အခန်း ၈

အနုံအဆုံး ဆုံးဖြတ်ချက်

ဟူကျူရှင်းသည် စကားပြောနေစဉ်အတွင်း ထန်ရှုအား မျက်ခြည်မပြတ် ကြည့်နေခဲ့သောကြောင့် ထန်ရှု၏နှုတ်ခမ်းထောင့် မသိမသာတွန့်သွားပြီး သရော်ပြုံးတစ်ချက်ပြုံးလိုက်သည်ကို မြင်လိုက်ရသည်။

ထန်ရှု၏အမှတ်များ စတင်ကျဆင်းခဲ့ချိန်က ဟုကျူရှင်းသည် ထိုအဖြစ်အပျက်မှာ အလွန်သနားစရာကောင်းသည်ဟု တွေးထင်ခဲ့သည်။ ဝင်ခွင့်စာမေးပွဲများဖြေပြီးချိန်တွင် ထန်ရှုသည် ပထမအဖြစ်ဗိုလ်စွဲခဲ့သောကြောင့် ထန်ရှုအား သူ၏အတန်းသို့ရောက်ရှိရေးအတွက် ဟူကျူရှင်းသည် လွန်မင်းစွာ ကြိုးစားအားထုတ်ခဲ့ရသည်။

ပထမနှစ်တွင် ထန်ရှုသည် လပတ်စာမေးပွဲ၊ အတန်းတင်စာမေးပွဲ၊ ဘာသာရပ်ပြိုင်ပွဲများတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သောကြောင့် ထိုနှစ်သည် ဟူကျူရှင်းအတွက် ဂုဏ်တက်ခဲ့ရသောနှစ်ပင်ဖြစ်သည်။ သို့သော်လည်း ဒုတိယနှစ်စတွင် ထန်ရှုတစ်ယောက် ကားမတော်တဆထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ပြီးသည့်နောက်ပိုင်းတွင် အရာရာသည် ပြောင်းလဲသွားခဲ့ရသည်။ ထန်ရှုတွင် စာကြိုးစားချင်စိတ်ရှိနေသေးပါသော်လည်း သင်ခန်းစာအသစ်သင်ယူပြီးသွားသည်နှင့် ယခင်သင်ခန်းစာအဟောင်းများအား သတိမရတော့သောကြောင့် သူ၏ရမှတ်အဆင့်များမှာ ဆိုးသည်ထက်ဆိုးရွားလာခဲ့သည်။

ထိုသို့ရမှတ်အဆင့်များ ဆိုးရွားလာရုံသည်သာမကဘဲ အိမ်စာများအား သူတစ်ပါးထံမှ ကူးယူခြင်း၊ စာမေးပွဲတွင် စာခိုးချခြင်း၊ ရန်ဖြစ်ခြင်းစသည်တို့ကိုပါ ပြုလုပ်လာသောကြောင့် ထန်ရှု၏နာမည်သတင်းသည် ပိုမိုထိခိုက်လာခဲ့သည်။ အဆိုပါဖြစ်ရပ်များအား ထန်ရှု မည်သည့်အကြောင်းကြောင့် ကျူးလွန်ရသည်ဟူသော အမှန်တရားအား ဟူကျူရှင်းအနေဖြင့် မစုံစမ်းလျှင်ပင် ထန်ရှု၏ရမှတ်အဆင့်များမှာ မျှော်လင့်ချက်မရှိတော့သည်ကို တွေ့မြင်နေရသောကြောင့် သူ၏စာရင်းထဲမှာ ထန်ရှုအား ထုတ်ပယ်ပြီးဖြစ်နေတော့သည်။

“ဆရာ… တကယ်လို့ ထန်ရှုကို အမှန်တကယ် အတန်းကနေ ထုတ်ပယ်မယ်ဆိုရင် ကျွန်တော်လည်း သူနဲ့အတူ အတန်း-၁၀ကို ပြောင်းချင်ပါတယ်ဆရာ။”

ဟူကျူရှင်းသည် ဒီဖြစ်ရပ်အတွက် အခိုင်အမာဆုံးဖြတ်ထားကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်အား ပြောင်းလဲလိုခြင်းအလျဉ်းမရှိကြောင်းအား ယွမ်ချူးလင် သတိပြုမိသောကြောင့် ဟူကျူရှင်းအား စူးစူးစိုက်စိုကကြည့်လျက် အသံကျယ်ကျယ်ဖြင့် တောင်းဆိုလိုက်သည်။

သူ၏စာအုပ်စာတမ်းများအား သိမ်းဆည်းနေသောထန်ရှုသည် ယွမ်ချူးလင် ပြောလိုက်သောအသံအား ကြားလိုက်ရသောအခါ တစ်ခဏမျှ တုံ့ဆိုင်းသွားလျက် ယွမ်ချူးလင်အား အံ့အားသင့်စွာ လှမ်းကြည့်မိသည်။

ယွမ်ချူးလင်၏အခြေအနေသည် သူနှင့်လုံးဝမတူဘဲကွဲပြားခြားနားသည်ကို ထန်ရှု သိသည်။ ယွမ်ချူးလင်၏ရလဒ်များ လွန်စွာဆိုးရွားနေသည့်တိုင် သူမှ မထွက်သွားလိုပါက မည်သူတစ်ဦးတစ်ယောက်မျှ သူ့အား ဖိအားပေးမရချေ။ အဘယ်ကြောင့်ဆိုသော် သူ၏မိဘနှစ်ပါးသည် ကြယ်တာရာမြို့တော်တွင် မြို့မျက်နှာဖုံးအဆင့်ဝင်များဖြစ်ပြီး သြဇာအာဏာလွှမ်းမိုးနိုင်သူများဖြစ်သည်။ ထို့ကြောင့်ပင် ဟူကျူရှင်းသည် ယွမ်ချူးလင်နှင့်ပတ်သက်၍ တစ်စုံတစ်ရာမျှ မပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယွမ်ချူးလင်.. တပည့်ပြောင်းချင်တဲ့အတန်းကို ပြောင်းဖို့ဆိုရင် မင်းမိဘတွေရဲ့သဘောထားကို မေးရလိမ့်မယ်။ အကယ်၍ သူတို့က သဘောတူရင် ဆရာကတော့ တားလိမ့်မှာမဟုတ်ဘူး။ အခုတော့ ထိုင်လိုက်ပါဦး။ ငါတို့ သင်ခန်းစာ စရအောင်။”

ထန်ရှုအတွက်နှင့် ယွမ်ချူးလင်သည် သူနှင့်ဆန့်ကျင်ဘက်စကားကို ဆိုလေသောကြာင့် ဟူကျူရှင်းသည် မျက်မှောင်ကြီးကုတ်လျက် ပြောလိုက်သည်။

သူ၏စကားများအား ဟူကျူရှင်း လက်ခံလိမ့်မည်ဟု မထင်ထားသောကြောင့် ယွမ်ချူးလင် တဒင်္ဂမျှ ကြောင်အသွားရသည်။ ထန်ရှုမှ မျက်နှာရိပ်မျက်နှာကဲဖြင့် ထိုင်ခိုင်းသောကြောင့်သာလျှင် မထိုင်ချင့် ထိုင်ချင်ဖြင့် ထိုင်လိုက်ရသည်။

မိနစ်အနည်းငယ်မျှကြာသောအခါ ထန်ရှုသည် သိမ်းဆည်းခြင်းပြီးသွားသောကြောင့် မတ်တတ်ရပ်လိုက်ကာ ထွက်ပေါက်သို့ ရှေးရှုလျှောက်လှမ်းလိုက်သည်။

“အစ်ကိုကြီး… ဘယ်သွားနေတာလဲ”

အတန်း၁တွင် ထန်ရှုအား ဆက်လက်တည်ရှိနေရေးအတွက် မည်သို့ဆောင်ရွက်မည်ကို တွေးနေစဉ်မှာပင် ထန်ရှု ထိုကဲ့သို့ ထွက်သွားလိမ့်မည်ဟု မထင်ထားသောကြောင့် ယွမ်ချူးလင်တစ်ယောက် အံ့အားသင့်စွာ လှမ်းပြောလိုက်သည်။

“ငါ သွားသင့်တဲ့နေရာကို သွားနေတာလေကွာ။”

ထန်ရှုသည် ယွမ်ချူးလင်အားတောက်ပစွာ ပြုံးပြလျက် လက်ထဲမှ လွယ်အိတ်အား ဝှေ့ယမ်းပြလိုက်သည်။

ယွမ်ချူးလင် လှမ်းပြောလိုက်သောအသံသည် သင်ပုန်းတွင် စာရေးနေသော ဟူကျူရှင်းအား ဆွဲဆောင်လိုက်သောကြောင့် လှမ်းကြည့်လိုက်ရာ အပေါက်ဝသို့ရောက်နေသော ထန်ရှုအား တွေ့လိုက်ရသောကြောင့် စိတ်ဆိုးမာန်ဆိုးဖြင့် သူ၏စားပွဲအား လက်သီးဖြင့်ထုကာ ပြောလိုက်သည်။

“ထန်ရှု… စသင်ချိန်အတွင်းမှာ အဲ့ဒီလိုလျှောက်သွားနေဖို့ မင်းကို ဘယ်သူက အခွင့်ပေးထားလို့လဲ။”

“ကျားကြီးဟူ…ကျွန်တော်က ဒီအတန်းက ကျောင်းသားတစ်ယောက် မဟုတ်တော့ဘူးလေ။ ကျွန်တော့်ကို ထိန်းချုပ်လို့ရမယ်လို့ ထင်နေသေးတာလား။”

မနက်ခင်းအချိန်က ဟူကျူရှင်းသည် သူ့အား ဆူပူကြိမ်းမောင်းခဲ့သော်လည်း ထန်ရှုသည် တစ်ခွန်းမျှ ခွန်းတုံ့မပြန်ခဲ့ချေ။ တစ်တန်းလုံးရှေ့တွင် အတန်းမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့အချိန်တွင်လည်း ထန်ရှုသည် မည်သည့်စကားမျှမဆိုခဲ့ချေ။ ထိုသို့ တစ်ခွန်းမျှ ပြန်မပြောခြင်းသည် ထန်ရှုတစ်ယောက် ဒေါသထွက်ခြင်းမရှိဟု မဆိုလိုချေ။ ဟူကျူရှင်းနှင့်ဖက်၍ ရန်မဖြစ်လိုခြင်းသာဖြစ်သည်။

ထန်ရှု ထွက်ခွာသွားသည်ကို ဟူကျူရှင်းသည် ဒီအတိုင်း ခွင့်ပြုပေးခဲ့ပါလျှင် ဟူကျူရှင်း၏ဆုံးဖြတ်ချက်အား ကန့်ကွက်စကားဆိုမည်မဟုတ်ချေ။ ဟူကျူရှင်းသည် သူ့အား ၂နှစ်ကျော်ခန့် စာပေသင်ကြားပေးသည့် ဆရာဖြစ်သည့်အပြင် အတန်းပိုင်ဆရာလည်းဖြစ်သောကြောင့် သူ့အား မိမိထက်ကြီးသောသူများအား မလေးမစား လုပ်သူဟူလည်း အထင်မခံနီုင်ပါချေ။

သို့သော် ဟူကျူရှင်းသည် လုပ်ပိုင်ခွင့်အာဏာဖြင့် သူ့အား မတရားဆက်ဆံခဲ့သည့်အပြင် ပြီးခဲ့သောတစ်နှစ်က သူနှင့်မိခင်ကြီးအပေါ် ပြုမူခဲ့သည်များအား ပြန်လည်သတိရလာသောအခါ ထန်ရှုသည် လုံးဝသည်းခံနိုင်ခြင်းမရှိတော့ချေ။

စကားဆုံးသည်နှင့် ဟူကျူရှင်းအား စကားပြောခွင့်မပေးတော့ဘဲ အခန်းထဲမှ ထွက်လာခဲ့သည်။ ထန်ရှုခေါ်လိုက်သည့် “ကျားကြီးဟူ” စကားလုံးသည် ဟုကျူရှင်းအား နေရာတွင် ကြောင်ငေးကျန်ခဲ့ရုံသာမက အတန်း-၁တစ်ခုလုံး မည်သည့်စကားမျှ မဆိုနိုင်သည်ကို ထန်ရှု မသိနိုင်တော့ပါချေ။

ကျောင်းသားများသည် ဟူကျူရှင်းအား နောက်ကွယ်တွင် ကျားကြီးဟူ ခေါ်လေ့ရှိသော်လည်း ထိုသို့လူအများရှေ့တွင် မဆိုထားဘိ ဟူကျူရှင်းတစ်ယောက်တည်း၏ရှေ့တွင်တောင် မခေါ်ဝံ့ကြချေ။

“ငါ မင်းကို မထိန်းချုပ်နိုင်ဘူးလို့ ငါ မယုံဘူး။” ဟူကျူရှင်းသည် အသက်ပြင်းပြင်းရှူလျက် ပြောလိုက်သည်။

ဟုကျူရှင်းသည် တည်ငြိမ်နေရန် ကြိုးစားနေသော်လည်း သူ၏ဒေါသအား ထန်ရှု မြင်နေရသည်။

“ကျားကြီးဟူ… ကျွန်တော့်ကို အတန်းပြောင်းနိုင်တယ်လို့သဘောတူထားတဲ့အတွက် အခန်း-၁၀ကို ကျွန်တော် ပြောင်းတော့မယ်။ ဘိုင်ဘိုင်။ အို မေ့နေလို့။ မသွားခင် ကျွန်တော် စကားတစ်ခွန်း ပြောခဲ့ချင်သေးတယ်။ ထန်ရှုကို ဒီအတန်းက ထုတ်လိုက်တာက အနုံအဆုံးဆုံးဖြတ်ချက်တစ်ခုပဲ။ အဲ့ဒီအတွက် နောင်တမရပါစေနဲ့လို့။”

ဟူကျူရှင်းသည် ထန်ရှုနောက်သို့လိုက်ကာ စကားပြောရန်ကြိုးစားနေစဉ်မှာပင် အတန်းထဲမှ အခြားအသံတစ်သံ ထပ်တူ ထွက်ပေါ်လာသည်။

ဟူကျူရှင်း လှည့်ကြည့်လိုက်သောအခါ ယွမ်ချူးလင်အား သူ၏စားပွဲနှင့် ကုလားထိုင်အား သယ်ဆော်လျက် အခန်းအပြင်သို့ထွက်ရန် ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။

“ယွမ်ချူးလင်… မင်း ထွက်သွားပြီးရင် ဘယ်တော့မှ ပြန်လာဖို့ မစဉ်းစားနဲ့။” ယွမ်ချူးလင် မိဘနှစ်ပါး၏အာဏာကို သိသော်လည်း ဟူကျူရှင်းတစ်ယောက် စိတ်မထိန်းနိုင်ဘဲ ခြိမ်းခြောက်လိုက်သည်။

“ကျားကြီးဟူ… ကျွန်တော်က ထွက်သွားဖို့ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ ပြန်မလာဘူး။ ကျွန်တော့်ကို ပြန်လာဖို့ တောင်းပန်ရင်တောင်မှ မလာနိုင်ဘူး။”

ဒေါသထွက်နေသော ဟူကျူရှင်းအား ကျေနပ်စွာ ကြည့်ပြီး ယွမ်ချူးလင် ပျော်ရွှင်စွာ ထွက်ခွာသွားလေရာ မကြာမီပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဟူကျူရှင်းသည် ယွမ်ချူးလင်၏အခြေအနေကို သိသောကြောင့် မိမိကိုယ်ကို ထိခိုက်စေမည့် အပြုအမူအပြောအဆိုမျိုးအား ရှောင်ကြဉ်လေသည်။

ထန်ရှုနှင့် ယွမ်ချူးလင်တို့ အတန်းမှ ထွက်ခွာသွားပြီးသည့်နောက် ဟုကျုရှင်းသည် လေ့ကျင့်ခန်းစာရွက်ထဲရှိ မေးခွန်းများနှင့် အဖြေများအား ရှင်းပြန်ရန်ပင် စိတ်ဝင်စားခြင်းမရှိတော့ဘဲ အတွေးထဲတွင် နစ်မြောကာ ကျောင်းအုပ်ကြီးရုံးခန်းသို့ ထွက်ခွာလာခဲ့သည်။

“ကျောင်းအုပ်ကြီးဝေ.. ထန်ရှုကို ကျောင်းမှ ထုတ်ပယ်ဖို့ ကျွန်တော် လေးလေးနက်နက် တောင်းဆိုလိုပါတယ်ခင်ဗျာ။ သူက ကျောင်းစာမှာတင် ညံ့တာမဟုတ်ပါဘူး။ ကိုယ့်ထက်အကြီးတွေကိုလည်း လေးစားမှုမရှိပါဘူး။ အခြားကျောင်းသားတွေသာ လိုက်ပြီး အတုခိုးကုန်ကြရင် ကျွန်တော်တို့ ဂုဏ်သတင်းကျဆင်းပါလိမ့်မယ်ခင်ဗျ။”

“လူအိုကြီးဟူ.. ထန်ရှုကို ကျွန်တော်လည်း ထုတ်ပယ်ချင်တာပဲဗျ။ ဒါပေမယ့် ခင်ဗျားသိထားရမှာက ဆရာမဟန်က ထန်ရှုကို ကာကွယ်ပေးနေတယ်ဗျ။ ထန်ရှုကို အခက်အခဲဖြစ်အောင်လုပ်ရင် ဆရာမဟန်ပါ ထွက်သွားလိမ့်မယ်။ အဲ့ဒါတော့ ဖြစ်နိုင်လိမ့်မယ်မထင်ဘူး။”

ကျောင်းအုပ်ကြီးဝေသည် ရေနွေးတစ်ဖန်ခွက်အား ဖြည်းညှင်းစွာ လောင်းထည့်လျက် ခပ်ဖျော့ဖျော့ပြုံးကာ ရှင်းပြလိုက်သည်။

“ဒါ…ဒါပေမယ့်..” ကျောင်းအုပ်ကြီးဝေရှင်းပြသည်ကို နားထောင်ပြီး ဟူကျူရှင်း၏ရင်ထဲတွင် လေးလံသွားကာ မည်သည့်စကားမျှ မထွက်နိုင်တော့ချေ။ အတန်း-၁၀၏ကြီးကြပ်သူ ဟန်ကျင်းဝူသည် မည်သည့်အကြောင်းကြောင့် ထန်ရှုအား ကာကွယ်ပေးနေသည်ကို ဟူကျူရှင်း နားမလည်နိုင်ပါချေ။

ဟန်ကျင်းဝူသာ ကာကွယ်ပေးထားခြင်းမရှိပါလျှင် ပြီးခဲ့သောတစ်နှစ် ထန်ရှု၏အမှတ်များ ကျဆင်းနေသည့်အချိန်ကပင် နှင်ထုတ်ပြီးဖြစ်ပေလိမ့်မည်။ ထန်ရှု၏မိခင်ဖြစ်သူ တောင်းပန်မှုကို ကျေနပ်သောကြောင့်လည်း ဟူကျူဂှင်းသည် ကြင်နာတတ်သောသူပမာ ဟန်ဆောင်နေရသည်။

“ကျောင်းအုပ်ကြီးဝေ… ဆရာမဟန်က ထန်ရှုကို ဘာကြောင့် ကာကွယ်ပေးနေရတာလဲဆိုတာကို သိလား။ ကျွန်တော် အကြိမ်ပေါင်းများစွာ ထန်ရှုနဲ့ပတ်သက်တဲ့သူတိုင်းကို မေးမြန်းကြည့်ဖူးတယ်။ ဆရာဟန်နဲ့ပတ်သက်တဲ့ ဘာသတင်းမှ မရဘူးခင်ဗျ။”

သဘာဝကျကျ တွေးမည်ဆိုပါက ကြယ်တာရာကျောင်းတော်ကြီးတွင် နှစ်၂၀နီးပါး ပညာသင်ကြားပေးခဲ့သော ဟူကျူရှင်းသည် လုပ်သက်တစ်နှစ်ကျော်သာရှိသေးသောဆရာဖြစ်သူအား မျက်လုံးထဲတွင် ထည့်မထားသင့်ချေ။

သို့သော်လည်း တကယ့်အမှန်တရားတွင် ဆရာဟူသည် ဆရာမဟန်၏ရှေ့၌ လေးစားမှုအပြည့်ဖြင့် သတိထားကာ စကားပြောနေရသည်။ ထိုအရာသည် ဆရာမဟန်တစ်ယောက်တည်းတွင်သာမဟုတ်ဘဲ ကျောင်းအုပ်ကြီးဝေအပါအဝင် ဆရာများအားလုံးတွင် ဖြစ်နေပေသည်။

ထိုအဖြစ်အပျက်၏အကြောင်းပြချက်သည် ဆရာမဟန်၏ဖခင်ဖြစ်သူ ကြယ်တာရာမြို့တော်ကြီး၏ပညာရေးဝန်ကြီးဖြစ်သူ ဟန်ဖူနှင့်များစွာ သက်ဆိုင်ပေသည်။

ဆရာများအနေဖြင့် ရာထူးတက်လိုသည်ဖြစ်စေ၊ သင်ကြားခြင်းနှင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသည်ဖြစ်စေ ဆရာမဟန်နှင့် အတိုက်အခံမပြုလုပ်ခြင်းသာ အကောင်းဆုံးဖြစ်ပေမည်။

“လူအိုကြီးဟူ..ဆရာမဟန်နဲ့ ထန်ရှုကြားက ဆက်ဆံရေးက အရေးကြီးလို့လား။ ဆရာမဟန်က ကာကွယ်ပေးနေသရွေ့ ထန်ရှုကို ကျောင်းထုတ်ဖို့အတွေး ခင်ဗျား မတွေးနဲ့ဦး။ ခင်ဗျားပဲ ကျောင်းထုတ်ချင်တာ မဟုတ်ဘူး။ ဒီမနက် ကျွန်တော် ဖုန်းခေါ်ဆိုမှုတစ်ခုရတယ်။ အဲ့ဒီလူကလည်း ကျောင်းထုတ်ချင်နေတယ်။အဲ့ဒီလူ ဘယ်သူလဲဆိုတာ ခင်ဗျားခန့်မှန်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် လောင်းရဲတယ်။”

ကျောင်းအုပ်ကြီးဝေသည် အသိရခက်သောအပြုံးကို ပြုံးလျက် တိုးညှင်းစွာ ပြောလိုက်သည်။

“ဘယ်သူများလဲဗျ။” ကျောင်းအုပ်ကြီးဝေ၏စကားကြောင့် ဟူကျုရှင်းသည် သိချင်စိတ်ကို မထိန်းနိုင်တော့ပါချေ။

“ရှန်းဝမ်အဖွဲ့အစည်းရဲ့လူကြီး စုရှန်းဝမ်” ကျောင်းအုပ်ကြီးဝေသည် သူ၏အသံအား တိုးလျက် ပြောပြလိုက်သည်။

“စုရှန်းဝမ် ဟုတ်လား။ အခုတလော လုပ်ငန်းတွေတိုးချဲ့လာတဲ့ အဖွဲအစည်းပိုင်ရှင်။ သားဖြစ်သူ ကျောင်းဝင်ဖို့အရေး အလှူတွေ အများကြီး လှူတဲ့သူမဟုတ်လား။ ဒီလိုလူမျိူးကို အပြစ်ပြုမိရအောင် လာတွေလုပ်ထားပါလိမ့်။ သူ့သားနဲ့ မတည့်လို့များလား”

“လူအိုကြီးဟူ.. ခင်ဗျားပဲ ထန်ရှုရဲ့ဆွေမျိုးစာရင်းတွေ လေ့လာထားတယ်ဆို။ ဘယ့်နှယ့်လုပ် မသိရတာတုန်းဗျ။

ထန်ရှုအမေရဲ့မျိုးရိုးနာမည် ခင်ဗျားမသိဘူးလို့တော့ မပြောနဲ့နော်။”

“ထန်ရှု အမေ ဟုတ်လား။” ဟူကျူရှင်း သိချင်စိတ် ပိုမိုပြင်းပြသွားသည်။

“စုရှန်းဝမ်နဲ့ စုလင်းယွမ်က ဆွေမျိုးတွေမဟုတ်လား။ စုလင်းယွမ်တို့က ဆင်းရဲတော့ ထန်ရှုအတွက် ကျောင်းစရိတ်ထုတ်ပေးရတာကို မထုတ်ပေးချင်တော့လို့လား။”

“သူက ကျောင်းထုတ်ခိုင်းတယ်။ အဲ့ဒါက အကြပ်တွေ့စေတယ်။ ထန်ရှုကို ဆရာမဟန်က ကာကွယ်နေတယ်။ နောက်ဆုံးတော့ အတန်း-၁၀ကို ရွှေ့ထားဖို့ သဘောတူညီမှုရခဲ့တယ်။”

ကျောင်းအုပ်ကြီးဝေ ပြောပြသည်များကို နားထောင်ရင်း ဟူကျူရှင်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ရသည်။ ထိုဆွေးနွေးမှုများလုပ်နေစဉ်တွင် ဟူကျူရှင်းသည် သူသည် အနိုင်ရသူပမာခံစားနေရပြီး စုရှန်းဝမ်သည် နောက်ဆုံးဆုံးဖြတ်ချက်အတွက် အခရာဖြစ်နေသည်ကို ယခုမှ သိရခြင်းဖြစ်သည်။

ထန်ရှုနှင့် ယွမ်ချူးလင်တို့ အတန်း-၁၀သို့ ထွက်ခွာသွားသည်ကို ပြန်လည်တွေးတောနေစဉ်အတွင်း ဟူကျူရှင်းသည် မိမိသည် အနိုင်ရခဲ့သော်လည်း အမှန်တကယ်တွင် အရှုံးသမား ဖြစ်နေသည်ကို ရုတ်တရက် နားလည်သဘောပေါက်လိုက်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset