“အစ်ကိုကြီး.. အခန်းထဲကို မဝင်ဘဲ ဘာကြောင့် အပြင်မှာ ရပ်နေရတာလဲ။”
ထန်ရှုသည် အခန်း-၁၀သို့ သယ်ဆောင်လာသော စားပွဲနှင့်ကုလားထိုင်များကို ကိုင်လျက် ကော်ရစ်ဒါထောင့်တွင် ငြိမ်သက်စွာ ရပ်နေသည်ကို သတိထားမိသဖြင့် ယွမ်ချူးလင်သည် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ကျားကြီးဟူရဲ့စိတ်နေစိတ်ထားအရ သူက ငါ့ကို အခန်း-၁၀ကို လွှဲပြောင်းကြောင်း လာကြေညာဦးမှာ။ ဒါကြောင့်မို့ အခန်း၁၀က ငါပြောင်းလာမှာကို မသိလောက်သေးဘူး။ အဲ့ဒါကြောင့် ငါ ဆရာဟန်ကို စောင့်နေတာ။ နို့မို့ဆို ငါ အလောတကြီး ဝင်သွားရင် သူတို့စာလေ့လာနေတာ အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်။
ယွမ်ချူးလင်၏လက်ထဲမှ စားပွဲနှင့်ကုလားထိုင်များကို ကြည့်ပြီး ထန်ရှု အံ့အားသင့်သွားသော်လည်း သူ၏မေးခွန်းများကို ဖြေလိုက်သည်။
“စာတွေ လေ့လာနေတယ်ဟုတ်လား” ယွမ်ချူးလင်သည် ပြတင်းပေါက်မှတဆင့် အတန်းအား လျှောက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
“အတန်း-၁၀က စာတော်တဲ့အခန်းထဲမှာ မပါ ပါဘူး။ သူတို့တွေ ဒီအတိုင်း ဆူညံနေကြတာပဲ။ ကျွန်တော်တို့တောင် ဝင်ပါနိုင်လောက်တယ်။ “
စကားဆုံးသည်နှင့် ယွမ်ချူးလင်သည် အခန်းတံခါးကို ဖွင့်ဝင်ရန် ကြံရွယ်နေသည်။
“ဖက်တီး… မင်း ငါ့ကို ဂရုစိုက်တဲ့အတွက် ငါ ဝမ်းသာပါတယ်ကွာ။ ဒါပေမယ့် မင်း ပြန်သွားသင့်တယ်။ အတန်း-၅ဆိုရင် ဒီမှာထက် မင်းနဲ့ ပိုပြီးအဆင်ပြေလိမ့်မယ်။
ထန်ရှုသည် ယွမ်ချူးလင်၏ပခုံးအား ဆုပ်ကိုင်လျက် တည်ကြည်ရိုးသားစွာ ပြောလိုက်သည်။
“ကိစ္စမရှိဘူး။ နောက်ပြီး အတန်း-၁၀ကကောင်တွေက စည်းမျဉ်းစည်းကမ်း လိုက်နာတဲ့သူတွေမဟုတ်ဘုူးလို့ ကျွန်တော် ကြားထားတယ်။ အစ်ကိုကြီးကို အနိုင်ကျင့်မှာစိုးလို့ ကျွန်တော် ကာကွယ်ပေးဖို့ လိုတယ်။” ယွမ်ချူးလင်၏မျက်လုံးများသည် ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် အရောင်လက်နေသည်။
“ကျွန်တော် ငယ်ငယ်ကတည်းက ရန်ဖြစ်ရတာ မကြောက်ဘူး။ တစ်တန်းလုံးနဲ့ ရန်ဖြစ်ရင်တောင် ကျွန်တော် အသက်ရှင်နိုင်သေးတယ်။”
ယွမ်ချူးလင်၏စကားများကို ကြားရပြီးနောက် ထန်ရှုသည် ခါးသီးစွာ ရယ်မောလိုက်သည်။
ယွမ်ချူးလင်၏မိဘနှစ်ပါးသည် ၁၀၀မီလီယံအထက် ကြွယ်ဝချမ်းသာသော အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။ သို့သော်လည်း ယွမ်ချူးလင်သည် ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းပြီး သိုသိုသိပ်သိပ်သာ နေသည်။ ထို့ကြောင့်ပင်လျှင် ထန်ရှုသည် ယွမ်ချူးလင်၏ဘဝအမှန်ကို မေ့လုနီးပါးဖြစ်ရသည်။
“ဖက်တီး… မင်း အတန်း-၁၀ကို ပြောင်းလို့ရတယ်။ ဒါပေမယ့် မင်း အရင်လို အလေမလိုက်ဘဲ စာကြိုးစားပါမယ်ဆိုတဲ့ကတိတော့ ငါ့ကို ပေးရမယ်။ အဲ့လိုမှမဟုတ်ရင် အတန်း-၅ကို အခုသွားတာ ပိုကောင်းလိမ့်မယ်။”
ခဏတာ ငြိမ်သက်သွားပြီးနောက် ထန်ရှုသည် ထိုကဲ့သို့ ယွမ်ချူးလင်အား ပြောလိုက်ခြင်းဖြစ်သည်။
ထန်ရှုထံမှ သူ့အား စာကြိုးစားရန် ကတိတောင်းသည်ကို ကြားလိုက်ရသောအခါ ယွမ်ချူးလင်သည် ငြင်းဆန်ရန် ဟန်ပြင်လိုက်သော်လည်း ထန်ရှု၏မျှော်လင့်တကြီး ကြည့်နေသောအကြည့်အား မြင်လိုက်ရသဖြင့် သဘောတူညီကြောင်း ခေါင်းညိတ်ပြရန် တွန်းအားပေးနေသကဲ့သို့ ရှိသည်။
သူ၏စိတ်အတွင်းတွင် အချီအချတိုက်ပွဲဖြစ်ပွားပြီးနောက် ယွမ်ချူးလင်သည် ခေါင်းညိတ်ပြလိုက်ရင်း
“အစ်ကိုကြီး ပြောတာမှန်တယ်။ ကျွန်တော်သာ လေ့လာသင်ယူမှုကို သေချာမလုပ်ဘူးဆိုရင် ကိုယ့်ဘဝကိုယ် အရှုံးပေးလိုက်တာနဲ့အတူတူပဲ။ မိဘတွေကိုပဲ လက်စားချေချင်တာနဲ့ ကိုယ့်ဘဝကိုယ် မဖျက်ဆီးသင့်ဘူး။
အစ်ကိုကြီးက ကျန်တဲ့၃လမှာ အကောင်းဆုံး ကြိုးစားအားထုတ်မယ်ဆိုရင် အစ်ကိုကြီးကို ကျွန်တော် အဖော်လုပ်ပြီး အတူကြိုးစားကြမယ်။”
“ဟေး.. နင်တို့နှစ်ယောက်က ဒီအတန်းက ကျောင်းသားတွေမဟုတ်လား။ အတန်းထဲမဝင်ဘဲ ဘာရပ်လုပ်နေကြတာတုန်း။”
ထန်ရှုနှင့် ယွမ်ချူးလင်တို့နှစ်ယောက် စကားပြောကြနေစဉ်တွင် အခန်းအပေါက်ဝဆီသို့ ရှေးရှုပြေးလာသော မိန်းကလေးတစ်ယောက်သည် သူတို့နှစ်ယောက်အား ကြည့်လိုက်ပြီးနောက် မေးလိုက်ခြင်းဖြစ်သည်။
ထိုမိန်းကလေးသည် သေသပ်သပ်ရပ်စွာ ညှပ်ထားပြီး ယခုခေတ်စားနေသော ကော်ဖီရောင်ဖျော့ဖျော့ဆံပင်အရောင်လေးဆိုးထားသောကြောင့် ကျောင်းသားတစ်ယောက်နှင့်မတူဘဲ လန်းဆန်းတက်ကြွနေသောဟန် ရှိသည်။
ယွမ်ချူးလင်သာ အဆိုပါမိန်းကလေးအား ငေးမောမိရုံသာမကဘဲ ထန်ရှုပင်လျှင် သူမ၏ချစ်စရာကောင်းသောပုံစံနှင့် တောက်ပသောအပြုံးတို့အောက်တွင် ကျဆုံးခဲ့လေပြီ။
အတန်း-၅ရှိမိန်းကလေးများမူ ပုလင်းဖင်ကဲ့သို့ ထူထဲသော မျက်မှန်များ တပ်ဆင်လျှက် (သို့မဟုတ်) ပိုနီတေးလ်နှစ်ဖက် စည်းလျှက်တို့ဖြင့် အမြဲတစေ ဖိအားကြောင့် ပင်ပန်းနေသောပုံစံများဖြင့်သာ ရှိသည်။ သူတို့မှ စခေါ်ဖို့ဝေးစွ ဆံပင်အရောင်ဆိုးခြင်းပင် မလုပ်ကြချေ။
“ဟေး…အချောလေး။ ငါ့နာမည်က ယွမ်ချူးလင်။ ဒါက အချစ်ဆုံးသူငယ်ချင်း ထန်ရှု။ ငါတို့နစ်ယောက်က အရင်က အတန်း-၅ကပါ။ အခုနင်တို့အတန်းကို ပြောင်းလာတာ။ ဒီနေ့ကစပြီး ငါတို့တွေ အတန်းဖော်ဖြစ်သွားကြပြီပေါ့။”
သူ၏အကြည့်တို့အား ရုတ်သိမ်းကာ ယွမ်ချူးလင်သည် ထိုမိန်းကလေးဆီ လက်ဆန့်တန်းလျက် မိတ်ဖွဲ့စကားဆိုလိုက်သည်။
“ငါက ပြီးခဲ့တဲ့လကမှ ဒီကိုပြောင်းလာတာ။ ငါ့နာမည်က ချန်းယန်နန်ပါ။ နင်တို့နဲ့ သိရတာ ဝမ်းသာပါတယ်။”
လှပစွာ ပြုံးလျက် လက်ဆွဲနှုတ်ဆက်ရန် သူမ၏လက်ကို လှမ်းကာ ပြောလိုက်သည်။
“နင်တို့နှစ်ယောက် ဆရာ့ကို စောင့်နေသင့်တယ်။ ငါ အရင် အခန်းထဲဝင်နှင့်တော့မယ်။” ချန်းယန်နန်သည် ထန်ရှုအား လက်ပြကာ အခန်းတံခါးအား ဖွင့်ကာဝင်လိုက်သည်။
အခန်းတံခါးဖွင့်ကာ ဝင်သွားသော ချန်းယန်နန်အား ကြည့်ပြီး ထန်ရှု၏စိတ်နှလုံး တုန်ခါသွားရသည်။
သူ၏စိတ်ဝိညာဉ် ကမ္ဘာမြေသို့ ပြန်လာသောအခါတွင် ထန်ရှု၏အာရုံခံနိုင်စွမ်းအားနှင့် အသိအမြင်တို့သည် ပုံမှန်လူများထက် သာလွန်နေသည်။ ထန်ရှုသည် အတန်း-၁၀၏အပြင်ဘက်သို့ရောက်သောအခါ အတန်း-၁၀မှလူများသည် သူတို့အား သားကောင်များသဖွယ် စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို သတိပြုမိသည်။ ထိုအခြေအနေသည် ထန်ရှုအား သတိအနေအထားဖြင့် ရှိစေသည်။
သူသည် စာသင်ခန်း၏အပြင်ဘက်တွင် ရှိနေသော်လည်း သူ၏နတ်ဘုရားအာရုံဖြင့် အခန်းအတွင်းမှ ခပ်တိုးတိုးပြောသံများကို ရှင်းလင်းစွာ ကြားနေရပြီး ရှေ့ဆက်ဘာဖြစ်မည်ကို သိရှိနေပြီဖြစ်သည်။
အတန်း-၁၀မှ ကျောင်းသားများသည် တံမြက်စည်းနှင့် ဂေါ်ပြားကို အသုံးပြုလျက် ဝင်ပေါက်တံခါး၏ထိပ်တွင် ထောင်ချောက်ဆင်ထားပေသည်။ တစ်စုံတစ်ယောက်သည် တံခါးအား တွန်း၍ အခန်းထဲသို့ဝင်လာပါက အဆိုပါတံမြက်စည်းနှင့်ဂေါ်ပြားသည် ဝင်လာသောသူအပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာမည်ဖြစ်သည်။
ယေဘုယျအားဖြင့် ထန်ရှုသည် ထိုထောင်ချောက်ထဲသို့ ကျလိမ့်မည်မဟုတ်ချေ။ ဆရာလာသည်အထိ အခန်းအပြင်တွင် ရပ်စောင့်နေမည်ဖြစ်ပြီး ဆရာရောက်ရှိလာသောအခါ ထိုအမှိုက်များကို အတန်း-၁၀မှလူများ မည်ကဲ့သို့ရှင်းမည်ကို စောင့်ကြည့်နေမည်ဖြစ်သည်။
ချန်းယန်နန် လာသောအခါ အတန်းတွင်းမှလူများ၏ ပျော်ရွှင်မြူးတူးနေသောအသံများနှင့် အခန်းတံခါးအား စိတ်လှုပ်ရှားစွာ ကြည့်ရန် ပြောဆိုနေသောအသံများအား ကြားလိုက်ရသဖြင့် ထိုထောင်ချောက်သည် ချန်းယန်နန်အတွက် ဖြစ်တော့မည်ကို နားလည်လိုက်သည်။
“ချန်းယန်နန်… နင် အတန်း အမြဲနောက်ကျတတ်တာလား။” ချန်းယန်နန်အပေါ် အဆိုပါ တံမြက်စည်းနှင့် အမှိုက်ဂေါ်ပြားများ ကျရောက်ပြီး ညစ်ပေနေမည်ကို မလိုလားသောကြောင့် ထန်ရှုသည် ချန်းယန်နန် အခန်းထဲသို့ ဝင်တော့မည့်အချိန်တွင် လှမ်းမေးလိုက်သည်။
“နင် ဘာလို့ ငါ့ကို အဲ့ဒီလို မေးတာလဲ။” ချန်းယန်နန်သည် ထန်ရှုအား စူးစမ်းသောအကြည့်ဖြင့် ကြည့်ကာ မေးလိုက်သောကြောင့် သူမ၏လှုပ်ရှားမှုသည် နှေးကွေးသွားရသည်။
ထို့နောက်တွင် ချန်းယန်နန်သည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ခြေနှစ်လှမ်းမျှ နောက်ဆုတ်လိုက်ပြီး သူမ၏လှပသော ခြေတံရှည်များဖြင့် အခန်းတံခါးအား ကန်ဖွင့်လိုက်သည်။
“ဘန်း” ဟူသောအသံနှင့်အတူ “ဒေါင်… ဂလွမ်” ဟူသောအသံများပါ နောက်ဆက်တွဲ ပါလာပြီး အမှိုက်များ ပြန့်ကြဲသွားသည်။
ထိုအဖြစ်အပျက်များကို မြင်လိုက်ရသော ယွမ်ချူးလင်သည် ကံကောင်းထောက်မစွာ တံခါးမဖွင့်လိုက်သဖြင့် ထောင်ချောက်အတွင်း မသက်ဆင်းရသည်ကို သိလိုက်ရသောကြောင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
“ဘုရား..ဘုရား.. အတန်း-၁၀ကလူတွေ တကယ်ကို လူကို ခြောက်လှန့်နိုင်တာပဲ။”
မအောင့်အည်းနိုင်စွာဖြင့် ယွမ်ချူးလင် ရေရွတ်မိသည်။
ချန်းယန်နန်၏လှုပ်ရှားမှုများသည် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသောကြောင့် ထန်ရှု၏အကြည့်များသည် သူမပေါ်သို့ ရောက်ရှိသွားသည်။ ထို့ပြင် သူမကန်လိုက်သော ခြေကန်ချက်မှ ခြေထောက်အကွေးအဆန့်များသည် ထန်ရှုအား အသက်ရှုရပ်လောက်အောင်ပင် အံ့အားသင့်စေသည်။
“ထန်ရှု..ယွမ်ချူးလင်.. နင်တို့ မကြောက်ပါနဲ့။ ဒီထောင်ချောက်က ငါ့အတွက်ပါ။ နင်တို့နှင့်မဆိုင်ပါဘူး။”
ချန်းယန်နန်သည် ထန်ရှုနှင့် ယွမ်ချူးလင်၏ဆွံ့အနေသောအကြည့်များကို ကြည့်ပြီး ပြုံးလိုက်ကာ နူးညံ့သိမ်မွေ့သောအသံဖြင့် နှစ်သိမ့်လိုက်သည်။
“နင်တို့နှစ်ယောက်ကို ကြည့်ရတာ မဆိုးပါဘူး။ နောက်ဆို ငါ နင်တို့ကို အတန်းထဲမှာ စောင့်ရှောက်ပါမယ်။”
စကားဆုံးသည်နှင့် ချန်းယန်နန်သည် စာသင်ခန်းထဲသို့ ခြေလှမ်းကြဲကြီးများဖြင့် ဝင်ရောက်သွားတော့သည်။
ချန်းယန်နန်တစ်ယောက် ထောင်ချောက်ကို ရှောင်လိုက်နိုင်သဖြင့် အခန်းတွင်းမှ ကျောင်းသားများ၏စိတ်ပျက်လက်ပျက် သက်ပြင်းချသံများအား ထန်ရှုသည် ကြည်လင်စွာ ကြားနေရသည်။ ကျောင်းသားအနည်းငယ်သာ ရှုပ်ပွနေသောအမှိုက်များကို ပြန်လည်သိမ်းဆည်းနေသောကြောင့် ဘာမှမဖြစ်ထားသကဲ့သို့ ရှင်းလင်းသွားသည်။
ကျောင်းသားအားလုံး မိမိနေရာတွင် ပြန်ထိုင်ပြီးသောအချိန်တွင် “ဒေါက်…ဒေါက်…ဒေါက်” ဟူသော စည်းချက်ညီညီအသံသည် ကော်ရစ်ဒါတလျှောက် ထွက်ပေါ်လာသည်။ သိသာထင်ရှားစွာပင် ထိုအသံသည် တစ်စုံတစ်ယောက်မှ ဒေါက်မြင့်ဖိနပ်စီးကာ လျှောက်လာခြင်းပင်ဖြစ်ပေသည်။
ခြေလှမ်းများ၏ဦးတည်ရာအား ကြည့်လိုက်မည်ဆိုပါက စမတ်ကျကျဝတ်စားထားသော မိန်းမပျိုတစ်ဦးသည် အတန်း-၁၀သို့ ဦးတည်ကာလျှောက်လာနေသည်ကို တွေ့မြင်ရပေမည်။ သူမသည် အဖြူအမည်းအား အသွေးကျကျရောစပ်ထားသော ခါးတိုအကျီၤအား သူမ၏နှင်းကဲ့သို့ ဖြူဖွေးသောလက်မောင်းလေးများနှင့် အတိဝတ်ဆင်ထားပြီး အနီရဲရဲစကတ်နှင့် တောက်ပသော ပိုးသားခြေအိတ်အား ဝတ်ဆင်ထားသည်။
မိန်းမပျိုလေးသည် ဖြောင့်စင်းနက်မှောင်တောက်ပြောင်နေသော ဆံပင်ရှည်လှလှလေးအား ပိုင်ဆိုင်ထားရုံသာမက လှပသော ဘဲဥပုံ မျက်နှာကျလေးတွင် ဝင်းပနေသော နဖူး၊ ပုံဖော်ထားသကဲ့သို့ ပုံစံကျနေသော မျက်ခုံးနက်နက်လေးများ၊ ဖြောင့်စင်းပေါ်လွင်နေသော နှာတံ၊ နူးညံ့သည့်ပုံစံဖြင့် လှပသောကောက်ကြောင်းတို့ဖြင့် တည်ရှိနေသော တရှိုက်မက်မက် နမ်းရှိုက်ချင်စရာကောင်းလှသည့် နှုတ်ခမ်း၊ ပေါ်လွင်ထင်ရှားနေသော မေးရိုးတို့ကိုပါ ပိုင်ဆိုင်ထားသည်။ နောက်တနည်း ပြောဆိုရမည်ဆိုလျှင်ဖြင့် သူမသည် ပြစ်မျိုးမှဲ့မထင်သော အလှပိုင်ရှင်လေးတစ်ပါးပင် ဖြစ်တော့သည်။
ချန်းယန်နန်၏အလှအား ပျော်ရွှင်လန်းဆန်းတက်ကြွစေသည့် wintersweet ပန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ယခု သူတို့၏ရှေ့မှောက်ရှိ မိန်းမပျို၏အလှအား မြင့်မြတ်ရိုးရှင်းလှပသော violet ပန်းနှင့်တင်စားရမည်ဖြစ်ပေသည်။
“ထန်ရှု… အစောကြီး ရောက်နေတာလား။ ဒီအတန်းပြီးမှ မင်းကို သွားခေါ်ဖို့တောင် ဆရာမ စဉ်းစားနေသေးတယ်။”
ထန်ရှုသည် မလှုပ်မယှက် ထိုမိန်းမပျိုအား ငေးကြည့်နေစဉ်တွင် သူမ၏ချယ်ရီနှုတ်ခမ်းလေး ဖွင့်ဟလာသည်နှင့်အတူ ပုလဲကဲ့သို့ ဖြူဖွေးညီညာနေသော သွားကလေးများ ပေါ်ထွက်လာပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့် ဖန်ဆင်းလျက် သိမ်မွေ့နူးညံ့ကာ ချိုသာသောအသံလေးဖြင့် သူ့အား ပြောလိုက်သည်ကို ကြားလိုက်ရသည်။
“မင်္ဂလာ.. မင်္ဂလာပါ ဆရာမဟန်။”
ဆရာမဟန်မှ သူ့အား ပြောလိုက်သောအသံကြောင့် သတိပြန်ဝင်လာသော ထန်ရှုသည် နီရဲသောမျက်နှာဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
ထန်ရှုသည် ဆရာမဟန်အား ငေးကြည့်နေရသည့်အကြောင်းရင်းမှာ ဆရာမဟန်၏ချောမောလှပမှုကြောင့်သာ မဟုတ်ဘဲ အင်မော်တယ်ကမ္ဘာမှ သူ၏ချစ်သူနှင့်ပါ အလွန်ဆင်တူနေသောကြောင့် တခဏတာမျှ မိန်းမောသွားရခြင်းဖြစ်သည်။
ဆရာမဟန်သာ စွမ်းအားတစ်ဝက်ခန့်သာ ပိုင်ဆိုင်သည်ဟု စစ်ဆေးတွေ့ရှိပါက ထန်ရှုအနေဖြင့် သူ၏ချစ်သူသည် ကမ္ဘာမြေအထိ သူ၏နောက်သို့ လိုက်ပါလာသည်ဟု ထင်မြင်မိပေမည်။
“ထန်ရှု… ကျောင်းအုပ်ကြီးနဲ့ တတိယနှစ်ကြီးကြပ်သူတွေက မင်းနဲ့ပတ်သက်တဲ့အကြောင်းစုံကို ဆရာမကို ပြောပြပြီးပါပြီ။ အတန်း-၁၀မှာ သင်ကြားဖို့ အဆင်ပြေတယ်ဆိုရင် လာမယ့်၃လက ဆရာမအတန်းမှာ သင်ယူရလိမ့်မယ်။”
ထန်ရှု၏တုံံ့ပြန်မှုအား ကျေနပ်သွားပုံပေါ်သော ဆရာမဟန်သည် တောက်ပစွာ ပြုံးလိုက်သည်။
“ဆရာမရဲ့ဂရုစိုက်မှုနဲ့ လမ်းညွှန်မှုတွေ ကျွန်တော်လိုအပ်နေပါသေးတယ်။”
ထန်ရှုသည် သူ၏အမူအရာအား ထိန်းချုပ်ကာ ဆရာမဟန်အား တိတ်ဆိတ်စွာ အကဲခတ်လျက် ပြောလိုက်သည်။
ဆရာမဟန်သည် သူ့အပေါ် လွန်မင်းစွာ ဂရုစိုက်နေသည်ဟု ထန်ရှု ခံစားနေရသည်။ သို့သော် သူတို့နှစ်ယောက်ကြားရှိဆက်ဆံရေးတွင် သံသယဖြစ်စရာတစ်စုံတစ်ရာမျှ မရှိချေ။ ထို့အပြင် ဆရာမဟန်သည် အင်မော်တယ်ကမ္ဘာမှ သူ၏ချစ်သူနှင့်လွန်စွာတူနေမှုသည် ထန်ရှုအား စိတ်မသက်မသာဖြစ်စေသည်။
“ထန်ရှု… အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ မင်းက ကြယ်တာရာအထက်တန်းကျောင်းဝင်ခွင့်မှာ ပထမရရှိထားတဲ့သူတစ်ယောက်လေ။ အတန်းတင်စာမေးပွဲမှာ ဆရာမအတွက် ဂုဏ်ယူစရာကောင်းတဲ့အချိန်လေးတွေ ဖန်တီးနိုင်လိမ့်မယ်လို့ ဆရာမ မျှော်လင့်ထားနေတုန်းပဲ။
ဆရာမဟန်သည် ထန်ရှု၏ပုံမှန်မဟုတ်သောအခြေအနေကို မရိပ်စားမိသည့်အလား နူးညံ့သောအသံဖြင့် အားပေးစကား ဆက်လက်ပြောဆိုနေပေသည်။
ထန်ရှုသည် အတွေးများစွာဖြင့် နားထောင်ရင်း သူ၏နှာခေါင်းအား ပွတ်နေမိသည်။
“ဆရာမဟန်.. ကျွန်တော်က ထန်ရှုရဲ့ အချစ်ဆုံးသူငယ်ချင်း အတန်း-၅က ယွမ်ချူးလင်ပါ။ ကျွန်တော့်ကိုလည်း အတန်း-၁၀မှာ ဆက်ပြီး ပညာသင်ကြားခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။”
ဆရာမဟန်သည် ထန်ရှုအား တစ်ချိန်လုံး ဂရုတစိုက်ကြည့်နေပြီး သူ့အား တစ်ချက်လေးမျှပင် လှည့်မကြည့်သောကြောင့် ယွမ်ချူးလင်သည် ဆရာမဟန်နှင့် ထန်ရှုတို့၏ပြောဆိုမှုပြီးဆုံးသည်နှင့် အမြန်ဝင်ပြောလိုက်သည်။