ကောင်းချွမ်မှာ စိတ်ထဲတွင် ဝမ်းနည်းခြင်းနှင့်အတူ ဒေါသများ ရောယှက်နေသည်။ ဝမ်ပေါင်လဲ့၏ စကားများကို ကြားပြီးနောက် ဤစစ်ဆေးပွဲ၏ တရားမျှတခြင်းကို ဝင်ရောက်စွက်ဖက်သူမှာ ဝမ်ပေါင်လဲ့သာ ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူသည် အလွန်အမင်း စိတ်ဓတ်ကျကာ မခံမရပ်နိုင်ဖြစ်နေသည့် ခံစားချက်များက ပေါက်ကွဲထွက်တော့မည့်အလား ပြည့်နှက်လာသောကြောင့် ရှင်းပြရန် ကြိုးစားလိုက်သည်။
သို့သော် ဝမ်ပေါင်လဲ့က မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ပြီး သူ့အကြည့်ထဲမှ ရက်စက်ကြမ်းတမ်းမှုကြောင့် ကောင်းချွမ်မှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး ရင်ထဲ၌ ဝမ်းနည်းမှုများ တလှိုက်လှိုက် တက်လာသည်။
“ ဘယ်သူက မကောင်းတာလဲ၊ ယုတ်မာတာက ဒီဝမ်ပေါင်လဲ့ပဲ ”
အဆင့်နိမ့်ကျွန်းမှ ကျောင်းသားများက ဤမြင်ကွင်းကို တွေ့သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့အားလုံးက ဝမ်ပေါင်လဲ့ကို နတ်ဘုရားအလား ကြည့်လိုက်ကာ တချို့မှာ လေးစားစွာ အရိုအသေပြုလိုက်ကြသည်။ ကောင်းချွမ် အထိုးခံရသည်ကို ကြည့်ပြီးနောက် သူတို့ ဒေါသများ တဖြည်းဖြည်း လျော့ကျသွားသည်။ ကောင်းချွမ်မှာ တာအိုကျောင်း၌ လူချစ်လူခင် နည်းပါးလှသည်။
အထူးသဖြင့် လူအုပ်ထဲ၌ ကျောင်းသားသစ်များ ပါနေပြီး သူတို့သည် ဝမ်ပေါင်လဲ့ကို အခြားသူ ပြောစကားများအရ ပုံဖော်ကြည့်ခဲ့ရသည်။ လူကိုယ်တိုင် တွေ့မြင်ရချိန်၌ သူတို့အားလုံးမှာ အံ့ဩလေးစားသွားကြသည်။ ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်ကျွန်းသို့ ဝင်ရောက်သွားသည့်တိုင် သူ၏ ယခင် ကြိုးပမ်းအားထုတ်မှုများမှာ ပုံပြင်သဖွယ် အဆင့်နိမ့်ကျွန်း၌ ပျံ့လွင့်နေဆဲ ဖြစ်သည်။ နောင်အနာဂတ်တွင်လည်း သူ့အကြောင်းများမှာ အဆင့်နိမ့်ကျွန်းတွင် နက်ရှိုင်းစွာ ဆက်လက် တည်မြဲနေမည် ဖြစ်ကြောင်း တွေးကြည့်နိုင်သည်။ ထိုစဉ်က အဖြစ်အပျက်များကြောင့် ဝမ်ပေါင်လဲ့မှာ ဌာနတိုင်း၌ အထင်ကရပုဂ္ဂိုလ်တစ်ဦး အဖြစ် မှတ်ယူခံရသည်။
တာအိုကျောင်းသို့ နောက်နှစ်များ၌ ဝင်လာကြမည့် ကျောင်းသားသစ်များမှာ အဆင့်နိမ့်ကျွန်းသို့ ခြေချသည်မှစကာ ဝမ်ပေါင်လဲ့၏ ဒဏ္ဍာရီများကို နားဆင်ပြီး ရင့်ကျက်လာကြမည်ဟု ပြောနိုင်သည်။ အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရကြလျှင် သူတို့သည် ဝမ်ပေါင်လဲ့အကြောင်း အချက်အလက်များကို တတ်နိုင်သမျှ စုံစမ်းကြလိမ့်မည် ဖြစ်သည်။
အဆင့်နိမ့်ကျွန်းမှ ကျောင်းသားများ၏ နှလုံးသားထဲတွင် ဝမ်ပေါင်လဲ့မှာ ကျောင်းသားများကြားမှ ပြိုင်ဘက်ကင်း အကျော်အမော် တစ်ယောက်အဖြစ် ခံယူထားကြသည်။
ကွင်းပြင်၏ ဘယ်ဘက်ခြမ်းတွင် ရပ်နေသည့် ပါမောက္ခမှာ လက်ရှိအချိန်တွင် ဝမ်ပေါင်လဲ့ကြောင့် ခေါင်းကိုက်နေရသည်။ ဝမ်ပေါင်လဲ့မှာ သူမတူအောင် ထူးချွန်လှသော်လည်း ပြဿနာရှာနိုင်စွမ်းမှာလည်း အလားတူ ထူးချွန်လှသည်။ ဝမ်ပေါင်လဲ့နှင့် ကောင်းချွမ်တို့၏ ပဋိပက္ခမှာ အလွန်ကြီးမား နက်နဲလှသည်။ ဝမ်ပေါင်လဲ့သည် အဆင့်နိမ့်ကျွန်းမှ ထွက်သွားပြီးသည့်တိုင်အောင် ပြန်လာပြီး ကောင်းချွမ်အား ရိုက်ပုတ်သေးသည်။ ဤအဖြစ်ကြောင့် ပါမောက္ခမှာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။
ပြဿနာကို မည်သို့ ရှင်းရမည်နည်းဟု စဉ်းစားနေစဉ် ကျိုးရှောင်ရ၏ ညင်သာသော အသံက ကွင်းပြင်ထဲတွင် ထွက်ပေါ်လာသည်။
“ အစ်ကိုပေါင်လဲ့ … စစ်ဆေးပွဲကို ပြန်လုပ်စရာ မလိုပါဘူး။ ရလဒ်က ဒီလိုပဲ ဖြစ်မှာ ”
ကျိုးရှောင်ရက ပြောလိုက်ရင်း ဝမ်ပေါင်လဲ့ ဘေးသို့ သွားကာ လက်ကို ကိုင်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ ဘယ်လိုလုပ် အဲဒီလို ထားလို့ရမလဲ ”
ဝမ်ပေါင်လဲ့က စကားဆက်ပြောမည့်ဆဲဆဲ ပါမောက္ခဘေးမှ မှော်ဆေးရည် အဆောင် အကြီးအကဲက ရုတ်တရက် ရယ်မောလိုက်သည်။
“ ကောင်လေး၊ မင်း နောက်တစ်ခါ ပြန်စစ်ဆေးချင်တာ သေချာလား ”
ဝမ်ပေါင်လဲ့သည် အကြီးအကဲကို တချိန်လုံး ဂရုစိုက် ကြည့်နေခဲ့သည်။ အကြီးအကဲ၏ စကားကို ကြားလိုက်ရလျှင် တစ်ခုခု လွဲနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ကျိုးရှောင်ရကို ကြည့်လိုက်ပြီးနောက် အကြီးအကဲကို ကြည့်လိုက်သည်။ အမှန်တကယ်တွင် သူ ကောင်းချွမ်ကို ရိုက်နှက်နေစဉ် အကြီးအကဲက မတားသောကြောင့် သူ့စိတ်ထဲတွင် အကြောင်းရင်း စဉ်းစားနေခဲ့သည်။
ဝမ်ပေါင်လဲ့ အမူအရာကို ကြည့်ကာ အကြီးအကဲက ပြုံးလိုက်သည်။ ထို့နောက် သူက ကျိုးရှောင်ရဆီ အကြည့်လွှဲလိုက်သည်။ အနည်းငယ် ခက်ထန်သည့် အမူအရာဖြင့် သူက မေးလိုက်သည်။
“ ကျိုးရှောင်ရ၊ ပြောစမ်း … ဘာလို့ ဆည်းဆာမြက်ကို နောက်ဆုံး အချိန်မှာ ထည့်လိုက်တာလဲ”
အကြီးအကဲ၏ မေးခွန်းကို နားထောင်ပြီးနောက် ကျိုးရှောင်ရက အသက်ပြင်းပြင်း ရှူလိုက်သည်။ ဝမ်ပေါင်လဲ့ လက်ကို မလွှတ်ဘဲ တိုးတိတ်ညင်သာစွာ ပြောလိုက်သည်။
“ ဘာလို့လဲဆိုတော့ တိမ်လွှာအမြစ်ဆေး ဖော်စပ်နည်းအရ ဆေးလုံးရဲ့ အဆိပ်ပမာဏက သန့်စင်တာနဲ့အမျှ ပိုပြီး မြင့်တက်လာတာ။ ဆည်းဆာမြက်က ဆေးလုံးရဲ့ အဆိပ်ကို ဖယ်ရှားပေးနိုင်တယ်။ အဲဒါကြောင့် …. ကျမ ဆည်းဆာမြက်ကို ထည့်တာပါ ”
ကျိုးရှောင်ရ၏စကားကြောင့် ပတ်ဝန်းကျင်မှ အသံများ ငြိမ်ကျသွားပြီး ချန်ဖေးသည်ပင် ခေတ္တမျှ ရပ်တန့်ကာ ကျိုးရှောင်ရကို စိုက်ကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့မှာ မျက်တောင်ခတ်ကာ သနားစရာ ဒုပါမောက္ခ ကောင်းချွမ်ကို ငုံ့ကြည့်လိုက်ပြီး ဘာမျှ မပြောပေ။
“ ဆည်းဆာမြက်က ဆေးလုံးရဲ့ အဆိပ်ကို ဖယ်ရှားနိုင်တယ်ဆိုပေမဲ့ မင်း ထည့်လိုက်ပြီးတာနဲ့ ဆေးရဲ့ သန့်စင်မှုကိုပါ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာ သိထားလား ”
အကြီးအကဲ၏ အကြည့်မှာ ပိုမို စူးရှလာပြီး ကျိုးရှောင်ရ၏ စိတ်ထားအစစ်အမှန်ကို စစ်ဆေးရန် ကြိုးစားနေသည့်အလား ထင်ရသည်။
ကျိုးရှောင်ရမှာ နည်းနည်း ကြောက်နေသော်လည်း ဝမ်ပေါင်လဲ့ လက်ကို တင်းတင်းဆုပ်ကာ ဖြေလိုက်သည်။
“ သိထားပါတယ် ”
“ မင်း သိထားတယ်။ ဒါဆိုရင် ဒီစစ်ဆေးပွဲက တိမ်လွှာအမြစ်ဆေးရဲ့ သန့်စင်နှုန်းအပေါ်မှာ အခြေခံပြီး အကဲဖြတ်တယ်ဆိုတာကိုရော သိလား။ သိတယ်ဆိုရင် ဘာလို့ အဲဒီလို လုပ်တာလဲ။ အထူးဝင်ခွင့်ရတပည့်ဖြစ်မဲ့ အခွင့်အရေးကို မလိုချင်ဘူးလား ”
မှော်ဆေးရည် အဆောင် အကြီးအကဲက ဖြည်းဖြည်းချင်း ပြောနေသော်လည်း သူ့အကြည့်မှာ ပိုမို စူးရှလာပြီး သူ့ခန္ဓာကိုယ်မှ ဖိအားတစ်မျိုး ထွက်လာသည်။ ဤဖိအားမှာ ပြင်းထန်လွန်းလှသဖြင့် ဝမ်ပေါင်လဲ့ပင် လန့်သွားသည်။
ကျိုးရှောင်ရမှာ အသက်ရှူမြန်လာပြီး ခန္ဓာကိုယ်မှာလည်း တုန်ယင်လာသည်။ သို့သော် ဝမ်ပေါင်လဲ့က သူမလက်အား တင်းတင်းဆုပ်ထားသည်ကို ခံစားလိုက်ရပြီး ခေါင်းမော့ကာ မှော်ဆေးရည် အဆောင် အကြီးအကဲကို ကြည့်လိုက်သည်။ သူမအကြည့်မှာ ခိုင်မာသော ယူဆချက်တစ်ခုဖြင့် ပြတ်သားနေကာ နူးညံ့ညင်သာစွာ ဖြေလိုက်သည်။
“ ဘာလို့လဲဆိုတော့ မှော်ဆေးရည် လမ်းကြောင်းက လူကို အလေးထားတာမလို့ပါ။ တကယ်လို့ ကျမက ဆေးလုံးရဲ့ သန့်စင်နှုန်းကိုပဲ အရေးစိုက်ပြီး ပါဝင်နေတဲ့ အဆိပ်ကို ဂရုမထားဘူးဆိုရင် ကျမသန့်စင်တဲ့ ဆေးလုံးက နောက်ဆုံးမှာ ကုသဖို့၊ ကျင့်ကြံခြင်းကို အားဖြည့်ဖို့ သုံးတဲ့ မေတ္တာဆေးမဟုတ်တော့ဘဲ လူတွေကို ထိခိုက်နာကျင်စေမဲ့ မိစ္ဆာဆေး ဖြစ်သွားမှာ”
“ ကျမက သန့်စင်နှုန်းမြင့်မားတဲ့ ဆေးလုံးတစ်လုံးကို ဖန်တီးဖော်စပ်ပြီး အနိုင်ရသွားမယ်ဆိုရင်တောင် သူများကိုပဲ ညာလို့ရမယ်။ ကိုယ့်ကိုယ်ကိုတော့ ညာလို့ မရပါဘူး။ ပထမအကြိမ် လုပ်ပြီးပြီဆိုရင် နောက်တစ်ခါ ထပ်လုပ်ဖြစ်ဖို့ ဝန်လေးမှာ မဟုတ်တော့ဘူး။ ကျမ လူတွေကို မထိခိုက်စေချင်ပါဘူး။ ကျမ သန့်စင်လိုက်တဲ့ ဆေးလုံးအပေါ်မှာ တာဝန်ယူချင်စိတ် ရှိပါတယ်။ ကိုယ့်လိပ်ပြာကိုယ် လုံချင်ပါတယ်။ ကျမသန့်စင်လိုက်တဲ့ ဆေးလုံးကို စားသုံးမဲ့ လူတိုင်းအတွက် ထိခိုက်မှု မဖြစ်စေဖို့က ကျမ တာဝန်ပါ ”
“ ကျမဆေးလုံးဟာ မသန့်စင်ပေမဲ့… အဆိပ် မဖြစ်ပါဘူး ”
ကျိုးရှောင်ရ စတင်ဖြေကြားချိန်၌ အသံမှာ တိုးတိတ် ညင်သာသော်လည်း တဖြည်းဖြည်း အသံကျယ်လာသည်။
သူမသည် အမြဲပင် မဝံ့မရဲ ဖြစ်သော်လည်း ယနေ့၌ လူအားလုံး ဝိုင်းကြည့်နေကြပြီး ဝမ်ပေါင်လဲ့ ဘေးနား ရပ်နေစဉ် မှော်ဆေးပညာအတွက် သူမ ယုံကြည်ချက်၊ စည်းမျဉ်းများနှင့် မှော်ဆေးပညာမှတဆင့် ရယူရန် မျှော်လင့်ထားသည်များကို ထုတ်ပြသွားခဲ့သည်။
ထို့နောက် နှလုံးသား အနက်ရှိုင်းဆုံးတစ်နေရာမှ သူ့ကိုယ်သူ ပြောလိုက်သည်။
“ ညီမ အစ်ကိုကြီးပေါင်လဲ့အတွက် ဆေးလုံးတွေ ဆက်လက် ဖော်စပ်ချင်ပါသေးတယ်….”
ထိုစကားများ ကျိုးရှောင်ရနှုတ်ခမ်းမှတဆင့် ကြည့်ရှူသူ ပရိသတ်များ၏ နားထဲ ရောက်သောအခါ အားလုံးမှာ ကြက်သေသေသွားကြသည်။ အထူးသဖြင့် မှော်ဆေးရည်ဌာနမှ ကျောင်းသားများမှာ တိတ်ဆိတ်သွားကြသည်။
ချန်ဖေး၏ခန္ဓာကိုယ်မှာ တုန်ရီသွားသည်။ မှော်ဆေးရည် အဆောင် အကြီးအကဲ၏ ခက်ထန်နေသော မျက်နှာအမူအရာကို ကြည့်ကာ ဆုလာဘ်ကို သူမ မျှော်လင့်နေမိသည်။ သူမသည် ဖြစ်လာနိုင်မည့် ဆုံးရှုံးမှုများ၊ ဆုလာဘ်များကို တွက်ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ဝမ်ပေါင်လဲ့မှာလည်း အံ့အားသင့်သွားသည်။ ခေါင်းကို ငဲ့ကာ ကျိုးရှောင်ရကို ကြည့်လိုက်စဉ် သူမကို ပထမဆုံး အကြိမ် တွေ့လိုက်ရသည့်အလား ခံစားရသည်။
ကွင်းပြင်တစ်ခုလုံး၌ တိတ်ဆိတ်နေပြီး ဒုပါမောက္ခကောင်းချွမ်သည်ပင် သူ့ဒဏ်ရာများကို မေ့နေဟန် ရှိသည်။ သူသည် ကျိုးရှောင်ရကို ကြည့်လိုက်သောအခါ သူ့အမူအရာမှာ ရှုပ်ထွေးတွေဝေနေသည်။ ပါမောက္ခမှာလည်း အသံတိတ်သွားသော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ပေါ်လာပြီး ကျိုးရှောင်ရကို သဘောကျကာ လေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
မှော်ဆေးရည် အဆောင် အကြီးအကဲမှာ အတော်ကြာကြာ တိတ်ဆိတ်နေသည်။ ကျိုးရှောင်ရ၏ စကားများကြောင့် တစ်ယောက်သောသူကို တွေးမိသွားသည့်ဟန်တူသည်။ ခဏကြာပြီးနောက် သူက သက်ပြင်းချလိုက်ကာ သူ၏ခက်ထန်နေသည့် အမူအရာမှာ ပျော့ပျောင်းလာသည်။ သူက ကျိုးရှောင်ရကို ငေးကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
“ မင်းက မေတ္တာဆေးကို ယုံကြည်လား။အဲဒီလို ယုံကြည်တဲ့သူက အင်မတန် ရှားပြီး ချီးကျူးထိုက်တဲ့သူပဲ။ ကျိုးရှောင်ရ၊ မင်း ငါ့ရှေ့မှာ ကျောင်းသားလို့ ပြောစရာ မလိုတော့ဘူး။ မင်းသဘောတူရင် ငါ့ရှေ့မှာ တပည့်အနေနဲ့ သုံးနှုန်း ပြောဆိုလို့ ရပြီ ”
ထိုစကားကြောင့် ကြည့်ရှုနေကြသည့် ပရိသတ်မှာ အလွန်တရာ အံ့အားသင့်သွားကြသည်။ ဝမ်ပေါင်လဲ့မှာလည်း အံ့ဩသွားသည်။ ထိုစဉ် ချန်ဖေးမှာ ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားသည်အလား ခံစားလိုက်ရပြီး ယိုင်ထိုးသွားကာ မျက်နှာမှာလည်း ဖြူဖျော့သွားသည်။
“ အမ် ”
ကျိုးရှောင်ရမှာ နေရာတွင်ပင် မလှုပ်မယှက် ရပ်နေရင်း အနည်းငယ် ယောက်ယက်ခတ်သွားကာ ဝမ်ပေါင်လဲ့ကို မော့ကြည့်လိုက်သည်။
ထိုအခိုက် မှော်ဆေးရည် အဆောင် အကြီးအကဲက ရယ်မောကာ ထရပ်လိုက်ပြီး သူ့ဘေးမှ ပါမောက္ခကို ခပ်ပြုံးပြုံး ပြောလိုက်သည်။
“ အဘိုးကြီးလုရေ၊ ကျုပ်တော့ ဒီကောင်မလေးကို ခေါ်သွားပြီး နောက်ဆုံးတပည့်အဖြစ် လက်ခံလိုက်တော့မယ်။ အဲဒီလို လုပ်ခွင့်ပြုမလား ”
ပါမောက္ခက ရယ်မောကာ အလားတူ ထရပ်လိုက်သည်။ သူသည် ကျိုးရှောင်ရအတွက် ဝမ်းသာပြီး စိတ်လှုပ်ရှားနေသည်။ သူ့ရှေ့မှ အကြီးအကဲသည် မှော်ဆေးရည် အဆောင်မှ အကြီးအကဲ လေးယောက်အနက် တစ်ယောက်ဖြစ်ကြောင်း သိထားသည်။ မှော်ဆေးရည်ပညာ၌ သူသည် ပြည်ထောင်စုတခွင် နာမည် ကျော်ကြားလှသည်။
ထိုအတွေးဖြင့် ပါမောက္ခက ကျိုးရှောင်ရကို အားပေးသည့်အနေဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ ရှောင်ရ၊ ဆရာ့ကို နှုတ်ဆက်လိုက်လေ”
ဝမ်ပေါင်လဲ့မှာလည်း ပျော်ရွှင်စွာဖြင့် ကျိုးရှောင်ရကို အမြန် သတိပေးလိုက်သည်။ ထိုအခါမှ ကျိုးရှောင်ရမှာ သတိဝင်လာသည်။ သူမက ငေးကြောင်နေဆဲ ဖြစ်သောလည်း ငတုံးငအ မဟုတ်သောကြောင့် အမြန် ရှေ့တိုးကာ အကြီးအကဲကို အရိုအသေ ပြုလိုက်သည်။
“ ဆရာ၊ ရိုကျိုးလှတဲ့ တပည့် ကျိုးရှောင်ရ နှုတ်ဆက်ပါတယ် ”
မှော်ဆေးရည် အဆောင် အကြီးအကဲက ရယ်မောလိုက်ပြီး အင်္ကျီလက်ကို လှစ်ခနဲ ဝှေ့ကာ ကျိုးရှောင်ရကို သူနှင့်အတူ ခေါ်ဆောင်၍ လေထဲသို့ ပျံတက်ကာ အဆင့်မြင့်ကျွန်းသို့ ဦးတည်သွားသည်။ အစမှ အဆုံးထိ သူသည် ချန်ဖေးကို လုံးဝ မကြည့်သည့်အပြင် ဆုလာဘ်အကြောင်း တစ်ခွန်းမှ မဟပေ။
“ သူက ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားလို့ အဲဒီလို လေထဲမှာ ပျံသွားနိုင်တာလဲ ”
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် မျက်လုံးကို မှေးကာ စဉ်းစားလိုက်သည်။
အံ့အားသင့်နေကြသည့် လူအုပ်ကြီးမှာ ကောင်းကင်ထက်မှ ကျိုးရှောင်ရကို မော့ကြည့်လိုက်ကြသည်။ အထူးသဖြင့် မှော်ဆေးရည်ဌာနမှ ကျောင်းသားများသည် အားကျမှုအပြည့်ဖြင့် ကြည့်နေကြသည်။ ချန်ဖေးမှာမူ ဖြူဖပ်နေသည့် မျက်နှာနှင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားလေသည်။
ထိုအခိုက် ကျိုးရှောင်ရ၏ အော်သံများနှင့် အကြီးအကဲ၏ တဟားဟား ရယ်သံများ ကောင်းကင်ထက်မှ ပျံ့လွင့်လာသည်။
“ ဝမ်ပေါင်လဲ့၊ ရှောင်ရကို ခု လောလောဆယ်တော့ မနှောင့်ယှက်ပါနဲ့ဦး။ သူ ဂူအောင်း ကျင့်ကြံဖို့ လိုတယ်။ သူ့အတွက် ရှစ်လက်မ ဝိညာဉ်မြစ်လည်း ရှာပေးမှာ။ မင်း မကြိုးစားရင် သူကတောင် မင်းထက် ကျော်သွားနိုင်တယ် ”
“ အစ်ကိုပေါင်လဲ့၊ ညီမ ဂူအောင်းကျင့်ကြံတာကနေ ပြန်ထွက်လာမှာကို စောင့်နေနော်။ ညီမ အစ်ကို့ကို လာတွေ့မယ်….”
ဝေးသထက် ဝေးသွားသည့် ဆရာတပည့်နှစ်ယောက်ကို ငေးကြည့်ကာ ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ သူသည် ကျိုးရှောင်ရအတွက် ဝမ်းသာနေမိသည်။ သူက ပြန်ထွက်သွားရန် ဟန်ပြင်လိုက်စဉ် ပါမောက္ခ၏ အကြည့်စူးစူးကို သတိထားမိသွားသည်။ ထို့ကြောင့် သူက ခေါင်းကုတ်ကာ ကောင်းချွမ်ဆံပင်အား ဆုပ်ဆွဲထားသည့် လက်ကို ဖြေလျှော့လိုက်သည်။
“ မင်းက အဆင့်မြင့်ကျွန်း ရောက်သွားပြီကို ဘာလို့ ဒီလောက် မစဉ်းစားဘဲ လက်မြန်ခြေမြန် လုပ်ရတာလဲ”
ပါမောက္ခက ဝမ်ပေါင်လဲ့ကို မျက်လုံးပြူးကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ် ကသိကအောက် ဖြစ်သွားပြီး ခေါင်းငုံ့ကာ မခံမရပ်နိုင် ဖြစ်နေသည့် ကောင်းချွမ်ကို ကြည့်လိုက်သည်။ ထို့နောက် ချောင်းဟန့်ကာ တစ်ကိုယ်လုံး တုန်ရီနေသည့် ကောင်းချွမ်၏ ပခုံးကို ပုတ်လိုက်သည်။
“ အဘိုးကောင်း၊ နောက်ကျရင် မကောင်းတာတွေ နည်းနည်း လျှော့လုပ်၊ ကောင်းတာတွေ များများ ပိုလုပ်၊ နားလည်လား ”
“ ပါမောက္ခ … ကျွန်တော် သန့်စင်ရင်းတန်းလန်း ဓမ္မအဆောင်တစ်ခု ရှိနေသေးတာ ခုလေးတင်မှ သတိရတယ်။ ကျွန်တော် သွားလိုက်ပါဦးမယ်….”
ထို့နောက် ဝမ်ပေါင်လဲ့က လျင်မြန်စွာ ပြေးသွားပြီး သင်္ဘောပျံပေါ်သို့ ခုန်တက်လိုက်သည်။ သူက မှော်ဆေးရည် တောင်ထိပ်မှ အမြန်ထွက်ခွာလာပြီး အဆင့်မြင့်ကျွန်းသို့ ဆက်သွားလိုက်သည်။
လူအုပ်ကြီးသည် ဝမ်ပေါင်လဲ့ကို အကြည့်ဖြင့် နှုတ်ဆက်လိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။ ပါမောက္ခမှာလည်း ဘာမှ မလုပ်ပေးနိုင်ပေ။ အထင်လွဲခြင်း ဖြစ်နေသောကြောင့် နောက်ဆုံး မခံမရပ်နိုင် ဖြစ်နေသည့် ကောင်းချွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ ကောင်းချွမ်၊ မင်း … ”
သူသည် ကောင်းချွမ်ကို နှစ်သိမ့်ချင်သော်လည်း ဘယ်ကစပြောရမည် မသိပေ။ နောက်ဆုံး ကောင်းချွမ်ကို ဆေးပုလင်းတစ်လုံး ပေးကာ ဒုပါမောက္ခကို ပြောင်းရမလား စဉ်းစားရင်း ပြန်လာခဲ့သည်။
ကောင်းချွမ်တစ်ဦးတည်းသာ ဒေါသပူဆွေးမှုများဖြင့် ရပ်နေရသည်။ သူ့မှာ ငိုချင်နေသည့်တိုင် မျက်ရည်က ထွက်မလာပေ။ သူခံစားနေရသည့် မခံမရပ်နိုင် ဖြစ်ခြင်းမှာ သူ့နှလုံးသားမှသည် ကောင်းကင်ဘုံထိ ပျံ့နှံ့သွားသည်။
“ ငါ အထင်လွဲပြီး စွပ်စွဲခံလိုက်ရတာပေါ့ ”