Switch Mode

အခန်း (၄၆၅)

အခန်း (၄၆၅) - အမှောင်ကြေးမုံ

မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီး မည်မျှပင် လျင်မြန်စွာ ထွက်ပြေးနေစေကာမူ ကိစ္စမရှိသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား ဂရုစိုက်နေခြင်းမရှိပေ။ ထို့ကြောင့် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ” ရုပ်အလောင်းမျက်နှာ ” ဟုသာ တိုးတိုးလေးရေရွတ်လိုက်၏။

ဝမ်ပေါင်လဲ့နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသောအခါ ထိုကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့် မြူခိုးများမှာ ရုတ်တရက်ဆိုသလို အရှိန်အဟုန်ပြင်းစွာ လည်ပတ်လာကြတော့သည်။ ထိုနောက် ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားကြသဖြင့် မြူခိုးများနှင့် ဖုံးအုပ်ခံထားရသည့် မြေပြင်ကြီး ပြန်ပေါ်လာတော့သည်။

သို့သော်… ထိုမြေပြင်ကြီးပင် ယခင်တုန်းက သုဿာန်မြေပြင်ကြီး မဟုတ်တော့ဘဲ ကြေးမုံတစ်ချပ်ကဲ့သို့ ပြောင်ချောကြီးဖြစ်နေသည့် မျင်နှာပြင်ကြီး တစ်ခုအသွင် ပြောင်းလဲသွားပြီဖြစ်သည်။

ထိုကြေးမုံကြီး၏ အစွန်းပိုင်းများမှာ ရှေ့သို့ ဆက်လက် ပြန့်ကားလာ၏။ ထို့ကြောင့် စက္ကန့်အနည်းငယ်အတွင်းတွင် ၎င်းမှာ အဝေးသို့ထွက်ပြေးသွားသည့် မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးအား လိုက်မီသွားပြီး သူ့အား ကျော်တက်သွားတော့သည်။ ထိုအခါ မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ ပို၍ပင် တုန်လှုပ်ချောက်ချားသွားရပြီး သူ၏ နီမြန်းနေ‌သော မျက်လုံးများမှာ သွေးရောင်ကဲ့သို့ ရဲရဲတောက်လာရတော့သည်။

အကယ်၍ သူသာ ထိုကြေးမုံထဲ၌ ပိတ်မိသွားပြီဆိုပါက အမှန်တကယ်ပင် သေဆုံးသွားမည်ဖြစ်ကြောင်း သူ၏ စိတ်ထဲမှနေ၍ ခံစားမိနေ၏။

ထို့ကြောင့် သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး သွေးရူးသွေးတန်းဖြစ်နေသော မျက်ဝန်းများဖြင့် တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ သူ၏ အကြေးခွံများကို ဖောက်ခွဲဖြစ်ရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့သည်။

ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ထစ်ချုန်းသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။ သူ၏ အကြေးခွံတစ်ခု သွေးရောင်မြူခိုးများအဖြစ် ပေါက်ကွဲသွားတိုင်း ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ထိုမြူခိုးများမှာ သူ၏ မျက်လုံး၊ နှာခေါင်း၊ နားရွက်နှင့် ပါးစပ်တို့၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ထိုအခါ သူသည် သက်စောင့်စွမ်းအားများကို အသက်ရှူသွင်းလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် သူ၏ အမြန်နှုန်းမှာ သိသိသာသာ မြင့်တက်လာတော့သည်။

သူသည် အစွမ်းကုန်ထုတ်ကာ အရူးတစ်ယောက်လို ပြေးလွှားနေပါသော်လည်း အချည်းနှီးပင်။

အကယ်၍ အမြင့်ပိုင်းတစ်နေရာမှ ကြည့်လိုက်မည်ဆိုပါက မြေအောက်ကမ္ဘာကြီး၏ ဤအစိတ်အပိုင်းကြီး တစ်ခုလုံးမှာ လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း မြင်လိုက်ရမည်သာ ဖြစ်သည်။ ၎င်းမှာ ပြောင်ချောနေသော ကြေးမုံကြီးတစ်ချပ်အသွင် ပြောင်းလဲသွားခြင်းဖြစ်၏။

မြေပြင်ကြီးတစ်ခုတည်းသာ ကြေးမုံကြီးအဖြစ် ပြောင်းလဲသွားခြင်းမဟုတ်ဘဲ ထိုကမ္ဘာကြီးတစ်ခုလုံးမှာ ကြေးမုံကြီးတစ်ခုတည်း ဖြစ်နေခြင်းပင်။ ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့မှာ ကြေးမုံကြီး၏ မျက်နှာပြင်များဖြစ်နေကြပြီး ၎င်းတို့ကြားရှိ အကွာအဝေးမှာ ကြေးမုံကြီး၏အထူ ဖြစ်နေ၏။

သွေးပျက်လုမတတ် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာမူ ကြေးမုံကြီးထဲတွင် ပြေးလွှားကာ ထွက်ပြေးနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထို့ကြောင့် သူ မည်မျှပင် လျင်မြန်စွာ ပြေးလွှားနေစေကာမူ အပြင်ဘက်သို့ လုံးဝထွက်နိုင်တော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤ ကြေးမုံကြီးထဲ၌ ပိတ်မိနေပြီဖြစ်သောကြောင့်ပင်။

၎င်းမှာ ဝမ်ပေါင်လဲ့ အသုံးပြုနိုင်သည့် အမှောင်ပစ္စည်း၏ ပြီးပြည့်စုံခြင်းမရှိသေးသော စွမ်းအားများပင်ဖြစ်သည်။ သူသည် သူ၏ အဆောင်ဝိညာဉ်များအား တံဆိပ်ရိုက်နှိပ်ကာ သူ၏ မန္တန်အစီအရင်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားစေလိုက်ပြီးနောက် ၎င်းမှာ ထိုကမ္ဘာကြီးအား ကြေးမုံကြီးတစ်ချပ်အသွင် ပြောင်းလဲပစ်လိုက်ခြင်းဖြစ်သည်။ ထိုကြေးမုံကြီးမှာ ဝမ်ပေါင်လဲ့ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ရုပ်အလောင်းမျက်နှာပညာရပ်အား လေ့ကျင့်ရာ၌ အသုံးပြုခဲ့သည့် အမှောင်ကြေးမုံကြီးနှင့် ဆင်တူနေ၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို မြှောက်ကာ ချောက်နက်ကြီးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ သူ၏လက်ညှိုးထဲမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချောက်နက်ကြီးအား ထိုးဖောက်သွားသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် ၎င်းမှာလကြေးမုံကြီးပေါ်သို့ ကျရောက်လာပြီးနောက် စုတ်တံတစ်ချောင်း၏ ထိပ်အဖြစ် ပြောင်းလဲသွားပြီး အသာအယာ ရေးဆွဲလိုက်၏။

၎င်းမှာ သူ၏ အမှောင်အိပ်မက်ထဲတွင် ဝိညာဉ်များ နောက်ဘဝ၌ ပိုင်ဆိုင်ရမည့် မျက်နှာများကို ရေးဆွဲပေးခဲ့သည့် အချိန်တုန်းကအတိုင်းပင်။ ထိုစုတ်ချက်မှာ မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးပေါ်သို့ ကျရောက်သွားသဖြင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး မျက်လုံးများပြူးသွားရ၏။ ထို့နောက် သူသည် မျက်လုံးဖြင့် မမြင်ရသည့်တိုင်အောင် အလွန်အင်မတန်မှအားကောင်းပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ကံကြမ္မာနှင့် ဥပဒေသများကို ကိုယ်စားပြုသော စွမ်းအားတစ်မျိုး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိပေ။

သူသည် ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသော ထစ်ချုန်းသံတစ်သံကို ကြားလိုက်ရပြီးနောက် လေပြင်းတစ်ချက် သူ့အား ဖြတ်၍တိုက်ခတ်သွားသည်ကို အာရုံခံမိလိုက်၏။ ထိုသို့ တိုက်ခတ်ပြီးသွားသောအခါ သူ၏ မျက်လုံးများမှာလည်း ပျောက်ကွယ်သွားတော့သည်။

” အစ်ကို။ ကျေးဇူးပြုပြီးတော့ အသက်ချမ်းသာပြီးပါ။ ကျေးဇူးပြုပြီး ကျနော်ရှင်းပြတာ နားထောင်ပေးပါဗျာ… ” ထိုလူကြီးမှာ ကြောက်လန့်တကြား အော်ဟစ်‌ငိုကြွေးနေတော့သည်။ သူသည် တုန်လှုပ်ချောက်ချားနေရပြီဖြစ်ပြီး လက်ရှိတွင် သူ၏ အမြင်အာရုံမှာလည်း ပျောက်ကွယ်သွားရပြီဖြစ်သည်။ ယခုကဲ့သို့ ဖြစ်ပျက်နေသည့် အရာများအားလုံးမှာ အမှောင်အဆောင်ပစ္စည်းထဲတွင် ရှိနေသည့် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော အရာကြီးတစ်ခု၏ တိုက်ကွက်တစ်ကွက် ဖြစ်ရမည်ဟု ထိုလူကြီးက ခံစားလိုက်ရသောကြောင့် ယခုလို အလောတကြီးနှင့် အသတ်ချမ်းသာပေးရန် တောင်းဆိုလိုက်ရခြင်းဖြစ်သည်။

သို့သော် သူမည်မျှပင် အသနားခံစေကာမူ ထိုကြောက်မက်ဖွယ်စွမ်းအားကြီးမှာ ရပ်တန့်သွားခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ နောက်ထပ် စုတ်ချက်တစ်ချက် ထပ်မံရေးဆွဲလိုက်ပြန်သည်။ ထိုအခါ ထိုလူကြီး၏ နှာခေါင်း၊ နားရွက်များသာမက သူ၏ ပါးစပ်ပင်လျှင် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားရတော့သည်။ ထို့ကြောင့် သူ၏ စကားသံမှာလည်း ပျောက်ကွယ်သွားပြီး သူ၏ တဆတ်ဆတ် တုန်ရီနေသော ခန္ဓာကိုယ်တစ်ခုတည်းသာ ကျန်ရစ်ခဲ့တော့သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ တတိယမြောက် စုတ်ချက်ကို ရေးဆွဲလိုက်တော့ကြောင့် စိတ်နှလုံးထဲသို့ ထိုးဖောက်ကာ ဝိညာဉ်များကိုပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေနိုင်သည့် ဒုက္ခဝေဒနာကြီးတစ်ခုမှာ ထိုလူကြီး၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ သို့သော် သူသည် အော်ဟစ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ကြီးအား ကြောက်မက်ဖွယ် အားကြီးတစ်ခုက ဆွဲငင်လိုက်သဖြင့် ပိန်ချုံးကာ အားအင်ချည့်နဲ့နေရသည့် ခန္ဓာကိုယ်လေးမှာ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားရသည့်တိုင်အောင် အသံတစ်သံမှ မထွက်နိုင်ဘဲ နှုတ်ဆိတ်နေရ၏။

ဝမ်ပေါင်လဲ့မှာ ရုပ်အလောင်းမျက်နှာ လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား ကျွမ်းကျင်တတ်မြောက်နေပြီ ဖြစ်သောကြောင့် စုတ်ချက်အနည်းငယ်မျှသာ အသုံးပြု၍ ထိုလူကြီး၏ ပုံပန်းသွင်ပြင်အား ခေါင်းအစခြေအဆုံး ပြောင်းလဲပစ်လိုက်၏။ ယခုတွင် သူ၏ ခန္ဓာကိုယ်ကြီးမှာ အသားတောင်ပို့ကြီးတစ်လုံးကဲ့သို့ ဖြစ်နေပြီး သူ၏မျက်နှာမှာမူ မည်သည့်အင်္ဂါရပ်မှ မရှိတော့သောကြောင့် ပြောင်သလင်းခါနေသော ကျောက်သင်ပုန်းကြီး တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ဆက်လက်ရေးဆွဲနေလိုက်သဖြင့် ထိုကျောက်သင်ပုန်းကြီးပေါ်တွင် ဝကစ်ကစ် မျက်နှာအင်္ဂါရပ်များ ပေါ်ပေါက်လာရ၏။ ထိုသို့ပေါ်ပေါက်လာသောအခါမှသာ ထိုလူကြီးမှာ ပြန်၍ အော်ဟစ်နိုင်စွမ်းရှိသွားတော့သည်။ ထို့အပြင် သူ၏ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသည့် အရာများကိုလည်း ရပ်မိသွားတော့သည်။

ခဏအကြာတွင် သူ၏နာကျင်မှုများမှာ အစပိုင်းတွင်သာ ရှိနေသေးသည်ဖြစ်ပြီး တော်ရုံနှင့် ပြီးဆုံးသွားဦးမည်မဟုတ်ကြောင်း ထိုလူကြီးက သိလိုက်ရ၏။ ထိုအချိန်တွင် သူသည် စိတ်မကျေမနပ်ဖြစ်နေသည့် နှာမှုတ်သံတစ်သံကို ကြားလိုက်ရပြီးနောက် သူ၏မျက်နှာအင်္ဂါရပ်များအားလုံးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပျောက်ကွယ်သွားပြန်သည်။ ထို့ကြောင့် သူ၏ရုပ်ရည်မှာ ထပ်၍ ပြောင်းလဲသွားရ၏။

ဝမ်ပေါင်လဲ့မှာမူ စိတ်ကျေနပ်မှုမရှိသေးပေ။ သူသည် ထိုလူကြီးအား ရုပ်ရည်ချောမောနေအောင် ရေးဆွဲပေးခဲ့မိသည်ဟု ခံစားနေရ၏။ ထို့ကြောင့် သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ ထိုလူကြီး၏ မျက်နှာအား ပြောင်သလင်းခါသွားအောင် လုပ်လိုက်ပြီးနောက် အစမှပြန်၍ ရေးဆွဲလိုက်ပြန်သည်။ သူသည် ထိုကဲ့သို့ အကြိမ်အနည်းငယ်ခန့် ထပ်ခါတလဲလဲ ရေးဆွဲနေခဲ့ပြီး ထိုလူကြီးမှာမူ အကြိမ်တိုင်း အကြိမ်တိုင်းတွင် စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်သော နာကျင်မှုများကို ခံစားနေခဲ့ရ၏။ နောက်ဆုံးတွင် သူသည် အော်ဟစ်မြည်တမ်းဖို့ပင် အားမရှိတော့ပေ။ သူသည် တစ်ကိုယ်လုံး နုံးချည့်နေရပြီး သူ၏ မျက်ဝန်းများထဲရှိ မျှော်လင့်ချက်အရိပ်အယောင်များ အားလုံးမှာလည်း ပျောက်ကွယ်သွားရပြီဖြစ်သည်။

” ငါ ပုံမဆွဲတာကြာတော့ လက်တွေတောင် ပျက်သွားပြီ… ” ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ထပ်ခါတလဲလဲ ရေးဆွဲနေသည့်တိုင်အောင် စိတ်ကျေနပ်မှု မရသေးသောကြောင့် စိတ်ရှုပ်နေသည့် လေသံဖြင့် ငြီးတွားလိုက်၏။ ထို့နောက် သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သောအခါ အက်ကွဲသံကြီးတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိုကြေးမုံကြီး တစ်ခုလုံးမှာ ပြင်းအားကြီးတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်အလား တစ်စစီ ကြေမွပျက်စီးသွားတော့သည်။

ကြေးမုံကြီးနှင့်အတူ ၎င်းထဲ၌ ပိတ်မိနေခဲ့သော မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာလည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့သည်။

ထိုအဖြစ်အပျက်များ ပြီးဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ နောင်တရနေသည့် အမူအရာဖြင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် လေထဲသို့ လှမ်း၍ဖမ်းဆုပ်လိုက်သောအခါ သိုလှောင်အိတ်တစ်လုံးနှင့် အကြေးခွံအချို့မှာ သူ၏လက်ထဲ၌ ပေါ်ပေါက်လာ၏။ နောက်ဆုံးဆုံးတွင် သူသည် နောက်သို့လှည့်သွားပြီး သူ၏ ခြေထောက်အောက်တွင်ရှိနေသော လှေကြီးနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

သူ ပျောက်ကွယ်သွားသောအခါ မြေအောက်ကမ္ဘာကြီး၏ ထိုအစိတ်အပိုင်းမှာ နဂိုမူလ အနေအထားအတိုင်း ပြန်လည်ပြောင်းလဲသွား၏။ ၎င်းမှာ သုဿာန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် ကောင်းကင်ယံထဲရှိ သွေးရောင် လမင်းကြီးမှာ ပျောက်ကွယ်သွားသဖြင့် အရာအားလုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။

အခြားဂြိုဟ်မှ ရောက်လာသည့် ယွမ်ယင်အဆင့် ကျင့်ကြံသူ သုံးယောက်ထဲမှ တစ်ယောက်မှာ သေဆုံးသွားရပြီဖြစ်သည်။

ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် မြေအောက်ကမ္ဘာကြီး၏ ပထမအထပ်တွင် မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာအမူအရာဖြင့် ပြေးလွှားနေ၏။ သူသည် မကြာသေးမီတုန်းက ဒုတိယအထပ်တွင် ရှိနေခဲ့ပြီး သူ၏ရဲဘော်ရဲဘက် နှစ်ယောက်နှင့်အတူ မာကျောမှုသိပ်မရှိသော နေရာတစ်ခုကို တိုက်ခိုက်နေခဲ့ခြင်းဖြစ်၏။ သို့သော် တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ရှေ့၌ ဧရာမ ဖုတ်ကောင်ခေါင်းကြီးတစ်လုံး ပေါ်ပေါက်လာခဲ့ပြီး သူ့အား ဝါးမျိုသွားခဲ့၏။

ထိုစဉ်တုန်းက သူ၏အမြင်အာရုံများ ဝေဝါးသွားခဲ့ရသောကြောင့် သူသည် သေဆုံးသွားရတော့မည်ဖြစ်ကြောင်း ထင်မှတ်ထားခဲ့၏။ သို့သော် သူ၏ အမြင်အာရုံ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည့်အချိန်တွင် သူသည် တည်နေရာပြောင်းရွှေ့ခံလိုက်ရခြင်းဖြစ်ပြီး မြေအောက်ကမ္ဘာကြီး၏ ပထမထပ်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် သံသယများဝင်သွားရပြီး မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးအတိုင်း ကောက်ချက်ချမိလိုက်၏။ သူသည် အမှောင်အဆောင်ပစ္စည်းထဲရှိ ထောင်ချောက်တစ်ခုခုနှင့် ကြုံလိုက်ရခြင်းဖြစ်မည်ဟု မှတ်ယူလိုက်ခြင်းဖြစ်သည်။

” တခြားလူတွေနဲ့ အမြန်ဆုံး ပြန်ပေါင်းစည်းနိုင်အောင် လုပ်မှဖြစ်မယ် ” မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ မျက်နှာအမူအရာ တည်ကြည်သွား၏။ အမှောင်အဆောင်ပစ္စည်းထဲရှိ ကမ္ဘာကြီးမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူက ခံစားနေရသည်။ သို့သော် သူသည် မည်သည့်အရာ ပြောင်းလဲသွားမှန်း သေသေချာချာ မသိနိုင်ဘဲဖြစ်နေရ၏။

သူသည် သူ၏အသံလွှင့်လက်စွပ်ကို အသုံးပြုကာ အခြားနှစ်ယောက်အား ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့သည့်တိုင်အောင် အကျိုးမထူးပေ။ ထို့အပြင် သူသည် သူတို့သုံးယောက်ကြားရှိ အကွာအဝေး ခြားနားမှုများကို အတိုင်းအတာတစ်ခုအထိ လျစ်လျူရှုနိုင်စွမ်းရှိသည့် လျှို့ဝှက်ဆန်းကြယ် စာလိပ်တစ်ခုကို အသုံးပြုခဲ့သည့်တိုင်အောင် မည်သည့်အကြောင်းကြားစာမှ ပြန်မရခဲ့ပေ။ ထို့ကြောင့် သူသည် ပို၍ပင် အံ့ဩတုန်လှုပ်သွားရ၏။

” ငါ သူတို့ကို ဆက်ရှာနေလို့မဖြစ်ဘူး။ ဒီ နေရာကြီးထဲကနေ ချက်ချင်းထွက်ခွာမှ ဖြစ်မယ်။ သူတို့ကို အပြင်ဘက်ကနေ စောင့်နေတာ ပိုကောင်းတယ် ” မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်၏။ သူသည် အပြင်ဘက်သို့ထွက်နိုင်မည့် ထွက်ပေါက်တစ်ပေါက်ကို ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် မြေအောက်ကမ္ဘာကြီး၏ ပထမထပ်မှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတော့သည်။

ဝိညာဉ်ပင်လယ်ကြီးပေါ်တွင် ပြန့်ကျဲနေသည့် အရိုးကျွန်းစုပေါင်း မြောက်မြားစွာမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် ၎င်းတို့မှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်သွားကြသဖြင့် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများမှာ ကောင်းကင်ယံထဲသို့ မြင့်တက်သွားကြတော့သည်။ ထို့ကြောင့် မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ ထို အရိုးကျွန်းစုများ၏ ပေါက်ကွဲမှုကြောင့် အရိုးပေါင်း မြောက်မြားစွာ လေပေါ်သို့ မြောက်တက်သွားကြသည်ကို သူက မျက်ဝါးထင်ထင် မြင်နေရသည် မဟုတ်ပါလော။

ကောင်းကင်ယံထဲတွင် အရိုးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

” ဒါ…. ဒါ…. ” မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ တုန်လှုပ်ချောက်ချားနေရသောကြောင့် စကားပင် မပြောနိုင်တော့ပေ။ ထိုအချိန်တွင် ထိုအရိုးများမှာ အတူတကွ စုဝေးသွားကြသောကြောင့် သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

စက္ကန့်အနည်းငယ်အတွင်းတွင် ၎င်းတို့မှာ ဧရမ အရိုးစုလက်ချောင်းကြီးတစ်ချောင်းအသွင် ပြောင်းလဲသွား၏။ ၎င်းမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားလွန်းလှသောကြောင့် ကောင်းကင်ကြီး၏ ဆယ်ပုံပုံတစ်ပုံအထိ နေရာယူထားသည်။ ထို့ကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။

ထို့နောက် ဒုတိယမြောက် အရိုးစုလက်ချောင်းနှင့် တတ်ယမြောက် အရိုးစုလက်ချောင်းများ အဆင့်ဆင့်ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် လက်ချောင်းငါး‌ချောင်းစလုံး ပေါ်ပေါက်လာတော့သည်။ ထို့နောက် အရိုးများ ထပ်၍ စုဝေးလာကြပြီး ထိုလက်ချောင်းကြီးငါးချောင်းအား ဆက်သွယ်ပေးထားသည့် ဧရာမလက်ဝါးကြီးတစ်ခုကို ဖန်တီးပေးလိုက်၏။

ထိုအရိုးစု လက်ချောင်းကြီးငါးချောင်းမှာ ရုတ်တရက်ဆိုသလို အတွင်းဘက်သို့ ကွေးသွား၏။ ထိုအခါ ကောင်းကင်ယံထဲတွင် မိုးကောင်းကင်ကြီး တစ်ခုလုံးနီးပါး အရွယ်အစားကြီးမားပြီး အရိုးများဖြင့်သာ ဖွဲ့စည်းထားသည့် လက်သီးတစ်ခု ပေါ်ပေါက်လာတော့သည်….

” ဘာကြီးလဲဟ ” မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ ကြောက်စိတ်များကြောင့် ဦးရေခွံတစ်ခုလုံး ပေါက်ကွဲသွားလုမတတ် ခံစားနေရ၏။ သူသည် သေရတော့မည်ဖြစ်ကြောင်း အာရုံခံမိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားပြီး ထွက်ပြေးလွတ်မြောက်နိုင်ရန် အလို့ငှာ မည်သည့်အရာကိုမဆို ပေးဆပ်ရန် အဆင့်သင့်ဖြစ်နေ၏။ သူ၏ နှလုံးသားထဲ၌ ခံစားနေရသည့် တုန်လှုပ်ချောက်ချားမှုများနှင့် အကြောက်တရားများမှာ အမြင့်ဆုံးအဆင့်အထိ ရောက်နေပြီဖြစ်သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီး ထွက်ပြေးရန်ပြင်လိုက်စဉ်မှာပင် ဝိညာဉ်ပင်လယ်ကြီးတစ်စင်းလုံးမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွား၏။ ထို့နောက် ဝိညာဉ်ပေါင်း မြောက်မြားစွာမှာ သွေးရူးသွေးတန်းနှင့် ခုန်ထွက်လာကာ အရိုးလက်သီးကြီးဆီသို့ ဦးတည်ပျံသန်းသွားကြပြီးနောက် ၎င်း၏ ပတ်ပတ်လည်တွင် စုဝေးလိုက်ကြသဖြင့် အသားလွှာများ ပေါ်ပေါက်လာတော့သည်။

အဝေးမှကြည့်လိုက်မည်ဆိုပါက ထို ဧရာမအရိုးစုလက်သီးကြီးမှာ ဝိညာဉ်ပေါင်းမြောက်မြားစွာနှင့် တစ်သားတည်း ပေါင်းစည်းနေရင်း ၎င်း၏ အရိုးများပေါ်၌ အသားများ ပေါ်ပေါက်လာနေသည့် မြင်ကွင်းကြီးကို မြင်လိုက်ရမည် ဖြစ်သည်။ ၎င်း၏ သွေးစက်များမှာ အနက်ရောင်ဖြစ်ကာ အသားများမှာ အစိမ်းရောင် ဖြစ်နေပြီး အပြင်ဘက်အရေပြားပေါ်တွင် အစိမ်းရောင် တံဆိပ်တော်များ ရှိနေကြ၏။

မျက်စိတစ်မှိတ်အတွင်းတွင် ဝိညာဥ်ပင်လယ်ကြီး တစ်စင်းလုံးမှာ ကုန်ခမ်းသွား၏။ ထိုကမ္ဘာကြီးတစ်ခုလုံးနီးပါး အရွယ်စားရှိသော အစိမ်းရောင်လက်သီးကြီးတစ်ခုသာလျှင် ထိုကမ္ဘာထဲ၌ ကျန်ရစ်ခဲ့တော့သည်။

ထို့နောက် ထို လက်သီးကြီးမှာ မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချားမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသော မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset