Switch Mode

အခန်း ၁၀

အာရုံစူးစိုက်ခြင်းအလျဉ်းမရှိသော

ထိုအသံကို ကြားမှသာ ယွမ်ချူးလင်တစ်ယောက် အနားတွင် ရှိနေသည်ကို ဆရာမဟန် သတိပြုမိသွားသည်။

စားပွဲနှင့်ကုလားထိုင်ကို သယ်ဆောင်ထားသော ယွမ်ချူးလင်အား ကြည့်ပြီး ဆရာမဟန်သည် တစ်ချက်ပြုံးလိုက်ကာ ချိုချိုလွင်လွင်အသံဖြင့် ရယ်မောလိုက်သဖြင့် သူမ၏လုံးဝန်းလှပသော ရွှေရင်အစုံသည် အထက်အောက် လှုပ်ခါသွားသည်ကို ကြည့်ပြီး ယွမ်ချူးလင်၏မျက်လုံးအစုံသည် ကျဉ်းမြောင်းရပြန်သည်။

“ဆရာဟူက ခွင့်ပြုနေသရွေ့ ဆရာမအတန်းက မင်းကို ကြိုဆိုပါတယ်။” တစ်ခဏကြာမျှ ရယ်မောပြီးသည့်နောက် ဆရာမဟန်သည် ထိုစကားများကို ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် ဘေးတွင် ရပ်နေသော ထန်ရှုအား ခေါင်းတစ်ချက်ညိတ်ကာ လှည့်ကြည့်ရင်း အပြုံးဖွဖွဖြင့် ဆိုလိုက်သည်။

“မင်းနဲ့ထန်ရှု အတန်းရဲ့နောက်ဆုံးမှာ နေရာယူထိုင်လိုက်ပါ။ ပြီးရင် ဆရာမ အတန်းထဲကလူတွေနဲ့ မိတ်ဆက်ပေးမယ်နော်။”

ဆရာမဟန်မှ သူ့အား လက်ခံလိုက်သောကြောင့် ယွမ်ချူးလင်သည် ပျော်ရွှင်မှုအား ထိန်းမရဘဲ အခန်းထဲသို့ လျင်မြန်စွာ လျှောက်သွားတော့သည်။

ထန်ရှုနှင့် ယွမ်ချူးလင်တို့ နေရာတကျဖြစ်သွားပြီးသောအခါ ဟန်ကျင်းဝူသည် ထန်ရှုနှင့် ယွမ်ချူးလင်တို့အား အတန်း-၁၀မှ ကျောင်းသားများနှင့် မိတ်ဆက်ပေးလေသည်။

ဆရာမဟန်သည် ထန်ရှုအား မိတ်ဆက်ပေးသောအခါ အတန်းထဲတွင် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆွေးနွေးကြသော တီးတိုးစကားသံများ ပေါ်ထွက်လာသည်။

ဘေးပတ်လည်မှ ပြောဆိုနေကြသောအသံများကို ထန်ရှုသည် ရှင်းလင်းပြတ်သားစွာ ကြားနေရပြီး မကြားဟန်သကဲ့သို့ ရှိနေသော်လည်း ယွမ်ချူးလင်သည် ဒေါသထွက်ရလွန်းသဖြင့် မျက်နှာပင် စိမ်းလာသကဲ့သို့ရှိသည်။ ထန်ရှုမှ သူ၏ရှပ်အကျီၤအစွန်းအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မထားခဲ့ပါလျှင် ဒေါသဖြင့် ဝုန်းကနဲ ထရပ်မိမည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဆရာမဟန်သည် ခပ်ဖွဖွ ချောင်းတစ်ချက်ဟန့်ကာ အတန်းအား ထိန်းလိုက်သောကြောင့် စာသင်ခန်းသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ဆရာမဟန်သည် ထန်ရှုအား တောင်းပန်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ကျောင်းသားများအား လပတ်အဖြေစာရွက်များ ထုတ်ရန် ပြောကာ လျှောက်လှမ်းလာသည်။

သို့သော်လည်း ထန်ရှုအနေဖြင့် ဆရာမဟန်သည် ကျောင်းသားများအား တရုတ်ဘာသာဖြင့် တစ်ခွန်းမျှ မဆိုဘဲ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုသွားသည်ကို ကြည့်ပြီး အံ့အားသင့်ရသည်။ ထို့ကြောင့် ဆရာမဟန်သည် သင်ခန်းစာပို့ချသည်မှာ မိနစ်အနည်းငယ်ကြာသွားသော်လည်း ထန်ရှုသည် တစ်လုံးမျှပင် နားမလည်လိုက်ချေ။

ထိုသို့ဖြစ်ရသည်မှာ ထန်ရှု၏အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်ခြင်းမဟုတ်သကဲ့သို့ သူ၏အကြားအာရုံ ချို့ယွင်းနေခြင်းကြောင့်လည်း မဟုတ်ပါချေ။ သူ့အနေဖြင့် ထိုဘာသာစကားအား သုံးလေ့မရှိသည့်အပြင် အထက်တန်းအဆင့်တွင် ဆရာများမှ အတန်းအား အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဆက်ဆံလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့်ဖြစ်သည်။

ယွမ်ချူးလင်သည်လည်း သင်ခန်းစာအား နားထောင်ရင်း ဇဝေဇဝါဖြစ်သွားရသည်။ သူ့အနေဖြင့် ဆရာမဟန်အား ဖြတ်၍ မေးရန်ကြံရွယ်ခြင်း (သို့မဟုတ်) အနားရှိ ကျောင်းသားတစ်ယောက်အား သင်ခန်းစာအကြောင်း မေးရန် ကြံရွယ်ခြင်း ဖြစ်နေစဉ်မှာပင်  ကျောင်းသားများမှာ ဆရာမဟန်၏သင်ကြားမှုအား အထူးအာရုံစိုက်နေသည်ကို တွေ့လိုက်ရသဖြင့် ကူကယ်ရာမဲ့စွာ သင်ခန်းစာကိုသာ အာရုံစိုက်နေရတော့သည်။

သုံးမိနစ်ကြာသွားပြီးနောက် ထန်ရှုသည် သင်ခန်းစာ နားထောင်နေခြင်းအား စွန့်လွှတ်လိုက်ပြီး သူ၏အင်္ဂလိပ်အဘိဓာန်ကို ထုတ်၍ လေ့လာရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဆရာမဟန် ပြောဆိုနေသည်အား ရှင်းရှင်းလင်းလင်း ကြားနေရသော်လည်း သူမပြောသမျှအား တစ်လုံးတစ်ပါဒမျှ နားမလည်ပါချေ။ သူသိထားသော အင်္ဂလိပ်ဝေါဟာရမှာ အကန့်အသတ်ရှိနေသည်ကို နားလည်သွားသောကြောင့် သူ၏ဝေါဟာရဗဟုသုတအား ဖြည့်တင်းရန်အတွက် ပိုမိုလေ့လာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထန်ရှုသည် သင်ခန်းစာတွင် အာရုံမစိုက်ဘဲ အင်္ဂလိပ်အဘိဓာန်အား လေ့လာနေသည်ကို ယွမ်ချူးလင် တွေ့လိုက်ရသောအခါ ပျော်ရွှင်သွားပြီး ထန်ရှုအတိုင်း လိုက်လုပ်ရန်ဆုံးဖြတ်လိုက်ကာ ထူထဲသော အင်္ဂလိပ်အဘိဓာန်စာအုပ်ကြီးအား ထုတ်ယူပြီး စတင် ဖတ်ရှုတော့သည်။

ဆရာမဟန်သည် စစ်ဆေးမှုစာလွှာ၏အဖြေများအား မည်ကဲ့သို့ ပြုလုပ်ရမည်ကို ရှင်းပြနေသော်လည်း သူမ၏အာရုံသည် ထန်ရှုအပေါ်တွင်သာ တစ်ချိန်လုံး ရှိနေသည်။ ထို့ကြောင့် ထန်ရှုသည် ၁၀မိနစ်ပင်မကြာဘဲ သင်ခန်းစာ နားထောင်ခြင်းအား စွန့်လွှတ်လိုက်သောအခါ သူမ၏တက်ကြွနေသော စိတ်ဓာတ်များသည် ဟိုးအောက်ဆုံးထိသို့ ကျသွားလေသည်။

သင်ခန်းစာပြီးသည့်အထိတစ်လျှောက်လုံး ဆရာမဟန်သည် ထန်ရှုအား မကြာခဏ လှမ်းကြည့်မိသော်လည်း ထန်ရှုသည် အဘိဓာန်စာအုပ်ထဲတွင်သာ ခေါင်းစိုက်ထားပြီး တစ်ကြိမ်မျှ ခေါင်းပြန်မမော့လာခြင်းသည် ဆရာမဟန်အား အကြီးအကျယ် စိတ်ဓာတ်ကျစေသည်။

အတန်းဆင်းခေါင်းလောင်းထိုးသောအခါ ဆရာမဟန်သည် အခန်းမှ လျင်မြန်စွာ ထွက်သွားတော့သည်။ ဆရာမဟန် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်နေသော စာသင်ခန်းသည် တစ်ဖန် ပြန်လည်ဆူညံလာခဲ့သည်။

“ဆရာမဟန်ရဲ့သင်ခန်းစာကို နားထောင်ရတာ နာကျင်မှုရော ပျော်ရွှင်မှုရော ဒွန်တွဲနေတယ်။ ငါတို့ ဆရာမပြောတာကို အကုန်လုံး နားမလည်ပေမယ့် နားလည်သလို ဟန်ဆောင်နေတော့ ဆရာမကို စိတ်မပျက်စေရဘူးပေါ့။”

“နင် ပြောတာ မှန်တယ်။ ငါတို့ ဆရာမ ရှင်းပြသမျှ လုံးစေ့ပတ်စေ့ နားမလည်ပေမယ့် သူမရဲ့အသံလေးကို နားထောင်ရတာလည်း ပျော်ရွှင်မှုတစ်မျိုးပဲ။ အဲ့ဒါအပြင် လှပတဲ့ဆရာမကို ကြည့်ဖို့ အခွင့်အရေးလည်း ငါတို့မှာ ရှိတယ်။”

“ဒီသူတောင်းစားနှစ်ကောင် ဘယ်လိုတောင် ဆိုးရွားလိုက်လဲ။ ဆရာမဟန် စာသင်တာကို လုံးဝအာရုံစိုက်မှုမရှိဘူး။”

အတန်း-၁၀မှ ကျောင်းသားများသည် “အတန်းထဲမှ နားထောင်ခြင်းအနုပညာ” အကြောင်းအား ဆွေးနွေးရင်း စာသင်ချိန်တွင် ထန်ရှုနှင့် ယွမ်ချူးလင်တို့ အင်္ဂလိပ်အဘိဓာန်စာအုပ်ကြီးများ ဖတ်နေသည်ကို တွေ့ရှိထားသဖြင့် ဒေါသထွက်စွာဖြင့် တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

ယွမ်ချူးလင်သည် အတန်း-၁၀မှ ကျောင်းသားများ၏ “အတန်းထဲမှ နားထောင်ခြင်းအနုပညာ” အကြောင်းအား ဆွေးနွေးနေသည်ကို ကြားရသဖြင့် ဝင်ရောက်ပြောဆိုလိုသော်လည်း ရုတ်တရက် သူနှင့်ထန်ရှုအကြောင်းအား ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားမိသောကြောင့် သူ၏နောက်ကျောအား တွန်းလိုက်သည်ကို ခံစားလိုက်ရပြီး လဲကျသွားသည်။

“အသစ်ကလေး.. ငါတို့က မင်းတို့အကြောင်း ပြောနေတာလေ. ဘာဖြစ်လို့ နားကန်းတစ်ယောက်လို ဟန်ဆောင်နေတာလဲ။”

ယွမ်ချူးလင်သည် ပတ်ဝန်းကျင်အသစ်တွင် ပြသနာမဖြစ်ချင်သောကြောင့် သူ၏အမှားကို ဝန်ခံရန် ပါးစပ်ဟလိုက်သော်လည်း မနှစ်မြို့စရာအသံအား သူ၏နားတွင်ကပ်လျက် ကြားလိုက်ရပြီး သူ၏လက်ထဲမှ အင်္ဂလိပ်အဘိဓာန်စာအုပ်မှာ ဆွဲလုခံရကာ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခံလိုက်ရသည်။

“မင်း..” ယခုအပြုအမူအပေါ် သည်းမခံနိုင်သော ယွမ်ချူးလင်၏ဒေါသများသည် ငယ်ထိပ်ထိပင် တက်ဆောင့်သွားသည်လားဟုပင် ထင်ရပြီး မတ်တတ်ထရပ်လိုက်သည်။

ယွမ်ချူးလင်အား ရန်စလိုက်သော ကျောင်းသားသည် ဒေါသဖြင့် ထရပ်လိုက်သော ယွမ်ချူးလင်၏ထွားကြိုင်းသန်မာသော ကိုယ်ခန္ဓာအား မြင်ပြီး လန့်ဖျတ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။ သူ၏အနောက်တွင်သာ တစ်စုံတစ်ယောက်မရှိခဲ့ပါက အမှန်တကယ်ပင် ထိုကျောင်းသားသည် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ကျပေလိမ့်မည်။

“ဖက်တီး.. ကော်ရစ်ဒါထောင့်မှာ မင်း ငါ့ကို ပြောခဲ့တဲ့စကားတွေကို မမေ့လိုက်နဲ့ဦး။” ထိုကျောင်းသားအား အမှုန့်ကြိတ်ပစ်လိုသော ယွမ်ချူးလင်၏စိတ်ကို ရိပ်မိသည့်အတိုင်း ထန်ရှုသည် တည်ငြိမ်သောလေသံဖြင့် သတိပေးလိုက်သည်။

“ဟေ့ ကြက်ပေါက်လေး.. သူတို့က မင်းကို ရန်စတယ်။ မင်းက ပြန်မချဘဲ ရှောင်နေတယ်။ သတ္တိရှိရင် သွားပြီးပြန်ချလေကွာ။”  ယွမ်ချူးလင် တည်ငြိမ်စပြုလာသောအချိန်တွင် အတန်းထဲမှ ရန်စလိုသောအသံ ထပ်မံထွက်ပေါ်လာသည်။ ထိုအသံကြောင့် တည်ငြိမ်စပြုလာသော ယွမ်ချူးလင်သည် ထပ်မံ ဒေါသထွက်လာရသည်။

ယွမ်ချူးလင်သည် ထိုအော်လိုက်သောကျောင်းသားအား စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်မိပြီး တစ်ဖန် ထန်ရှုအား စူးစမ်းလိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုကျောင်းသားမှာ ထန်ရှုအား အမြဲအနိုင်ကျင့်နေသော ထန်ရှု၏ဝမ်းကွဲအစ်ကိုဖြစ်သူ စုရှန်ဖေးပင်ဖြစ်သည်။

အခြားတစ်ယောက်ဖြစ်ပါက ယွမ်ချူးလင် ရိုက်မိမည်ဖြစ်သော်လည်း ယခုလူသည် ထန်ရှု၏ဝမ်းကွဲအစ်ကိုဖြစ်နေသောကြောင့် ထန်ရှု၏အမြင်အား တောင်းခံရန်လိုအပ်သည်။

စုရှန်ဖေးအား မြင်လိုက်သောအခါမှ သူသည် အတန်း-၁၀တွင် တက်ရောက်နေကြောင်း ထန်ရှု သတိရသွားသည်။ ဒေါသထွက်နေသော စုရှန်ဖေးအား ကြည့်ပီး ထန်ရှု မရယ်ဘဲမနေနိုင်တော့ချေ။

“စုရှန်ဖေး…ဒီဂိမ်းကို မင်း ဆက်ကစားချင်တာ သေချာရဲ့လား။ ဒီလိုကစားဖို့ မင်း စိတ်ဝင်စားတယ်ဆိုရင်တော့ ငါက ဆက်ကစားပေးရမှာပေါ့ကွာ။”

ထိုစကားများကို ကြားသည့်အခိုက်တွင် မနေ့က နေ့လည်၌ ရဲစခန်းသို့ ခေါ်ဆောင်သွားခံရသည့်အဖြစ်အား ပြန်လည်သတိရပြီး စုရှန်ဖေး၏ကိုယ်ခန္ဓာသည် တုန်လှုပ်သွားရသည်။

ထိုအချိန်မှာပင် သူတို့တစ်မိသားစုလုံးအား ရဲစခန်းသို့ ခေါ်ဆောင်သွားခံရသည့် ဖြစ်ရပ်မတိုင်မီကလည်း ထန်ရှုသည် ထိုစကားများကို ထပ်တူထပ်မျှ ပြောခဲ့ဖူးသည်ကို ပြန်လည်သတိရသွားသည်။

စုရှန်ဖေးသည် တုံ့ပြန်စကား ပြောလိုက်ချင်သော်ငြားလည်း ထန်ရှု၏စူးရှသောအကြည့်အောက်တွင် အေးခဲသွားရပြီး မည်သည့်စကားမျှ မထွက်လာတော့ချေ။ မနေ့ကဖြစ်ခဲ့သောအဖြစ်အပျက်သည် စုရှန်ဖေးအား နက်နက်ရှိုင်းရှိုင်း နာကျင်မှုကို ခံစားရစေသည်။

“နင်တို့အားလုံး ဘာလို့ ဒီမှာ ရပ်နေရတာလဲ။ ရန်ဖြစ်ဖို့ ဟန်ပြင်နေကြတာမဟုတ်လား။”

ထန်ရှုနှင့် ဆက်လက်ရန်ဖြစ်ရန် တွန့်ဆုတ်နေသောကြောင့် ကြည်လင်ကျယ်လောင်သောအသံသည် စုရှန်ဖေးအနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ချန်းယန်နန်.. ဒီတစ်ကြိမ် ငါ နင့်ကို မနှောင့်ယှက်ထားဘူးနော်။ သူများကိစ္စမှာ ဝင်မပါစမ်းပါနဲ့။”

သူ၏နောက်ကျောမှ ထွက်ပေါ်လာသောအသံသည် မည်သူ့အသံဖြစ်သည်ကို သိသည်အလား စုရှန်ဖေးသည် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်သည်။

“နင် ငါ့ကို မနှောင့်ယှက်ဘူးဟုတ်လား။ အဲ့ဒါဆို အခန်းတံခါးထိပ်ပေါ်မှာ တင်ထားတဲ့ တံမြက်စည်း၊ ဂေါ်ပြားနဲ့အမှိုက်တွေက ဘယ်လိုရောက်လာတာလဲ။ နင်လို့ ငါ မခန့်မှန်းနိုင်ဘူးများ ထင်နေသလား။”

ချန်းယန်နန်သည် စုရှန်ဖေး၏အကျီၤကော်လံအား  နောက်မှဆွဲစုကိုင်လိုက်ပြီး ဟွန့်ကနဲ အေးစက်စက်နှာမှုတ်သံတစ်ချက်ပြုလိုက်သည်။

စုရှန်ဖေးသည် ချန်းယန်နန်မှ သူ့အား မပြောမဆိုနှင့် ထိုကဲ့သို့ပြုလုပ်လိမ့်မည်ဟု မထင်ထားသောကြောင့် မျက်နှာဖြူဖျော့သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ချန်းယန်နန်.. နင် ငါ့ကို ထပ်ထိဦးမယ်ဆိုရင် ကျောင်းသားရေးရာကလူတွေကို ငါ ခေါ်ရလိမ့်….အာားးးး။”

စုရှန်ဖေး၏စကားမဆုံးခင်မှာပင် ချန်းယန်နန်၏ အေးစက်စက်နှာမှုတ်သံကို ကြားလိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ်သည် လေထဲတွင် ကိုရိုးကားယား ဝဲပျံသွားလေတော့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် စုရှန်ဖေး၏ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျလာပြီး ဖုန်မှုန့်များပင် ထသွားစေတော့သည်။

“ချန်းယန်နန် ကောင်မစုတ်.. နင် ငါ့ကို ဖုန်တောထဲ ထပ်လွှင့်ပစ်တယ်ပေါ့လေ။”

ပြုတ်ကျလာသော စုရှန်ဖေးထံမှ ဖောက်..ဖောက် ဟူသော အသံနှစ်ချက်အား ကြားလိုက်ရသောကြောင့် ထိခိုက်ဒဏ်ရာရသွားလေသလားဟု လူအများမှ စိုးရိမ်နေကြသောအချိန်တွင် ချန်းယန်နန်အား ရန်လိုနေသောစုရှန်ဖေး၏အသံအား ကြားလိုက်ရသည်။

“နင့်ဆီကနေ ပေါက်ကရတွေ ထပ်ထွက်လာရင် ဖုန်တောထဲ ထပ်လွှင့်ပစ်ဖို့ ငါဝန်လေးမှာမဟုတ်ဘူးနော်။”

ချန်းယန်နန်သည် စုရှန်ဖေးအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး လေသံခပ်တင်းတင်းဖြင့် ဆိုလိုက်သည်။

ချန်းယန်နန်၏စကားအား ကြားလိုက်ရသည်တွင် စုရှန်ဖေး၏လည်ပင်းသည် အေးစက်သွားသကဲ့သို့ခံစားရပြီး မျက်နှာဖြူဖျော့လာကာ စကားတစ်ခွန်းမျှပင် မဆိုရဲတော့ချေ။

ခေါင်းဆောင်ဖြစ်သော စုရှန်ဖေး၏ကျဆုံးခန်းကို မြင်တွေ့ရသော ကျန်ကျောင်းသားများသည် ဒေါသထွက်နေသော်လည်း စကားတစ်ခွန်းမျှပင် မပြောဝံ့တော့ဘဲ ချန်းယန်နန်အား ဒေါသမျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေကြသည်။

ချန်းယန်နန်သည် ကြက်တစ်ကောင်ကို သတ်ခြင်းဖြင့် မျောက်များအား ခြောက်လှန့်နိုင်သော သူမ၏စွမ်းဆောင်ရည်အား ကျေနပ်နှစ်သိမ့်စွာဖြင့် အခြားကျောင်းသားများအား စူးစိုက်ကြည့်လိုက်ပြီး အသံကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

“ဒီမှာရှိတဲ့ ကျောင်းသားတိုင်း မှတ်ထားရမှာက ထန်ရှုနဲ့ ယွမ်ချူးလင်က ငါ့ရဲ့သူငယ်ချင်းကောင်းနှစ်ယောက်ပဲ။ သူတို့နှစ်ယောက်ကို အနှောင့်အယှက်ပေးတဲ့ စနောက်တဲ့ ဘယ်သူမဆို ငါ သင်ခန်းစာပေးဖို့ဝန်မလေးဘူး။”

ထိုကဲ့သို့ ကြေညာပြီးသည့်နောက် ချန်းယန်နန်သည် ထန်ရှု၏ပခုံးအား ပုတ်လိုက်ပြီး ကြည်င်သောအသံဖြင့်

“ယောကျာ်းတစ်ယောက်အနေနဲ့ ဒီ့ထက်ပိုပြီး နင် ရဲရင့်သင့်တယ်။ အဲ့လိုမှမဟုတ်ရင် ဒီပတ်ဝန်းကျင်မှာ နင်ရပ်တည်နိုင်မှာမဟုတ်ဘူး။”

“ဒါပေမယ့် စိတ်မပူပါနဲ့။ ငါ နင်တို့အနားမှာ ရှိနေသမျှ ဒီအတန်းထဲကလူတွေ နင်တို့ကို အနိုင်မကျင့်စေရဘူး။

တစ်ယောက်ယောက်က အနိုင်ကျင့်တယ်ဆိုရင် ငါ့ကို လာပြောချေ။ ငါ သူတို့ကို ဆုံးမပေးမယ်။”

ချန်းယန်နန်သည် ထန်ရှုနှင့် ယွမ်ချူးလင်တို့၏အဖြေကို မစောင့်တော့ဘဲ သူမဘာသာ ပြောဆိုလိုက်သည်။

ချန်းယန်နန်၏စကားများသည် စုရှန်ဖေးအား သွားကိုက်သွားစေပြီး ထန်ရှုအား မနာလိုစွာ ကြည့်လိုက်သည်။

ထန်ရှု ဒုက္ခရောက်တိုင်း ကူညီမည့်သူများ ဘာကြောင့် ရောက်လာသည်ကို စုရှန်ဖေးတစ်ယောက် နားမလည်နိုင်ပါချေ။

မနေ့ကနေ့လည် သူ၏အိမ်၌ ထန်ရှုသည် လွတ်မြောက်ရာလမ်းမရှိဖြစ်နေချိန်တွင် ရဲများ ရောက်လာပြီး ကူညီသွားသည်။ သူ၏ဖခင်မှ ထန်ရှုအား ကျောင်းမှနှင်ထုတ်ရန် ကြိုးပမ်းသည့်အခါ ဆရာမဟန်သည် ထန်ရှုအား ကာကွယ်ပေးပြန်သည်။ သူ၏အတန်းသို့ ထန်ရှု ပြောင်းလာသည့်အချိန်တွင် မမေ့နိုင်လောက်အောင် သင်ခန်းစာပေးလိုက်ချင်သော်လည်း ချန်းယန်နန်သည် ထန်ရှုဘက်မှ ရပ်တည်နေပြန်သည်။

အတန်းတက်ခေါင်းလောင်းမြည်လာသောကြောင့် ထန်ရှုနှင့် ယွမ်ချူးလင်၏ဘေးတွင် ဝိုင်းနေသော ကျောင်းသားများသည် ဖယ်ခွာသွားပြီး နေရာတကျ ပြန်ထိုင်နေကြသည်။ ထိုအချိန်ထိ ချန်းယန်နန်သည် သူမ၏အပြုအမူများအား ရုတ်သိမ်းမသွားသေးချေ။

“အစ်ကိုကြီး… ငါ နည်းနည်းများ ကြည့်ကောင်းလာသလား။ အဲ့လိုမှမဟုတ်ရင် ချန်းယန်နန်က ကျွန်တော်တို့ကို ဘာဖြစ်လို့ ကူညီမှာလဲ။”

ယွမ်ချူးလင်သည် ထန်ရှု၏လက်မောင်းအား ဆွဲလိုက်ပြီး မိမိကိုယ်ကို အထင်ကြီးနေသောပုံစံဖြင့် မေးလိုက်သည်။

“ခဏစောင့်ဦး။ သင်ခန်းစာပြီးသွားလို့ အိမ်သာသွားတဲ့အခါ မင်း ချောလား မချောလား ငါ ပြောပြမယ်။”  ထန်ရှုသည် ယွမ်ချူးလင်အား တစ်ချက်ကြည့်လိုက်ပြီး ညစ်ကျယ်ကျယ်လေသံဖြင့် ပြောလိုက်သည်။

ထန်ရှု၏စကားကို ကြားရသောအခါ ယွမ်ချူးလင်၏မျက်နှာတွင် အပြုံးတစ်ချက်ပေါ်လာပြီး ထန်ရှုအား ပြန်လည်ပြောဆိုလိုသော်လည်း ထန်ရှုသည် အဘိဓာန်စာအုပ်ဖတ်ရှုခြင်းတွင် တစ်ဖန်အာရုံစိုက်သွားသဖြင့် ထိုအတွေးအား စွန့်လွှတ်လိုက်ရသည်။


Comment

Leave a Reply

Options

not work with dark mode
Reset