Switch Mode

အခန်း ၆

အရှက်ခွဲခြင်း

ထန်ရှု စာသင်ခန်းသို့ ရောက်ရှိလာချိန်တွင် သူ၏အတန်းဖော်အများစုသည် ယခင်နှစ်များ၏စာမေးပွဲမေးခွန်းဟောင်းများကို လေ့ကျင့်လျက်ရှိသည်။  လက်တစ်ဆုပ်စာခန့်ရှိသော လူများသည်သာ ကျောင်းစာအုပ်များကို ကိုင်ဆောာင်လျက် အသံကျယ်ကျယ်ဖြင့် အော်ဖတ်နေကြသည်။ စာသင်ခန်းတစ်ခုလုံးသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။

အတန်းတင်စာမေးပွဲဖြေဆိုရန် သုံးလခန့်သာ လိုသောကြောင့် ကျောင်းသားများ၏ အတန်းပိုင်ဆရာများနှင့် ဘာသာရပ်ဆရာများသည် စာမေးပွဲ၏အရေးကြီးမှုနှင့် ဖြေဆိုရမည့်အချိန် နီးကပ်လာမှုကို အာရုံစိုက်ရန်အတွက် ထပ်ကာထပ်ကာ အလေးပေးပြောကြားခဲ့သည်။  တတိယနှစ်ကျောင်းသားများအား အပတ်စဉ်စာမေးပွဲများနှင့် လစဉ်စာမေးပွဲများ ဖြေဆိုလေ့ကျင့်ထားစေသည့်အတွက် စာမေးပွဲနှင့်မစိမ်းလှသော်လည်း ၁၇နှစ်အရွယ် ကျောင်းသားများအတွက် အတန်းတင်စာမေးပွဲသည် စိတ်လှုပ်ရှားစရာကောင်းနေပေသည်။

စာသင်ပုန်းပေါ်တွင် အတန်းတင်စာမေးပွဲ ရက်မည်မျှနီးနေပြီကို ဖော်ပြထားသည်နှင့် အတန်းဖော်များအားလုံး စူးစူးစိုက်စိုက် လေ့လာနေသည်များအား ကြည့်လိုက်ပြီးနောက် ထန်ရှုသည်  ယခုကမ္ဘာသည် သူနှင့်မကိုက်ညီသကဲ့သို့ ခံစားမိရသည်။

“ငါ ဒီနေရာကို လာတာ အမှန်တကယ် စာသင်ဖို့မဟုတ်ပဲ အမေ့ရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့သက်သက်ပဲ။ တခြားသူတွေကို အနှောင့်အယှက်မဖြစ်ဖို့ လိုတယ်။”

ထိုသို့စဉ်းစားမိသည်နှင့် သူ၏စူးစမ်းလေ့လာသောအကြည့်များအား လျင်မြန်စွာ ရုတ်သိမ်းပြီး ထန်ရှု သူ၏စာသင်စားပွဲသို့ လှမ်းလျှောက်သွားခဲ့သည်။

ထန်ရှုအနေဖြင့် မမျှော်လင့်ထားသည့်အရာသည် စာသင်ခန်းအတွင်းသို့ သူ ခြေချမိလိုက်သည်နှင့် သူ၏အတန်းဖော်များအားလုံးသည် လုပ်လက်စ သင်ခန်းစာပြန်လည်လေ့လာနေခြင်းများအား ရပ်တန့်ပြီး သူ့အား လှည့်ကြည့်နေကြခြင်းဖြစ်သည်။

ထန်ရှု မည်သည့်အတွက်ကြောင့် သူ့အား ကြည့်မှန်းမသိသည့် ထိုအကြည့်များထဲ၌  မထီမဲ့မြင်ပြုခြင်း၊ လှောင်ပြောင်ခြင်း၊ အထင်အမြင်သေးခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်းများ ပါဝင်နေပေသည်။

“ထန်ရှု… ဒီနေရာက မင်းကို မကြိုဆိုဘူး။ ထွက်သွား။”

ရုတ်တရက် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး မထီမဲ့မြင်ပုံစံဖြင့် လူငယ်တစ်ယောက်က ထန်ရှုအား လက်ညှိုးထိုးလျက် အက်ကွဲနေသောအသံဖြင့် တစ်ခန်းလုံးကြားအောင် အော်ပြောလိုက်သည်။

ထိုပိန်ရှည်ရှည်နှင့်လူငယ်ထံမှ ရန်လိုမှုကို ခံစားမိသဖြင့် ထန်ရှုတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာပြီး မျက်ဝန်းအစုံမှာ အေးစက်သွားရသည်။

ထိုလူငယ်၏အမည်သည် ရန်ကျန်းဖြစ်ပြီး အတန်းပြန်လည်လေ့ကျင့်မှုအဖွဲ့၏အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သည်။    ဝင်ခွင့်စာမေးပွဲတွင် ထန်ရှု၏အမှတ်သည် သူ့ထက်ကောင်းမွန်ခဲ့သောကြောင့် ထန်ရှုအား အမြဲ ဆန့်ကျင်ဘက်လုပ်နေသူတစ်ယောက်လည်း ဖြစ်သည်။ ထန်ရှု၏ပညာရေးစွမ်းဆောင်ရည်များ ကျဆင်းခဲ့ချိန်သည် ရန်ကျန်းအတွက် လှောင်ပြောင်ခြင်းနှင့် ဖိနှိပ်ခြင်းများ ပြုလုပ်ရန်အတွက် အခွင့်အရေးများ ဖြစ်ခဲ့သည်။

“ထန်ရှု… ဒီနေရာက မင်းကို မကြိုဆိုဘူး။ ထွက်သွား။”

“ထန်ရှု… ဒီနေရာက မင်းကို မကြိုဆိုဘူး။ ထွက်သွား။”

“ထန်ရှု… ဒီနေရာက မင်းကို မကြိုဆိုဘူး။ ထွက်သွား။”

ရန်ကျန်းအား ပြန်လည်မမေးမြန်းနိုင်ခင် စာသင်ခန်းတစ်ခုလုံး ပျံ့နှံ့လျက် အဆိုပါအော်ဟစ်သံများ ထပ်ကာထပ်ကာ ထွက်လာသောကြောင့် ထန်ရှုသည် အခန်းပေါက်ဝမှာပင် ကျောက်ရုပ်သဖွယ်ဖြစ်ခဲ့ရသည်။

မည်သည့်အကြောင်းအရာဖြစ်သနည်းဆိုသည်ကို ထန်ရှု ရှင်းလင်းရန်ပြုလုပ်နေချိန်တွင် “ဖြောင်း”ဟူသော အသံကြီးတစ်သံသည် အခန်းတစ်ခုလုံးအား ဖုံးလွှမ်းလျက်ထွက်ပေါ်လာခဲ့သည်။ ထန်ရှု လှမ်းကြည့်လိုက်ကြည့်သောအခါ နောက်ဆုံးတန်းရှိ ဖက်တီးလေးတစ်ယောက်သည် သူ၏ကုလားထိုင်အား စာရေးစားပွဲပေါ်သို့ ရိုက်ချလိုက်ခြင်းဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။

ဖက်တီးလေး ရိုက်ချလိုက်သောအားသည် အခန်းတစ်ခုလုံးကိုပင် အနည်းငယ် တုန်ခါသွားစေသည်။ ကျယ်လောင်သော ရိုက်ချသံကြီးကြောင့် ထန်ရှုအား အော်ဟစ်နေသောအသံများ ရုတ်ခြည်း တိတ်ဆိတ်သွားသည်။

“ထန်ရှုရဲ့အဆင့်က နည်းနည်းပဲ ဆိုးတာပါ။ ဒါကလည်း သူ့အမှားမှ မဟုတ်တာပဲ။ အဲ့ဒါလေးအတွက်နဲ့ သူ့ကို မောင်းထုတ်ဖို့ လိုလို့လား။”

“ထန်ရှုက ငါနဲ့တစ်ခုံတည်း အတူထိုင်တဲ့သူ။ ပြီးခဲ့တဲ့နှစ်တွေမှာ သူ အများကြီး ကြိုးစားတာကို ငါ တွေ့ဖူးတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကားမတော်တဆမှုသာ မဖြစ်ခဲ့ရင် သူ့ကို မှီနိုင်တဲ့သူ မရှိဘူးဆိုတာ ငါ သေချာပြောရဲတယ်။ ဘာကြောင့် သူ့ကို အပြစ်တင်ဖို့လိုမလဲ”

“ထန်ရှု အဆင့်ကောင်းတာ မကောင်းတာ အသာထားဦး။ သူလည်း ဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသားတစ်ယောက်ပဲ။ အချိန်မရွေး သွားနိုင် လာနိုင်တယ်။ မင်းတို့ ဘာမှ ပြောပိုင်ခွင့်မရှိဘူး။”

လူတိုင်းက သူ့ကို ကြည့်နေသည်ကို တွေ့ရပြီးနောက် ဖက်တီးသည် ထန်ရှုဘက်မှ စိတ်ဆိုးမာန်ဆိုးဖြင့် ကာကွယ်ပြောဆိုလိုက်သည်။

ဖက်တီး၏ပုံစံသည် ခပ်ပျော့ပျော့နှင့် အရပ် ၁.၈မီတာ ကျော်ရှိပြီး  သူ၏ဝမ်းဗိုက်သည် လုံးဝိုင်းနေသောကြောင့် ၁၀လကြာကိုယ်ဝန်ဆောင်ထားရသည့် အမျိုးသမီးနှင့်ပင် တူနေသည်။ သူ၏မျက်နှာပေါ်မှ ဆူဖြိုးနေသောအဆီများကြောင့် သေးငယ်သော မျက်လုံးအိမ်များသည် မျဉ်းဖြောင့်တစ်ကြောင်းပမာ ကျဉ်းမြောင်းလျက်ရှိပြီး မျက်ဆံအား ကွယ်ဝှက်ထားသည့်နှယ်ရှိချေသည်။

ဖက်တီး၏ဖိအားပေးထားသော ပုံပန်းသဏ္ဍာန်ကြောင့်ပေလော (သို့တည်းမဟုတ်) လူသတ်ချင်စိတ်ဖုံးလွှမ်းနေသော အကြည့်စူးစူးကြောင့်ပေလောမသိ စာသင်ခန်းတစ်ခုလုံး ကြောက်လန့်ငြိမ်သက်နေသည်။

“ယွမ်ချူးလင်… မင်းမှာ ဒီလိုပြောဖို့ အခွင့်ရှိလို့လား။ ငါတို့စာသင်ခန်းတစ်ခုလုံးရဲ့ ပျှမ်းမျှအမှတ်တွေ ဇယားမှာ နောက်ဆုံးဖြစ်နေရတာ စိတ်ပျက်စရာကောင်းတဲ့ မင်းတို့နှစ်ကောင်ကြောင့်ပဲ။ စကားပုံတောင် ရှိသေးတယ် ဘာတဲ့ “ကြွက်ချေးအနည်းငယ်ကြောင့် ဆန်ပြုတ်တစ်အိုးလုံး ပျက်သွားနိုင်တယ်တဲ့”။ ငါတို့အတန်းမှာလည်း ကြွက်ချေးလိုလူစားတွေ ရှိတယ်။ ငါတု့ိရဲ့အမှတ်တွေ တက်လာဖို့ဆိုရင် ဒီလိုလူတွေ အလိုမရှိဘူး။”

အချိန်အကြာကြီး တိတ်ဆိတ်ပြီးသည့်နောက်တွင် ရန်ကျန်းမှ ထိုစကားများအား မဝံ့မရဲ ပြောလိုက်ခြင်းဖြစ်သည်။

“ရန်ကျန်း… ဘယ်သူက ကြွက်ချေးလဲ။ ဟေ့ကောင်…မင်းစကားတွေ ထပ်ပြောလိုက်စမ်းပါ။”

ယွမ်ချူးလင်သည် စားပွဲတစ်လုံးအား ဖြောင်းကနဲ မြည်အောင် ပိတ်ကန်လိုက်ပြီး ရန်ကျန်းအား စူးစူးရဲရဲကြည့်လျက် ပြန်အော်ပြောလိုက်သည်။

ယွမ်ချူးလင်၏ ရန်လိုသောအကြည့်အား ရှောင်ရှားရင်း ရန်ကျန်း၏မျက်နှာသည် ကြောက်စိတ်ကြောင့် ဖြူဖျော့လာသည်။

“ရန်ကျန်း… မင်းနဲ့ငါ ရန်မဖြစ်ချင်ဘူး။ မင်းရဲ့အမှတ်အဆင့်တွေ တအားကောင်းနေရင်တောင်မှ  လူ့ပတ်ဝန်းကျင်မှာ ရှင်သန်လှုပ်ရှားမယ်ဆိုရင် ဒီလိုမျိုး သူများရဲ့အားနည်းချက်ကို နင်းချပြီး အလုပ်ဖြစ်တဲ့လူစားမျိုး မဖြစ်သင့်ဘူး။ ”

ရန်ကျန်း၏ တိတ်ဆိတ်စွာအမှားကိုဝန်ခံသောပုံကို ကြည့်ုပြီး ယွမ်ချူးလင် သူ့အား ထပ်ပြီး အနှောင့်အယှက် မပေးတော့ချေ။ ယွမ်ချူးလင်သည် အေးစက်စက်အပြုံးတစ်ချက်ဖြင့် ရန်ကျန်းအား ကြည့်လိုက်ပြီးနောက် သူ၏စားပွဲ၊ ကုလားထိုင်များကို ပြန်လည်နေရာချကာ ထိုင်လိုက်သည်။

အဆိုပါ ခိုင်ခန့်လှသည့်ကုလားထိုင်မှာ ယွမ်ချူးလင်လက်ချက်ဖြင့် ကျိုးနှင့်နေပြီးသားဖြစ်သောကြောင့် သူ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် “ဂျွတ်” ကနဲ အသံအား ကြားလိုက်ရပြီး ယွမ်ချူးလင်တစ်ယောက် ခြေကားယား လက်ကားယားဖြင့် လေထဲတွင် ဝဲကနဲဖြစ်ကာ ကြမ်းပြင်နှင့် မျက်နှာ မိတ်ဆက်သွားလေတော့သည်။

ယွမ်ချူးလင်၏ထိုအဖြစ်အပျက်အား မြင်လိုက်ရသည်နှင့်တစ်ခဏ အတန်း၏တိတ်ဆိတ်ခြောက်ကပ်နေမှုသည် ပြိုကွဲသွားပြီး မည်သူမျှ မရယ်မဲ မနေနိုင်တော့ပဲ “ဝါး”ကနဲ ရယ်မောသံများ ထွက်ပေါ်လာတော့သည်။

ထန်ရှုပင်လျှင် ရယ်မောလုနီးနီးဖြစ်နေသော ခံစားချက်အား ချုပ်တည်းလျက် သူ့အတွက် ဝင်ပြောပေးခဲ့ရှာသော ယွမ်ချူးလင်အား ဆွဲထူရန်အတွက် သူ့ဆီ လျှောက်သွားလိုက်သည်။

ရန်ကျန်းဘက်တွင် ရှိနေသောလူများမှာမူ သူတို့ဆီ ယွမ်ချူးလင်၏ဒေါသလှည့်လာမည်စိုးသောကြောင့် မရယ်ဝံ့ကြချေ။

“မင်းတို့အားလုံး ရယ်လို့ပြီးပြီးလား.. ပြီးရင်လည်း ပါးစပ်ပိတ်လိုက်တော့။”

ယွမ်ချူးလင်ဆီသို့ တစ်တန်းလုံး အာရုံရောက်နေချိန်တွင် အေးစက်စက်အသံတစ်သံအား စာသင်ခန်းရှေ့မှ ကြားလိုက်ရသဖြင့် တစ်တန်းလုံး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။ ယွမ်ချူးလင်၏ နာကျင်၍ အော်ဟစ်နေသံပင် ချက်ချင်းရပ်တန့်သွားသည်။

ထိုအချိန်မှာပင် ထန်ရှုသည် ကြမ်းပြင်ပေါ်မှ မကျိုးပဲ့သေးသော ကုလားထိုင်နှင့် အနာတရဘာမှမဖြစ်သော ယွမ်ချူးလင်အား ကြည့်ပြီး အံ့အားသင့်သွားသည်။

ထန်ရှု မည်သည့်အရာကို စဉ်းစားနေသည်ကို သိသော ယွမ်ချူးလင်သည် မျက်စမျက်နပစ်ကာ အရိပ်အမြွက်ပြလိုက်သည်။ ထန်ရှ၏စိတ်ဝိညာဉ်သာ ပြန်မလာဖြစ်ခဲ့၍ အမြင်အာရုံသာမတိုးတက်ခဲ့ပါက

ယွမ်ချူးလင်၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်နေပေလိမ့်မည်။

“ဒီဖက်တီးက တကယ် ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပဲ။”

ယွမ်ချူးလင်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီးနောက် ထန်ရှုသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ဉာဏ်ပညာကို အသိအမှတ်ပြုလိုက်သည်။

ယွမ်ချူးလင်အနေဖြင့် ရန်ကျန်းကို ဆန့်ကျင်ဘက်ပြုလုပ်လိုသော်လည်း တစ်ခန်းလုံးကိုတော့ ထိုကဲ့သို့ ပြုလုပ်လိုစိတ်မရှိချေ။ ပြီးခဲ့သောအချိန်ပိုင်းက သူ၏အနိုင်ကျင့်သကဲ့သို့ဖြစ်သွားသောလုပ်ရပ်ကြောင့် တစ်တန်းလုံးက သူ့အား မုန်းမည်ကိုတော့ သူမလိုလားပေ။ ထိုကဲ့သို့ တစ်တန်းလုံး ရယ်မောရအောာင် လုပ်လိုက်ခြင်းအားဖြင့် စာသင်ခန်းအတွင်းရှိလူအများ၏စိတ်တွင် ကြည်လင်သွားပြီး သူ့အား အပြစ်မမြင်တော့ချေ။

“မင်းတို့ရဲ့ငြင်းခုံမှုက တစ်ကျောင်းလုံးတောင် ကြားရနိုင်တယ်။ မင်းတို့ မရှက်ပေမယ့် ငါတော့ ရှက်တယ်။ မင်းတို့မှာ ကျောင်းသားပုံစံဆိုတာရော ရှိသေးရဲ့လား။”

အခန်းထဲမှ ကျောင်းသား၆၀ကျော်အား ခြိမ်းခြောက်ပြီးသည့်နောက် ဟူကျူရှင်း၏အသံမှာ ညင်ညင်သာသာပြန်ဖြစ်သွားသည်။ သူသည် တစ်ခန်းလုံးရှိကျောင်းသားများအား စူးစမ်းသည့်အနေဖြင့် လိုက်လံကြည့်ရှုနေသောကြောင့် ကျောင်းသားများမှာ အပြစ်ရှိသည်ဟု ခံစားနေရသည့်အလား ခေါင်းများအား ငုံ့ထားကြသည်။ ထန်ရှု၊ ယွမ်ချူးလင်နှင့် ရန်ကျန်းတို့သာလျှင် ဟူကျူရှင်းအား ကြောက်ရွံမှုမရှိဘဲ ခေါင်းကိုမော့ ရင်ကိုကော့လျက်ရှိသည်။

ဟူကျူရှင်း၏အကြည့်မှာ ထန်ရှုနှင့် ယွမ်းချူးလင်အပေါ် အတန်ကြာအောင် သက်ရောက်နေပြီးနောက် ရန်ကျန်းဖက်လှည့်ကာ အပြုံးဖြင့် မေးလိုက်သည်။

“ရန်ကျန်း… ဘာတွေဖြစ်နေတာလဲလို့ ဆရာ့ကို ပြောပြစမ်း။ ဒီအသံကြီးကရော ဘယ်ကထွက်လာတာလဲ။”

“ဆရာ…  ထန်ရှုက မနေ့က ညနေအတန်းလည်း ပျက်တယ်ဆရာ။ ဒီမနက် စာလေ့လာဖို့ကိုလည်း နောက်ကျတယ်။ အဲ့ဒါကြောင့် ကျွန်တော်က သူ့ကို အတန်းထဲက နှင်ထုတ်တော့ ယွမ်ချူးလင်က ခုံတွေရိုက်ချိုး၊ စားပွဲတွေကန်နဲ့။ ကျွန်တော့တို့ကိုလည်း အဲ့လိုမျိုး မလုပ်သင့်ဘူးလို့ ဝေဖန်လိုက်သေးတယ်။”

အတန်းပိုင်ဆရာ၏ကျောထောက်နောက်ခံပေးလိုက်မှုကြောင့် ရန်ကျန်းသည် ယုံကြည်မှုပိုရှိလာပြီး မီးလောင်ရာ ဆီထိုးသကဲ့သို့ အဖြစ်အပျက်များအား ရှင်းပြပါတော့သည်။

ဟူကျူရှင်းသည် ထန်ရှုနှင့် ယွမ်ချူးလင်တို့အား ယခင်ကတည်းက သဘောကျမှုမရှိသောကြောင့် အဖြစ်အပျက်များကို နားထောင်ပြီးသွားသောအခါ သူ၏မျက်နှာထက်တွင် ရွံရှာစက်ဆုပ်သောအမူအရာ ပေါ်ထွက်လာသည်။

“ထန်ရှု…. ယခင်လကဖြေထားတဲ့ စာမေးပွဲရလဒ် ထွက်လာပြီ။ မင်းရဲ့အမှတ် ဘယ်လောက်ရမယ်လို့ ထင်လဲ။ ၃၇မှတ်ကွ။ ”

ဟူကျူရှင်းသည် ထန်ရှုအား စူးစူးစိုက်စိုက်ကြည့်ကာ ပြစ်တင်ဝေဖန်လိုက်သည်။

“၃၇မှတ်ပဲ ရတယ်ကွ။ အမှတ်စုစုပေါင်း ၇၅၀ ပေးတာကို မင်းက ၃၇မှတ်ပဲ ရတယ်။ နောက်ကနေ ပြန်ရေကြည့်ရင်တော့ အဆင့်ဇယားမှာ မင်းက ပထမပဲ။ မင်းကြောင့် လူတွေက ငါ့ကို ရယ်မောနေကြတာကိုရော မင်းသိလား။ မင်းရဲ့အမေကသာ ဒူးထောက်ပြီး အကြိမ်ပေါင်းများစွာ ငါ့ကို မတောင်းပန်ခဲ့ဘူးဆိုရင် မင်းကို ငါ့အတန်းမှာ နေခွင့်ပြုလိမ့်မယ်လို့ မင်းထင်နေလားကွ.. ဟမ်..”

ဟူကျူရှင်းသည် ထန်ရှုအား ကျယ်လောင်စွာ ဆူပူအော်ဟစ်လိုက်သည်။

“ပိုမိုကြိုးစားပါမယ်.. အမှတ်တွေ ပိုကောင်းလာစေရပါမယ်ဆိုပြီး အကြိမ်တိုင်း မင်းက ငါ့ကို ပြောတယ်။ အမှတ်စာရင်း ထွက်လာတဲ့အကြိမ်တိုင်း အဆင့်ဇယားမှာ မင်းက ဘိတ်ဆုံးပဲ။ မင်းရဲ့ရလဒ်တွေက ပိုပိုပြီးသာ ဆိုးရွားလာတယ်။”

“ထန်ရှု… ငါတို့ရဲ့အတန်းက မင်းရှိနေရင် ရှေ့ဆက်တိုးတက်လာဖို့မရှိတဲ့အတွက် မင်းကို ကျောင်းထုတ်ရင် ထုတ် (ဒါမှမဟုတ်) အခြားအတန်းခွဲကို ပြောင်းပေးဖို့ ကျောင်းအုပ်ဆရာကြီးကို ငါ တောင်းဆိုပြီးပြီ။ အဲ့လိုမှမဟုတ်ရင်လည်း ဒီအတန်းရဲ့ အတန်းပိုင်ဆရာအဖြစ်က ငါ နှုတ်ထွက်ဖို့လုပ်ရလိမ့်မယ်။”

ဟူကျူရှင်းသည် ထိုစကားများကို ဟိန်းဟောက်ပြောလိုက်သည့်အချိန်တွင် သူ၏မျက်နှာသည် နီရဲတင်းမာလျက် ထန်ရှုမှ ခွင့်မလွှတ်နိုင်သောပြစ်မှုတစ်ခုအား ကျူးလွန်ထားသည့်နှယ်ပင်ဖြစ်သည်။

ဟူကျူရှင်း၏ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရသောထန်ရှုသည် သူ့အတွက် ဖြေရှင်းချက်တစ်စုံတစ်ရာပေးလို၍

တခဏမျှ နှုတ်မှ တရွရွဖြစ်လာခဲ့သည်။ သို့သော်လည်း  ဟူကျူရှင်း၏အမူအရာအား ကြည့်ကာ ထိုအတွေးအား စွန့်လွှတ်လိုက်ပြီး နေရာမှာတင် ငြိမ်သက်စွာ နားထောင်နေလိုက်တော့သည်။

ထန်ရှု၏ဘေးတွင် ရှိနေသော ယွမ်ချူးလင်သည် ထိုအရှက်ခွဲသောစကားများကို ကြားရသောအခါ ထန်ရှုအတွက် မခံမရပ်နိုင်ဖြစ်လာပြီး မျက်နှာကြီးတစ်ခုလုံး ရဲရဲနီလာလျက် ထန်ရှုကိုယ်စား ဝင်ရောက်ပြောပေးရန် အကြိမ်များစွာ ကြိုးစားပါသော်လည်း ဟူကျူရှင်းမှ သူ့အား ပြောခွင့်မရစေရန်အတွက် ဖိနှိပ်ထားနိုင်ခဲ့သည်။

၁၀မိနစ်ကြာမျှ ထန်ရှုအား တရစပ်ဆူပူကြိမ်းမောင်းပြီးသောအခါ ဟူကျူရှင်း၏ဒေါသများ အတန်ငယ်ပြေလျော့သွားပြီး သူ၏အကြည့်များအား ယွမ်ချူးလင်ဆီသို့ ပို့လိုက်သည်။

ယွမ်ချူးလင်၏နှုတ်ခမ်းထောင့်ဆီမှ သရော်တော်တော်အကြည့်ကို မြင်လိုက်ရသော ဟူကျူရှင်းသည် ယွမ်ချူးလင်အား လစ်လျူရှုလိုက်ပြီး အခြားအမှတ်မကောင်းသောကျောင်းသားများကိုသာ ဆက်ပြီး ပြောဆိုနေလိုက်သည်။ မနက်ပိုင်းကျောင်းဆင်းခေါင်းလောင်းထိုးသောအချိန်မှ ဟူကျူရှင်းသည် သူ၏ဆူပူကြိမ်းမောင်းခြင်းအား ရပ်တန့်လိုက်ပြီး အတန်းမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ဟူကျူရှင်း ထွက်ခွာသွားသော်လည်း အတန်း၏လေထုမှာ အထိခိုက်မခံ လေးလံနေသကဲ့သို့ရှိသည်။ လူနည်းစုမှာ အိမ်သာများသို့ ထွက်ခွာသွားပြီး အများစုမှာမူ သင်ခန်းစာများကို ဆက်လက်လေ့လာလျက်ရှိသည်။

Comment

Leave a Reply

Options

not work with dark mode
Reset