Switch Mode

အခန်း (၄၆၆)

တာအိုရောင်းရင်း၊ သွားဖို့အချိန်ကျပြီ

ထိုလက်သီးမှာ အစိမ်းရောင်ဖြစ်နေပြီး တစ္ဆေအငွေ့အသက်များ ထုတ်လွှတ်နေသည့် သင်္ကေတများဖြင့် ပြည့်နှက်နေသောကြောင့် ငရဲပြည်မှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေ၏။ ယခုတွင် ၎င်းမှာ ရစရာမရှိလောက်အောက် ကျိုးပဲ့ပျက်စီးနေ၏။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ၎င်းအား ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်ကြီးတစ်ခုလုံး ပျက်စီးသွားတော့မည့်အလား ဖြစ်နေပြီး ကမ္ဘာကြီးတစ်ခုလုံးထဲတွင် ထိုဧရာမလက်သီးကြီးနှင့် အလွန်အင်မတန်မှ ကြောက်ရွံ့တုန်လှုပ်ကာ မျှော်လင့်ချက်များ ပျက်သုဉ်းနေပြီဖြစ်သော မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးတို့သာ ကျန်ရစ်ခဲ့တော့သည်။

ထို မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ မျက်စိမျက်နှာ ပျက်သွားပြီး မန္တန်လက်ကွက်များဖော်၍ သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏ ရင်ဘတ်ထဲမှ ကျောက်စိမ်းလည်ဆွဲတစ်ခု ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ ထို ကျောက်စိမ်းလည်ဆွဲမှာ ဝိညာဉ်ခန္ဓာကိုယ်တစ်ခုနှင့် ဆင်တူပြီး တလက်လက်တောက်ပနေ၏။ ၎င်းမှာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီး၏ ရှေ့သို့ရောက်လာပြီး ပေတစ်ထောင်ခန့် ဗြက်ရှိသော ကျောက်စိမ်းကျောက်တိုင်ကြီး တစ်တိုင်အဖြစ် ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

ထို့နောက် အရောင်စုံတောက်ပနေသော အလင်းတန်းကြီးတစ်ခုမှာ ထိုလက်သီးကြီးကို ပိတ်ပင်တားဆီးလိုက်တော့သည်။

မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ယခုလို အန္တရာယ်ကြီးနှင့် ကြုံနေရသည့်တိုင်အောင် အလျင်အမြန် ပြန်လည်တုံ့ပြန်ကာ ခုခံနိုင်စွမ်းရှိနေ၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ကောင်းကင်ယံထဲရှိ ဧရာမလက်သီးကြီးမှာ ကျောက်စိမ်းကျောက်တိုင်ကြီးပေါ်သို့ ကျရောက်လာတော့သည်။

ထိုကျောက်တိုင်ကြီးမှာ အရွယ်အစားကြီးမားပါသော်လည်း အဝေးမှနေ၍ ထိုဧရာမလက်သီးကြီးနှင့် ယှဉ်ကြည့်လိုက်မည်ဆိုပါက အပ်ချောင်းတစ်ချောင်းစာလောက်သာ ရှိပေသည်။ ထို့ကြောင့် ၎င်းမှာ ခိုင်ခံ့မှု လုံးဝမရှိဘဲ အက်ကွဲကြောင်းများ ပေါ်မလာနိုင်ခင်မှာပင် စိစိညက်ညက် ကြေမွသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ဤ အမှောင်အဆောင်ပစ္စည်းထဲတွင် စွမ်းအင်အမြောက်အမြား ထည့်သွင်းထားခဲ့၏။ ၎င်းမှာ ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ ပျက်စီးနေပြီဖြစ်ပါသော်လည်း အဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေဆဲပင်မဟုတ်ပါလော။

အဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခု၏ အစွမ်းကို အနည်းငယ်မျှသာ ထုတ်သုံးလျှင်တောင် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်အား ချေမှုန်းပစ်နိုင်စွမ်းရှိပေသည်။

သဘောတရားအရသာဆိုလျှင် အကယ်၍ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ ကြီးမားနေမည်ဆိုပါက သူသည် ထိုအမှောင်အဆောင်ပစ္စည်းကို နေရာရွှေ့နိုင်စွမ်း ရှိနေမည်ဖြစ်သည်။ ထို့အပြင် သူသည် ပြင်ပကမ္ဘာထဲသို့ ရောက်နေလျှင်တောင် ၎င်း၏ အစွမ်းများကိုလည်း ထုတ်သုံးနိုင်စွမ်းရှိနေမည်ဖြစ်သည်။ သို့သော် လက်ရှိတွင်မူ မဖြစ်နိုင်သေးပေ။ အမှောင်အဆောင်ပစ္စည်းအား အတိုင်းအတာတစ်ခုအထိ ပြန်လည်ပြုပြင်ကာ ၎င်း၏အရွယ်အစားကို သေးငယ်သွားအောင် မလုပ်နိုင်ခင်အချိန်အထိ ဝမ်ပေါင်လဲ့မှာ ထိုအမှောင်အဆောင်ပစ္စည်း၏ အတွင်းပိုင်းထဲတွင်သာ ၎င်း၏ အဖျက်စွမ်းအားများကို ထုတ်သုံးနိုင်မည် ဖြစ်သည်။

ယခုတွင် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာကာ ကျောက်စိမ်းကျောက်တိုင်ကြီး တစ်စစီ ကြေမွသွားပြီနောက် မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ အကယ်၍ သူသာ အချိန်ကို နောက်ပြန်ရစ်နိုင်စွမ်း ရှိမည်ဆိုပါက ထို မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီးမှာ အင်္ဂါဂြိုဟ်၏ အနီးသို့ လုံးဝသွားတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော အင်္ဂါဂြိုဟ်ပေါ်ရှိ အမှောင်အဆောင်ပစ္စည်းမှာ သူ ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေသည်မဟုတ်ပါလော။

” အစ်ကိုကြီး… ကျေးဇူးပြုပြီးတော့ ဒေါသလျှော့ပါ… ကျ… ကျနော်က ဝါနုသေးတဲ့ ယွမ်ယင်အဆင့်ကျင့်ကြံသူလေး တစ်ယောက်ပါ… ” မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီး၏ စကားသံမှာ ကတုန်ကယင်ဖြစ်နေ၏။ သူသည် ထိုသို့ အသနားခံရင်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားနေ၏။ ထို့အပြင် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်သဖြင့် ဖဲကြိုးတစ်ချောင်းနှင့်တူသည့် ပန်းရောင်တံခွန်ကြီးတစ်ခုမှာ သူ၏ဘေး၌ ပေါ်ပေါက်လာပြီး သူ၏ ပတ်ပတ်လည်အား ရစ်ပတ်သွား၏။ ‌၎င်းမှာ သူ၏ လှုပ်ရှားမှုများနှင့် ဟန်ချက်မညီဘဲ ဖြစ်နေရသည်ကို မြင်နိုင်ပေသည်။ သို့သော် လက်ရှိတွင်မူ မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီးမှာ ထိုအချက်များကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် နှမြောတသဖြစ်နေရပါသော်လည်း သူ၏ အစွမ်းအထက်ဆုံး အကာအကွယ် ဓမ္မရတနာကြီးအား ထုတ်သုံးလိုက်ရ၏။

ထို ဖဲကြိုးလေးမှာ လည်ပတ်နေရင်း ခုခံအားများကို ထုတ်လွတ်ပေးနေ၏။ ၎င်းမှာ ၎င်းဆီသို့ ချဉ်းကပ်လာသည့် ပတ်ပတ်လည်ရှိ စွမ်းအားများ၊ အငွေ့အသက်များနှင့် အရာဝတ္ထုပစ္စည်းအားလုံးကို ခုခံတွန်းလှန်ပေးနေသကဲ့သို့ ဖြစ်နေသည်။ မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီးမှာ ထိုမျှလောက်နှင့် မလုံလောက်သေးကြောင်း ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် သူ၏လျှာကို ကိုက်ကာ သွေးများကို ထွေးထုတ်လိုက်သဖြင့် သူ၏ရှေ့တွင် သွေးရောင်လင်းနို့ကြီးတစ်ကောင် ပေါ်ပေါက်လာ၏။ ထိုလင်းနို့ကြီးမှာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ တောင်ပံများကို ဖြန့်လိုက်သောအခါ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ပေရာပေါင်းများစွာ ရှည်လျားသွား၏။ ၎င်း၏ တောင်ပံကြီးများမှာလည်း အရွယ်အစား ကြီးမားလာ၏။ နောက်ဆုံးတွင် ထိုလင်းနို့ကြီးမှာ ၎င်း၏ အတောင်ပံများကို ပြန်ရုပ်ကာ မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီးအား လွှမ်းခြုံထားလိုက်တော့သည်။

တစ်ချိန်ထဲမှာပင် မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ ပုံသဏ္ဍာန်အရွယ်အစား အမျိုးမျိုးရှိသော အခြား ဓမ္မရတနာ ဒါဇင်ပေါင်းများစွာကိုလည်း ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ သူသည် သေရေးရှင်ရေး အခြေအနေအနှင့် ကြုံနေရပြီဖြစ်သောကြောင့် အစွမ်းကုန်ကြိုးစားနေသလို သူ၏ အသနားခံနေသော တောင်းပန်စကားများမှာလည်း ရပ်တန့်သွားခြင်းမရှိပေ။

ထို ဓမ္မရဝာနာ ဒါဇင်ပေါင်းများစွာမှာ ချက်ချင်းဆိုသလိုပင် ပျက်စီးသွား၏။ သွေးရောင်လင်းနို့ကြီးမှာလည်း အော်ဟစ်ချိန်ပင် မရလိုက်ပဲ ၎င်း၏ တောင်ပံများနှင့် ခန္ဓာကိုယ်ကြီးမှာ အသားစနှင့် သွေးစများအဖြစ် ပြောင်းလဲသွားပြီး အငွေ့ပျံသွား၏။ မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီး၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင်ရှိနေသော ဖဲကြိုးလေးမှာလည်း ခုခံတွန်းလှန်အားများဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သူမထက် အဆပေါင်းများစွာ ပို၍လေးလံသည့် လူသန်ကြီးတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသည့် အားအင်ချည့်နဲ့သော မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်သွား၏…

ထို့ကြောင့် အရာအားလုံး ခြောက်သွေ့ပျက်စီးသွားပြီး ဖဲကြိုးလေးမှာလည်း လုံးထွေးသွား၏။ ထို့နောက် ၎င်းမှာ အရာအားလုံးကို ခြေမွဖြစ်နိုင်စွမ်းရှိသော ပြင်းအားမျိုးဖြင့် မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာတော့သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက မိုးကောင်းကင်ကြီးမှာ မြေပြင်ကြီးပေါ်သို့ ပြုတ်ကျလာသကဲ့သို့ပင်။ အရာအားလုံးမှာ စိစိညက်ညက် ကြေမွသွားသောကြောင့် မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီး၏ အစအန တစ်ခုတလေပင် မကျန်ရစ်ခဲ့ပေ….

တစ်အောင့်ခန့်ကြာပြီးနောက် ဧရာမလက်သီးကြီးမှာ တဖြည်းဖြည်းနှင့် အပေါ်သို့ ပြန်လည်မြင့်တက်သွားပြီး တစ်စစီလွင့်ပါး ပျောက်ကွယ်သွားတော့သည်။ ၎င်းပေါ်မှ အသားများမှာ ဝိညာဉ်များအဖြစ် ပြန်လည်ပြောင်းလဲသွားကြပြီး ပင်လယ်ကြီးထဲ၌ ပြန်၍စုဝေးသွားကြ၏။ အရိုးပြာများမှာမူ အောက်သို့ကျသွားပြီး ကျွန်းတစ်ကျွန်းအဖြစ် စုစည်းသွားကြ၏။

ထို့ကြောင့် မြေအောက်ကမ္ဘာကြီး၏ ပထမထပ်မှာ နဂိုမူလအတိုင်း ပြန်ဖြစ်သွားတော့သည်။ သိုလှောင်အိတ်တစ်လုံးနှင့် ဖဲကြိုးကဲ့သို့သော ပစ္စည်းများသာ ဝိညာဉ်ပင်လယ်ကြီး၏ အထက်ရှိ လေထဲသို့ မြောက်တက်လာ၏။ ထို့နောက် လက်ကြီးတစ်ဖက် ရုတ်တရက်ဆိုသလို ပေါ်ထွက်လာပြီး ၎င်းတို့အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံတစ်ခု ဆင်မြန်းထားသည့် လူရိပ်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ သူ၏ရှေ့တွင် မီးအိမ်လှော်တက်တစ်ချောင်းရှိနေပြီး သူသည် လှေတစ်စင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူသည် သိုလှောင်အိတ်နှင့် အခြားပစ္စည်းများအားဆုပ်ကိုင်ထားသည့် လက်ကြီးကို ဖြည်းဖြည်းချင်း ပြန်ရုပ်လိုက်ပြီး ခေါင်းပြန်ငုံ့သွား၏။ နောက်ဆုံးတွင် သူသည် လှေကလေးအား ဝိညာဉ်ပင်လယ်ကြီးပေါ်၌ လွတ်လပ်စွာ မျောလွင့်သွားစေလိုက်တော့သည်။

ဝမ်ပေါင်လဲ့ အဝေးသို့ထွက်ခွာသွားစဉ် မြို့တော်များဖြင့်ပြည့်နှက်နေသော မြေအောက်ကမ္ဘာကြီး၏ တတိယထပ်တွင် အခြားဂြိုဟ်မှရောက်လာသည့် ကျင့်ကြံသူသုံးယောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသည့် ကျင့်ကြံသူကြီးမှာ မျက်စိမျက်နှာပျက်ကာ သူ၏ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှုနေ၏။

အခြားနှစ်ယောက်နှင့် မတူသည့်အချက်မှာ ထိုခေါင်းဆောင်ကြီးသည် တတိယထပ်‌၌ ရှိနေသည့်တိုင်အောင် ပေတစ်ထောင်ပင် အကျယ်အဝန်းမရှိသော နယ်မြေတစ်ခုထဲတွင် ပိတ်မိနေခြင်းပင်။ ထိုနယ်မြေ၏ အစွန်အဖျားပိုင်းများတွင် အကြည်ရောင် အလင်းရောင်တစ်ခု ဖုံးလွှမ်းနေပြီး ထိုခေါင်းဆောင်ကြီးမှာ မည်သည့်နည်းလမ်းနှင့်မှ ထိုအလင်းရောင်အား ဖောက်ထွက်မသွားနိုင်ဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူသည် ထိုနေရာ‌၌ ပိတ်မိနေရ၏။

သူသည် ဖုတ်ကောင်ခေါင်းကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီးနောက် ထိုနေရာ၌ ပြန်လည်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုကျင့်ကြံသူကြီးမှာ သူ၏ လက်အောက်ငယ်သား နှစ်ယောက်ထက်စာလျှင် အတွေ့အကြုံ ပို၍ရင့်သန်သလို ဗဟုသုတလည်း ပို၍ကြွယ်ဝ၏။ ထို့ကြောင့် သူသည် အချုပ်အနှောင်များ၏ အောက်မှ လွတ်မြောက်သွားခြင်းမရှိသေးဘဲ ရန်သူတစ်ယောက်မှာ တိုက်ကွက်တစ်ကွက် ထုတ်သုံးလိုက်ပြီး အမှောင်အဆောင်ပစ္စည်းတစ်ခု၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ချက်ချင်းပင်သိလိုက်၏။ သို့ဖြစ်ရာ သူ၏ လက်အောက်ငယ်သားနှစ်ယောက်မှာ အသက်အန္တရာယ်နှင့် ကြုံနေရလောက်ပြီဖြစ်သည်။

သူတို့၏ ရန်သူမှာ သူတို့၏ အကြောင်းကို ရေရေရာရာ မသိထားသည့်တိုင်အောင် တိုက်ခိုက်ရဲနေသည်ဖြစ်ရာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေကြောင်း သိနိုင်ပေသည်။

” ဒါ အဆောင်ဝိညာဉ်တစ်ခုရဲ့ လက်ချက်များလား။ ဒါမှမဟုတ် အရှင်လက်လက် အရေဆုတ်ခံချင်နေတဲ့ ဟိုဖက်တီးစုတ်လေးရဲ့ လက်ချက်လား ” သူသည် အပြင်ပန်းတွင် တည်ကြည်မှုအပြည့် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ အလွန်အင်မတန်မှ စိုးထိတ်နေရပြီး သူ၏ နှလုံးသားထဲမှနေ၍ အန္တရာယ်များကို ခံစားနေရ၏။ သူ၏ ကလာပ်စည်းများအားလုံးမှာ သူ့အား ဤနေရာမှ ချက်ချင်းထွက်ခွာသွားရန် အော်ပြောနေသကဲ့သို့ပင်။

” ငါတို့သုံးယောက် လူစုခွဲခံလိုက်ရတာကို ကြည့်ရင် ဒီကိစ္စရဲ့ နောက်ကွယ်ကကြိုးကိုင်ရှင်က ငါတို့သုံးယောက်စလုံးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိလောက်ဘူး။ အဲဒီအချက်သာ မှန်ရင် သူ့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေက အကန့်အသတ်နဲ့ ရှိနေလောက်တယ်။ တကယ်လို့ တရားခံက ဟိုဖက်တီးသာဆိုရင် သူက ဒီအမှောင်အဆောင်ပစ္စည်းကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်စွမ်း မရှိသေးလို့ ဒါမှမဟုတ် အဲဒီအမှောင်အဆောင်ပစ္စည်းက ပျက်စီးနေပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ မလုံလောက်သေးလို့ပဲ ဖြစ်ရမယ် ” မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ မျက်လုံးများမှေးကာ ထိုသို့ ကောက်ချက်ချလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် ငါးမိနစ်ခန့် စောင့်ဆိုင်းနေလိုက်ပြီးနောက် သူ၏ဘေးသို့ တစ်ယောက်မှ ရောက်မလာသေးသည်ကို သိလိုက်ရသဖြင့် သူ၏လက်အောက်ငယ်သားနှစ်ယောက်မှာ သေဆုံးသွားလောက်ပြီဖြစ်ကြောင်း မှတ်ယူလိုက်၏။

” အဲ့တာဆို သူက ငါ့ဆီကို နောက်ဆုံးမှ လာမှာပဲ ” သူ၏မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ သူသည် ကြောက်ရွံ့တုန်လှုပ်နေ၍ အကျိုးမရှိကြောင်း နားလည်ထား၏။ တစ်ချိန်ထဲမှာပင် သူသည် ယွမ်ယင်အဆင့်၌သာ ရှိနေသေးပါသော်လည်း ကြယ်စင်စု သူခိုးဓားပြတစ်ယောက် ဖြစ်လာရသည်မှာ သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့်ပင် မဟုတ်ပါလော။

” အဲ့တာဆိုလည်း စောင့်တာပေါ့ကွာ ” ထိုလူကြီးမှာ သူ၏နှလုံးသားထဲမှ စိုးရိမ်စိတ်များကို ချုပ်တည်းလိုက်ပြီး အေးစက်စက် ရယ်မောကာ သေမင်းကို စောင့်မျှော်နေလိုက်တော့သည်။ သူသည် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ဖြန့်ကြက်လိုက်ပြီးနောက် သူ၏ ဘေးဘီဝဲယာအား ကြည့်ရှုစစ်ဆေးလိုက်၏။ ထို့နောက် လိုအပ်သည့် စီစဉ်မှုများ ပြုလုပ်ပြီးသွားသောအခါ သူသည် ပို၍ စိတ်သက်သာသွားရတော့သည်။

အမှန်တွင် သူသည် ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် အကာအရံများအား ဖောက်ခွဲပစ်နိုင်မည် မဟုတ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ထောင်ချောက်များ တပ်ဆင်ရန် ဆုံးဖြတ်ခဲ့၏။ သူနှင့်အတူ ယူဆောင်လာခဲ့သည့် မန္တန်အစီအရင်များ၊ တစ်ခါသုံး မှော်ဆေးရည်များနှင့် ဓမ္မရတနာများ အားလုံးကို ထိုပေတစ်ထောင်ခန့် ကျယ်ဝန်းသော နယ်မြေထဲတွင် ချထား၏။ သူသည် ထိုအရာအားလုံးကို အသုံးပြုကာ ထောင်ချောက်ဆင်ရန် ကြံရွယ်ထားသည်။

သူသည် ထိုကဲ့သို့ စီစဉ်နေရင်း ရုတ်တရက်ဆိုသလို အထိတ်တလန့် ဖြစ်သွားရ၏။ သူသည် ခပ်လှမ်းလှမ်းမှနေ၍ ထွက်ပေါ်လာသည့် ရေရွတ်သံတစ်သံကို ကြားလိုက်ရခြင်းဖြစ်သည်။ ထိုအသံကြီးမှာ အချိန်နှင့်အမျှ တဖြည်းဖြည်းပို၍ ရှင်းလင်းပြတ်သားလာတော့သည်။

” မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့လူက အတိတ်ကအကြောင်းကို သိလိမ့်မယ်…. ”

” ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့လူက အနာဂတ်အကြောင်းကို သိလိမ့်မယ်… ”

တေးသံတစ်ခုနှင့် ဆင်တူသည့် ထို စိတ်နှလုံးချောက်ချားဖွယ်ရာ ရေရွတ်သံများကို ကြားလိုက်ရသောအခါ သူသည် ရင်ခုန်နှုန်းများမြန်လာရတော့သည်။ သူ၏ စိတ်ဝိညာဉ်ပင်လျှင် မတည်မငြိမ် ဖြစ်လာရပြီး အမြင်အာရုံများမှာလည်း ဝေဝါးသွားရ၏။ ထို့ကြောင့် သူသည် သူ၏ လျှာကိုကိုက်၍ သူ့ကိုယ်သူ နာကျင်အောင်လုပ်ကာ အသိစိတ်ပြန်ဝင်လာအောင် လုပ်လိုက်ရသည်။ ထို့နောက် သူသည် အသက်ရှူသံများမြန်လာပြီး ခေါင်းမော့ကာ အကာအရံကြီး၏ အလွန်ကို လှမ်း၍ ကြည့်လိုက်သောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ ထိုတေးသံကြီးနှင့်အတူ အကာအရံ ဖန်သားပြင်ကြီး၏ အပြင်ဘက်ရှိ ကောင်းကင်ယံကြီးမှာ မည်းနက်သွားပြီး မြစ်ရှည်ကြီးတစ်စင်း ပေါ်ပေါက်လာသည်ကို သူက မြင်လိုက်ရခြင်းဖြစ်သည်။

ထိုမြစ်ရေများမှာ အနက်ရောင်ကောင်းကင်ကြီးနှင့် ပေါင်းစည်းသွားကြပါသော်လည်း ကြည်လင်နေဆဲပင်။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုမြစ်ရေများထဲတွင် ဝိညာဉ်ပေါင်းမြောက်မြားစွာ ရှိနေကြသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် မြေအောက်ကမ္ဘာကြီး၏ ပထမထပ်မှ ဝိညာဉ်ပင်လယ်ကြီးမှာ ဤနေရာသို့ စီးဆင်းလာပြီးနောက် ဝိညာဉ်မြစ်ကြီးတစ်စင်းကို ဖန်တီးပေးလိုက်သကဲ့သို့ပင်။

အကယ်၍ ထိုဝိညာဉ်မြစ်တစ်စင်းထဲသာ ဆိုပါက ထိုကျင့်ကြံသူကြီးမှာ ယခုလောက်ကြီး တုန်လှုပ်ချောက်ချားနေမည် မဟုတ်ပေ။ သို့သော် ထိုဝိညာဥ်မြစ်ထဲတွင် အနက်ရောင်လှေတစ်စင်းမှာလည်း သူ့ဆီသို့ တဖြည်းဖြည်းနှင့် ရွေ့လျားလာ၏။

ထိုလှေပေါ်တွင် ဝမ်ပေါင်လဲ့မှာ တင်ပျဉ်ခွေထိုင်နေ၏။ ထို့နောက် သူသည် မတ်တပ်ထလာပြီး ညာဘက်လက်ကို မြှောက်လိုက်သည်။ ထိုအခါ သူ၏ရှေ့တွင်ရှိနေသော မီးအိမ်လှော်တက်လေးမှာ တဖြည်းဖြည်းချင်း လေပေါ်သို့ မြင့်တက်လာပြီး သူ၏လက်ထဲသို့ ရောက်လာ၏။

” ငါ့ကို လှည့်စားနေတာ တကယ်ပဲ မင်းကိုးကွ ” မျက်နှာပေါ်၌ ကင်းခြေများကြီး ရှိနေသော လူကြီး၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်လာ၏။ သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ အသံကုန်အော်ဟစ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ ပြုံးသာပြုံးလိုက်ပြီး သူ၏ လက်ထဲမှ မီးအိမ်လှော်တက်အား ဝှေ့ယမ်းကာ အမှောင်အိပ်မက်ထဲက သူ၏ ဆရာအတိုင်း ပြုမူလိုက်၏။ ထို့နောက် သူသည် ရှင်းလင်းပြတ်သားမှုမရှိသော စကားသံဖြင့် ဆိုလိုက်တော့သည်…

” ဝာာအိုရောင်းရင်း။ ငရဲပြည်သွားဖို့ အချိန်ကျပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset