေအနေကို နားလည်သွားပြီး ပြုံးပြကာ ပြန်၍နှုတ်ဆက်လိုက်၏။
” ညီလေးဝမ်။ အစ်ကိုက ကျိုးဖုန်းဟိုင်ပါ။ ကျေးဇူးပြုပြီး အထဲကိုဝင်ပါ။ အစ်ကိုချန်းက ညီလေးကို အထဲမှာစောင့်နေတယ်။ အနာဂတ်မှာ ညီလေးက အစ်ကိုတို့လို လူတစ်ယောက် ဖြစ်လာမယ်ဆိုတာ သူက ကြေညာထားပြီးသား ”
အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ ဂိုဏ်းစီမံရေးဌာန၏ အဖွဲ့ခေါင်းဆောင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ယခုတွင် သူသည် ဝမ်ပေါင်လဲ့အား အထဲသို့ခေါ်သွားရင်း တိတ်တိတ်ကလေး အကဲခတ်လိုက်၏။ သူသည် အနာဂတ်တွင် သူတို့ကဲ့သို့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ခြေ ရှိသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးမှု ရအောင်လုပ်ရန် ကြံရွယ်ထား၏။
လမ်းတစ်လျှောက်တွင် သူတို့မှာ ခင်မင်ရင်းနှီးစွာ စကားစမြည် ပြောဆိုနေကြ၏။ ဝမ်ပေါင်လဲ့မှာ ဂိုဏ်းစီမံရေးဌာန၏ နောက်ဖေးမြေကွက်လက်ထဲသို့ ရောက်ရှိသွားပြီးနောက် အထပ်သုံးထပ်မြင့်သော အဆောင်တစ်ဆောင်ထဲသို့ ဝင်သွားလိုက်၏။ ထိုအခါ သူသည် လက်ဖက်ရည်သောက်နေသော ချန်းယွီထုံကို မြင်လိုက်ရ၏။
” မင်္ဂလာပါ အစ်ကိုချန်း ”
ဝမ်ပေါင်လဲ့မှာ ယခင်ကနှင့် မတူဘဲ ယခုအကြိမ်တွင် ရှေ့သို့ အလျင်အမြန် လှမ်းလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ချန်းယွီထုံအား နှုတ်ဆက်လိုက်၏။
သူ ဦးမညွှတ်နိုင်ခင်မှာပင် ချန်းယွီထုံက သူ၏အနားသို့ရောက်လာပြီး ပြုံးကာ ဝမ်ပေါင်လဲ့အား ဆွဲထူလိုက်၏။
” ညီလေးပေါင်လဲ့ရာ။ ဒီလိုတွေ လုပ်နေစရာမလိုပါဘူး။ လာ။ ဒီနားလာထိုင် ”
ချန်းယွီထုံမှာ ထိုသို့ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့အား ထိုင်ခိုင်းလိုက်၏။ ခဏအကြာတွင် ဝမ်ပေါင်လဲ့အား လမ်းပြခဲ့သော အဖွဲ့ခေါင်းဆောင်မှာ ဝိညာဉ်လက်ဖက်ရည်များ ဖျော်လာပြီး သူတို့နှစ်ယောက်၏ ရှေ့တွင် ချထားပေးလိုက်၏။ ထို့နောက် သူသည် ချန်းယွီထုံ၏ နောက်တွင်ရပ်ကာ ရိုသေလေးစားမှု အပြည့်ရှိသော အမူအရာဖြင့် ငြိမ်သက်နေ၏။
ချန်းယွီထုံမှာ အရင်ဆုံး ဝမ်ပေါင်လဲ့အား ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက် ဖြစ်လာသည့်အတွက် ဂုဏ်ပြုစကားဆိုလိုက်၏။ ထို့နောက် အလာပသလ္လာပ စကားအချို့ ပြောဆိုပြီးနောက် ချန်းယွီထုံမှာ အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုကို ဝမ်းမြောက်ဝမ်းသာ ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့အား လှမ်းပေးလိုက်၏။
” ညီလေးပေါင်လဲ့။ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် သိပ်မကြာခင် မင်းက ဓမ္မလက်နက်စစ်သည် ဖြစ်လာမှာ အသေအချာပဲ။ ပြီးတော့ မင်း အဆင့်နိမ့်ကျွန်းမှာ ရှိခဲ့တုန်းက မင်းက ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တဲ့အပြင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးဌာနကိုပါ တာဝန်ယူခဲ့တယ်ဆိုတာ အစ်ကို သိထားတယ်။ ညီလေးက အဲဒီအပိုင်းမှာ အတွေ့အကြုံရှိပြီး ဂိုဏ်းစီမံရေးဌာနကလည်း အဓိကစစ်ဆေးရေးမှူးအဖွဲ့အတွက် ခေါင်းဆောင်တစ်ယောက် လိုနေတာဆိုတော့ ညီလေး အဲဒီနေရာမှာ ခဏလောက် တာဝန်ထမ်းဆောင်ပြီးတော့ အစ်ကို့ကိုများ ကူညီပေးနိုင်မလားလို့ အစ်ကိုက မေးချင်လို့ပါ ”
ချန်းယွီထုံက ပြုံးကာ ဝမ်ပေါင်လဲ့အား မေးလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။ သူသည် ဂိုဏ်းစီမံရေးဌာနသို့ မရောက်ဖူးပါသော်လည်း ဝိညာဉ်ကွန်ရက်ပေါ်တွင် ထိုအကြောင်းနှင့် ပတ်သက်၍ အများကြီး ဖတ်ဖူးထားသည်ဖြစ်ရာ ချန်းယွီထုံမှလွဲ၍ လုပ်ပိုင်ခွင့်အာဏာအကြီးဆုံးမှာ အဓိကစစ်ဆေးရေးမှူးအဖွဲ့ဖြစ်ကြောင်း သိထား၏။ ထိုအဖွဲ့မှာ သူတို့၏ လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြု၍ အခြားသူများကို စစ်ဆေးရသည့် အဖွဲ့ဖြစ်သည်။
သို့သော် ထိုအဖွဲ့မှာ ချန်းယွီထုံ၏ လက်အောက်တွင်သာ အမြဲတမ်းရှိနေခဲ့သည်ဖြစ်ပြီး အခြား မည်သူ့ကိုမှ လွှဲပြောင်းပေးခြင်းမရှိခဲ့ပေ။ ထိုအဖွဲ့၏နောက်တွင် အဓိကတရားစီရင်ရေးအဖွဲ့ လေးဖွဲ့ရှိပြီး ထိုအဖွဲ့ တစ်ဖွဲ့ချင်းစီတွင် အဖွဲ့ခေါင်းဆောင်တစ်ယောက်၊ လက်ထောက်အဖွဲ့ခေါင်းဆောင်တစ်ယောက်နှင့် ဂိုဏ်းစီမံရေးဌာနမှ အခြားသာမန်ဂိုဏ်းသားများစွာ ပါဝင်၏။
သို့သော် ယခုတွင်မူ ချန်းယွီထုံမှာ အဓိကစစ်ဆေးရေးမှူးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်တာဝန်အား ဝမ်ပေါင်လဲ့ဆီသို့ လွှဲပြောင်းပေးမည်ဟု ပြောလိုက်ခြင်းဖြစ်သည်။
ထိုစကားကြောင့် ဝမ်ပေါင်လဲ့သာမက ချန်းယွီထုံ၏ နောက်တွင်ရပ်နေသည့် အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးဖြစ်သော ကျိုးဖုန်းဟိုင်ပင် အံ့ဩတုန်လှုပ်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့မှာ အများဆုံး သူနှင့် အဆင့်တူတူလောက်သာ ရလိမ့်မည်ဟု တွေးထားသည်ဖြစ်ပြီး ယခုလို ရာထူးအာဏာမျိုးကို ပိုင်ဆိုင်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူသည် အသက်ရှူသံများ မြန်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ သူ့အကြောင်းကို ပို၍ပင် သိချင်သွားတော့သည်။ သူ၏ စိတ်နှလုံးထဲတွင် မကျေမချမ်း ဖြစ်နေသည့် ခံစားချက်တစ်ခုပင်လျှင် ခပ်ရေးရေးခန့် ပေါ်လာ၏။
ဘာသာပြန်သူမှတ်စု။ ဤအခန်းမှစတင်၍ ကျောင်းစီမံရေးဌာနအစား ဂိုဏ်းစီမံရေးဌာနအဖြစ် ပြောင်းလဲရေးသားသွားပါမည်။