ဤသည်မှာ ဝမ်ပေါင်လဲ့ ဖန်တီးသန့်စင်ခဲ့သည့် ဓမ္မအရုပ် ဖြစ်သည်။
အပေါ်ယံသွင်ပြင်အရ အရုပ်မှာ ထောင်ထောင်မောင်းမောင်းနှင့် ခက်ထန်လှသည်။ အထူးသဖြင့် အမွေးအမျှင်များသောကြောင့် ကြမ်းတမ်းရက်စက်မည့် အသွင်လည်း ပေါ်သည်။ အရုပ်မှ ထွက်နေသည့် အသံကိုသာ မကြားရလျှင် သတ္တုမျှော်စင်အလား ထင်ရသည်။ ၎င်း၏ အကြည့်ပင် ယခင် ဝမ်ပေါင်လဲ့ ပြုလုပ်ခဲ့သည့် အခြားအရုပ်များနှင့် မတူဘဲ တောက်ပနေသည်။
ဤဓမ္မအရုပ်အကြောင်း ပြောရလျှင် ၎င်းသည် ဝမ်ပေါင်လဲ့ အဆင့်နိမ့်ကျွန်းတွင် ရှိစဉ်အခါတည်းက အားလပ်ရက်အတွင်း ဖန်တီးခဲ့သည့် အစောဆုံးအရုပ်များထဲမှ တစ်ရုပ် ဖြစ်သည်။ ၎င်းအရုပ်မှာ တိမ်ရေကန်မိုးသစ်တောထဲမှ သူသေကိုယ်သေ တိုက်ပွဲများတွင် သူနှင့် အတူ ပါဝင်ခဲ့ပြီး ဝတ်ရုံနက်နှင့်လူများကို ဖော်ပြမရနိုင်သော အကြောက်တရားမျိုး ရိုက်သွင်းနိုင်ခဲ့သည့် အရုပ်ဖြစ်သည်။
ဝမ်ပေါင်လဲ့အတွက် ဓမ္မအရုပ်များနှင့် ပတ်သက်ပြီး အသိအမြင်သစ်များ ရရှိစေခဲ့သည့် အရုပ်လည်း ဖြစ်သည်။
ထိုစဉ်က ဝတ်ရုံနက်လူများကို ခြောက်လှန့်နိုင်ခဲ့သည့် အရုပ်သုံးရုပ် ရှိသည်။ တာအိုအလင်းဆောင်ဌာန အဖြစ်အပျက်တွင် ဝမ်ပေါင်လဲ့က အရုပ်များ၌ အသံပိုင်းဆိုင်ရာများ ထည့်သွင်းကာ တိုးတက်အောင် ပြုပြင်ခဲ့သည်။ သို့ရာတွင် ဝမ်ပေါင်လဲ့က အရုပ်များစွာ ဆက်လက်ဖန်တီးသည့်တိုင် အများစုမှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေကြပြီ ဖြစ်သည်။ အထူးသဖြင့် သူ ဝိညာဉ်အမြစ်ရွာသို့ သွားစဉ်က ဓါးကျိုးတောင်၏ မန္တန်အစီအရင်များကြောင့် အရုပ် အတော်များများ ပျက်စီးသွားခဲ့သည်။
ထို့ကြောင့် ဤအရုပ်မှာ ပထမဆုံး အသုတ်ထဲမှ ကျန်နေသည့် တစ်ခုတည်းသော အရုပ် ဖြစ်သည်။ ယခင်က လင်းတျန်ဟောက်၏ ဓါးပျံကြောင့် ပျက်စီးနေခဲ့သော်လည်း ဝမ်ပေါင်လဲ့က အကောင်းအတိုင်း ဖြစ်အောင် ပြင်ပြီးသွားပြီ ဖြစ်သည်။ ယခု ဝမ်ပေါင်လဲ့က မတ်တတ်ရပ်ကာ အရုပ်များကို ကျေနပ်အားရစွာ ရှုစားနေသည်။
“ ကျူးကန်ချမ်း၊ ငါ မင်းကို စမ်းသပ်ချက်တစ်ခု အတွက် အသုံးချမယ်။ မင်းလုပ်ချင်သလား”
ဝမ်ပေါင်လဲ့က လေသံကို နူးညံ့စွာ လုပ်၍ ပြောလိုက်သည်။
သူပြောလိုက်သည့် အခိုက်အတန့်တွင် အရုပ်ကြီးက ရုတ်တရက် ခေါင်းမော့လာသည်။ တွေဝေနေဟန် ရှိသော်လည်း သူ့အကြည့်မှာ သက်တံ့ဝိညာဉ်ကျောက်တုံးများ၏ အလင်းဖြင့် တောက်ပနေသည်။ သေချာကြည့်လျှင် အရုပ်မှာ အသက်ပြန်ဝင်လာသည့်အလား ယခင်ကထက် ပိုမို ရက်စက် ကြမ်းတမ်းပုံ ပေါက်လာသည်။ ထို့နောက် ဆတ်ခနဲ ပြောလိုက်သည်။
“ အင်း ”
ထိုအသံမှာ ဝမ်ပေါင်လဲ့ကို ခေါင်းမှ ခြေဖျားအထိ တဆတ်ဆတ် တုန်ရီသွားစေသည်။
“ ကောင်းပြီ၊ ကောင်းပြီ ”
ဝမ်ပေါင်လဲ့မှာ အသံကို နားမခံသာပေ။ နှာခေါင်းကို ပွတ်ကာ ချောင်းဟန့်လိုက်ပြီး အရုပ်ကို သတ္တုကျိုခန်းထဲသို့ သွင်းလိုက်သည်။ သူက အရုပ်များ ထပ်လုပ်ရန် စီစဉ်ထားသည့်အပြင် ကျူးကန်ချမ်းကိုလည်း အဆင့်မြှင့်ဦးမည် ဖြစ်သည်။
မကြာမီ ဝမ်ပေါင်လဲ့က ပြန်ထွက်လာပြီး သူ့နောက်မှ အရုပ်ထွားထွားကျိုင်းကျိုင်း သုံးရုပ်က လိုက်လာသည်။ သူတို့အားလုံးမှာ ကျူးကန်ချမ်းနှင့် တစ်ပုံစံတည်းတူကာ သန်မာတုတ်ခိုင်ကြသည်။ အပေါ်ပိုင်း ဗလာကျင်းဖြစ်ကာ ကြွက်သားတောင့်တောင့်များ နှင့်အတူ ကြမ်းရှရှ အမွေးများကြောင့် ရပ်နေရုံဖြင့် အသည်းငယ်တတ်သူများကို ခြောက်လှန့်နိုင်သည်။
ဝမ်ပေါင်လဲ့က သူ အထူးတလည် ဖန်တီးထားသည့် ကျူးကန်ချမ်း တစ်၊နှစ်၊သုံးတို့ကို ကျေနပ်အားရနေပြီး မျက်စောင်းထိုးတွင် ရှိနေသည့် အိမ်နီးချင်း လင်းတျန်ဟောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ဝမ်းမြောက်စွာဖြင့် လက်ကို ယမ်းလိုက်သည်။
“ ကဲ၊ ခုကစပြီး မင်းတို့အားလုံးက ဝမ်ပေါင်လဲ့ဆိုတဲ့ငါ့ရဲ့ ကိုယ်ရံတော်တွေပဲ၊ တံခါးကို သေချာစောင့်ထားပြီး ငါ့ခွင့်ပြုချက် မရှိဘဲ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မဝင်စေနဲ့၊ နောက်ပြီး မင်းတို့ တစ်ပြိုင်နက်တည်း လုပ်ရမဲ့ တာဝန်ကိုလည်း မှတ်ထားကြ၊ ငါတို့ စမ်းသပ်ခံလူရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို သေချာ မှတ်တမ်းတင်ထားကြ ”
“ အင်း ”
အရုပ်သုံးရုပ်က တစ်ပြိုင်နက်လည်း ကြုံးဝါးလိုက်ကြသည်။
ထိုကြုံးဝါးသံကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်သွားစဉ် အရုပ်သုံးရုပ်က ချာခနဲ လှည့်ကာ နတ်ဝိဇ္ဇာဂူ ဝင်ပေါက်ဆီသို့ အပြေးထွက်သွားကြသည်။ သူတို့က ဝမ်ပေါင်လဲ့ဂူ၏ အပြင်ဘက်တွင် ကြောက်မက်ဖွယ် အမူအရာများဖြင့် မလှုပ်မယှက် ရပ်နေကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ကျေနပ်သွားပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ အပြင်ဘက်တွင် ဖြစ်သမျှ အရာအားလုံးကို ဂရုမစိုက်တော့ဘဲ အနန္တလက်နက်အသွင်ပြောင်းလဲခြင်း ပညာရပ်မှ သန့်စင်ပစ္စည်းများနှင့် ပတ်သက်သည့် အခန်းကို ဆက်လက် လေ့လာသည်။ ထိုသို့ဖြင့် နှစ်ရက်တာ အချိန် ကုန်လွန်သွားသည်။ လင်းတျန်ဟောက်မှာ ထိုနှစ်ရက်အတွင်း ဂူထဲမှ မထွက်ပေ။ သူက စိတ်ချမ်းသာနေကာ ဓမ္မအဆောင်များ ဖန်တီးနေသည့် အချိန်လပ်များအကြား ဝမ်ပေါင်လဲ့ဂူဘက်သို့ အေးစက်စက်ဖြင့် နှုတ်ခမ်းများ မဲ့ရွဲ့ကာ ကြည့်လေ့ရှိသည်။
“ အော်သံကြီး သုံးပြီး ဆူညံအောင် လုပ်တာက လွဲရင် ဒီဝမ်ပေါင်လဲ့မှာ ငါ့လို တခြားနည်းလမ်း မရှိဘူးပဲ။ ငါ့မှာ အများကြီး ရှိတယ်ကွ။ ဘယ်သူက အရင်ထွက်သွားရမလဲ ကြည့်ကြသေးတာပေါ့ ဝမ်ပေါင်လဲ့ရေ ”
ထိုသို့ ရေရွတ်ရင်း လင်းတျန်ဟောက်က ဓမ္မအဆောင်များ သန့်စင်ရန်အလို့ငှာ လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန် အပြင်ထွက်လိုက်သည်။ ဂူတံခါးကို ဖွင့်ပြီးနောက် သူက စိတ်ကြည်လင်စွာဖြင့် အပြင်ဘက်သို့ ခြေလှမ်းချလိုက်သည်။
သို့ရာတွင် သူ ခြေချလိုက်သည်နှင့် ရင်းနှီးနေသည့် အသံတစ်သံက သူ့နားထဲ ရောက်လာသည်။ သူ အလန့်တကြား ဖြစ်ကာ အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်လျှင် ဝမ်ပေါင်လဲ့ဂူအပြင်ဘက်၌ ရပ်နေကြသည့် အရုပ်ကြီးသုံးရုပ်ကို မြင်လိုက်ရသည်။ သူတို့သည် မဖွယ်မရာ အနေအထားများ ရှိနေကြပြီး သူ့ကို တဏှာမီးတောက်နေသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
ဤခက်ထန်ကြမ်းတမ်းသည့် အသွင်များဖြင့် အရုပ်သုံးရုပ်က ကြာပစ်ကာ ညုတုတုအကြည့်များဖြင့် ဆွဲဆောင်နေသည့် မြင်ကွင်းမှာ ပုံဖော်မှန်းဆကြည့်ရန် ခက်ခဲလှပြီး မြင်ကွင်းတစ်ခုလုံး မြင်နေကျ မဟုတ်ဘဲ တစ်မျိုးဆန်းသစ်နေသည်။ ထိုအရုပ်များမှ ထွက်လာနေသည့် နူးညံ့ကာ နားရှက်ဖွယ် အသံများကိုပါ ပေါင်းစပ်၍ မြင်ယောင်ကြည့်လိုက်လျှင် ကြက်သီးမွေးညင်းထသည်ထိ စွမ်းဆောင်နိုင်သည်။
သူတို့သည် လင်းတျန်ဟောက်ကို လက်ယပ်ခေါ်ကာ အနားသို့ လာရန် အချက်ပြနေကြသည်။
ထိုမျှသာ မကသေး၊ ဝမ်ပေါင်လဲ့၏ ဝှက်ဖဲကို အထင်သေး၍ မရပေ။ ငေးကြောင်၍ရပ်နေသည့် လင်းတျန်ဟောက်သည် ထိုအရုပ်သုံးရုပ်ထံမှ စူးရှရှအသံများကို ကျယ်လောင်စွာ ကြားလိုက်ရသည်။
“ လာခဲ့ပါ၊ အီး အဟင့်… အသည်းလေး၊ လာခဲ့နော် ”
“ ဟင့်၊ လာပါလို့ဆိုနေ၊ ချစ်ကို လာဖမ်းလှည့်၊ ခပ်ဆတ်ဆတ်လေးပါ ရိုက်ပေး ”
“ ပူတူတူလေး … အဟင့်… ”
ထိုမြင်ကွင်းကြောင့် လင်းတျန်ဟောက်မှာ ခေါင်းတစ်ခုလုံး ချာချာလည်သွားရပြီး ခြေချော်ကျလုနီးနီး ဖြစ်ကာ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသည်။ အထူးသဖြင့် အရုပ်သုံးရုပ်လုံးမှာ ကျူးကန်ချမ်းနှင့် တစ်ထေရာတည်း တူနေသောကြောင့် ဖြစ်သည်။ ယခင်က ဝမ်ပေါင်လဲ့၏ အသရေဖျက်မှုကို သူ ချက်ချင်း တွေးမိသွားပြီး ဒေါသထွက်လာကာ တိုက်ခိုက်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။
သို့ရာတွင် ဤသည်မှာ ဝမ်ပေါင်လဲ့၏ ပရိယာယ်ဖြစ်ကြောင်း သဘောပေါက်ကာ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။ တိုက်ခိုက်လိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ ထောင်ချောက်ထဲသို့ ဆင်းသက်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သူက အားတင်း၍ တည်ငြိမ်လေဟန်ဖြင့် မကြားချင်ယောင်ဆောင်ပြီး အဝေးသို့ ထွက်သွားရသည်။
လင်းတျန်ဟောက် ထွက်ခွာသွားသည်နှင့် အရုပ်သုံးရုပ်မှာ ချက်ချင်းပင် ပုံမှန် အတိုင်း ဖြစ်သွားသည်။ သူတို့က အစောင့်များပမာ ဆက်လက် ရပ်နေကြပြီး ဝမ်ပေါင်လဲ့မှာ ဂူထဲမှနေ၍ မျက်လုံးများ တောက်ပသွားသည်။
“ ဒီလိုမျိုး စိတ်ဓါတ်တိုက်ပွဲတွေက အကျိုးသက်ရောက်မှု အများဆုံး ဖြစ်မယ်ထင်တယ်။ ဒီရလဒ်က အနာဂတ်မှာ ငါ့ရဲ့ လေ့လာစမ်းသပ်မှုတွေအတွက် သိပ်အသုံးဝင်လာမှာ ”
ဝမ်ပေါင်လဲ့သည် စိတ်ပညာ ဓမ္မအဆောင်များကို ထပ်မံလေ့လာစမ်းသပ်ရန် လမ်းကြောင်းတစ်ခု ရှာတွေ့သွားသည်ဟု ခံစားရသည်။ အမှန်တွင် သူသည် လင်းတျန်ဟောက်၏ တိုက်ကွက်များအတွက် လုံးဝ စိတ်မပူပေ။ လင်းတျန်ဟောက်ဘက်က တိုက်ခိုက်လာလျှင် အဆောင်မှူး၏ အမိန့်ကို ချိုးဖျက်ရာ ကျသွားမည် ဖြစ်သည်။ အရုပ်များသည်လည်း သူ၏ ဓမ္မအဆောင်များ ဖြစ်သောကြောင့် ၎င်းတို့ကို တိုက်ခိုက်လျှင်လည်း ပြစ်ဒဏ်သင့်မည် ဖြစ်သည်။ ၎င်းအရုပ်များကို တိုက်ခိုက်ခြင်းက ဝမ်ပေါင်လဲ့ကို တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။ ဝမ်ပေါင်လဲ့ကလည်း ဤအဖိုးတန် စမ်းသပ်ခံပစ္စည်းကို မောင်းထုတ်ရန် စိတ်ကူးမရှိဘဲ အကျိုးရှိစွာ အသုံးချရန် လိုအပ်နေသည်။
“ ခွေးကောင် မင်း ကြိုးစားလိုက်ဦး၊ ငါ အများကြီး မျှော်လင့်ထားတာကွ ”
အရာအားလုံးကို မှတ်သားပြီးနောက် ဤစမ်းသပ်မှုမှ အချက်အလက်များသည် နောင် ဓမ္မအဆောင်များ ဖန်တီးသန့်စင်ရာတွင် သေချာပေါက် အသုံးဝင်လိမ့်မည်ဟု သူ ခံစားနေရသည်။ သူသည် သန့်စင်ပစ္စည်းများကို ဆက်လက် လေ့လာနေရင်း ရွှင်မြူးနေသည်။ အမှန်တွင် ယခုတလော သူ့အားထုတ်မှုများနှင့်အတူ ယခင်က နားလည်ထားသည့် အသိများကြောင့် သဘောတရား အများစုကို သဘောပေါက်နေပြီ ဖြစ်သည်။
သန့်စင်ပစ္စည်းများအကြောင်း သေချာစွာ နားလည်ပြီးနောက် နောက်တစ်ဆင့်အနေဖြင့် ပြီးပြည့်စုံသည့် ပထမအဆင့် ဓမ္မအဆောင်များ ဖန်တီးရန် စီစဉ်ထားသည်။ သို့မှသာ သန့်စင်ပစ္စည်းများ၏ နောက်ဆုံးအခန်းကို လက်တွေ့ရင်းနှီးနားလည်မည် ဖြစ်သည်။ သူသည် အဆင့်မြင့်ကျွန်းသို့ စရောက်ကတည်းက အချိန်မဖြုန်းဘဲ အစွမ်းများ၊ အသိပညာများကို လျင်မြန်စွာ တိုးတက်အောင် လေ့လာနေခဲ့သည်။ တစ်ဖက်တွင် လင်းတျန်ဟောက်မှာ ရူးမတတ် ဖြစ်နေသောကြောင့် ကျင့်ကြံခြင်းကို သေချာ အာရုံမစူးစိုက်နိုင်ပေ။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့နှင့် လင်းတျန်ဟောက်တို့၏ အဆင့်များမှာ သိသိသာသာ ကွာခြားသွားတော့မည် ဖြစ်သည်။
နောက်နှစ်ပတ်အတွင်း လင်းတျန်ဟောက်မှာ စိတ်တိုလွန်းလှသဖြင့် ပေါက်ကွဲပစ်ချင်နေသည်။ သို့ရာတွင် သူ ဂူထဲမှ ဝင်ချည်ထွက်ချည်လုပ်တိုင်း ဝမ်ပေါင်လဲ့၏ အရုပ်များက သူ၏နဖူးမှ သွေးကြောစိမ်းများ ထောင်လာသည်အထိ သူ့ကို ဖြစ်စေသည်။ သူ အရုပ်များကို အသားမကျနိုင်ပေ။
တစ်ဖက်တွင်လည်း သူ့အနေဖြင့် ဂူထဲမှ မထွက်ရန် မဖြစ်နိုင်ပေ။ အပြင်ထွက်သည့် အကြိမ်ရေကို လျှော့ချသည့်တိုင် သူ့ဆီသို့ မကြာခဏ လည်ပတ်ကြသူများ ရှိနေဆဲ ဖြစ်သည်။
မကြာခင် သတင်းများ ပျံ့သွားသည်။ လင်းတျန်ဟောက်မှာ ကယ်ရာမဲ့ကာ ထွက်ခွာသွားရန် စိတ်ကူးမိသည်။ သို့ရာတွင် သူ မခံမရပ်နိုင် ဖြစ်ပြီး ကျင့်ကြံချင်စိတ်များ မရှိတော့ပေ။ ထို့ကြောင့် သူက မည်သို့ လက်စားချေရမည်ကို တွေးတောနေသည်။
လက်စားချေရန် နည်းလမ်း မရသေးမီမှာပင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က သူ့ဂူရှေ့တွင် ပေါ်လာသည်။ သူသည် ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက်နှင့် ဝတ်ဆင်ထားပုံ မတူသည့်အပြင် အရှိန်အဝါမှာလည်း ထူးခြားလှသည်။ သူသည် အာဏာအတော်အသင့်ရှိသည့် ရာထူးမြင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်။
သူသည် အလွန်ချောမောခံ့ညားသောကြောင့် ဝတ်ဆင်ထားသည့် ဝတ်ရုံဖြူမှာ ပိုမိုဖြူဖွေး လင်းလက်သွားသည်ဟု ထင်ရသည်။
သူသည် လင်းတျန်ဟောက်၏ ဂူဝတွင် ခါးထောက်ကာ ရပ်နေသည်။ ထို့နောက် သူက စူးစမ်းသောအကြည့်ဖြင့် ဝမ်ပေါင်လဲ့ ဂူအပြင်ဘက်တွင် ရပ်နေသည့် အရုပ်သုံးရုပ်ကို လှမ်းကြည့်လိုက်သည်။
ထွားကျိုင်းလှသည့် အရုပ်များက အစောင့်များ သဖွယ် ရပ်နေကြပြီး မျက်လုံးများမှာ အသက်မဲ့နေသည်။ သူတို့၏ ဟန်အမူအရာများမှာမူ ကြောက်စရာ ကောင်းလှသည်။
လူငယ်လေးမှာ ကြည့်နေရင်း စိတ်ပါဝင်စားလာသည်။ သူက ဝမ်ပေါင်လဲ့၏ ဂူတံခါးကို ဖျတ်ခနဲ ကြည့်လိုက်ပြီး လင်းတျန်ဟောက်၏ ဂူကိုလည်း ကြည့်လိုက်သည်။ ခေတ္တ စဉ်းစားနေပြီးနောက် သူက အင်္ကျီလက်ကို ခါယမ်းလိုက်ရာ လင်းတျန်ဟောက်၏ တံခါး ပြင်းထန်စွာ လှုပ်ရှားသွားသည်။
“ ညီလေးလင်းရှိလား ”
လူငယ်လေးက ပြုံးကာ မေးလိုက်သည်။
ဂူထဲ၌ လင်းတျန်ဟောက်မှာ စိတ်ညစ်ညူးကာ မကြည်မလင် ဖြစ်နေသည်။ သူက အသံကြားပြီး မူလက အရေးမစိုက်သော်လည်း ခေါင်းမော့ကာ ဂူအပြင်ဘက်ကို ကြည့်လိုက်လျှင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“ ချန်းယွီထုံ၊ သူက ဘာလို့ ဒီလာပါလိမ့်”
လင်းတျန်ဟောက်သည် ဂူအပြင်ဘက်၌ ရပ်နေသည့် အင်္ကျီဖြူ လူငယ်ကို သိနေသည်။ ထိုလူငယ်မှာ ဓမ္မလက်နက်အဆောင်အတွင်း၌ ပါရမီရှင် အစစ်အမှန်ဟု သတ်မှတ်ခံရသူ ဖြစ်သည်။ သူက ရှစ်လက်မဝိညာဉ်အမြစ်ဖြင့် အာနာပါနအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အဆင့်မြင့်ကျွန်းသို့ ရောက်လာပြီးနောက် ဓမ္မလက်နက်အဆောင်မှ အကြီးအကဲငါးဦးအနက် တစ်ဦး၏ တပည့်ရင်းအဖြစ် ရွေးချယ်ခြင်း ခံရသည်။ သူသည် အဆင့်မြင့်ကျွန်း၌ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူသည် အလွန် ချောမောခံ့ညားသည့်အပြင် ထူးချွန်ထက်မြက်သည်။ ထိုမျှသာမကသေး ဓမ္မလက်နက်များ ပြန်လည်ပြင်ဆင်ရာတွင်လည်း အထူးကျွမ်းကျင်သည်။ မဟာအကြီးအကဲကပင် သူ ဖန်တီးထားသည့် လျှို့ဝှက်ရတနာကို ခေါင်းညိတ်ကာ ချီးကျူးသွားခဲ့သည်။
သူသည် လက်နက်စစ်သည်တစ်ယောက် ဖြစ်ရုံမျှမက ထိုအဖွဲ့ထဲမှာလည်း အတော်ဆုံး ဖြစ်သည်။ သူသည် မကြာခင် ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူး ဖြစ်တော့မည်ဟူသည့် သတင်းများပါ ပျံ့နှံ့နေသည်။
ထိုကဲ့သို့ ထူးချွန်ထက်မြက်လှသူမှာ နောက်ခံအသိုင်းအဝိုင်း တောင့်တင်းလှသည့် လင်းတျန်ဟောက်ကဲ့သို့လူအတွက်ပါ ရင်းနှီးခင်မင်ချင်သူဖြစ်ပြီး မထိပါးရဲပေ။ သို့ရာတွင် အဆင့်မြင့်ကျွန်းသို့ ရောက်လာပြီးနောက် လင်းတျန်ဟောက်သည် ထိုလူငယ်နှင့် တွေ့ဆုံရန် အခွင့်မရသေးသောကြောင့် မရင်းနှီးပေ။
သူ ရောက်လာသည်ကို တွေ့ပြီးနောက် လင်းတျန်ဟောက်မှာ ချက်ချင်းထကာ ဂူတံခါးကို ဖွင့်လိုက်သည်။ လင်းတျန်ဟောက်က အပြင်ဘက်သို့ ထွက်၍ ပြုံးရွှင်စွာဖြင့် လက်ချင်းဆုပ်ကာ နှုတ်ဆက်လိုက်သည်။
“ စီနီယာ အစ်ကိုချန်း … ”
တံခါးဖွင့်ကာ ဂူအပြင်ဘက်၌ ပေါ်လာသည်နှင့် ပြောစကားမဆုံးခင် အရုပ်သုံးရုပ်က သူ့ဆီလှည့်လာသည်။ အကြည့်များက ဝင်းလက်နေပြီး ခန္ဓာကိုယ်များမှာလည်း တွန့်လိမ်နေကာ နားရှက်ဖွယ် အသံများဖြင့် နူးညံ့စွာ ပြောလိုက်ကြသည်။
“ အသည်းလေးရေ၊ နောက်ဆုံးတော့ အပြင်ထွက်လာပြီပဲ၊ လာပါဦးလို့၊ အဟင့် ”
လင်းတျန်ဟောက်၏ နဖူးပြင်ထက် သွေးကြောများ ထောင်လာသည်။ လင်းတျန်ဟောက်သည် မဟုတ်ပါက ထိုအရုပ်များကို လွှတ်ပေးထားမည် ဖြစ်ပါသော်လည်း ချန်းယွီ ကိုယ်တိုင် ရောက်လာသောအချိန်မျိုး၌ ဤသို့ စော်ကားခံရသဖြင့် လင်းတျန်ဟောက်မှာ ချက်ချင်းပင် ရူးမတတ် ဖြစ်သွားသည်။ သူသည် ဒေါသတကြီး ကြိမ်းဝါးလိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။
ဝတ်ရုံဖြူဝတ် ချန်းယွီထုံမှာ ဆတ်ခနဲ ခေါင်းကိုလှည့်ကာ အရုပ်များကို စိုက်ကြည့်လိုက်သည်။ သူတို့သည် ချက်ချင်း ပုံမှန် ဖြစ်သွားကြသော်လည်း သူတို့မျက်လုံးထဲတွင် အံ့ဩသွားသည့် အမူအရာ မသိမသာ ပေါ်လာသည်။
Good