Switch Mode

အခန်း (၄၆၈)

လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးသေတ္တာကြီး

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိနေသော ပစ္စည်းများကိုကြည့်ရင်း အချီကြီးပွသွားပြီဟု တွေးနေမိတော့သည်။ သူသည် ဓမ္မလက်နက်များနှင့် ဓမ္မအဆောင်များ သန့်စင်ခဲ့စဉ်တုန်းက အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် များပြားသော ကုန်ကြမ်းပစ္စည်းများကို မြင်ဖူးခဲ့သည့်တိုင်အောင် ယခုအခေါက်၌ စုဆောင်းရရှိလိုက်သည့် ပစ္စည်းများကြောင့် သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရဆဲပင်။

သူသည် သူ၏ရှေ့တွင်ရှိနေသော ပစ္စည်းများနှင့် သိုလှောင်အိတ်သုံးအိတ်ထဲတွင် ရှိနေသော ကုန်ကြမ်းပစ္စည်းများကို ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာ၏။ ထို ကုန်ကြမ်းပစ္စည်းများထဲမှ အချို့မှာ ဆေးလုံးများဖော်စပ်ရာ‌၌ အသုံးပြုသောပစ္စည်းများဖြစ်ပြီး အချို့မှာမူ အဆောင်ပစ္စည်းများ သန့်စင်ရာ၌ အသုံးပြုသော ပစ္စည်းများဖြစ်ပေသည်။ သူသည် ၎င်းတို့အများစု၏ အသုံးဝင်ပုံကို ရေရေရာရာ မသိပါသော်လည်း ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်ချီပြင်းအားများကြောင့် ၎င်းတို့မှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းလောက်အောင် အဖိုးတန်ရမည်ဖြစ်ကြောင်း သိလိုက်၏။

” ဓားပြတိုက်သလိုတောင် ဖြစ်နေပြီ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်တောက်လာတော့သည်။ သူသည် ချမ်းသာကြွယ်ဝမှု လမ်းစဉ်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ အကယ်၍ သူသာ ဆန္ဒရှိပါက နောက်ထပ်ဆယ်နှစ်တိတိ ဇိမ်နှင့်အနားယူနေ၍ ရပေသည်။

” ဒီ ပစ္စည်းတွေအားလုံးထဲမှာ ပြည်ထောင်စုကြီးရဲ့ ပစ္စည်းတွေ နည်းနည်းလေးပဲ ပါလောက်မှာ။ အများစုက ဟိုသုံးယောက် တခြားနေရာတွေကနေ စုဆောင်းခဲ့တာပဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ မတည်မငြိမ်ဖြစ်နေသော သူ၏ အသက်ရှူသံများကို ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် ကြည်လင်ရှင်းလင်းသော မျက်ဝန်းများဖြင့် ထိုပစ္စည်းများကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် သူ၏ အဆောင်ဝိညာ‌ဉ်သုံးခုကို ပြန်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် သူ၏ ဘေးဘီဝဲယာအား နောက်ထပ်တစ်ကြိမ် ပြန်ကြည့်လိုက်ပြီးနောက် သူ၏ ခေါင်းထဲတွင် အတွေးမျိုးစုံပေါ်ပေါက်လာတော့သည်။

” ငါ ဒီယွမ်ယင်အဆင့် ဝိညာဉ်ကျင့်ကြံသူသုံးယောက်ကို သတ်ပစ်ခဲ့တဲ့အကြောင်း ပေါက်ကြားသွားမယ်ဆိုရင် ငါ့ကို ရာထူးတိုးပေးကြမှာ သေချာသလောက်ပဲ။ ပြည်ထောင်စုကြီးအတွက် ကြယ်တာရာရင်းမြစ်တွေ ပြန်ယူပေးနိုင်ခဲ့တဲ့ အချက်နဲ့တင် တော်တော်ကို အံ့ဩဖို့ကောင်းနေပြီ။ ဒါပေမဲ့ ငါ တခြားလူတွေကို ဒီအကြောင်း လုံးဝပြောပြလို့မဖြစ်ဘူး… ” ဝမ်ပေါင်လဲ့မှာ ဝေခွဲမရဖြစ်နေရတော့သည်။ အကယ်‌၍ သူသာ သူ၏လုပ်ရပ်များကို အသိပေးလိုက်မည်ဆိုပါက အမှောင်အဆောင်ပစ္စည်းနှင့် ပတ်သတ်သော ကိစ္စကြီးမှာ သေချာပေါက် ဘူးပေါ်သလို ပေါ်သွားမည်သာဖြစ်သည်။ ထိုသို့သာဆိုပါက အနာဂတ်တွင် သူ့အတွက် ပြဿနာများ တက်လာနိုင်ပေသည်။

ထိုပြဿနာများမှာ သူ့အား အသက်အန္တရာယ် ပြုနိုင်မည်မဟုတ်ပါသော်လည်း သူသည် ဘေးကျပ်နံကျပ် အခြေအနေတစ်ခုထဲသို့ ရောက်သွားရမည်ဖြစ်ပြီး နာမည်ဆိုးတစ်ခု ကျန်ရစ်ခဲ့မည်သာ ဖြစ်သည်။ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ထိုကိစ္စနှင့်ပတ်သက်၍ ဖော်ပြထား၏။ ထိုစာအုပ်များထဲတွင် အခြားသူများ၏ စိတ်ကောင်းစေတနာများကို ယုံကြည်သင့်ပါသော်လည်း မျက်စိမှိတ်ယုံကြည်သည့်အထိတော့ မလုပ်သင့်ကြောင်း သတိပေးထား၏။ ထို့အပြင် အရေးအကြီးဆုံးမှာ မည်သူ့ကိုမှ မိမိအား အခွင့်ရေးယူခွင့် မပေးမိစေရန် ဖြစ်သည်။

အကယ်၍ ထိုသို့သာမဟုတ်ပါက မိမိတစ်ယောက်တည်းသာ နစ်နာသွားနိုင်သည်မဟုတ်ဘဲ မိမိ၏ မိတ်ဆွေများနှင့် အကြီးအကဲများကိုပါ ငြိစွန်းသွားနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ သူသည် ဤကိစ္စကြီးအကြောင်းကို အခြားမည်သူ့ကိုမှ မပြောပြရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ပြည်ထောင်စုကြီး၏ ပစ္စည်းများကိုမူ အရင်ဆုံး သူ့အတွက် အသုံးချပြီးမှ အနာဂတ်တွင် အခွင့်အရေးတစ်ခုခု ရလာပါက ပြန်ပေးလိုက်မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူတော်စင်တစ်ယောက်မဟုတ်ဘဲ ပါမွှားလေးတစ်ကောင်သာ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုကဲ့သို့ ဆုံးဖြတ်ချက်ချပြီးသွားသောအခါ စိတ်သောကရောက်နေခြင်း မရှိတော့ပေ။ ထို့အပြင် သူသည် အဆောင်ဝိညာဉ် သုံးခုကို ချက်ချင်းပင် လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်၏။

” ဒီ ပစ္စည်းတွေထဲမှာ အမှောင်အဆောင်ပစ္စည်း ပြန်ပြင်တဲ့နေရာမှာ သုံးလို့ရတဲ့ ပစ္စည်းတွေ ပါလား ”

ထိုအခါ တော်ဝင်ညွှန်ကြားရေးမှူးနှင့် ကောင်ကလေးတို့မှာ ထိုပစ္စည်းများကိုကြည့်ရင်း လိုချင်တက်မက်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အမှောင်သမ္ဗန်ကြီးအား ပြုပြင်ရန် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ရာ သူတို့နှစ်ယောက်စလုံးမှာ လောဘများ တက်နေကြသည့်တိုင်အောင် ထုတ်မပြောရဲကြပေ။ အမှောင်သမ္ဗန်ဝိညာဉ်ကြီးဖြစ်သည့် လူသန်ကြီးမှာမူ ထိုပစ္စည်းများအား အကဲခတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အား အရိုအသေပေးကာ ခပ်အောအောလေသံကြီးဖြင့် တည်ကြည်စွာ ပြန်ဖြေလိုက်၏။

” သခင်။ သဘောတရားအရဆိုရင်တော့ ဒီပစ္စည်းတွေအကုန်လုံးကို အမှောင်သမ္ဗန်ကြီးကို ပြုပြင်တဲ့နေရာမှာ သုံးလို့ရတယ်။ အထူးသဖြင့် ဒီ ကြယ်တာရာရင်းမြစ်တောင်ကြီးဆိုရင် သာမန်အရည်အသွေးသာ ရှိပေမဲ့ အမှောင်သမ္ဗန်ကြီးကို အများကြီးပြန်ကောင်းလာအောင် ပြုပြင်ပေးနိုင်တယ် ”

” ဟိုဘက်က ပစ္စည်းတွေဆိုရင်လည်း ဝိညာဉ်ချီတွေနဲ့ တမူထူးခြားတဲ့ ဂုဏ်သတ္တိတွေ ပါနေတာမလို့ လှေကြီးရဲ့ အဆောင်ပစ္စည်းတွေကို သန့်စင်တဲ့နေရာမှာ တော်တော်ကို အသုံးဝင်တယ်။ အမျိုးအစားပေါင်းစုံရှိနေတဲ့ လက်နက်တွေလည်းအတူတူပဲ။ အဲဒီလက်နက်တွေကို ခွဲခြမ်းပြီးတော့ သူတို့ရဲ့ အမြုတေတွေကို ပေါင်းခံလိုက်မယ်ဆိုရင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေမှာ သုံးလို့ရတယ်။

” ပြီးတော့ ဒီ ကင်းခြေများကြီးက တမူထူးခြားတဲ့ သွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်ထားတာ။ ဒါပေမဲ့ သူ့ကို သန့်စင်ထားတဲ့နည်းလမ်းက မှားနေတဲ့ပုံပဲဗျ။ တကယ်လို့ သူ့ကို အမှောင်သမ္ဗန်ကြီးထဲမှာ ချုပ်တည်းထားလိုက်မယ်ဆိုရင် အမှောင်အဆောင်ပစ္စည်းရဲ့ စွမ်းအားက သူ့ကို ဝါးမျိုလိုက်ပြီးတော့ သန္ဓေပြောင်းသွားအောင် လုပ်ပေးနိုင်တယ်။ အဲ့အခါကျရင် သူက ပိုပြီးတော့ကို အစွမ်းထက်လာမှာ။ ဒါပေမဲ့ အားနည်းချက် တစ်ခုတော့ရှိတယ်။ အဲဒီ ကင်းခြေများကြီး အမှောင်အဆောင်ပစ္စည်းနဲ့ တစ်သားတည်း ပေါင်းစည်းသွားပြီးရင် အမှောင်အဆောင်ပစ္စည်းထဲကနေ ပြန်ထုတ်လို့ရမှာ မဟုတ်တော့ဘူး။

” ပင်လယ်ဇူဇကာကြီးကတော့… သခင် အမှောင်အဆောင်ပစ္စည်းကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ပေါ်က အမှတ်အသားတွေကို ဖယ်ရှားပစ်ဖို့ ကျနော် အကြံပေးချင်တယ်။ သခင့်ရဲ့ ကျင့်ကြံခြင်းအဆင့် ယွမ်ယင်အဆင့်ကို ရောက်တဲ့အချိန်ကျရင် ဒီ ပင်လယ်ဇူဇကာကြီးကို သုံးပြီးတော့ စကြဝဠာထဲမှာ လှည့်လည်သွားလာလို့ရတယ် ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကိုနားထောင်ရင်း ပျော်ရွှင်ကျေနပ်နေပါသော်လည်း တစ်ချိန်ထဲမှာပင် ခေါင်းခဲလာရတော့သည်။ သူသည် ထိုပစ္စည်းများအား ပြုပြင်ရေးလုပ်ငန်းများ၌ အသုံးပြု၍ရသောကြောင့် ပျော်ရွှင်နေရပါသော်လည်း ၎င်းတို့အား အသုံးပြုခွင့် မရခင်မှာပင် လက်လွှတ်ဆုံးရှုံလိုက်ရတော့မည်ဖြစ်၍ ရင်ထဲ၌ တဆစ်ဆစ် နာကျင်နေရတော့သည်။

” ဒီ အဖိုးတန်ပစ္စည်းလေးတွေ အကုန်လုံးနဲ့ဆိုရင် အမှောင်သမ္ဗန်ကြီးကို ဘယ်လောက်အထိ ပြုပြင်ပေးနိုင်မလဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲမှ နာကျင်မှုများကို ချုပ်တည်းကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ချက်ချင်း ပြန်မေးလိုက်၏။

” ဒီပစ္စည်းတွေ အကုန်လုံးနဲ့ဆိုရင် အမှောင်သမ္ဗန်ကြီးရဲ့ ဆယ်ရာခိုင်နှုန်းလောက်အထိတော့ ပြုပြင်ပေးနိုင်ပါတယ် ” အမှောင်သမ္ဗန် အဆောင်ဝိညာဉ်ကြီးမှာ တွက်ချက်မှုအချို့ ပြုလုပ်လိုက်ပြီးနောက် ပြန်ဖြေလိုက်၏။

” ဆယ်ရာခိုင်နှုန်းထဲလား ” ဝမ်ပေါင်လဲ့၏ ရင်ထဲမှ နာကျင်မှုများမှာ ပို၍ပင်ကြီးထွားလာရတော့သည်။ သို့သော်လည်း အမှောင်သမ္ဗန် အဆောင်ဝိညာဉ်မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ နှုတ်ဆိတ်နေ၏။ သူ၏ဘေးတွင်ရှိနေသော ကောင်ကလေးနှင့် တော်ဝင်ညွှန်ကြားရေးမှူးတို့ကမူ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို ကြည့်ရင်း သဘောကျ ကျေနပ်နေကြ၏။ သခင်အသစ်တစ်ယောက် ပြန်ရလိုက်ခြင်းမှာ ကောင်းမွန်သောအရာတစ်ခု ဖြစ်သည်ဟုပင် သူတို့က ခံစားနေရ၏။ အနည်းဆုံးတော့ သူတို့မှာ စားချင်သည့်အရာမှန်သမျှ စားနိုင်နေပြီဖြစ်သည်။ ထို့အပြင် သူတို့ လိုချင်သော အရာများ ရှိပါကလည်း ထုတ်ပြောလိုက်ရုံပင်။ အရာအားလုံးမှာ အလွန်အင်မတန်မှ ရိုးရှင်းလွယ်ကူနေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တစ်ခဏမျှ လွန်ဆွဲနေလိုက်ပြီးမှ သူ၏ ရတနာလေးများကိုကြည့်ကာ ပွတ်သပ်လိုက်၏။ သူသည် ဆုံးဖြတ်ချက်မချနိုင်ဘဲ ဖြစ်နေရစဉ်တွင် အမှောင်သမ္ဗန် အဆောင်ဝိညာဉ်ကြီးမှာ တည်ကြည်မှု အပြည့်ရှိသောလေသံဖြင့် ဆိုလိုက်၏။

” သခင်။ အမှောင်သမ္ဗန်ကြီးကို ဆယ်ရာခိုင်နှုန်းလောက်အထိ ပြုပြင်လိုက်မယ်ဆိုရင် သူက အဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခုရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိသွားမှာနော်။ ဒီလို အုတ်ရောရော ကျောက်ရောရော ပစ္စည်းတွေက ဘာမှတန်ဖိုးရှိတာမဟုတ်ဘူး။ အမှောင်သမ္ဗန်ကြီးရဲ့ ‘ တစ် ‘ ရာခိုင်နှုန်းလောက်ပဲ ပြန်ပြီးတော့ပြုပြင်နိုင်ရင်တောင် ထာဝရဝိညာဉ်အဆင့်အောက်ကလူတွေ လုံးဝမဖောက်နိုင်တဲ့ အကာအကွယ်ဒိုင်းကာတစ်ခုကို ဖန်တီးပေးနိုင်မှာ။ သခင်က အမှောင်အဆောင်ပစ္စည်းကို ယူသွားလို့မရသေးတာမလို့ အဲဒီနည်းလမ်းက အကောင်းဆုံးပါပဲ ”

” ငါသိတယ်… လိုအပ်တဲ့ ဝါးမျိုမှုတွေ၊ ချုပ်တည်းမှုတွေနဲ့ ပြောင်းလဲမှုတွေ လုပ်လိုက်တော့ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ကို‌ ‌မြှောက်ကာ သုံးရောင်ခြယ်ဓားပျံ၊ ‌ဖဲကြိုး ၊ ကျန်ရှိနေသေးသည့် အကြေးခွံသုံးခု၊ ကျောက်စိမ်းပေလွှာများနှင့် ဆေးလုံးများအပြင် သူ၏ စိတ်ထဲ၌ အသုံးဝင်လိမ့်မည်ဟု မှတ်ယူထားသော ဓမ္မရတနာတချို့အား ဘေးသို့ဖယ်လိုက်၏။

” ဒီပစ္စည်းတွေကိုတော့ မထိနဲ့။ ကျန်တာတွေကိုတော့ သန့်စင်လိုက် ” ဝမ်ပေါင်လဲ့မှာ ရင်နာနာနှင့် အမိန့်ပေးလိုက်ရ၏။ သူသည် ထိုမြင်ကွင်းအား ဆက်မကြည့်နိုင်တော့ပေ။ ထို့နောက် သူသည် ကျောက်စိမ်းသေတ္တာလေးအား အလျင်အမြန် ကောက်ယူလိုက်ပြီး ၎င်းအား ဖွင့်ရန် ကြိုးစားကြည့်လိုက်ပါသော်လည်း အရာမထင်ပေ။ ထို့ကြောင့် သူသည် အမှောင်သမ္ဗန် အဆောင်ဝိညာဉ်ကြီးအားကြည့်ကာ မေးလိုက်၏။

” ဒီသေတ္တာက တန်ဖိုးရှိတယ်မလား ”

အမှောင်သမ္ဗန် အဆောင်ဝိညာဉ်ကမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်ပြီး ဝမ်ပေါင်လဲ့ သန့်စင်ခွင့်ပေးထားသည့် ပစ္စည်းများအားလုံးကို ချက်ချင်းပင်သိမ်းဆည်းလိုက်၏။ သူသည် ကင်းခြေများကြီးအား ဝါးမျိုကာ ပင်လယ်ဇူဇကာကြီးအား ချုပ်တည်းလိုက်ပြီးနောက် သံသယဖြစ်နေသည့် မျက်ဝန်းများဖြင့် ထိုကျောက်စိမ်းသေတ္တာကြီးအား လှမ်းကြည့်လိုက်၏။

” ဒီ ကျောက်တုံးသေတ္တာက…. ကျနော် တပ်အပ်တော့ မပြောနိုင်ဘူး။ ကြည့်ရတာ အမျိုးသမီး လက်ဝတ်ရတနာတွေထည့်တဲ့ သေတ္တာတစ်လုံးနဲ့တူတယ် ”

အမှောင်သမ္ဗန် အဆောင်ဝိညာဉ်ကြီး ထိုသို့ဆိုလိုက်တော့အခါ အမှောင်ဝတ်ရုံ အဆောင်ဝိညာဉ်ကြီးဖြစ်သော တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီးမှာ မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပါသော်လည်း စကားတစ်ခွန်းမှ ဆက်မပြောပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး အဘိုးကြီးအား ကြည့်လိုက်၏။ ထို့နောက် သူသည် ထိုအဘိုးကြီး၏ အကြံကို ခန့်မှန်းမိသွားသောကြောင့် စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်တော့သည်။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဖတ်ရှုခဲ့သည်မဟုတ်ပါလော။ ယခုတွင် သူသည် ပဏာမအဆင့်သုံး အရာရှိတစ်ယောက်နှင့် မြို့တော်တစ်ခု၏ မြို့တော်သခင်တစ်ယောက် ဖြစ်နေပြီဖြစ်ရာ သူ၏လက်အောက်ငယ်သားများအား အမိန့်နာခံလာအောင် ပုံသွင်းပေးရာ၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် အချိန်အကြာကြီး စဉ်းစားတွေးတောနေခြင်းမရှိဘဲ ကောင်ကလေးအား လက်ညှိုးထိုးကာ မေးလိုက်၏။

” မင်းရော သိလား ”

တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ့အား မေးခွန်းမမေးဘဲ ကျော်သွားသဖြင့် အံအားသင့်သွားရ၏။ သူ၏‌ဘေးတွင် ရှိနေသော ကောင်ကလေးမှာမူ အတွေးများထဲတွင် နစ်မျောနေပြီဖြစ်ပြီး အချိန်အနည်းငယ်ခန့် ကြာပြီးမှ ပြန်ဖြေလိုက်၏။

” ကျနော်ကတော့ အဲ့တာက စာရေးကိရိယာပစ္စည်းတွေ ထည့်တဲ့ သေတ္တာတစ်လုံးလို့ထင်တယ် ”

တော်ဝင်ညွှန်ကြားရေးမှူးမှာ ကောင်ကလေး၏ အဖြေကို နားထောင်ရင်း ပို၍ပင် ကျေနပ်အားရသွားတော့သည်။ ထို့နောက် သူသည် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့တစ်ယောက် သူ့အား မေးခွန်းမေးမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်၏။ ထို့အပြင် သူသည် သူ၏အဖြေဖြင့် ဝမ်ပေါင်လဲ့အား သူသည် အဆောင်ဝိညာဉ် သုံးခုထဲတွင် တန်ဖိုးရှိဆုံးဖြစ်ကြောင်း သက်သေပြရန် ပြင်ဆင်ထား၏။

” ဟုတ်တယ်။ မင်းတို့နှစ်ယောက်လုံးရဲ့ အဖြေက အဓိပ္ပါယ်ရှိတယ်လို့ ငါထင်တယ်။ အဲ့လိုပဲ ဖြစ်မှာပါ ” ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်နေသည့် မျက်နှာအမူအရာဖြင့် ပြုံးပြလိုက်၏။ ထို့နောက် သူ ဘေးဖယ်ထားသည့် ပစ္စည်းများထဲမှ တစ်ခုအား ထိုကောင်ကလေးဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။

” ဒါ မင်းကို ဆုချတာ ”

ထိုအခါ ကောင်ကလေးမှာ ထိုဓမ္မရတနာအား လှမ်းဖမ်းလိုက်ပြီးနောက် စိတ်လှုပ်တရှားဖြင့် ၎င်းအား ကိုက်စားပစ်လိုက်၏။ ခဏအကြာတွင် သူ၏ ဝိညာဉ်ခန္ဓာကိုယ်ထဲ၌ အာဟာရဓာတ်များ ပြည့်ဝလာသည်ကို သိသိသာသာ ခံစားလိုက်ရတော့သည်။

” ကောင်းပြီ။ မင်းတို့အကုန်လုံး သွားလို့ရပြီ။ ငါက ငါ့ရဲ့သန့်စင်ခြင်း အလုပ်တွေကို ပြန်လုပ်တော့မှာမလို သွားတော့မယ်။ မင်းတို့တွေ ဒီမှာ လိမ်လိမ်မာမာ နေခဲ့နော်။ သားရဲစီးကြောင်းကြီးကိုလည်း ရန်သွားမစကြနဲ့။ အပေါ်မှာ ရှိနေတဲ့ မြို့ကြီးက ငါပိုင်တဲ့ မြို့ကြီးကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းကာ ထွက်ခွာသွားရန် ပြင်လိုက်၏။ သို့သော် တော်ဝင်ညွှန်ကြားရေးမှူးအဘိုးကြီးမှာမူ အမှောင်သမ္ဗန်ကြီးနှင့် ကောင်ကလေးတို့နှစ်ယောက်စလုံး ဆုချခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်စိတ်များကြီးထွားလာတော့သည်။ ထို့ကြောင့် သူသည် ဟန်ဆောင်မနေတော့ဘဲ အလောတကြီး လှမ်းပြောလိုက်တော့သည်။

” သခင်။ အဲဒီ ကျောက်စိမ်းသေတ္တာက ဘာလဲဆိုတာ ကျနော်သိတယ် ”

” ဟင်။ အဲ့တာ စာရေးကိရိယာပစ္စည်းတွေ ထည့်တဲ့ သေတ္တာတစ်လုံး မဟုတ်ဘူးလား ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကျေနပ်အားရသွားပါသော်လည်း အပြင်ပန်းတွေမူ အံ့အားသင့်သွားသည့်ပုံစံ ဟန်ဆောင်လိုက်၏။ ထို့နောက် သူသည် တော်ဝင်ညွှန်ကြားရေးမှူးအဘိုးကြီးအား လှမ်းမကြည့်ခင် ကောင်ကလေးအား ဖျတ်ခနဲကြည့်လိုက်သဖြင့် ထိုကောင်ကလေးမှာ တုန်လှုပ်သွားရ၏။ ထို့နောက် ထိုကောင်ကလေးမှာ တော်ဝင်ညွှန်ကြားရေးမှူးကြီးအား ရန်လိုသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။

အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ့အား ဆုချထားခြင်းမရှိပါက ထိုကောင်ကလေးမှာ ယခုလိုပြုမူနေမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် ထို ဆုချထားသည့်ပစ္စည်းအား စားပြီးသွားပြီဖြစ်ရာ တော်ဝင်ညွှန်ကြားရေးမှူးအား မကျေမနပ် ဖြစ်နေရတော့သည်။

တော်ဝင်ညွှန်ကြားရေးမှူးမှာမူ သက်ပြင်းချလိုက်ပြီး သူ၏သခင်အား လွယ်လွယ်နှင့် လှည့်စား၍ ရမည်မဟုတ်ကြောင်း ရိပ်မိသွား၏။ ဝမ်ပေါင်လဲ့မှာ စကားအနည်းငယ်ခန့်သာ ပြောရသေးပါသော်လည်း သူနှင့် ကလေးတစ်ယောက်လို ပြုမူတတ်သော မီးအိမ်လှော်တက် အဆောင်ဝိညာဉ်တို့အား သွေးခွဲသွားနိုင်ခဲ့သည် မဟုတ်ပါလော။ သို့သော် သူ့သခင်၏ အကျင့်စရိုက်ကို သူက သိထားသောကြောင့် အကယ်၍ သူသာ အချက်အလက်များကို ဆက်လက် ထိမ်ချန်ထားမည်ဆိုပါက သူ၏သခင်မှာ သူ့အား မရရသည့်နည်းဖြင့် အပြစ်ပေးမည်သာဖြစ်ကြောင်း နားလည်ထား၏။

ထို့ကြောင့် တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ သက်ပြင်းချကာ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ချက်ချင်းပင် ဆိုလိုက်တော့သည်။

” ဆရာ။ ဒီကျောက်တုံးသေတ္တာကြီးက စာအိတ်တစ်အိတ် ဖြစ်နေလောက်တယ်။ ဒီထဲမှာ စာတစ်စောင် ရှိနေလောက်တယ်ဗျ ”

” ကျနော် အပြင်ဘက် အာကာသကြီးထဲမှာ မျောလွင့်နေခဲ့တုန်းက အဆုံးမဲ့မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ရှေးဟောင်းမှတ်တမ်းတစ်ခုကို မြင်ခဲ့ဖူးတယ်။ အဲဒီမှတ်တမ်းထဲမှာ ဟိုးရှေးရှေးတုန်းက အဆုံးမဲ့မျိုးနွယ်စုရဲ့ နတ်ဘုရားတွေက ကြယ်တာရာရင်းမြစ်တွေကို အသုံးပြုပြီးတော့ တမူထူးခြားတဲ့ စာအိတ်တစ်အိတ်ကို ဖန်တီးခဲ့တယ်လို့ ဖော်ပြထားတာ။ ဒါပေမဲ့ အဲဒီစာအိတ်ကို ဘယ်သူဖန်တီးခဲ့သလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိဘူး…. “

Comment

Leave a Reply

Options

not work with dark mode
Reset