Switch Mode

အခန်း ( ၁၃၂ )

ဓမ္မလက်နက်များ၏ စည်းမျဉ်း

နောက်တစ်နေ့မနက်တွင် လင်းတျန်ဟောက်သည် ဂူထဲမှ ထွက်လာစဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့မျက်နှာတစ်ခုလုံး မီးသွေးကဲ့သို့ မည်းသွားသည်။ အရုပ်သုံးဆယ်ကို မြင်လိုက်ရသည်ဖြစ်၍ သူ အကြီးအကျယ် ဒေါသထွက်သွားရပြီး မျက်လုံးမှိတ်ကာ ဂူထဲသို့ ပြန်ဝင်သွားသည်။ သူသည် အထုပ်အပိုးများ သယ်ကာ ပြန်ထွက်လာသည့် အချိန်၌ ခေါင်းတစ်ချက် စောင်းမကြည့်ဘဲ အမြန်လျှောက်သွားသည်။

သူသည် ဝမ်ပေါင်လဲ့နှင့် ရန်ဖြစ်ရသည်မှာ အချိန်ကုန်သည်ကို သိလိုက်ပြီး ရန်မဖြစ်ချင်တော့ပေ။ ဤအခြေအနေအတိုင်း ဆက်သွားမည်ဆိုပါလျှင် ဝမ်ပေါင်လဲ့ဘက်က အ‌ရေးနိမ့်မည် မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်း၌သာ အဟန့်အတားဖြစ်ပြီး ဓမ္မအဆောင်များ ဖန်တီးရာတွင် အရှိန်လျော့ကျသွားမည် ဖြစ်သည်။

လင်းတျန်ဟောက်က အထုပ်သိမ်းပြီး ထွက်သွားကြောင်း ဝမ်ပေါင်လဲ့ သိလိုက်ရသောအခါ ရုတ်တရက် စိတ်ပူပန်သွားသည်။ သူသည် ပြေးထွက်သွားပြီး ပြန်လာရန် ဖြောင်းဖြလိုစိတ်ဖြင့် လက်ယမ်းပြသော်လည်း လင်းတျန်ဟောက်မှာ ဝမ်‌ပေါင်လဲ့ကို မြင်သည်နှင့် အရှိန်ကို တင်လိုက်သည်။

“ အီး … သိပ်ကောင်းတဲ့ စမ်းသပ်ခံပစ္စည်းလေး။ ဒီတိုင်းထွက်သွားတာ နှမြောစရာပဲ ”

လင်းတျန်ဟောက် အဝေးသို့ ရောက်သွားသည်ကို ကြည့်နေရင်း ဝမ်ပေါင်လဲ့မှာ စိတ်မပျော်တော့ပေ။ နောက်ဆုံးတွင် သူသည် ခေါင်းကို ခါရမ်းကာ သက်ပြင်းချလိုက်ပြီး ဂူထဲသို့ ပြန်ဝင်သွားသည်။

အမြန်ဆုံးနှုန်းဖြင့် သုတ်ခြေတင် ထွက်ခွာသွားသည့် လင်းတျန်ဟောက်၏မျက်နှာမှာမူ ရှုံ့မဲ့နေသည်။ သူ၏ ဇာတိမြို့သာ ဖြစ်နေပါက ဝမ်‌ပေါင်လဲ့ကို ရင်ဆိုင်ရန် နည်းလမ်းများ ပို၍စဉ်းစားမိမည် ဖြစ်သည်။ သို့သော် ယခု တာအိုကျောင်းတွင် သူ၏နည်းလမ်း အားလုံး လုံးလုံးလျားလျား အရေးနိမ့်သွားကြရသည်။

“ ဝမ်ပေါင်လဲ့၊ ငါ ဓမ္မလက်နက်စစ်သည် ဖြစ်တဲ့နေ့ကျရင် နောင်တဆိုတာ ဘယ်လို အဓိပ္ပါယ်လဲ သေချာ သင်ပေးမယ် ”
လင်းတျန်ဟောက် အခန်းပြောင်းသွားသည့် သတင်းမှာ သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသူများအတွက် ထိတ်လန့်စရာဖြစ်သည်။ သို့ရာတွင် ထိုအကြောင်းကို အာရုံစိုက်ကြသူ အနည်းငယ်သာ ရှိသည်။ ဓမ္မလက်နက်အဆောင်မှာ နန်းတော်တစ်ဆောင်အလား ကျယ်ပြန့်ရာ ကျောင်းသားများမှာ ကိုယ်စီအလုပ်များဖြင့် ရှုပ်နေကြသည် မဟုတ်ပါလား။ ယခင်က ဝိညာဉ်ကွန်ရက်၌ ဝမ်ပေါင်လဲ့အား ဆဲဆိုဝေဖန်သည့် စကားများ ရှိသော်လည်း ဝမ်ပေါင်လဲ့အမည်ကို လူသိများအောင် လုပ်လိုက်ခြင်းသာ ရှိသည်။ ယခင်က ဝမ်ပေါင်လဲ့နှင့် မဆုံဖူးသူများမှာမူ သူ့မျက်နှာကို သိအောင် လိုက်ကြည့်မနေအားပေ။

တချိန်တည်းမှာပင် ဘေးအခန်းက လွတ်သွားရာ ဝမ်ပေါင်လဲ့သည် နည်းလမ်းမျိုးစုံဖြင့် အဆောင်စီမံရေးဌာနမှ စီနီယာအစ်ကိုအား လာဘ်ထိုးပြီးနောက် မန္တန်အစီအရင်အား လျှို့ဝှက် ဖယ်ရှားပေးစေသည်။ သူက ဘေးကပ်ရပ်ဂူထဲသို့ လမ်းသွယ်ဖောက်လိုက်ကာ သူ့နေရာကို နှစ်ဆကျယ်အောင် လုပ်လိုက်သည်။ လင်းတျန်ဟောက်၏ နှုတ်ဆက်စကား တစ်ခွန်းမဆိုဘဲ ထွက်သွားသည့် ဖြစ်ရပ်ကြောင့် စိတ်ညစ်နေသည့် ဝမ်ပေါင်လဲ့မှာ အခန်းကျယ်သွားသောကြောင့် ချက်ချင်း အူမြူးသွားသည်။

ဤအတောအတွင်း ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်အဖွဲ့ဝင်ဖြစ်ရန် စတင် ကြိုးစား ပြင်ဆင်နေသည်။ သူသည် ဓမ္မလက်နက်အဖွဲ့ဝင်အဖြစ် ရာထူးတိုးရန် ပထမအဆင့် ဓမ္မအဆောင် တစ်ရာကို တစ်ခါတည်း အကုန် ဖန်တီးရန် စိတ်ပိုင်းဖြတ်ထားသည်။

သို့ရာတွင် သူက ပုံရိပ်ယောင်ခေါင်းအုံးကို ထုတ်ကာ ပုံရိပ်ယောင်နယ်မြေသို့ အရင် ဝင်လိုက်သည်။ သူက ပုံရိပ်ယောင်ခေါင်းအုံးကို ငါးနှစ်တာ ငှားရမ်းထားပြီး အချိန်မ‌စေ့သေးသောကြောင့် ပြန်မပေးသေး‌ပေ။

ယခု ပုံရိပ်ယောင်နယ်မြေထဲတွင် ဝမ်ပေါင်လဲ့က အနက်ရောင် မျက်နှာဖုံးကို ထုတ်ယူလိုက်သည်။ သူက အာနာပါနအဆင့်အတွက် ချီဝါးမျိုခြင်းပညာရပ်နှင့် ဆင်တူသည့် ကျင့်ကြံခြင်းပညာရပ်ကို မမလေးအား မေးချင်နေသည်။

ဝမ်ပေါင်လဲ့အတွက် ချီဝါးမျိုခြင်းပညာရပ်မှာ ချီအားဖြည့်ပညာရပ်နှင့် တွဲဖက်ညီနေသည်။ ထို့ကြောင့် အဆောင်များ ဖန်တီးရန် အနန္တလက်နက်အသွင်ပြောင်းလဲခြင်း ပညာရပ်သာမက အခြား ပိုမိုသင့်တော် ကောင်းမွန်သည့် ကျင့်ကြံခြင်းပညာရပ်များ ရှိနေနိုင်သည်။

သို့ရာတွင် သူ့အတွေးများကို ထုတ်ပြောရာ မျက်နှာဖုံးမှာ တုံ့ပြန်ခြင်း မရှိပေ။ ဝမ်ပေါင်လဲ့မှာ မမလေး၏ ခေါင်းမာမှုကို မဖြုံဘဲ သူ့အနေဖြင့် နူးညံ့သည်ဟု ထင်သည့် အသံဖြင့် ချိုသာစွာ မေးခွန်းများ ဆက်တိုက် မေးနေသည်။

“ ကျက်သရေရှိလှတဲ့၊ မယုံနိုင်အောင် ချစ်စရာကောင်းလွန်းလှတဲ့ မမလေး၊ ပေါင်လဲ့ မမလေးကို လာတွေ့ပါတယ် ”

“ မမလေး မိတ်ဆက်ပေးတဲ့ ရွှေရောင်ခန္ဓာက ကျွန်တော့်အတွက် တော်တော်ကို အသုံးဝင်ပါတယ်။ ကျွန်တော် မှော်ဝင်နယ်မြေထဲ ရောက်တာနဲ့ ဝိညာဉ်အမြစ်တိုင်းက ကျွန်တော့်ကို မြင်တာနဲ့ ချက်ချင်း သဘောတွေ ကျသွားကြလို့ ရှက်တောင် ရှက်ရတယ် ”

ဝမ်ပေါင်လဲ့က သိမ်မွေ့ဟန် ဆောင်ကာ မျက်နှာဖုံးကို စကားပြောရင်း ခိုးကြည့်လိုက်သည်။ ဝိညာဉ်အမြစ်ရွာမှ အပြန်၌ တွေ့ကြုံခဲ့ရသည့် အဖြစ်ပြီးနောက် သူက မေးခွန်းများ ထပ်မမေးဖြစ်သေးပေ။

နောက်ဆုံးတွင် သူသည် ရွှေရောင်ခန္ဓာဟူသော စကားလုံးကို ပြောလိုက်သည့်အချိန် မျက်နှာဖုံးက သုံးလေးကြိမ် လင်းလာပြီး တုံ့ပြန်သည်။ ဝမ်ပေါင်လဲ့သည် မမလေးမှာ စိတ်ခံစားချက်မကောင်းဟု ခံစားရသည်။ မမလေးမှာ စိတ်မကြည်မလင် ဖြစ်နေသဖြင့် နောက်တစ်နေ့မှ လာလျှင် ပိုကောင်းမလား တွေးမိကာ ချက်ချင်း သတိအနေအထား ဖြစ်သွားသည်။

ရုတ်တရက် လျှပ်စီးတစ်စင်းက ချက်ချင်း မျက်နှာဖုံးထဲမှ ထွက်လာသည်။

“ မမလေး၊ ဘာလုပ်နေတာတုန်း ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးအပြူးသားဖြင့် အမြန် ရှောင်လိုက်ရသည်။

သို့ရာတွင် လျှပ်စီး၏ အလျင်မှာ မြန်လွန်းလှသဖြင့် ဝမ်ပေါင်လဲ့မှာ မရှောင်နိုင်လိုက်ပေ။ လျှပ်စီးက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး ထုံကျင်ကိုက်ခဲသည့် ခံစားချက်က တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ ဝမ်ပေါင်လဲ့မှာ ကြောက်လန့်တကြား ဖြစ်သွားသည်။ လျှပ်စီးမှာ သူ၏ ဒန်တျန်နား၌ လှည့်လည်နေကာ သူ၏ ပြီးပြည့်စုံသော ဝိညာဉ်ကြောများနှင့် ဝါးမျိုခြင်းသစ်စေ့ထဲမှ ဝိညာဉ်အမြစ်ကို အာရုံခံမိသွားပြီး ချက်ချင်း ထွက်ခွာသွားသည်။ လျှပ်စီးက မျက်နှာဖုံးထံ ပြန်ရောက်သွားသောအခါ ပုံရိပ်ယောင်နယ်မြေထဲ၌ ရေရွတ်သံ ထွက်လာသည်။
“ ဒီအမြင်ကပ်စရာ ကောင်းတဲ့ ဖက်တီးက ဘာလို့ ကံတွေ ကောင်းနေရတာတုန်း … ”

“ ဘယ်သူလဲ ”
ရေရွတ်သံမှာ တိုးသောကြောင့် ဝမ်ပေါင်လဲ့မှာ အလုံးစုံ မကြားလိုက်ပေ။

သူသည် “ အမြင်ကပ်စရာ ဖက်တီး” ဟူသည့် စကားလုံးကိုသာ ကြားလိုက်ပြီး ကြက်သီးထသွားသည်။ စကားပြောလိုက်သည်မှာ မျက်နှာဖုံးဖြစ်ကြောင်း သတိထားမိသွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသည် စိတ်ကို ပြင်ဆင်ထားသောကြောင့် မျက်နှာဖုံးမှ အသံထွက်လာသည့်အခါ တအံ့တဩဖြစ်သွားသော်လည်း လက်ခံနိုင်သည်။

သို့သော် မျက်နှာဖုံး၏ “ အမြင်ကပ်စရာ ဖက်တီး” ဟူသည့် စကားမှာ ဝမ်ပေါင်လဲ့၏ ခံစားချက်များကို ဂယက်ထစေသည်။ သူသည် လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံး သံသယ အကြည့်က မျက်နှာဖုံးပေါ် ကျရောက်သွားသည်။

“ မမလေး၊ ဒီမှာ ဖက်တီး မရှိဘူးလေ။ ဘယ်သူ့ကို ပြောနေတာလဲ ”

ဝမ်ပေါင်လဲ့၏ မျက်နှာပြောင်တိုက် မသိချင်ယောင်ဆောင်နေခြင်းကို သိသောကြောင့် မျက်နှာဖုံးထဲမှ မမလေးက စကားဆက်မပြောပေ။ သို့သော် မျက်နှာဖုံးပေါ်၌ စာများ ပေါ်လာသည်။

ဝမ်ပေါင်လဲ့သည် စာများဖတ်နေရင်း သတိအနေအထား ဖြစ်သွားသည်။ သို့ရာတွင် မျက်နှာဖုံးပေါ်မှ စာများမှာ သူလိုချင်သည့် ကျင့်ကြံခြင်းပညာရပ် မဟုတ်သောကြောင့် စိတ်ပျက်သွားသည်။ စာများမှာ ဓမ္မအဆောင်အတွက် ပုံသေနည်းတစ်ခု ဖြစ်သည်။

ပုံသေနည်းကို လေ့လာပြီးနောက် ဝမ်ပေါင်လဲ့မှာ ဓားအိမ်အတွက် ဖြစ်ကြောင်း နားလည်သွားသည်။

“ ကျွန်တော့်ကို ဓားအိမ် လုပ်ဈေင်တာလား။ ဓားအိမ်တစ်ခု ဖန်တီးသန့်စင်တာက ဘာတွေများ ကောင်းလို့လဲ။ ဓားပျံလည်း မဟုတ်၊ နောက်ပြီး ဓားအိမ်ဆိုတာ ဓားပျံအတွက် လိုတာလည်း မဟုတ်ပါဘူး ”
ဝမ်ပေါင်လဲ့မှာ မလိုလားသည့် လေသံပေါက်နေသည်။

ဝမ်ပေါင်လဲ့၏လေသံမှ မလိုလားသည့် အငွေ့အသက်ကြောင့် မျက်နှာဖုံးမှာ ထပ်မံ လင်းလက်သွားပြီး စကားအသစ်ပေါ်လာသည်။

“ ဓားအိမ်က ထိပ်တန်းအဆင့်ဖြစ်ပြီး အဆင့်လွန် နတ်ဘုရားလက်နက်အဆင့်ကို ကျော်သွားရင် နေမင်းပေါ်က ကြေးညိုရောင် ဓားကြီးကိုတောင် စုပ်ယူနိုင်တယ်….”

ထိုစကားများကို ဖတ်ပြီးနောက် ဝမ်ပေါင်လဲ့က ရယ်မောလိုက်သည်။

“ မနောက်ပါနဲ့၊ မမလေးရယ်။ ကျွန်တော့်ကို ငတုံးထင်လို့လား။ ကျွန်တော် ခြောက်နှစ်အရွယ် လူကြီးတွေဆီက မုန့်ဖိုးလိမ်တောင်းကတည်းက ဒီနည်းသုံးလာတာ။ ဖြစ်နိုင်ခြေရှိတဲ့ စကားကိုပဲ ပြောပါလား ”

မျက်နှာဖုံးက အချိန်အတော်ကြာ ငြိမ်သက်နေပြီး နောက်တစ်ကြိမ် လင်းလာပြန်သည်။ စကားလုံးများက တစ်ဖန် ပြောင်းလဲသွားပြီး ဓားအိမ်မှာ ပထမအဆင့်သာ ဖြစ်ကြောင်း ဝမ်ပေါင်လဲ့အား ရှင်းပြသည်။ အောင်မြင်စွာ သန့်စင်ပြီးနောက် ဆက်စပ်ကျင့်ကြံရမည့် နည်းလမ်းများ ရှိသေးသည်။ တချိန်တည်းမှာပင် ဓားအိမ်သည် ကြီးထွားခြင်း အမျိုးအစားများတွင် ပါဝင်သည်။ ဓားအိမ်မှ ဝိညာဉ်အပ်တစ်ချောင်း ဖြစ်စေပြီး ထပ်မံသန့်စင်ပါက ထိုဝိညာဉ်အပ်က ဝိညာဉ်ဓားတစ်ချောင်းအဖြစ် ပြောင်းလဲကာ စကြာဝဠာထဲမှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

“ ဒါကမှ နည်းနည်း ယုံချင်စရာကောင်းသေးတယ်”
ဝမ်‌ပေါင်လဲ့က အနီးကပ်ထပ်ကြည့်လိုက်သည်။ သူသည် သံသယ ရှိနေသေးသော်လည်း လိုက်နာရမည့် ကျင့်ကြံခြင်း နည်းလမ်းများကို ဖတ်ပြီးနောက် စကားမပြန်နိုင်တော့ပေ။ ပုံရိပ်ယောင်နယ်မြေမှ ထွက်လာသောအခါ ထိုင်ချပြီး ပုံသေနည်းကို စဉ်းစားကြည့်လိုက်သည်။ အစောပိုင်းက တစ်ချက်သာ ကြည့်ခဲ့ရသော်လည်း သေချာ စဉ်းစားပြီးနောက် စိတ်လှုပ်ရှားလာသည်။

“ ဒါက ပထမအဆင့် ဓမ္မအဆောင်ပဲ။ ဒါပေမဲ့ အတော်လေးကို ရှုပ်ထွေးတယ်။ ပထမအဆင့်ကလည်း လုပ်နေကျမဟုတ်ဘူး။ ကမ္ဗည်းစာ ရေးထိုးမဲ့ ဝိညာဉ်ကျောက်တုံးတွေက သက်တံ့ ဝိညာဉ်ကျောက်တုံးတွေ ဖြစ်ရမဲ့အပြင် တစ်ဆက်တည်း ညီညာနေရမယ်။ သက်တံ့ ဝိညာဉ်ကျောက်တုံးတွေကို ဓားအိမ်ပုံစံ ဖြစ်အောင် သက်သက်စီ ပေါင်းစပ်ထားတာမျိုး မဖြစ်ရဘူး”

ဝမ်ပေါင်လဲ့မှာ မရှင်းလင်းသေးသော်လည်း စိတ်လှုပ်ရှားနေသည်။ ထပ်မံစဉ်းစားကြည့်ပြီး အချိန်အတော်ကြာသောအခါ ခေါင်းမော့ကြည့်လိုက်ရာ သူ့အကြည့်မှာ အံ့ဩထိတ်လန့်နေဟန် ရှိသည်။

ဝိညာဉ်ကျောက်တုံးများအတွက် သတ်မှတ်ချက်များသာမက ကမ္ဗည်းစာများအတွက်လည်း သတ်မှတ်ချက် ရှိသေးသည်။ ဝမ်ပေါင်လဲ့ကို ပြထားသည့် ကမ္ဗည်းစာ အရေအတွက်မှာ ပုံမှန် တတိယအဆင့် နတ်ဘုရား ရတနာများအတွက် လိုအပ်သည့် အရေအတွက်ထက် များစွာ ကျော်လွန်နေသည်။ ထို့ပြင် ဝမ်ပေါင်လဲ့သည် ကမ္ဗည်းစာများ ထည့်သွင်းခြင်းကို ပုံသေနည်းသုံး၍ ဖြေရှင်းနိုင်သော်လည်း အဓိပ္ပါယ်များကို နားမလည်ပေ။

ဝိညာဉ်အမြုတေအတွက် သတ်မှတ်ချက်များမှာလည်း အလွန် ရှုပ်ထွေးလှသည်။ သန့်စင်ပစ္စည်းများအတွက် လိုအပ်ချက်မှာလည်း တင်းကြပ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ဤမျှ ရှုပ်ထွေး အဆင့်မြင့်လှသည့် အရာများကို ရိုးရှင်းလှသည့် ပထမအဆင့် ပစ္စည်းတစ်ခုအဖြစ် မြင်ယောင်ကြည့်၍ မရပေ။

သို့သော် ဤသည်မှာ အမှန်တကယ်ပင် ပထမအဆင့် ဓမ္မအဆောင်တစ်ခု ဖြစ်သည်။

“ ဓားအိမ်က ထိပ်ဆုံးအဆင့်ကို ရောက်သွားရင် ရှေးဟောင်း ကြေးညိုရောင် ဓားကို ဆွဲဆောင်နိုင်တာ တကယ် ဖြစ်မလား ”
ဝမ်ပေါင်လဲ့က တွေးကြည့်သော်လည်း မယုံနိုင်သေးပေ။ သူသည် ဓားအိမ်ကို အတော်လေး စိတ်ဝင်စားကာ ရတနာတစ်ပါးဖြစ်ကြောင်း နားလည်သော်လည်း မမလေးစကားအတိုင်း အစွမ်းထက်လှသည်ဟု မထင်ပေ။

“ အပြာရောင်လှံရှည်က ပုတီးစေ့ကို သန့်စင်တဲ့ နေရာမှာ ထည့်ပေါင်းပြီး လုပ်ကြည့်ရမလား။ အဲဒီလိုဆိုရင် ငါဒီဓမ္မရတနာနှစ်ခုကို အတူပေါင်းပြီး ပိုအစွမ်းထက်အောင် လုပ်နိုင်မှာ ”

ဝမ်ပေါင်လဲ့သည် ယခင်က ပုတီးစေ့ကို လေ့လာကြည့်ရာ သူ့စိတ်ထဲ၌ ဤသို့ တွေးခဲ့ဖူးသည်။ ပုတီးစေ့မှာ ဓမ္မရတနာတစ်ခုမှ ဆင်းသသက်လာသောကြောင့် နောက်ထပ် ဓမ္မရတနာတစ်ခုနှင့် ပေါင်းစပ်လိုက်လျှင် အကျိုးသက်ရောက်မှုကို တွေ့ရနိုင်သည်။

သို့ရာတွင် ပုတီးစေ့မှာ တစ်လုံးတည်းသာ ရှိသောကြောင့် ထိုသို့ စမ်းသပ်မကြည့်ရဲပေ။ သို့ရာတွင် ဓားအိမ်မှာလည်း အလားအလာ ရှိသောကြောင့် စမ်းကြည့်ချင်နေသည်။

ဓားအိမ် ဖန်တီးရန်မှာ ခက်ခဲကြောင်း သိသောကြောင့် အလောတကြီး မလုပ်ပေ။ ဓမ္မလက်နက်အဖွဲ့ဝင်ဖြစ်ရန် လိုအပ်သည့် ပြီးပြည့်စုံသော ပထမအဆင့် ဓမ္မအဆောင်များကိုသာ စတင်သန့်စင်လိုက်သည်။ ဝမ်ပေါင်လဲ့က ဓမ္မလက်နက်အဆောင်၏ စာရင်းထဲမှ တချို့ကို ရွေးချယ်ကာ စတင်သန့်စင်သည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးကာ သုံးရက်တာ ကြာမြင့်သွားသည်။ သုံးလေးကြိမ် ကျရှုံးပြီးနောက် ဝမ်ပေါင်လဲ့သည် နောက်ဆုံး၌ ပြီးပြည့်စုံသည့် ပထမအဆင့် ဓမ္မလက်နက်ဓားပျံတစ်လက်ကို သန့်စင်နိုင်ခဲ့သည်။ ၎င်းမှာ ကျောက်စိမ်းရောင် ဖြစ်ပြီး တောက်ပကာ အေးစက်သိမ်မွေ့သော အရှိန်အဝါမျိုး ရှိသည်။ ယခင်က ဝမ်ပေါင်လဲ့ သန့်စင်ခဲ့ဖူးသမျှ ဓားပျံများထက် ပိုမိုသာလွန်နေသည်။

“ ကျောက်စိမ်းဓား”
ဝမ်ပေါင်လဲ့၏မျက်လုံးများ အရောင်လက်လာသည်။ ဓမ္မလက်နက်အဆောင်မှ သတ်မှတ်ထားသည့် လိုအပ်များနှင့် တိုက်စစ်ပြီးနောက် သူ့ဓားမှာ လိုအပ်ချက်အားလုံး ပြည့်မီကြောင်း သိသွားသည်။ ဝမ်းသာစွာဖြင့် ဓားပေါ်၌ သူ့နာမည် ရေးထိုးကာ ဝမ်းသာ ဝမ်းနည်း ဖြစ်သွားရသည်။ ဤဓားသာ အပြင်လူများ လက်ထဲသို့ ရောက်သွားခဲ့ပါက အခြားသူများကို တိုက်ခိုက်ရန် သုံးနိုင်သော်လည်း သူ့ကို ပြန်လည် တိုက်ခိုက်မည်ဆိုပါက ဤဓားကို ချက်ချင်း အစိတ်စိတ် အမွှာမွှာဖြစ်အောင် သူ လုပ်ပစ်နိုင်သည်။

“ ဓမ္မလက်နက်ကျင့်ကြံသူတွေက ကောက်ကျစ်ကြတာပဲ”
ဝမ်ပေါင်လဲ့က တရားကျနေသည့် လေသံဖြင့် ပြောလိုက်သည်။ ဤသည်မှာ ချန်းယွီထုံ ပြောပြခဲ့သည့် ပြည်ထောင်စုအတွင်းမှ ဓမ္မလက်နက်ကျင့်ကြံသူများ လိုက်နာကျင့်သုံးကြသော လျှို့ဝှက်စည်းမျဉ်းတစ်ခု ဖြစ်သည်။

ယင်းစည်းမျဉ်းမှာ “ ဖန်တီးထားသည့် လက်နက်များအတွက် ဆရာစားတစ်ကွက်ချန်ကာ ဝှက်ဖဲတစ်ခု ထားရှိရန် “ ဟူ၍ ဖြစ်သည်။

ဓမ္မလက်နက်ကျင့်ကြံသူတိုင်းသည် သူတို့ ဖန်တီးလိုက်သည့် ဓမ္မအဆောင်များ၌ သူတို့သာ သိမည့် လျှို့ဝှက်ချက်တစ်ခု ထားလေ့ရှိကြသည်။ တရားဝင် ထုတ်မပြောကြသည့် ဤစည်းမျဉ်းမှာ တစ်ဦးတစ်ယောက် ဖန်တီးလိုက်သည့် ဓမ္မအဆောင်က ထိုလူကို ပြန်သတ်နိုင်မည့် ဓမ္မအဆောင် မဖြစ်သွားစေရန် ကာကွယ်ကြခြင်း ဖြစ်သည်။

ဤစည်းမျဉ်းကြောင့် မကျေလည်မှုများ ဖြစ်စေပြီး အချက်အလက်များ လျှို့ဝှက်ထားရန် လူသတ်မှုများ ဖြစ်သွားသည့်တိုင် လိုက်နာကျင့်သုံးနေကြဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ဤစည်းမျဉ်းကို ရပ်တန့်ရန်လည်း ခက်ခဲလှသည်။

Comment

Leave a Reply

Options

not work with dark mode
Reset