Switch Mode

အခန်း ( ၁၃၄ )

မှော်ဆေးရည်ဆောင် ဆုလာဘ်

” အရက်စက်ဆုံးတိုက်ကွက် ဟုတ်လား။ ဂရုမစိုက်ဘူးကွာ ”
ဝမ်ပေါင်လဲ့မှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ ထိုလူဝံကြီး၏ ဆော့ကစားခြင်းကို ခံခဲ့ရသောကြောင့် သူသည် ရူးသွပ်လုမတတ် ဖြစ်နေရ၏။ ၎င်းမှာ သူ့အား တစ်ကြိမ်တည်းတင် မဟုတ်ဘဲ ဆယ်ကြိမ်ကျော် ဆော့ကစားခဲ့သည်မဟုတ်ပါလော။

” စိတ်အေးအေးထားပါ ညီလေးရယ်။ စိတ်အေးအေးထားပါ။ ဒီလူဝံကြီးကို ရန်မစမိဖို့ ညီလေးကို အကြံပေးချင်တယ်။ သူက သားရဲမွေးမြူရေးအဆောင်က အကြီးအကဲကြီးရဲ့ အချစ်တော်လေ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါတို့လို အာနာပါနအဆင့်က ‌လူတွေထက်ကို အများကြီးပိုပြီးတော့ အဆင့်မြင့်တယ်။ အဲဒီတော့ သူက အရမ်းအစွမ်းထက်တာ။ တိမ်တိုက်တွေရဲ့ အထက်ပိုင်းက သူ့ရဲ့ပိုင်နက်ပဲ။ အဲဒီနေရာမှာ တစ်ခုခုပေါ်လာတာကို သူကမြင်တာနဲ့ လိုက်ရိုက်တာ ”
ဝမ်ပေါင်လဲ့၏ဘေးမှ သဘောကောင်းသော ကျောင်းသားက ခေါင်းယမ်းကာ ရှင်းပြလိုက်သည်။ ဓမ္မလက်နက်အဆောင်တွင် ကျောင်းသားပေါင်းများစွာရှိသည်ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့အား မည်သူမှန်း မသိပေ။

” သူ့မှာ အဲဒီလောက်အထိ အင်အားကြီးတဲ့ ‌နောက်ခံအင်အားတစ်ခု ရှိနေတာလား ”
ဝမ်ပေါင်လဲ့မှာ ထိုကျောင်းသား၏ စကားများကိုနားထောင်ရင်း ထိုလူဝံကြီး၏ အကြောင်းကို အကြမ်းဖျင်းခန့် နားလည်သွား၏။ ထို့ကြောင့် သူသည် ထိုလူဝံကြီးကို အပြစ်လုပ်မိ၍ မဖြစ်ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချလိုက်ရပြီး ပို၍ပင် မကျေမချမ်းဖြစ်ကာ ပူဆွေးသောက ရောက်နေရတော့သည်။ ထို့နောက် သူသည် လေပေါ်သို့ ခုန်တက်သွားသော စိန်လူဝံကြီး၏ အရက်စက်အကြမ်းကြုတ်ဆုံး တိုက်ကွက်အကြောင်းကို မေးမြန်းရန် ပြင်လိုက်သည့်အချိန်တွင် ထိုလူဝံကြီးမှာ ဝမ်ပေါင်လဲ့အား သတိထားမိသွား၏။ ထို့ကြောင့် ၎င်းမှာ ချက်ချင်းပင် ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့ဘက်သို့လှည့်ကာ သွားဖြဲ၍ သူ၏တင်ပါးကို လှုပ်ယမ်းပြလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်နေသည့် အရိပ်အယောင်တစ်ခုကို မြင်နိုင်၏။

” မင်းက ငါ့ကို လှောင်နေတာလားကွ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားပြီး ယမ်းပုံမီးကျ ဒေါသထွက်လုမတတ် ဖြစ်သွား၏။ သူ၏ဘဝတစ်လျှောက်လုံး လူဝံတစ်ကောင်၏ လှောင်ပြောင်စော်ကားခြင်းကို ခံရသည်မှာ ယခုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

လေထဲတွင်ရှိနေသော ထိုစိန်လူဝံကြီးမှာ ၎င်း၏ရင်ဘတ်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် တဒုန်းဒုန်းမြည်အောင် ထုနှက်နေ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်ပြီး သားရဲ‌မွေးမြူရေးအဆောင်ဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ အလွန် ဒေါသထွက်နေရပြီဖြစ်သည်။ သူသည် ထိုလူဝံကြီး၏ အရုပ်တစ်ရုပ်လို ဆော့ကစားခြင်းကို ခံခဲ့ရရုံသာမက လှောင်ပြောင်စော်ကားခြင်းကိုပါ ခံခဲ့ရသည် မဟုတ်လော။ ထို့ကြောင့် သူသည် မခံမရပ်နိုင်ဖြစ်ကာ ဒေါသစိတ်များကြောင့် ပေါက်ကွဲလုမတတ် ခံစားနေရတော့သည်။ အချိန်အနည်းငယ်ခန့်ကြာမှသာ သူ၏ ဒေါသများကို ချုပ်တည်းနိုင်သွား၏။ ထို့နောက် သူသည် ပျက်စီးနေသော သင်္ဘောပျံလေးကို နာကျည်းစွာ ကြည့်ကာ သက်ပြင်းချလိုက်၏။ သူ၏ ပညာသင်ဘက် ကျောင်းသားကို ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ထိုသင်္ဘောပျံလေးအား သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ မကျေမချမ်းနှင့် ပူဆွေးသောကကြီးစွာ ပြန်ယူသွားတော့သည်။

ကံကောင်းစွာဖြင့် သင်္ဘောပျံလေးမှာ အပေါ်ယံမျှသာ ထိခိုက်ပျက်စီးသွားခြင်းဖြစ်ပြီး ကြီးကြီးမားမား မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ လက်ရှိ အရည်အချင်းနှင့်ဆိုလျှင် ၎င်းအား အလွယ်တကူ ပြုပြင်နိုင်ပေသည်။ သို့သော် သူသည် လူဝံကြီး၏ သူ့အား လှောင်ပြောင်စော်ကားခဲ့သော မျက်နှာအမူအရာကို ပြန်၍ တွေးမိလိုက်တိုင်း သူ၏ဒေါသစိတ်များမှာ ကြီးထွားလာရပြီး မခံမရပ်နိုင် ဖြစ်နေရဆဲပင်။

” ‌နေနှင့်ဦးပေါ့ မျောက်ဆိုးရာ။ အဘိုးဝမ်ကို ရန်စမိရင် ဘာပြန်လုပ်သလဲဆိုတာ မင်း ကောင်းကောင်း သိစေရမယ် ”

ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ သူ၏ ဒေါသစိတ်များကို ချုပ်တည်းရင်း သင်္ဘောပျံလေးကို ပြုပြင်လိုက်ပြီးနောက် အပြင်သို့ထွက်ချင်စိတ် မရှိတော့ပေ။ ထို့ကြောင့် သူသည် တံခါးပိတ်ကာ ဓမ္မအဆောင်များကို သန့်စင်ရန် ဆုံးဖြတ်လိုက်တော့သည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့မှာ ပထမအဆင့်ဓမ္မအဆောင်များကို သန့်စင်သည့် လုပ်ငန်းစဉ်များနှင့် တဖြည်းဖြည်းပို၍ ရင်းနှီးကျွမ်းဝင်လာတော့သည်။ ထိုကဲ့သို့ သန့်စင်နေရင်း မအောင်မြင်မှုများလည်း ရှိခဲ့သောကြောင့် သူ စုဆောင်းထားသော ငွေကြေးပမာဏမှာ သိသိသာသာ လျော့နည်းလာရပါသော်လည်း သူ၏ ဓမ္မအဆောင် အရေအတွက်မှာမူ ပို၍ များပြားလာ၏။

သူသည် တဖြည်းဖြည်းနှင့် ဓမ္မလက်နက်အဆောင်က သတ်မှတ်ပေးထားသည့် စာရင်းထဲမှ သူကိုယ်တိုင် သီးသန့်ရွေးချယ်ထားသော ဓမ္မအဆောင်ရှစ်ဆယ်ကျော်အထိ သန့်စင်ပြီးသွားပြီ ဖြစ်သည်။ ဓမ္မအဆောင် တစ်ခုချင်းစီတိုင်း သီးသန့်အဓိပ္ပါယ်တစ်ခုစီ ပိုင်ဆိုင်ထားကြပြီး ၎င်းတို့အားလုံးမှာ သန့်စင်ရန် အတော်အသင့်ခဲယဉ်းသော ဓမ္မအဆောင်အမျိုးအစားများထဲတွင် ပါဝင်ကြသည်။ အကယ်‌၍ သူသည် အခက်အခဲသိပ်မရှိသော အမျိုးအစားများကိုသာ သန့်စင်ခဲ့မည်ဆိုပါက ယခုကဲ့သို့ အချိန်ကုန်၊ ငွေကုန်ခံပြီး အပင်ပန်းခံနေစရာ လိုမည်မဟုတ်ပေ။

သူ ထိုသို့ အပင်ပန်းခံနေရသည်မှာ ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရန်အတွက် ပထမအဆင့်ဓမ္မအဆောင် တစ်ရာတိတိကို အမှားအယွင်းမရှိ သန့်စင်ပေးရန်သာ လိုအပ်ပါသော်လည်း ထိုအဆောင်တစ်ခုချင်းစီကို လိုက်၍ သတ်မှတ်ထားသော ရမှတ်များ ရှိနေသေးသည်ဟု ချန်းယွီထုံက သူ့အား ပြောပြခဲ့သောကြောင့်ဖြစ်သည်။ ရမှတ်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ထို သတ်မှတ်ထားသော ပမာဏအထိ သန့်စင်ပြီးပါက ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက်အဖြစ်သို့ ရောက်သွားမည်သာဖြစ်သည်။

သို့သော် အနာဂတ်တွင် ဓမ္မလက်နက်စစ်သည်အဖြစ်သို့ တက်လှမ်းချင်သည်ဆိုပါက ထိုရမှတ်များမှာ အရေးကြီးပေသည်။ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာရန် အရည်အချင်း စစ်ဆေးရာတွင် ထိုရမှတ်များကို အပိုရမှတ်များအဖြစ် ထည့်တွက်မည် ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် ဓမ္မလက်နက်အဆောင်က သတ်မှတ်ပေးထားသည့် စာရင်းထဲမှ အခက်ခဲဆုံး ပထမအဆင့် ဓမ္မအဆောင်များကို သန့်စင်ပေးနိုင်မည်ဆိုပါက နောက်ပိုင်းတွင် အကျိုးရှိမည်ဖြစ်ကြောင်း ချန်းယွီထုံက ဝမ်ပေါင်လဲ့အား အသိပေးခဲ့၏။

ထိုသို့ သန့်စင်ရန်မှာ ငွေကုန်ကြေးကျ အလွန်များမည် ဖြစ်ပြီး တာအိုကျောင်းမှာ ဓမ္မလက်နက်အဖွဲ့ဝင်များအား ထို အရည်အချင်းစစ်ဆေးပွဲအတွက် သူတို့ သန့်စင်ရသော ဓမ္မအဆောင် အခုတစ်ရာအတွက် အမှတ်သင်္ကေတ ဝိညာဉ်ကျောက်တုံး အနည်းငယ်မျှသာ ဆုချမည်ဖြစ်ရာ တွက်ခြေကိုက်မည် မဟုတ်ပေ။ သို့သော် ၎င်းမှာ အနာဂတ်တွင် အောင်မြင်မှုဆီသို့ အလွယ်တကူ လျှောက်လှမ်းနိုင်မည့် လမ်းကြောင်းအတွက် ခိုင်မာသော အ‌ခြေခံအုတ်မြစ်တစ်ခုကို ချထားသကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။

ထိုအချက်များအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ စိန်ခေါ်ရန် ဆုံးဖြတ်လိုက်၏။ သူသည် ငွေကြေးအများကြီး စိုက်ထုတ်ရမည်ဖြစ်ပါသော်လည်း သူ ဝိညာဉ်အမြစ်ရွာထဲတွင် ရရှိခဲ့သော ငွေကြေးပမာဏမှာလည်း အလွန် များပြားနေသည် မဟုတ်ပါလော။ ထို့ကြောင့် တာအိုကျောင်းမှ သူရရှိမည့် ငွေကြေးပမာဏကို မှတ်တမ်းတင်ပြီးသည်နှင့် သူသည် ၎င်းတို့ကို ထုတ်ယူနိုင်မည် ဖြစ်သည်။

သို့သော် သူ၏အစီအစဉ်အတိုင်းသာဆိုပါက နောက်ထပ် ဓမ္မအဆောင် ဆယ်ခုကျော်အတွက် ကြယ်ခေတ်သဲဟု အမည်ရသော သန့်စင်ခြင်းကုန်ကြမ်းပစ္စည်းတစ်ခုကို မလွဲမသွေ အသုံးပြုရမည်ရသာ ဖြစ်သည်။ ထိုကြယ်ခေတ်သဲကို ဂိုဏ်းထဲတွင် ရရှိနိုင်ပါသော်လည်း အချိန်ပေးရန်လိုအပ်သော တာဝန်တစ်ခုကို ပြီးမြောက်အောင်မြင်ပြီးမှသာ ၎င်းကို ဝယ်ယူခွင့်ရှိမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လိုအပ်မည့် အချိန်များကိုတွက်ချက်လိုက်ပြီးနောက် စိတ်မရှည်တော့ပေ။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီး ရှဲ့ဟေးရန်အား ဆက်သွယ်ရန် ဆုံးဖြတ်လိုက်၏။ သူသည် အဆင့်နိမ့်ကျွန်းတွင် အလွန် ဩဇာရှိသောကြောင့် ကြယ်ခေတ်သဲများကို ဝယ်ယူပေးနိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ‌တွေးထား၏။ အကယ်၍ ရှဲ့ဟေးရန်သာ မဝယ်နိုင်ပါက ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံထံ အကူအညီတောင်းရန် ကြံစည်ထား၏။

သို့သော် သူသည် ချန်းယွီထုံနှင့် မိတ်ဆွေဖွဲ့ထားပြီး ဖြစ်ပါသော်လည်း သူတို့ နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် သိကျွမ်းဝင်ကြသည်မှာ သိပ်မကြာသေးသောကြောင့် အလွန်အမင်း ရင်းနှီးနေသည်တော့ မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မလိုအပ်ဘဲ ချန်းယွီထုံအား အနှောင့်အယှက် မပေးချင်ပေ။

ထိုစဉ် ရှဲ့ဟေးရန်မှာ သူ့ကိုယ်သူ အဆင့်နိမ့်ကျွန်းမှ ကျောင်းသူသစ်တယောက်အား စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေ၏။

” ညီမလေး။ အစ်ကို့နာမည်က ရှဲ့ဟေးရန်တဲ့။ ကောင်းကင်တာအိုကျောင်းထဲမှာ ပါမောက္ခကြီးပဲဖြစ်စေ၊ သာမန်ကျောင်းသားတစ်ယောက်ပဲဖြစ်စေ အစ်ကို မကူညီပေးနိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး ”

ရှဲ့ဟေးရန်မှာ ထိုသို့ မိတ်ဆက်ပေးနေရင်း ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။ ထိုအခါ သူသည် မျက်လုံးများအရောင်လက်သွားပြီး ထိုအကြောင်းကြားစာကို ဖတ်ရင်း ချီတုံချတုံဖြစ်နေသော ကျောင်းသူလေးအား ပြုံးပြလိုက်၏။

” ဒီမှာ မြင်တယ်မလား။ ညီမလေး ဝမ်ပေါင်လဲ့ဆိုတာ ဘယ်သူလဲသိလား။ သူက အစ်ကို့ရဲ့ နံပါတ်တစ် ဖောက်သည်လေ။ ထားပါတော့။ ‌ညီမ သေချာအချိန်ယူပြီး စဉ်းစားလိုက်ပါဦး။ အခု အစ်ကို ဝမ်ပေါင်လဲ့ရဲ့ ကိစ္စကို ကူညီပေးလိုက်အုံးမယ် ”
ရှဲ့ဟေးရန်မှာ ထိုသို့ဆိုကာ နောက်သို့လှည့်သွားပြီး ကျေနပ်အားရစွာ ထွက်ခွာလာတော့သည်။ ထို့နောက် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့အား ဆက်သွယ်လိုက်သည်။ သူ၏ လေသံမှာ ဝမ်ပေါင်လဲ့ အဆင့်နိမ့်ကျွန်းတွင် ရှိနေခဲ့စဉ်တုန်းကနှင့် လုံးဝမတူတော့ဘဲ အလွန် ရိုကျိုးနေ၏။

နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့ လိုအပ်သော ပမာဏကို သုံးရက်အတွင်း အရောက်ပို့ပေးမည်ဟု ကတိပေးလိုက်၏။

” ရှဲ့ဟေးရန်က မဆိုးဘူးပဲ။ ငါက အဆင့်မြင့်ကျွန်းပေါ်မှာ ရောက်နေတာတောင် သူက ငါ့ကို ကူညီနိုင်နေတုန်းပါလား။ တကယ့်ကို စီးပွားရေးသမား တစ်ယောက်ပဲ။ သူလည်း သိပ်မကြာခင် အဆင့်မြင့်ကျွန်းကို ဝင်ခွင့် ရချင်ရလာလောက်တယ် ”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားပြီး ရှဲ့ဟေးရန်အား စိတ်ထဲတွင် ချီးကျူးမိနေတော့သည်။ သူသည် သုံးရက်တိတိ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းလိုက်ပြီးနောက် ရှဲ့ဟေးရန်၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်၏။

” အစ်ကိုဝမ်။ ကျနော်က အဆင့်မြင့်ကျွန်းထဲ ဝင်လို့မရဘူးလေ။ အပြင်ဘက်မှာပဲ အရောင်းအဝယ် လုပ်ကြတာပေါ့ ”

ရှဲ့ဟေးရန်၏ အသံလွှင့်အကြောင်းကြားစာအား လက်ခံရရှိလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူထဲမှ ချက်ချင်းပင်ထွက်ခွာလာပြီး အဆင့်မြင့်ကျွန်း စင်မြင့်ပေါ်ရှိ မြူခိုးများထနေသော နယ်နိမိတ် အစွန်အဖျားသို့ ရောက်ရှိလာ၏။ ထိုအခါ သူသည် အလွန် ရိုကျိုးသော အမူအရာဖြင့် မတ်တတ်ရပ်နေသည့် ရှဲ့ဟေးရန်ကို မြင်လိုက်ရသည်။

” မင်္ဂလာပါ အစ်ကိုဝမ် ”
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် တက်ကြွစွာ နှုတ်ဆက်လိုက်၏။ သူသည် ချက်ချင်းပင် ရှေ့သို့လှမ်းလာပြီး တရိုတသေ ဦးညွတ်လိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့ စကားမပြောနိုင်ခင်မှာပင် သူသည် အိတ်တစ်အိတ်ကို ချက်ချင်းပင် ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ယဉ်ကျေးစွာ လှမ်းပေးလိုက်၏။

ရှဲ့ဟေးရန်၏ သူ့အပေါ် ဆက်ဆံပုံများ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ရယ်မောလိုက်၏။ ထိုသို့ဖြစ်နေရသည့် အဓိကအကြောင်းအရင်းမှာ သူသည် အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရရှိခဲ့သောကြောင့် ဖြစ်ကြောင်း သူက နားလည်ထား၏။ သူသည် ပျော်ရွှင်ကျေနပ်နေသော အမူအရာဖြင့် ထိုအိတ်ကို လက်ခံရယူလိုက်ပြီး ထိုအိတ်ထဲတွင် ပါသော ပစ္စည်းများကို မြင်လိုက်ရသောအခါ ကျေနပ်အားရသွား၏။

ထို့ကြောင့် သူကလည်း ဝိညာဉ်ကျောက်တုံးများကို လက်လွှဲပေးလိုက်၏။ သူတို့နှစ်ယောက်မှာ ထိုကဲ့သို့ အရောင်းအဝယ်လုပ်ပြီးနောက် အလာပသလ္လာပစကားများ အပြန်အလှန် ပြောဆိုနေကြတော့သည်။ ရှဲ့ဟေးရန်မှာ ထိုကဲ့သို့ စကားပြောနေသည့် တချိန်လုံး ရိုသေစွာ ပြောဆိုဆက်ဆံခဲ့၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ရယ်မောလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရှဲ့ဟေးရန်က တစ်စုံတစ်ခုကို အမှတ်ရသွားသည့်ပုံစံဖြင့် ရှေ့သို့ အလျင်အမြန် ပြေးလာပြီး တိုးတိုးလေး ပြောလိုက်၏။
” အစ်ကိုဝမ်က ကျနော့်ဆီက ပစ္စည်းတွေအများကြီး ဝယ်ခဲ့တဲ့အပြင် ကျနော်တို့တွေက မိတ်ဆွေဟောင်းတွေဆိုတော့ အစ်ကို့ကို သတင်းတစ်ခု အဆစ်ပြောပြမယ် ”

” ဟင် ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ နောက်သို့ လှည့်လာပြီး ရှဲ့ဟေးရန်အား ကြည့်လိုက်၏။

” အစ်ကိုဝမ်။ ကျနော့်ရဲ့ အချိတ်အဆက်တွေကနေတစ်ဆင့် အဲ့ကိစ္စမှာပါတဲ့ လူတွေကလွဲလို့ နောက်ထပ် သိတဲ့လူတွေ သိပ်မရှိတဲ့ သတင်းတစ်ခုကို ကျနော် သိထားတယ်။ နောက်သုံးရက်နေရင် အဆင့်မြင့်ကျွန်းရဲ့ မှော်ဆေးရည်အဆောင်က အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်ကို ဆုချမှာတဲ့ ”

ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့၏ မျက်နှာမူအရာကို ဂရုတစိုက် အကဲခတ်လိုက်၏။

” မှော်ဆေးရည်အဆောင်က အထူးဝင်ခွင့်ရကျောင်းသားတစ်ယောက်ကို ဆုချမယ် ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါ ဖြစ်သွားရ၏။

” အဆင့်မြင့်ကျွန်းရဲ့ စည်းကမ်းတွေရှိတယ်လေ။ ဘယ်အဆောင်ပဲ ဖြစ်ဖြစ် ထူးချွန်ထက်မြက်တဲ့ ကူညီထောက်ပံ့သူတစ်ယောက်ကို အရည်အချင်းစစ် စာမေးပွဲတွေ အောင်စရာမလိုဘဲ အဆင့်မြင့်ကျွန်းကို ကျောင်းသားတစ်ယောက်နေနဲ့ တိုက်ရိုက်ဝင်ခွင့်ရအောင် ဆုချပေးလို့ရတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်ရပ်က ရှားပါတယ်။ ဒီတစ်ခေါက် မှော်ဆေးရည်အဆောင်က ကျောင်းသားတစ်ယောက်ကို အာနာပါနအဆင့် ရောက်နိုင်အောင် ခုနစ်လက်မ ဝိညာဉ်အမြစ်တစ်ခုကို ဆုချမှာတဲ့ ”

ဝမ်ပေါင်လဲ့မှာ ထိုသတင်းကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွား၏။ ခုနစ်လက်မ ဝိညာဉ်အမြစ်များမှာ မည်မျှရှားပါးကြောင်းကို သူက သိထားသည်ဖြစ်ရာ မှော်ဆေးရည်အဆောင်က ယခုလို ဆုချနိုင်သည်ဆိုသောကြောင့် သူသည် အထူးတဆန်း ဖြစ်သွားရ၏။

” ဒါပေမဲ့ ပြဿနာတချို့တော့ ရှိတာပေါ့။ အဲဒီတော့ နောက်သုံးရက်နေလို့ ဒီသတင်းကို ကြေညာတဲ့အချိန်ကျရင် သူတို့က သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် တိမ်လွှာအမြစ်ဆေးလုံးတစ်လုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်မှ အရည်အချင်း ပြည့်မီတယ်လို့ ကြေညာမှာ… ”
ရှဲ့ဟေးရန်မှာ ထိုသို့ တစ်ဝက်တစ်ပျက်ပြောကာ ခေတ္တမျှ ရပ်တန့်လိုက်ပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။

” ကျနော် အဲဒီ တိမ်လွှာအမြစ်ဆေးလုံးနဲ့ ပတ်သက်ပြီးတော့ လေ့လာထားပြီးပြီ။ အဲဒီဆေးလုံးက အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် တော်တော်ကို အကျိုးရှိတယ်လို့ ပြောကြတယ်။ အရေးအကြီးဆုံးအချက်က အဲဒီဆေးလုံးနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာ အဟောင်းတွေ မရှိတာပဲ။ အဲဒီတော့ အဲဒါကို ဆေးလုံးဖော်စပ်နည်း အသစ်တစ်ခုလို့တောင် မှတ်သားလို့ရတယ်။ အရည်အချင်းစစ်စာမေးပွဲပြီးရင် အဆင့်မြင့်ကျွန်းရဲ့ မှော်ဆေးရည်အဆောင်က အဲဒီဖော်စပ်နည်းကို ကြီးမားတဲ့ ထောက်ပံ့မှုတစ်ခုလို့ သတ်မှတ်ပေးပြီးတော့ အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်ကို ဆုချမှာ။ ဒါပေမဲ့ ပြဿနာတချို့ ပေါ်လာတဲ့ ပုံပဲဗျ။ အဲဒီ တိမ်လွှာအမြစ်ဆေးလုံး ဖော်စပ်နည်းကို အဆိုပြုတင်သွင်းထားတဲ့ ကျောင်းသားနှစ်ယောက် ရှိပေမယ့် ဆုက တစ်ခုပဲ ရှိတာ ”

” အဲဒီတော့ ဆုချရမဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အရည်အချင်းကို အကဲဖြတ်ရဦးမှာ။ အချိန်ကို တစ်လတိတိ သတ်မှတ်ထားတယ်။ အဲဒီကျောင်းသားနှစ်ယောက်ထဲက ပိုပြီးသန့်စင်တဲ့ တိမ်လွှာအမြစ်ဆေးလုံးကို ဖော်စပ်နိုင်တဲ့ ကျောင်းသားက အနိုင်ရမှာပဲ။ ဒါပေမဲ့ တိမ်လွှာအမြစ်ဆေးလုံးကို ဖော်စပ်ဖို့က ကုန်ကြမ်းပစ္စည်းတွေ အများကြီးလိုတာ။ အဲဒီတော့ ကုန်ကျစရိတ်ကလည်း တော်တော်ကို များတယ် ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်ရင်း မျက်လုံးများ အရောင်လက်သွားပြီး ရှဲ့ဟေးရန်အား စူးရှစွာ စိုက်ကြည့်လိုက်၏။

ဝမ်ပေါင်လဲ့က သူ့အား စိုက်ကြည့်နေသောကြောင့် ရှဲ့ဟေးရန်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။

” အဲဒီ ဖော်စပ်နည်းကို အဆိုပြုတင်သွင်းခဲ့တဲ့ကျောင်းသား နှစ်ယောက်က ကျိုးရှောင်ရနဲ့ သူ မှော်ဆေးရည်ဌာနရောက်တော့ ခင်မင်ရင်းနှီးခဲ့ရတဲ့ သူ့ အချစ်ဆုံးသူငယ်ချင်း ချန်ဖေးပဲ။ အဆင့်မြင့်ကျွန်းရဲ့ မှော်ဆေးရည်အဆောင်က အဲဒီ ဖော်စပ်နည်းကို ဘယ်သူ တီထွင်ခဲ့သလဲဆိုတာကို သိပေမဲ့ မကြေညာသေးဘူး။ ဒီကိစ္စက သေရေးရှင်ရေးပဲဗျ။ ချန်ဖေးက အဲဒီ ဖော်စပ်နည်းကို တီထွင်ခဲ့တဲ့သူဆိုပြီးတော့ အဆင့်မြင့်ကျွန်းရဲ့ မှော်ဆေးရည်အဆောင်ထဲမှာ သတင်းတွေ ပျံ့နေတယ်လို့ ကျနော် ကြားထားတယ်။ ဘာလို့လဲဆိုတော့ ချန်းဖေးကလည်း တော်တော်ကို တော်တဲ့ စတုတ္ထနှစ် ကျောင်းသူတစ်ယောက်လေ။ အဲဒီတော့ သူက တခြားလူတစ်ယောက်ရဲ့ ဖော်စပ်နည်းကို ခိုးပြီးတော့ ကျောင်းကနေ ထုတ်ပယ်ခံနိုင်ရလောက်တဲ့အထိ စွန့်စားဖို့ဆိုတာ မဖြစ်နိုင်ဘူး ”

” ဒါပေမဲ့ ကျနော်သိသလောက်ဆိုရင် ချန်ဖေးက လင်းတျန်ဟောက်နဲ့ အချိတ်အဆက်တွေရှိတယ်တဲ့။ ဒီတော့ လင်းတျန်ဟောက်က ချန်ဖေးကို ဒီတိမ်လွှာအမြစ်ဆေးလုံး ဖော်စပ်ဖို့အတွက် ငွေကြေးထောက်ပံ့ပေးလောက်တယ်။ အဲဒီတော့ ချန်ဖေးရဲ့ ဖော်စပ်ခြင်းလုပ်ငန်းစဉ်တွေက မအောင်မြင်ဘဲ ကျရှုံးသွားရင်တောင် သူက အစကနေ ပြန်စနိုင်မှာပဲ။ ကျိုးရှောင်ရမှာက အဲဒီလို အားသာချက်မျိုး မရှိဘူးလေ။ တကယ်လို့ ထူးထူးဆန်းဆန်း ဖြစ်ရပ်တစ်ခုခုသာ မဖြစ်ခဲ့ဘူးဆိုရင်တော့ နောက်တစ်လနေလို့ ကြေညာချက်ထုတ်တဲ့အချိန်ရောက်ရင် ကျိုးရှောင်ရရှုံးဖို့ ရာခိုင်နှုန်းက တော်တော်ကိုများတယ်။ အရေးအကြီးဆုံးအချက်က မှော်ဆေးရည်အဆောင်က ဒီကိစ္စကို ဘယ်‌လိုသဘောထားမလဲဆိုတာ ဘယ်သူမှမသိကြဘူး ”

” အစ်ကိုဝမ်။ မှော်ဆေးရည်အဆောင်က ဒီဆုချမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး မကြေညာရသေးတာမလို့ တကယ်လို့ ကျိုးရှောင်ရက ဒီဖော်စပ်နည်းကို သူကိုယ်တိုင် တီထွင်ခဲ့တာမဟုတ်ဘူးဆိုရင် အစ်ကို သူ့ကို ရအောင် နားချသင့်တယ်။ အဲဒီလိုမဟုတ်ရင် … ”
ရှဲ့ဟေးရန်က သူ၏စကားကိုရပ်တန့်လိုက်ပြီး နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ဝမ်ပေါင်လဲ့အား သူ၏စကားများကို သုံးသပ်နိုင်ရန် အချိန်ပေးလိုက်၏။

ဝမ်ပေါင်လဲ့၏ မျက်နှာမှာ အရုပ်ဆိုးနေပြီ ဖြစ်သည်။ သူ၏ အကြည့်မှာ ယခင်ကထက်ပင် ပို၍စူးရှလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။

Comment

Leave a Reply

Options

not work with dark mode
Reset