မှော်ဆေးရည်ဌာန၏ ကွင်းပြင်ကျယ်ထဲ၌ လူအပြည့်ရှိနေပြီး အားလုံးမှာ ဆေးလုံး ဖော်စပ်နေကြသည့် ချန်ဖေးနှင့် ကျိုးရှောင်ရကို စိုက်ကြည့်နေကြသည်။ မိန်းကလေးနှစ်ယောက်မှာ အလွန်ချောမောလှပပြီး ကြည့်နေကြသူများအတွက် မတူညီသော အရှိန်အဝါများကို ခံစားရစေသည်။ အထူးသဖြင့် သူတို့လက်ထဲ၌ ဆေးမြစ် အမျိုးအစား မျိုးစုံ ပျံသန်းနေသည်ကို တွေ့နေရသောကြောင့် ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများကြောင့် ခန္ဓာကိုယ်များ ပိုမိုပေါ်လွင်နေကာ လင်းလက်တောက်ပစေသည်။
တိမ်လွှာအမြစ်ဆေးကို အပြိုင် ဖော်စပ်နေသည့် ဤစစ်ဆေးပွဲမှာ အဆုံးသတ်နီးလာပြီ ဖြစ်သည်။ ကျိုးရှောင်ရနှင့် ချန်ဖေးနှစ်ယောက်လုံးမှာ စစ်ဆေးပွဲမတိုင်မီတည်းက ဖော်စပ်ခြင်း လုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်ကြောင်း သိသာသည်။ ယခုအချိန်တွင် သူတို့သည် စီးနေသောရေအလား တွေဝေခြင်း အလျဉ်းမရှိ သွက်လက်စွာ လှုပ်ရှားနေကြသည်။ တိမ်လွှာအမြစ်ဆေး ဖော်စပ်နည်းအတိုင်း ဆေးဖက်ဝင်အပင်များကို မှော်ဆေးပေါင်းဖိုထဲသို့ လျင်မြန်စွာ ပစ်ထည့်နေကြသည်။ မှော်ဆေးပေါင်းဖိုထဲ၌ မီးတောက်များ ထွက်လာစဉ် စစ်ဆေးပွဲ၏ နောက်ဆုံး အပိုင်းကို စတင်လိုက်ကြသည်။
“ သူတို့ ဆေးပုံစံပေါ်တဲ့ အဆင့်ကိုတောင် ရောက်သွားကြပြီ၊ ချန်ဖေးက မှော်ဆေးပညာကို နှစ်ပေါင်းများစွာ ကြာအောင် စူးစူးစိုက်စိုက် လေ့လာထားတဲ့ စီနီယာကျောင်းသူ တစ်ယောက်ပဲ။ သူ့နည်းလမ်းက အပြစ်ဆိုစရာ မရှိဘူး။ သူ ဆေးလုံးဖော်စပ်နေတာကို ကြည့်ရတာ လက်ရာကောင်းကောင်းတစ်ခု ဖန်တီးနေတာကို ကြည့်ရသလိုပဲ”
“ ထင်မထားခဲ့ဘူး။ ဒီကျိုးရှောင်ရကလည်း အရင်တုန်းက မှော်ဆေးရည်ဌာနမှာ သာမန် ကျောင်းသူတစ်ယောက်လိုပဲ။ ဒါပေမဲ့ သူ့နည်းလမ်းကလည်း တကယ်ကို ချန်ဖေးရဲ့ နည်းနဲ့ ယှဉ်လို့ ရတယ်”
“ ဆေးလုံးဖော်စပ်တဲ့လုပ်ငန်းမှာ အဆင့်တွေ အများကြီး ရှိတာ။ ဘယ်အဆင့်မှာမှ အမှားတစ်ခုတောင် ပါသွားလို့ မရဘူး။ မှားသွားခဲ့ရင် အမှားတွေက ဆေးလုံး ပုံစံပေါ်တဲ့ အဆင့်မှာ ပြဿနာ အကြီးကြီး တက်ပြီး မအောင်မြင်တာမျိုး ဖြစ်နိုင်တယ်”
ဆွေးနွေးသံများက ဘေးပတ်ဝန်းကျင်မှ ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။ ကျိုးရှောင်ရမှာ နဖူးထက်တွင် ချွေးများ သီးနေပြီး ဟောဟဲဆိုက်နေသည်။ သို့ရာတွင် အံကြိတ်ကာ တောင့်ခံထားသည်။ ချန်ဖေးကို မကြာခဏ လှည့်ကြည့်သည့် အကြည့်များ၌ ဒေါသများ ကိန်းအောင်းနေသည်ကို တွေ့မြင်နိုင်သည်။
ချန်ဖေးသည်လည်း ကျိုးရှောင်ရ၏ အကြည့်များကို သတိပြုမိသည့်တိုင် အရေးမစိုက်ပေ။ သူမအဖို့ အမှားတစ်စုံတစ်ရာ ကျူးလွန်ထားသည်ဟု မထင်ချေ။ ချန်ဖေးအနေဖြင့် ဤသည်မှာ ကျိုးရှောင်ရ၏ မူရင်းဖော်စပ်နည်း မဟုတ်သောကြောင့် ဤတိမ်လွှာအမြစ်ဆေးနည်းကို ရရှိလာသည်မှာ သူ့အပြစ်နှင့် သူ့ကံကြမ္မာသာ ဖြစ်သည်ဟု မှတ်ယူထားသည်။
“ ဖော်စပ်နည်းကို သေချာမသိမ်းတာ ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်လိုက်၊ အဲဒါ ငါ့အပြစ်မဟုတ်ဘူး”
ချန်ဖေးသည် နှုတ်ခမ်းမှ မထိတရီ အပြုံးနှင့်အတူ ယုံကြည်ချက် ပြည့်ဝနေဟန်ဖြင့် ဆေးဖော်စပ်နေသည်။ သူမသည် ကျိုးရှောင်ရကို လျစ်လျူရှုထားပြီး တိမ်လွှာအမြစ်ဆေး ဖော်စပ်ရာ၌သာ အာရုံစိုက်ထားသည်။
ချန်ဖေး၏ အတွေးများကို ခံစားမိသောကြောင့် ကျိုးရှောင်ရမှာ စိတ်ထဲမှ ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။ သို့သော် စိတ်မထွေပြားသင့်သည်ကို သိသောကြောင့် အသက်ပြင်းပြင်း ရှူကာ မှော်ဆေးပေါင်းဖိုအား သေချာ စိုက်ကြည့်နေသည်။
အချိန်ကြာလာပြီး သူတို့၏ ဆေးလုံးများမှာ ဆေးပေါင်းဖိုကို လှပ်၍ ကြည့်နိုင်သည့် အဆင့်ရောက်လာသည်။
ပါမောက္ခနှင့် မှော်ဆေးရည်အဆောင် အကြီးအကဲတို့ပင် သေချာ စိုက်ကြည့်နေကြသည်။ ထိုအခိုက် ကျိုးရှောင်ရမှာ တခဏမျှ တွေဝေနေသော်လည်း ညာလက်ကို မြှောက်လိုက်သည်။ ဆေးပေါင်းဖိုကို ဖွင့်နိုင်သည့် အချိန်မရောက်မီ ဖွင့်လိုက်သည်။ ဘေးမှ ကြည့်နေကြသူများ အံ့အားသင့်ကာ အော်ဟစ်လိုက်ကြသော်လည်း ကျိုးရှောင်ရက ညာလက်ကို လှစ်ခနဲ လှုပ်ကာ ပစ္စည်းတစ်ခုခုကို ဆေးပေါင်းဖိုထဲသို့ အမြန် ပစ်ထည့်လိုက်သည်။
ထိုမြင်ကွင်းမှာ ဘေးပတ်လည်မှ လူအားလုံးကို ထိတ်လန့်သွားစေသည်။ အထူးသဖြင့် ချန်ဖေးမှာ အံ့ဩသွားသော်လည်း ထိုအကြောင်းကို စဉ်းစားနေရန် အချိန်မရှိလိုက်ပေ။ သူတို့နှစ်ယောက်လုံး၏ ဆေးပေါင်းဖိုများမှာ မီးသေသွားသည့် အချိန်၌ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး လေထွက်ပေါက်များမှတဆင့် ဆေးနံ့များ အပြင်သို့ လွင့်ထွက်လာသည်။
အဝေးမှကြည့်မည်ဆိုပါက ဆေးပေါင်းဖိုနှစ်ခု၏ ပတ်ပတ်လည်မှ လေထွက်ပေါက်ငယ်လေးများ မှတဆင့် အဖြူရောင် အငွေ့များ ထွက်လာပြီး ပျံ့နှံ့သွားသည်ကို မြင်ရပေမည်။ ဆေးနံ့မှာ ပိုမို ပြင်းထန်လာပြီး နေရာတိုင်းသို့ ပျံ့နှံကာ ရှူမိသည့် လူအားလုံးကို ဝမ်းသာအားရ ဖြစ်သွားစေသည်။
“ ဒီဆေးလုံးက ငါ့ခန္ဓာကိုယ် ဝိညာဉ်ချီ စုပ်နိုင်အောင် တကယ်ကြီး လုပ်ပေးတယ်ဟ။ ငါ ဘယ်ကျင့်ကြံခြင်းပညာရပ်ကိုမှ မသုံးတာတောင် ငါ့ခန္ဓာကိုယ်က အလိုလို ဝိညာဉ်ချီကို စုပ်ယူပေးနေတာ ”
“ ဘုရားရေ၊ ဒီတိမ်လွှာအမြစ်ဆေးက ကောင်းလိုက်တာ။ ငါ့ခန္ဓာကိုယ်ထဲက အကြောတွေအားလုံး ထုံကျဉ်ပြီး လှုပ်ရှားနေတာကို ခံစားလို့ရတယ်။ ဝိညာဉ်ချီက တကယ်ကြီး အကြောထဲဝင်ပြီး ပေါင်းစပ်သွားတာ”
တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်နေစဉ် ကျိုးရှောင်ရနှင့် ချန်ဖေးတို့က တစ်ယောက်ပြီး တစ်ယောက် မှော်ဆေးပေါင်းဖိုများကို လက်လှမ်းလိုက်ကြသည်။ ချက်ချင်းပင် ဆေးပေါင်းဖိုများ ပွင့်သွားပြီး အထဲမှ အသီးသီး ဖော်စပ်ထားသည့် ဆေးလုံးများကို ပြသလိုက်ချိန် ဆေးနံ့က ပတ်ဝန်းကျင်တခွင် ပျံ့နှံ့သွားသည်။
“ နှစ်ယောက်လုံး၊ နောက်ဆုတ်နေကြ”
ဒုပါမောက္ခကောင်းချွမ်က တည်ငြိမ်စွာ ပြောလိုက်ပြီး ရှေ့သို့ ထွက်ကာ ဆေးလုံးများကို ကိုယ်တိုင် ယူလိုက်သည်။ သို့ရာတွင် ချန်ဖေး၏ အနီရဲရဲ တိမ်လွှာအမြစ်ဆေးနှင့်စာလျှင် ကျိုးရှောင်ရ၏ တိမ်လွှာအမြစ်ဆေးမှာ အမည်းရောင် အညစ်အကြေးများ ပါဝင်နေဟန် ရှိသည်။ ပုံပန်းသွင်ပြင်အရ ကျိုးရှောင်ရ၏ ဆေးလုံးမှာ အဆင့်နိမ့်နေသည်။
သူမ၏ဆေးလုံးကို ကြည့်လိုက်ပြီးနောက် ချန်ဖေးဖော်စပ်ထားသည့် ဆေးလုံးကို ကြည့်ကာ ကျိုးရှောင်ရမှာ စိတ်ရှုပ်ထွေးနေဟန် ရှိသည်။ ထိုစဉ် ချန်ဖေး၏ နှုတ်ခမ်းထောင့်၌ မထိတရီအပြုံး ပေါ်လာသည်။
ကောင်းချွမ်၏ အမူအရာမှာ မပြောင်းလဲပေ။ ဆေးလုံးနှစ်လုံးကို ကိုင်ကာ ဝိညာဉ်ချီကို ဆေးလုံးများဆီသို့ ပို့လွှတ်ကာ တစ်ခုခုကို ခံစားကြည့်လိုက်သည်။ မကြာမီ ဝိညာဉ်ချီကို ပြန်ရုတ်သိမ်းလိုက်သည်။ စိတ်လှုပ်ရှားနေသည့် ကျိုးရှောင်ရနှင့် ချန်ဖေးတို့ကို အရေးစိုက်မနေဘဲ ပါမောက္ခနှင့် မှော်ဆေးရည်အဆောင် အကြီးအကဲတို့ဘက်သို့ လှည့်ကာ လက်ချင်းဆုပ်ပြီး အရိုအသေပြုလိုက်သည်။
“ ပါမောက္ခ၊ အကြီးအကဲ၊ ကျွန်တော် ဆေးလုံးနှစ်လုံးကို ပဏာမအဆင့် အကဲဖြတ်ပြီးပါပြီ။ ချန်ဖေးရဲ့ ဆေးလုံးက ငါးဆယ်ရာခိုင်နှုန်း သန့်စင်ပြီး ကျိုးရှောင်ရရဲ့ ဆေးလုံးက သုံးဆယ်ရာခိုင်နှုန်းပဲ သန့်စင်ပါတယ်။ ပါမောက္ခ၊ အကြီးအကဲ၊ ကျေးဇူးပြုပြီး ဒုတိယအဆင့်အနေနဲ့ အကဲဖြတ်ပေးပါ”
ကောင်းချွမ်က ပြောလိုက်သည့်အခိုက် တိတ်ဆိတ်နေသည့် ကြည့်ရှုသူများထံမှ ဆွေးနွေးသံများ အုတ်အုတ်ကျက်ကျက် ထွက်ပေါ်လာပြန်သည်။
“ တစ်ခုက ငါးဆယ်ရာခိုင်နှုန်း၊ နောက်တစ်ခုက သုံးဆယ်ရာခိုင်နှုန်း”
“ ကွာခြားချက်က ကြီးလွန်းနေတာ။ ဖော်စပ်နည်းက တကယ်ပဲ ချန်ဖေးရဲ့ နည်းများ ဖြစ်နေမလား”
လူအုပ်ကြီးက ဆွေးနွေးနေကြစဉ် ချန်ဖေး၏မျက်နှာမှာ ပြုံးနေပြီး ကျိုးရှောင်ရကို ဝမ်းသာရွှင်မြူးစွာ ကြည့်လိုက်သည်။ ထိုစဉ် ကျိုးရှောင်ရမှာ မျက်နှာပျက်သွားပြီး မျက်ရည်များ ဝဲလာသည်။ သို့သော် သူမသည် ချန်ဖေးကို လျစ်လျူရှုထားလိုက်ပြီး မှော်ဆေးရည်အဆောင် အကြီးအကဲအား နောက်ဆုံးအတည်ပြုချက် စောင့်နေသည့်အလား ငေးကြည့်နေသည်။
တချိန်တည်းမှာပင် ပါမောက္ခသည်လည်း မျက်ခုံးပင့်ကာ အံ့ဩနေဟန် ရှိသည်။ သူက ဘေးတွင် ထိုင်နေသည့် မှော်ဆေးရည်အဆောင် အကြီးအကဲကို ကြည့်လိုက်သည်။ ဤအကြီးအကဲမှာ တစ်ခေါင်းလုံး ဆံပင်များ ဖြူနေပြီး ဖော်ရွေသည့်ပုံပေါက်သည်။ သူက စူးစမ်းချင်သည့် အကြည့်ဖြင့် ကြည့်ကာ စကားပြောရန် ဟန်ပြင်လိုက်စဉ် တစ်ခုခုကို သတိထားမိသွားသည့်အလား ကောင်းကင်ကို မော့ကြည့်လိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် ပါမောက္ခကလည်း မော့ကြည့်လိုက်ရာ အလွန်လျင်မြန်သည့် အရှိန်ဖြင့် လေဟုန်ခွင်းကာ ပျံသန်းလာသည့် သင်္ဘောပျံတစ်စင်းကို တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသင်္ဘောပျံက မှော်ဆေးရည်တောင်ထိပ်သို့ ချဉ်းကပ်လာသည်။
ကြည့်ရှုသူများ၏ အာရုံက ရုတ်တရက် ရောက်လာသည့် သင်္ဘောပျံဆီသို့ ရောက်သွားပြီး အထဲမှလူကို သေချာ မမြင်ရသေးမီ ကြားဖူးနေသည့် အသံတစ်သံက ကွင်းပြင်ထဲတွင် ဒေါသအရှိန်ဖြင့် ကျယ်လောင်စွာ ထွက်လာသည်။
“ ကောင်းချွမ်၊ မင်းက အရိုက်ခံချင်နေတာလား၊ ပြဿနာရှာရဲသေးတယ်ပေါ့လေ”
ဒေါသတကြီး အော်သံနှင့်အတူ ဝမ်ပေါင်လဲ့က သင်္ဘောပျံပေါ်မှ ခုန်ဆင်းကာ ကောင်းချွမ်ဆီသို့ တည့်တည့် ပြေးဝင်သွားသည်။
ကောင်းချွမ်၏ အမူအရာမှာ ပြောင်းလဲသွားပြီး စကားတစ်ခွန်းမျှ မပြောရသေးမီ ဝမ်ပေါင်လဲ့က သူ့ရှေ့ ရောက်လာသည်။ ဝမ်ပေါင်လဲ့က ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ကာ ကောင်းချွမ်ကို လက်သီးတစ်လုံး ပစ်ကျွေးလိုက်သည်။ ဝမ်ပေါင်လဲ့၏ အပြင်အားနှင့် ဝိညာဉ်ချီကို ခန္ဓာကိုယ် အတွင်းအပြင်၌ ထိန်းချုပ်နိုင်ခြင်းကြောင့် ဤလက်သီးချက်မှာ မုန်တိုင်းတစ်ခု ခေါ်ဆောင်လာသည့် အလား ထင်ရစေသည်။ ကောင်းချွမ်မှာ လုံးဝ ပြန်မခုခံနိုင်ဘဲ ကြိုးပြတ်သွားသည့် စွန်အလား နောက်ပြန်လဲကျသွားသည်။ ခပ်လှမ်းလှမ်းထိ လွင့်သွားပြီး မြေကြီးပေါ်လဲကျသွားရာ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
“ ဝမ်ပေါင်လဲ့ ”
ကောင်းချွမ်၏ မျက်နှာမှာ ရှုံ့မဲ့နေကာ စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။ ကောင်းချွမ်မှာ မဟုတ်ဘဲ စွပ်စွဲခံရခြင်းကြောင့် စိတ်ဆိုးဒေါသထွက်နေသော်လည်း စကားပြောမည့်ဆဲဆဲ ဝမ်ပေါင်လဲ့က ဒေါသတကြီး ရောက်လာကာ ကန်လိုက်ပြန်သည်။
ကောင်းချွမ်မှာ ခုခံချင်သော်လည်း ဝမ်ပေါင်လဲ့သည် ရှေးဟောင်းသိုင်းအဆင့်၌ပင် သူနှင့် ရန်ပွဲဆင်နွှဲနိုင်ခဲ့သူ ဖြစ်သည်။ ယခု ဝမ်ပေါင်လဲ့မှာ အာနာပါနအဆင့် ရောက်သွားသောအခါ ခုခံရန် အခွင့်မရဘဲ မန္တာန်များစီရင်ချိန်ပင် မရချေ။ ဝုန်းခနဲ အသံနှင့်အတူ ဝမ်ပေါင်လဲ့၏ ကန်ချက်ကြောင့် သူ့ခန္ဓာကိုယ်မှာ လွင့်ထွက်သွားပြီး ဆက်တိုက်ဝင်လာသည့် လက်သီးချက်ကြောင့် ဘေးမှ လူအုပ်ထဲသို့ ပစ်ဝင်သွားသည်။
ဤအချိန်တွင်မှ ကြည့်ရှူနေသူများက ဖြစ်ပျက်နေသည်ကို နားလည်သွားကြပြီး ဟာခနဲ ဖြစ်သွားကြသည်။
“ ကျောင်းသားခေါင်းဆောင် ဝမ် ”
“ ကျောင်းသားခေါင်းဆောင် ဝမ် ပြန်ရောက်လာပြီ ”
“ အစွမ်းထက်လိုက်တာ။ သူက ဒုပါမောက္ခကို အပြတ်အသတ် နွှာနေတာပဲ”
“ ကျောင်းသားခေါင်းဆောင် ပီသပါပေတယ်”
ကြည့်နေရသည့် လူအုပ်ကြီး အလန့်တကြား ဖြစ်သွားရုံမက ချန်ဖေးမှာ အသက်ရှူသံများ မြန်လာပြီး နှလုံးများ ခုန်လာသည်။ ဝမ်ပေါင်လဲ့သည် အဆင့်နိမ့်ကျွန်း၌ နာမည်ကြီးသူဖြစ်ပြီး ယနေ့ သူ့အပြန်ခရီးမှာ ရက်စက်လှသည်။ ပါမောက္ခပင်လျှင် သူ့ကို ထိန်းရန် ခေါင်းကိုက်သွားသည်။ ဝမ်ပေါင်လဲ့ကို တားမြစ်ရန် ပြင်နေသည့် ပါမောက္ခအား ဘေးမှ မှော်ဆေးရည်အဆောင် အကြီးအကဲက ပိတ်ပင်လိုက်သည်။
ပါမောက္ခမှာ နားမလည်နိုင်ဖြစ်ကာ မှော်ဆေးရည်အဆောင် အကြီးအကဲကို ကြည့်လိုက်သည်။ အကြီးအကဲမှာ ဝမ်ပေါင်လဲ့ကို စိတ်မပျက်သည့်အပြင် စိတ်ဝင်တစား ငေးကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ဝမ်ပေါင်လဲ့ကို လွှတ်ထားပေးလိုက်သည်။
ကျိုးရှောင်ရသာမက လူအုပ်ထဲမှ လျှိုတောက်ပင်းနှင့် ဝမ်ပေါင်လဲ့၏ အခြားဂျူနီယာများမှာ စိတ်လှုပ်ရှားသွားကြသည်။ ဝမ်ပေါင်လဲ့ ပေါ်လာချိန်မှစ၍ ကျိုးရှောင်ရမှာ ရုတ်တရက် စိတ်ဓါတ်မကျစေရန် အားပေးမည့်သူ ရှိလာသည့်အလား စိတ်မပူတော့ပေ။
ဤအရာအားလုံးမှာ လျှပ်တစ်ပြက်အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့ ရောက်လာခြင်းနှင့် ကောင်းချွမ်ကို ထိုးနှက်ချက်များမှာ တခဏအတွင်း ဖြစ်သွားခဲ့သည်။ ကောင်းချွမ် ထရပ်နိုင်သည်အထိ မစောင့်တော့ဘဲ ဝမ်ပေါင်လဲ့က သူ့ရှေ့ ရောက်လာပြန်သည်။ ကောင်းချွမ်မှာ ဆံပင် ဆောင့်ဆွဲခံရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ ပါမောက္ခဆီသို့ တရွတ်တိုက် ဆွဲခေါ်ခြင်းကိုပါ ခံလိုက်ရသည်။
ချန်ဖေးဘေးမှ ဖြတ်သွားချိန်တွင် သူမသည် တုန်ရီကာ နောက်ဆုတ်လိုက်မိသည်။ ဝမ်ပေါင်လဲ့က တစ်ချက်သာ ကြည့်လိုက်ပြီး အရေးမစိုက်တော့ပေ။ သူက အော်ဟစ်နေသည့် ကောင်းချွမ်ကို ဆွဲခေါ်ကာ ပါမောက္ခကို ကြည့်လိုက်သည်။ ပထမဆုံး လေးနက်စွာ အရိုအသေပြုလိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။
“ပါမောက္ခ၊ ဒီကောင်းချွမ်က ပြဿနာရှာပြီး ဒီအကဲဖြတ်ပွဲရဲ့ တရားမျှတမှုကို စွက်ဖက်ခဲ့တာ။ ဒီတစ်ခါ ဆေးလုံး အကဲဖြတ်ပွဲမှာ သူ ဝင်ရှုပ်တယ်ဆိုတာ အသေအချာပဲ”
ကောင်းချွမ်မှာ ဦးရေပြားများ နာကျင်နေသည်။ ဝမ်ပေါင်လဲ့စကားများကို ကြားလိုက်ရလျှင် သူ မခံမရပ်နိုင်ဖြစ်ကာ ချက်ချင်း ပြန်ပြောလိုက်သည်။
“ ငါ မလုပျပါဘူး။ ငါ…”
“ ပါးစပ်ပိတ်ထား။ မင်းပဲ ဖြစ်မှာပဲ။ မင်းအကြောင်း ကောင်းကောင်းကြီး သိနေပြီ ”
ဝမ်ပေါင်လဲ့မှာ ကောင်းချွမ်ကို စိုက်ကြည့်ကာ မညှာမတာ ပိတ်ကန်လိုက်သည်။ ကောင်းချွမ်မှာ နောက်တစ်ကြိမ် ထပ်အော်လိုက်ပြီး ဒေါသထွက်လွန်းသဖြင့် ပေါက်ထွက်တော့မည့်အလား ထင်ရသည်။ မှားယွင်းစွပ်စွဲခံရသည့် ခံစားချက်ကြောင့် ရူးချင်စိတ် ပေါ်လာသည်။ ပထမဆုံးအကြိမ် ကျောင်းထုတ်ရန် ကြိုးစားခြင်း၊ လင်းတျန်ဟောက်၏ တိမ်ရေကန် မိုးသစ်တောထဲတွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်း၌ ပူးပေါင်းပါဝင်ခြင်း၊ ဝမ်ပေါင်လဲ့၏ ပါဝင်ခွင့်ကို ဖျက်သိမ်းခြင်း စသဖြင့် သူသည် ဝမ်ပေါင်လဲ့ကို တစ်ကြိမ်မက အကွက်ချ ကြံစည်ဖူးသည်မှာ အမှန်ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်၌ ကောင်းချွမ်မှာ အမှန်တကယ် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ ပါမောက္ခနှင့် အကြီးအကဲတို့လည်း စောင့်ကြည့်နေကြသည့်အပြင် ဝမ်ပေါင်လဲ့ကိုလည်း သူ အမှန်တကယ် ကြောက်သွားခဲ့သည်ဖြစ်၍ ပြဿနာ မဖြစ်ချင်တော့ပေ။
သူ၏ အလုပ်လုပ်လာသည့် သက်တမ်းတလျှောက် ပထမဆုံးအကြိမ် မျှတမှန်ကန်စွာ လုပ်ဆောင်သည့်အချိန်တွင် အထင်လွဲမှားခံရပြီး ရက်ရက်စက်စက် အရိုက်ခံရလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မထားခဲ့ပေ။ ယခုအချိန်တွင် သူ၏တစ်ကမ္ဘာလုံး မှောင်ကျသွားသည့်အလား ဒေါသ ထိန်းမရဖြစ်ကာ ဝမ်ပေါင်လဲ့ကို စူးစူးဝါးဝါး အော်ပြောလိုက်သည်။
“ ဝမ်ပေါင်လဲ့၊ ဒီတစ်ခါ ငါ တကယ်မဟုတ်ဘူး။ ငါ ဘာမှ မလုပ်ရပါဘူးကွာ ”
သူ့အသံမှာ မှားယွင်းစွပ်စွဲခံရသောကြောင့် မခံမရပ်နိုင် ဖြစ်နေသည့် ခံစားချက်များ အပြည့်ဖြစ်ကာ ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားပြီးနောက် ကြောင်သွားသည်။ အမှန်တကယ်တွင် ဝမ်ပေါင်လဲ့၌ သက်သေလည်း မရှိပေ။ သို့သော် သူ ကောင်းချွမ်ကို မြင်သည့်အချိန်၌ မသိစိတ်က ဤလူမှာ လူကောင်းတစ်ယောက် မဟုတ်ဟု ခံစားလိုက်ရပြီး ပြဿနာဖြစ်သည်မှာ သူ့ကြောင့်ဖြစ်မည်ဟု မှတ်ယူလိုက်ခြင်းဖြစ်သည်။
“ ငါ မှားပြောမိတာများလား။ ကိစ္စမရှိပါဘူး။ ငါ မှားတာဆိုလည်း ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် သူက မကောင်းတာတွေ အများကြီး လုပ်ထားတာပဲ”
ဝမ်ပေါင်လဲ့က ချောင်းဟန့်ကာ ကောင်းချွမ်ကို လျစ်လျူရှုလိုက်ပြီး ပါမောက္ခကို ကျယ်ကျယ် ပြောလိုက်သည်။
“ ပါမောက္ခ၊ ဒီလူဆိုးက ခု စစ်ဆေးပွဲကို ဝင်ပါခဲ့တာ မတရားဘူး။ စစ်ဆေးပွဲကို နောက်တစ်ကြိမ် ပြန်လုပ်ပါလို့ အကြံပြုချင်ပါတယ် ”