“ ဒီတော့ သတင်းတွေက မှန်နေတာပေါ့ ”
ချန်းယွီထုံ၏ အသက်ရှူသံများ မြန်လာသည်။ သူက နောက်ဆုတ်လိုက်ပြီး လင်းတျန်ဟောက်အား မဖွယ်မရာ အသံများဖြင့် နှောင့်ယှက်နေသည့် အရုပ်များကို မယုံနိုင်သည့်အလား မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ကြည့်နေမိသည်။
“ အစ်ကိုချန်း၊ အဲဒါ ဘာပြောတာလဲ ”
ချန်းယွီထုံ၏ နှုတ်မှ ထွက်ကျလာသည့် စကားများကို ကြားလိုက်ရပြီး လင်းတျန်ဟောက်၏ ခံစားချက်မှာ လုံးဝ ပြောင်းလဲသွားသည်။ ချန်းယွီထုံ လာရောက်လည်ပတ်ခြင်းမှာ အရုပ်များ၏ အရူးလုပ်ခံနေရသည့် သူ့ကို ကြည့်ရန်သက်သက် ဖြစ်သည်ဟု ရုတ်ခြည်း ခံစားလိုက်ရသည်။
သို့သော် ချန်းယွီထုံမှာ လင်းတျန်ဟောက်၏ မေးခွန်းကို ကြားဟန်မတူချေ။ သူသည် အရုပ်သုံးရုပ်ကို ဆက်ကြည့်နေရင်း ညာလက်ကို လှုပ်ကာ အရုပ်သုံးရုပ်အကြောင်း အချက်အလက်များကို မှတ်တမ်းတင်တော့မည့်အလား ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။
လွန်ခဲ့သည့် နှစ်ပတ်တာအတွင်း သူ ထိန်းချုပ်ထားခဲ့ရသည့် ဒေါသမှာ ချန်းယွီထုံ၏ သဘောထားနှင့် လာရောက်သည့် အကြောင်းရင်းကြောင့် အလုံးအရင်းနှင့် ကြွတက်လာပြီး ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။ အရုပ်သုံးရုပ်ထံမှ ထွက်လာနေသည့် မဖွယ်မရာ အသံများသာမက အဖက်ခံချင်၊ အနမ်းခံချင်ဟန်ဖြင့် လက်ကို ဆန့်တန်းကာ နှုတ်ခမ်းထော်လျက် သူ့ဆီ လျှောက်လာနေသည့် အရုပ်တစ်ရုပ် ရှိသေးသည်။
ချန်းယွီထုံကို စိတ်မဆိုးချင်သောကြောင့် သူသည် လက်ဆန့်ကာ အဖက်ခံချင်နေသည့် အရုပ်ရှေ့တည့်တည့်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် အကြီးအကျယ် ဒေါသထွက်နေသည့်အပြင် ဝမ်ပေါင်လဲ့အပေါ်ထားသည့် အမုန်းအာဃာတတို့ကြောင့် သူက အရုပ်ကို ခပ်ပြင်းပြင်း လွှဲရိုက်လိုက်သည်။
“ ပါးစပ်ပိတ်ထားစမ်း ”
ထိုရိုက်ချက်မှာ သူ၏ အာနာပါနပထမအဆင့် ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထည့်သွင်းထားသည်ဖြစ်၍ ဒေါသအရှိန်ဖြင့် ပေါင်းစပ်လိုက်သောအခါ အားပြင်းလွန်းလှသည်။ ဖြန်းခနဲ အသံ ထွက်လာကာ အရုပ်ကို လင်းတျန်ဟောက်က မျက်နှာရှေ့တည့်တည့် ဖြတ်ရိုက်လိုက်ချိန်တွင် ချန်းယွီထုံ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
အရုပ်၏ ဦးခေါင်းခွံမှာ ချက်ချင်း ကျိုးပဲ့သွားသည်။ ခန္ဓာကိုယ်မှာလည်း ဤသို့သော ပြင်းအားမျိုးကို မခံနိုင်သောကြောင့် လဲကျသွားသည်။ သို့သော် ၎င်း လဲကျသွားသည်နှင့် ခန္ဓာကိုယ်မှ အချက်ပေးသံ ချက်ချင်း မြည်လာသည်။
အချက်ပြေးသံ ထွက်လာရာ ဝမ်ပေါင်လဲ့၏ ဂူတံခါးမှာ တခဏချင်းအတွင်း ပွင့်လာသည်။ သူသည် သူ့ခန္ဓာကိုယ် ဝဝဖိုင့်ဖိုင့်ကြီးကို သယ်ကာ ချက်ချင်းထွက်လာပြီး လဲကျသွားသည့် အရုပ်ရှေ့၌ ဝမ်းနည်းပက်လက် ထိုင်ချလိုက်သည်။
“ ရှောင်ချန်း၊ ဘာဖြစ်သွားရတာလဲ။ ရှောင်ချန်းရေ၊ ငါ မင်းကို တချိန်လုံး ပိုးမွေးသလို စောင့်ရှောက်လာခဲ့တာ။ မသေပါနဲ့ ရှောင်ချန်းရယ်”
ဝမ်ပေါင်လဲ့သည် အလွန်တရာ ရင်ကွဲနာကျင်နေဟန်ဖြင့် အရုပ်၏ ကျိုးပဲ့နေသည့် ခန္ဓာကိုယ်ကို ဆွဲသယ်လိုက်သည်။
လင်းတျန်ဟောက်က အေးစက်စက် ရယ်မောလိုက်သည်။ သူစကားပြောရန် ဟန်ပြင်လိုက်စဉ် သူ့ဘေးမှ ရပ်နေသည့် ပါရမီရှင် ချန်းယွီထုံသည် ရုတ်ခြည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ လင်းတျန်ဟောက်၊ မင်းဘာလုပ်လိုက်တာတုန်း ”
လင်းတျန်ဟောက်မှာ ထိုစကားများကို ကြားသောအခါ ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်လျှင် ချန်းယွီထုံသည် အလွန်အမင်း ဒေါသထွက်နေသည်ကို မြင်လိုက်ရသည်။ ချန်ယွီထုံ၏မျက်လုံးထဲမှ အေးစက်စက်အငွေ့အသက်က ရှင်းရှင်းလင်းလင်း ဖော်ပြနေ၏။
ချန်းယွီထုံမှာ အမှန်တကယ်ပင် ဒေါသတကြီး ဖြစ်နေသည်။ သူသည် အချိန်အတော်ကြာ သီးခြားကျင့်ကြံနေခဲ့ရာမှ ထွက်လာသောအခါ သူ့အကြိုက်ကို သိသည့် လက်အောက်ငယ်သားတစ်ယောက်က လင်းတျန်ဟောက်အကြောင်းကို အပြောင်သဘောမျိုးဖြင့် အရုပ်သုံးရုပ် ရှိသည်ကို ထည့်ပြောသွားသည်။
ထို့ကြောင့် ချန်းယွီထုံမှာ ယခင်က ကုန်သည်တစ်ယောက်မှတဆင့် အဆင့်နိမ့်ကျောင်းကျွန်းနှင့် အလဲအလှယ်လုပ်စဉ် အလွန် ထူးခြားလှသော အရုပ်တစ်ရုပ် ရခဲ့ဖူးသည်ကို တွေးမိကာ စိတ်ပါဝင်စားသွားသည်။ သူသည် လေ့လာပြီးနောက် အရုပ်များမှာ အတော်လေး အထင်ကြီးစရာ ကောင်းသဖြင့် သူ့မျက်လုံးနှင့် ကိုယ်တိုင်ကြည့်ချင်စိတ် ပေါ်လာခဲ့သည်။
အရုပ်အား ဖန်တီးသန့်စင်သူကို ရှာဖွေရန် လွယ်ကူသော်လည်း လင်းတျန်ဟောက်ကို ဆက်ဆံသည့် အရုပ်များ၏ ကိုယ်ဟန်အမူအရာကို ကြည့်ခြင်းအားဖြင့် အရုပ်ကို ပြုလုပ်သူမှာ ဝမ်ပေါင်လဲ့သာ ဖြစ်မည်ဟု သူ တထစ်ချ မှတ်ယူလိုက်သည်။
ဝမ်းအသာဆုံး အချက်မှာ ဝမ်ပေါင်လဲ့၏ အရုပ်ဖန်တီးသန့်စင်သည့် စွမ်းရည်မှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း ဖြစ်သည်။ သူသည် အရုပ်များကို မြင်လိုက်တည်းက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသဖြင့် လင်းတျန်ဟောက်၏ ရိုက်ချက်ကို ရက်စက်ကြမ်းတမ်းကာ အပြစ်ရှိသည်ဟု ခံစားမိပြီး လင်းတျန်ဟောက်ကို ဒေါသပုံချလိုက်တော့သည်။
“ လင်းတျန်ဟောက်၊ မင်း ဒီလို အဖိုးတန် ရတနာကို ထိခိုက်ပျက်စီးအောင် လုပ်ရဲတယ်ပေါ့၊ မင်းက ကျောက်မျက်ရတနာကို ဖျက်ဆီးလိုက်တာပဲ”
လင်းတျန်ဟောက်မှာ ချန်းယွီထုံ၏ ဆူပူကြိမ်းမောင်းကာ ဒေါသအမျက်ချောင်းချောင်း ထွက်နေသော အကြည့်ကြောင့် ဆွံ့အနေမိသည်။ ချန်းယွီထုံက အရုပ်အား ရတနာဟု ကင်ပွန်းတပ်လိုက်သည်ကို သူ ကြားပြီးနောက် သူ ဖျက်ဆီးလိုက်သည့် အရုပ်ကို တွေတွေကြီး ကြည့်လိုက်မိသည်။
ဝမ်ပေါင်လဲ့ပင် ဆတ်ခနဲ ဖြစ်သွားသည်။ သူ ဟန်လုပ် သရုပ်ဆောင်ကာ ပူဆွေးနေခြင်းကို မေ့သွားပြီး ခေါင်းမော့ကာ သူ့ထက်ပင် ဒေါသထွက်နေသည့် ချန်းယွီထုံကို မော့ကြည့်လိုက်သည်။ သူသည် ယခင်က ရှဲ့ဟေးရန် ပြောခဲ့ဖူးသည့် အဆင့်မြင့်ကျွန်းမှ ရာထူးကြီး ပုဂ္ဂိုလ်ကို ဖျတ်ခနဲ စဉ်းစားမိသွားသည်။
“ ဒါ …. သူများလား ”
ဝမ်ပေါင်လဲ့သည် ဇဝေဇဝါ ဖြစ်နေပြီး ပင့်သက်ရှိုက်လိုက်သည်။
ဝမ်ပေါင်လဲ့နှင့် လင်းတျန်ဟောက်မှာ တအံ့တဩ ဖြစ်နေကြဆဲအချိန်တွင် ချန်းယွီထုံက ဝမ်ပေါင်လဲ့ဆီသို့ လှမ်းလာသည်။ သူက အရင်ဆုံး ပျက်စီးသွားသည့် အရုပ်ကို နာကျင်သည့် အမူအရာဖြင့် ကြည့်လိုက်ပြီး သက်ပြင်းချကာ ဝမ်ပေါင်လဲ့ကို နှစ်သိမ့်သည့် သဘောဖြင့် ပခုံးပုတ်လိုက်သည်။
“ ညီလေးဝမ်၊ အစ်ကိုက ချန်းယွီထုံပါ၊ အာ အမှန်ပြောရမယ်ဆိုရင် အရင်တစ်ခါက မင်းရဲ့ အရုပ်ကို ဝယ်ခဲ့တာ အစ်ကိုပဲ။ ဒီနေ့ ဖြစ်ပျက်သမျှကို အစ်ကိုက မျက်မြင်သက်သေ လုပ်ပေးမယ်။ စိတ်မပူပါနဲ့။ မင်းဘက်က ရပ်တည်ပေးမယ်။ ကျောင်းသားတစ်ယောက်ရဲ့ ချစ်ရတဲ့ ဓမ္မအဆောင်ကို ဖျက်ဆီးလိုက်တာက ခွင့်လွှတ်လို့ မရတဲ့ အပြစ်ပဲ”
ချန်းယွီထုံက ပြောလိုက်ပြီး ကျောက်စိမ်းပြားကို ထုတ်ကာ အသံလွှင့်ညွှန်ကြားချက်များ ပေးပို့ပြီး လင်းတျန်ဟောက်ကို အေးစက်စက် ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့က မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ စိတ်ဝင်စားဖွယ် တစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရသောကြောင့် ယခင်အစီအစဉ်ကို ပယ်ဖျက်ကာ လင်းတျန်ဟောက်ကို ကြည့်လိုက်သည်။
လင်းတျန်ဟောက်မှာ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် ချေပချင်သော်လည်း အိတ်ထဲမှ အသံလွှင့်ကျောက်စိမ်းပြားကို ထုတ်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဓမ္မလက်နက်အဆောင်၏ စည်းကမ်းထိန်းသိမ်းရေးဌာနမှ ချမှတ်လိုက်သည့် သူ့အပြစ်ဒဏ်မှာ ခေါင်းထဲတွင် ချက်ချင်း ပေါ်လာသည်။
ပြစ်ဒဏ်မှာ ကြီးလေးလှသည်။ ဒဏ်ကြေးပေးဆောင်ရမည့်အပြင် စည်းကမ်းအရ ပြစ်ဒဏ်ခံရမည် ဖြစ်သည်။ ချမ်းသာသည့်တိုင် လင်းတျန်ဟောက်မှာ ဒဏ်ကြေးပမာဏ များပြားလွန်းလှသောကြောင့် ရင်ဘတ်ထဲ အောင့်သွားသည်။ သူသည် စိတ်တိုသော်လည်း တချိန်တည်းမှာပင် ကျခံရမည့် ပြစ်ဒဏ်အကြောင်း ထွက်လာသည်။ သူက ဒဏ်ကြေး မပေးဘဲ ကလန်ကဆန် လုပ်ပါက ပြစ်ဒဏ်မှာ အဆတစ်ရာ ပိုမို ပြင်းထန်သွားမည့်အပြင် သူ့လုပ်ရပ်များကို တာအိုကျောင်း၏ မှတ်တမ်းများတွင် ရေးထိုးလိုက်မည် ဖြစ်ပြီး သူ့နာမည်၌ အမည်းစက် ထင်သွားမည် ဖြစ်သည်။
သို့ဆိုလျှင် ပြဿနာကြီးသွားမည် ဖြစ်သည်။ ဤသည်မှာ သူ့ဖခင် ဖြေရှင်းနိုင်သည့် ကိစ္စတစ်ခု ဖြစ်သော်လည်း သူနှင့် ဝမ်ပေါင်လဲ့မှာ မတည့်ဘဲ ရန်ညှိုးရှိနေကြောင်း သူ့ဖခင်ကို မသိစေလိုပေ။ ထို့ကြောင့် သူသည် အောင့်အီးသည်းခံလိုက်ပြီး ဝမ်ပေါင်လဲ့ကို စတွေ့စဉ်ကတည်းက သူ့ဘဝ မငြိမ်မသက် ဖြစ်ခဲ့ရသည်ကို တွေးလိုက်မိသည်။ အထူးသဖြင့် အဆင့်မြင့်ကျွန်း၌ ဆက်တိုက် သူသာ ခံနေရသည်။ သူသည် အကြိမ်တိုင်း ဒေါသကို ထိန်းနေရပြီး ယခုလည်း ချန်းယွီထုံမှာ မထင်မှတ်ဘဲ ဝမ်ပေါင်လဲ့နှင့် မိတ်ဖက် ဖြစ်သွားသည်။
လင်းတျန်ဟောက်သည် ဝမ်ပေါင်လဲ့ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှ မဟဘဲ အသက်ရှူမြန်လာသည်။ သူသည် ဒေါသကို ထိန်းကာ ဂူထဲသို့ ပြန်ဝင်သွားသည်။ သူ ဂူထဲရောက်သည်နှင့် ရှိသမျှ အရာအားလုံးကို မြေပြင်ပေါ်သို့ ပစ်ချလွှင့်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်ကြုံးဝါးရာ နဖူးပေါ်မှ သွေးကြောများ ထောင်လာသည်။
“ ဝမ်ပေါင်လဲ့ ”
ယခု ဂူအပြင်ဘက်၌ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ စိတ်အားထက်သန်သောအရိပ်အယောင်များဖြင့် ဝင်းလက်တောက်ပနေသည်။ ယခုအကြိမ်သည် အဆင့်မြင့်ကျွန်း၌ ရာထူးကြီး ပုဂ္ဂိုလ်တစ်ယောက်ကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ ချန်းယွီထုံ၏ စကားများက ချက်ချင်းပင် လင်းတျန်ဟောက်၏ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲ ဒေါသကို ပြန်ထိန်းချုပ်ရန် တွန်းအားပေးလိုက်နိုင်သည်။
ဖြစ်သွားသမျှ အရာရာမှာ အဓိပ္ပါယ်လေးနက်နေသည်။ ယခု ဝမ်ပေါင်လဲ့က လှည့်ကြည့်လိုက်ပြီး ချက်ချင်းထကာ ချန်းယွီထုံကို လက်ချင်းဆုပ်၍ အရိုအသေပြုလိုက်သည်။
“ ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကိုချန်း”
ဝမ်ပေါင်လဲ့သည် နှုတ်ဆက်စကား ဆိုနေရင်း ချန်းယွီထုံကို သူ့ဂူထဲသို့ ဖိတ်ခေါ်လိုက်သည်။ ချန်းယွီထုံကလည်း အရုပ်များနှင့် ပတ်သက်၍ ပိုမိုနားလည်ရန် ဝမ်ပေါင်လဲ့နှင့် စကားပြောချင်နေရာ ဖိတ်ခေါ်ခြင်းကို လက်ခံလိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလိုစိတ်ဖြင့် ပျော်ရွှင်စွာ စကားပြောကြလေသည်။
နှစ်ယောက်သား အရုပ်များ ထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံများကို ဖလှယ်ကြသည်။ ဝမ်ပေါင်လဲ့သည် ချန်းယွီထုံ၏ အရုပ်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်မှာ လေးစားစရာ ကောင်းလှသည်ကို သတိထားမိသွားသည်။ သူ့နည်းလမ်းများမှာ အသေးစိတ် အချက်လေးများအထိ ပြည့်စုံကောင်းမွန်ကာ ထိပ်တန်းဖြစ်သည်။
“ ငါ့ရဲ့ ရည်ရွယ်ချက်က လျှို့ဝှက်လက်နက်အရုပ်တစ်ခု ဖန်တီးဖို့ပဲ။ အဲဒီလိုမျိုး အရုပ်က အသက်ဝိညာဉ် ရှိလာပြီး တကယ့်လူဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ် ”
ချန်းယွီထုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ပထမဆုံး စကားပြောခြင်းမှ အဖိုးတန် အသိအမြင်များစွာ ရရှိခဲ့သည်။ ဝမ်ပေါင်လဲ့မှာ ဖန်တီးသန့်စင်ရာ၌ သူ့လောက် မထူးချွန်သော်လည်း တမူထူးခြားသည့် အသိပညာများ၊ ကမ္ဗည်းစာများနှင့် ပတ်သက်သည့် အတွေးအခေါ်များမှာ ချန်းယွီထုံကို စိတ်လှုပ်ရှားသွားစေသည်။
သို့ရာတွင် သူတို့နှစ်ယောက်မှာ ပထမဆုံးအကြိမ်တွေ့ခြင်း ဖြစ်သည်။ စကားတပြောပြောနှင့် သတိမထားမိလိုက်ဘဲ ညနေစောင်းသွားပြီး ချန်းယွီထုံက ဝမ်ပေါင်လဲ့ကို နှုတ်ဆက်လိုက်သည်။ သူ မပြန်မီ ဝမ်ပေါင်လဲ့က ချန်းယွီထုံကို အရုပ်များ လက်ဆောင် ပေးလိုက်သည်။
ချန်းယွီထုံ၏ အကြိုက်ကို သိနေသောကြောင့် အမွေးများသော ကြမ်းတမ်းခက်ထန်သည့် အရုပ်များကို ရွေးချယ်ပေးလိုက်သည်။ သို့ရာတွင် သူက ကျူးကန်ချမ်းကိုမူ မခွဲနိုင်သောကြောင့် မပေးလိုက်ပေ။ ယင်းမှာ သူ၏ ဖန်တီးနိုင်စွမ်းနှင့် အရုပ်များအကြောင်း ဗဟုသုတများ ပေါင်းစပ်ကာ ပြုလုပ်ထားသည့် ပထမဆုံးအရုပ် မဟုတ်ပါလား။
သို့တိုင်အောင် ချန်းယွီထုံမှာ ဝမ်းမြောက်သွားသည်။ အရုပ်များကို လက်ခံပြီးနောက် ညာလက်ကို ဝှေ့ယမ်းကာ ဝမ်ပေါင်လဲ့အား လွန်ခဲ့သော နှစ်များက ငှားရမ်းခဲ့သည့် စိတ်ကို လှည့်စားနိုင်သော ရတနာကို လက်ဆောင်ပေးလိုက်သည်။
ဤသည်မှာ ရန်သူကို ထိပ်တိုက် မတိုက်နိုင်သော်လည်း လျှို့ဝှက် ရတနာတစ်ခုပင် ဖြစ်သည်။ ချန်းယွီထုံ၏ ဤသို့သော အရာမျိုးကို မစဉ်းစားဘဲ လက်ဆောင်ပေးလိုက်သည့် အမူအရာကြောင့် ဓမ္မလက်နက်အဆောင်မှ ရက်ရောမှုမှာ ဓမ္မလက်နက်ဌာနထက် များစွာ သာလွန်ကြောင်း ဝမ်ပေါင်လဲ့ သိလိုက်ရသည်။
ချန်းယွီထုံကို လိုက်ပို့ပြီးနောက် ဝမ်ပေါင်လဲ့သည် ဂူကို ပြန်လာကာ ဝိညာဉ်ကွန်ရက်ထဲသို့ ဝင်လိုက်သည်။ သူသည် ချန်းယွီထုံနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာကြည့်ပြီးနောက် အလန့်တကြား ဖြစ်သွားသည်။
“ ဒီစီနီယာအစ်ကိုက ထိပ်တန်း လက်နက်စစ်သည်တစ်ယောက်ဖြစ်ပြီး အတော်လေး အာဏာ ရှိတယ်။ သူက ဓမ္မလက်နက်အဆောင်ရဲ့ ကျောင်းစီမံရေးဌာနကို တာဝန်ယူထားတာ။ တရားမဝင် လုပ်ဆောင်မှုအားလုံးက သူ့ဌာနရဲ့ အဆုံးအဖြတ်ကို လက်ခံရမှာ ”
“ သူက နောက်လာမည့် လက်ထောက်အဆောင်မှူး ဖြစ်မယ်လို့တောင် သတင်းတွေ ထွက်နေတာပဲ ”
ဝမ်ပေါင်လဲ့မှာ လေးစား အထင်ကြီးသွားမိသည်။ ချန်းယွီထုံမှာ ဤမျှ အရေးပါသူ ဖြစ်လိမ့်မည်ဟု မည်သည့်အခါကမျှ မထင်ခဲ့ပေ။ သူ့စိတ်နှလုံးထဲ၌ အတွေးများ၊ ခံစားချက်များ ပြုံဝင်လာသည်။
“ သူက အရုပ်တွေ လေ့လာတဲ့နေရာမှာ ပုံမှန် မဟုတ်တဲ့ အကြိုက်ရှိပေမဲ့ လူကောင်းတစ်ယောက်ပဲ။ ဓမ္မလက်နက်အဆောင်ရဲ့ အဖွဲ့ဝင်တစ်ယောက်က ဓမ္မလက်နက်အဖွဲ့ဝင်အဆင့်ရောက်သွားရင် သူတို့ တာဝန် ထမ်းဆောင်ချင်တဲ့ ဘယ်ဌာနကိုမဆို အလုပ်လျှောက်လို့ရတယ်။ သူ တာဝန်ယူထားတဲ့ ကျောင်းစီမံရေးဌာနကိုသာ ဝင်လို့ရနိုင်မယ်ဆိုရင်….”
ဝမ်ပေါင်လဲ့မှာ ခေတ္တမျှ စဉ်းစားနေပြီး ဆုံးဖြတ်လိုက်စဉ် သူ့ မျက်လုံးများ ဝင်းလက်သွားသည်။
ထို့ကြောင့် နောက်ပိုင်းရက်များတွင် ဓမ္မအဆောင်များ လေ့ကျင့်ဖန်တီးရုံမက ဝမ်ပေါင်လဲ့သည် ချန်းယွီထုံနှင့် တမင်တကာ မဖြစ်စေဘဲ သတိထားပြီး ပုံမှန်အတိုင်း ရင်းနှီးအောင် ကြိုးစားခဲ့သည်။ ထိုသို့ဖြင့် သူသည် ကျောင်းစီမံရေး ဌာနသို့ သွားပြီး လူလုံးပြလေ့ရှိသည်။ ဤဌာနတွင် အလုပ်လုပ်လိုကြောင်း တစ်ခွန်းမျှ မဟပေ။ ချန်းယွီထုံ၏ လက်အောက်မှ လူများပင် သူတို့ကြားမှ ဆက်ဆံရေးကို မသိကြပေ။
ချန်းယွီထုံသည် ဝမ်ပေါင်လဲ့၏ လုပ်ပုံကိုင်ပုံကို သဘောကျနေသည်။ ထို့ပြင် ဝမ်ပေါင်လဲ့၏ သဘောထားမှာလည်း နှစ်လိုစရာ ကောင်းသောကြောင့် သူတို့ဆက်ဆံရေးမှာ တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။
အချိန်အတော်လေး ကြာပြီးနောက် ဝမ်ပေါင်လဲ့သည် အဆင့်မြင့်ကျွန်း၌ အခြေကျပြီဟု ခံစားလာရသည်။ တချိန်တည်းမှာပင် သန့်စင်ပစ္စည်းများနှင့် ပတ်သက်သည့် အသိပညာ စုံလင်လာသည်။ နောက်တစ်ဆင့်မှာ အမှန်တကယ် ရတနာများ သန့်စင်ရန် ဖြစ်သည်။
“ဒါပေမဲ့ ဒါ မလုပ်ခင် ငါ စိတ်ပညာကို လေ့လာဖို့ လိုသေးတယ် ”
ဝမ်ပေါင်လဲ့သည် သူ့အိမ်နီးချင်းကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး လက်တစ်ချက် ဝှေ့ကာ တုတ်ခိုင်လှသည့် အရုပ်သုံးဆယ်ကို ချက်ချင်းထုတ်လိုက်ရာ ထိုအရုပ်များ ဂူထဲမှ ညီညာစွာ ထွက်သွားကြသည်။