ဝမ်ပေါင်လဲ့မှာ ခံစားချက်များစွာဖြင့် ကျောက်စိမ်းဓားကို အောက်သို့ချလိုက်ပြီး ဒုတိယအဆင့် ဓမ္မအဆောင်ကို သန့်စင်ရန် စတင်လိုက်တော့သည်။ သူသည် ထိုကဲ့သို့ သန့်စင်နေရင်း သူ၏ ကောင်းကင်တိမ်လွှာပညာရပ်အား ကျင့်ကြံနေခြင်းကိုလည်း ရပ်တန့်ခဲ့ခြင်းမရှိပေ။ သူသည် နေ့စဉ်နေ့တိုင်း တရားထိုင်ကာ ထိုပညာရပ်ကို လေ့ကျင့်နေခဲ့သောကြောင့် သူ၏ ဝိညာဉ်ချီများမှာ တိုးပွားလာရုံသာမက အနားယူနိုင်စွမ်းလည်း ရှိနေတော့သည်။
ချီလည်ပတ်မှု တစ်ကြိမ်တိတိ ပြီးမြောက်သွားသည့်အခါတိုင်း သူ၏ စိတ်မှာ ကြည်လင်လန်းဆန်းသွား၏။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိဉာဉ်အမျှင်တန်းမှာလည်း တစ်ရက်ပြီးတစ်ရက် ပို၍ အစွမ်းထက်လာသည်ကို သူက ခံစားမိနေ၏။ အထူးသဖြင့် သူ အလုပ်အတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို သန့်စင်နေသည့် အချိန်များတွင် ထိုခံစားချက်မှာ ပို၍ပင် သိသာသည်။ ဝါးမျိုခြင်းသစ်စေ့မှာ လည်ပတ်နေသောကြောင့် သူ၏ ဝိညာဉ်ချီ စုပ်ယူနိုင်သည့် အမြန်နှုန်းမှာ သိသိသာသာ တိုးတက်လာ၏။ သူ၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာသော မြူခိုးများအပြင် သူ၏ ဝိညာဉ်သွေးကြောများ တစ်ရာ ရာခိုင်နှုန်းတိတိ ပွင့်နေသည့် အချက်ကြောင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ အခြားသူများထက် များစွာပို၍ သာလွန်နေ၏။
ကျင့်ကြံခြင်းသာမက ဓမ္မအဆောင် သန့်စင်ခြင်းကိုပါ လျစ်လျူရှုထား၍ မဖြစ်ကြောင်း သူက နားလည်ထားသည်။ အထူးသဖြင့် အနန္တလက်နက်အသွင်ပြောင်းလဲခြင်း ပညာရပ်ထဲတွင် မိမိသန့်စင်နေသည့် ဓမ္မအဆောင်၏ အဆင့်မှာ ပို၍မြင့်မားလာသည်နှင့်အမျှ မိမိ၏ ကျင့်ကြံခြင်းမှ ကူညီထောက်ပံ့မှုများကို ပို၍ လိုလာလိမ့်မည်ဟု ဖော်ပြထားသည်မဟုတ်ပါလော။
ထို့အပြင် ပြည်ထောင်စုကြီးက သတ်မှတ်ထားသည့် ဓမ္မအဆောင်အဆင့် အရေအတွက်မှာ ကိုးဆင့်တိတိရှိသည်။ ပထမဆုံး နှစ်ဆင့်ကို ဓမ္မအဆောင်များဟု ခေါ်ဆိုပြီး တတိယအဆင့်မှစ၍ နတ်ဘုရားရတနာများအဖြစ် သတ်မှတ်ကြသည်။ သတ္တမအဆင့်ကိုမူ ဓမ္မလက်နက်ဟု ခေါ်ဆိုကြပြီး နဝမအဆင့်ထက် ကျော်လွန်သွားပါက နတ်ဘုရားလက်နက်ဟု သတ်မှတ်ကြသည်။
ထို့ကြောင့် ဓမ္မလက်နက်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားနေရန် လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့မှာ အနန္တ လက်နက်အသွင်ပြောင်းလဲခြင်း ပညာရပ်အကြောင်းကို တွေးတောရင်း ၎င်း၏ နိဒါန်းထဲမှ စာကြောင်းတစ်ကြောင်းမှာ သူ၏ အတွေးထဲ၌ ပေါ်လာ၏။
” ဓမ္မလက်နက်ကျင့်ကြံသူများသည် အရာအားလုံးကို ဝိညာဉ်ကျောက်တုံးတွေအဖြစ် သတ်မှတ်ထားကြသည်။ အဆုံးမရှိသော ကမ္ဗည်းစာလုံးများကို ရေးထိုးကြပြီး ထိပ်သီးအဆင့် ဝိညာဉ်အမြုတေများကို ဖန်တီးကြသည် ”
” ဥပဒေသများကို ကုန်ကြမ်းပစ္စည်းအဖြစ်လည်းကောင်း၊ အာကာသကြီးကို မီးဖိုကြီးအဖြစ် သတ်မှတ်ပြီး သန့်စင်မည်ဆိုပါက နတ်ဘုရားများကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည့် နတ်ဘုရားလက်နက်တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည် ”
ဝမ်ပေါင်လဲ့မှာ ထိုစကားလုံးများအကြောင်းကို တွေးတောရင်း အံ့ဩတုန်လှုပ်နေ၏။ သူသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို သန့်စင်နိုင်စွမ်းရှိသော အဆင့်အတန်းသို့ ရောက်သွားနိုင်မည့်နေ့ရက်ကို မျှော်လင့်တောင့်တနေတော့သည်။
” အဲဒီအချိန်ရောက်ရင် ငါက နတ်ဘုရားလက်နက်တွေကို သန့်စင်နိုင်စွမ်း ရှိနေပြီးတော့ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်နေလောက်ပြီ။ ဒါတွေက နေ့ချင်းညချင်း ဖြစ်လာမယ့်အရာတွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောရဲလဲ ”
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို တွေးတောရင်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။
ထိုသို့ဖြင့် နေ့ရက်များကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့ သန့်စင်ပြီးသော ပထမအဆင့်ဓမ္မအဆောင် အရေအတွက်မှာလည်း များပြားလာ၏။ ထိုကုန်ဆုံးသွားသော နှစ်ပတ်အတွင်း ဝမ်ပေါင်လဲ့မှာ တံခါးပိတ်ကျင့်ကြံကာ ပထမအဆင့် ဓမ္မအဆောင်များကို မရပ်မနား သန့်စင်နေခဲ့၏။ သူသည် ဓမ္မအဆောင်တစ်ခုကို သန့်စင်ပြီးသွားသည်နှင့် လက်နက်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်ရန် ခြေတစ်လှမ်းခန့်ပို၍ နီးစပ်လာပြီ ဖြစ်သည်။
အဆင့်မြင့်ကျွန်းသို့ မကြာသေးမီကမှ ဝင်ခွင့်ရခဲ့သော အခြားကျောင်းသားများအတွက်မူ ထိုသို့လုပ်နိုင်ရန်မှာ မလွယ်ကူပေ။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ အချိန်တစ်ခုသာ လိုသည်။ တချိန်တည်းမှာပင် ထိုကဲ့သို့ ကုန်ဆုံးသွားသောရက်သတ္တပတ် နှစ်ပတ်အတွင်း ကျောင်းသားသစ် ဒုတိယအသုတ်မှာ အဆင့်မြင့်ကျွန်းသို့ ရောက်ရှိလာခဲ့၏။
ထို ဒုတိယအသုတ်မှာ ဝိညာဉ်အမြစ်ရွာသို့ လိုက်မလာခဲ့သည့် စီနီယာများနှင့် ဝိညာဉ်အမြစ်ရွာထဲတွင် ကျရှုံးခဲ့ရသော လူနည်းစုတို့ ပါဝင်၏။ သူတို့မှာ သူတို့၏ သက်ဆိုင်ရာ တာအိုကျောင်းအသီးသီး၏ မှော်ဝင်နယ်မြေ စစ်ဆေးပွဲကို ကျော်ဖြတ်ကာ ဖောက်ထွက်နိုင်ခဲ့သောကြောင့် အဆင့်မြင့်ကျွန်းသို့ တက်လှမ်းခွင့် ရရှိခဲ့ကြခြင်းဖြစ်သည်။
သူတို့ ရောက်ရှိလာမှုကြောင့် အဆင့်မြင့်ကျွန်းမှာ ပို၍ပင် စည်စည်ကားကား ဖြစ်လာတော့သည်။ တချိန်တည်းမှာပင် ဓမ္မလက်နက်အဆောင်က ဝမ်ပေါင်လဲ့အား ရှစ်လက်မဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသောကြောင့် ဂုဏ်ပြုသည့်အနေဖြင့် လက်ဆောင်ပေးသည့် သင်္ဘောပျံကို ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် အဆောင်စီမံရေးဌာနမှ အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူကြီးက သူကိုယ်တိုင် ဝမ်ပေါင်လဲ့ဆီသို့ ရောက်လာပြီး ထိုသင်္ဘောပျံအား ပေးအပ်ခဲ့၏။
သူသည် ဝမ်ပေါင်လဲ့နှင့် လင်းတျန်ဟောက်တို့၏ တိုက်ပွဲကြီးကို အထူးအာရုံစိုက်ခဲ့သည့် လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ထိုအပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူကြီးမှာ ဝမ်ပေါင်လဲ့သည် တမူထူးခြားကြောင်း ရိပ်မိထားပြီးသား ဖြစ်သည်။ သူသည် အဆင့်နိမ့်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များအကြောင်းကိုပါ မေးမြန်းရှာဖွေထားခဲ့သည်ဖြစ်ရာ သူ၏ ဝမ်ပေါင်လဲ့အား မိတ်ဆွေဖွဲ့ချင်စိတ်များမှာ ပို၍ပင် ကြီးထွားလာရတော့သည်။
ဝမ်ပေါင်လဲ့ကလည်း မိတ်ဆွေများ ဖွဲ့ရသည်ကို နှစ်သက်သောသူ ဖြစ်သည်။ သူသည် ဓမ္မအဆောင်များ သန့်စင်နေဆဲ ဖြစ်ပါသော်လည်း အပြာရောင်အင်္ကျီနှင့်ကျင့်ကြံသူ၏ ရောက်လာမှုကြောင့် အနှောင့်အယှက် ဖြစ်သွားရသည်ကို လုံးဝ ဗွေမယူခဲ့သည့်အပြင် နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့၏။ ထို့နောက် အလာပသလ္လာပ စကားများပြောဆိုကာ အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူအား နှုတ်ဆက်စကား ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူအပြင်ဘက်တွင် ရပ်ထားသော သင်္ဘောပျံလေးကိုကြည့်ရင်း သူ၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။
” သင်္ဘောပျံလေးပဲ ”
ဝမ်ပေါင်လဲ့မှာ အပြင်သို့ထွက်ကာ ၎င်းကို တို့ထိလိုက်၏။ ထိုအစိမ်းရောင် သင်္ဘောပျံလေးမှာ အတောင်ပံ မပါသလို အလွန်အမင်း ကြီးမားနေခြင်းလည်း မရှိပေ။ ၎င်းမှာ ပေသုံးဆယ်ခန့် ကျယ်ဝန်းကာ ဘဲဥပုံဏ္ဍာန်ရှိပြီး အလယ်နားတွင် အောက်ဘက်သို့ ချိုင့်ဝင်နေ၏။ ၎င်းထဲတွင် လျှို့ဝှက်စွမ်းကြယ် စွမ်းအားတစ်မျိုး စီးဆင်းလည်ပတ်နေသည့် အလားပင်။
အကာအကွယ်ဒိုင်းကာတစ်ခု ပါရှိနေသောကြောင့် ခရီးတို ပျံသန်းမှုများအတွက် ထို သင်္ဘောပျံကို မတ်တတ်ရပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ အဆင်ပြေချောမွေ့စွာ မောင်းနှင်နိုင်၏။ အကယ်၍ ခရီးရှည် ပျံသန်းမှုများအတွက် အသုံးပြုမည်ဆိုပါက ထိုသင်္ဘောပျံထဲတွင် လဲလျောင်း၍ပင် ရသည်။ ထို့အပြင် သွားလိုသည့် နေရာအား သတ်မှတ်ပေးကာ အလိုအလျောက် မောင်းနှင်နိုင်သည့် စနစ်မှနေ၍ မိမိ၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ စီးဝင်သွားစေပြီး မိမိကိုယ်တိုင် မောင်းနှင်နိုင်သည့် စနစ်အထိ ပျံသန်းနိုင်သည့် စနစ်များစွာလည်း ပါဝင်၏။
” တိုက်ခိုက်ရေး စနစ်တစ်ခု မတပ်ထားတာ နှမြောစရာပဲ။ ဒါပေမဲ့ ငါ ကိုယ်တိုင် ဒီပေါ်မှာ ဓမ္မအဆောင်အချို့ တပ်ဆင်လို့ရတယ်လေ။ အဲဒါဆိုရင် ဒီသင်္ဘောပျံကို တိုက်ခိုက်တဲ့နေရာမှာလည်း သုံးလို့ရသွားမှာ ”
ဝမ်ပေါင်လဲ့မှာ ထိုသင်္ဘောပျံအား အကြိမ်အနည်းငယ်ခန့် လှည့်ပတ်ကြည့်ရှုလိုက်၏။ သူသည် ၎င်းအား ကြည့်လေလေ ပို၍ သဘောကျနှစ်သက်လေလေ ဖြစ်နေတော့သည်။ ၎င်းအား သူ၏ ပထမဆုံး ကိုယ်ပိုင်သင်္ဘောပျံအဖြစ် သတ်မှတ်နိုင်ပေသည်။ ထိုကဲ့သို့ သင်္ဘောပျံများမှာ ဓမ္မအဆောင်များနှင့် ဆင်တူသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား အလွယ်တကူပင် ထိန်းချုပ်နိုင်စွမ်း ရှိသွား၏။
ဝမ်ပေါင်လဲ့မှာ ထိုသင်္ဘောပျံအား တစ်ခဏမျှ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ၎င်းပေါ်သို့ စိတ်လှုပ်ရှားစွာ တက်သွား၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များမှာ ချက်ချင်းပင် ပေါ်ထွက်လာပြီး ထိုသင်္ဘောပျံနှင့် တစ်သားတည်း ပေါင်းစည်းသွား၏။ ထို့နောက် ၎င်းမှာ အနည်းငယ် တုန်ရီသွားပြီး လေပေါ်သို့ တဖြည်းဖြည်းချင်း ပျံတက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ အလွန် စိတ်လှုပ်ရှားနေရပြီ ဖြစ်သည်။ သူသည် သူ၏အသိစိတ်ဖြင့် ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်လိုက်သောအခါ လေထဲတွင်ရှိနေသော သင်္ဘောပျံလေးမှာ ရှေ့ဘက်ရှိ ကောင်းကင်ယံကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်မြူးထူးစွာ အော်ဟစ်ရင်း သင်္ဘောပျံလေးအား အဆင့်မြင့်ကျွန်းအထက်ရှိ ကောင်းကင်ယံတွင် ပျံသန်းနေတော့သည်။ အစပိုင်းတွင် သူသည် ၎င်းအား ကျွမ်းကျွမ်းကျင်ကျင် မမောင်းနှင်နိုင်သေးပါသော်လည်း တဖြည်းဖြည်းနှင့် ကျင့်သားရလာ၏။ အခြားအဆောင်များမှ ကျောင်းသားများမှာလည်း သူတို့၏ သင်္ဘောပျံများကို ကောင်းကင်ယံတွင် ပျံသန်းနေကြ၏။ ဝမ်ပေါင်လဲ့မှာ အနည်းငယ် အကဲခတ်လိုက်ပြီးနောက် သင်္ဘောပျံပေါ်တွင် ထိုင်မနေတော့ဘဲ သူတို့ကဲ့သို့ပင် မတ်တတ်ထရပ်ကာ အသံကုန် အော်ဟစ်နေလိုက်တော့သည်။ သူ၏ ဆံပင်များမှာမူ လေထဲတွင် တလူလူလွင့်နေ၏။
” ကျင့်ကြံသူတစ်ယောက်ဆိုတာ ဒီလိုမျိုး ပစ္စည်းတွေ ပိုင်ဆိုင်ထားသင့်တယ်။ ကောင်းကင်ယံထဲထိ ခြေလှမ်းတွေလှမ်းပြီးတော့ ကောင်းကင်ယံနဲ့ ကမ္ဘာမြေကြီးကြားမှာရှိတဲ့ နေရာတိုင်းကို စူးစမ်းရှာဖွေရမှာ ”
ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောကာ ကောင်းကင်တိမ်လွှာ ပညာရပ်ထဲတွင် ရေးသားသည့် အချက်တစ်ချက်ကို သတိရမိသွား၏။ ၎င်းမှာ အကယ်၍ အာနာပါနအဆင့် လူတစ်ယောက်က ပဉ္စမအဆင့်သို့ ရောက်ပါက ဓားတစ်လက်ပေါ်တွင်ရပ်ကာ ကောင်းကင်ယံထဲအထိ ပျံသန်းနိုင်စွမ်း ရှိသွားမည်ဖြစ်သည်ဆိုသော အချက်ပင် ဖြစ်သည်။
ထိုအဆင့်ထိ မရောက်ခင် ရှည်လျားသောခရီးများအတွက် သင်္ဘောပျံများကိုသာ အဓိကထား၍ အသုံးပြုကြသည်။ အကယ်၍ လေထဲတွင်ရှိနေစဉ် အန္တရာယ်နှင့် ကြုံရလျှင်တောင် ဓားတစ်လက်ပေါ်သို့ တက်ကာ ထွက်ခွာသွားပြီး ရန်သူကို ရင်ဆိုင်တိုက်ခိုက်နိုင်ပေသည်။
” ငါ ကြိုးစားပြီးတော့ အာနာပါနအဆင့်ရဲ့ ထိပ်ဆုံးအထိ ရောက်အောင်လုပ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏ကိုယ်ပိုင် သင်္ဘောပျံအား ထိန်းချုပ်ကာ ကောင်းကင်ယံထဲတွင် ပျံသန်းနေရင်း သူ၏အနာဂတ်အကြောင်းကို စိတ်လှုပ်တရှား တွေးနေမိတော့သည်။ ထို့နောက် သူ၏သင်္ဘောပျံအား အရှိန်မြှင့်တင်လိုက်၏။
သူ့ဆီသို့ တိုက်ခတ်လာသော လေပြင်းများကို အကာအကွယ်ဒိုင်းကာကြီးက တားဆီးကာကွယ်ပေးထား၏။ ထို့ကြောင့် ထိုလေပြင်းများမှာ ဝမ်ပေါင်လဲ့၏ မျက်နှာအား ဖြတ်၍ တိုက်ခတ်နိုင်စွမ်း မရှိပေ။ ထို့အပြင် ထိုသင်္ဘောပျံ၏ ပုံစံအား လေခုခံမှုကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဝမ်းမြောက်ဝမ်းသာ ရယ်မောနေရင်း ထိုသင်္ဘောပျံလေးမှာ တိမ်တိုက်များအား ထိုးခွင်းကာ အမြင့်တစ်နေရာတွင် ပျံသန်းနေတော့သည်။
သူ ရောက်နေသည့်နေရာ၏ ဘေးပတ်ဝန်းကျင်တွင် အခြားမည်သည့် သင်္ဘောပျံတစ်စင်းကိုမှ မမြင်နိုင်ပေ။
ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲတွင် သူ၏အောက်ဘက်ရှိ အရာအားလုံးမှာ ကျုံ့ဝင်သွားသကဲ့သို့ပင်။ ခပ်လှမ်းလှမ်းသို့ လှမ်းမျှော်ကြည့်လိုက်ပါက ဘေးပတ်ပတ်လည်မှာ တိမ်လွှာများမှာ သမုဒ္ဒရာကြီး တစ်စင်းကဲ့သို့ အဆုံးမရှိလောက်အောင် ကျယ်ပြောနေ၏။ သူသည် ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံကြီး၏ အစွန်းရှိ နေမင်းကြီးမှာ အပူဓာတ်များကို ထုတ်လွှတ်ကာ လင်းလက်တောက်ပနေပြီး ရှေးဟောင်း ကြေးညိုရောင်ဓားကြီးကိုလည်း အထင်အရှား မြင်နေရ၏။
” ဓားနေမင်းကြီးပဲ။ နေမင်းကြီးက တော်တော်ကို ကြီးတာပဲ။ ကမ္ဘာကြီးထက် အဆပေါင်းများစွာ ပိုကြီးလောက်တယ်။ ရှေးဟောင်း ကြေးညိုရောင်ဓားကြီးကလည်း နဂိုအတိုင်း အံ့ဩမှင်တက်ဖို့ကောင်းပြီး ကမ္ဘာကြီးထက် အဆပေါင်းများစွာ ပိုပြီးကြီးနေတုန်းပဲ ”
” ဒီလောက်ကြီးတဲ့ ဓားကြီးက ကြီးမားကျယ်ပြောတဲ့ နယ်မြေတစ်ခု၊ ကြီးမားတဲ့ ကမ္ဘာကြီးတစ်ခုနဲ့ တူနေလောက်တယ် ”
ဝမ်ပေါင်လဲ့မှာ အာနာပါနအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် သူ ရှေးဟောင်းသိုင်းအဆင့်တွင် ရှိခဲ့စဉ်တုန်းက နားမလည်ခဲ့သော သတင်းအချက်အလက်များကို ဝိညာဉ်ကွန်ရက်ပေါ်မှတစ်ဆင့် ရှာဖွေလေ့လာခဲ့သောကြောင့် ၎င်းတို့ကို ပို၍ ရှင်းလင်းပြတ်သားစွာ သိနားလည်လာပြီ ဖြစ်သည်။
ဥပမာပြရလျှင် ပြည်ထောင်စုထဲရှိ အဖွဲ့အစည်းအားလုံးမှာ နေမင်းကြီး၏ ဓားကမ္ဘာကြီးပေါ်သို့ ခြေချနိုင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ခန့်က ငါးဆက်မြောက် ကောင်းကင်မျိုးဆက်မျိုးနွယ်စုသည် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုကာ ထိုဓားကမ္ဘာကြီးပေါ်သို့ လူတစ်ဖွဲ့ကို စေလွှတ်နိုင်ခဲ့သည့် ပထမဆုံးအဖွဲ့အစည်း ဖြစ်လာခဲ့၏။ သူတို့မှာ အမွေအနှစ်အချို့ကို အောင်မြင်စွာ ရယူသိမ်းပိုက်နိုင်ခဲ့သည်ဟု လူအများက ဆိုကြ၏။
ထိုဖြစ်ရပ်ကြီး၏ အသေးစိတ်အချက်အလက်များကို အပြင်လူများ မသိရလေအောင် ထိပ်သီးလျှို့ဝှက်ချက်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်မှာမူ နှမြောစရာပင်။
” ပြီးတော့ လမင်းကြီးလည်း ရှိသေးတယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်၏။ ညနေခင်းအချိန်သို့ ရောက်နေပြီဖြစ်ရာ ကောင်းကင်ယံတွင် ခပ်ရေးရေးခန့် ပေါ်လာသော လမင်းကြီး၏ ပုံရိပ်ကို နေမင်းကြီးနှင့်အတူ မြင်နေရ၏။ ရှေးခေတ်ကတည်းကစ၍ ထိုလမင်းကြီးနှင့် ပတ်သတ်သော ဒဏ္ဍာရီများနှင့် လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းများကို ခေတ်အဆက်အဆက် လက်ဆင့်ကမ်းလာခဲ့ကြသည် ဖြစ်သည်။
ထိုဒဏ္ဍာရီများထဲမှ တချို့မှာ အမှန်အကန်ဖြစ်ကြောင်း သက်သေပြခဲ့ကြပြီး ဖြစ်သော်လည်း တချို့ကိုမူ လက်ရှိပြည်ထောင်စုကြီးပင်လျှင် သက်သေမပြနိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်း ကြေးညိုရောင်ဓားကြီး၏ အကျိုးအပဲ့ အပိုင်းအစများစွာ လမင်းကြီးပေါ်သို့ ကျရောက်သွားခဲ့သည်ဖြစ်ကြောင်းကို လူတိုင်းက သိထားကြပြီးဖြစ်သည်။
ထိုသို့ဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပြည်ထောင်စုကြီး၏ လက်အောက်တွင် ရတနာသိုက်ကြီးတစ်ခုအဖြစ် ရှိနေခဲ့သော လမင်းကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အာနာပါနအဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့သည့် လူများအတွက် ပို၍မြင့်မားသောအဆင့်များသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးမှာ လမင်းကြီးပေါ်တွင် ရှိနေကြောင်း ဝိညာဉ်ကွန်ရက်ပေါ်ရှိ လူအချို့က ရေးသားထားကြ၏။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တခု ပေါ်လာ၏။ သူသည် ခံစားချက်များ ရှုပ်ထွေးနေပါသော်လည်း လမင်းကြီးပေါ်တွင် အနက်ရောင် အစက်အပျောက်တစ်ခု ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသောကြောင့် မျက်လုံးများ ပြူးသွားတော့သည်။
ထို အနက်ရောင်အစက်အပျောက်မှာ အလွန် လျင်မြန်စွာရွေ့လျားကာ သူ့ဆီသို့ ဦးတည်လာနေသည့်ပုံပင်။
” ဘာကြီးလဲဟ ”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားပြီး သင်္ဘောပျံကို ထိန်းချုပ်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ သူသည် ဓမ္မလက်နက်အဆောင်ဆီသို့ ပြေးနေရင်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏နောက်ဘက်ရှိ တိမ်တိုက်ပင်လယ်ကြီးထဲမှ ဧရာမပစ္စည်းကြီးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထိုအချိန်တွင် အုန်းခနဲ အသံအကျယ်ကြီး ပေါ်ထွက်လာပြီး ထိုတိမ်တိုက်များမှာ လှိုင်းလုံးများကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့နှံ့လာ၏။ ထို့နောက် ထိုတိမ်တိုက်များထဲမှနေ၍ ပေနှစ်ရာကျော်မြင့်မားပြီး အနက်ရောင်အမွေးများဖြင့် တစ်ကိုယ်လုံး ဖုံးအုပ်နေသော သတ္တဝါကြီးတစ်ကောင်၏ အရိပ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းမှာ သွားများကိုဖြဲကာ ဝမ်ပေါင်လဲ့ဆီသို့ တည့်မတ်စွာ ပြေးလာ၏။
ထိုသားရဲကြီးမှာ တောင်ပံများရှိသော ဧရာမလူဝံကြီးတစ်ကောင် ဖြစ်သည်။ ၎င်းထံမှ ထွက်ပေါ်လာနေသော ဖိအားများမှာ အာနာပါနအဆင့်ထက် များစွာပို၍ သာလွန်နေ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ခေတ္တမျှသာ ကြည့်လိုက်ပြီးနောက် အသက်ရှူများ ကြပ်လာရတော့သည်။ သူ၏ နှလုံးသားမှာ အပြင်းအထန်တုန်ရီလာပြီး သူသည် ထိုဖိအားကြီးကို ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း ရိပ်မိသွား၏။
ထိုလူဝံကြီး၏ ဖိအားများမှာ အားပြင်းနေရုံသာမက အလွန် ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေ၏။ ၎င်း၏ အမြန်နှုန်းမှာ ဝမ်ပေါင်လဲ့ထက် များစွာပို၍ သာလွန်နေပြီး ၎င်း၏ မျက်လုံးများထဲတွင်လည်း ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား မလွတ်တမ်း လိုက်ဖမ်းမည့် အမူအရာဖြင့် ၎င်း၏ တောင်ပံများကို ခတ်လိုက်၏။ ထိုအခါ ၎င်းမှာ အဆပေါင်းများစွာ ပို၍ မြန်ဆန်လာကာ ဝမ်ပေါင်လဲ့၏ အနီးသို့ရောက်လာပြီး သူ၏ သင်္ဘောပျံဘေးတွင် ပေါ်လာ၏။ ထို့နောက် ၎င်းမှာ ညာလက်ကို မြှောက်ကာ သင်္ဘောပျံအား လှမ်းရိုက်လိုက်၏။
၎င်း၏ ဧရာမ ခန္ဒာကိုယ်ကြီးနှင့် ယှဉ်လိုက်မည်ဆိုပါက သင်္ဘောပျံလေးမှာ ကလေးကစားစရာ အရုပ်တစ်ရုပ်ကဲ့သို့ပင်။ သင်္ဘောပျံထဲတွင် ထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ အလွန် ကြောက်ရွံ့တုန်လှုပ်သွားပြီး မှင်တက်နေ၏။ သူ့တွင် ပုန်းကွယ်ရန် အချိန်မရှိတော့ပေ။ လူဝံကြီး၏ လက်မှာ သင်္ဘောပျံပေါ်သို့ ကျရောက်လာသောအခါ အုန်းခနဲ အသံအကျယ်ကြီးတစ်သံ ပေါ်ထွက်လာကာ ထိုသင်္ဘောပျံလေးမှာ ချက်ချင်းပင် ဟန်ချက်ပျက်သွားပြီး ဓမ္မလက်နက်အဆောင်ထဲရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
” ဘာတွေဖြစ် နေတာလဲဟ။ အဆင့်မြင့်ကျွန်းပေါ်မှာ သားရဲတွေရှိနေတာလား။ ဘယ်သူကမှ အဲ့သားရဲတွေကို မထိန်းကြဘူးလား ”
ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားပြီး ချက်ချင်းပင် အော်ဟစ်မြည်တမ်းလိုက်၏။ သို့သော် ထိုသင်္ဘောပျံလေး မြေကြီးပေါ်သို့ ပြုတ်မကျခင်မှာပင် လူဝံကြီးမှာ အရှိန်တင်လိုက်ပြီး ထိုသင်္ဘောပျံနောက်သို့ အမီလိုက်လာ၏။ ထို့နောက် ၎င်းမှာ သွားများဖြဲကာ ပျော်ရွှင်ကျေနပ်နေသည့်ပုံဖြင့် ထိုသင်္ဘောပျံလေးကို နောက်ထပ်တစ်ကြိမ်ထပ်၍ အားပါပါ ရိုက်နှက်လိုက်ပြန်သည်။ ထို့ကြောင့် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ထိုသင်္ဘောပျံလေးမှာ အဝေးသို့ ထပ်၍ လွင့်ထွက်သွားရပြန်သည်။
သင်္ဘောပျံထဲရှိ ဝမ်ပေါင်လဲ့မှာမူ ကြက်သေသေနေပြီး သူ၏ အော်ဟစ်သံများမှာ ပို၍ပင် သနားစရာကောင်းလာတော့သည်။ သူသည် သူ၏ အသိစိတ်ထဲတွင် ကြားနေရသော တဝီဝီမြည်သံများ ပို၍ကျယ်လောင်လာသည်ကိုသာ ခံစားမိလိုက်ပြီး သူ ထိန်းချုပ်နိုင်စွမ်းမရှိသည့် ယုံကြည်ဖွယ်ရာမရှိသော အမြန်နှုန်းကြီးကြောင့် သူ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လာလုမတတ် ဖြစ်နေရတော့သည်။
” အဓိပ္ပါယ်မရှိလိုက်တာ။ ငါက သူ့ကို ရန်တောင် မစခဲ့ပါဘူးဟ ”
ဝမ်ပေါင်လဲ့မှာ မကျေမချမ်းဖြစ်ကာ ပူဆွေးသောက ရောက်နေရချိန်တွင် လူဝံကြီးမှာ ရုတ်တရက် လေပေါ်သို့ခုန်တက်သွားကာ သင်္ဘောပျံဘေးသို့ ရောက်ရှိလာပြီး ၎င်းအား အားပါပါ ရိုက်နှက်လိုက်ပြန်သည်။ ထို့နောက် ထိုလူဝံကြီးမှာ ထိုသင်္ဘောပျံ နောက်ထပ်တစ်ကြိမ်ထပ်၍ ပြုတ်ကျသွားသည်ကိုကြည့်ရင်း ၎င်း၏ ရင်ဘတ်အား စိတ်လှုပ်ရှားစွာ ထုနှက်၍ အားရကျေနပ်စွာ အော်ဟစ်နေတော့သည်။
ထိုသို့ဖြင့် ထိုလူဝံကြီးမှာ ခုန်ပေါက်ကာ သင်္ဘောပျံလေးအား အရုပ်တစ်ခုကဲ့သို့ ကစားကာ ၎င်းအား ဆင့်ကဲ ရိုက်နှက်နေတော့သည်။ သင်္ဘောပျံလေးမှာ အပြင်းအထန် ပျက်စီးသွားခြင်း မရှိသောကြောင့် ထိုလူဝံကြီးမှာ ဆော့ကစားနေခြင်းသာဖြစ်ပြီး သူ၏ စွမ်းအားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းရှိကြောင်း သိနိုင်ပေသည်။
သို့သော် သင်္ဘောပျံထဲတွင်မူ ဝမ်ပေါင်လဲ့မှာ နာကျင်ခံစားနေရပြီဖြစ်သည်။ သူ၏ နာကျည်းစရာကောင်းသော အော်ဟစ်သံများမှာ ရပ်တန့်သွားခြင်းမရှိပေ။ သူသည် သူ၏ ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေသည့်အလား အလွန် မူးဝေနေရတော့သည်။
အဆင့်မြင့်ကျွန်းပေါ်မှ လူများစွာမှာ ထိုအခြင်းအရာကို မြင်လိုက်ရသော်လည်း အလွန်အမင်း အံ့အားသင့်နေကြခြင်းမရှိဘဲ အတွေးများကိုယ်စီနှင့် ခေါင်းများသာ ယမ်းလိုက်ကြ၏။
” အဲဒါ ဘယ်သူ့သင်္ဘောပျံလဲ။ ကျောင်းသားသစ်တစ်ယောက်ပဲ ဖြစ်ရမယ် ”
” ကျောင်းသားအသစ်တွေပဲ တိမ်တိုက်တွေထဲမှာ ပျံသန်းရဲတာ။ အဲဒါ စိန်လူဝံကြီးရဲ့ ပိုင်နက်လေ။ သူက တွေ့သမျှ လူတိုင်းကို လိုက်ရိုက်တာ ”
ထိုသို့ဖြင့် ထိုသင်္ဘောပျံအား ကောင်းကင်ယံထဲသို့ ပစ်လွှတ်လိုက် မြေကြီးပေါ်သို့ ပစ်ပေါက်လိုက် ဆယ်ခေါက်ကျော်အထိ လုပ်ပြီးသွားပြီးနောက် လူဝံကြီးမှာ ပျင်းရိသွားသည့်ပုံပင်။ ၎င်းမှာ ထိုသင်္ဘောပျံကို ဂရုစိုက်မနေတော့ဘဲ ဓမ္မလက်နက်အဆောင်၏ မြေပြင်ပေါ်သို့ အသံအကျယ်ကြီးမြည်အောင် ခုန်ဆင်းလာ၏။ ကံကောင်းသည်မှာ သင်္ဘောပျံလေးမှာ ခိုင်ခန့်သောကြောင့် ဝမ်ပေါင်လဲ့မှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ခြင်းမရှိပေ။ သို့သော် သင်္ဘောပျံလေးမှာမူ သိသိသာသာ ပျက်စီးသွားပြီး ၎င်း၏အတွင်းပိုင်းမှနေ၍ အစိမ်းရောင်မီးခိုးငွေ့များ ထွက်လာ၏။ ထိုသင်္ဘောပျံ မြေပြင်ပေါ်သို့ ရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ မူးဝေနေဆဲ ဖြစ်သောကြောင့် အစွမ်းကုန် ကြိုးစား၍ အထဲမှ ဒယိမ်းဒယိုင်နှင့် ထွက်လာ၏။ သူသည် အပြင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် မြေကြီးပေါ်သို့ အန်ချလိုက်ရတော့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေ၏။ ဝမ်ပေါင်လဲ့မှာ အားအင်ချိနဲ့စွာဖြင့် ခေါင်းမော့လာပြီး ကောင်းကင်ယံရှိ လူဝံကြီးအား ဒေါသတကြီး စိုက်ကြည့်နေမိတော့သည်။ သူသည် ထိုလူဝံကြီးအား လက်ညှိုးထိုးကာ ဆဲရေးတိုင်းထွာရန် ပြင်လိုက်စဉ်မှာပင် သူ၏ဘေးတွင်ရှိနေသော သဘောကောင်းသည့် ကျောင်းသားတစ်ယောက်မှာ တုန်လှုပ်ချောက်ချားသွားပြီး ချက်ချင်းပင် လှမ်းတားလိုက်၏။
” ညီလေး။ တိတ်တိတ်နေ။ အဲ့လူဝံကြီးကို မဆူနဲ့။ သူက အရမ်းအသဲငယ်တာ။ သူက အဆူခံရတာနဲ့ သူ့ရဲ့ အရက်စက်ဆုံးတိုက်ကွက်ကို ထုတ်သုံးပစ်မှာ။ အဲဒါက တော်တော်ကို ကြောက်ဖို့ကောင်းတယ် “
good