ဝမ်ပေါင်လဲ့သည် သင်္ဘောပျံပေါ်တွင် ရပ်လျက် လိုက်ပါလာပြီး အဆင့်မြင့်ကျွန်းသို့ ပြန်လာသည်။ ကျိုးရှောင်ရသည် အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရရုံမျှမက မှော်ဆေးရည် အဆောင် အကြီးအကဲ၏ တရားဝင် တပည့်တစ်ယောက် ဖြစ်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်ဝမ်းသာနေသည်။ ပြဿနာတစ်ခုလုံးမှာ ကောင်းမွန်စွာ အဖြေထွက်သွားသည်ဟု သတ်မှတ်နိုင်သည်။
ဝမ်ပေါင်လဲ့က လည်ချောင်းရှင်းကာ တွေးလိုက်သည်။
“ ဒီအဖြစ်ပျက်တစ်ခုလုံးမှာ ငါက အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့တာပဲ။ ငါ့ရဲ့ သတ္တိ၊ မိစ္ဆာစိတ်ဓာတ်နဲ့ ပတ်သက်ရင် အကြောက်အလန့်ကင်းတဲ့စရိုက်တွေကြောင့် ငါက ကောင်းချွမ်ကို ရိုက်ဖို့ အခွင့်အရေးကို အသုံးချပြီး ပရမ်းပတာ ဖြစ်အောင် ဖန်တီးနိုင်ခဲ့လို့ အောင်မြင်မှု ရခဲ့တာ။ ဒီအချက်ကြောင့် ဘန်နီလေးရဲ့ အောင်မြင်မှု လမ်းကြောင်းမှာ အတားအဆီးမရှိခဲ့တာ”
ဤအမြင်ကပ်စရာ ဖက်တီးသည် ဤတစ်ကြိမ်၌ သူ မရောက်လာခဲ့သည်တိုင် ဘန်နီအတွက် ရလဒ်မှာ ပြောင်းလဲမသွားနိုင်ကြောင်း ဘယ်သောအခါမျှ ဝန်ခံမည် မဟုတ်ပေ။ ယခု သူသည် တက်ကြွစွာဖြင့် သင်္ဘောပျံကို ထိုင်မောင်းနေရင်း မုန့်ထုပ်များ ထုတ်ယူကာ တဂျွတ်ဂျွတ် ဝါးစားနေလိုက်သည်။
“ သင်္ဘောပျံမောင်းရင်း မုန့်စားနိုင်တဲ့ အရည်အချင်းက … ဒီလို စွမ်းဆောင်ရည်မျိုးက လူတိုင်းမှာ ရှိတာမျိုး မဟုတ်ဘူး”
ဝမ်ပေါင်လဲ့က တဟားဟား ရယ်မောလိုက်သည်။ မကြာခင် သင်္ဘောပျံက မိုးသားတိမ်စိုင်များကြားမှ အဆင့်မြင့်ကျွန်းသို့ ရောက်ရှိလာသည်။
“ တုမင်ကလည်း မှော်ဆေးရည် အဆောင်မှာပဲ။ ငါ အဆင့်မြင့်ကျွန်းကို ရောက်ပြီးတည်းက သူနဲ့ သိပ်မတွေ့ရပေမဲ့ သူ အဆင်ပြေနေတယ်ဆိုတာ အံ့ဩစရာ မရှိပါဘူး။ သူက ပညာရေးမှာ အမြဲတမ်း ထူးချွန်ခဲ့တာဆိုတော့။ နောက်ပြီး သိုင်းပညာအဆောင်က ချန်းကျစ်ဟန်နဲ့ ကျိုးရိဖန်လည်း ရှိသေးတယ်။ ငါ့ကို သူတို့ ကျော်မသွားအောင် ကြိုးစားရမယ် ”
ထိုသို့ တွေးကာ ဝမ်ပေါင်လဲ့က ပင့်သက်ရှိုက်လိုက်သည်။ သူသည် နေထိုင်ရာ နတ်ဝိဇ္ဇာဂူသို့ ပြန်မသွားပေ။ ထိုအစား ဓမ္မလက်နက်အဆောင်များ တည်ထားသည့် မြောက်ဘက်တောင်တန်းများထဲမှ အလယ်တောင်ထိပ်ကို ငေးကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်ဂိုဏ်းသား စမ်းသပ်ပွဲ၏ အသေးစိတ် အကြောင်းအရာများကို ဝိညာဉ်ကွန်ရက်ပေါ်တွင် ဖတ်ရှုပြီး ဖြစ်ကာ ဓမ္မလက်နက်အဆောင် ဂိုဏ်းသားများ၏ စမ်းသပ်ပွဲမှာ မြောက်ဘက် တောင်စဉ်တန်းများ၌ ကျင်းပကြောင်း နားလည်ထားသည်။ ထိုနေရာ၌ စစ်ဦးစီးဌာနက ဂိုဏ်းသားများမှ ဓမ္မလက်နက်ဂိုဏ်းသားအဖြစ်သို့ ရာထူးတိုး စမ်းသပ်ပွဲကို ကြီးကြပ်သည်။ သို့ရာတွင် ဂိုဏ်းသားတစ်ယောက်က ပြီးပြည့်စုံသော ပထမအဆင့် ဓမ္မအဆောင် တစ်ရာကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင် ဓမ္မလက်နက်ဂိုဏ်းသား ရာထူးအတွက် ထိုဓမ္မအဆောင်များကို အကဲဖြတ်မှု ခံယူရန် ပေးပို့နိုင်သည်။
“ ငါ ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက် အဖြစ် ရာထူးတိုးယူမယ်။ ပြီးရင် တာဝန်ထမ်းဆောင်ဖို့ ဌာနတစ်ခု ရွေးရမယ် ”
ဝမ်ပေါင်လဲ့သည် မြောက်ဘက်တောင်တန်းများသို့ ဦးတည်ကာ သင်္ဘောပျံကို မောင်းနှင်လာစဉ် သူ့မျက်လုံးများမှာ စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေသည်။ လမ်းခုလတ်၊ အလယ်တောင်ထိပ်ကို ဖြတ်သွားချိန် စစ်ရေးပြကွင်းထဲ၌ အိုးစည်ကြီးတစ်ခု ငွားငွားစွင့်စွင့် တည်ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ညိုညစ်ညစ် အနီရောင် ဖြစ်ပြီး ရိုးရှင်းသည့် လက်ရာကြောင့် ထင်ရှားကာ လူအများ၏ အာရုံကို ဆွဲဆောင်နေသည်။
“ ဒါက ဝိညာဉ်ကွန်ရက်ပေါ်မှာ လူတွေ ပြောကြတဲ့ အိုးစည်ဖြစ်မယ်၊ ဟင်း ”
ဝမ်ပေါင်လဲ့သည် အိုးစည်ကြီးဆီသို့ အကြည့်ရောက်သွားသည်နှင့် စိတ်ဝင်စားသွားသည်။ ဝိညာဉ်ကွန်ရက်ပေါ်၌ အိုးစည်အကြောင်း မိတ်ဆက် ရှင်းပြထားသည်များ ဖတ်ဖူးသည်။ ဤသည်မှ ဓမ္မလက်နက်ဂိုဏ်းသားမှသာ တီးနိုင်သည့် အိုးစည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြီးအကဲတစ်ယောက်ကို ဖိတ်ခေါ်ရန် ဖြစ်သည်။
ဓမ္မလက်နက်များနှင့် ပတ်သက်သည့် ခက်ခဲသော ပြဿနာများ ရှိခဲ့လျှင် ဓမ္မလက်နက်ဂိုဏ်းသားက အစွမ်းရှိလျှင် ထိုအိုးစည်ကို တီးကာ ထိုအသံဖြင့် အကြီးအကဲတစ်ယောက်ကို အကြံဉာဏ်များ တောင်းခံနိုင်သည်။
သို့ရာတွင် ထိုအိုးစည်မှာ နှစ်ပေါင်းများစွာ ကြာအောင် ထားရှိသည့်တိုင် ခဏခဏ တီးသူများ မရှိပေ။ အမှန်တကယ် ဖြေရှင်းရန် ခက်ခဲသည့် ပြဿနာ မဟုတ်လျှင် အကြီးအကဲများကို အနှောင့်အယှက်ပေးနိုင်သည့် ဤအိုးစည်ကို မည်သူမျှ အားတိုင်း တီးမည် မဟုတ်ချေ။ ထို့ပြင် အိုးစည်အတွက် အိုးစည်ရိုက်တုတ်လည်း မရှိပေ။ တီးလိုသူက ဤအိုးစည်က ပေးထားသည့် ပစ္စည်းများကို သုံးကာ အိုးစည်ရိုက်တုတ်တစ်ခု ဖန်တီးရပြီး ထိုရိုက်တုတ်မှာလည်း ဤနေရာ၊ အိုးစည်ရှေ့၌ တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
ဓမ္မလက်နက်ဂိုဏ်းသားတစ်ဦးက ကိုယ်တိုင် ဖန်တီးထားသည့် အိုးစည်ရိုက်တုတ်တစ်ချောင်းကို ကိုင်ထားမှသာ အကြီးအကဲတစ်ဦးကို ဖိတ်ခေါ်ရန် အိုးစည်တီးနိုင်သည်။
အိုးစည်ရိုက်တုတ် ဖန်တီးနည်းမှာ အိုးစည်ဘေးတွင် ဖော်ပြထားသော်လည်း အလွန် ခက်ခဲသည်။ အိုးစည်ရိုက်တုတ်ကို နတ်ဘုရား ရတနာတစ်ပါးဟုပင် မသတ်မှတ်ကြတော့ပေ။ ထို့ပြင် ဓမ္မလက်နက်ဂိုဏ်းသားတိုင်း၌ သူတို့ ဘဝတစ်လျှောက်လုံးတွင် တစ်ကြိမ်သာ အိုးစည်တီးခွင့်ရှိသည်။ မအောင်မြင်ခဲ့လျှင် တီးပိုင်ခွင့် ဆုံးရှုံးမည် ဖြစ်သောကြောင့် အခွင့်အရေးကို လက်လွတ်စပယ် မဖြုန်းတီးရဲပေ။
ကိုယ်တိုင် ဖန်တီးထားသည့် အိုးစည်ရိုက်တုတ်ကို အသုံးပြုကာ အိုးစည်ကို အကြိမ်ရေ အများဆုံး တီးနိုင်ခဲ့သည့် ကျောင်းသားမှာ ငါးကြိမ် တီးနိုင်ခဲ့ကြောင်း ဝိညာဉ်ကွန်ရက်ပေါ်မှ ဝမ်ပေါင်လဲ့ ဖတ်ခဲ့ရသည်။ ဤသည်မှာ အခြားသူများထက် များစွာ သာလွန်နေပြီး ရလဒ်အနေဖြင့် သူ့ပြဿနာကို ကူညီဖြေရှင်းပေးရန် ဖိတ်ခေါ်ခဲ့သည့် အကြီးအကဲမှာ သာမန် အကြီးအကဲ မဟုတ်ဘဲ ဓမ္မလက်နက်အဆောင်၏ မဟာအကြီးအကဲ ဖြစ်သည်။
“ မဟာအကြီးအကဲတိုင်းက သူတို့ရဲ့ အဆောင်အသီးသီးမှာ အင်မတန် မြင့်မားတဲ့ ရာထူးကို ပိုင်ဆိုင်ထားကြတာ ဖြစ်တယ်။ မဟာအကြီးအကဲအထက်မှာ ဂိုဏ်းချုပ်နဲ့ လက်ထောက်ဂိုဏ်းချုပ်ပဲ ရှိတော့တယ်။ ဂိုဏ်းစောင့် အကြီးအကဲကတော့ အားလုံးရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်”
ဝမ်ပေါင်လဲ့သည် အဆင့်မြင့်ကျွန်းသို့ ဝင်ရောက်ပြီးနောက် အချိန်အများစုကို ဂူအောင်းကျင့်ကြံကာ ကုန်လွန်ခဲ့သော်လည်း ကောင်းကင်တာအိုကျောင်း၏ ဖွဲ့စည်းပုံကို အဆင့်နိမ့်ကျွန်းတွင် ရှိစဉ်ကထက် သိသိသာသာ နားလည်သိမြင်လာသည်။
ကောင်းကင်တာအိုကျောင်း၌ ရာထူးအကြီးဆုံးမှာ လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းစောင့်အကြီးအကဲ ဖြစ်ကြောင်း နားလည်ထားသည်။ သူ့ကို ကောင်းကင်တာအိုကျောင်း၌ ဘယ်တော့မှ မတွေ့ရသော်လည်း သူ၏ တည်ရှိမှုက မှီခိုအားထားရာ နတ်ဘုရားတစ်ပါးအလား ဖြစ်ပြီး ကောင်းကင်တာအိုကျောင်းရှိ လူအားလုံး၏ အာမခံချက်၊ ပြည်ထောင်စု၏ ဂုဏ်ပုဒ်ဖြစ်သည်။
ဂိုဏ်းစောင့်အကြီးအကဲ၏ လက်အောက်ငယ်သားများ၌ ကောင်းကင်တာအိုကျောင်း ဂိုဏ်းချုပ်နှင့် လက်ထောက်ဂိုဏ်းချုပ် သုံးဦးပါဝင်သည်။ သူတို့ လက်အောက်တွင် အဆောင်ဆယ်ဆောင်နှင့် ကျောင်းတစ်ကျောင်း ရှိသည်။ အဆောင်ဆယ်ဆောင်မှာ ဓမ္မလက်နက်အဆောင် အပါအဝင် အဆင့်မြင့်ကျွန်းရှိ အဆောင်ကျွန်းဆယ်ကျွန်းကို ဆိုလိုပြီး ကျောင်းမှာ အဆင့်နိမ့်ကျွန်းကို ပြောခြင်း ဖြစ်သည်။
အဆောင်တိုင်း၌ အဆောင်မှူးမှာ ရာထူးအကြီးဆုံး ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်၌ အဆောင်မှူးအထက်၌ အကြီးအကဲများ ရှိသေးသည့်အပြင် အဆောင်တစ်ဆောင်စီ၌ မဟာအကြီးအကဲ တစ်ဦးစီ အသီးသီး ရှိကြသည်။
ထိုအကြီးအကဲများမှာ အဆောင်အုပ်ချုပ်စီမံရေး၌ မပါဝင်ကြပေ။ သို့သော် သူတို့က အကြီးအကဲအဖွဲ့ ဖွဲ့စည်းထားပြီး အဆောင်မှူးနှင့် လက်ထောက် အဆောင်မှူးရာထူးများကို ခန့်အပ်နိုင်သည့် အာဏာ ရှိသည်။
ဤသည်မှာ ကောင်းကင်တာအိုကျောင်း၏ ကျောင်းတွင်း ကိစ္စရပ်များ စီမံခန့်ခွဲသည့် ရာထူးများကို စနစ်တကျ ဝါစဉ် သတ်မှတ်ထားသည့် ဖွဲ့စည်းပုံစည်းမျဉ်း ဖြစ်သည်။ ဝမ်ပေါင်လဲ့သည် ဤအကြောင်းအရာ အားလုံးကို နားလည်လာချိန်၌ တာဝန်ကြီးကြီး ယူနိုင်ရန် အချိန်ယူလေ့ကျင့်ရန် လိုကြောင်း သဘောပေါက်လာသည်။ တချိန်တည်းမှာပင် ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက် ဖြစ်လာရန် ဆန္ဒပိုမို ပြင်းပြလာသည်။
အိုးစည်ထံမှ အကြည့်လွှဲလိုက်ပြီး ဝမ်ပေါင်လဲ့က အတွေးများကို ချုပ်ထိန်းကာ မြောက်ဘက်တောင်တန်းဆီသို့ သင်္ဘောပျံကို တိုက်ရိုက် မောင်းနှင်လာသည်။ မကြာမီ စစ်ဦးစီးဌာနအပေါ်မှ တိမ်တိုက်များကြား ရောက်ရှိလာသည်။ သင်္ဘောပျံကို ဆင်းသက်လိုက်ပြီး ဝန်းအတွင်း ဝင်ရောက်သွားသည်။
စစ်ဦးစီးဌာနထဲ၌ ဂိုဏ်းသား အနည်းငယ်သာ ရှိသည်။ သာမန်ဂိုဏ်းသား အများအပြားထဲ၌ ဓမ္မလက်နက်ဂိုဏ်းသား ဖြစ်နိုင်သည့် အစွမ်းအစရှိသူများမှာ လက်တစ်ဆုပ်ခန့်သာ ရှိသည်။ ထို့ကြောင့် စိစစ်ရေးအဆင့်ကို ပြီးဆုံးပြီးနောက် ဝမ်ပေါင်လဲ့သည် အထူးသတ်မှတ်ထားသည့် အကဲဖြတ်ကွင်းထဲသို့ ရောက်ရှိလာသည်။ ထိုကွင်းမှာ ဧရာမ ကျောက်တိုင်ကြီး ဆယ်ခု ရှိနေသည့် စစ်ရေးပြကွင်းလည်း ဖြစ်သည်။ ဝမ်ပေါင်လဲ့အပြင် ကျောက်တိုင်တစ်ခုပေါ်တွင် မျက်လုံးမှိတ် တင်ပျဉ်ခွေထိုင်ကာ ပြင်ဆင်နေသည့် ပိန်ပိန်ရှည်ရှည် လူငယ်တစ်ယောက်လည်း ရှိသည်။ သူသည် လေးနက်တည်ကြည်ကာ ပဟေဠိဆန်သည့် အသွင်ရှိသည်။
တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို ခံစားမိသဖြင့် ထိုလူငယ်က ခေါင်းမော့ကာ မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း ဝမ်ပေါင်လဲ့ကို တစ်ချက်သာ ငဲ့ကြည့်ပြီး တိတ်ဆိတ်သွားသည်။ သို့ရာတွင် ဝမ်ပေါင်လဲ့မှာ ပြင်ဆင်ခြင်း မရှိ အကဲဖြတ်ခံယူတော့မည်ကို တွေ့ပြီးနောက် မျက်ခုံးပင့်ကြည့်ကာ ရယ်မောလိုက်သည်။
“ ဂိုဏ်းသားအသစ်လား ”
ဝမ်ပေါင်လဲ့က သူ့စကားကို ကြားပြီး လှည့်ကြည့်လိုက်သည်။
“ ဓမ္မလက်နက်ဂိုဏ်းသား စမ်းသပ်ပွဲက ဂိုဏ်းသားတစ်ယောက်အတွက် အရေးအကြီးဆုံး မှတ်တိုင် တစ်ခုပဲ။ ညီလေး၊ မင်း တစ်ကိုယ်ရေ သန့်ရှင်းရေး မလုပ်တာက ကိစ္စမရှိပေမဲ့ ပြင်ဆင်ခြင်း မရှိတာက ဓမ္မလက်နက်ဂိုဏ်းသား ရာထူးတိုး စမ်းသပ်ပွဲကို လေးစားမှုမရှိဘူးဆိုတာ ဖော်ပြနေတာ။ မင်း ပြင်ဆင်ပြီးမှ ကြိုးစားကြည့်ပါလို့ အကြံပေးချင်တယ်။ မဟုတ်ရင် မင်းသေချာပေါက် ကျမှာ”
ထိုလူငယ်က အတွေ့အကြုံများနေသည့်အလား တည်ငြိမ်စွာ ပြောလိုက်သည်။
“ အဲဒါက တကယ်ကြီး ခက်တာလား”
ဝမ်ပေါင်လဲ့သည် အစက အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။ သို့သော် ထိုလူငယ်၏ စကားများကို ကြားပြီး အတွင်းသိစိတ်အရ ထိုလူငယ်က သူ့ကို လိမ်ပြောနေခြင်း မဟုတ်ကြောင်း ခံစားရသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပူပန်လာသည်။
“ နှစ်တိုင်း ဓမ္မလက်နက်အဆောင်မှာ ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက် အဖြစ် အောင်အောင်မြင်မြင် အဆင့်တက်နိုင်တာ ဆယ်ယောက်ကျော်ရုံလေးပဲ ရှိတယ်။ နောက်ပြီးတော့ အဖွဲ့ဝင်အများကြီးက အဆင့်မြင့်ကျွန်းကို ဝင်ပြီး အနည်းဆုံး နှစ်နှစ်လောက် ကြိုးစားပြီးမှ အဆင့်တက်သွားကြတာ။ ဒီတော့ ခက်တယ်မထင်ဘူးလား ”
“ ပြီးပြည့်စုံတဲ့ ပထမအဆင့် ဓမ္မအဆောင် အခုတစ်ရာကို သန့်စင်ရတာက အချိန်ယူပြီး လုပ်လို့ ရတာကြောင့် လွယ်တယ်ထင်ရတာ။ ဒါပေမဲ့ အကဲဖြတ် မှော်ဝင်နယ်မြေထဲမှာ ဓမ္မအဆောင် ကျပန်း ဆယ်ခုရွေးချယ်ရမှာ။ အမှားအယွင်း မရှိဘဲ သတ်မှတ်ထားတဲ့ အချိန်အတွင်း သန့်စင်ခြင်း လုပ်ငန်းကို ပြီးအောင် လုပ်ဖို့လိုတယ်။ အမှားတစ်ခုလုပ်တာနဲ့ ကျပြီပဲ။ ဒါ မခက်ဘူးလား၊ ပြော ”
“ အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရတဲ့သူတွေထဲမှာ ပါရမီ မရှိတာ ဘယ်သူရှိလဲ။ မင်းလို စမ်းသပ်ပွဲက အောင်ဖို့ လွယ်တယ်ထင်တဲ့ လူမျိုးတွေ ပေါလိုက်တာ။ ငါက ကိုးခါ ကြိုးစားပြီးပြီမလို့ အများကြီးတွေ့ဖူးတယ်။ ဒါပေမဲ့ အောင်မြင်သွားတာတော့ တစ်ယောက်မှ မရှိသေးဘူး”
လူငယ်လေးမှာ ဝမ်ပေါင်လဲ့ကို မည်သူမည်ဝါ မသိဘဲ ဟိတ်ဟန်အပြည့်ဖြင့် ပြောနေသည်။
ဝမ်ပေါင်လဲ့က ထိုလူငယ်ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ထိုလူငယ်မှာ စမ်းသပ်ပွဲ၌ အကြိမ်ပေါင်းများစွာ ပါဝင်ဖူးသောကြောင့် အတွေ့အကြုံများပြီး သူပြောသည်မှာ ဖြစ်နိုင်ကြောင်း စဉ်းစားနေမိသည်။ ထို့ကြောင့် သူသည် ယုံကြည်ခြင်းနှင့်အတူ သံသယပါ ဝင်လာပြီး စိတ်မသက်မသာ ဖြစ်လာသောကြောင့် ထိုလူငယ်ကို အတုယူကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး စတင်ပြင်ဆင်တော့သည်။
ဝမ်ပေါင်လဲ့မှာ အကြံဉာဏ်ကို လိုက်နာကျင့်သုံးသူ ဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့် လူငယ်မှာ သဘောကျ ရယ်မောလိုက်သည်။ သူ၏ ယခင်ကျရှုံးခဲ့သည့် အရိပ်အယောင်များကို ဝမ်ပေါင်လဲ့ထံ၌ တွေ့မြင်နေရသည့်အလားပင်။ တခဏအကြာ ပြင်ဆင်ခြင်း ပြီးသွားချိန်တွင် သူက ညာလက်ကို မြှောက်ကာ ဓမ္မအဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ကျောက်တိုင်ဆီသို့ ပို့လိုက်သည်။
ဝမ်ပေါင်လဲ့ကလည်း ထိုအဖြစ်ကို သတိပြုမိကာ လူငယ်ကဲ့သို့ ချက်ချင်းပင် ဓမ္မအဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ကျောက်တိုင်ဆီသို့ ပို့လိုက်သည်။
“ တိမ်လွှာဓါး ”
ဝမ်ပေါင်လဲ့ ထုတ်ယူလိုက်သည့် ဓမ္မအဆောင်ကို သတိထားမိကာ လူငယ်လေးမှာ ခေတ္တမျှ အံ့အားသင့်သွားသည်။ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်ပြီး နောက်ထပ် ဓမ္မအဆောင်တစ်ခုကို ထုတ်ယူကာ ကျောက်တိုင်ထဲသို့ ပစ်လွှတ်လိုက်သည်။ ဝမ်ပေါင်လဲ့ကလည်း အလားတူ နောက်ထပ် ဓမ္မအဆောင်တစ်ခုကို ထုတ်လိုက်သည်။
“ ဝိညာဉ်မြူဒိုင်းကာ ”
လူငယ်လေးက မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။ တိမ်လွှာဓါးမှာ ပထမအဆင့် ဓမ္မအဆောင်များထဲမှ သန့်စင်ရန် အခက်ဆုံးပစ္စည်းတစ်မျိုး ဖြစ်သည်။ သူသည် ပထမအဆောင်ကို ကြည့်ပြီး အံ့အားသင့်သွားသော်လည်း ရှည်ရှည်ဝေးဝေး မတွေးမိပေ။ သို့ရာတွင် ယခု ဝမ်ပေါင်လဲ့က သန့်စင်ရန် အလွန် ခက်ခဲသည့် ဓမ္မအဆောင် နောက်တစ်ခုကို ထုတ်လိုက်သောကြောင့် သူသည် စိတ်ရှုပ်ထွေးသွားသည်။ ထိုမျှသာမက သူသည် မကျေမနပ်ဖြစ်ကာ ရင်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။
“ သူက ကြွားနေတာလား။ ငါနဲ့ ပြိုင်ဖို့ စဉ်းစားနေတာလား။ ညီလေး၊ မင်းက နုပါသေးတယ်။ ငါက အကြိမ်ရေအများကြီး ကျရှုံးဖူးတယ်ဆိုပေမဲ့ တကယ့်လက်တွေ့မှာ ကျရှုံးမှုတိုင်းက ငါ့အတွက် စိတ်ခွန်အားလည်း ဖြစ်သလို တိုးတက်မှုတစ်ခုလည်း ဖြစ်တယ်။ ဒီကျရှုံးမှုတွေ မရှိခဲ့ဘူးဆိုရင် ဒီနေ့ငါဆိုတာ ရှိလာမှာ မဟုတ်ဘူး ”
လူငယ်လေးက မျက်လုံးကို မှေးကြည့်လိုက်ပြီး မာနတခွဲသားဖြင့် အင်္ကျီလက်ကို ခါရမ်းကာ ကျန်ရှိနေသည့် ကိုးဆယ့်ရှစ်ခုသော ဓမ္မအဆောင်များကို ထုတ်လိုက်သည်။ ထိုအဆောင်များထဲတွင် ဝိညာဉ်မြူဒိုင်းနှင့် တန်းတူ သန့်စင်ရန် ခက်ခဲသည့် အဆောင် ကိုးခု ပါဝင်သည်။ ဝမ်းမြောက်ဝမ်းသာဖြင့် ဝမ်ပေါင်လဲ့ကို မကြည်မလင် ကြည့်လိုက်သည်။ သို့သော် ထိုအချိန်၌ ရုတ်တရက် သူ့ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။
သူ့ဘေးမှ ဝမ်ပေါင်လဲ့သည် သူ့နည်းတူ ကျန်ရှိနေသည့် ဓမ္မအဆောင် ကိုးဆယ့်ရှစ်ခုကို ထုတ်လိုက်သည်။ အားလုံးမှာ ဝိညာဉ်မြူဒိုင်းနှင့် အဆင့်တူဖြစ်သည်။ ယခု ဓမ္မအဆောင်များမှ အလင်းရောင်မှာ အလွန် စူးရှတောက်ပနေသောကြောင့် လူငယ်လေးမှာ မျက်လုံးများ ကျွတ်ကျတော့မည့်အတိုင်း ခံစားလိုက်ရသည်။ တအံ့တဩဖြစ်သွားပြီး စိတ်ထဲမှ ဒေါသတကြီး ကြိတ်မနိုင်ခဲမရ ကျိန်ဆဲနေသည်။
“ ဒီကောင်က စမ်းသပ်ခံဖို့ လာတာလား။ သူ့ ပစ္စည်းများတာ ကြွားဖို့ လာတာလား။ ဓမ္မလက်နက်ဂိုဏ်းသား စမ်းသပ်ပွဲလိုမျိုးအတွက် ဒီလောက်သန့်စင်ဖို့ ခက်ခဲတဲ့ ဓမ္မအဆောင်တွေ အများကြီး ယူလာတာ ဘာလုပ်ဖို့လဲ”
ဘာသာပြန်သူမှတ်စု။ ရှေ့အခန်းက ဓမ္မလက်နက်အဖွဲ့ဝင်ဟု ပြန်ဆိုခဲ့ပြီး ဤအခန်းမှစတင်၍ ဓမ္မလက်နက်ဂိုဏ်းသားအဖြစ် သုံးစွဲသွားမည်ဖြစ်ပါသည်။