Switch Mode

အခန်း ၇

အတန်းမှ နှင်ထုတ်ခံရခြင်း

ထန်ရှုသည် စာသင်ခန်းထဲမှ သူ၏စားပွဲအား လှမ်းကြည့်လိုက်ရာတွင် ၂ပေထုခန့်ရှိသော လေ့ကျင့်ရန် မေးခွန်းဟောင်းများနှင့်ဖြေထားသော စာရွက်ပုံကိုသာမကပဲ လေ့လာဖတ်ရှုရန်အတွက် စာအုပ်ပုံကြီးပါ ရှိနေသည်ကို တွေ့ရှိရသည်။

ဒီအဖြစ်အပျက်သည် ထန်ရှု၏စားပွဲတစ်လုံးတည်းသာ ဖြစ်နေသည်မဟုတ်ပဲ အခန်းထဲရှိ စားပွဲအားလုံးတွင် ဖြစ်နေပေသည်။ ခြားနားချက်အနေဖြင့် ထန်ရှု၏စားပွဲပေါ်မှ စာအုပ်များ၊ စာရွက်စာတမ်းများမှ သပ်သပ်ရပ်ရပ်နှင့်အသစ်အတိုင်းတည်ရှိနေပြီး အခြားကျောင်းသားများ၏စာအုပ်များနှင့် စာရွက်စာတမ်းများမှာ လေ့ကျင့်ရလွန်းသဖြင့် ရှုပ်ပွကာ ဟောင်းနွမ်းနေသကဲ့သို့ဖြစ်နေချေသည်။

ထန်ရှုသည် သူ၏စားပွဲပေါ်မှ ကြုံရာမေးခွန်းဟောင်းနှင့်အဖြေစာရွက်များကို ယူကြည့်လိုက်သောအခါ အများစုသည် သူ နားမလည်သောအကြောင်းအရာများ ဖြစ်နေပြီး သူ၏အဖြေစာရွက်များပေါ်တွင် ရဲရဲနီနေသော သုညမှတ်များကြောင့် သူ၏မျက်နှာပင် ပူလာရသည်။

“ကြည့်ရတာ ငါ့ရဲ့ကျင့်စဉ်အားထုတ်တဲ့ပြသနာကို မဖြေရှင်းခင် ငါ့ရဲ့အတန်းပညာလေ့လာမှု ပြသနာကို အရင်ဖြေရှင်းမှပဲထင်တယ်။ နို့မို့ဆိုရင် ငါ့ရဲ့အမှတ်အဆင့်တွေကြောင့် ကျောင်းက နှင်ထုတ်ခံရရင် ငါ့အမေ စိတ်မကောင်းဖြစ်နေရလိမ့်မယ်။”   ထန်ရှုသည် သူတစ်ကိုယ်ကြားရုံမျှ ခပ်တိုးတိုးရေရွတ်ပြီး သူ၏စားပွဲမှ စာအုပ်တစ်အုပ်အား ဆွဲထုတ်ယူလိုက်ကာ စူးစူးစိုက်စိုက် အာရုံနှစ်ကာဖတ်တော့သည်။

သူ၏စိတ်ဝိညာဉ်ပျက်စီးပြီးနောက် ကမ္ဘာမြေမှ သူ၏မှတ်ဉာဏ်ချို့ယွင်းနေခဲ့သော်လည်း ကျောင်းစာနှင့်ပတ်သက်လာလျှင် ထန်ရှုသည် သူ၏ကျောင်းသင်ခန်းစာမှတ်စုများအား ကောင်းစွာပြင်ဆင်ပြုလုပ်ထားခဲ့သည်။ သို့ဖြစ်၍ပထမနှစ်မှ တတိယနှစ်အထိ သူ၏သင်ခန်းစာမှတ်စုများနှင့်စာအုပ်များသည် စားပွဲအောက်ထဲတွင် သပ်သပ်ရပ်ရပ်တည်ရှိနေပေသောကြောင့် ထန်ရှုသည် မှတ်စုများ စုဆောင်းရန်အတွက် အချိန်ကုန်ခံစရာမလိုပဲ လေ့လာကြည့်ရှုနိုင်ပေသည်။

သာမန်မိသားစုမှ မွေးဖွားလာသောကြောင့် ထန်ရှုသည် ကျောင်းစည်းကမ်းများအား သေချာစွာ လိုက်နာတတ်သူဖြစ်ပြီး သူ၏သင်ခန်းစာများအားလည်း ဇွဲလုံ့လဝီရိယရှိစွာဖြင့် ကြိုးစားသောသူတစ်ယောက်လည်းဖြစ်သည်။ မူလတန်းမှ အထက်တန်းအထိ ထန်ရှုသည် အမှတ်အဆင့်ဇယားတွင် စံပြတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကြယ်တာရာမြို့တော်အထက်တန်းကျောင်းဝင်ခွင့်အား ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သောသူဖြစ်သည်။ ပထမနှစ်အတန်းတင်စာမေးပွဲတွင်လည်း သူသည် ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သောသူတစ်ယောက်လည်းဖြစ်ခဲ့သည်။

သို့သော်လည်း ဒုတိယနှစ်ဝက်တွင် ကားမတော်တဆမှုဖြစ်ခဲ့ပြီးနောက် ထန်ရှု၏မှတ်ဉာဏ်များ ပျက်စီးခဲ့ပြီး သူ၏ကျွမ်းကျင်မှုများနှင့် အာရုံစူးစိုက်မှုတို့သည် အချိန်နှင့်အမျှ ကျဆင်းလာခဲ့သည်။ သူ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ သူ၏အဆင့်များ တက်မလာတော့ပဲ အမှတ်အဆင့်ဇယားတွင် နောက်ဆုံးအဖြစ်သာ ရပ်တည်နိုင်ခဲ့တော့သည်။

အကယ်၍ ထန်ရှုသည် သူ၏ရမှတ်များကို တိုးတက်ချင်လိုပါက ဒုတိယနှစ်နှင့် တတိယနှစ်သင်ခန်းစာများကို ပြန်လည်လေ့လာရရုံသာမက ဒုတိယနှစ်မတိုင်မီက သင်ခန်းစာများကိုပါ ပြန်လည်လေ့လာရမည်ဖြစ်သည်။ ယခင်က ထန်ရှုဆိုပါက သုံးလအတွင်း ထိုသို့လေ့လာရန်သည် ဖြစ်နိုင်ချေမရှိပေ။ သို့သော် ယခုထန်ရှုအတွက်မှာမူ ၎င်းသည် ထမင်းစားရသလောက် လွယ်ကူနေပေသည်။

“အစ်ကိုကြီးရာ… မင်း အားကုန်မခံပါနဲ့လား။ ဒီကျောင်းစာတွေဆိုတာမျိုးက ကျွန်တော်တို့တွေနဲ့ သဟဇာတဖြစ်တဲ့အရာတွေမှ မဟုတ်တာ။ ဘယ်လောက်ကြိုးစား ကြိုးစား အသုံးကိုမဝင်တာ။”

ထန်ရှု စာမျက်နှာအနည်းငယ်ဖတ်မိစဉ်မှာပင် သူ့ပခုံးပေါ်သို့ လက်တစ်ဖက်ရောက်လာသည်ကို ခံစားမိပြီး အသံတိုးတိုးဖြင့် ပြောသည်ကိုပါ ကြားလိုက်ရသည်။

ထိုသို့ပြောလိုက်သူမှာ သူနှင့် ဘေးချင်းကပ်စားပွဲတွင် ထိုင်သူ ယွမ်ချူးလင်ဖြစ်သည်။ ဟူကျူရှင်းပြောလိုက်သောစကားများကြောင့် ထန်ရှု စိတ်ထိခိုက်ပြီး သင်ခန်းစာများကို ပြန်လေ့လာကာ သူ့ကိုယ်သူ နှစ်သိမ့်နေသည်ဟု ထင်သွားသောကြောင့် ထိုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

ယွမ်ချူးလင်သည် ထန်ရှု၏သူငယ်ချင်းကောင်းများထဲမှ တစ်ယောက်ဖြစ်ပြီး သူ့အား ညီအစ်ကိုကဲ့သို့ သဘောထားသူလည်းဖြစ်သည်။

ယွမ်ချူးလင် ကျောင်းသို့စရောက်စဉ်တွင် သူ၏အမှတ်အဆင့်သည်လည်း ထူးချွန်သည့်အထဲတွင် ပါဝင်သည်။ သို့သော် ပထမနှစ်၏ ဒုတိယနှစ်ဝက်တွင် သူ၏မိဘများ ကွာရှင်းကြပြီးနောက် ယွမ်ချူးလင်သည် အတန်းလစ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ရည်းစားများခြင်းနှင့် ယုတ်စွအဆုံး စာမေးပွဲများကို မဖြေဆိုခြင်းပင် ပြုလုပ်လာခဲ့သည်။ အချိန်အတိုအတွင်းမှာပင် စံပြကျောင်းသားအဖြစ်မှ ဆရာများ မုန်းရလောက်သည်အထိ ကျောင်းသားဆိုး ဖြစ်လာခဲ့သည်။

နှစ်နှစ်လွန်ပြီးသည့်အခါ ယွမ်ချူးလင်သည် သူ၏မိဘနှစ်ပါး ကွာရှင်းခြင်းအား တည်တည်ငြိမ်ငြိမ် လက်ခံလာနိုင်သော်လည်း ထိုမှရရှိသည့်စိတ်ဒဏ်ရာသည် နာကျင်နေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ကျောင်းစာများအား အာရုံစူးစိုက်စွာ လေ့လာပါသော်လည်း ယခင်အချိန်တုန်းကကဲ့သို့ မဖြစ်လာသေးချေ။

“ဖက်တီးရေ… စာကို စူးစူးစိုက်စိုက် လုပ်ကြရအောင်ကွာ။ အဲ့လိုမှမဟုတ်ရင်…” ထန်ရှု သူ၏စကားအား အဆုံးမသတ်နိုင်ဘဲ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ သူ ကျောင်းပြန်တက်ပြီး စာများကို လေ့လာချင်ရခြင်းအကြောင်းသည် မိခင်ဖြစ်သူ၏ ဆန္ဒအား ဖြည့်ဆည်းပေးနိုင်ရန်အတွက်ဖြစ်သည်။ သို့သော် ယွမ်ချူးလင်မှာ သူ၏မိဘများအား မုန်းတီးနေရာ မိဘနှစ်ပါးမပျော်ရွှင်သည့်အရာတိုင်းကို ဘာမဆို လုပ်မည့်သူဖြစ်သည်။

“အာ…မေ့လိုက်တော့။ ကျွန်တော်တို့နှစ်ယောက်အခြေအနေတွေချင်းမှ မတူတာ။ အစ်ကိုကြီးအမေ စိတ်မပျက်အောင် ပိုကြိုးစားသင့်တယ်။ ကျွန်တော်ကတော့ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဒီအတိုင်းပဲ သွားနေဦးမှာပဲ။”

“ဖက်တီး… ကျောင်းကို နေ့တိုင်း မင်း အချိန်မှန် လာတက်တယ်။ သင်ခန်းစာလေ့လာမှုကိုလည်း လိုလိုချင်ချင်နဲ့ လုပ်တယ်။ ဒါပေမယ့် မင်း ဒီ ဂျစ်တိုက်တဲ့အပြုအမူတွေကို လုပ်နေတယ်ဆိုတာက မင်းအဖေနဲ့အမေကို နောင်တရပြီး မှားမှန်းသိအောင်လို့။ ငါ ပြောတယ်ဟုတ်တယ်မဟုတ်လား။”

ထန်ရှုသည် ယွမ်ချူးလင်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

ထန်ရှု၏စကားများကို နားထောင်ပြီး ယွမ်ချူးလင်၏မျက်နှာအမူအရာ ပြောင်းလဲသွားကာ ထန်ရှု၏အကြည့်မှ ရှောင်လွှဲလိုက်သည်။

“ဖက်တီး…မင်းရဲ့မိဘတွေ ဘာအကြောင်းကြောင့် ကွာရှင်းလိုက်ကြတယ်ဆိုတာ ငါ မသိပေမယ့် လွန်ခဲ့တဲ့၂နှစ်အတွင်းမှာ မင်းကို သူတို့ဘယ်လောက် ဂရုစိုက်တယ်ဆိုတာတော့ ငါ သေချာသိတယ်။ မင်းကို မချစ်တော့လို့ ကွာရှင်းတာ မဟုတ်လောက်ပါဘူး။ သူတို့နှစ်ယောက်အတူတူ ဆက်နေဖို့ မဖြစ်တော့တဲ့ အကြောင်းရင်းတွေ ရှိနေပါလိမ့်မယ်။ မင်းဘဝကို ဒီလို ဆက်ပြီး ရေစုန်မျှောနေမယ်ဆိုရင် မင်းအတွက်ရော မင်းမိဘအတွက်ရော ကောင်းမှာ မဟုတ်ဘူး။ မင်း ဘာကြောင့် ဒီလိုဆက်လုပ်နေမှာလဲကွာ။”

သူ၏စကားများကို ယွမ်ချူးလင် စိတ်ပါဝင်စားစွာဖြင့် နားထောင်နေသည်ကို တွေ့ရသဖြင့် ထန်ရှု စကားအရှည်ကြီးပြောကာ ဖျောင်းဖျအကြံပေးလိုက်သည်။

အင်မော်တယ်ကမ္ဘာမှ ကျွမ်းကျင်သူများသာ ဤကဲ့သို့ ထန်ရှုသည် သေမျိုးလူသားတစ်ယောက်အား အကြံပေးပြောဆိုနေသည်ကိုသာ တွေ့မြင်ရလျှင် ၎င်းတို့၏အောက်မေးရိုးများ ကြမ်းပေါ်သို့ ပြုတ်ကျသွားပေလိမ့်မည်။

အင်မော်တယ်ကမ္ဘာတွင် ထန်ရှုသည် စကားနည်းကာ လူအများနှင့် ရောရောနှောနှော နေလေ့မရှိချေ။ တစိမ်းတရံများအား အေးစက်စက်ဆက်ဆံသည်ကို မဆိုထားဘိ သူ၏ချစ်သူနှင့် သူငယ်ချင်းများနှင့်တောင်မှ စကားအများကြီး ပြောလေ့မရှိချေ။

ယွမ်ချူးလင်သည် သူ့အတွက် မားမားမတ်မတ်ရပ်တည်ပေးနေသော အပြုအမူကို မြင်ရပြီး ထန်ရှု၏ရင်ထဲတွင် နွေးသွားရကာ ထိုသူအား သူငယ်ချင်းအဖြစ် သဘောထားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထန်ရှုတွင် ပိုင်ဆိုင်စရာဆို၍ မည်သည့်အရာမှ မရှိချေ။ သူ၏မိသားစုသည် ဆင်းရဲလွန်းသောကြောင့် အိမ်စရိတ်၊ ကျောင်းစရိတ်များအတွက် အခက်အခဲကြုံတွေ့နေရသည့်အပြင် အမှတ်အဆင့်များသည်လည်း ဆိုးရွားလှသောကြောင့် ပိုက်ဆံခိုးယူသည်ဟုပင် သံသယအဝင်ခံခဲ့ရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ယွမ်ချူးလင်သည် သူ့အား ကာကွယ်ပေးချင်စိတ်၊ ကူညီချင်စိတ်ရှိနေသေးသောကြောင့် ထန်ရှုအား သူငယ်ချင်းအဖြစ် အမှန်တကယ် သတ်မှတ်ထားကြောင်း သိရှိနိုင်ပေသည်။

“ကျွန်တော့်ရဲ့မိဘတွေ ဘာ့ကြောင့် ကွာရှင်းကြပြီး ကျွန်တော့်အပေါ် သူတို့ ဘယ်လိုသဘောထားကြလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီကွာရှင်းမှုဆိုတာကြီးကို ကျွန်တော် ဘယ်လိုမှ လက်သင့်မခံနိုင်ပဲဖြစ်နေတယ်။”

ယွမ်ချူးလင်၏အမူအရာသည် စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြစ်နေသည်။

“အာ.. ကျွန်တော့်ရဲ့ပြသနာကို အသာထား။ ကျားကြီးဟူက ခုနတုန်းက ပြောသွားတယ်မဟုတ်လား။ အစ်ကိုကြီးကို သူ့ရဲ့အတန်းက ဖြစ်ဖြစ်၊ ကျောင်းကနေပဲဖြစ်ဖြစ် နှင်ထုတ်ချင်နေတယ်ဆိုတာကိုလေ။ အစ်ကိုကြီး ဒီဟာကို လုံးဝစိတ်ပူနေစိတ်မရှိဘူးလို့ ကျွန်တော် ဘာ့ကြောင့် ခံစားမိနေရတာပါလိမ့်။”

ယွမ်ချူးလင်သည် သူ၏မိဘနှစ်ပါးကွာရှင်းသည့်အကြောင်းအား ဆက်လက်မပြောချင်သောကြောင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ငါ့ရဲ့အမှတ်အဆင့်တွေက ဆိုးရွားလွန်းနေတော့ ဒီဟာကို ကျားကြီးဟူက လုပ်မယ်ဆိုရင်တောင် ပုံမှန်သမားရိုးကျပါပဲ။ နောက်ပြီး ဒီအတန်းက အခြားသူတွေအပေါ် စာနာစိတ်ကင်းမဲ့တယ်လို့ မင်း မခံစားရဘူးလား။ ပတ်ဝန်းကျင်အပြောင်းအလဲက တစ်မျိုးတစ်ဖုံ ကောင်းရင်ကောင်းသွားနိုင်လိမ့်မယ်။”

“ဒီနေ့ အစ်ကိုကြီးက တစ်ခြားတစ်ယောက်လိုဖြစ်နေတယ်လို့ ကျွန်တော် ဘာကြောင့် ခံစားမိနေပါလိမ့်။”

ထန်ရှု၏တုံံ့ပြန်မှုကို ကြားရသောအခါ ယွမ်ချူးလင်သည် သူ၏အကြားအာရုံချို့ယွင်းမှုရှိနေသည်ဟုပင် ထင်မိလုနီးပါး ဖြစ်သွားရပြီး ထန်ရှုအား ခေါင်းအစခြေအဆုံး သေချာစွာ ကြည့်လိုက်မိသည်။

နောက်ဆုံးတွင် ယွမ်ချူးလင်၏မျက်လုံးများ အရာင်လက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အထစ်ထစ်အငေါ့ငေါ့ မေးလိုက်သည်။

“အစ်ကိုကြီး… မင်းရဲ့စိတ်အခြေအနေ ပိုပြီးကောင်းမွန်လာခဲ့ပြီလား။”

“ဟုတ်တယ်။ ငါ့စိတ်အခြေအနေက ပုံမှန်ပြန်ဖြစ်သွားပြီ။ လွန်ခဲ့တဲ့၂နှစ်မှာ မင်း ငါ့ကို စောင့်ရှောက်ပေးတာအတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်ကွာ။ အဲ့ဒါကြောင့်မို့ အတန်းထဲမှာ နောက်ဆုံးဆိုတဲ့ဘွဲ့ကို ငါ မင်းကို လွှဲပြောင်းပေးလိုက်တော့မယ်။”

ယွမ်ချူးလင်မျက်နှာထက်မှ ရိုးရှင်းသောအပြုံးအား ကြည့်ရင်း ထန်ရှုရင်ထဲတွင် နွေးသွားရကာ ရင်ဘတ်ဆီသို့ လက်သီးဖွဖွတစ်ချက်ထိုးလိုက်ကာ ပြုံးစစနှင့် ပြောလိုက်သည်။

“ဝိုး… ကျွန်တော် တကယ်ပျော်တယ်အစ်ကိုကြီး။ ဂုဏ်ပြုတဲ့အနေနဲ့ ဘီယာသွားသောက်ကြရအောင်။ ကျွန်တော် ဒကာခံမယ်လေဗျာ။”

သူ၏မှန်းဆချက် မှန်ကန်ကြောင်း သိရှိသွားသည်နှင့်တစ်ပြိုင်နက် ယွမ်ချူးလင်တစ်ယောက် ဝမ်းအသာကြီး သာနေတော့သည်။ နောက်ကွယ်မှ တီးတိုးသဖန်းပိုးသံများအား လစ်လျူရှုထားပြီး ယွမ်ချူးလင်သည် ထန်ရှု၏လက်မောင်းအား ကိုင်လျက် အခန်းပေါက်ဆီသို့ ဆွဲခေါ်လာခဲ့စဉ်မှာပင် ကျောင်းတက်ခေါင်းလောင်းထိုးလာခဲ့သည်။

ထန်ရှု ငြင်းဆန်ရန် ကြိုးစားပါသော်လည်း ယွမ်ချူးလင်၏ ခန္ဓာကိုယ်မှာ သူ၏ ခန္ဓာကိုယ်ထက် ၃ဆခန့်ရှိပြီး ခွန်အားလည်း ကြီးလှသောကြောင့် ထန်ရှုအနေဖြင့် ယခုအချိန်တွင် မည်သို့မျှ ရုန်းဖယ်ရန် မတတ်နိုင်ပဲရှိချေသည်။

“မင်းတို့နှစ်ယောက် စာသင်ရမယ့်အချိန်မှာ ဒါဘယ်သွားမလို့လဲ။ ကိုယ့်နေရာမှာ ကိုယ်ပြန်ထိုင်နေပါ။”

ထန်ရှုနှင့်ယွမ်ချူးလင် ထွက်ပေါက်သို့အရောက်တွင် ဟူကျူရှင်း၏ဟန့်တားသံကို ကြားလိုက်ရသောကြောင့် ရပ်တန့်သွားခဲ့ရသည်။

ထွက်ခွာသွားပြီးနောက် ဟူကျူရှင်း ခုလို ပြန်လှည့်ဝင်လာလိမ့်မည်ဟု ယွမ်ချူးလင် မမျှော်လင့်ထားခဲ့မိပေ။ ထန်ရှု၏လက်မောင်းအား ဆုပ်ကိုင်ထားရာမှ မည်သို့မျှ မတတ်နိုင်ဘဲ တုံ့ဆိုင်းစွာ လွှတ်လိုက်ပြီးနောက် ထန်ရှုအား တောင်းပန်သည့်အကြည့်တို့ဖြင့် ကြည့်လိုက်သည်။

တစ်ခုသိထားရမည့်အချက်အနေဖြင့် ထန်ရှု၏အမှတ်များသည် လွန်ခဲ့သည့်တစ်နှစ်က စိတ်ကျေနပ်ဖွယ်မကောင်းလှသော်လည်း  သူ၏စည်းကမ်းကောင်းမွန်စွာ လိုက်နာမှုသည် ကျောင်းတွင် လူသိများလှသည်။ အတန်းမပျက်ခြင်း၊ ကျောင်းမပြေးခြင်း၊ အတန်းနောက်မကျခြင်း စသည့် သူ၏စည်းကမ်းကောင်းမွန်စွာ လိုက်နာမှုသည် မတော်တဆမှုနှင့် ကြုံတွေ့ထားခဲ့သည့်တိုင်အောင် တစ်ခါမျှ မပျက်ကွက်ဖူးချေ။ ယခုမူ အတန်းလစ်ရန်အတွက် ယွမ်ချူးလင်၏ဆွဲခေါ်မှုကို ခံရသောကြောင့် ယွမ်ချူးလင်သည် ထိုဖြစ်ရပ်အတွက် သူ့ကိုယ်သူ အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။

“ဆရာ… ထန်ရှု နေမကောင်းချင်သလိုဖြစ်နေလို့ ဆေးခန်း သွားပို့ပေးမလို့ပါခင်ဗျာ။ ကျွန်တော်တို့ကို နာရီဝက်လောက် ခွင့်ပြုပေးနိုင်မလားဗျာ။”

ထို့ကြောင့် ယွမ်ချူးလင်သည် အထက်ပါအတိုင်း ဆင်ခြေပေးလိုက်သည်။

ယွမ်ချူးလင်၏ဆင်ခြေစကားကို ကြားလိုက်ရသော ဟူကျူရှင်းသည် စူးရှိသောမျက်ဝန်းအစုံဖြင့် ထန်ရှုအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် အေးစက်စက်လေသံဖြင့်

“ယွမ်ချူးလင်… ထန်ရှုကို ဆေးခန်းပို့ဖို့ ငါရော လိုသေးလား။”

ဟူကျူရှင်း၏ အရိုးထဲထိအောင် စိမ့်နိုင်သော လေသံအေးစက်စက်ကြီးအား နားထောင်ပြီး ယွမ်ချူးလင်သည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ကာ

“ကောင်းပါပြီဆရာ။ အဲ့ဒါဆိုလည်း ကျွန်တော်တို့ မုန့်စားဆင်းချိန်မှ သွားလိုက်ပါမယ်။”

ဟု ပြော၍ ထန်ရှုအား ဆွဲခေါ်လျက် နေရာဆီသို့ ပြန်သွားထိုင်လိုက်သည်။

ယွမ်ချူးလင်နှင့် ထန်ရှုတို့ နေရာတွင်ပြန်ထိုင်သည်ကို စောင့်ကြည့်ပြီးသောအခါ ဟူကျူရှင်းသည် ဆရာစားပွဲနေရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ဟူကျူရှင်း၏ ခပ်ဖွဖွချောင်းဟန့်လိုက်သံကြောင့် စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

“ကျောင်းအုပ်ကြီးရုံးခန်းမှာ တတိယနှစ်ကြီးကြပ်သူတွေနဲ့ အစည်းအဝေးလုပ်ခဲ့ရတယ်။ အဲ့ဒီက ဆုံးဖြတ်ချက်အရ ထန်ရှုက တန်းခွဲ၅ရဲ့ ကျောင်းသားမဟုတ်တော့ဘူး။ နောက်၃လစာသင်နှစ်အတွက် တန်းခွဲ၁၀ကနေ လေ့လာသင်ယူရလိမ့်မယ်။”

ဟူကျူရှင်းသည် ထန်ရှုနှင့်ယွမ်ချူးလင်တို့အား တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် သူ၏လက်ထဲရှိဖိုင်တွဲအား တစ်ခန်းလုံးကြားနိုင်သည့်အသံဖြင့် ကျယ်လောင်စွာ ကြေညာလိုက်သည်။

ဟူကျူရှင်း၏ကြေညာသံအား ကြားလိုက်ရသောအခါ ထန်ရှု၏ရင်ထဲ၌ တင်းကြပ်သွားရကာ မျက်နှာသည်လည်း လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားရသည်။ သူ၏စိတ်ထဲတွင် မည်သို့မျှ သဘောမထားဟုဆိုခဲ့ငြားသော်လည်း အတန်းမှ နှင်ထုတ်ခံရခြင်းနှင့် အတန်းမှ မိမိသဘောဖြင့် ထွက်ခွာခြင်းဟူသော အခြေအနေနှစ်ရပ်မှာ ကွဲပြားခြားနားလှပေသည်။ ထို့အပြင် ဟူကျူရှင်းသည် အတန်းဖော်များအားလုံးရှေ့တွင် ၎င်းအား ကြေညာလိုက်ခြင်းသည် ထန်ရှု၏ဂုဏ်သိက္ခာနှင့် စိတ်ခံစားချက်တို့အား ဂရုမစိုက်ဘဲ လစ်လျူရှုထားသည်မှာ ပေါ်လွင်နေပေသည်။ ထိုအဖြစ်အပျက်သည် ထန်ရှုအား ခပ်ပြင်းပြင်း ပါးတစ်ချက်ရိုက်လိုက်သည့်နှယ်ဖြစ်စေပြီး မျက်နှာမဖော်ရဲဝံ့အောင်ပင် အရှက်ရစေသကဲ့သို့ရှိသည်။

ယွမ်ချူးလင်သည်လည်း သူတို့အား ဟူကျူရှင်းမှ အပြင်မထွက်ရန် တားမြစ်ခြင်းသည် ထန်ရှုအား အတန်းမှ နှင်ထုတ်ခြင်းအား ကြေညာရန်ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။ ထိုလုပ်ရပ်သည် ယွမ်ချူးလင်အား မျက်နှာများနီရဲလာစေသည်အထိ ဒေါသအကြီးအကျယ်ထွက်စေခဲ့သည်။

သို့သော်လည်း ထန်ရှု၏ဖြူဖျော့နေသောမျက်နှာအား လှမ်းမြင်ရသောကြောင့် သူ၏ဒေါသများကို မျိုသိပ်ထားလိုက်ရသည်။

“ဒါ တကယ်ကောင်းတာပဲ။ ထန်ရှုသာ မရှိတော့ဘူးဆိုရင် ငါတို့အတန်းရဲ့ ပျမ်းမျှအမှတ်က သေချာပေါက်မြင့်တက်သွားလိမ့်မယ်။”

“အရင်တုန်းက အဲ့ဒီလို ငါလည်း တွက်ချက်ဖူးတယ်။ ထန်ရှုသာ စာမေးပွဲ မဖြေဘူးဆိုရင် ငါတို့တန်းခွဲ၅ရဲ့ ပျမ်းမျှအမှတ်က အားလုံးထဲမှာ အမြင့်ဆုံးဖြစ်နေလိမ့်မယ်။ သူ စာမေးပွဲဝင် ဝင်ဖြေနေလို့ ငါတို့အတန်းရဲ့အမှတ်တွေက ကျဆင်းနေရတာ။”

“…………………………….”

“………………………….”

ဟုကျူရှင်း၏ကြေညာသံဆုံးသွားသည့်အချိန်တွင် အတန်းသည် တဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက်သွားသော်လည်း မကြာမီမှာပင် လက်ခုပ်တီးသံပေါင်းများစွာနှင့် ကျေနပ်ဝမ်းသာနေသောအသံများ ထွက်ပေါ်လာခဲ့သည်။

အခန်းထဲမှ ကျွတ်ကျွတ်ညံနေသောအသံများအား ကြားရပြီး ယွမ်ချူးလင်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သို့သော် ထန်ရှု၏အမူအရာမှာ တည်ငြိမ်နေပြီး ထိုအသံများမှာ သူနှင့်မသက်ဆိုင်သည့်နှယ်ပင်ဖြစ်သည်။

“ဆရာဟူ… အစ်ကိုကြီးထန်ရှုက ကားမတော်တဆမှုကနေရခဲ့တဲ့ ဒဏ်ရာတွေကနေ လုံးဝပြန်ကောင်းနေပါပြီ။ သူ့ရဲ့အမှတ်အဆင့်တွေက မကြာခင် မြင့်တက်လာတော့မှာ။ အဲ့ဒါကြောင့်မို့လို့ ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲပေးဖို့ (ဒါမှမဟုတ်) ပြန်လည်စဉ်းစားပေးဖို့ ဆရာက ကျောင်းအုပ်ကြီးရုံးခန်းကို ပြောပေးပါလားခင်ဗျာ။”

ယွမ်ချူးလင်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာဖြင့် ဟူကျူရှင်းအား တောင်းဆိုမှု ပြုလိုက်သည်။

“ဒီလိုကတိစကားမျိုးကို အကြိမ်ပေါင်းများစွာ ငါ နားထောင်ခဲ့ပြီးပြီ။ အဲ့ဒါကြောင့်မို့လို့ မင်းနဲ့ထန်ရှုနှစ်ယောက်စလုံးဆီက ဘယ်လိုကတိစကားမျိုးကိုမှ ငါ အယုံအကြည်မရှိတော့ဘူး။ နောက်ပြီး ကျောင်းအုပ်ကြီးနဲ့ တတိယနှစ်ကြီးကြပ်သူတွေရဲ့ချပြီးသားဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့၊ ရုတ်သိမ်းဖို့ဆိုတာက လွယ်ကူတဲ့အရာ မဟုတ်ဘူးကွ။ ဒါ့အပြင် နောက်၃လအတွင်းမှာ ထန်ရှုက သူ့ရဲ့အမှတ်အဆင့်တွေကို တိုးတက်လာအောင် လုပ်နိုင်မယ်လို့လည်း ငါ့မှာ ယုံကြည်ချက်မရှိဘူးလေ။”

ဟူကျူရှင်းသည် ယွမ်ချူးလင်အား စူးစူးစိုက်စိုက်ကြည့်ပြီး တည်ငြိမ်အေးဆေးစွာ ပြန်လည်ပြောဆိုလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset