Switch Mode

အခန်း ၅

ကိုယ့်ရဲ့မိသားစုကို ကာကွယ်ရလိမ့်မယ်

“ရှုအာ သားလေး.. အိမ်မက်ဆိုးတွေ မက်နေတာလား။ ”

စုလင်းယွမ်သည် သားဖြစ်သူ၏အော်ဟစ်သံကြောင့် လန့်နိုးလာခဲ့သည်။ ထန်ရှုတစ်ယောက် ချွေးများစိုရွှဲနေသည်ကို ကြည့်ပြီး သူမ၏နှလုံးသားတစ်ခုလုံး တင်းကြပ်လာခဲ့ရသည်။

ပြင်းထန်သောနာကျင်မှုသည် ထန်ရှုအား သတိလစ်လုနီးပါးဖြစ်စေပြီး  အသက်အား ခက်ခက်ခဲခဲရှူနေရသည်။ သူ၏မိခင်ဖြစ်သူမျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုအား မြင်ရသောအခါ မိခင်၏ခန့်မှန်းမှု မှန်ကန်ကြောင်း ခေါင်းညိတ်မပြခင် တဒင်္ဂမျှ သူ တုံ့ဆိုင်းနေမိသည်။

ထန်ရှုသည် အင်မော်တယ်ကမ္ဘာမှ ကိစ္စများနှင့်စပ်လျဉ်း၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောပြလိုစိတ် မရှိချေ။  သာမန်လူတစ်ဦးတစ်ယောက်တွင် မည်သည့်ပြဿနာမှ မရှိသော်ငြားလည်း အင်မော်တယ်ကမ္ဘာမှ သူများ တန်ဖိုးထားသော လျှို့ဝှက်ချက်တစ်ခုခုသာ ပေါ်ပေါက်လာမည်ဆိုပါက ပြဿနာရှိလာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် မည်သည့်အန္တရာယ်ကိုမျှ ဖိတ်ခေါ်လိုစိတ်မရှိပါချေ။

သူ၏မိခင်ဖြစ်သူသည် မည်သည့်အခါမျှ  သူ့အား  နာကျင်စေရန် မလုပ်ခဲ့ပါချေ။  သို့သော်လည်း သူ၏မိခင်အား ခုတုံးလုပ်၍ သူ့အား နာကျင်စေရန် ဆောင်ရွက်ခဲ့ပါက  မိခင်ဖြစ်သူ၏ တည်ငြိမ်အေးချမ်းသော ဘဝလေးပျက်စီးသွားမည်ကိုတော့  သူ လွန်စွာ ကြောက်မိသည်။

“သားလေးက လူညာလေးပဲ။ အိပ်ပျော်နေတာတောင် အိပ်မက်ထဲမှာ မရိုးသားဘူး။ ကြည့်စမ်း… ချွေးတွေ ဘယ်လောက်တောင် ထွက်နေတာလဲ။ ချွေးစော်တွေ နံလာလိမ့်မယ်။ ရေပတ်တိုက်ဖို့ အမေ ရေနွေးနွေးလေး သွားယူလိုက်ဦးမယ် ”

သားဖြစ်သူအား စေ့စေ့စပ်စပ် စစ်ဆေးလိုက်ပြီး စုလင်းယွမ်သည်  နွေးထွေးသော အပြုံးတစ်ပွင့် ပြုံးပြကာ  ထွက်ခွာသွားသည်။

မိခင်ဖြစ်သူ ခပ်ဝေးဝေးသို့ ရောက်ရှိကြောင်း သေချာသွားချိန်တွင် ထန်ရှုသည် အိပ်ရာပေါ်တွင် ကွေး၍ လဲလျောင်းလိုက်သည်။

နာကျင်မှုကို သက်သာရန်အလို့ငှာ လေနုအေးတစ်ချက်ကို ရှူသွင်းလိုက်ပါသော်လည်း နာကျင်မှုက ပျောက်ပျက်မသွားပါချေ။ သို့သော် ထန်ရှု၏မျက်နှာတွင်  ပျော်ရွှင်နေသည့်ဟန်သည် ဖုံးမရပါချေ။

“စွမ်းအား..ဒီဟာက တကယ့်ကို မယုံနိုင်စရာ စွမ်းအားပဲ!

ရှေးခေတ် အင်မော်တယ်ကမ္ဘာက ဆင်းသက်လာတဲ့ ဒီကောင်းကင်စကြာဝဠာ ပညာရပ်ကျင့်စဉ်က

သဘာဝစွမ်းအင်ရင်းမြစ်တွေ အလွန်ရှားပါးနေချိန်မှာတောင် နေ၊ လ၊ ကြယ်တို့ရဲ့စွမ်းအင်တွေကို

ကိုယ်ပိုင်စွမ်းအားအဖြစ် တကယ်ကို ပြောင်းလဲပေးနိုင်ခဲ့တာပဲ။

အရင်တုန်းက ဒီကျင့်စဉ်ကို ကျင့်ဖို့ ငါ့မှာလိုအပ်ချက်တွေရှိနေခဲ့တယ်။

ငါ သွေးအန်ပြီး သတိလစ်သွားတုန်းက  ခန္ဓာကိုယ် သွေးကြောတွေ အလုပ်မလုပ်တော့သလို ဖြစ်ခဲ့တဲ့ အခြေအနေက ကံကောင်းထောက်မပြီး  ကျင့်စဉ်ကို လေ့ကျင့်သွားနိုင်ခဲ့တာပဲ။

အခုဒီကျင့်စဉ်ကို လေ့ကျင့်ဖို့ ငါ့ရဲ့အခြေအနေက လိုအပ်ချက်တွေ မရှိလောက်အောင် ကိုက်ညီ ပြည့်စုံစေခဲ့တယ်။

ကျင့်စဉ် အခြေခံကို လေ့ကျင်တာ ကျွမ်းကျင်မှု့ မရှိသေးပေမယ့်၊ အားနည်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် ငါ့ရဲ့ စိတ်စွမ်းအားက နိုးထလာခဲ့ပြီ!

ငါ တကယ်ကို ကံကောင်းသွားတာပဲ!”

သူ၏ခန္ဓာကိုယ်ထဲတွင် မတူညီသော အသက်စွမ်းအားလမ်းကြောင် အပြင် အားနည်း၍ အလွန်သေးငယ်သော ကြယ်စွမ်းအင်တစ်ခုကို ခံစားသိရှိနေရသည့်အတွက် ထန်ရှုတစ်ယောက် သူ၏ပျော်ရွင်မှု့ကို ထိန်းချုပ်မထားနိုင် ခဲ့ပါချေ။

သို့သော် တစ်ခဏအတွင်းတွင် အတွေးတစ်ချို့အား  နက်နက်ရှိုင်းရှိုင်း တွေးမိပြီးနောက်တွင် ထန်ရှု၏အပြုံးများ အေးစက်သွားခဲ့ရသည်။

အမျိုးအမည် မဖော်ပြနိုင်သော နာကျင်မှုသည်သာ ထန်ရှု၏ရင်ထဲ၌ ကျန်နေရစ်ခဲ့သည်။ ၎င်းနာကျင်မှုသည် အင်မော်တယ်ကမ္ဘာတွင် နတ်ဘုရားအပြစ်ဒဏ်ခံယူချိန်၌ ခံစားခဲ့ရသော နာကျင်မှုဘေးဒုက္ခနှင့် ဆင်တူသလို ရှိနေသောကြောင့် ထန်ရှုအနေဖြင့် သည်လိုနာကျင်မှုဒုက္ခဆင်းရဲမျိုးများကို ထပ်ပြီး မကြုံတွေ့ချင်လိုတော့ပါချေ။

သည်ကျင့်စဉ်၏တစ်ခုတည်းသော အားနည်းချက်သည် ကျင့်ကြံသူသည် စကြာဝဠာကြီးမှ များပြားလှစွာသော စွမ်းအားများ၏စီးဆင်းလာမှုကို ခံနိုင်ရန်အတွက်  အလွန်သန်စွမ်းကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရမည်ဖြစ်သည်။

ကောင်းကင်စကြာဝဠာကျင့်စဉ်ပညာရပ်သည် အချိန်ကာလကို အလေးပေးထားသောကြောင့် ကျင့်ကြံသူများအနေဖြင့် ပထမဦးဆုံးအဆင့်ဖြစ်သော ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်ကို လေ့ကျင့်ရန်အတွက် ပိုမိုသန်မာသောခန္ဓာကိုယ် ဖြစ်ပေါ်နိုင်ရန် ရှားပါးဆေးပင်များ၊ အမြုတေများအပြင် သားရဲခန္ဓာကိုယ်အစိတ်အပိုင်းများ၊ သားရဲသွေးအဆီအနှစ်များ လုံလုံလောက်လောက် ပြင်ဆင်ထားရန် လိုအပ်သည်။

ကြယ်များဖြင့် ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်အဆင့်၌ စွမ်းအင်လေ့ကျင့်ခြင်း၊ အရေပြားဖွဲ့စည်းခြင်း၊ ကြွက်သားကြီးထွားခြင်း၊ အရိုး၊အရွတ်၊အကြော သန်မာရန်ပြောင်းလဲခြင်း၊ သွေးလည်ပတ်မှု ဆင့်ကဲတိုးတက်ခြင်း စသော အပိုင်းများ ပါဝင်ပါသည်။ နတ်ဘုရားမျိုးနွယ်များ၏ အားနည်းသော ခန္ဓာကိုယ် ဖွဲ့စည်းပုံပြသနာအား ဖြေရှင်းနိုင်ရန် နတ်ဆိုးမျိုးနွယ်၏သန်မာသောခန္ဓာကိုယ်ဖွဲ့စည်းပုံကို အတုယူထည့်သွင်းထားပြီး သည်ကျင့်စဉ်အား ဖန်တီးထားခြင်း ဖြစ်သည်။ (ယခင်က မိစ္ဆာ ဟူသောစကားလုံးအစား နတ်ဆိုးဟု ပြောင်းလဲအသုံးပြုပါမည်။) ကျင့်စဉ်၏ အဆင့်သေးများကို အောင်မြင်နိုင်ရန်အတွက်ပင် အမျိုးမျိုးသော ရှားပါး ပစ္စည်းများ လိုအပ်မည်ဖြစ်သည်။

ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်အား ကျင့်ကြံသူသည် သန်မာသော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ရှိရန်လည်း လိုအပ်သည် ။ သည်ကျင့်စဉ်သည် ကျင့်စဉ်တိုးတက်မှု အမှန်တကယ် မြန်ဆန်ခဲ့ရင်ပင်လျှင်  ကျင့်ကြံသူထံ၌ လိုအပ်သော ခန္ဓာကိုယ် တည်ဆောက်ပုံမရှိပါက ကြယ်စွမ်းအားများကို အလွန်အကျွံ စုပ်ယူမိလိုက်လျှင် ချက်ချင်းပေါက်ကွဲပြီး သေနိုင်သည်ဖြစ်သည်။

“ကမ္ဘာမြေကို ပြန်လာရတာ ငါ့အတွက် မလွယ်ကူခဲ့ဘူး။ ပေါက်ကွဲပြီးလည်း ငါ မသေချင်ဘူး။ အင်မော်တယ် ကမ္ဘာမှာတုန်းက  ဒီကောင်းကင်စကြာဝဠာကျင့်စဉ်ပညာရပ်ကို ငါ ကျင့်ကြံချင်ခဲ့တယ်။ ငါတို့ရဲ့ အင်မော်တယ်ကမ္ဘာက လုပ်ကြံသတ်ဖြတ်သူတွေရှိတဲ့အတွက် အသက်ရှင်နေထိုင်ဖို့ သန်မာတဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့အတွက်ကြောင့် ဖြစ်တယ်။

ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ မြင့်မားတဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ ရှိဖို့ မလိုအပ်တဲ့အတွက် ဒီကမ္ဘာရဲ့ နိယာမတွေ ဖြစ်တည်မှု တွေနဲ့ လိုက်လျောညီထွေဖြစ်အောင်တော့ အထူးဂရုစိုက်ဖို့ပဲ လိုတယ်။”

ထန်ရှုသည် ဝမ်းသာပျော်ရွင်ခြင်းနှင့်အတူ တဖြည်းဖြည်းချင်း တည်ငြိမ်သွားပြီးသည့်နောက် တစ်ချိန်တည်းတွင်

ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်ကျင့်ကြံခြင်းအား စွန့်လွှတ်ရန်အတွက် ခိုင်မာသော ဆုံးဖြတ်ချက်ချလိုက်သည်။

အကြောင်းရင်းတစ်ချက်အနေဖြင့် သည်ကျင့်စဉ်ကို သူ ဆက်လက်ကျင့်ကြံပါက ပေါက်ကွဲပြီး သေရခြင်းတည်းဟူသောအရာနှင့် လောင်းကြေးထပ်ရလိမ့်မည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့်  သူ၏ ချစ်သူနှင့် ယုံကြည်ရသော မိတ်ဆွေသူငယ်ချင်းများ အတူတကွ သူ့အား ပူးပေါင်းလုပ်ကြံခြင်းကို ခံခဲ့ရသည့် နာကျင်စရာဖြစ်ရပ်သည် သူ၏မှတ်ဉာဏ်ထဲ၌ တံဆိပ်ရိုက်နှိပ်ထားသကဲ့သို့ စွဲထင်နေသောကြောင့်ဖြစ်သည် ။

“ငါ့အတွက်  ဒီနေရာမှာ မြင့်မားတဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ ပိုင်ဆိုင်ထားဖို့ မလိုအပ်ဘူး။

ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်ကို လေ့ကျင်ဖို့က  ကမ္ဘာမြေရာမှာ အန္တရာယ် များလွန်းတယ်။

တခြား ကျင့်ကြံခြင်းပညာရပ်တွေကို လေ့ကျင့်တာပဲ ကောင်းမယ်။”

ထိုအတွေးကြောင့် အင်မော်တယ်ကမ္ဘာ၌ နှစ်ပေါင်းတစ်ရာခန့် ထမ်းထားခဲ့ရသည့် ဝန်ထုတ်ကြီးကို လွှတ်ချလိုက်ရသကဲ့သို့ ထန်ရှု သက်တောင့်သက်သာ ရှိနေခဲ့သည် ။

အင်မော်တယ်ကမ္ဘာရှိ တော်ဝင်မီးတောက်ငှက်ဂိုဏ်းချုပ်၏ မြေးတစ်ယောက် ဖြစ်ခဲ့သောကြောင့် ထန်ရှုတွင် မြောက်များလှစွာသော ကျင့်ကြံခြင်းနည်းစနစ်များနှင့်ပညာရပ်များ ပိုင်ဆိုင်ခဲ့သည်။ မရေမတွက်နိုင်သော

အမွေအနှစ်များနှင့် လျှို့ဝှက်ကျင့်စဉ်များကိုလည်း ဝယ်ယူခြင်းနှင့် ပညာရပ် လဲလှယ်ခြင်းများလည်း ရှိခဲ့သည်။

လက်ချိုး၍ပင် ရေတွက်နိုင်သော ထိပ်တန်း ကျွမ်းကျင်သူများအနက်မှ တစ်ယောက်ဖြစ်ခဲ့သော ထန်ရှုသည် ကျင့်ကြံခြင်းနည်းစနစ်များနှင့် သိုင်းပညာရပ်အရင်းအမြစ်များ ရှာဖွေရန်အတွက် အင်မော်တယ်ကမ္ဘာတစ်ခုလုံးနှင့်တောင် တိုက်ခိုက်ချင်ခဲ့သည်။ ထို့ကြောင့် သူပိုင်ဆိုင်ရရှိထားသော ပညာရပ်ကျင့်စဉ်များအနက်မှ ရိုးရှင်းလွယ်ကူသောကျင့်ကြံခြင်းနည်းစနစ်များကို သူ ရွေးချယ်လေ့ကျင့်နိုင်မည်ဖြစ်သည်။

ရွှေရောင်ခြည်ကျင့်စဉ်၊ နီလာမီးလျှံကျင့်စဉ်၊ ရေခဲနှလုံးသားကျင့်စဉ်….။

အခြားသူများအနေဖြင့် ကျင့်ကြံခြင်းနည်းစနစ်နှင့် သိုင်းပညာရပ်နည်းပါးမှုအပေါ် စိုးရိမ်နေရစဉ်တွင် ထန်ရှုသည် ရွေးချယ်စရာများလွန်းလှသောကြောင့် သူနှင့်သင့်တော်သည့် ကျင့်ကြံခြင်းနည်းစနစ် မရွေးချယ်မိမှာစိုးသည့်အတွက် စိုးရိမ်ပူပန်နေရသည်။

“ရှုအာ … အမေစိတ်မကောင်းပါဘူး ။ သားရဲ့ဦးလေးကို အမေ ပါးမရိုက်သင့်ဘူး ။အမေ့ရဲ့ဒေါသကို မထိန်းနိုင်ခဲ့အတွက် အမေ့သားလေး စတားစီးတီးကျောင်းကနေ အထုတ်ခံရတော့မယ်။”

စုလင်းယွမ် ရေတစ်ပုံးဆွဲပြီး ပြန်လာသောအချိန်ထိ ထန်ရှုသည် သူ၏ကျင့်ကြံခြင်းကိစ္စပေါ်တွင် စိုးရိမ်ပူပန်လျက်ရှိနေသေးသည်။ ထန်ရှုသည် မျက်မှောင်ကုတ်ကာ စဉ်းစားနေသောကြောင့် သည်ဟာကို မြင်တွေ့လိုက်ရသော စုလင်းယွမ်သည် သူမ၏သားဖြစ်သူသည် ကျောင်းကိစ္စနှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်နေသည်ကို တွေးထင်လိုက်မိသည်။

“အမေ… ဒီဟာ အဆင်ပြေပါတယ်။ ပြီးခဲ့တာတွေက ပြီးခဲ့ပြီပဲ။ မသကာ သားတို့ ဒီဆွေမျိုးတွေကို ဆုံးရှုံးရရုံပဲပေါ့။  အဲ့လိုမှ မလုပ်ခဲ့ရင် အကြောင်းပြချက်မရှိပဲ  အရှက်တရားတွေ ရင်မှာပိုက်ပြီး သားတို့ တစ်သက်လုံး စိတ်တနုံ့နုံ့ ဖြစ်နေရလိမ့်မယ်။”

စုလင်းယွမ်တစ်ယောက် သူမကိုယ်သူမ အပြစ်ရှိသည်လို့ ခံစားနေရသည်ကို မြင်နေရသောကြောင့် သားတစ်ယောက်အနေဖြင့် ထန်ရှုသည် သူ၏ ခံစားချက်အား ဖုံးကွယ်လိုက်ကာ တောက်ပသောအပြုံးတစ်ခုကို ပြုံးလျက် သူ၏မိခင်အား နှစ်သိမ့်ပေးလိုက်သည်။

“ဒါပေမယ့်…”

“မဖြစ်လာသေးတာတွေအတွက် ကြိုပြီး စိတ်ပူမနေပါနဲ့အမေရယ်.. နော်။  သား ပထမစတားစီးတီးကျောင်းမှာ ဆက်ပြီး ပညာသင်ရမှာလဲ ဖြစ်နိုင်တာပဲလေ။ အဲ့ဒီကျောင်းက လက်မခံခဲ့ရင်တောင် သတ္တမစတားစီးတီးကျောင်း က လက်ခံလိမ့်မယ်လို့ တော့ သားထင်တယ်။ မေမေ သားအတွက် ရှေ့လျှောက်ငွေတွေ သုံးနေဦးမယ်ဆိုတာ သား သိနေတယ်လေ။”

စုလင်းယွမ် စကားအများကြီးဆက်ပြောချင်သော်လည်း ထန်ရှုမှ ကြားဖြတ်ကာ အဆက်မပြတ် ပြောဆိုလိုက်သောကြောင့် အခွင့်မသာပဲ ရှိခဲ့သည်။

“ကောင်စုတ်ကလေး… သားက မေမေရဲ့တစ်ဦးတည်းသောသားပဲ။ သားအတွက်မှ ပိုက်ဆံမသုံးရင် မေမေက ဘာအတွက်သုံးဖို့ရှိမှာလဲ။”

ထန်ရှုအား စူးစူးစိုက်စိုက်ကြည့်လိုက်သောအခါ သားဖြစ်သူမှ သူမအား အမှန်တကယ်ကို အပြစ်တင်လိုသည့်ဟန်ရှိမနေသည့်အတွက် စုလင်းယွမ် အနည်းငယ် စိတ်သက်သာရာ ရခဲ့ပါသည်။

မိခင်ဖြစ်သူမှ သူ၏ခန္ဓာကိုယ်အား သန့်ရှင့်းရေးလုပ်ပေးနေချိန်တွင် မည်သည့်ကျင့်ကြံခြင်းနည်းစနစ်နှင့်သိုင်းပညာရပ်အား ရွေးချယ်လေ့ကျင့်ရန်အတွက်  ဦးနှောက်အား အလုပ်ပေးထားသောကြောင့်  မသင့်တော်သည့် မည်သည့်အရာကိုမျှ သတိမထားမိခဲ့ပါချေ။ သူ၏ ဘောင်းဘီကို လျှောချခြင်းခံလိုက်ရပြီး လေနုအေးတစ်ချက်မှ  သူ၏ပေါင်ခြံတစ်ဝိုက်အား ပွတ်တိုက်ကျီစယ်သွားမှုကြောင့် အေးမြမှုကို ခံစားရသည့်အခါမှ သူ သတိပြန်ဝင်လာခဲ့သည် ။

“မေမေ သားဘာသာ လုပ်လိုက်ပ့ါမယ်။ ဟိုဘက်ဘေးမှာ သွားအနားယူလိုက်ဦးနော်။”

ထန်ရှုသည် အလင်း၏လျင်မြန်ခြင်းနှုန်းဖြင့် ဘောင်းဘီကို အပေါ်ဆွဲတင်လိုက်ပြီး မိခင်ဖြစ်သူ၏လက်ထဲမှ လက်ကိုင်ပဝါကို လှမ်းဆွဲယူလိုက်ကာ ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် ပြောလိုက်သည် ။

“ကောင်စုတ်လေး… သားကို အမေမွေးခဲ့တာပါနော်။  သားရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အမေ မမြင်ဖူးတဲ့နေရာ မရှိဘူးနော်။”

စုလင်းယွမ်က ရီရီမောမောဖြင့် သူမ၏သားဖြစ်သူအား ချစ်စနိုးဖြင့် ဆူလိုက်ပြီး အတင်းအကျပ် မသန့်ရှင်းပေးတော့ပဲ  ထိုအစား ဘေးဘီဝဲယာမှ သူမတို့၏ပစ္စည်းများကို သိမ်းလိုက်သည်။

“ရှုအာ… သားရဲ့ ခန္ဓာကိုယ်က စိုးရိမ်စရာမရှိတော့ဘူးလို့ ဆရာဝန်က ပြောလိုက်တယ်။ လွန်ခဲ့တဲ့တစ်နှစ်ကတည်းက ခံစားခဲ့ရတဲ့ သားရဲ့ရောဂါအခြေနေက အံ့သြစရာကောင်းအောင်ကို အမှန်တကယ် ပျောက်ကင်းသွားခဲ့ပြီတဲ့။ သား ဘယ်လို ခံစားရသေးလဲ။”

“ဦးလေးရဲ့ အိမ်မှာ သွေးအန်ပြီး ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေသလို ခံစားရတဲ့အပြင် အခု စိတ်အားတွေ ပိုပြီး တက်ကြွနေသလိုပဲ။ ကြည့်ရတာ အတိတ်တုန်းက လွတ်နေခဲ့တဲ့ အသိဉာဏ်တွေ ပြန်လည်တည့်မတ်လာတဲ့ပုံပဲ။ အမေ … သား ဆုံးရှုံးခဲ့ရတာတွေအတွက် မကြာခင်မှာ ထိပ်ဆုံးကို ပြန်လည်ရောက်လိမ့်မယ်ဆိုတဲ့ ခံစားချက် ရှိတယ်။ ”

စုလင်းယွင်၏ စိတ်လှုပ်ရှားစွာ ငေးကြည့်နေမှုအောက်၌ ထန်ရှုသည် ပျော်ရွှင်သော မျက်နှာဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။

သူ၏မိခင်ဖြစ်သူ စိုးရိမ်နေသည့်အကြောင်းအရာကို ထန်ရှုသည်  နားလည်သဘောပေါက်သောကြောင့် ထိုအတွေးနှင့်တစ်ထပ်တည်း တူညီစွာပြောခဲ့သည်။ ထိုဟာသည် ထန်ရှုမှ သူ၏မိခင်အား လိမ်ညာပြောဆိုနေခြင်းမဟုတ်ပဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အမှန်တရားကို ဖုံးကွယ်ထားရုံသာ ဖြစ်သည်။

သူ၏ အသက်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်လာပြီးနောက် ကားမတော်တဆထိခိုက်မှုကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင် သွေးခဲများ ပိတ်ဆို့နေကြာင်း ထန်ရှု သိခဲ့သည်။

မူလအစက ထန်ရှုသည် စုရှန်းဝမ်ကို စုတ်ပြတ်သတ်သွားအောင် ရိုက်နှက်ချင်လိုက်ချင်သောကြောင့် မူလပေါက်ကွဲခြင်းပညာရပ်ကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ သို့သော် တိုက်ခိုက်ရန်ပြုလုပ်လိုက်ချိန်တွင်  ယခုကမ္ဘာသည် ငြိမ်းချမ်းရေးကို အဓိကထားသည့်နေရာဖြစ်ပြီး အင်မော်တယ်ကမ္ဘာကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်မှုများ မပြုလုပ်သည်ကို သူ ရုတ်တရက် သတိရလိုက်သည်။ ဦးလေးဖြစ်သူစုရှန်းဝမ်အား ထန်ရှု ရွံရှာမုန်းတီးသော်လည်း သူသည် ဆွေမျိုး တစ်ယောက်ဖြစ်သည့်အပြင် သတ်ဖြတ်ချင်စိတ်မရှိသော ရန်သူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် ထန်ရှုသည် သူ၏စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ ပိတ်ဆို့နေသော သွေးခဲများအား ဖယ်ရှားရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ထန်ရှု၏ ခန္ဓာကိုယ်သည် ထူးဆန်းသည့်ကုသမှုအား  ခံနိုင်ရည် မရှိခဲ့ပဲ သူမျှော်လင့်ထားတဲ့သကဲ့သို့ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူ၏ အသက်ဝိညာဉ်သည် ခန္ဓာကိုယ်ကိုပြန်ရောက်လာပြီးသည့်အချိန်တွင် သူ၏ အသိညဏ်ပညာသည် ယခင်အတိုင်း ပြန်လည်ရရှိနေပြီးဖြစ်ပြီး  နှစ်တစ်သောင်းမှ အသိညာဏ်ပညာ၊ ဗဟုသုတများနှင့်  နတ်ဘုရားစွမ်းရည်များပါ ရရှိနေသည်ကို သူ စစ်ဆေးသိရှိပြီးဖြစ်သည်။ သည်ထိပ်ဆုံးအဆင့်အရာများသာ သူ ပြန်မရခဲ့ဘူးဆိုပါလျှင် နှစ်တစ်သောင်းကျင့်ကြံခဲ့မှုများသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။

ထန်ရှု၏ ခန္ဓာကိုယ်အား မည်သည့်ထိခိုက်မှုမျှ မရှိသည်ကို သေချာစွာ စစ်ဆေးပြီးနောက် စုလင်းယွမ်သည် ပြင်ပလူနာများ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပြီး နေအိမ်သို့ ပြန်ခဲ့ကြသည်။

သူတို့ နေအိမ်ပြန်ရောက်သည့်အခါ ကိုယ်လက်သန့်ရှင်းရေး အနည်းငယ် လုပ်ကြသည်။ မိခင်ဖြစ်သူ၏  ရပ်တည်ချက်ကြောင့် ထန်ရှုသည် ကျောင်းတက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပါ။

“ရှုအာ… သားရဲ့ဦးလေးက သားကို အခက်အခဲတွေဖြစ်အောင် မလုပ်သင့်ဘူး။ အမေတို့တွေက ဆွေမျိုးသားချင်းတွေပဲဟာ။ အမေ့သားလေး ပထမစတားစီးတီးကျောင်းမှာ ပညာမသင်နိုင်ရင်တောင်မှ ဒုတိယ စတားစီးတီးကျောင်းမှာ တက်နိုင်အောင် အမေ အစွမ်းကုန် ကြိုးစားမှာပါ။ အဆိုးတကာ့အဆိုးဆုံး အခြေနေကျမှ သတ္တမ စတားစီးတီးကျောင်းကို တက်ရလိမ့်မယ်။”

ကျောင်းဝင်းအတွင်းသို့ မဝင်ခင် စုလင်းယွမ်မှ ထန်ရှု၏ကျောင်းဝတ်စုံကို သပ်ရပ်အောင် ပြင်ပေးရင်း နူးညံ့ညင်သာစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ အမေ သား သိပါပြီ။ အခြားအရာတွေ မတွေးပဲ သား ပညာရေးကိုပဲ အာရုံစိုက်မှာပါ။ သားမှာ အမေတစ်ယောက်လုံး ရှိနေတာပဲ။”

မိခင်ဖြစ်သူအား ခပ်ဖွဖွ ပွေ့ဖက်လိုက်ပြီး ထန်ရှု ညင်သာစွာ ပြောလိုက်သည်။

“အမေလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ နို့မဟုတ်ရင် သားစိတ်မကောင်းဖြစ်ရလိမ့်မယ်။”

စကားဆုံးသည်နှင့် ထန်ရှုသည် မျက်ဝန်းများနီရဲလျက် မိခင်ဖြစ်သူကို ထားခဲ့ပြီး လှည့်ထွက်လာခဲ့သည်။

“ဝက်ဝံတစ်ကောင်လို ကမူးရှူးထိုးကလေးက ဘယ်လိုတောင် ရုတ်တရက် ချစ်စရာကောင်းသွားတာလဲ။ ဒီအမူအရာနဲ့ ငါ နေသားမကျသေးသလိုပဲ။”

သူမ၏သားဖြစ်သူ ပြောင်းလဲသွားကြောင်း စုလင်းယွမ်တစ်ယောက် ခံစားမိပြီး  ကျေနပ်နှစ်သိမ့်မှုသည် သူမ၏ရင်ထဲသို့  နက်နက်ရှိုင်းရှိုင်း ပျံ့နှံ့ရောက်ရှိသွားသည် ။

ထန်ရှုတစ်ယောက် အဝေးကြီးကို ရောက်မသွားသေးသည်ကိုတော့ စုလင်းယွမ် မသိခဲ့ပါချေ။ ကျောင်းအဆောက်အဦး၏ထောင့်ချိုးကွေ့သို့ ရောက်သည်နှင့် ထန်ရှုသည် မိခင်ဖြစ်သူ မမြင်နိုင်သော နေရာ၌ ပုန်းကွယ်ပြီး စုလင်းယွမ်အား တိတ်တဆိတ် ငေးကြည့်နေမိသည်။

မိခင်ဖြစ်သူ၏ မျက်လုံးထောင့်စွန်းတွင် ဝေ့ဝဲနေသော မျက်ရည်များနှင့်အတူ ဖုံးဖိ၍မရသောအပြုံးတို့ဖြင့်  ပျော်ရွှင်နေသောမျက်နှာလေးအား တွေ့မြင်ရသည့်အခါ ထန်ရှု၏ နှာခေါင်းဘေးတစ်လျှောက် မျက်ရည်စီးကြောင်းနှစ်ခုသည် ထိန်းမနိုင်သိမ်းမရ တလိမ့်လိမ့် ကျဆင်းလာခဲ့သည်။

သူနှင့်မိခင်ဖြစ်သူကြားမှ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာအား မိခင်ဖြစ်သူအပါအဝင် မည်သူမှ စိတ်ကူးပုံဖော်၍ ရနိုင်မည်မဟုတ်ပါချေ။

နှစ်ပေါင်းတစ်သောင်းခွဲနေရခြင်းနှင့်  နှစ်ပေါင်းတသောင်း လွမ်းဆွတ်နေခဲ့ရခြင်း…

နှစ်ပေါင်းတစ်သောင်းအင်မော်တယ်ကမ္ဘာတွင် ရှိခဲ့စဉ်အချိန်၌ ထန်ရှုသည် မိခင်ဖြစ်သူအကြောင်းသာ အမြဲစဉ်းစားနေမိခဲ့ပြီး ထိုအရာသည် သူ၏အတွင်းစိတ်နှလုံးသားထဲ၌ အကြီးမားဆုံး အတွင်းနတ်ဆိုးသဖွယ် တည်ရှိနေခဲ့သည်။  သူ မည်မျှပင် ကြိုးစားစေကာမူ မိခင်ဖြစ်သူအား သတိရလွမ်းဆွတ်သောစိတ်အား ဖျောက်ဖျက်၍ မရခဲ့ပါချေ။

နှစ်တစ်သောင်းကြာသည့်အချိန်ထိတိုင် မိခင်ဖြစ်သူအား  မတွေ့ရသည်ပင်လျှင် သူ၏နှလုံးသားထဲ၌ အမြဲရှိနေခဲ့သည်။ မရေအတွက်နိုင်သော ဘဝများစွာလည်ပတ်နေသော်လည်း စုလင်းယွမ်သည်သာ ထာဝရ သူ၏မိခင်ဖြစ်စေလိုခဲ့ပြီး ဘဝတိုင်းတွင်လည်း သူတစ်ယောက်သာလျှင် သူမ၏သားဖြစ်ချင်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အင်မော်တယ်ကမ္ဘာ၌  ရှင်သန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွေ့အကြုံဖြင့် ထန်ရှုသည် သူ၏စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခဲ့သည်။  သို့မဟုတ်ပါက သူ၏ချစ်ရသောသူနှင့် မိတ်ဆွေသူငယ်ချင်းများ၏သစ္စာဖောက်မှုကို ခံခဲ့ရသော ထန်ရှုသည် ဝမ်းနည်းမှုအား ရင်ဝယ်ပိုက်လျက် ကမ္ဘာမြေသို့ပြန်ရောက်လာသောအချိန်တွင် မိခင်ကိုဖက်ကာ ခါးသီးစွာ ငိုကြွေးနေချင်ခဲ့သည်။

“အမေ… လွန်ခဲ့တဲ့၁၇နှစ်တွေမှာ  အမေက မိသားစုကို ကာကွယ်ပေးခဲ့ရတဲ့ တစ်ဦးတည်းသောသူပါ။ အခုကစပြီး မိသားစုကို ကာကွယ်ဖို့တာဝန်ကို အမေ့သား လွှဲပြောင်းယူပါမယ်အမေ။”

ထန်ရှုသည် မိခင်ဖြစ်သူ တရွေ့ရွေ့နှင့် ဝေးကွာသွားလျက် လူအုပ်ကြားထဲ၌ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း  တိုးတိတ်စွာ ရွတ်ဆိုလိုက်သည် ။

Comment

Leave a Reply

Options

not work with dark mode
Reset