အခန်း (၇) မရှောင်လွှဲနိုင်သည့်တိုက်ပွဲ
“ဒီကောင် နောက်ထပ်မှော်ဝင်ပစ္စည်းတစ်ခု ထပ်မယူနိုင်လောက်တော့ပါဘူးကွာ ၊ ဒါပေမဲ့ ကြည့်ရတာ ဒီကောင်က သူ့ကိုယ်သူ အထင်ကြီးနေသလိုပဲ…”
“အေးလေ… မှော်ဝင်ပစ္စည်း (၂)ခု ယူနိုင်တာနဲ့တင် အထင်ကြီးစရာ ဖြစ်နေပါပြီ ၊ ဒါတောင် သူက ငြိမ်ငြိမ်မနေဘဲ ပြဿနာ ရှာချင်သေးတယ်…”
“စောင့်ကြည့်ကြတာပေါ့ ၊ ဒီကောင်က ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၂) ပဲရှိသေးတာ ၊ ဘယ်လိုပြဿနာတွေ ဖြစ်လာမလဲ မသိဘူး…”
ကျန်းလန်ကတော့ ပတ်ဝန်းကျင်မှ စကားများကို အရေးမစိုက်ဘဲ မှော်ဝင်ပစ္စည်း (၃)မျိုးကို အာရုံခံကြည့်လိုက်သည်။
ကျန်းလန် မှော်ဝင်ပစ္စည်းများကို အာရုံခံပြီး လေ့လာကြည့်နေစဉ်မှာပင် သူ၏စိတ်အာရုံထဲတွင် မရေမတွက်နိုင်သည့် မုန်တိုင်းများ တိုက်ခတ်လာသလို ခံစားလိုက်ရသည်။
သူ၏စိတ်အာရုံထဲတွင် အတွေးပေါင်းများစွာ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
မာန ၊ ဒေါသ ၊ လောဘ ၊ ကာမဆန္ဒ…
ထိုခံစားချက်များအားလုံး ကျန်းလန်၏ စိတ်အာရုံထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
အထင်ရှားဆုံး ထွက်ပေါ်လာသည့်အရာက “မာန” ဖြစ်၏။
အမှန်ပင်ဖြစ်သည်။
စနစ်တွင်မှတ်ပုံတင်ခြင်းဖြင့် ကျန်းလန်က အခြားကျင့်ကြံသူအားလုံးထက် သာလွန်နေသူဖြစ်လေရာ သူ့အတွက် မာနကြီးမည်ဆိုလျှင်လည်း ကြီးလောက်ပေသည်။
သို့သော်… မာနခေါင်ခိုက်သွားလျှင်တော့ စိတ်ကြီးဝင်ခြင်းအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
မာနကြီးခြင်းဆိုသည်က ကိုယ်ပိုင်ပညာနှင့် ကိုယ်ပိုင်အသိအမြင်အပေါ်တွင် မူတည်သည်။ စိတ်ကြီးဝင်ခြင်းကတော့ ထိုသို့ မဟုတ်ပေ။
ကျန်းလန်က မာနကြီးသော်လည်း သူ့ကိုယ်သူ သိမြင်နိုင်စွမ်း မြင့်မားသည်။
သို့သော်… ယခု သူ၏ စိတ်စွမ်းအားကို စစ်ဆေးရန်အတွက် မှော်ဝင်ပစ္စည်းများကို ရယူရန်မှာတော့ အနည်းငယ် ခက်ခဲသည့် စိန်ခေါ်မှု ဖြစ်သည်။
ကျန်းလန်၏စိတ်ထဲတွင် လွဲမှားသည့်အတွေးများရှိနေသရွေ့ စိတ်အာရုံထဲတွင် မုန်တိုင်းတိုက်ခတ်သကဲ့သို့ ခံစားနေရမည်ဖြစ်သည်။
ကျန်းလန် စိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်ပြီး အတွေးခံစားချက်များကို ဖယ်ထုတ်လိုက်သည်။ ထိုအခါ သူ့စိတ်အာရုံထဲတွင် တိုက်ခတ်နေသည့်မုန်တိုင်းများ ငြိမ်သက်သွားလေသည်။
ကျန်းလန်၏ ခြေထောက်များကတော့ မြေပြင်ထက်သို့ ဆင်းသက်မလာသေးဘဲ လေထဲတွင်ပင် ရပ်တည်နေဆဲ ဖြစ်သည်။
အစီအစဉ်မှူးလူရွယ်က ကျန်းလန်ကို ကြည့်ရင်း တစ်စုံတစ်ခု လွဲချော်နေပြီဟု ခံစားလိုက်ရသည်။ သို့သော်… မည်သည့်အရာလွဲချော်နေမှန်း စဉ်းစားမရနိုင်ပေ။
ကျန်းလန်က လက်တစ်ဖက်ကို အသာဝှေ့ရမ်းလိုက်သည်။
ထိုအခါ… ကျန်းလန်ဆီမှ တန်ခိုးစွမ်းအားတစ်ခုက မှော်ဝင်ပစ္စည်း (၃)ခုဆီသို့ တဟုန်ထိုး ဖြတ်သန်းဝင်ရောက်သွားသည်။
ကျန်းလန်၏ ခန္ဓာကိုယ်မှ အလင်းရောင်များထွက်ပေါ်လာပြီး ထိုအလင်းရောင်များက မှော်ဝင်ပစ္စည်း (၃)ခုနှင့် ချိတ်ဆက်သွားလေသည်။
ကျန်းလန်၏ ခြေထောက်များ မြေပြင်ထက် ပြန်လည်ကျဆင်းမလာသေးပေ။
ထူးဆန်းသည့် မြင်ကွင်းကြောင့် ခန်းမထဲမှ တပည့်များအားလုံး ကျောက်ရုပ်များပမာ တောင့်တင်းသွားကြပြီး ကျန်းလန်ကို မျက်တောင်မခတ် စိုက်ကြည့်နေကြလေသည်။
“ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
အစီအစဉ်မှူးလူရွယ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
“သူက တစ်ကြိမ်တည်းနဲ့ မှော်ဝင်ပစ္စည်း (၃)မျိုးလုံးကို ရယူဖို့ ကြိုးစားနေတာပဲ…”
နဝမတောင်ထွတ်မှတပည့် တစ်စုံတစ်ခု လွဲချော်နေပြီ ဖြစ်ကြောင်း ခန်းမထဲမှ အခြားတပည့်များလည်း နားလည်လိုက်ကြသည်။
“မဖြစ်နိုင်ဘူး… ၊ ဒီကောင်က မှော်ဝင်ပစ္စည်း(၃)မျိုးစလုံးကို တစ်ပြိုင်တည်း ယူမလို့တဲ့လား ၊ ရူးများ သွားပြီလား မသိဘူး ၊ တစ်ခုချင်းတောင် ယူဖို့ မဖြစ်နိုင်တာ… ၊ ဒီကောင် သေတော့မှာပဲ…”
“သူ့ကိုယ်သူ အတော်လေး ယုံကြည်မှု ရှိနေပုံရတယ် ၊ ဒါပေမဲ့ သူသာ ဂရုမစိုက်လို့ကတော့ ဒုက္ခအကြီးကြီး တွေ့ပြီပဲ ၊ အောင်မြင်သွားရင်တောင် သူလုပ်နေတဲ့အလုပ်က ဘာမှ အကျိုးမရှိဘူး…”
“ကျင့်ကြံခြင်းအဆင့်သာ အားနည်းတာ ခေါင်းတော့မာသားဟေ့…”
ထိုသူ၏ ပြောစကား မမှားပေ။
နဝမတောင်ထွတ်မှ တပည့်များက ကျင့်ကြံခြင်းအဆင့်အားနည်းသူများသာ ဖြစ်ကြလေသည်။
ခန်းမထဲမှ ဝေဖန်ပြစ်တင်သံများ အတောမသတ်ထွက်ပေါ်လာကြသည်။
ကျန်းလန်ကလည်း ထိုသူများကို အကြောင်းပြရန် ဆုံးဖြတ်လိုက်သည်။ ဖြစ်နိုင်လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပင် အမှန်အတိုင်း ပြသလိုက်ချင်သည်။
ထိုသို့ဆိုလျှင် အားလုံး အသံတိတ်သွားကြပေလိမ့်မည်။
“ဒီကောင်သာ အောင်မြင်သွားရင်တော့ သူ့မှာ ထူးခြားတဲ့စိတ်စွမ်းအားရှိနေတာ အသေအချာပဲ…”
“အောင်မြင်မယ်… ဟုတ်လား ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
“မဟုတ်ဘူး… ၊ ကြည့်လိုက်… ၊ သူ့ခြေထောက်တွေ မြေပေါ်ပြန်ဆင်းလာပြီ…”
ခန်းမအတွင်းမှ တပည့်များအားလုံး ကျန်းလန်ကို အာရုံစိုက်ပြီး ကြည့်နေကြသည်။
ကျန်းလန်၏ ခြေထောက်များက မြေပြင်ထက်သို့ ဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းလာလေသည်။ တစ်ချိန်တည်းမှာပင်…မှော်ဝင်ပစ္စည်းများမှ အလင်းတန်းများကလည်း အဆက်မပြတ်ထွက်ပေါ်လျှက် ရှိသည်။
ကျန်းလန် အောင်မြင်သွားပြီဖြစ်ကြောင်း အားလုံး သိရှိလိုက်ကြ၏။
အစီအစဉ်မှူးလူရွယ်က မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ကျန်းလန်ကို ကြည့်နေရင်း…
“သူ အောင်မြင်သွားလိမ့်မယ်လို့ ငါ… ထင်မထားဘူး… ဒါက…ဒါက…”
အခြားတပည့်များကလည်း ကျန်းလန်ကို အံ့သြမှင်တက်စွာဖြင့် ငေးစိုက်ကြည့်နေကြသည်။
တပည့်အများစုက အဖြစ်အပျက်ကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။
ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၂) မျှသာ ရှိသေးသည့် တပည့်အသစ်တစ်ယောက်က အဘယ့်ကြောင့် စိတ်စွမ်းအား ဤမျှ ကောင်းမွန်ရပါသနည်း။
ကျန်းလန်၏ ခြေထောက်များ မြေပြင်နှင့် ထိတွေ့သွားပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်… အလင်းရောင်များတောက်ပနေသည့် မှော်ဝင်ပစ္စည်းများကလည်း ကျန်းလန်နောက်မှ လိုက်ပါလာကြကာ ကျန်းလန်နှင့်အတူ မြေပြင်ထက် သပ်သပ်ရပ်ရပ်ပင် ကျဆင်းသွားကြသည်။
“ဒုတ်…”
အခြားသူများ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အမှန်တရားကတော့ အားလုံးအရှေ့တွင် ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းလန်၏ အောင်မြင်မှုကို အားလုံး မျက်မြင်တွေ့ခဲ့ကြရပြီ ဖြစ်သည်။
“ဒီလောက် စိတ်စွမ်းအားကောင်းတဲ့ ကျင့်ကြံသူက ပါရမီရှင်တစ်ယောက် မဟုတ်တာ စိတ်မကောင်းစရာပဲ…”
အစီအစဉ်မှူးလူရွယ်ကက သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။
“ဒီလို … စိတ်စွမ်းအားကောင်းလို့လည်း နဝမတောင်ထွတ်မှာ နေနိုင်စွမ်းရှိတာကိုး…”
စိတ်စွမ်းအားကောင်းမွန်ပြီး ပါရမီရှင်တစ်ယောက်သာ ဖြစ်နေပါက အခြားထောင်ထွတ်မှ ဆရာသခင်များက ကျန်းလန်ကို အလွတ်မပေးဘဲ ရအောင် ခေါ်ယူကြမည် ဖြစ်သည်။
သို့သော်… ကျန်းလန်က စိတ်စွမ်းအားကောင်းမွန်သည့်တိုင် ပါရမီရှင်တစ်ယောက် မဟုတ်သောကြောင့် မည်သူမှ မျက်စိကျခြင်းမခံခဲ့ရပေ။
မည်သို့ပင်ဖြစ်စေ… ကျန်းလန်ကတော့ မှော်ဝင်ပစ္စည်း (၅)ခုလုံးကို ရယူလိုက်နိုင်ပြီ ဖြစ်လေ၏။
ထိုမှော်ဝင်ပစ္စည်းများက… ဝိညာဉ်ဓား ၊ ဖိနပ်တစ်ရံ ၊ သေတ္တာငယ်တစ်လုံး ၊ ပုံစံပြောင်းလွယ်သည့်ဝတ်စုံတစ်စုံနှင့် အနီရောင်ဘူးသီးခြောက်တစ်ခု ဖြစ်သည်။
ထိုပစ္စည်းများတွင် မည်သို့သော ထူးခြားချက်များရှိမည်ကို ကျန်းလန် လေ့လာမနေတော့ပေ။
သူက မှော်ဝင်ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ခွန်တောင်တောင် အဓိကခန်းမဆောင်ထဲမှ ထွက်ခွာသွားလေတော့သည်။
ကျန်းလန် တောင်ပေါ်သို့ အမြန်ပြန်ချင်နေပြီ ဖြစ်သည်။
ရရှိလာသည့် မှော်ဝင်ပစ္စည်းများကို ဆရာဖြစ်သူကို အမြန်ပြန်ပြီး ပြသချင်နေမိသည်။ ဆရာဖြစ်သူကတော့ မှော်ဝင်ပစ္စည်းများ၏ အစွမ်းထက်ပုံနှင့် အသုံးပြုပုံများကို ရှင်းလင်းပြောပြနိုင်မည် ဖြစ်လေသည်။
ခန်းမအတွင်းမှ သူ့ကို ဝိုင်းဝန်းကြည့်နေကြသည့် တပည့်များအားလုံးကို လျစ်လျူရှုလိုက်ပြီး ကျန်းလန် ထွက်ခွာလာခဲ့လေသည်။
အမှန်တော့… ထိုတပည့်များအနေဖြင့် ကိုယ်ရသည့်မှော်ဝင်ပစ္စည်းများကိုယူပြီးသည်နှင့် ပြန်သွားကြရန်သာ ရှိသည်။ သို့သော်… မပြန်နိုင်ကြဘဲ ကျန်းလန်ကို မျောက်ပွဲအခမဲ့ပြသလို စပ်စပ်စုစုဖြင့် ဝိုင်းဝန်းကြည့်နေခဲ့ကြခြင်း ဖြစ်၏။
ခပ်တည်တည်ဖြင့် ထွက်ခွာသွားသည့် ကျန်းလန်၏ ကျောပြင်ကိုကြည့်ပြီး ခန်းမထဲမှ တပည့်များအားလုံး ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ကြသည်။
အချိန်အတန်ကြာမှ တပည့်တစ်ယောက်က…
“ဟွန်း… ပျက်သုန်းနေတဲ့ တစပြင်လောကကြီးမှာ… စိတ်စွမ်းအားဘယ်လောက်ကောင်းကောင်း အင်မော်တယ်ဖြစ်မလာနိုင်ရင် အလကားပဲ ၊ ဘာမှ အသုံးမဝင်ဘူး…”
ထိုသူ၏ စကားကြောင့် တပည့်များအားလုံး စိတ်သက်သာရာ ရသွားကြသည်။
ထိုသူပြောသည့်စကားက အမှန်ပင်ဖြစ်၏။
ကျန်းလန်က စိတ်စွမ်းအားကောင်းမွန်သော်လည်း သိပ်ပြီး အရည်အချင်းမရှိလှပေ။ သူ့အနေဖြင့် အစွမ်းကုန် ကြိုးစားသည့်တိုင် ပါရမီရှင်များကို မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။
ပျက်သုန်းနေတဲ့ တစပြင်လောကကြီးအလယ်တွင် ပါရမီရှင်များနှင့် ပါရမီရှင်မဟုတ်သူများ၏ ကွာဟချက်က တစ်နေ့တခြား ပိုမိုဆိုးရွားလာမည်သာ ဖြစ်သည်။
ထို့အတူ… သာမန်လူသားများနှင့် အင်မော်တယ်များကြားမှ ကွာဟချက်ကလည်း အလွန်ပင် ကြီးမားလှသည်။
လူတစ်ယောက်သည် စိတ်စွမ်းအား မည်မျှ အားကောင်းနေပါစေ အင်မော်တယ်မဖြစ်သေးသရွေ့ အထင်ကြီးစရာ မရှိပေ။ သာမာန်လူသားတစ်ယောက်အဖြစ်သာ ဆက်ရှိနေပေလိမ့်မည်။
သို့သော်… နောက်ကွယ်တွင် မည်သို့ပင် ဝေဖန်နေကြပါစေ…
ကျန်းလန်ကတော့ ခန်းမထဲမှ အေးဆေးတည်ငြိမ်စွာဖြင့် လမ်းလျှောက်ထွက်ခွာသွားပြီ ဖြစ်လေသည်။
……….
ခွန်လွန်အဓိကခန်းမဆောင်ကြီးတည်ရှိရာ တောင်ထိပ်မှ ကျန်းလန် တရွေ့ရွေ့ဖြင့် ဆင်းလာခဲ့သည်။
ထိုသူများနှင့် ငြင်းခုန်နေမည့်အစား နဝမတောင်ထွတ်သို့ပြန်ပြီး ကျင့်ကြံသည်ကမှ အကျိုးရှိဦးမည်ဟု ကျန်းလန် ခံယူထားသည်။
ထိုသူများသည် အစကတည်းက သူနှင့် အဆင့်တူသူများမဟုတ်ကြပေ။
“မိုးတောင်ချုပ်တော့မှာပဲ… တောင်ပေါ်ပြန်ရောက်ရင် ဆရာ့ကို အရင်သွားတွေ့ရမယ် ၊ ပြီးရင် မရဏဂူထဲသွားပြီး ကျင့်ကြံရမယ်…”
မှောင်ရိပ်သန်းနေပြီဖြစ်သော ကောင်းကင်ကိုကြည့်ရင်း ကျန်းလန် ရေရွတ်လိုက်သည်။
စနစ်တွင် မှတ်ပုံတင်ခြင်းက အရေးကြီးသော်လည်း ကျန်းလန်ကိုယ်တိုင် ကြိုးစားကျင့်ကြံခြင်းမရှိလျှင် အရာအားလုံးက အလကားပင်ဖြစ်ပေမည်။ ထို့ကြောင့် ကျင့်ကြံခြင်းအပိုင်းတွင် ကျန်းလန် မပေါ့ဆရဲပေ။
အတန်ကြာပြီးနောက်… ကျန်းလန် တောင်ခြေသို့ ရောက်ရှိလာလေသည်။
တောင်ခြေအရှေ့တွင် တောအုပ်လေးတစ်ခုရှိလေ၏။
ထိုတောအုပ်လေးကို ဖြတ်သန်းသွားမည်ဆိုပါက နဝမတောင်သို့ မြန်မြန်ပြန်ရောက်မည့် ဖြတ်လမ်း ဖြစ်လေသည်။ မိုးချုပ်လုနီးပြီ ဖြစ်သောကြောင့် ကျန်းလန် လမ်းရှည်အတိုင်းမသွားတော့ဘဲ တောအုပ်လေးထဲမှ ဖြတ်သွားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်… ကျန်းလန် တောအုပ်လေးကို ဖြတ်သန်းကာ ခပ်မြန်မြန် လမ်းလျှောက်လာသည်။
“ဘုန်း…”
ရုတ်တရက်… အဝေးတစ်နေရာဆီမှ ပြင်းထန်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
“အရှက်မဲ့လိုက်တာ… ၊ ခွန်လွန်တောင်က ရှင်တို့ကို အလွတ်ပေးမယ်ထင်နေသလား…”
စကားသံတစ်သံလည်း ထွက်ပေါ်လာလေသည်။
ထိုစကားသံက အလွန်မှ သာယာနူးညံ့လှသည့် မိန်းကလေးတစ်ယောက်၏ အသံဖြစ်သည်။
အရှေ့ဆီတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေဟန် ရှိသည်။ သို့သော်… လက်ရှိအချိန်တွင် ကျန်းလန် မည်သည့်ပြဿနာကိုမှ ရင်မဆိုင်လိုပေ။
ကျန်းလန်က ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၂) ကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်ထားလေရာ သူ့အကြောင်းကို အခြားသူများ သိရှိသွားမည်ကို မလိုလားပေ။
ထို့ကြောင့်… ကျန်းလန် အသံထွက်ပေါ်လာရာနေရာကို ရှောင်ကွင်းသွားရန် ဟန်ပြင်လိုက်သည်။
ကျန်းလန်က အခြားလမ်းမှ ကွေ့ပတ်သွားရန် ခြေလှမ်းများကို ပြန်လှည့်လိုက်ရင်း…
“တိုက်ခိုက်မှုက အတော်ပြင်းထန်တာပဲ… ၊ ကြည့်ရတာ… ဒီမိန်းကလေးရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် မနိမ့်ဘူးပဲ…”
ဟု တွေးလိုက်မိ၏။
မိုးချုပ်နေပြီဖြစ်သောကြောင့် လမ်းရှည်မှ မသွားဘဲ ဖြတ်လမ်းမှ ပြန်ရန် ဆုံးဖြတ်မိကာမှ သူပြန်လာသည့် ဖြတ်လမ်းတွင် တိုက်ပွဲက စောင့်ကြိုနေလေသည်။
ထို့ကြောင့်… ကျန်းလန် ချက်ချင်းပင် ပြန်လှည့်ပြီး လမ်းရှည်ဘက်သို့ ဦးတည်လိုက်ရသည်။
လမ်းရှည်အတိုင်း အတန်ကြာမျှ လမ်းလျှောက်လာပြီးနောက်…
“ဘုန်း…”
ပေါက်ကွဲသံတစ်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ကျန်းလန်၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွား၏။
သောက်ကျိုးနဲ… တိုက်ပွဲကို ရှောင်ချင်၍ လမ်းရှည်ဘက်ပြန်ကွေ့လာခါမှ တိုက်ပွဲနှင့် မလွတ်နိုင်သေးပါကလား…။
ပေါက်ကွဲသံ ထွက်ပေါ်လာရာသို့ ကျန်းလန် လှမ်းကြည့်လိုက်သည်။
လူရိပ်တစ်ရိပ် လွင့်စင်ထွက်လာသည်ကို ကျန်းလန် တွေ့မြင်လိုက်ရလေသည်။
လွင့်ထက်လာသည့်လူရိပ်က ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်နှင့် ပြင်းထန်စွာ ရိုက်မိသွားပြီး မြေပြင်ထက်သို့ အရှိန်ပြင်းပြင်ဖြင့် ပြုတ်ကျသွားသည်။
ထိုလူရိပ်က မိန်းကလေးတစ်ယောက် ဖြစ်ဟန်တူသည်။
မိန်းကလေးက…
“သစ္စာဖောက်ကောင်…”
ဟု အော်ဟစ်လိုက်၏။
ထိုမိန်းကလေး၏အသံကို ကျန်းလန် ကြားဖူးနေလေသည်။ စောစောက တောအုပ်လေးထဲ ဖြတ်သန်းသွားစဉ်တွင် ကြားခဲ့ရသော မိန်းကလေး၏အသံပင် ဖြစ်နေလေ၏။
ဖြတ်လမ်းတွင် တိုက်ခိုက်နေကြသောကြောင့်… လမ်းရှည်မှလှည့်ကာ ခရီးဆက်ခဲ့သည့် ကျန်းလန်မှာ တိုက်ပွဲနှင့် ဆိုက်ဆိုက်မြိုက်မြိုက် ထပ်မံကြုံတွေ့ရပြန်လေပြီ…။
ကျန်းလန် အနည်းငယ်တော့ သိချင်စိတ် ဖြစ်လာမိသည်။
ခွန်လွန်တောင်က အလွန်ကြီးမားကျယ်ပြန့်လွန်းလှလေသည်။ ထို့ကြောင့်… မှောင်ရီပျိုးချိန် တောအုပ်အတွင်းမှတိုက်ပွဲကို တော်ရုံဖြင့် သတိပြုမိကြမည် မဟုတ်ပေ။
သို့သော်… ကျန်းလန်ကတော့ တိုက်ပွဲနှင့် နဖူးတွေ့ ဒူးတွေ့ ပက်ပင်းရင်ဆိုင်နေရပြီ ဖြစ်လေတော့သည်။
Good