ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး ခပ်လှမ်းလှမ်းရှိ အဆင့်နိမ့်ကျွန်းရှိရာဘက်သို့ လှမ်း၍ကြည့်လိုက်သည်။ သူသည် အဆင့်မြင့်ကျွန်းပေါ်တွင် ရှိနေခဲ့စဉ်က လင်းတျန်ဟောက်နှင့် ရန်ဖြစ်လိုက် လက်နက်အဖွဲ့ဝင်တစ်ယောင် ဖြစ်လာအောင် ကြိုးပမ်းလိုက်နှင့် အချိန်ကုန်နေခဲ့၏။ ထို့ကြောင့် သူသည် အဆင့်နိမ့်ကျွန်းတွင် ဖြစ်ပျက်နေခဲ့သော အရာများကို လျစ်လျူရှုထားမိခဲ့သည်။
ကျိုးရှောင်ရမှာ ယခုလို ဖြစ်ရပ်မျိုးနှင့် ကြုံနေလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။ ထို့အပြင် ကျိုးရှောင်ရကလည်း သူ့ကို တစ်ခွန်းတစ်လေပင် ပြောမပြခဲ့ပေ။ ထိုကဲ့သို့ လူအနည်းငယ်မျှသာ သိသော သတင်းအချက်အလက်မျိုးကို ရှဲ့ဟေးရန်ကဲ့သို့ လူများကသာ အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူ၏ အသံလွှင့်လက်စွပ်ကို ချက်ချင်းပင်ထုတ်ယူလိုက်ပြီး ကျိုးရှောင်ရအား အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့လိုက်၏။ ထိုအချိန်တွင် ကျိုးရှောင်ရမှာ မှော်ဆေးရည် လက်တွေ့စမ်းသပ်ခန်းထဲတွင် ရှိနေပြီး မျက်လုံးနီကြီးများဖြင့် အော်မငိုမိအောင် ထိန်းထားရ၏။ သူမသည် ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို ရရှိလိုက်ပါသော်လည်း စကားသိပ်မပြောခဲ့ပေ။ သို့သော် ဝမ်ပေါင်လဲ့က တိမ်လွှာအမြစ်ဆေးလုံးအကြောင်းကို မေးမြန်းလိုက်သောအခါတွင်မူ သူမမှာ ဟန်မဆောင်နိုင်တော့ပဲ သနားစရာကောင်းစွာ အော်ငိုလိုက်တော့သည်။
” အစ်ကိုပေါင်လဲ့။ တိမ်လွှာအမြစ်ဆေးလုံး ဖော်စပ်နည်းကို တီထွင်ခဲ့တာ ညီမ မဟုတ်ဘူး။ အဲဒါ ဖွံ့ထွားသွေးကြော ရှေးဟောင်းအဆင့်ကို နှံ့စပ်ကျွမ်းကျင်တဲ့ ညီမရဲ့ အဘိုး လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်တုန်းက အမှုမဲ့ အမှတ်မဲ့ လက်ခံရရှိခဲ့တဲ့ အပြီးအထိမပါတဲ့ ဖော်စပ်နည်းတစ်ခုပဲ ”
” ညီမ မှော်ဆေးရည်ဌာနကို ရောက်တော့ ကျောင်းစာတွေကို လေ့လာရင်းနဲ့ အဲဒီဖော်စပ်နည်းကို လေ့လာနိုင်ခဲ့တော့မှ အဲဒီဖော်စပ်နည်းက ပြီးပြည့်စုံသွားတာ။ အစ်ကို မှော်ဆေးရည်ဌာနကို ရောက်လာတုန်းက ညီမပြခဲ့တဲ့ ဆေးလုံးကို မှတ်မိလား။ အဲဒါ တိမ်လွှာအမြစ်ဆေးလုံးရဲ့ ပုံစံတူ ဆေးလုံးတစ်လုံးပဲ။ ညီမက အဲဒီဖော်စပ်နည်းကို တာအိုကျောင်းဆီ တင်သွင်းပြီးတော့ အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရအောင်လုပ်မယ်လို့ စီစဉ်ထားတာ ”
” ဒါပေမဲ့ ညီမက ချန်ဖေးကို သတိမထားမိခဲ့ဘူး။ ညီမ အဲဒီဖော်စပ်နည်းကို ပြီးစီးအောင် လုပ်နေတုန်းမှာ သူနဲ့ အသေးစိတ် အချက်အလက်တွေ အများကြီးကို ဆွေးနွေးမိခဲ့တာ ”
ကျိုးရှောင်ရ၏ စကားများကို နားထောင်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ သူမအား ယုံကြည်သွား၏။ ကျိုးရှောင်ရမှာ ငယ်ရွယ်သေးသောကြောင့် လောကကြီး၏ အကြောင်းကို နားမလည်သေးကြောင်း သူက သိထား၏။ ထို့အပြင် သူမထံတွင် သူ ပြီးခဲ့သောနှစ်က ကြုံတွေ့ခဲ့ရသည့် သေရေးရှင်ရေး အတွေ့အကြုံများလည်း မရှိသေးပေ။ ထို့ကြောင့် သူမ၏ မိတ်ဆွေများအပေါ် ယုံစားမိခဲ့သည်မှာ မထူးဆန်းပေ။ ထို့ကြောင့် သူသည် ကျိုးရှောင်ရအား နှစ်သိမ့်ကာ အားပေးစကားဆိုလိုက်၏။
” ဘာမှ မပူနဲ့။ အစ်ကိုရှိတယ် ”
ထို့နောက် သူသည် အသံထုတ်လွှင့်ခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးများမှေးကာ ထိုကိစ္စအား အကြမ်းဖျင်း သုံးသပ်ကြည့်လိုက်၏။
တိမ်လွှာအမြစ်ဆေးလုံး၏ အပြီးအထိမပါသော ဖော်စပ်နည်း၏ မူလဇာတ်မြစ်မှာ မည်သည့်နေရာကဖြစ်စေ ၎င်းမှာ ရှေးဟောင်း ကြေးညိုဓားကြီး၏ အကျိုးအပဲ့များနှင့် ဆက်နွယ်နေမည်မှာ သေချာပေါက်ပင်။ ထို့ကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ အလွန်အကျွံ စဉ်းစားတွေးတောနေစရာ မလိုပေ။ မှော်ဆေးရည်အဆောင်ကလည်း ထိုဖော်စပ်နည်း၏ ဖန်တီးရှင် အစစ်အမှန်မှာ ရှိနိုင်မည်မဟုတ်ကြောင်းကို သိထားပြီးသား ဖြစ်လောက်ပေမည်။
ထို့ကြောင့် ဆုချမည် ဖြစ်ပါသော်လည်း ဆုချရမည့်လူကို ရွေးချယ်ရန်မှာ ခဲယဉ်းနေ၏။ ကျောင်းသူနှစ်ယောက်စလုံးမှာ ထိုဖော်စပ်နည်းကို အဆိုပြုတင်သွင်းခဲ့ကြသည်ဖြစ်ရာ ထိုဖော်စပ်နည်းကို ခိုးယူခဲ့သည် ဆိုလျှင်တောင် ၎င်းမှာ မှော်ဆေးရည်အဆောင်အတွက် နစ်နာစရာအချက် မဟုတ်ပေ။ အမှန်တရားမှာ မည်သို့ပင်ဖြစ်စေကာမူ ထိုဖော်စပ်နည်းကို မှော်ဆေးရည်အဆောင်သို့ တင်သွင်းပြီးသွားပြီ မဟုတ်ပါလော။
ဘေးမှကြည့်ပါက မှော်ဆေးရည်အဆောင်၏ လုပ်ရပ်မှာ လက်ခံနိုင်ဖွယ်ရာ မရှိပါသော်လည်း မှော်ဆေးရည်အဆောင်အတွက်မူ ၎င်းမှာ အပေးအယူတစ်ခုမျှသာ ဖြစ်သည်။ ခုနစ်လက်မ ဝိညာဉ်အမြစ်တစ်ခုကို ဆုချလိုက်ခြင်းဖြင့် ထိုအပေးအယူကိစ္စမှာ ပြီးစီးသွားမည်ဖြစ်သည်။ ဖော်စပ်နည်း၏ မူလဇာတ်မြစ်များကြောင့် ကျောင်းသားများကို အပြစ်ပေးလိုက်ပါက သူတို့၏ စိတ်အားထက်သန်မှုများကို လျော့ကျသွားအောင် လုပ်လိုက်သလို ဖြစ်သွားမည်ဖြစ်ရာ ထိုသို့ အပြစ်ပေးရန်မှာလည်း မသင့်တော်ပေ။
ထိုအခြေအနေများကြောင့် အသန့်စင်ဆုံး တိမ်လွှာအမြစ်ဆေးလုံးကို သန့်စင်နိုင်သည့်လူအား ဆုချမည်ဆိုသော မှော်ဆေးရည်အဆောင်၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ အတိုင်းအတာ တစ်ခုအထိ မျှတမှုရှိသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ထိုဖော်စပ်နည်းကို ကျောင်းသားတစ်ယောက်က တီထွင်ခဲ့ခြင်း ဖြစ်ပါက အခြေအနေများမှာ လုံးဝမတူတော့ဘဲ ပြောင်းလဲသွားမည်သာ ဖြစ်သည်။ အကယ်၍ ကျောင်းသားတစ်ယောက်မှာ ဖော်စပ်နည်းများကို မိမိကိုယ်တိုင် တီထွင်နိုင်ခဲ့မည် ဆိုပါက မှော်ဆေးရအဆောင်မှာ ရှစ်လက်မဝိညာဉ်အမြစ် တစ်ခုကို ဆုချမည်ဖြစ်ပြီး ၎င်း၏ နောက်ကွယ်မှ အမှန်တရားကို စုံစမ်းစစ်ဆေးခိုင်းမည် ဖြစ်သည်။ အကယ်၍ ထိုဖော်စပ်နည်းအား ခိုးယူခဲ့သည်ဆိုပါက ထိုကျောင်းသားကို အပြင်းအထန် အပြစ်ပေးရမည်သာ ဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို အမှားအယွင်းခံ၍ မရသောကြောင့် လူတိုင်းမှာ ထိုကိစ္စနှင့် ပတ်သက်လာပါက သတိကြီးကြီး ထားလေ့ရှိကြသည်။
ရှဲ့ဟေးရန် ဆိုခဲ့သည့် သေရေးရှင်ရေး ဖြစ်နိုင်သည်ဆိုသော စကားမှာ ထိုအဓိပ္ပါယ်ကို ဆိုလိုခြင်း ဖြစ်ပေသည်။ သို့သော် သူ၏ သတင်းအချက်အလက်မှာ ပြီးပြည့်စုံခြင်း မရှိသလို သူသည် ကျိုးရှောင်ရ ပြောပြခဲ့သည့် အခြေအနေကို အပြည့်အဝ နားမလည်သောကြောင့် သူ၏ အဓိပ္ပါယ်ဖော်ပုံမှာ တချို့နေရာများတွင် မှားယွင်းနေ၏။
အခြားတစ်ဖက်တွင်မူ လင်းတျန်ဟောက်နှင့် ပတ်သက်သော ကိစ္စများမှာ ရှဲ့ဟေးရန်ထင်ထားသလောက် ရှုပ်ထွေးနေခြင်း မရှိပေ။ လင်းတျန်ဟောက်မှာ သူ့အား အခက်တွေ့အောင် မလုပ်နိုင်သောကြောင့် ဤအခွင့်အရေးကို အသုံးချကာ သူ့အား ဒုက္ခပေးရန်အတွက် ကျိုးရှောင်ရအား အနိုင်ကျင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းပင် ရိပ်မိသွား၏။
ထိုကိစ္စအကြောင်းကို ရေရေရာရာ နားလည်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ချန်ဖေးဆိုသော အမျိုးသမီးအား အလွန် နာကျည်းမုန်းတီးသွားတော့သည်။ သူသည် အေးစက်စက် သက်ပြင်းချလိုက်ပြီး သူ၏လက်ကိုမြှောက်ကာ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူ၍ ရှဲ့ဟေးရန်အား လှမ်းပေးလိုက်၏။
” ဒီကျောက်စိမ်းပေလွှာအလွတ်ကို ချက်လက်မှတ် အလွတ်လို မင်းသဘောထားလို့ ရတယ် ”
” မင်း ပြန်ရောက်သွားတဲ့ အချိန်ကျရင် ကျိုးရှောင်ရကို ရှာလိုက်။ သူ တိမ်လွှာအမြစ်ဆေးလုံးကို ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ဆေးပင်အကုန်လုံးကို ပစ္စည်းမပြတ်သွားအောင် အများကြီး ဝယ်ပေးထားလိုက်။ အဲဒါမှ နောက်တစ်လနေရင် သူ ဖော်စပ်ထားတဲ့ တိမ်လွှာအမြစ်ဆေးလုံးကို အသုံးပြုပြီးတော့ ဆုရနိုင်မှာ ”
” ကုန်ကျစရိတ်နဲ့ ပတ်သက်လို့က ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံးကလွဲပြီး ဘာမှမရှိဘူး။ ငါ ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးအထိ ဖန်တီးနိုင်သလဲဆိုတာကို ငါကိုယ်တိုင်တောင် အတိအကျ မပြောနိုင်ဘူး ”
ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်ပါသော်လည်း သူ၏ စကားလုံးများထဲတွင် ကိန်းအောင်းနေသော ချမ်းသာကြွယ်ဝမှု အရိပ်အယောင်များကြောင့် ရှဲ့ဟေးရန်မှာ အသက်ပြင်းပြင်းရှူလိုက်ရပြီး မျက်လုံးများ အရောင်လက်သွားတော့သည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့က သူ့အား ချက်လက်မှတ် အလွတ်တစ်စောင် ပေးခဲ့သည့် အချက်မှာ မည်မျှ အရေးပါအရာရောက်ကြောင်းကို သူက သိလိုက်သဖြင့် သူ၏နှလုံးသားမှာ တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်က သူ့အား လိမ်ညာကာ သစ္စာဖောက်ရဲမည်မဟုတ်ကြောင်း အပြည့်အဝယုံကြည်နေကြောင်း အထင်အရှား မြင်နိုင်၏။ ထို့အပြင် ရှဲ့ဟေးရန်အပေါ်ထားရှိသာ သူ၏ ယုံကြည်မှုကိုလည်း အတိုင်းသား မြင်နိုင်ပေသည်။ ထို့အပြင် ကျိုးရှောင်ရမှာ ဝမ်ပေါင်လဲ့အတွက် အလွန် အရေးပါကြောင်းကိုလည်း သိနိုင်၏။ အရေးအကြီးဆုံး အချက်မှာမူ သူသည် ထိုသတင်းအား ဝမ်ပေါင်လဲ့အား ပေးလိုက်ခြင်းမှာ မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်နေခြင်းပင်။
ရှဲ့ဟေးရန်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝမ်ပေါင်လဲ့အား တရိုတသေကြည့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ပြန်ပြောလိုက်၏။
” စိတ်ချပါ အစ်ကိုဝမ်။ အစ်ကိုက ကျနော့်ကို ဒီ ချက်လက်မှတ်အလွတ်ကို ပေးခဲ့မှတော့ ရှဲ့ဟေးရန်ဆိုတဲ့ ကျနော်က ရိုးသားဖြောင့်မတ်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပြီးတော့ အစ်ကို့ဆီကနေ ဝိညာဉ်ကျောက်တုံးတစ်တုံးတောင် လိမ်လည်ပြီးတော့ မယူဘူးဆိုတာ သက်သေပြရမှာပေါ့ ”
ဝမ်ပေါင်လဲ့ကမူ ခေါင်းညိတ်လိုက်၏။ ရှဲ့ဟေးရန်၏ ခန့်မှန်းချက်အရဆိုလျှင် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်သည့်အပြင် ရှဲ့ဟေးရန် သူ့အား သစ္စာဖောက်နိုင်မည့် ဖြစ်နိုင်ချေကိုပင် ကြောက်ရွံ့မှု မရှိပေ။ သူတို့နှစ်ယောက်မှာ တစ်ယောက်က အဆင့်မြင့်ကျွန်းမှဖြစ်ပြီး အခြားတစ်ယောက်မှာ အဆင့်နိမ့်ကျွန်းမှ ဖြစ်ကြသည့်အပြင် အာနာပါနအဆင့် ဝါရင့်တစ်ယောက်နှင့် ရှေးဟောင်းသိုင်းအဆင့် ကျောင်းသားတစ်ယောက်လည်း ဖြစ်နေကြသည်။ အကယ်၍ ရှဲ့ဟေးရန်မှာ သူ့အား နားလှည်းပါးလှည့် လုပ်ရဲနိုင်လောက်အောင် ရူးသွပ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာလည်း ရှဲ့ဟေးရန် လောဘတကြီး ညာယူသွားခဲ့သော ပမာဏထက် အဆပေါင်းများစွာပို၍ ပြန်ပေးရအောင် ဖိအားပေးနိုင်မည့် နည်းလမ်းပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားသည်။
ထိုသို့ဖြင့် ရှဲ့ဟေးရန်မှာ အလျင်အမြန်ပင် ထွက်ခွာသွား၏။ ဝမ်ပေါင်လဲ့မှာ သူ အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဓမ္မလက်နက်အဆောင် နတ်ဝိဇ္ဇာဂူဆီသို့ ပြန်ကာ တံခါးပိတ်ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်၏။
သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် မှော်ဆေးရည်အဆောင်က ကြေညာချက်ထုတ်လိုက်သောအခါ အဆင့်နိမ့်ကျွန်းတစ်ကျွန်းလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ အဆင့်မြင့်ကျွန်းပေါ်မှ လူများပင်လျှင် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်အားထက်သန်စွာ ဆွေးနွေးငြင်းခုံနေကြ၏။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်းအပါအဝင် အခြားလူပေါင်းများစွာထံမှ အသံလွှင့်အကြောင်းကြားစာများကို လက်ခံရရှိလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ သတင်းအချက်လက်များ ပေးပို့ခဲ့ကြသူများကို သူကိုယ်တိုင် ကျေးဇူးတင်စကားဆိုလိုက်ပြီး ကျိုးရှောင်ရဆီသို့ အသံလွှင့် အကြောင်းကြားစာတစ်ခုပေးပို့ကာ သူမအား နှစ်သိမ့်စကား ဆိုလိုက်၏။ ထို့နောက် သူသည် စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး ဓမ္မအဆောင်များကို ဆက်လက် ဖန်တီးနေလိုက်တော့သည်။
ကျိုးရှောင်ရမှာ စကားများပင် မပြောနိုင်လောက်အောင် စိတ်နှလုံး လှုပ်ရှားသွားရပြီး သူ့အား ဝမ်ပေါင်လဲ့က ချက်လက်မှတ်အလွတ်တစ်စောင် ပေးခဲ့သည်ဖြစ်ကြောင်း ရှဲ့ဟေးရန်ဆီမှ ကြားသိလိုက်ရသောအခါ သူမ၏ နှလုံးသားထဲတွင် အနွေးဓာတ်များဖြင့် ပြည့်နှက်သွားရတော့သည်။ တချိန်တည်းမှာပင် သူမ၏ သေးသွယ်သော မျက်နှာကလေးပေါ်တွင် တစ်ခါမှ မမြင်ဖူးသော တည်ကြည်မှုများနှင့် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
” ငါ ကိုကြီးပေါင်လဲ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို အလဟသက် ဖြုန်းတီးပစ်လို့မဖြစ်ဘူး။ ဆုကို ရအောင်ယူပြီးတော့ အဆင့်မြင့်ကျွန်းကို တက်လှမ်းပြီး အနာဂတ်မှာ ကိုကြီးပေါင်လဲ့အတွက် ဆေးလုံးတွေ ဖော်စပ်ပေးရမယ် ”
ကျိုးရှောင်ရမှာ ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်နေသော မျက်ဝန်းတစ်စုံဖြင့် သုတေသနလုပ်ငန်းများကို စတင်လိုက်ပြီး တိမ်လွှာအမြစ်ဆေးလုံးများကို သန့်စင်နေလိုက်တော့သည်။
အချိန်များ ကုန်လွန်သွားပြီး တစ်လတိတိ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ဆုချမည့်နေ့၏ အရုဏ်တက်ချိန်တွင် အဆင့်နိမ့်ကျွန်း၏ မှော်ဆေးရည်ဌာနထဲတွင် ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားသည်။
ထို ခေါင်းလောင်းသံများ ပျံ့နှံ့သွားသောအခါ မှော်ဆေးရည်ဌာနထဲတွင် ဆူညံပွက်လောရိုက်သွားကြ၏။ တောင်ထိပ်သို့ ပြေးသွားနေကြသော ကျောင်းသားများကို ကြည့်ရင်း နတ်ဝိဇ္ဇာဂူ အပြင်ဘက်တွင် ရပ်နေသည့် ကျန့်လျန်၏ မျက်ဝန်းများထဲတွင် ခံစားချက်များနှင့် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
” နောက်ဆုံး ဘယ်သူများ ဆုရမှာပါလိမ့် ”
သူသည် ပြီးခဲ့သည့်စာမေးပွဲတုန်းက ကျောက်ယမုန့်အား ရှုံးနိမ့်ခဲ့ပြီးနောက် ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် တာအိုကျောင်းမှ ကျင်းပသော မှော်ဝင်နယ်မြေသို့ ဝင်ရောက်နိုင်မည့် အတန်းတင်စာမေးပွဲကို လွဲချော်ခဲ့ရပါသော်လည်း လက်မလျှော့သေးဘဲ ယခုနှစ်၏ တာအိုကျောင်း၏ အတန်းတင်စာမေးပွဲကို ပြန်လည်ဝင်ရောက်ဖြေဆိုရန် စီစဉ်ထား၏။
အခြားဌာနမှ ကျောင်းသားများစွာမှာလည်း ကျန့်လျန်ကဲ့သို့ပင် တွေးတောနေကြ၏။ ၎င်းမှာ အဆင့်နိမ့်ကျွန်းအတွက် အလွန် အရေးပါသော ကိစ္စရပ်တစ်ခု မဟုတ်ပါလော။
ဌာနတစ်ခုချင်းစီတိုင်းမှ ကျောင်းသားများမှာ အပြေးအလွှားရောက်လာကြပြီး မှော်ဆေးရည်တောင်ထိပ်တွင် စုဝေးနေကြ၏။ ခေါင်းလောင်းသံများကလည်း တဒေါင်ဒေါင် မြည်နေဆဲပင်။ သူတို့အားလုံးမှာ အနိုင်ရရှိသွားမည့်လူကို သူတို့ကိုယ်တိုင် မြင်ချင်နေကြ၏။ ထိုထဲမှ ကျောင်းသားအများစုမှာ ဓမ္မလက်နက်ဌာနမှ ဖြစ်ကြ၏။ ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်ကျွန်းသို့ ရောက်ရှိသွားခဲ့သည့်တိုင်အောင် အဆင့်နိမ့်ကျွန်းတွင်ရှိသော သူ၏ ဩဇာအာဏာမှာ အနည်းငယ်လေးပင် လျော့နည်းမသွားခဲ့ပေ။ ထို့ကြောင့် ကျောင်းသားများစွာမှာ ကျိုးရှောင်ရ အနိုင်ရရှိရန် မျှော်လင့်နေကြသည်။
သို့သော် ချန်ဖေးကိုလည်း အထင်သေး၍မရပေ။ သူမဘက်တွင်လည်း ထောက်ခံအားပေးသူ အမြောက်အမြားရှိနေ၏။
မှော်ဆေးရည်တောင်ထိပ်ပေါ်တွင် လူအုပ်ကြီး စုဝေးလာပြီး ပုရွက်ဆိတ်အုံကြီးကဲ့သို့ ဖြစ်နေသော လူများ၏ မရပ်မနား ဆွေးနွေးငြင်းခုံသံများ အရပ်မျက်နှာအနံ့သို့ ပျံ့နှံ့နေတော့သည်။
လူတိုင်းမှာ အလယ်ရှိ ပြည်သူ့ရင်ပြင်ကို စိုက်ကြည့်နေကြ၏။ ထိုရင်ပြင်ပေါ်တွင် မိန်းကလေး နှစ်ယောက်သာရှိပြီး သူတို့တစ်ယောက်ချင်းစီတိုင်း မှော်ဆေးရည်ဒယ်အိုးတစ်လုံး၏ ဘေးတွင် တင်ပျဉ်ခွေ ထိုင်နေကြသည်။
ထိုမိန်းကလေး နှစ်ယောက်စလုံးမှာ အသက်ငယ်ရွယ်သည့်တိုင်အောင် တမူထူးခြားသည့်ပုံ ပေါက်နေ၏။ ကျိုးရှောင်ရမှာမူ ဒေါသထွက်နေသော အကြည့်များဖြင့် ချန်ဖေးအား စိုက်ကြည့်နေ၏။ ချန်ဖေးမှာ အရပ်ရှည်ပြီး တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေပါသော်လည်း သူမ၏ သဲနာရီတစ်လုံးကဲ့သို့ သွယ်လျသော ခန္ဓာကိုယ်အချိုးအစားကို အထင်းသား မြင်နေရသောကြောင့် လိုချင်တပ်မက်မှုများနှင့် စိုက်ကြည့်နေကြသည့် မျက်ဝန်းများစွာ ရှိနေ၏။ သို့သော် သူမ၏ အမူအရာမှာ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ မောက်မာသည့်ပုံ ပေါ်နေ၏။ သို့ရာတွင် သူမမှာ ပို၍ပင် အေးတိအေးစက် ဖြစ်လေလေ အခြားလူများကို ပို၍ပင် ဆွဲဆောင်နိုင်စွမ်းရှိလေလေ ဖြစ်နေသည်။
” ကျိုးရှောင်ရပဲ သေချာပေါက် နိုင်မှာပါ။ ဆေးဖော်စပ်နည်းက အစကတည်းက ကျိုးရှောင်ရ ပိုင်တာလေ ”
” သေချာပေါက်တော့ ပြောလို့မရဘူးနော်။ ငါကတော့ အဲဒီဆေးဖော်စပ်နည်းကို ချန်ဖေးပိုင်တယ်လို့ ထင်တယ်။ သူက စတုတ္ထနှစ် ကျောင်းသူတစ်ယောက်ဆိုတော့ အတွေ့အကြုံတွေ အများကြီး ရှိမှာပဲလေ။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားက လှတဲ့အပြင် ရုပ်ကလည်း ချောသေးတယ် ”
ထိုကဲ့သို့ လူအများက ဆွေးနွေးငြင်းခုံနေကြစဉ်တွင် ပါမောက္ခကြီး၊ ဒုပါမောက္ခနှင့် မှော်ဆေးရည်အဆောင်မှ အကြီးအကဲကြီးတစ်ယောက် ရောက်ရှိလာပြီး ရှေ့ဆုံးအတန်းတွင် ထိုင်လိုက်ကြ၏။ ထိုအခါ လူအုပ်ကြီးထဲမှ ဆူညံသံများမှာ ချက်ချင်းပင် ငြိမ်ကျသွား၏။
ပါမောက္ခကြီးနှင့် မှော်ဆေးရည်အဆောင်မှ အကြီးအကဲကြီးတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်၏။ ဒုပါမောက္ခ ကောင်းချွမ်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့်လှမ်းကာ ကျိုးရှောင်ရနှင့် ချန်ဖေးတို့ကို ကြည့်လိုက်၏။ သူသည် ကျိုးရှောင်ရအား မြင်လိုက်ရသောအခါ တစ်ခဏမျှ ရပ်တန့်သွားပြီး လေသံမာမာနှင့် ကြေညာလိုက်၏။
” တိမ်လွှာအမြစ်ဆေးလုံး ဖော်စပ်မှုစစ်ဆေးပွဲ စတင်ပြီ ”
ထိုအခါ ကျိုးရှောင်ရနှင့် ချန်ဖေးတို့မှာ ချက်ချင်းပင် မတ်တတ်ထလာကြပြီး လူအများ၏ ရှေ့တွင် တိမ်လွှာအမြစ်ဆေးလုံးအား စတင်ဖော်စပ်လိုက်ကြတော့သည်။
ထိုအခါ ဆေးပင်မှော်ဆေးရည် ဒယ်အိုး နှစ်အိုးစလုံးမှာ ချက်ချင်းပင် အရောင်တောက်လာကြ၏။
အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားပြီး နာရီဝက်တိတိ ကြာမြင့်ပြီးသွားသောအခါ သူတို့နှစ်ယောက်စလုံး၏ ဖော်စပ်ခြင်း လုပ်ငန်းစဉ်အား တစ်ဝက်တိတိ ပြီးမြောက်သွားပြီးဖြစ်သည်။ ထိုအချိန်တွင် အဆင့်မြင့်ကျွန်းရှိ သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် ရှိနေသော ဝမ်ပေါင်လဲ့မှာ သူ ကြိုတင်မှန်းဆထားသည့် အတိုင်း နောက်ဆုံးတွင် သူ၏ အခုတစ်ရာမြောက် ပြီးပြည့်စုံသော ပထမအဆင့် ဓမ္မအဆောင်ကို အောင်မြင်စွာ ဖန်တီးနိုင်သွား၏။
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် ဝင်းလက်တောက်ပနေသည့် သူ ယခုလေးတင် ဖန်တီးထားသော လက်ဝါးအရွယ်အစားရှိ ဒိုင်းကာလေးကို စိတ်လှုပ်တရှား ကြည့်နေ၏။ ထို့နောက် သူသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မတ်တတ်ထလာ၏။
” ငါ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ။ အချိန်လည်း ကွက်တိပဲ။ ဘန်နီလေးရဲ့ စာမေးပွဲက မပြီးလောက်သေးဘူး ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားဖြင့် အသက်ပြင်းပြင်းရှူလိုက်ပြီး အသံလွှင့် ကျောက်စိမ်းပေလွှာကိုဖွင့်ကာ အကဲခတ်လိုက်၏။ စာမေးပွဲ မပြီးသေးကြောင်း သေချာသွားသောအခါ သူသည် ချက်ချင်းပင် နတ်ဝိဇ္ဇာဂူထဲမှ ထွက်လာပြီး သင်္ဘောပျံလေးပေါ်သို့တက်၍ အဆင့်နိမ့်ကျွန်းဆီသို့ ဒုန်းစိုင်း ပျံသန်းသွားလိုက်တော့သည်။
” ဘန်နီလေး မျှမျှတတ ယှဉ်ပြိုင်ပြီး ရှုံးရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ သူနိုင်ပြီးမှ တစ်ယောက်ယောက်က ပြဿနာရှာလို့ကတော့ အဲ့ကောင် ဘယ်ကောင်လဲဆိုတာကို ငါကိုယ်တိုင် သိအောင် လုပ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ လေထဲရှိ သူ၏ သင်္ဘောပျံလေးပေါ်တွင် မတ်တတ်ရပ်ကာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်နေသော မျက်ဝန်းတစ်စုံဖြင့် အရှိန်တင်လိုက်တော့သည်။