Switch Mode

အခန်း ( ၁၂၉ )

ရူးသွပ်သွားသော လင်းတျန်ဟောက်

ဝမ်ပေါင်လဲ့မှာ သူ၏ လေ့လာမှုလမ်းကြောင်း အကြောင်းကို တွေးတောရင်း ထိန်းချုပ်နိုင်စွမ်း မရှိလောက်အောင် စိတ်လှုပ်ရှားလာတော့သည်။

ဝမ်ပေါင်လဲ့မှာ အော်လန်ကြီးကို ထုတ်ယူကာ ကိုင်ထားလိုက်ပြီး ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်၏။ ထို့နောက် သူသည် မီးဖိုအခန်းထဲသို့ သွားလိုက်ပြီး အော်လန်ကြီးကို သန့်စင်ကာ ကမ္ဗည်းစာလုံးများကို လိုသလို ပြုပြင်ပြောင်းလဲလိုက်၏။ ထို့ကြောင့် ထိုဓမ္မအဆောင်ကြီးမှာ ပို၍ပင် အစွမ်းထက်လာရပြီး ၎င်းဆီမှ ထွက်ပေါ်လာမည့် အသံလှိုင်းလမ်းကြောင်းများမှာလည်း ပြောင်းလဲသွားတော့သည်။

သန့်စင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအတွက်မူ အဆင့်မြင့်ကျွန်းပေါ်ရှိ ဓမ္မလက်နက်အဆောင်မှ ကျောင်းသားများမှာ ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ဝယ်ယူနိုင်၏။ ထိုကုန်ကြမ်းပစ္စည်းအများစုကို အဆင့်နိမ့်ကျွန်းတွင် ရှားပါးပစ္စည်းများအဖြစ် သတ်မှတ်ထားကြသည် ဖြစ်ပါသော်လည်း ထိုသို့သတ်မှတ်ထားရသည့် အကြောင်းအရင်းမှာ အဆင့်မတူသောကြောင့်သာ ဖြစ်သည်။ အမှန်တွင် အလွန် ရှားပါသော ကုန်ကြမ်းပစ္စည်းများပင်လျှင် အဆင့်မြင့်ကျွန်းပေါ်တွင် ရှိကြသည်။ သို့သော် ၎င်းတို့ကို ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူ၍မရနိုင်ပေ။ သတ်မှတ်ထားသော တာဝန်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသောအခါမှသာ ထိုပစ္စည်းများကို ရယူနိုင်ပြီဖြစ်သည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ သန့်စင်ခြင်းလုပ်ငန်းကို အဆုံးသတ်လိုက်၏။ သူသည် သူ သန့်စင်ထားသော အော်လန်အလုံးသုံးဆယ်ကျော်ကိုကြည့်ရင်း ကျေနပ်အားရနေတော့သည်။ ထို့နောက် သူသည် ထိုအော်လန်များကို နတ်ဝိဇ္ဇာဂူ၏ နံရံပေါ်တွင် စိတ်လှုပ်ရှားစွာ တပ်ဆင်လိုက်၏။

ထိုနံရံ‌၏နောက်တွင် လင်းတျန်ဟောက်၏ နတ်ဝိဇ္ဇာဂူ ရှိနေခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအော်လန်များအားလုံးကို တပ်ဆင်လိုက်ပြီးနောက် လက်ကိုဖုန်ခါလိုက်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ ထို့နောက် သူသည် အားရကျေနပ်စွာဖြင့် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေတော့သည်။

” စမ်းသပ်ရမယ့်အချိန် ရောက်ပြီ။ အရင်ဆုံး ဆူညံသံက လူတစ်ယောက်ရဲ့စိတ်ပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုးမှုရှိသလဲဆိုတာ စမ်းသပ်ကြည့်တာပေါ့ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ နံရံပေါ်တွင် တပ်ဆင်ထားသည့် အော်လန်အားလုံး တုန်ရီသွားကြပြီး အသံများ ထုတ်လွှတ်လိုက်ကြ၏။ သို့သော် သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် အသံတစ်သံမှထွက် မလာခဲ့ပေ။ ဝမ်ပေါင်လဲ့၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ထို ဆူညံသံများအားလုံးမှာ လင်းတျန်ဟောက်၏ နတ်ဝိဇ္ဇာဂူဆီသို့ ဦးတည်သွားကြ၏။

ထိုဆူညံသံများမှာ ကျောက်သားနံရံကြီးကို ထိုးဖောက်သွားပြီး လင်းတျန်ဟောက်၏ နတ်ဝိဇ္ဇာဂူထဲတွင် ကျယ်လောင်စွာ ပေါ်ထွက်လာတော့သည်။

လင်းတျန်ဟောက်မှာ သူ၏ နတ်ဝိဇ္ဇာဂူထဲတွင်ထိုင်၍ ဝိညာဉ်ကွန်ရက်ပေါ်ရှိ ဝမ်ပေါင်လဲ့အား အသရေဖျက်ထားသော အတင်းအဖျင်းများကို ဖတ်ရှုနေ၏။ ထို့နောက် သူသည် ပြုံးလိုက်ပြီး ညွှန်ကြားမှုများ ပေးပို့ရန် ပြင်လိုက်၏။ သို့‌သော် ထိုအချိန်တွင် သူ၏နတ်ဝိဇ္ဇာဂူထဲ၌ မိုးကြိုးလှိုင်းများ ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားပြီး နားစည်များပင် ကွဲအက်သွားစေနိုင်လောက်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ အသံလှိုင်းကြီး ပေါ်ထွက်လာတော့သည်။

ထိုအသံကြီးမှာ လူပေါင်းများစွာ ဒေါသတကြီး အော်ဟစ်မြည်တမ်းနေကြသည့် အသံကြီးတစ်သံနှင့် တူနေ၏။ ထို့ကြောင့် သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် အလွန်အင်မတန်မှ ကျယ်လောင်သော အသံလှိုင်းတစ်လှိုင်း ပဲ့တင်ထပ်နေတော့သည်။ ဘေးပတ်ပတ်လည်ရှိ နံရံများ၏ တုန်ရီမှုများကြောင့် ဖုန်များပင် ထလာ၏။

သူ၏ နတ်ဝိဇ္ဇာဂူမှာ ထိုနယ်မြေကြီး၏ အစွန်ဆုံးတွင် ရှိနေသည်ဖြစ်ပြီး အခြားတစ်ဖက်တွင် ချောင်ကမ်းပါးအစွန်းသာ ရှိနေသည်ဖြစ်ရာ ထိုဆူညံသံများ အလွန် ကျယ်လောင်နေသည့်တိုင်အောင် အခြားမည်သူကမှ ထိုအသံများကို မကြားရပေ။

လင်းတျန်ဟောက်မှာမူ အံ့အားသင့်သွားရပြီး တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင် နားစည်များ ကွဲထွက်သွားရတော့သည်။ သူသည် ချက်ချင်းဆိုသလိုပင် မူးဝေဝေ ဖြစ်သွားပြီး ကမ္ဘာကြီးမှာ ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော လျှို့ဝှင်အခန်းလေးမှာ ချက်ချင်းဆိုသလိုပင် ဗြောင်းဆန်သွားရတော့သည်။

လင်းတျန်ဟောက်မှာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းနေရင်း ကတုန်ကယင်ဖြင့် မတ်တတ်ထလာ၏။ သူသည် သူ၏နားများကို လက်ဖြင့် အုပ်ထားလိုက်ပါသော်လည်း ထိုဆူညံသံများမှာ ကျယ်လောင်လွန်းနေသည့်အပြင် သူ၏ နတ်ဝိဇ္ဇာဂူထဲ၌ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ အသံလှိုင်းများမှာလည်း ပေါက်ကွဲထွက်ပေါ်လာသောကြောင့် သူ၏ နှလုံးသားမှာ တစ်စစီ ပေါက်ကွဲသွားတော့မည့်အလား သူ၏ အသက်ရှူသံများမှာ အလွန် မြန်ဆန်လာတော့သည်။ သူ၏ နားထဲရှိ တဝီဝီမြည်သံများလည်း ပြီးဆုံးသွားခြင်းမရှိပေ။ သူသည် အချိန်အတော်အတန်ကြာမှသာ နဂိုအတိုင်း ဖြစ်သွားပြီး ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူအား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်တော့သည်။

” ဝမ်ပေါင်လဲ့ ”
ဝမ်ပေါင်လဲ့၏ တန်ပြန်တိုက်ကွက်မှာ ယခုလောက်အထိ ယုတ်မာကောက်ကျစ်နေလိမ့်မည်ဟု လင်းတျန်ဟောက်က ထင်မထားခဲ့ပေ။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးလိုက်တော့သည်။

သူ၏ ဒေါသတကြီး ဖြစ်နေသော အော်ဟစ်သံများကို တင်ပျဉ်ခွေထိုင်ကာ မုန့်များကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေသည့် ဝမ်ပေါင်လဲ့က ကြားလိုက်ရ၏။ ထို့ကြောင့် သူသည် ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး စတင်မှတ်တမ်းတင်နေလိုက်တော့သည်။

” တုံ့ပြန်မှုက တော်တော်ကို အားပြင်းတာပဲဟ။ ကြည့်ရတာ သူ့ရဲ့ ခန္ဓာကိုယ်ထဲက အကာအကွယ်ပေးတဲ့ စနစ်တွေ စပြီးတော့ လည်ပတ်သွားတဲ့ပုံပဲ။ အသံလှိုင်းတွေ ရုတ်တရက် ပေါ်ထွက်လာတာက လူတွေရဲ့ အပြုအမူတွေကို စိန်ခေါ်နိုင်စွမ်း ရှိတယ်။ လူတွေရဲ့ အသိစိတ်ကို ထိန်းချုပ်တဲ့နေရာမှာ သုံးဖို့ မသင့်တော်ဘူး။ ငါ ဒီရလဒ်ကို မှတ်တမ်းတင်ထားမှဖြစ်မယ် ”

ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ဖြင့် သူ၏ စမ်းသပ်မှု ရလဒ်ကို မှတ်တမ်းတင်လိုက်၏။ ထို့နောက် သူသည် အော်လန်ကြီးများကို ထိန်းညှိလိုက်ပြီး ဤရလဒ်များမှာ အချိန်တိုအတွင်း သူလိုချင်သော အဖြေကို ပေးနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် သူသည် ကောင်းကင်တိမ်လွှာပညာရပ်အား စတင်လေ့လာလိုက်တော့သည်။

နတ်ဝိဇ္ဇာဂူအပြင်ဘက်တွင် ရပ်နေသည့် လင်းတျန်ဟောက်မှာမူ ဒေါသစိတ်များကြောင့် ခုန်ဆွခုန်ဆွ ဖြစ်နေ၏။ သူ၏ မျက်လုံးများမှာ နီမြန်းနေပြီး သူသည် ထိုနေရာတွင်ရပ်ကာ အချိန်အတော်အတန်ကြာအောင် အော်ဟစ်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ အပြင်သို့ ထွက်မလာပါသော်လည်း ထို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံများမှာ သိသိသာသာ ငြိမ်ကျသွားပြီ ဖြစ်သည်။ ထို့ကြောင့် လင်းတျန်ဟောက်မှာ အံကြိတ်ကာ သူ၏နတ်ဝိဇ္ဇာဂူထဲသို့ သွားလိုက်၏။ သို့သော် သူင ဝမ်ပေါင်လဲ့၏ စိတ်ပညာစမ်းသပ်မှုကို လျှော့တွက်မိလိုက်ပြီဖြစ်သည်။ သိသိသာသာ တိုးသွားခဲ့သည့် ဆူညံသံများမှာ ရုတ်တရက် ပြန်၍ ကျယ်လောင်လာပြီး ယခင်ကထက်ပင်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေတော့သည်။

လင်းတျန်ဟောက်မှာ ထိုဆူညံသံကြီးကို သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူသည် ချက်ချင်းပင် သူ၏နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်၏။ သူ၏ ဒေါသနှင့် ရူးသွပ်မှုများမှာ ငယ်ထိပ်အထိ ရောက်နေပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူကို တိုက်ခိုက်လိုက်ပါသော်လည်း မန္တန်အစီအရင်များကို မကျော်ဖြတ်နိုင်ဘဲ ဖြစ်နေရ၏။ အချိန်အတော်အတန် ကုန်ဆုံးသွားပြီးနောက် လင်းတျန်ဟောက်မှာ ရူးသွပ်လုမတတ် ခံစားနေရသည့် အခြေအနေတွင် ရောက်နေပြီဖြစ်သည်။ သူသည် အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အံကြိတ်လိုက်၏။

” ဝမ်ပေါင်လဲ့။ မင်းက ငါ့ကို မောင်းထုတ်ချင်တယ်ပေါ့ ဟုတ်လား။ တစ်သက်လုံး မဖြစ်စေရဘူးဟေ့ ”
လင်းတျန်ဟောက်၏ မျက်ဝန်းများမှာ အေးစက်နေ၏။ ဝမ်ပေါင်လဲ့မှာ သူ့အား အကြမ်းဖက်ခဲ့ခြင်း မဟုတ်ရာ ဤကိစ္စအား အဆောင်မှူးအား သွားတိုင်၍ ရမည်မဟုတ်ကြောင်း သူ နားလည်ထား၏။ ထို့အပြင် အဆောင်မှူးကိုယ်တိုင်ကလည်း ယခုကဲ့သို့ သေးဖွဲ့သိမ်နုပ်သော ကိစ္စလေးများကြောင့် စိတ်ရှုပ်ခံနေမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အံသာကြိတ်လိုက်ရပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။ သူ၏ ဂူထဲသို့ ပြန်ရောက်သွားသောအချိန်တွင်မူ သူဝယ်ယူခဲ့သည့် အကာအကွယ် ဓမ္မအဆောင်များစွာကို အသုံးပြုကာ ထိုဆူညံသံကြီးကို ပိတ်ဆို့တားဆီးရန်အတွက် ထူထဲသော ဒိုင်းကာကြီးတစ်ခုကို ဖန်တီးလိုက်၏။

သို့သော် ထိုဆူညံသံများကို ကြားနေရဆဲပင်။ တချို့ အချိန်များတွင် အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပါသော်လည်း အခြား အချိန်များတွင်မူ ထိုဆူညံသံကြီးမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတတ်၏။ လင်းတျန်ဟောက်မှာ အကာအကွယ်အဆောင်များ အသုံးပြုကာ ထိုအသံကြီးထံမှ သူ့ကိုယ်သူ ကာကွယ်နိုင်လျှင်တောင် ထိုအဆောင်များကို အသုံးပြုရန်အတွက် ဝိညာဉ်စွမ်းအင် အမြောက်အမြားကို ထုတ်သုံးရသည်။ ထို့ကြောင့် ထိုကဲ့သို့ ဆူညံသံများ အကြိမ်အနည်းငယ်ခန့် ထွက်ပေါ်လာပြီးနောက် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည့် အချိန်တွင် သူသည် ထိုအကာအကွယ်ဒိုင်းကာကြီးကို ဖျောက်ကာ ပြန်လည်သိမ်းဆည်းလိုက်၏။ သို့သော် ထိုအချိန်မှာပင် ထိုဆူညံသံကြီးမှာ ရုတ်တရက်ဆိုသလို ထပ်၍ ပေါက်ကွဲထွက်ပေါ်လာသဖြင့် သူသည် ကြောက်ရွံ့ထိတ်လန့်သွားရပြီး ကတုန်ကယင်ဖြစ်ကာ သွေးခုန်နှုန်းများ ဆောင့်တက်သွားသောကြောင့် သူ၏ ဦးနှောက်နှင့် နှလုံးသားတို့မှာ ပေါက်ကွဲလုမတတ်ပင် ဖြစ်သွားရ၏။

ထိုကဲ့သို့ အကြိမ်အနည်းငယ်ခန့် ဆက်တိုက် ဖြစ်ပွားပြီးသည့်တိုင်အောင် လင်းတျန်ဟောက်မှာ ထိုဆူညံသံများ ထွက်ပေါ်လာမည့် အချိန်ကို မခန့်မှန်းနိုင်သေးပေ။ ထို့ကြောင့် သူသည် ကောင်းကင်ကြီးအား မော့ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်ရတော့သည်။ သူသည် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်တောင် သူ၏ နှလုံးသားမှာ ထိုကဲ့သို့သော တိုက်ကွက်များကို ခုခံနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း မှတ်ယူလိုက်၏။ သူသည် မကျေမချမ်း ဖြစ်နေပြီး နတ်ဝိဇ္ဇာဂူထဲမှ အပြင်သို့ မထွက်ချင်ပါသော်လည်း ထိုနေရာတွင် ဆက်၍နေထိုင်ရန် မဖြစ်နိုင်တော့သောကြောင့် အခြားတစ်နေရာရာတွင် ယာယီ သွားရောက်နေထိုင်ရန် ပြင်ဆင်လိုက်ရတော့သည်။

သူ၏ အစမ်းသပ်ခံပစ္စည်း ထွက်ခွာသွားသောကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ် စိတ်ပျက်သွားရ၏။ သူသည် အကြိမ်အနည်းငယ်ခန့် သက်ပြင်းချလိုက်ပြီးနောက် လင်းတျန်ဟောက်အား မေ့ထားလိုက်တော့သည်။ သူသည် ကောင်းကင်တိမ်လွှာပညာရပ်အား အာရုံအပြည့်စိုက်၍ လေ့ကျင့်နေပြီး ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက် အမြန်ဆုံးဖြစ်လာနိုင်အောင် စိတ်ကူးထား၏။ သူသည် ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာအောင် လုပ်နိုင်မည့် နည်းလမ်းများကို ဝိညာဉ်ကွန်ရက်ပေါ်တွင် သေသေချာချာ ရှာဖွေလေ့လာထားပြီးသား ဖြစ်သည်။

” ငါ ဓမ္မလက်နက်အဖွဲ့ဝင်အဆင့်အထိ ရာထူးတိုးချင်တယ်ဆိုရင် အဆင့်တစ်ဓမ္မအဆောင် တစ်ရာတိတိကို အမှားအယွင်းမရှိ သန့်စင်နိုင်ဖို့ လိုတယ် ”

ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွား၏။ အဆင့်မြင့်ကျွန်း‌နှင့် အဆင့်နိမ့်ကျွန်းပေါ်တွင် ပထမအဆင့် ဓမ္မအဆောင်အား အဓိပ္ပါယ်ဖွင့်ဆိုကြပုံမှာ မတူညီကြောင်း သူက သိထား၏။

အဆင့်နိမ့်ကျွန်းပေါ်တွင် ဝိညာဉ်အမြုတေ ပညာရပ်အထိသာ သင်ကြားပေးသည်ဖြစ်ရာ ဓမ္မအဆောင်များမှာလည်း ဝိညာဉ်အမြုတေ အဆင့်တွင်သာ ရပ်တန့်နေခဲ့ကြသည်။ သန့်စင်ခြင်း ကုန်ကြမ်းပစ္စည်းများနှင့် သန့်စင်ခြင်းနည်းလမ်းများနှင့် ပတ်သက်သော သင်ရိုးများမှာ အဆုံးအထိမရှိသောကြောင့် ထိုကျောင်းသားများ ဖန်တီးနိုင်သည့် ပစ္စည်းများမှာ အဆင့်တစ် တစ်ဝက်အထိ ဓမ္မအဆောင်များသာ ဖြစ်ကြ၏။

အခြားတစ်ဖက်တွင်မူ အဆင့်မြင့်ကျွန်းက ပထမအဆင့် ဓမ္မအဆောင်များအဖြစ် သတ်မှတ်ထားသော ဓမ္မအဆောင်များကိုမူ အရည်အသွေးအထူးကောင်းမွန်သော သန့်စင်ခြင်း ကုန်ကြမ်းပစ္စည်းများနှင့် သန့်စင်ခြင်း ကိရိယာများကို အသုံးပြု၍ ခြောက်ပြစ်ကင်းသဲလဲစင်အောင် သန့်စင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဓမ္မအဆောင်များ ဖန်တီးရသည်မှာ ပိုမိုခက်ခဲလာပြီး တချိန်တည်းမှာပင် ကျောင်းသားများမှာ သူတို့၏ စိတ်ကြိုက် ဓမ္မအဆောင်များကိုသာ ရွေးချယ်၍ ဖန်တီးခွင့် မရှိပေ။ သတ်မှတ်ချက်များသော အရည်အချင်းများနှင့် ပြည့်မီလိုပါက ဓမ္မလက်နက်အဆောင်က ပြုစုပေးထားသော စာရင်းထဲရှိ ပထမအဆင့်ဓမ္မအဆောင်များကိုသာ ဖန်တီးပေးရမည်ဖြစ်သည်။

ထိုစာရင်းထဲရှိ ပထမအဆင့်ဓမ္မအဆောင် တစ်ရာတိတိကို သန့်စင်နိုင်မည် ဆိုပါက ရာထူးတိုးသွားမည်ဖြစ်သည်။

၎င်းမှာ ကြီးမားသော စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပြီး အချိန်တိုအတွင်း အောင်မြင်နိုင်ရန်မှာခက်ခဲ၏။ အထူးသဖြင့် ယခုလေးတင်မှ အတန်းတက်စာမေးပွဲကို အောင်မြင်ခဲ့ပြီး အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရခဲ့သော ကျောင်းသားအသစ်များအတွက်ဆိုလျှင် ပို၍ပင် ခဲယဉ်းနေမည်သာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် ထိုစိန်ခေါ်မှုကြီးကို မကျော်ဖြတ်နိုင်သည့် ကျောင်းသားများစွာ ရှိကြ၏။

၎င်းမှာ ဝမ်ပေါင်လဲ့အတွက်လည်း ခက်ခဲပါသော်လည်း ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ အဆင့်နိမ့်ကျွန်းတွင် ရှိခဲ့စဉ်ကတည်းက သန့်စင်ခြင်းကုန်ကြမ်းပစ္စည်းများနှင့် သန့်စင်ခြင်းလုပ်ငန်းစဉ်များဖြင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်ဖြစ်ပြီး သူကိုယ်တိုင်ပင်လျှင် ပထမအဆင့်ဓမ္မအဆောင်တချို့ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည် မဟုတ်ပါလော။ သူသည် ၎င်းတို့ထက်ပင် တစ်ဆင့်ပိုမြင့်သည့် ဓမ္မအဆောင်များကိုပင် ဖန်တီးနိုင်စွမ်းရှိ၏။ ၎င်းတို့မှာ ပြီးပြည့်စုံသည့် အဆင့်အထိ မရောက်သေးသည်သာ ဖြစ်သည်။

သူသည် စည်းစနစ်ကျကျ လေ့လာပြီးသွားပါက အချိန်တိုအတွင်း ပြီးပြည့်စုံသော ပထမအဆင့်ဓမ္မအဆောင်များကို သန့်စင်နိုင်စွမ်း ရှိသွားလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထား၏။

” ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုပဲ။ လင်းတျန်ဟောက်က ဘယ်လိုလုပ်ပြီးတော့ အောင်မြင်နိုင်ခဲ့တာပါလိမ့် ”

ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်ရန် လုပ်ရသည့်အရာများကို သိရှိနားလည်သွားပြီးနောက် ထိုမေးခွန်းမှာ ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် ပေါ်လာ၏။ သို့သော် သူသည် လင်းတျန်ဟောက်၏ နောက်ခံအင်အားအကြောင်းကို ချက်ချင်းပင် ပြန်၍ အမှတ်ရသွား၏။ ထို့နောက် အကြမ်းဖျင်းခန့် တွေးတောသုံးသပ်ကြည့်လိုက်ပြီးနောက် အကြောင်းအရင်းကို ခပ်ရေးရေးခန့် နားလည်သွားတော့သည်။

” ကြည့်ရတာ ငါ့ဘက်ကနေ ရပ်တည်ပေးနိုင်မယ့် ဩဇာအာဏာကြီးတဲ့ လူတစ်ယောက်ယောက်ကို ချက်ချင်းရှာမှ ရမယ့်ပုံပဲ။ မရှာနိုင်ဘူးဆိုရင် ငါ ဘယ်လောက်ပဲ ကြိုးစားပြီး လေ့ကျင့်လေ့ကျင့် အနာဂတ်မှာ နောက်ခံအင်အား နည်းနေမှာ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း ခေါင်းကုတ်နေ၏။ သူ၏ ပစ်မှတ်မှာ ပါမောက္ခတောင်ထိပ်တွင် ရှိခဲ့စဉ်တုန်းက သူ့အား ကျောက်စိမ်းပေလွှာတစ်ခုကို လက်ဆောင်‌ပေးခဲ့သည့် အကြီးအကဲကြီးပင် ဖြစ်သည်။ သူသည် ထိုအကြီးအကဲကြီးကို အလွန် လေးစားကြည်ညို၏။

လက်ရှိတွင်မူ ဓမ္မလက်နက်အဆောင်ထဲရှိ အကြီးအကဲကြီးမှာ ပို၍ပင် အရေးပါအရာရောက်သည့်ပုံ ပေါက်နေ၏။

” အဆောင်မှူးထက် ပိုပြီးတော့ အဆင့်မြင်တဲ့သူ ဘယ်သူရှိမလဲ ”

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏အတွေးများကို ပြန်လည်စုစည်းလိုက်၏။ သူ၏ လုပ်ငန်းအားလုံး အလုပ်ဖြစ်လာရန်အတွက် သူသည် အနိမ့်ဆုံး လက်နက်အဖွဲ့ဝင်တစ်ယောက် ဖြစ်နေရန် လိုအပ်ကြောင်း သူက နားလည်ထား၏။

” အရင်ဆုံး ဓမ္မအဆောင်အချို့ကို သန့်စင်ပြီးတော့ လက်နက်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာအောင် လုပ်ရမယ် ”

သူသည် ကောင်းကင်တိမ်လွှာပညာရပ်ကို လေ့ကျင့်ရင်း အနန္တလက်နက် အသွင်ပြောင်းလဲခြင်း ပညာရပ်ကိုလည်း ကြိုးစား၍ လေ့လာနေတော့သည်။ ထို့အပြင် သူသည် ကုန်ကြမ်းပစ္စည်းများကိုပင် ဝယ်ယူကာ ပြီးပြည့်စုံ‌သော ပထမအဆင့် ဓမ္မအဆောင်ကို သန့်စင်နိုင်ရန် ကြိုးပမ်းနေ၏။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့၏ ဘဝကြီးမှာလည်း တည်ငြိမ်အေးချမ်းလာ၏။ သူသည် ပညာရပ်များကို လေ့ကျင့်ကာ သန့်စင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေရုံသာမက ဝိညာဉ်ကွန်ရက်ပေါ်တွင်လည်း သင်ခန်းစာများကိုလည်း ရှာဖွေဖတ်ရှုနေ၏။ တစ်ခါတရံတွင် သူသည် အပြင်ဘက်သို့ထွက်ကာ အတန်းများသွားတက်လေ့ရှိ၏။ ထိုသို့ဖြင့် အရာအားလုံးမှာ ပုံမှန်းအတိုင်း ပြန်ဖြစ်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူတစ်လုံးသာ ပိုင်ဆိုင်ထားပါသော်လည်း ထိုနတ်ဝိဇ္ဇာဂူ နှစ်လုံးမှာ ဝိညာဉ်ရေကန်တစ်ကန်တည်းကို မျှ၍ အသုံးပြုနေသည်ဖြစ်ပြီး သူ၏ အိမ်နီးနားချင်းဖြစ်သူ လင်းတျန်ဟောက်မှာ ပြန်မရောက်လာသေးသောကြောင့် သူ၏ လေ့ကျင့်မှု အမြန်နှုန်းများနှင့် ဝိညာဉ်ကျောက်တုံး သန့်စင်မှု အမြန်နှုန်းများမှာ အလွန် မြန်ဆန်နေရတော့သည်။ ဝမ်ပေါင်လဲ့မှာ ဇိမ်ကျနေပါသော်လည်း လင်းတျန်ဟောက်ကို လွမ်းစပြုနေပြီ ဖြစ်သည်။

” တော်တော်ကို ကောင်းတဲ့ စမ်းသပ်ခံပစ္စည်း… သူ ဒီလိုမျိုးထွက်သွားတာ နှမြောစရာပဲ။ ငါ မလုပ်ရသေးတဲ့ စမ်းသပ်မှုတွေမှ အများကြီး ကျန်သေးတယ်။ ငါ့ရဲ့ စိတ်ပညာဓမ္မအဆောင် လေ့လာမှုကို ရပ်ထားလိုက်ရပြီ ”

ဝမ်ပေါင်လဲ့မှာ အခွင့်အရေးများကို ဖြုန်းတီးမိနေသကဲ့သို့ ခံစားလိုက်ရပါသော်လည်း ထိုခံစားချက်မှာ ကြာကြာမခံပေ။ လတစ်ဝက်ခန့် ကုန်ဆုံးသွားပြီးနောက် လင်းတျန်ဟောက်မှာ ပြန်လည်ရောက်ရှိလာတော့သည်။

သူသည် နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ အဝေးသို့ ရောက်နေခဲ့စဉ်တုန်းက အခြားသူများကို လုပ်ခိုင်းခဲ့သည့် အော်လန်ပေါင်း မြောက်မြားစွာကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းတို့အား နံရံများပေါ်တွင် တပ်ဆင်ကာ ဝမ်ပေါင်လဲ့အား ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် ထိုအော်လန်များကို ဖွင့်၍ ဆူညံများကို ထုတ်လွှတ်လိုက်တော့သည်။

သူသည် ပြင်ဆင်ထားပြီးသားဖြစ်သောကြောင့် တချိန်တည်းမှာပင် အထူးဖန်တီးထားသော အကာအကွယ်နည်းလမ်းများကို အသုံးပြုလိုက်၏။ ထိုသို့ဖြင့် လင်းတျန်ဟောက်မှာ ဆူညံသံများကို ပိတ်ဆို့တားဆီးလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ အေးစက်စက် ရယ်မောလိုက်တော့သည်။

” ငါ့ကို နှင်ထုတ်ချင်တယ်ပေါ့ ဟုတ်လား။ သေတောင် မရဘူးကွ ”

လင်းတျန်ဟောက် ပြန်ရောက်လာပြီဖြစ်ကြောင်း သတိထားမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွား၏။ လင်းတျန်ဟောက်က သူ၏ နည်းလမ်းများအတိုင်း တစ်ပုံစံတည်းလိုက်၍ အသုံးပြုမည့် အချိန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ရာ ထိုပြဿနာအား အလွယ်တကူပင် ဖြေရှင်းနိုင်လိုက်၏။ ထို့အပြင် လင်းတျန်ဟောက် ထပ်၍ထွက်ပြေးသွားမည်ကို သူက စိုးရိမ်နေသောကြောင့် ချက်ချင်းပင် သူ၏ နောက်ထပ် စမ်းသပ်မှုတစ်ခုကို စတင်ရန် ပြင်လိုက်၏။ သူသည် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ ခပ်ဩဩအသံဖြင့် အော်‌ခေါ်လိုက်၏။

” ကျူးကန်ချမ်း ”

ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ သိုလှောင်လက်ကောက်ထဲမှ လူရိပ်ကြီးတစ်ခု ချက်ချင်းပင် ပျံထွက်လာ၏။ ထို့နောက် ထိုလူရိပ်ကြီးမှာ‌ မြေကြီးပေါ်သို့ ဘိုင်းခနဲ ကျလာပြီး ခေါင်းမော့ကြည့်ကာ လေသံတိုးတိုးနှင့် ညည်းတွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset