အခန်း ၁၁

ချင်းချင်းအတွက် အနမ်းတစ်ပွင့်

ချန်းယန်နန်၏ ခြိမ်းခြောက်စကားကြောင့်ပေလော (သို့တည်းမဟုတ်) အတန်းတင်စာမေးပွဲ နီးလာသောကြောင့်ပေလောမသိ။ တန်းခွဲ-၁၀မှ ကျောင်းသားများသည် စနောက်ဆော့ကစားချင်စိတ်တို့ မရှိကြသည့်အပြင် ထန်ရှုနှင့် ယွမ်ချူးလင်အား နှောင့်ယှက်ခြင်းပင် မရှိကြချေ။

သူ၏စိတ်ဝိညာဉ်သည် ကမ္ဘာမြေသို့ ပြန်ရောက်လာပြီးနောက်  အထူးသဖြင့် ကောင်းကင်စကြာဝဠာကျင့်စဉ်ပညာရပ်ကို ကျင့်ပြီးသွားသည့်အချိန်တွင် သူ၏မှတ်ဉာဏ်သည် အမှန်တကယ်ထက်မြက်လာကြောင်းကို ထန်ရှု သဘောပေါက်လာသည်။ မည်သည့်စာအုပ်ကိုမဆို တစ်ကြိမ်ဖတ်ရှုပြီးသည်နှင့် သူ၏မှတ်ဉာဏ်ထဲ၌ ပုံနှိပ်ထားသည်ပမာစွဲထင်လျက်ရှိပြီး မည်သည့်အခါမျှ မမေ့တော့ပါချေ။

သူ၏မှတ်ဉာဏ် အံ့သြလောက်အောင် တိုးတက်လာသည်နှင့်အမျှ သူ၏နားလည်နိုင်မှုစွမ်းရည်သည်လည်း ပုံမှန်လူများ လိုက်မမီနိုင်အောင် မြင့်မားလာခဲ့သည်။

၁၀စင်တီမီတာအထူခန့်ရှိသော အင်္ဂလိပ်အဘိဓာန်အား ဖတ်ရှုရန် ထန်ရှုသည် နှစ်ရက်သာအချိန်ပေးလိုက်ရပြီး သူ၏ဦးနှောက်ထဲတွင် အကုန်လုံးသိုလှောင်ထားနိုင်ပြီဖြစ်သည်။ ယွမ်ချူးလင်အပါအဝင် အခြားကျောင်းသားများသည် ထန်ရှုတစ်ယောက် သည်နှစ်ရက်လုံးတွင် စာမျက်နှာများအား ပျင်းရိစွာ ဟိုလှန်ဒီလှန်လုပ်နေသည်ဟုထင်ကြသည်။

ထို့နောက် နောက်ရက်တွင် ထန်ရှုသည် ပထမနှစ်မှ တတိယနှစ်အထိ အင်္ဂလိပ်သင်ခန်းစာများအား လေ့လာမှု ပြီးဆုံးသွားပြန်သည်။ နောက်ဆုံးတွင်မတော့ ထန်ရှုသည် အင်္ဂလိပ်ဘာသာတစ်ဘာသာလုံးအား ပြန်လည်လေ့ကျင့်မှု ပြီးဆုံးသွားပြီဖြစ်သည်။

သူ၏မှတ်ဉာဏ်ထဲတွင် အောက်စဖို့အင်္ဂလိပ်အဘိဓာန်စာအုပ်နှင့် အင်္ဂလိပ်ဘာသာရပ်အားလုံးအား သိုလှောင်သိမ်းဆည်းပြီးနောက် ထန်ရှုသည် ဆရာမဟန်၏အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသောသင်ခန်းစာများအား အပြည့်အစုံ နားလည်သွားပြီဖြစ်ပြီး ပြန်လည်ပြောဆိုရန်အတွက် သူ့၌ ယုံကြည်မှုရှိလာပြီဖြစ်သည်။

ထို့နောက် ထန်ရှုသည် စာပေအနုပညာစုပ်များအား ဖတ်ရှုလေ့လာပြီးတစ်ချိန်တည်းမှာပင် သူ၏စားပွဲခုံထဲတွင် ရှိသော ယမန်နှစ်က မေးခွန်းလွှာများနှင့်အဖြေများအား ပြန်လည်လေ့လာလိုက်သည်။ ထို့နောက် အဆိုပါမေးခွန်းများအား ဖြေဆိုရသည်မှာ သူ့အတွက် ပျော်ရွှင်မှုရရှိစေသည်ကို အံ့အားသင့်ဖွယ် သူ တွေ့ရှိရတော့သည်။

အင်္ဂလိပ်နှင့်စာပေအနုပညာဘာသာများအား လေ့လာမှတ်ယူပြီးသည့်နောက် ထန်ရှုသည် ရူပဗေဒ၊ ဓာတုဗေဒနှင့် သတ္တဗေဒဘာသာရပ်များအား ဆက်လက်လေ့လာတော့သည်။ သူ၏မှတ်ဉာဏ်စွမ်းအား၊ လေ့လာသင်ယူနှုန်းနှင့် အခြေခံပိုင်နိုင်မှုများကြောင့် သူသည် ထိုဘာသာရပ်များအား ၁၀ရက်ခန့်ပင် အချိန်မပေးရဘဲ အားလုံး လေ့လာပြီးဖြစ်သွားလေသည်။

အင်မော်တယ်ကမ္ဘာသို့ ပြန်မနေနိုင်သေးသော ထန်ရှုသည် အဆိုပါ တိတ်ဆိတ်အေးဆေးသောရက်များအား နှစ်ခြိုက်ခဲ့သည်။ အဆုံးမသတ်သော လေ့ကျင့်မှုတွေ မရှိ၊ အဆုံးမမသတ်သော သတ်ဖြတ်မှုတွေမရှိ နေ့ရက်တိုင်းသည် ကျောင်းသို့သွားခြင်း၊ လက်ဘက်ရည်ကော်ဖီဆိုင်သို့သွားခြင်းနှင့် အဆောင်သို့ ပြန်ခြင်းတို့ဖြင့် ကုန်ဆုံးလည်ပတ်နေသည်။

ဒီဟာသည် ထန်ရှုအနေဖြင့် ကျင့်ကြံမှုထက် အခြားအရာများအပေါ် ပထမဆုံး အာရုံစိုက်ပြုလုပ်ခြင်းဖြစ်သောကြောင့် သူ့အတွက် ခံစားမှုအသစ်ကို ဖြစ်ပေါ်စေသည်။ လဝက်လောက်ကြာသွားသောအခါ ထန်ရှု ပျင်းရိစပြုလာသည်။

ထိုသို့ဖြစ်ရခြင်းသည် သူ့အတွက် လေ့လာစရာဘာမျှ မရှိတော့ခြင်းဖြစ်ကြောင်း ထန်ရှု နားလည်သဘောပေါက်လာသည်။ သူ့စားပွဲထဲရှိ မည်သည့်လေ့ကျင့်မှုစာရွက်မဆို အမှတ်ပြည့်ရအောင် သူဖြေနိုင်ပြီဖြစ်သည်။ အိုလံပစ်အဆင့်စာမေးပွဲမေးခွန်းများမဆိုထားဘိ ပြဌာန်းစာအုပ်များမှ သီအိုရီများနှင့် ပုံသေနည်းများကိုပင် ပြန်လည်ငြင်းချက်ထုတ်နိုင်လေပြီဖြစ်သည်။

“အခု ငါ လေ့လာထားတာတွေနဲ့ဆိုရင် အတန်းတင်စာမေးပွဲဖြေဖို့အတွက် လုံလောက်ပြီ။ ငါ ဆန္ဒရှိရင် ပထမဆုတောင် အေးဆေးယူလို့ရတယ်။ ကျန်တဲ့၂လကို ငါ ဘာလုပ်သင့်သလဲ။”

သူ၏စားပွဲပေါ်မှ စာရွက်စာတမ်းများအား သိမ်းဆည်းပြီးနောက် ထန်ရှုသည် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။

ထန်ရှု၏အကြည့်များသည် မရည်ရွယ်ဘဲနှင့် စုရှန်ဖေးဆီ ရောက်သွားသောအခါ သူ့အား အမုန်းတရားများဖြင့် ကြည့်နေသော မျက်ဝန်းတစ်စုံအား တွေ့လိုက်ရသဖြင့် ထန်ရှုတစ်ယောက် တုန်လှုပ်သွားပြီး သတိအနေအထားဖြစ်သွားသည်။

“ကြည့်စမ်း ကျင့်ကြံဖို့ကို ငါ ဘာကြောင့်မေ့နေတာပါလိမ့်။ ဒီကမ္ဘာကြီးက အင်မော်တယ်ကမ္ဘာကြီးလို သွေးထွက်သံယိုတွေ တိုက်ခိုက်မှုတွေ မရှိလို့ ကျင့်ကြံမှု မြင့်မြင့်မားမားမလိုအပ်ဘူးဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တော့ လိုအပ်သေးတယ်မဟုတ်လား။” ထန်ရှု သူ၏ခေါင်းအား တစ်ချက်ရိုက်လိုက်ပြီး သူ၏မှတ်ဉာဏ်သိုလှောင်မှုထဲရှိ ကျင့်စဉ်များထဲမှာ အသင့်တော်ဆုံးကျင့်စဉ်ကို ရွေးချယ်မှုစတင်လိုက်သည်။

ပထမဆုံးပေါ်လာသည်မှာ ကောင်းကင်စကြာဝဠာကျင့်စဉ်ဖြစ်သည်။ သည်ကျင့်စဉ်အား ရည်ရွယ်ပြီး ကျင့်ခဲ့သည်မဟုတ်သော်လည်း ဆေးရုံ၌ တိုတောင်းသောအချိန်အတွင်း သူ အောင်မြင်စွာ ကျင့်နိုင်ခဲ့သည်။ သူ အိပ်နေသောအချိန်တိုင်း သူ၏ခန္ဓာကိုယ်သည် ထိုကျင့်စဉ်အား ကျင့်ကြံနေပေလိမ့်မည်။

ထိုကျင့်စဉ်သည် တိုးတက်မှုနှေးကွေးပြီး သူ့အား ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်ချေ။ အကျိုးကျေးဇူးအနေဖြင့် ထန်ရှုတွင် လန်းဆန်းလာခြင်း၊ စိတ်ဝိညာဉ်ခွန်အား ပိုမိုသန်မာတိုးတက်လာခြင်းတို့ ဖြစ်ပေါ်စေသည်။ သို့သော်လည်း ပထမအကြိမ် ကျင့်ကြံမှုတွင် ခံစားရသောနာကျင်မှုအား ပြန်လည်သတိရသောအချိန်တွင် ထိုကျင့်စဉ်အား စာရင်းမှ ထုတ်ပယ်လိုက်သည်။

ရွှေရောင်ခြည်ကျင့်စဉ်၊ နီလာမီးလျှံကျင့်စဉ်၊ ရေခဲနှလုံးသားကျင့်စဉ်….။

အခြားသူများအနေဖြင့် ကျင့်ကြံခြင်းနည်းစနစ်နှင့် သိုင်းပညာရပ်နည်းပါးမှုအပေါ် စိုးရိမ်နေရစဉ်တွင် ထန်ရှုသည် ရွေးချယ်စရာများလွန်းလှသောကြောင့် သူနှင့်သင်တော်သည့် ကျင့်ကြံခြင်းနည်းစနစ် မရွေးချယ်မိမှာစိုးသည့်အတွက် စိုးရိမ်ပူပန်နေရသည်။

ထန်ရှုတစ်ယောက် အတွေးလွန်နေခြင်းသာဖြစ်သည်။ ယခု(၁၀)ရက်အတွင်းတွင် ထန်ရှုသည် သူစုဆောင်းရရှိသော ဗဟုသုတများနှင့် အတွေ့အကြုံများအကြောင်း စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင်တော့ မရေမတွက်နိုင်သော ကျင့်စဉ်များနှင့် ကျင့်ကြံမှုနည်းစနစ်များအတွက် အင်မော်တယ်ကမ္ဘာမှလူများသည် သွေးချောင်းစီးတိုက်ပွဲများဖြစ်ပွားရပြီး အသက်များစွာ တန်ဖိုးမဲ့စွာ ဆုံးရှုံးရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ကျင့်စဉ်များနှင့် ကျင့်ကြံမှုနည်းစနစ်များသည် သန်မာပြီး အင်အားကြီးသောသူများမှ ဖန်တီးခဲ့ကြသောကြောင့် ဖြစ်ပြီး ကျင့်ကြံမှုအတွက် သင့်တော်သောအခြေခံအုတ်မြစ်ကို ရရှိစေသည်။ ထန်ရှုသည် ပထမအကြိမ် အင်မော်တယ်ကမ္ဘာသို့ ကျော်ဖြတ်စဉ်ကပင် သင့်တော်သောအခြေခံအုတ်မြစ် ရရှိခဲ့ပြီးဖြစ်သောကြောင့် သူ၏ ကျင့်စဉ်များနှင့် ကျင့်ကြံမှုနည်းစနစ်များသည် အလွန်လျင်မြန်စွာ တိုးတက်ခဲ့သည်။

ယခုလက်ရှိပိုင်ဆိုင်ထားသော  ခန္ဓာကိုယ်သည် လွန်စွာ အားနည်းသည့်အပြင် ကျင့်ကြံမှုစွမ်းရည်သည်လည်း လွန်စွာ ဆိုးရွားနေသည်။ ကျင့်ကြံမှုရင်းမြစ်မှာလည်း ကမ္ဘာပေါ်တွင် လွန်စွာရှားပါးလှသောကြောင့် ထန်ရှု၏မှတ်ဉာဏ်ထဲရှိ ကျင့်စဉ်များသည် ကျင့်ကြံရန်အတွက် အသုံးမဝင်လှချေ။

သို့သော်လည်း ထန်ရှုသည်  ပျိုမျစ်နုနယ်စဉ်ကာလမှ မှတ်ဉာဏ်များအား ပြန်လည်သတိရရန် ကြိဲးပမ်းသော်လည်း မရရှိသေးပါချေ။ ဘဝနှစ်ခုမှ မှတ်ဉာဏ်များအား ပြန်လည်မှတ်မိရန် ကြိုးစားရသည်မှာ ခက်ခဲသော်လည်း နောက်ဆုံးတွင် ရင်းမြစ်စွမ်းအင်နှင့် ကျင့်ကြံမှုစွမ်းရည်အတွက် လိုအပ်ချက်သိပ်မရှိသော တစ်ချို့အရာများ ပြန်လည် သတိရလာခဲ့သည်။

ယခုတစ်ပတ်အတွင်း ထန်ရှုသည် ထို ကောင်းမွန်သောအခြေခံကျင့်စဉ်များအား ဖြည်းဖြည်းချင်း တစ်ခုပြီး တစ်ခု စစ်ဆေးနေခဲ့သည်။ သို့သော် စိတ်စွမ်းအင်ရင်းမြစ်မရှိသော ကမ္ဘာမြေတွင် မွေးဖွားလာသော ခန္ဓာကိုယ်သည် လွန်စွာ အားနည်းလှသည်။ အင်မော်တယ်ကမ္ဘာတွင်သာ ဆိုပါက ယခုအချိန်တွင် ထန်ရှုသည် နတ်ဆိုးတစ်ပိုင်း လူသားတစ်ပိုင်း ဖြစ်နေလိမ့်မည်။

အချိန်တွေ ကုန်ဆုံးလာပြီးနောက် လတစ်ဝက်ခန့်ကြာသည့်အခါ  ထန်ရှု၏ မျက်မှောင်ကုတ်သည်ထက်ကုတ်လာပြီး စိုးရိမ်ပူပန်လာခဲ့သည်။

“စိတ်အေးအေးထားစမ်း ထန်ရှု… စိတ်အေးအေးထားစမ်း။ အင်မော်တယ်ကမ္ဘာမှာ ကျင့်စဉ်နဲ့ နည်းစနစ်တွေ ဒီလောက်များပြားလှတာ ငါနဲ့ ကိုက်ညီတဲ့ ကျင့်စဉ်တစ်ခု သေချာပေါက် ရှိကိုရှိရမယ်။ ငါ အဲ့ဒါကို မစဉ်းစားမိသေးတာနေလိမ့်မယ်။ ငါ မစဉ်းစားရသေးတဲ့ ကျင့်စဉ် ဘာများကျန်နေသေးပါလိမ့်။”

ထန်ရှုသည် သက်တောင့်သက်သာနေလိုက်ပြီး မိမိကိုယ်ကို အားပေးစကားဆိုကာ မှတ်ဉာဏ်များအတွင်း ဆက်လက်ရှဖွေလိုက်သည်။

သို့သော် ထန်ရှုတစ်ယောက် ဤကဲ့သို့ စာလေ့လာခြင်းအား ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ထိုင်ခုံတွင် ထိုင်ကာ “နေ့ဘက်တွင် အိပ်မက်မက်နေခြင်း” အား နေ့တိုင်း ပြုလုပ်နေပြီး  ယွမ်ချူးလင်၏မေးခွန်းများအား ဖြေဆိုခြင်းမပြုဘဲ လစ်လျူရှုထားသည်ကို ကြည့်ပြီး ယွမ်ချူးလင်တစ်ယောက် သောကရောက်နေရသည်။

ယွမ်ချူးလင်သည်သာ စိုးရိမ်နေသည်မဟုတ်ဘဲ ထန်ရှုအား တိတ်တဆိတ် ဂရုစိုက်နေသော ဟန်ကျင်းဝူနှင့် ချန်းယန်နန်ပင် စိုးရိမ်နေပြီဖြစ်သည်။

ထန်ရှုအား စိုးရိမ်နေသောသူများရှိသကဲ့သို့ ထန်ရှု ထိုသို့ဖြစ်နေသည်အား ကျေနပ်အားရနေသောသူများလည်း ရှိပေသေးသည်။

“ချီးတဲ့မှပဲ… ထန်ရှုတစ်ယောက် နေရာကမခွာဘဲ အချိန်တိုင်း အတန်းထဲမှာ စာတွေ လေ့လာနေတုန်းက ငါ့မှာ ဘယ်လောက်တောင် လန့်လိုက်ရသလဲ။ အတန်းတင်စာမေးပွဲမှာ ဒီကောင် အမှတ်တွေ အဆင့်တွေ ပြန်ကောင်းလာတော့မယ်လို့တောင် တွေးနေခဲ့တာ။”

စုရှန်ဖေးသည် အိမ်သို့ရောက်သောအခါ ဖိနပ်ချွတ်လိုက်ကာ လွယ်အိတ်အား ဘေးတစ်ဖက်သို့ ပစ်တင်လိုက်လျက် ဆိုဖာပေါ်တွင် ဝုန်းကနဲ ထိုင်ချလိုက်သည်။

“သား ဘာပြောလိုက်တာ။ ထန်ရှုက အခု သင်ခန်းစာတွေ ဘာမှ မလေ့လာတော့ပြန်ဘူးဟုတ်လား။”

စုရှန်ဖေး၏စကားကို ကြားလိုက်ရပြီးနောက် တီဗွီအစီအစဉ်ကို အာရုံစိုက်နေသော ကျန်းမေယွမ် စိတ်လှုပ်ရှားသွားသည်။

“သူ ဆက်ပြီး ဟန်မဆောင်ချင်တော့တာလား ဒါမှမဟုတ် ဆက်ပြီး လေ့လာချင်စိတ်မရှိတော့တာလား မသိဘူး။ နေ့တိုင်း အသိစိတ်မရှိတဲ့ ပုံစံနဲ့ထိုင်နေတယ်။ နေ့အိပ်မက် မက်နေသလိုပဲ။ ဆရာမက သူ့နာမည်ခေါ်ရင်တောင် စိတ်ဆိုးနေတဲ့ ပုံနဲ့။”  စုရှန်ဖေးတစ်ယောက် မဲ့ကာရွဲ့ကာနှင့် ပြောပြနေသည်။

စုရှန်းဝမ်သည်  ထန်ရှုက သူ့အား တွန်းပြီး ထိုးခဲ့သောအဖြစ်အပျက်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားနေမိသည်။ တစ်လကျော်ကြာသွားသော်လည်း ထိုဆယ်ကျော်သက်လေးရှေ့တွင် အရှက်ကွဲခံရသည့်အဖြစ်ကို စုရှန်းဝမ် မမေ့နိုင်သေးချေ။

“ဒါ တကယ်ပဲ မတော်တဆ ဟုတ်နိုင်ပါ့မလား။” စုရှန်းဝမ်သည် အချိန်အတန်ကြာအောင် စဉ်းစားနေသော်လည်း အဖြေမရရှိသောကြောင့်  သူတို့ဆုံးဖြတ်ချက်ကို ယုံကြည်စပြုလာသည်။

“ရှန်းဝမ်… သံသယအတွေးတွေ ရပ်လိုက်တော့။ ဒီကောင်မစုတ် စုလင်းယွမ်က သူ့သားမှတ်ဉာဏ်အကောင်းအတိုင်း ပြန်ဖြစ်နေပြီလို့ ပြောတာကို ရှင် ယုံသလား။ ကျွန်မတို့သားလေးက နေ့တိုင်း ထန်ရှုကို စောင့်ကြည့်နေတာ ကျွန်မတို့လက်က ဒီကောင်လေး ပြေးမလွတ်ပါဘူး။ သူ့ဘာသာ မှတ်ဉာဏ်ပြန်ကောင်းလို့ ဘာကြီးဖြစ်နေနေ သူ ပုံမှန်အတိုင်း မဖြစ်အောင် ကျွန်မတို့ လုပ်နိုင်စွမ်းရှိတာပဲ။”

ယောကျ်ားဖြစ်သူ၏ စိုးရိမ်ပူပန်နေသောမျက်နှာကို မြင်နေရသော ကျန်းမေယွမ်သည် အနားလျှာက်လာပြီး စုရှန်းဝမ်အနားကပ်ကာ နူးညံ့စွာ တိုးတိုးလေးကပ်ပြောလိုက်သည်။

စုရှန်းဝမ်သည် ထန်ရှုကို မကြိုက်လင့်ကစား ကျန်းမေယွမ်၏နှုတ်မှ ခွေးကောင်၊ သူတောင်းစား စသောစကားလုံးများအား ကြားရသောအခါတိုင်း စိတ်မသက်မသာခံစားရစမြဲဖြစ်သည်။

သူ၏ဇနီးဖြစ်သူမှ ထန်ရှုအား ရှင်းပစ်ရန်အတွက် လူတစ်ချို့အား ရှာဖွေညှိနှိုင်းသည်ကို ကြားလိုက်ရစဉ်အခါက စုရှန်းဝမ်သည် နှလုံးခုန်နှုန်းမြန်လာပြီး ဇနီးဖြစ်သူအား မလုပ်ရန်တားမြစ်ချင်ခဲ့သော်လည်း ထန်ရှုပေးခဲ့သောအရှက်ကွဲမှုအား ပြန်လည်တွေးမိလိုက်သောကြောင့် မတားမြစ်ခဲ့တော့ချေ။

တစ်လအချိန်သည် မသိလိုက်မသိဘာသာဖြင့် ကုန်ဆုံးသွားပြီး တတိယနှစ်ကျောင်းသားများအတွက် ဒုတိယလပတ်စာမေးပွဲသည် ရောက်ရှိလာချေသည်။ ထိုအချိန်အတောအတွင်း ထန်ရှုသည် သူနှင့်သင့်တော်သောကျင့်စဉ်ကို ရှာဖွေမတွေ့ရိသေးချေ။ အင်မော်တယ်ကမ္ဘာတွင်သာဆိုပါက ဖြစ်နိုင်လျှင်ချက်ချင်း လုပ်မိမည်ဖြစ်သော်လည်း ယခုတွင် မည်သို့မျှ သူ မတတ်နိုင်ချေ။

စိတ်စွမ်းအင်ရင်းမြစ်အား အလေးထားသော အင်မော်တယ်ကမ္ဘာနှင့် နှိုင်းယှဉ်မည်ဆိုပါက ကမ္ဘာကြီးသည် စိတ်စွမ်းအင်ရင်းမြစ် ဘာမျှမရှိသော အဖြုန်းမြေကြီးနှင့်တူပေမည်။

ထန်ရှုသည် အင်မော်တယ်ကမ္ဘာတွင်ရှိစဉ်အခါက ကျင့်စဉ်များနှင့် ကျင့်ကြံမှုနည်းစနစ်များအား မရေမတွက်နိုင်လောက်အောင် စုဆောင်းခဲ့ပြီး ဝယ်ယူခြင်း၊ လက်ဆောင်များနှင့် လဲလှယ်ခြင်းတို့ဖြင့်လည်း စုဆောင်းခဲ့သည်။ သို့သော်လည်း စိတ်စွမ်းအင်ရင်းမြစ် ဘာမျှမရှိသော ကမ္ဘာကြီးတွင် လေ့ကျင့်ရန်အတါက် မည်သည့်ကျင့်စဉ်မျှ ထွက်မလာသည်ကို သူနားလည်သဘောပေါက်လာတော့သည်။

“ထန်ရှု… အခုလာမယ့်စာမေးပွဲမှာ နင် ကြိုးကြိုးစားစား လုပ်ရလိမ့်မယ်။ ဆရာဟူက ရုံးခန်းထဲမှာ ဆရာမနဲ့အလောင်းအစား လုပ်ခဲ့တယ်။ နင့်အမှတ်အဆင့်တွေ ကျဆင်းနေတုန်းပဲဆိုရင် ဆရာမရဲ့ နောက်လစာက သူ့ကို ပေးရမယ်။ ထန်ရှုရဲ့အဆင့်က အဆင့်ဇယားမှာ အနိမ့်ဆုံးမဟုတ်တော့ဘူးဆိုရင် ဆရာဟူက သူ့လစာကို ဆရာမကို ပေးလိမ့်မယ်။ ဆရာမလစာ ရ၊မရက မင်းအပေါ်မှာ မူတည်နေပြီနော် ထန်ရှု။”

ဟန်ကျင်းဝူသည် ထန်ရှုတစ်ယာက် နေ့အိပ်မက် မက်နေသည့်အဖြစ်နှင့် မကြာမီရောက်လာတော့မည့် စာမေးပွဲအတွက် သူမ၏ရုံးခန်းသို့ ခေါ်ယူကာ စိတ်ပူစွာ ပြောနေခြင်းဖြစ်သည်။

နီးကပ်စွာ ခပ်တိုးတိုးပြောလာသော ဟန်ကျင်းဝူ၏အသံကို နားထောင်ရင်း၊ သူမ၏တက်ကြွနေသော ပုံပန်းသဏ္ဍာန်အား ကြည့်ရင်း ဟန်ကျင်းဝူသည် ထန်ရှု၏မျက်လုံးထဲတွင် သူ၏ အင်မော်တယ်ကမ္ဘာမှချစ်သူ ရွှဲ့ချင်းချင်းနှင့်တစ်ယောက်တည်းဖြစ်သွားသည်။ ထိုအမြင်ကြောင့် ထန်ရှုသည် ဟန်ကျင်းဝူအား ဆွဲဖက်လိုက်ကာ အေးစက်စက်ဟန်ထင်ရသော သူမ၏ချယ်ရီရောင် နှုတ်ခမ်းလေးအား အနမ်းပွင့်များ ခြွေမိတော့သည်။


Comment

  1. xyiyi627 says:

    အဲ့ကောင်မက နင့်ကို သစ္စာဖောက်ခဲ့တာလေ အဲ့ဒါတောင်ရုပ်တူတဲ့မိန်းမကို နမ်းချင်သေးတယ်ပေါ့ တော်တော်နှလုံးသားကြီးမားတာပဲ

Leave a Reply

Options

not work with dark mode
Reset