Switch Mode

အခန်း ၃

အမှန်တရားဆိုသည်မှာ

အိမ်ထဲတွင် ရှိသောလူအများမှာ အငြင်းပွါးမှုမှ ထိုကဲ့သို့ကိစ္စရပ်ကြီးအဖြစ်သို့ ရောက်ရှိသွားရလိမ့်မည်ဟု ဘယ်သူမှ မထင်ထားမိကြချေ။

သွေးအိုင်ထဲတွင် လဲနေသည့် စုရှန်းဝမ်နှင့် ထန်ရှုတို့ကို မြင်ရသည့်အခါ အိမ်ထဲတွင် အထိတ်တလန့် အော်ဟစ်သံများ၊ အကူအညီတောင်းသံများနှင့် ဆူညံပွက်လောရိုက်သွားတော့သည်။

မည်သူကမှားသည် မည်သူကမှန်သည်ကိုလည်း စဉ်းစားနိုင်ခြင်း မရှိကြတော့ချေ။

မိနစ် အနည်းငယ်ကြာပြီးနောက် စုရှန်း၀မ်၏အိမ်သို့ ရဲများရောက်ရှိလာကြသည်။

ရဲများရောက်ရှိလာသည့်အချိန်တွင် မေ့မျောနေသော စုရှန်းဝမ်သည် သတိရလာပြီး အိမ်ထဲတွင် ရဲများဖြင့် ပြည့်နေသည်ကို မြင်လိူက်ရသောအခါ ထိတ်လန့်သွားသည်။ သို့သော် ကြမ်းပြင်ထက်တွင် လဲနေသည့်ထန်ရှုကို မြင်လိုက်သောအခါ သတိမလစ်ခင်က သူ့ကိုတိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များကို အမှတ်ရသွားပြီး မျက်လုံးများ နီရဲလာသည်။

“အရာရှိခင်ဗျား… ကျွန်တော့်အိမ်ကနေ ယွမ်၃၀၀၀ကို သူခိုးထားတယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်။ ဒါ့ကြောင့် သူ့ကို အရေးယူပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။”

စုရှန်း၀မ်တစ်ယောက် နာကျင်မှုကို ဂရုမစိုက်နိုင်ပဲ ထန်ရှုကို ညွှန်ပြကာ အံ့ကြိတ်ပြောလိုက်သည်။

“အခုလေးတင်ဘဲ ဒီမှာ လူသတ်မှုဖြစ်တယ်လို့ အကြောင်းကြားတာကို ကျွန်မ သိလိုက်ရတယ်။ အဲဒီ့သတင်းကို ဘယ်သူအကြောင်းကြားတာလဲ။”

၀င်ရောက်လာသည့် ရဲအဖွဲ့ကိုဦးဆောင်သူမှာ ရဲရင့်သည့်ပုံစံရှိသည့် အရာရှိအမျိုးသမီးဖြစ်သည်။ သူမက စုရှန်းဝမ် ပြောသည်ကို ဂရုမစိုက်ပဲ အိမ်ထဲတွင်ရှိသည့် လူများအား မျက်လုံးဝေ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏အကြည့်သည် ကျန်းမေ့ယွမ်သို့အရောက်တွင် ရပ်တန့်သွားပြီး လေသံနှိမ့်လိုက်ကာ မေးလိုက်ခြင်းဖြစ်သည်။

ရဲအရာရှိအမျိုးသမီး၏စူးရှသောအကြည့်အောက်တွင် ကျန်းမေ့ယွမ်သည် လိပ်ပြာမလုံမလဲဖြင့် ခေါင်းငုံ့လိုက်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်

“ရဲအရာရှိ… ခုနက အကြောင်းကြားလိုက်တာ ကျွန်မပါ။ ကျွန်မယောကျ်ားသွေးတွေထွက်ပြီး အသက်မရှုတော့သလိုဖြစ်နေလို့ ကျွန်မစိတ်ပူပြီး အခုလို သတင်းပေးမိတာပါ။”

ကျန်းမေ့ယွမ် ပြောသည်ကို နားထောင်ပြီးနောက် ရဲအရာရှိအမျိုးသမီးချန်ရွှယ်မေ့၏မျက်နှာတင်းမာနေရာမှ ပြေလျော့သွားသည်။

“ရဲအရာရှိခင်ဗျား… ဒီကောင်လေးကို တကယ်ဖမ်းသင့်ပါတယ်။ သူက ကျွန်တော်တို့ပိုက်ဆံကို ခိုးတဲ့အပြင် ကျွန်တော့လက်ကိုလဲ ကျိုးအောင်လုပ်ထားသေးတယ်”

ချန်ရွှယ်မေ့သည် စုရှန်းဝမ် နှင့် ထန်ရှုတို့နှစ်ယောက်လုံး၏ ဒဏ်ရာကို အနီးကပ်ကြည့်ရှုလိုက်ချိန်တွင် စုရှန်း၀မ်မှ အထက်ပါစကားများကို ပြောလိုက်ခြင်းဖြစ်သည်။

ချန်ရွှယ်မေ့သည် စုရှန်း၀မ်အား တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမျှမတုံ့ပြန်ပဲ သူမ၏၀န်ထမ်းများနှင့် လုပ်စရာရှိသည်များကို ဆက်လုက်လုပ်ကိုင်နေသည်။ ထို့နောက် သူမ၏လက်အောက်မှ အခြားအရာရှိတစ်ဦးအား ထိုနေရာကို ချိတ်ပိတ်လိုက်ရန် အမိန့်ပေးလိုက်သည်။

“ရဲအရာရှိ… ကျွန်တော်က ပြည်သူ့လုံခြုံရေးဌာနရဲ့ ကပ္ပတိန်ဝမ်နဲ့ ညီအစ်ကိုလိုနေပြီး ကာကွယ်ရေးဦးစီးချုပ် တန် ရင်းနှီးပါတယ်။ ပြီးတော့ မြို့တော်ရဲတပ်ဖွဲ့ကိုလည်း ရန်ပုံငွေကြေးထောက်ပံ့နေတဲ့သူတစ်ယောက်ပါ။”

သူပြောနေသည်ကို ချန်ရွှယ်မေ့ ဂရုမစိုက်ပုံရသည့်အတွက် စုရှန်းဝမ်က သူ့တွင် ကျောထောက်နောက်ခံရှိကြောင်း ပြောလိုက်သည်။

“ရှင်က ဘာလို့ မြို့တော်ရဲတပ်ဖွဲ့ကို ရှင့်ကိုယ်ပိုင်ဖွင့်ထားတာလို့ မပြောတာလဲ။ အဲ့ဒါဆိုရင် ရှင်ဖမ်းစေချင်တဲ့လူကို ကျွန်မ ဖမ်းပေးမှာပေါ့။”

ချန်ရွှယ်မေ့တစ်ယောက် စုရှန်းဝမ်၏စကားများကို ကြားပြီးနောက် ရေခဲတမျှမျက်နှာအေးစက်သွားကာ သူမ၏ခေါင်းကို မော့လျက် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ စုရှန်းဝမ်၏ အထက်စီးဆန်သည့်အပြုအမူကို ချန်ရွှယ်မေ့ စိတ်ပျက်သွားရ၏။

စုရှန်းဝမ်သည် ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူ၏ကျောထောက်နောက်ခံအဆက်အသွယ်များကို ပြောပြလိုက်သော်လည်း ထိုရဲအရာရှိအမျိုးသမီးက သူ့ကိုအရေးမလုပ်သည့်အပြင် ခနဲ့တဲ့တဲ့ပြောလိုက်သေးသဖြင့် သူ့တွင် ပြောစရာစကားများ ထပ်မရှိတော့ပဲ တခဏမျှ တိတ်ဆိတ်သွားသည်။

စုရှန်းဝမ်မှ သူမအား မနှောင့်ယှက်နိုင်တော့ပဲ တိတ်ဆိတ်နေသည့်အချိန်တွင် ချန်ရွှယ်မေ့သည် စုရှန်း၀မ်နှင့် ထန်ရှုတို့၏ဒဏ်ရာအခြေအနေများကို လျင်မြန်စွာြဖင့် စေ့စေ့စပ်စပ် စစ်ဆေးနေသည်။ စုရှန်းဝမ်သည် တံတောင်ဆစ် အဆစ်လွှဲသွားသည်သာမက ပြင်းထန်သည့်ဒဏ်ရာများလည်း ရရှိထားသည်။ ထန်ရှုသည်လည်း ခါးနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာများ ရရှိထားပြီး သတိရတစ်ချက်မရတစ်ချက် ဖြစ်နေသည်။

ချန်ရွှယ်မေ့သည် ကြမ်းပြင်ပေါ်တွင်ရှိသည့် သွေးကွက်ကို ကြည့်ပြီး အံ့ဩလျက်ရှိသည်။ ထန်ရှု၏ ဒဏ်ရာများသည် ဆိုးဆိုးရွားရွားပုံ ဖြစ်နေသော်လည်း အလွန်ပြင်းထန်သည့်ပုံမရှိသဖြင့် အဆိုပါသွေးကွက်သည် ထန်ရှု၏သွေးကွက် ဖြစ်နိုင်မည်မဟုတ်ဟု သူမ ယူဆထားသည်။ သို့သော် အခင်းဖြစ်ပွားရာနေရာတွင်ရှိနေသည့် လူအားလုံးမှ ၎င်းသွေးကွက်သည် ထန်ရှုအန်ထားခြင်းဖြစ်သည်ဟု သက်သေခံသောကြောင့် သူမ၏သုံးသပ်ချက်ကိုပင် မယုံနိုင်ဖြစ်ခဲ့ရသည်။

“မောင်လေး…မင်း ဘယ်နေရာမှာ နေလို့မကောင်းဖြစ်နေလဲ”

ချန်ရွှယ်မေ့သည် သေလုမတတ်ဖြူဖျော့နေသည့် ထန်ရှုကို မေးမြန်းလိုက်သည်။

“အစ်မ… ကျွန်တော် အဆင်ပြေပါတယ်။ ဆေးရုံသွားဖို့ မလိုပါဘူး။ ကျွန်တော် အမေ့ကို စိတ်မပူစေချင်ဘူး။”

ထန်ရှုသည် ခေါင်းခါလျက် တိုးညှင်းသောအသံဖြင့် ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။

ချန်ရွှယ်မေ့သည် စိုးရိမ်ပူပန်နေပုံရသည့် စုလင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ထန်ရှုကိုတဖန် ပြန်ကြည့်ပြီးနောက် တိတ်ဆိတ်သွားသည်။

“အရာရှိချန်… ကျွန်တော်တို့ ဒီကိစ္စကို အရာရှိဝမ်ဆီ လွှဲပေးလိုက်ရမလား”

လူသတ်မှု (သို့မဟုတ်) ပြင်းထန်စွာနာကျင်စေမှုမဟုတ်မှန်း သေချာသွားပြီးတဲ့နောက်မှာတော့ အခုအဖြစ်အပျက်သည် သာမန်ပြည်သူ့လုံခြုံရေးကိစ္စသာ ဖြစ်သွားသည်။ ချန်ရွှယ်မေ့သည် လူသတ်မှုဟု တိုင်ကြားခံရသောကြောင့် သူမနှင့်အတူ ရဲအရာရှိအနည်းငယ် လိုက်ပါလာသည်။

“မနေ့ကအစည်းအဝေးမှာတောင် ကာကွယ်ရေးဦးစီးချုပ်တန်က လူအင်အားလျှော့မသုံးလို့ဆိုပြီး ဆူနေတာ ။ ဒီလိုကိစ္စသေးသေးလေးကို အဖွဲ့နှစ်ဖွဲ့တောင် လုပ်နေစရာလား”

ချန်ရွှယ်မေ့ သည် ထိုအရာရှိလေးကို စိုက်ကြည့်ကာ သဘောမကျသည့်လေသံဖြင့် ပြောလိုက်သည်။ သူမ၏စကားအဆုံးတွင် ချန်ရွှယ်မေ့တစ်ယောက် စိတ်လက်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူမနှင့်အတူလိုက်ပါလာသော ရဲအရာရှိများမူ ထိုစကားကို ကြားလိုက်ရသောအခိုက်တွင် နားကြားများလွဲရော့သလားဟုထင်မိသွားရသည်။ ပုံမှန်အားဖြင့် ချန်ရွှယ်မေ့သည် အခြားရဲအရာရှိများနှင့်သက်ဆိုင်သောအမှုကိစ္စများတွင် ပါ၀င်လေ့မရှိပဲ သက်ဆိုင်ရာဌာနသို့သာ လွှဲပြောင်းပေးလိုက်သည်ချည်းသာြဖစ်သည်။ သို့သော် စုရှန်း၀မ်နှင့်စကားပြောပြီးသောအခါတွင် ချန်ရွှယ်မေ့တစ်ယောက် ဘာတွေဖြစ်ပျက်နေသည်ကို ရိပ်စားမိလာသည်။

မြို့တော်ရဲဌာနချုပ်တွင် ချန်ရွှယ်မေ့သည် အရာရှိဝမ်၏အလုပ်လုပ်သည့်ပုံစံကို မနှစ်သက်ချေ။ ထို့ကြောင့် စုရှန်းဝမ်က ချန်ရွှယ်မေ့အား အရာရှိဝမ်နှင့် ရင်းနှီးသည်ဟုပြောဆိုခြင်းသည် ကိုယ့်သေတွင်းကို ကိုယ်တူးမိသလိုဖြစ်ချေသည်။

ချန်ရွှယ်မေ့၏အမိန့်အရ ရဲအရာရှိအချို့သည် လုပ်စရာရှိသည်များကို ဆက်လက်ဆောင်ရွက်ကြသည်။

ရဲအရာရှိများ အိမ်အတွင်းသို့ ၀င်ရောက်ရှာဖွေသည်ကိုတွေ့သောအခါ စုရန်နင်း နှင့် စုရှန်ဖေးတို့၏ မျက်နှာဖြူဖျော့သွားပြီး တုန်လှုပ်လာကြသည်။ ရဲအရာရှိများမှ ယွမ် ၃၀၀၀ကို ရှာမတွေ့စေရန်အတွက် ကြိတ်ဆုတောင်းကာ စကားမပြောနိုင် အာစေးမိနေသကဲ့သို့ရှိသည်။

“ ရန်နင်း… ရှန်ဖေး… အရာရှိက အဖေ့တံတောင်ဆစ်က အဆစ်လွှဲရုံလေးပဲတဲ့။ မင်းတို့ သိပ်စိတ်မပူကြပါနဲ့။”

စုရှန်းဝမ်သည် သူ့သားသမီးနှစ်ယောက်၏ မူမမှန်ပုံကိုတွေ့လိုက်ရသောအခါ သူ့အား စိုးရိမ်၍ဖြစ်နေသည်ဟု ထင်သွားကာ ခပ်ဖျော့ဖျော့ပြုံးလျက် နှစ်သိမ့်လိုက်သည်။

သူတို့ဖခင်၏နှစ်သိမ့်စကားများကို ကြားပြီး စုရန်နင်းနှင့် စုရှန်ဖေးတို့နှစ်ယောက် မျက်ရည်ကျလုလု ဖြစ်လာသည်။ ရဲအရာရှိများ အနားတွင် ရှိနေသေးခြင်းကြောင့် သူတို့ဖခင်အား အဖြစ်မှန်ကို ရှင်းမပြရဲချေ။

မကြာမီ ရဲအရာရှိသည် အိမ်ထဲတွင် ယွမ်၃၀၀၀ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုပိုက်ဆံကို အိပ်ခန်းအတွင်းရှိ အ၀တ်ဗီရိုပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထင်ရှားသောလက်ရာတစ်ခုကိုပါ အတူတွေ့ရှိခဲ့သည်။ ထိုအ၀တ်ဗီရိုသည် ကာလရှည်ကြာစွာ သန့်ရှင်းရေးလုပ်ခြင်း မခံထားရသောကြောင့် ဖုန်အလိမ်းလိမ်းတက်လျက်ရှိသည်။ ထို့ကြောင့် ထိုဗီရိုပေါ်တွင် ပိုက်ဆံလာဝှက်သူ၏ လက်ရာထင်ကျန်နေခဲ့ခြင်းဖြစ်သည်။

ချန်ရွှယ်မေ့ သည် ထိုလက်ရာကိုကြည့်ပီးနောက် အခန်းထဲရှိလူတိုင်းကို အကဲခတ်လိုက်ပြီး နောက်ဆုံးတွင် သူမ၏အကြည့်သည် စုရှန်ဖေးထံ၌ ရပ်တန့်သွားသည်။

“စုရှန်ဖေး… ဒီလက်ရာက ဘယ်လိုလုပ်ရောက်လာတာလဲဆိုတာ ရှင်းပြပေးနိုင်မလား”

ချန်ရွှယ်မေသည် စုရှန်ဖေးအား စိုက်ကြည့်လျက် အဆိုပါမေးခွန်းအား မေးလိုက်ခြင်းဖြစ်သည်။

“ကျွန်တော့်မှာ အပြစ်မရှိဘူးဗျ။ မမက ထန်ရှုကို မုန်းလို့ ကျွန်တော့်ကို ဒီပိုက်ဆံ ဖွက်ခိုင်းတာလေ။ သူက နာမည်ဆိုးထွက်နေတာဆိုတော့ သူ့ကိုယ်သူ ကာကွယ်နိုင်မှာမဟုတ်ဘူးဆိုပြီး”

ချန်ရွှယ်မေ့၏မေးခွန်းဖိအားအောက်တွင် စုရှန်ဖေးတစ်ယောက် မလုံမလဲဖြစ်သွားပြီး ကပျာကယာ အဖြေပေးလိုက်သည်။

“ကျွန်မ… ကျွန်မက ထန်ရှုကို စချင်ရုံသက်သက်ပါ။ သူ့ကို ခိုးတယ်လို့ စွပ်စွဲတာ မဟုတ်ပါဘူး”

အိမ်ထဲတွင်ရှိသော လူအများ၏အကြည့်က သူမထံရောက်ရှိလာသည့်အတွက် စုရန်နင်းသည် အလျင်အမြန်ပင် သူမဘာသာ ရှင်းပြလိုက်သည်။

စုရှန်ဖေးနှင့် စုရန်နင်းတို့၏ ပြောစကားများကိုကြားပြီးနောက် ချန်ရွှယ်မေ့မှ မည်သည့်ကောက်ချက်မှ မပေးသေးသော်လည်း အိမ်ထဲတွင်ရှိသော လူအများသည် အဖြစ်အပျက်အားလုံးကို နားလည်သိရှိသွားကြပြီဖြစ်သည်။

“နောက်ဆုံးတော့ သူခိုးလို့စွပ်စွဲနေတဲ့သူက သူခိုးပြန်ဖြစ်နေတာပဲ။ ဒီမိသားစုကတော့ ဩချလောက်ပါပေရဲ့။”

“ဒီမိသားစုက ယွမ်၃၀၀၀လဲမပျောက်ပဲနဲ့ ဘာဖြစ်လို့ ဒီဖတဆိုးသားလေးနဲ့ အမေမုဆိုးမကြီးကို ခိုးတယ်လို့ စွပ်စွဲရတာလဲ။”

“ဒီသားအမိက ဒီလူတွေလိုဆွေမျိုးတွေရှိတာ ကံဆိုးတာပဲ။ သူတို့နေရာမှာ ငါသာဆိုရင် ဒီလိုလူတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်တာ ကြာပြီ။”

“……………”

“……………”

“……………”

ယနေ့သည် စုရှန်းဝမ်၏အသက်လေးဆယ်ပြည့်မွေးနေ့ ဖြစ်သည်။ အချို့လူများသည် နေ့လည်စာစားပွဲ ပြီးချိန်တွင် ပြန်သွားကြပြီဖြစ်သော်လည်း ညစာစားပွဲဆက်ရန်အတွက် လူအသင့်အတင့်ကျန်ရှိနေသေးသည်။

အစပိုင်းတွင် ထိုဖြစ်ရပ်ကို အိပ်ခန်းတွင်းတွင် ရှိနေသည့် လူတချို့သာ သိကြသည်။ သို့သော်လည်း ထန်ရှုနှင့် အငြင်းအခုံဖြစ်ပွားချိန်တွင် ရောက်ရှိနေကြသောဧည့်သည်များသည် ဘာတွေဖြစ်ပျက်နေသည်ကို သိရှိသွားကြသည်။ ရဲများရောက်ရှိလာသည့်အချိန်တွင် လူ့သဘာ၀အတိုင်း သိချင်စိတ်က လွှမ်းမိုးသောကြောင့် အိမ်အနီးအနားတွင်ရှိသည့်လူများပါ ထိုအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး ပြောဆိုလာကြသည်။

အစတွင် ထန်ရှုသည် ဆင်းရဲချို့တဲ့သောကြောင့် လူအားလုံးက သူ့အား ပိုက်ဆံ၃၀၀၀ခိုးယူထားသည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း အမှန်တရားထွက်ရှိလာချိန်တွင်မူ ထန်ရှုတို့သားအမိကို သနားနေကြပြီး စုရှန်းဝမ် တို့မိသားစုအား စက်ဆုပ်ရွံရှာသည့်အကြည့်များဖြင့် ကြည့်နေကြသည်။

စုရှန်း၀မ်နှင့်ကျန်းမေယွမ်တို့ဇနီးမောင်နှံနှစ်ယောက်သည် ထိုသို့ဖြစ်ပျက်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ငူငူငိုင်ငိုင်နှင့် ကျောက်ရုပ်သဖွယ်ဖြစ်နေသည်။

ဝိုင်းကြည့်နေကြသည့် လူအများ၏ပြစ်တင်ကဲ့ရဲ့သံများကို ကြားရသဖြင့် စုရှန်းဝမ်၏မိသားစုဝင်များသည် ရှက်လွန်းလှသဖြင့် မျက်နှာများပင်နီရဲနေပြီဖြစ်သည်။

“အရာရှိခင်ဗျ… ကိုယ့်အိမ်ကပိုက်ဆံကိုကိုယ်ဖွက်တာ ပြစ်မှုမဖြစ်ဘူးမဟုတ်လား။ အရာရှိတို့ကို ဒီလိုအလုပ်တွေ ရှုပ်စေမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။”

စုရှန်း၀မ်တစ်ယောက် မိမိခံစားချက်ကို ထိန်းချုပ်ရင်း ဟန်လုပ်ပြုံးကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။

“ကိုယ့်အိမ်ကပိုက်ဆံကို ကိုယ်ဖွက်တာကပြစ်မှုမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့နိုင်ငံရဲ့ပြစ်မှုဆိုင်ရာဥပဒေအရ လူတစ်ဦးကို လူသိရှင်ကြားစော်ကားတာ၊ တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေချင်လို့ လုပ်ကြံပြောဆိုတာ၊ ကိုယ်ထိလက်ရောက်ပြုမူတာ၊ အကြမ်းဖက်မှုပြုလုပ်တာတွေဆိုရင်တော့ ထောင်ဒဏ်သုံးနှစ်အထိ၊ ဒါမှမဟုတ် ရာထူးကနေထုတ်ပယ်နိုင်တဲ့အထိ အရေးယူနိုင်တယ်။”

“ပြီးတော့ အခြားလူတစ်ဦးဦးကို ပြင်းပြင်းထန်ထန် နာကျင်စေမှုဖြစ်ခဲ့ရင် ဒီနိုင်ငံရဲ့ ဥပဒေအရ ထောင်ဒဏ် ၃နှစ်နဲ့ ၁၀နှစ်ကြား ကျခံရလိမ့်မယ်။ ရှင်လုပ်လို့ ထန်ရှုက ဒဏ်ရာရရုံတင်မဟုတ်ဘူး သွေးတွေအန်ပြီး သတိပါလစ်သွားတာဆိုတော့ ရှင် အနည်းဆုံး ထောင်ဒဏ်၃နှစ်ကနေ ၅နှစ်အထိတော့ ကျိန်းသေကျခံရမှာပဲ။”

သူတို့၏အမှားများကို မမြင်ပဲ စုရှန်း၀မ်မှ သားဖြစ်သူအား ကာကွယ်ရန် ကြိုးစားနေသဖြင့် ချန်ရွှယ်မေ့မှ ခပ်ဆတ်ဆတ်ပြောလိုက်သည်။

စုရှန်း၀မ်မိသားစု၏ တောင်းပန်သောအကြည့်များကို လစ်လျူရှုကာ ချန်ရွှယ်မေ့က လက်ကို ယမ်းလျက် ကြည်လင်ပြတ်သားသောအသံဖြင့် အဖွဲ့၀င်များအား ညွှန်ကြားလိုက်သည်။

“ပါဝင်ပတ်သတ်နေသူအားလုံးကို ဌာနသို့ခေါ်သွား။ စစ်ဆေးမေးမြန်းပြီးမှ ပြန်လွှတ်ပေးလိုက်။”

“အရာရှိ… ဒီကိစ္စက အထင်လွှဲမှုသက်သက်ပါ။ ထန်ရှုက ကျွန်တော်တို့ရဲ့တူပါ။ သူ့ကို ကျွန်တော်တို့ စွပ်လဲမစွပ်စွဲပါဘူး။ နာကျင်အောင်လည်း တမင်တကာမလုပ်ပါဘူး။”

ချန်ရွှယ်မေ့က သူ့ကိုတကယ်ဖမ်းတော့မည်ဖြစ်သောကြောင့် စုရှန်းဝမ်သည် သူမ၏အင်္ကျီစကို ဆွဲကာ ကျယ်လောင်စွာ တောင်းပန်တော့သည်။

စုရှန်း၀မ်သည် ချန်ရွှယ်မေ့ကို ရှင်းပြနေရင်း ထန်ရှုတို့သားအမိကိုပါ တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ယခုအခြေအနေတွင် ထန်ရှုတို့သားအမိသာ သူတို့မိသားစုကိုကူညီနိုင်ကြောင်း ကျန်းမေ့ယွမ်လည်း နားလည်သဘောပေါက်သောကြောင့် သမီးဖြစ်သူ၏အင်္ကျီစကို ဆွဲ၍ စုလင်းယွမ်ဆီသို့ သွားလိုက်သည်။

“လင်းယွမ်… ဆိုရိုးစကားတောင်ရှိသေးတယ်လေ။ နိုင်ငံသားတွေ အသံမထွက်ဘူးဆိုရင် အစိုးရကလဲစုံစမ်းမှာ မဟုတ်ဘူးတဲ့။ ငါတို့ကမိသားစု၀င်တွေ မဟုတ်လား။ နောက်မှ အေးအေးဆေးဆေး ပြောကြရအောင်။ ရန်နင်းနဲ့ ရှန်ဖေးတို့ စတာ လွန်သွားမှန်း သိပါတယ်။ သူတို့နှစ်ယောက်လုံးက ကလေးတွေပဲ ရှိသေးတာဆိုတော့ အဆော့သန်ကြလို့ပါ။ ဒီတော့ ရဲအရာရှိတွေကို ငါတို့ဘာသာ ဒီကိစ္စကို သီးသန့်ဖြေရှင်းမယ်လို့ပြောမယ်ဆိုရင်ရော ဘယ်လိုလဲ။” ကျန်းမေယွမ်သည် တောင်းပန်သည့် အပြုံးကို မျက်နှာထက်တွင် ဆင်မြန်းလျက် တောင်းပန်စကားဆိုလိုက်သည်။

ကျန်းမေယွမ်မှ အဓိကကျသည့်ကိစ္စရပ်အား ရှောင်ကွင်းလျက်ပြောဆိုသည်ကို စုလင်းယွမ် ကြားလိုက်ရသဖြင့် မျက်နှာ တစ်ဖက်လှည့်လိုက်သည်။

“ဒုတိယအစ်မ… ဒီနေ့ကိစ္စတွေက ရှန့်ဖေးရဲ့အမှားတွေပါ ။ ဒီကိစ္စတွေပြီးရင် သူ့ကို ထန်ရှုကို ပြန်တောင်းပန်ခိုင်းပေးပါ။ အခြေအနေကို ပိုဆိုးသွားအောင် လုပ်ရင်တော့ ကျွန်မတို့ ဆွေခန်းမျိုးခန်း ဖြတ်ရလိမ့်မယ်”

စုလင်းယွမ်က ကျင်းမေယွမ်ရဲ့ရှေ့တွင် ယခုလိုပြောရဲနေသည်ကို စုရှန်း၀မ် မြင်လိုက်သောအခါ ဟွန့်ကနဲ နှာမှုတ်သံတစ်ချက် ပြုလိုက်ပြီး ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ထန်ရှုက ကြယ်တာရာအထက်တန်းကျောင်းမှာ တက်နေရတုန်းဆိုတာကိုတော့ မမေ့လိုက်နဲ့။ ငါတို့နောက်ခံသာမရှိခဲ့ရင် သူ့ရဲ့အဆင့်အတန်းနဲ့ အကျင့်စရိုက်တွေကြောင့် ကျောင်းထုတ်ခံရတာ ကြာနေပြီပေါ့။”

စုရှန်းဝမ်၏အေးစက်စက်စကားသံကြောင့် တစ်အိမ်လုံး၏အပူချိန်သည် ၁၀ဒီဂရီအထက် ကျဆင်းသွားသည့်နှယ်ဖြစ်သည်။ စုလင်းယွမ်၏ခန္ဓာကိုယ်သည် တုန်ခါသွားကာ ရွေးချယ်စရာမရှိသော်လည်း စုရှန်း၀မ်ထံသို့ ပြန်လှည့်ကြည့်လာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset