အခန်း ( ၅ )

ခင်ဗျားတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပါစေလို့ ကျုပ် ဆန္ဒပြုပါတယ် ( ၁ )

“ ဒါက … ”

ရွှီချင်း၏မျက်ဝန်းများ တဖိတ်ဖိတ်ဝင်းလက်နေသည်။ ခရမ်းရောင်သလင်းကျောက်ကို သူ မယူခင်က အကောင်းပကတိဖြစ်နေသော အလောင်း၏ပုံရိပ်မှာ သူ့စိတ်ထဲ စွဲထင်နေသည်။

“ ဒါက အလောင်းကို မပုပ်သိုးဘဲ အနာမြန်မြန်ကျက်အောင် လုပ်ပေးနေခဲ့တာလား ”

ရွှီချင်းသည် ခရမ်းရောင်သလင်းကျောက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ ဘေးပတ်ဝန်းကျင်ကို ရင်တဒိန်းဒိန်းခုန်လျက် အကဲခတ်လိုက်သည်။

ဤနေရာတွင် အသက်ရှင်နေသော တခြားလူမရှိကြောင်း သူ သိထားသည့်တိုင် အဖိုးတန် ရတနာတစ်ပါးကို ပိုင်ဆိုင်ထားသည်ဖြစ်၍ သူ သတိထားနေဆဲပင်။

ယခုအခါ သူ နေရာမှာပင် ရပ်မနေနိုင်တော့ဘဲ မကြာသေးခင်က သူနေထိုင်ခဲ့ရာ အုတ်ဂူသို့ လှစ်ခနဲ ပြန်သွားလေသည်။

အပြန်ခရီး၌ သူ့ဒဏ်ရာများ အလျင်အမြန် ပျောက်ကင်းသွားသည်သာမက မောပန်းနွမ်းနယ်မှုများသည်ပင် လျော့နည်းသွားသည်ကို သူ တွေ့ရှိလိုက်ရသည်။

ယခင်က ထိုသို့ ပြေးလွှားသည့်အခါ တစ်နာရီကြာပြီးနောက် သူ အရှိန်လျော့သွားတတ်သည်။ ယခုအခါတွင်မူ တစ်နာရီကျော်သည်အထိ သူ ပြေးလွှားပြီးသည့်တိုင် သူ့ခန္ဓာကိုယ်က နွေးထွေးနေဆဲဖြစ်ပြီး သက်လုံလည်း ကောင်းလာသည်ကို သူ ခံစားမိလိုက်သည်။

အပြန်လမ်း၌ မြေပြင်ထက်သို့ ဆင်းသက်လာသော ငှက်တစ်ကောင်ကိုပင် ကံအားလျော်စွာ သူ ဖမ်းခဲ့သေးသည်။

သူက ငှက်ကိုမသတ်ဘဲ သတိမေ့သွားအောင်သာ ရိုက်နှိက်ခဲ့သည်။ အသက်ရှင်နေသော သတ္တဝါများက ပို၍ တာရှည်ခံသည် မဟုတ်ပါလား။

ထိုသို့ငှက်ကို ဖမ်းခဲ့သည့်တိုင် ဂူသို့ သူ ရောက်သွားသည့်အချိန်က ပုံမှန်ပြန်ရောက်နေကျအချိန်များထက် များစွာ မြန်ဆန်နေသည်။ အမှောင်ထုမကြီးစိုးသေး၍ အချိန်အနည်းငယ် ကျန်နေသေးသော်လည်း သူ့ဂူကို ခပ်လှမ်းလှမ်းမှပင် သူ မြင်နေရသည်။

ရွှီချင်းမှာ မကြုံစဖူး စိတ်ပျော်ရွှင်နေပါသော်လည်း သတိလက်လွတ်ဖြစ်မသွားပေ။

နတ်ဘုရားအကြည့် သက်ရောက်ခံလိုက်ရသောအခါ သို့မဟုတ် တားမြစ်နယ်မြေ ကနဦး ဖြစ်တည်ခါစ အချိန်မျိုးတွင် ညအခါဝယ် နိုးထလာသော အသွင်ပြောင်းသတ္တဝါများထက် တခြားမကောင်းဆိုးဝါးများက ပိုမိုများပြားနေတတ်သည်။

ဆင်းရဲသားရပ်ကွက်၌ နေစဥ်အခါက ကမ္ဘာပေါ်ရှိ လူသေအလာင်းများ စုစည်းရာနေရာများတွင် ထိုကဲ့သို့ မကောင်းဆိုးဝါးများ ပေါ်လာတတ်သည်ဟု လူအများ ပြောကြသည်ကို ရွှီချင်း ကြားဖူးသည်။

ဥပမာအနေဖြင့် ယမန်နေ့ညက ဂူအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သော သွေးပျက်ခမန်း ရယ်မောသံကြီးက ထိုကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင်ထံမှ ထွက်ပေါ်လာသည်မှာ သေချာသည်။

အနှီမကောင်းဆိုးဝါးများအား မကြည့်မိရန်၊ မကိုင်မိရန်နှင့် မတွေ့ဆုံစေရန် လူအားလုံး နားလည်ထားကြသည်။

ယခင်အတွေ့အကြုံများအရ မကောင်းဆိုးဝါးများက ညဥ့်အခါ၌သာ ပေါ်ထွက်လာပါသော်လည်း ရံဖန်ရံခါ နေ့ခင်းအချိန်တွင် ထွက်ပေါ်လာတတ်လားဆိုသည်ကို ရွှီချင်း တပ်အပ်မပြောနိုင်ပေ။

သို့ဖြစ်၍ သူ၏အပြေးနှုန်းက နည်းနည်းလေးပင် မလျော့ချေ။ မကြာခင် သူသည် ဂူကို ရောက်သွားကာ ဂူထဲရောက်သွားသည်နှင့် အဝကို ချက်ချင်းပိတ်လိုက်သည်။

ပြီးသည်နှင့် သူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး တင်းကြပ်စွာ ဆုပ်ထားသော သူ့လက်ဖဝါးကို ဖွင့်လိုက်သည်။

သူ့လက်ဖဝါးမှ လွင့်ပျံနေသော ခရမ်းရောင်အလင်းတန်းက ဂူလေးကို အလင်းပေးနေသည်။ အလင်းရောင်အောက်တွင် ရွှီချင်း၏မျက်လုံးများနှင့် မျက်နှာသည်လည်း ခရမ်းရောင်ပြောင်းသွားဟန်တူသည်။

သူသည် လက်ထဲရှိခရမ်းရောင်သလင်းကျောက်ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေသည်။

အနှီသလင်းကျောက်လေးက လေးထောင့်ပုံစံရှိပြီး အကြမ်းဖျင်းအားဖြင့် သူ့လက်ချောင်းအရွယ်အစား ရှိသည်။ သလင်းကျောက်တွင် အမွေးအနည်းငယ်ရှိနေပြီး ယင်းအမွေးများမှ ခရမ်းရောင်အလင်း ထွက်ပေါ်နေခြင်း ဖြစ်သည်။

“ ဒဏ်ရာကုပေးတာလား ”

ရွှီချင်းသည် အချိန်အတော်ကြာသည်အထိ သေသေချာချာ ကြည့်ရှုနေသည်။ ထို့နောက် သူသည် အင်္ကျီကို မ,ကာ ရင်ဘတ်မှဒဏ်ရာအား ကြည့်လိုက်သည်။ ယခုအခါတွင် ဒဏ်ရာက ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းနေသည်ကို သူ မြင်လိုက်ရသည်။

ကျန်နေသေးသော ဒဏ်ရာအနည်းအကျဉ်းသည်လည်း အလွန်တိုတောင်းသော အချိန်အတွင်း လုံးဝ ပျောက်ကင်းသွားတော့မည့်ဟန်တူသည်။ ဒဏ်ရာဘေးမှ အနာရွတ်များသည်ပင် ပျောက်ကွယ်လာ၏။

ထို့နောက် သူသည် သူ၏အပြေးနှုန်းနှင့် ယခင်နှင့် ယှဉ်ပါက အနည်းငယ်သာ မောပန်းသည့် ခံစားချက်များကို ပြန်တွေးမိလိုက်သည်။ ထိုအခါ ခရမ်းရောင်သလင်းကျောက်နှင့်ပတ်သက်၍ အကြမ်းဖျင်း ဆုံးဖြတ်ချက်ချလိုက်သည်။

အနှီပစ္စည်း၏အာနိသင်က ဒဏ်ရာပျောက်ကင်းနိုင်စွမ်းဖြစ်မည်မှာ သေချာသည်။

ယင်းက သက်စောင့်အားအပါအဝင် သူ့ဒဏ်ရာများကို ပျောက်ကင်းစေသည်သာမက သက်လုံလည်း ကောင်းစေသည် မဟုတ်ပါလား။

“ တခြားအာနိသင်တွေများ ရှိမလား မသိဘူး ”

ရွှီချင်း၏မျက်ဝန်းများ ဝင်းလက်သွားကာ တီးတိုးရေရွတ်လိုက်သည်။

အနှီခရမ်းရောင်သလင်းကျောက်က နတ်ဘုရား၏အကြည့်နှင့် ဆက်နွယ်နေမလားဆိုသည်ကို သူ မသိပေ။ သို့သော် များသောအားဖြင့် တစ်ခုတည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ယင်းက အဖိုးတန်ရတနာတစ်ပါး ဖြစ်သည်။ အနိမ့်ဆုံးအနေဖြင့် ရွှီချင်း ကလေးကတည်းက ထိုကဲ့သို့ ကြောက်ခမန်းလိလိ ဒဏ်ရာပျောက်ကင်းသည့်အစွမ်းရှိသော ပစ္စည်းအား တစ်ခါမှ မကြားဖူးခဲ့ပေ။

ထိုကဲ့သို့ ပစ္စည်းအား ပိုင်ဆိုင်ထားခြင်းအားဖြင့် သူ့အတွက် နောက်ထပ်အသက်တစ်သက် ပိုင်ဆိုင်ထားသည့်အလား ဖြစ်နေပေမည်။

သို့သော် ဤမြို့ထဲ၌ သူမှလွဲ၍ တခြားအသက်ရှင်သူ တစ်ယောက်မှမရှိသည့်အတွက်ကြောင့်သာ ထိုပစ္စည်းအား ပိုင်ဆိုင်ရခြင်းဖြစ်သည်ကို ရွှီချင်း ကောင်းစွာ နားလည်သည်။

သွေးမိုးများ ရပ်တန့်သွားပြီး ဤနေရာမှ သူ ထွက်ခွာသွားသည်နှင့် ထိုကဲ့သို့ ရတနာတစ်ပါးအား ကာကွယ်နိုင်ရန် သူ့မှာ လုံလောက်သောစွမ်းအား မရှိပေ။

သို့ဖြစ်၍ ယင်းခရမ်းရောင်သလင်းကျောက်အား ဖုံးကွယ်ထားရန် နည်းလမ်းသာ ရှိသည်။

ရွှီချင်းက အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေသည်။ ထို့နောက် သူဖမ်းလာခဲ့သည့် သတိမေ့နေသော ငှက်ကို ကြည့်ကာ လက်ဖြင့် ယူလိုက်သည်။

မည်သည့်အသံမျှ မထွက်စေရန် ငှက်နှုတ်သီးကို ဖျစ်ညှစ်ထားပြီးနောက် သူက ပေါင်ရှိဓားမြောင်ကို ထုတ်ကာ ငှက်၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအား လှီးထုတ်လိုက်သည်။

ငှက်က ရုန်းကန်နေသည့်တိုင် ရွှီချင်းက ခရမ်းရောင်သလင်းကျောက်အား ထိုဒဏ်ရာထဲ ထိုးသွင်းလိုက်သည်။

ပြီးသည်နှင့် သူက သွေးအေးစွာ စောင့်ကြည့်နေလေသည်။

အစပိုင်းတွင် ငှက်က လူးလွန့်ရုန်းကန်နေသည်ကို သူ မြင်လိုက်ရသည်။ သို့သော် များမကြာမီ အရပ်မျက်နှာအနှံ့မှ ငုပ်လျှိုးနေသော စွမ်းအားများ ဝုန်းခနဲ ပေါ်ထွက်လာပြီး ဝိညာဉ်စွမ်းအားများ ဆုပ်ယူခံလိုက်ရသည့်အလားပင်။ ရွှီချင်း ကျင့်ကြံသည့်အခါက စုဆောင်းခဲ့သော ဝိညာဉ်စွမ်းအားများထက်ပင် များပြားနေသေးသည်။ ထို့နောက် ထိုဝိညာဉ်စွမ်းအားများက ငှက်၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလေသည်။

ယခုအခါတွင် ငှက်၏ရုန်းကန်အားက အဆပေါင်းများစွာ ပြင်းထန်လာသည်။ ရွှီချင်းမှာ အားကုန်သုံးနေသည့်တိုင် ငှက်အား အေးဆေးစွာ မထိန်းချုပ်နိုင်တော့မှန်း ထင်လာသည်။

ယင်းမြင်ကွင်းက ရွှီချင်း၏မျက်ဝန်းများအား ဝင်းလက်သွားစေသည်။

ယခင်က ငှက်၏လည်မျိုကို သူ အသာလေး ဖိညှစ်နိုင်သော်လည်း ယခုအခါတွင် အားကုန်သုံး၍ ကြိမ်ဖန်များစွာ ဖိညှစ်နေရသည်။ နောက်ဆုံးတွင် ငှက်လည်မျိုကို သူ ဖိညှစ်နိုင်သွားခဲ့သည်။

ယင်းနောက် သူက ခရမ်းရောင်သလင်းကျောက်ကို ထုတ်ကာ အင်္ကျီဖြင့်သုတ်၍ အနားယူရန် မျက်လုံးများ မှိတ်လိုက်လေသည်။

“ ငှက်က မသေတဲ့အပြင် သူ့ခန္ဓာကိုယ်ထဲ ဝိညာဉ်စွမ်းအားတွေ ရောက်သွားပြီး ဗြုန်းခနဲ ခွန်အားတောင် ကြီးလာသေးတယ်။ ဒါက စိုးရိမ်စရာ မရှိဘူး ”

တဒင်္ဂကြာပြီးနောက် ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။ ယခုအခါ သူ့မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ချထားသည့်အရိပ်အယောင်များဖြင့် တဖိတ်ဖိတ်လက်နေပြီး ယခုတိုင်အောင် အရှင်းမပျောက်သေးသည့် သူ့ဒဏ်ရာထဲသို့ ခရမ်းရောင်သလင်းကျောက်ကို အတင်းထိုးထည့်လိုက်သည်။

ဒဏ်ရာထဲသို့ သလင်းကျောက်ထိုးထည့်သည်မှာ လွန်စွာ နာကျင်လှပါသော်လည်း ရွှီချင်းက နာကျင်မှုကို အံကြိတ်ခံလေသည်။

ခန္ဓာကိုယ်ထဲတွင် ထည့်ကာ သိမ်းဆည်းထားသည်ထက် လုံခြုံသောနေရာ မရှိသည် မဟုတ်ပါလား။

ယင်းအပြင် သလင်းကျောက်အား သူ့ခန္ဓာကိုယ်ထဲ ထည့်လိုက်ပါက ပိုကောင်းမွန်သော အာနိသင်များ ရှိမလားဆိုသည်ကိုလည်း သူ စမ်းကြည့်ချင်နေသည်။

ခရမ်းရောင်သလင်းကျောက်က သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး ဒဏ်ရာပြန်ပိတ်သွားသည်နှင့် သူ့ခန္ဓာကိုယ်ထဲ တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်လာရာ သူ အနီးကပ်ကြည့်လိုက်သည်။

မကြာသေးခင်က ငှက် စုပ်ယူခဲ့သည့် ပမာဏထက် ပိုမိုများပြားသော ဝိညာဉ်စွမ်းအားများ အရပ်မျက်နှာအနှံ့မှ စီးဆင်းလာကြပြီး မြေကြီးထဲမှပင် စိမ့်ထွက်ကာ သူ့ထံ ပြေးဝင်လာကြသည်။

ဝိညာဉ်စွမ်းအားများက ကြောက်ခမန်းလိလိပင်။ ရွှီချင်း၏ခန္ဓာကိုယ်မှ ဖျတ်ခနဲ အပြာနုရောင် ဝင်းလက်သွားပြီး ဖော်ပြ၍မရနိုင်လောက်သော အအေးဓာတ်က သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။

ယင်းက ဝိညာဉ်စွမ်းအားများအတွင်း ကိန်းအောင်းနေသော ဓာတ်နှောများကြောင့် ဖြစ်သည်။

သို့သော်လည်း ရွှီချင်းမှာ ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုအခိုက်တွင် သူသည် တွေဝေတွန့်ဆုတ်မနေဘဲ သူ၏စွမ်းအင်များကို တောင်တန်းပင်လယ်ပညာရပ်အားသုံး၍ လှည့်ပတ်လိုက်သည်။

***


Comment

  1. ဆောင်းရတီ says:

    👍

  2. kalaybite6 says:

    Wonderful

Leave a Reply

Options

not work with dark mode
Reset