Switch Mode

အခန်း (၄၆၇)

စုဆောင်းရရှိခဲ့သော ပစ္စည်းများ

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ လှေကလေး၏ အောက်တွင်ရှိနေသော အမှောင်မြစ်ကြီးမှာ အရွယ်အစားကြီးမားလာပြီး ကောင်းကင်ပေါ်မှနေ၍ ထိုလူသန်ကြီး ချုပ်နှောင်ခံထားရသောနေရာသို့ ဆင်းသက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း သူ၏လှေကိုအသုံးပြုကာ အကာအရံကြီးအား ကျော်ဖြတ်လာပြီး ထိုလူသန်ကြီးဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာ၏။

အစတွင် ထိုလူသန်ကြီးမှာ စိုးထိတ်နေပြီးသူငယ်အိမ်များ ကျဉ်းမြောင်းကာ ထွက်ပြေးရန် ကြိုးစားနေသည့်ပုံ ပေါက်နေခဲ့၏။ သို့သော် အမှောင်မြစ်ကြီး အကာအရံကြီးအား စီးဆင်းကျော်ဖြတ်လာပြီးနောက် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏လှေကလေးနှင့်အတူ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ထိုလူသန်ကြီး၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်လာပြီး သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

” မင်းပဲ သွားလိုက်ပါလားကွ ” သူသည် ထိုသို့အော်ဟစ်လိုက်ပြီးနောက် သူ၏လက်များကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ ပတ်ပတ်လည် ပေတစ်ထောင်အတွင်းတွင် မြေကြီးအောက်မှ ဓားပျံများ ထိုးထွက်လာပြီး ဓားအစီအရင်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားကြ၏။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ထို ဓားအစီအရင်ကြီး၏ အလယ်မှ အလင်းတန်းများ ထိုးထွက်လာပြီး တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ မန္တန်အစီအရင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားကြသည်။ ထိုအခါ မန္တန်အစီအရင်တစ်ခု၏ စွမ်းအားများလည်း ထွက်ပေါ်လာတော့သည်။

ထို့အပြင် မျက်စိတစ်မှိတ်အတွင်းတွင် ထိုလူသန်ကြီးနှင့် တစ်ထေရာတည်းတူသည့် ပုံရိပ်ကြီးများမှာ နေရာပေါင်းစုံ‌၌ ပေါ်ပေါက်လာသောကြောင့် အစစ်နှင့်အတု ခွဲခြားနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းသွားရတော့သည်။ ထိုမျှသာမက နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် စူးရှကျယ်လောင်သည့် အော်ဟစ်သံတစ်သံလည်း ပဲ့တင်ထပ်သွားပြန်သည်။ ၎င်းမှာ ကျောက်ဆောင်ကြီးများကိုပင်‌ ခြေမွှပစ်နိုင်စွမ်းရှိသည့် အသံမျိုးဖြစ်၏။

ထိုအချိန်တွင် မြေပြင်ကြီးမှာ စတင်ကွဲအက်လာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရွယ်အစားကြီးမားသော ကင်းခြေမြားကြီးတစ်ကောင်မှာ မြေကြီးအောက်မှ ထိုးထွက်လာ၏။ ၎င်းမှာ သူ့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော ဝမ်ပေါင်လဲ့အား ဝါးမျိုတော့မည် ဖြစ်သည်။ ၎င်း၏ ကြောက်မက်ဖွယ်ရာ ပါးစပ်ပေါက်ကြီးကို အထင်းသား မြင်နေရပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း အသွားချွန်ထက်သော ဆူးပေါင်းမြောက်များစွာဖြင့် ပြည့်နှက်နေသောကြောင့် ၎င်းအား မြင်လိုက်ရသူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားကြမည်သာဖြစ်သည်။

ထိုဖြစ်ရပ်များကို စကားလုံးများနှင့် ဖော်ပြရသည်မှာ နှေးကွေးနေသည်ဟု ထင်ရပါသော်လည်း လက်တွေ့တွင်မူ ၎င်းတို့အားလုံးမှာ ဝမ်ပေါင်လဲ့ အကာအရံကြီးထဲသို့ ဝင်ရောက်လာပြီးသည်နှင့် တစ်ပြိုင်နက် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ထိုဖြစ်ရပ်များမှာ လျှပ်စီးလက်သွားသကဲ့သို့ မြန်ဆန်လွန်းနေ၏။

သို့သော် ထိုကဲ့သို့သော ပြင်ဆင်မှုများ၊ တိုက်ကွက်များ၊ ဓားပျံဓမ္မရတနာများနှင့် ကြောက်မက်ဖွယ်ရာ ကင်းခြေများကြီးတို့ အားလုံးမှာ အမှောင်အဆောင်ပစ္စည်းတစ်ခုကို လုံးဝယှဉ်နိုင်စွမ်း မရှိပေ။ ထို့အပြင် ထိုလူသန်ကြီးမှာ ခေါင်းဆောင်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ထို့ကြောင့် သူသည် သူ့အား တိုက်ခိုက်လိုက်သည့်အချိန်တွင် အမှောင်အဆောင်ပစ္စည်း၏ ကျန်ရှိနေသေးသော စွမ်းအားအကုန်လုံးကို ထုတ်သုံးလိုက်ရုံသာမက အမှောင်ဂိုဏ်း၏ ပညာရပ်များကိုပါ အသုံးပြုလိုက်၏။

ထို့ကြောင့် လှေကလေးမှာ ရှေ့သို့ဆက်လက် ရွေ့လျားလာပြီး အမှောင်မြစ်ကြီးမှာလည်း ဆက်လက်စီးဆင်းလာ၏။ သို့သော် ပြောင်းလဲသွားသည့်အချက်မှာ ဝမ်ပေါင်လဲ့သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုးကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ချောက်ချားဖွယ်ရာ တေးသွားကြီးကို စတင်သီဆိုနေလိုက်ခြင်းပင်။

” မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်…. ”

ထိုကာရံအား သီဆိုလိုက်သည်နှင့် အမှောင်အဆောင်ပစ္စည်း တစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့နောက် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော စွမ်းအားကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ အခြားနေရာတစ်ခုခုမှ ရောက်ရှိလာခြင်းမဟုတ်ဘဲ ထိုနေရာ၌ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခြင်းဖြစ်၏။

ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် ၎င်းမှာ ထိုကာရံကြီးကြောင့် ထွက်ပေါ်လာရခြင်းဖြစ်သည်။ ထိုကာရံကြီး ပဲ့တင်ထပ်သွားသောအခါ လေထဲတွေရှိနေသော ဓားပျံပေါင်း မြောက်မြားစွာမှာ ရပ်တန့်သွားကြ၏။ ဓမ္မရတနာများနှင့် မန္တန်အစီအရင်ကြီးတို့မှာလည်း ငြိမ်သက်သွားကြသည်။ ကြောက်မက်ဖွယ်ရာ ကင်းခြေများကြီးပင်လျှင် မလှုပ်မယှက် ရပ်တန့်သွားတော့သည်။

ထိုလူသန်ကြီး၏ ပုံရိပ်ပေါင်း မြောက်မြားစွာမှာလည်း ပူဖောင်းများ ဖောက်ခံလိုက်ရသကဲ့သို့ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားကြ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့နှင့် အနီးဆုံးတွင်ရှိနေသော လူသန်ကြီးတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ သူ၏မျက်နှာအမူအရာမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။

” မဖြစ်နိုင်တာ။ အချိန်တွေ ရပ်တန့်သွားတာပါလား… လုံးဝမဖြစ်နိုင်တာ။ ဒါ ကြယ်စင်စုအဆင့်မှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေပဲ အသုံးပြုနိုင်တဲ့ ဒဏ္ဍာရီလာ အသိစိတ်ဓမ္မတာအိုလေ… ” ထိုလူသန်ကြီးမှာ အံ့ဩတုန်လှုပ်နေရသောကြောင့် တစ်ကိုယ်လုံး တုန်ရီနေရပြီဖြစ်သည်။ သူသည် သူ၏စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ တအံ့တဩနှင့် အော်ဟစ်မိသွားပြီး နောက်သို့ဆုတ်ခွာလာတော့သည်။ သူသည် သံသယများဝင်နေပြီး ထိုဖြစ်ရပ်များအားလုံးမှာ လုံးဝဖြစ်နိုင်မည်မဟုတ်ဟု မှတ်ယူထားပါသော်လည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ဆုတ်ခွာသွားနေဆဲပင်။

သူသည် ဆက်လက်မတိုက်ခိုက်ရဲတော့ပေ။ ယခုတွင် သူ၏အတွေးထဲ၌ ထွက်ပြေးလွတ်မြောက်လိုသော ဆန္ဒတစ်ခုသာ ရှိနေတော့သည်။ ဤနေရာတွင် ရှိနေသည့် အရာအားလုံးမှာ စိတ်နှလုံးချောက်ချားဖွယ်ရာ ကောင်းလွန်းနေသောကြောင့် သူသည် တွေးမိလိုက်တိုင်း အသားများတုန်ရီသွားရ၏။ သို့သော် သူသည် ထိုကဲ့သို့ နောက်သို့ဆုတ်ခွာသွားနေရင်း ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် ယခုတွင် သူ့ရှေ့၌ ရှိနေသော သူ၏ခန္ဓာကိုယ်ကြီးအား အံ့သြတုန်လှုပ်စွာနှင့် စိုက်ကြည့်နေရင်း ကြက်သေသေနေရတော့သည်။

သူ၏ရှေ့တွင် ခန္ဓာကိုယ်ကြီးတစ်ခု ရှိနေပြီး ၎င်းမှာ ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်နှာအမူအရာဖြင့် မလုပ်မယှက် ရပ်နေ၏။ ထိုခန္ဓာကိုယ်ကြီးမှာ ထိုကဲ့သို့ တစ်သက်လုံး ရပ်နေခဲ့သည့်အတိုင်းပင်….

လူသန်းကြီးမှာ သူ၏ရှေ့တွင်ရှိနေသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရပြီးနောက် တစ်ကိုယ်လုံးတုန်ရီသွားပြီး ခေါင်းငုံ့ကာ သူ့ကိုယ်သူပြန်ကြည့်လိုက်၏။ ထိုအခါ သူသည် အကြည်ရောင် ဝိညာဉ်တစ်ခုကိုသာ မြင်လိုက်ရတော့သည်…

” အချိန်ရပ်သွားတာ မဟုတ်ဘူးဘဲ ” လူသန်ကြီး၏ ဝိညာဉ်မှာ တဆတ်ဆတ် တုန်ရီသွားပြီး နောက်သို့ဆက်လက်ဆုတ်ခွာသွားချိန်တွင် အကာအရံ ဖန်သားအပြင်ကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ သို့သော် ထိုအချိန်တွင် သူသည် ထိုတေးသွား၏ ဒုတိယမြောက် စာကြောင်းကို ကြားလိုက်ရတော့သည်။

” ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့လူက အတိတ်ကအကြောင်းကို သိလိမ့်မယ်…. ”

ထိုကာရံကြီး ပဲ့တင်ထပ်သွားသောအခါ လူသန်ကြီး၏ ဝိညာဉ်မှာ တုန်ရီသွားရ၏။ ထို့နောက် သူသည် အနက်ရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် ဝမ်ပေါင်လဲ့တစ်ယောက် လှေကလေးပေါ်သို့ တက်သွားပြီး သူ့ဆီသို့ ချဉ်းကပ်လာမည့်အစား အဝေးသို့ ထွက်ခွာသွားသည်ကို မြင်လိုက်ရတော့သည်။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူသည် လွတ်လပ်မှု မရရှိသေးသကဲ့သို့ ခံစားနေရသည့်အပြင် သူ၏စိတ်ထဲ၌ ကြောက်မက်ဖွယ်ရာ အန္တရာယ်ကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ဟု အာရုံခံမိလိုက်၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား လုံးဝမမြင်ရတော့သည့် အကွာအဝေးအထိ ထွက်ပြေးသွားလိုက်၏။ သို့သော်ငြားလည်း သူ၏ ဘေးပတ်ဝန်းကျင်ကြီးမှာ မှောင်မိုက်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့် တုန်လှုပ်ချောက်ချားသွားရ‌တော့သည်။

အကယ်၍ ထိုကဲ့သို့ မှောင်မိုက်နေရုံမျှသာ ဆိုပါက ကိစ္စမရှိပါသော်လည်း သူသည် အမှောင်ထုထဲတွင် မှုန်ဝါးဝါးဖြစ်နေသည့် ဝိညာဉ်များကို မြင်နေရ၏။ ၎င်းတို့မှာ သူ ပထမထပ်ရှိ ဝိညာဉ်ပင်လယ်ကြီးထဲတွင် မြင်ခဲ့ရသော ဝိညာဉ်များနှင့် ဆင်တူနေသည်။

” မဖြစ်နိုင်တာ။ လုံးဝမဖြစ်နိုင်တာ ” လူသန်ကြီး၏ ဝိညာဉ်မှာ တဆတ်ဆတ် တုန်ရီသွားရပြီး သူ၏ မျက်ဝန်းများထဲရှိ မျှော်လင့်ချက်များအားလုံးမှာ ပျက်သုဉ်းသွားတော့သည်။ ထို့နောက် သူ၏နားထဲ၌ ဝမ်ပေါင်လဲ့၏ ပြတ်တောင်းပြတ်တောင်း တေးသံများကို ကြားလိုက်ရပြန်သည်။

” ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့လူက အနာဂတ်အကြောင်းကို သိလိမ့်မယ်… ”

ထိုအသံကြီးမှာ လူသန်ကြီး၏ ဝိညာဉ်ထဲ၌ အချိန်အကြာကြီး ပဲ့တင်ထပ်သွားပြီး နောက်ဆုံးတွင် သူ၏ အသိစိတ်များမှာ ဝေဝါးလာရတော့သည်။ သူသည် အသိစိတ်လုံးဝပျောက်ကာ သေဆုံးမသွားခင် သူ၏ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေရသည့် အကြောင်းအရင်းကိုနားလည်သွားတော့သည်။

သူသည် ခန္ဓာကိုယ် ရှိခဲ့စဉ်တုန်းက မြင်ခဲ့ရသည့် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏လှေကလေးကို ရွက်လွှင့်နေခဲ့သော ဝိညာဉ်မြစ်ကြီးကို မြင်နေရ၏။ ထိုဝိညာဉ်မြစ်ကြီးထဲတွင် ဝိညာဉ်ပေါင်း မြောက်မြားစွာ ရှိနေပြီး ၎င်းတို့ထဲတွင် သူ၏ ဝိညာဉ်လည်း ပါနေ၏ …

သူသည် ထိုကဲ့သို့ နားလည်သွားပြီးနောက် သူ၏ အသိစိတ်မှာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

ထိုအခါ သူ၏ဝိညာဉ် ရှိနေသည့် ဝိညာဉ်မြစ်ကြီးမှာလည်း ‌လှေကလေးနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ထိုလှေက‌လေး ပြန်ပေါ်လာသည့်အချိန်တွင် ၎င်းမှာ ဝမ်ပေါင်လဲ့ စတင်ထွက်ခွာလာသည့် မြေအောက်ကမ္ဘာ၏ တတိယထပ်ရှိ ပြည်သူ့ရင်ပြင်ကြီးထဲတွင် ရောက်နေပြီဖြစ်သည်။ ထိုရင်ပြင်ကြီးထဲတွင် ရုပ်အလောင်းများနှင့် သားရဲကြီးများမှာ ကတုန်ကယင်နှင့် ဒူးထောက်နေကြဆဲပင်။ ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ ထို့နောက် သူ၏ ‌ခြေထောက်အောက်တွင်ရှိနေသော လှေကလေး၊ သူ ဆင်မြန်းထားသည့် အနက်ရောင်ဝတ်ရုံကြီးနှင့် သူ၏လက်ထဲ၌ ကိုင်ထားသော မီးအိမ်လှော်တက်လေးတို့မှာ မှုန်ဝါးဝါး ဖြစ်လာတော့သည်။ နောက်ဆုံးတွင် ၎င်းတို့မှာ လုံးဝပျောက်ကွယ်သွားပြီး အဆောင်ဝိညာဉ်သုံးခုအဖြစ် ပြောင်းလဲသွားကြ၏။

ထိုဝိညာဉ်သုံးခုမှာ လူသန်ကြီးတစ်ယောက်၊ အဘိုးကြီးတစ်ယောက်နှင့် ကောင်ကလေးတစ်ယောက် ဖြစ်သည်။ ထိုအဆောင်ဝိညာဉ်သုံးခုမှာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ရှေ့တွင် ဒူးထောက်လိုက်ကြ၏။

ဝမ်ပေါင်လဲ့ကမူ မျက်လုံးများမှိတ်ထားပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ ယောက်ယက်ခတ်နေသော သွေးချီများကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ ထိုတိုက်ပွဲသုံးခုမှာ သူ့အတွက် လွယ်ကူနေခဲ့သည်ဟု ထင်ရပါသော်လည်း အမှန်တွင်မူ သူသည် အမှောင်အဆောင်ပစ္စည်း၏ အစွမ်းကို အသုံးပြုခဲ့ရသည်ဖြစ်သည်။ ထို အမှောင်အဆောင်ပစ္စည်းမှာ ပျက်စီးနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသောကြောင့် ၎င်းအား ထိန်းချုပ်နိုင်ရန် အင်အားအများကြီး စိုက်ထုတ်ခဲ့ရ၏။

ထို့အပြင် ထိုးတိုက်ပွဲသုံခုစလုံးမှာ သူ ယခင်တုန်းက ကြုံဖူးသည့် တိုက်ပွဲများနှင့် လုံးဝမတူဘဲ ကွဲပြားနေသည်မဟုတ်ပါလော။ အမှောင်အိပ်မက်ထဲမှတစ်ဆင့် သူ ရရှိခဲ့သည့် အသိပညာများကြောင့် အဆင့်မြင့် နတ်ဘုရားရတနာများ အလွန်အင်မတန်မှ အစွမ်းထက်နေရသည့်အကြောင်းအရင်းမှာ ယခုလို စည်းမျဉ်းဥပဒေများနှင့်ဆင်တူသည့် နတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေသောကြောင့်ဖြစ်ကြောင်း သူက ခပ်ရေးရေးခန့် နားလည်‌လာတော့သည်။

” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေပြီးတော့ ဒီအမှောင်အဆောင်ပစ္စည်းက ပျက်စီးနေတာမလို့ အရွယ်အစား သေးငယ်သွားအောင်လုပ်လို့မရတာ နှမြောစရာပဲ။ အဲ့လိုမှ မဟုတ်ရင် ငါ ဒီအမှောင်အဆောင်ပစ္စည်းကို ကိုယ်နဲ့မကွာ သယ်သွားပြီးတော့ အပြင်ဘက်ရောက်လို့ ငါ့ကိုယ်ငါ ပြည်ထောင်စုဥက္ကဋ္ဌကြီးလို့ ခေါ်လိုက်မယ်ဆိုရင်တောင် ဘယ်သူကမှ သဘောမတူဘဲ နေရဲမှာ မဟုတ်ဘူး။ သဘောမတူတဲ့ကောင် ရှိရင်တောင် ငါက သူတို့ကို ဝိညာဉ်တေးသွားတစ်ပုဒ် ဆိုပြလိုက်ရုံပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိသွားသောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရသလို စိတ်ဓာတ်လည်းကျသွားရ၏။ ထို့နောက် သူသည် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ‌ ပေါ်ပေါက်လာသောကြောင့် သက်ပြင်းချမိလိုက်တော့သည်။

” ငါ အရမ်းကို မောက်မာဝံ့ကြွားနေပါ့လား။ မဖြစ်ဘူး… ကိုယ့်ကိုယ်ကို နှိမ့်ချမှဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကိုပုတ်ကာ သူ၏ ခန္ဓာကိုယ်ထဲ၌ ဗြောင်းဆန်နေသော သွေးချီများကို ထိန်းချုပ်လိုက်၏။ ထို့နောက် သူသည် သူ၏ဒဏ်ရာများကို ချက်ချင်းကုသလိုက်ခြင်း မရှိဘဲ ထိုတိုက်ပွဲသုံးပွဲထဲမှ စုဆောင်းရရှိခဲ့သော ပစ္စည်းများကို ထုတ်ယူလိုက်တော့သည်။ အမှန်တွင် ပထမတိုက်ပွဲနှင့် ဒုတိယတိုက်ပွဲမှ ယွမ်ယင်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ ဓမ္မရတနာမြောက်မြားစွာကို ဖြုန်းတီးပစ်ခဲ့ကြ၏။ ဝမ်ပေါင်လဲ့မှာ သူတို့ကို တားဆီးရန် မကြိုးစားခဲ့ခြင်းတော့ မဟုတ်ပေ။ သို့သော် အရာအားလုံးမှာ ဝမ်ပေါင်လဲ့အတွက် လွယ်ကူလွန်းနေသည့်ပုံ ပေါက်နေသည့်တိုင်အောင် သူသည် တည်ကြည်မှုအပြည့်ရှိချင်ယောင် ဆောင်နေခဲ့ခြင်းသာ ဖြစ်သည်။

အမှန်တွင် သူသည် ထိုဓမ္မရတနာများ ဖျက်ဆီးခံခဲ့ရသည့် မြင်ကွင်းများကိုကြည့်ရင်း ရူးသွပ်လုမတတ် ခံစားနေခဲ့ရသည်သာ ဖြစ်သည်။ သူ၏ စိတ်ထဲတွင် ထိုသုံးယောက်၏ ပစ္စည်းများကို သူ၏ပစ္စည်းများအဖြစ် သတ်မှတ်ထားခဲ့၏။

သို့သော် သူသည် အမှောင်အဆောင်ပစ္စည်းအား ဓမ္မရတနာများကို မထိခိုက်စေဘဲ လူများကိုသာ ချေမှုန်းနိုင်စွမ်းရှိအောင် မထိန်းချုပ်နိုင်သေးပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းများချကာ သူ၏ရှေ့တွင်ရှိနေသော သိုလှောင်အိတ်သုံးအိတ်အား ဖွင့်လိုက်၏။ ထို့နောက် သူသည် ၎င်းတို့အား မွှေနှောက်ရှာဖွေပြီးသွားသောအခါ မျက်လုံးများ ပြူးသွားပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။

ထိုကျင့်ကြံသူသုံးယောက်၏ ဓမ္မရတနာ အများစုမှာ ပျက်စီးသွားကြပြီ ဖြစ်ပါသော်လည်း အကောင်းပတိအတိုင်း ကျန်ရှိနေသေးသည့် ဓမ္မရတနာဆယ်ခုကျော်အထိ ရှိနေဆဲပင်။ ၎င်းတို့ထဲတွင် ဓားပျံပေါင်းမြောက်မြားစွာ ပါရှိသော ဓားအစီအရင်တစ်ခုအသွင် ‌ပြောင်းလဲနိုင်စွမ်းရှိသည့် သုံးရောင်ခြယ်ဓားပျံတစ်စင်းလည်း ပါသည်။

ထို့အပြင် မြင်းမျက်နှာကြီးနှင့် ကျင့်ကြံသူကြီး၏ ဖဲကြိုး၊ မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီး၏ အကြေးခွံများအပြင် ထို 3 ယောက် အသုံးမပြုခဲ့သော အခြားဓမ္မရတနာများလည်း ရှိနေသေးသည်။ ထိုကျင့်ကြံသူများ၏ လူမှုအဖွဲ့အစည်းနှင့် သူနေထိုင်နေသည့် ပြည်ထောင်စုကြီးတို့၏ အဆင့်သတ်မှတ်ချက်များမှာ မတူညီသောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုဓမ္မရတနာများ၏ အဆင့်အတန်းများကို မခွဲခြားနိုင်ဘဲဖြစ်နေရ၏။ သို့သော် ယွမ်ယင်အဆင့်ကျင့်ကြံသူများက ၎င်းတို့အား အသုံးပြုနေကြသည်ဖြစ်ရာ ၎င်းတို့မှာ သေချာပေါက် အဖိုးတန်သောအရာများ ဖြစ်ရမည်သာဖြစ်ကြောင်း သူက တွေးမိလိုက်၏။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရတော့သည်။

” ငါတော့ ထောပြီဟေ့ ”

၎င်းတို့အပြင် ဝိညာဉ်ကျောက်တုံးများနှင့် တူသည့် သလင်းကျောက်များလည်း ရှိနေသေးသည်။ ထို့အပြင် ကျောက်စိမ်းပေလွှာတစ်ခုလည်း ရှိနေသေးပါသော်လည်း သူသည် ၎င်းပေါ်မှ စာလုံးများကို နားမလည်ပေ။ တစ်ချိန်ထဲမှာပင် ဆေးပုလင်း ပုလင်းသုံးဆယ်ကျော်နှင့် အကြေးခွံချပ်ဝတ်တန်ဆာနှစ်စုံအပြင် အမှောင်အဆောင်ပစ္စည်း၏ စွမ်းအားကြောင့် ချုပ်နှောင်ခံထားရသည့် ကင်းခြေများကြီးတစ်ကောင်လည်း ရှိနေသေးသည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ ခေါင်းဆောင်ကြီး၏ သိုလှောင်အိတ်ထဲသို့ စိုက်ကြည့်နေရင်း အံ့ဩတုန်လှုပ်ကာ အသားများ တုန်ရီလာရတော့သည်။ ထိုသိုလှောင်အိတ်ထဲတွင် အိပ်မောကျနေသည့် အနက်ရောင် ရေခူကြီးတစ်ကောင် ရှိနေသည့်အပြင် တလက်လက်တောက်ပနေသည့် ကျောက်တုံးများမှာလည်း တောင်လိုပုံနေ၏။

” ဒါက… ပင်လယ်ဇူဇကာကြီး တစ်ကောင်လားဟ ”

” ဒီကျောက်တုံးတွေကလည်း…. ကြယ်တာရာရင်းမြစ်တွေပဲ ” ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ မျက်လုံးများပြူးနေရပြီး ထိုပစ္စည်းများကို စိုက်ကြည့်ရင်း ရီဝေဝေဖြစ်လာရတော့သည်။ ထို့နောက် သူသည် ခေါင်းဆောင်ကြီး၏ သိုလှောင်အိတ်၏ ထောင့်တွင်ရှိနေသည့် အနက်ရောင်ကျောက်တုံးသေတ္တာကြီးတစ်လုံးကို မြင်လိုက်ရသောအခါ အတွေးများ ဗြောင်းဆန်သွားရတော့သည်။

ထိုကျောက်တုံးသေတ္တာကြီးကို ကြယ်တာရာရင်းမြစ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ထို့အပြင် ၎င်း၏အရည်အ‌သွေးမှာလည်း သာမန် ကြယ်တာရာရင်းမြစ်များထက် သိသိသာသာပို၍ သာလွန်နေသည်။

၎င်း၏ အငွေ့အသက်မှာလည်း ရှေးဆန်လွန်းနေသောကြောင့် အလွန်အင်မတန်မှ သက်တမ်းကြာမြင့်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အပြင် ထိုသေတ္တာကြီးထဲတွင် အချိန်အငွေ့အသက်များပင် ကိန်းအောင်နေသကဲ့သို့ ဖြစ်နေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset