Switch Mode

အခန်း ( ၁၂၈ )

စမ်းသပ်ဖို့ကောင်းတဲ့ဟာပဲ

ဝမ်ပေါင်လဲ့မှာ ဤကိစ္စကြီးတစ်ခုလုံးကို အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ခဲ့ပြီး လင်းတျန်ဟောက်အား အကျပ်ရိုက်သွားအောင် လုပ်နိုင်ခဲ့သောကြောင့် အလွန် ကျေနပ်နေတော့သည်။

သူ၏ စိတ်ကျေနပ်နေသော အမူအရာကို ဘေးပတ်ပတ်လည်မှ လူများမှာ မမြင်နိုင်ပါသော်လည်း လူများ၏ အမြင်တွင် သူ၏ပုံစံမှာ ယုံကြည်အားထားနိုင်သည့်ပုံ ပေါက်နေ၏။ အထူးသဖြင့် သူ၏ စကားများမှာ ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူများကို စိတ်နှလုံးလှုပ်ရှားသွားစေခဲ့၏။ သူတို့မှာ အားနည်းသူများကို စာနာသနားတတ်သည့် လူများ မဟုတ်ပါလော။ ၎င်းမှာ ဝမ်ပေါင်လဲ့ အသုံးပြုနေသည့် အသနားခံခြင်း ဗျူဟာပင် ဖြစ်သည်။

အဆောင်မှူး၏ ရှေ့မှာပင် ရဲတင်းစွာ ပြုမူကာ အကြမ်းဖက်ခဲ့သော လင်းတျန်ဟောက်ကြောင့် သူတို့အားလုံး ဆွံ့အမှင်တက်သွားကြသလို လင်းတျန်ဟောက်အား ရန်လိုစိတ်များ ပေါ်လာကြ၏။ ယခုတွင်မူ သူတို့အားလုံး ခေါင်းမော့လာကြပြီး အဆောင်မှူးအား ကြည့်လိုက်ကြ၏။

လင်းတျန်ဟောက်မှာမူ အသက်မရှူနိုင်တော့သည့်အလား ခံစားနေရပြီဖြစ်သည်။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့၏ ယခုလို အမူအရာမျိုးကို လုံးဝမမြင်ဖူးသောကြောင့် သူသည် အားနည်းချင်ယောင်ဆောင်ကာ လူအများ ယုံကြည်လာအောင် လိမ်လည်လှည့်ဖျားနေခြင်းဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွားသည်။

” အဆောင်မှူး။ သူ…သူက ဟန်ဆောင်နေတာ ”
လင်းတျန်ဟောက်မှာ ထိတ်ထိတ်ပျာပျာနှင့် ဆိုလိုက်၏။ သို့သော် ကောင်းကင်ယံရှိ ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော သက်လတ်ပိုင်းလူကြီးမှာမူ အေးစက်စက်သာ စိုက်ကြည့်လိုက်သောကြောင့် လင်းတျန်ဟောက်မှာ စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်သွားရ၏။ သူသည် ပေါက်ကွဲထွက်လုမတတ် အမျက်ချောင်းချောင်း ထွက်နေပါသော်လည်း ပါးစပ်သာပိတ်ထားလိုက်ရတော့သည်။

လင်းတျန်ဟောက် ငြိမ်ကျသွားသည်ကိုကြည့်ကာ ဝမ်ပေါင်လဲ့မှာ ပို၍ပင် ဝမ်းမြောက်ဝမ်းသာဖြစ်သွား၏။ သို့သော် ထိုနေရာတွင် ရှိနေသည့် လူတိုင်း ဉာဏ်ပြေးသောလူများ ဖြစ်ကြသောကြောင့် အလွန်အကျွံ ဟန်ဆောင်ပြ၍ မဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ခေါင်းကိုသာ ငုံ့ထားလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။

ကောင်းကင်ယံရှိ ခရမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးမှာ လင်းတျန်ဟောက်ဆီမှ အကြည့်လွှဲလိုက်၏။ သူသည် လင်းတျန်ဟောက်၏ အကြမ်းဖက်ခဲ့သည့် လုပ်ရပ်ကြောင့် မကျေမနပ် ဖြစ်သွားရ၏။ လင်းတျန်ဟောက်၏ အပိုနတ်ဝိဇ္ဇာဂူကို ဓမ္မအဆောင်များ သန့်စင်နိုင်ရန်အတွက် သူကိုယ်တိုင် ပေးအပ်ခဲ့ခြင်း ဖြစ်ပါသော်လည်း ထိုစဉ်က ယခုလိုမျိုး ဖြစ်လာလိမ့်မည်ဟု မတွေးမိခဲ့ပေ။ သို့သော် ယခုတွင်မူ ပြဿနာကြီးတစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။ ထို့အပြင် လူတိုင်းက သူ့ကို တရိုတသေ နှုတ်ဆက်ခဲ့သည်ဖြစ်ရာ အကယ်၍ လင်းတျန်ဟောက်ကသာ မတိုက်ခိုက်ခဲ့ပါက သူသည် ဝမ်ပေါင်လဲ့အား အဓိကထား၍ ပြစ်တင်ကြိမ်းမောင်းနိုင်မည်ဖြစ်ပြီး လင်းတျန်ဟောက်အား ပေါ့ပေါ့တန်တန် ဆူပူလိုက်ရုံဖြင့် ဤကိစ္စမှာ ပြီးဆုံးသွားမည်ဖြစ်သည်။

သို့သော် ယခုတွင်မူ အခြေအနေကြီးတစ်ခုလုံး ပြောင်းလဲသွားပြီဖြစ်သည်။ လင်းတျန်ဟောက်မှာ အကြမ်းဖက်ခဲ့သည်ဖြစ်သလို ဝမ်ပေါင်လဲ့၏ လုပ်ရပ်များ‌မှာ သက်သေအထောက်အထားနှင့်တကွ ရှင်းပြခဲ့သော ဖြစ်ရပ်ကြောင့် အပြစ်တင်၍ မရနိုင်ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အဆောင်မှူးနှင့် စကားပြောခဲ့စဉ်တုန်းက တဇွတ်ထိုး မဟုတ်ဘဲ ရိုသေလေးစားမှုအပြည့်ဖြင့် ပြောဆိုဆက်ဆံခဲ့သည့် အချက်မှာလည်း အရေးကြီးပေသည်။

သို့သော် လင်းတျန်ဟောက်မှာမူ….

ဤ ကိစ္စရပ်ကြီးအား ပို၍ဇာတ်ရှိန်မြင့်အောင် လုပ်လိုက်သူများမှာ ဘေးနားမှ ကြည့်နေကြသည့် ကျောင်းသားများပင် ဖြစ်သည်။ သူသည် အဆောင်မှူးဖြစ်သောကြောင့် သူတို့၏ စိတ်ထဲတွင် ရှိနေနိုင်သည့် အတွေးများကို လျစ်လျူရှုရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် မျက်လုံးများမှေးကာ ဝမ်ပေါင်လဲ့အား အကြိမ် အနည်းငယ်ခန့်ထပ်၍ စိုက်ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ ဟန်ဆောင်မှုများနှင့် ရည်ရွယ်ချက်ကို ထိုးဖောက်မြင်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ လူရည်လည်ပြီး လိမ္မာပါးနပ်သော လူတစ်ယောက်ဖြစ်သည့် အချက်ကိုမူ လက်ခံရပေမည်။

” မင်းတို့နှစ်ယောင်စလုံး ဒီလိုမျိုး ထပ်လုပ်ရဲလုပ်ကြည့်။ တာအိုကျောင်းထဲမှာ နောက်ထပ်တစ်ကြိမ် ထပ်ပြီးရန်ဖြစ်ရင် မင်းတို့နှစ်ယောက်စလုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးပစ်မယ် ”

” ပြီးတော့ လင်းတျန်ဟောက်။ ဘာကိစ္စနဲ့ မင်းက သူများရဲ့ နတ်ဝိဇ္ဇာဂူကို မောင်ပိုင်စီးထားရတာလဲ။ ချက်ချင်း ပြန်ပေးလိုက်စမ်း ”

ထို့နောက် အဆောင်မှူးမှာ လင်းတျန်ဟောက်အား အေးစက်စက်စိုက်ကြည့်လိုက်ပြီး ထွက်ခွာသွား၏။

လင်းတျန်ဟောက်၏ နှလုံးသားမှာမူ တဆတ်ဆတ် တုန်ရီနေရတော့သည်။ ဝမ်ပေါင်လဲ့မှာ နာကြည်းကာ သနားစရာကောင်းသည့်ပုံစံ ဟန်ဆောင်နေပါသော်လည်း အမှန်တွင် သူသည် နာကြည်းကာ သနားစရာကောင်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုပွဲတွင် သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

အဆောင်မှူး ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာ ရင်ဘတ်ကို လက်ဖြင့်ဖိကာ မတ်တတ်ထလာ၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ၏ပတ်ပတ်လည်မှ လူများကို အရိုအသေပေးလိုက်၏။

” အစ်ကိုတို့။ ကျနော်တို့အားလုံးက ဂိုဏ်းတူညီအစ်ကိုတွေ ဖြစ်ကြတဲ့အပြင် နောက်ကျရင် အိမ်နီးနားချင်းတွေပါ ဖြစ်တော့မှာ။ ကျနော်က လူသစ်ဆိုတော့ အစ်ကိုတို့အားလုံးဆီကနေ အဖိုးတန်တဲ့ အကြံဉာဏ်တွေကို ရရှိနိုင်ဖို့ မျှော်လင့်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ စိတ်အားထက်သန်စွာဖြင့် ရှေ့သို့လှမ်းလာပြီး သူ၏ အစ်ကို၊ အစ်မ အားလုံးကို တရိုတသေ နှုတ်ဆက်လိုက်၏။ ထို့နောက် သူတို့အား သက်တံ့ဝိညာဉ်ကျောက်တုံး တစ်ယောက်တစ်တုံးစီ ပေးလိုက်၏။

သူတို့အားလုံးမှာ သက်တံ့ဝိညာဉ်ကျောက်တုံး တစ်ယောက်တစ်တုံးသာ လက်ဆောင်ရလိုက်သည် ဖြစ်ပါသော်လည်း ကျေနပ်သွားကြပြီး ဝမ်ပေါင်လဲ့ကို ပို၍ပင် သဘောကျနှစ်သက်သွားကြ၏။ ထို့နောက် သူတို့မှာ တရင်းတနှီး စကားစမြည် ပြောဆိုနေကြတော့သည်။ ယနေ့ ဖြစ်ပျက်သွားခဲ့သော ကိစ္စကြီးကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား အထင်ကြီးသွားကြ၏။ သူတို့ရှေ့တွင် ရှိနေသောသူမှာ ကောက်ကျစ်စဉ်းလဲကာ ရက်စက်ကြမ်းကြုတ်ပါသော်လည်း အလွန် လိမ္မာပါးနပ်သော လူတစ်ယောက်ဖြစ်ကြောင်း သူတို့က ရိပ်မိလိုက်ကြ၏။

တချိန်တည်းမှာပင် ရုပ်သေးရုပ်ကြီးမှာလည်း ဝမ်ပေါင်လဲ့မှာ ဓမ္မအဆောင်များ သန့်စင်ရာ၌ အလွန် ထူးချွန်ထက်မြက်ကြောင်း သက်သေထူနေ၏။ ထို့အပြင် သူသည် ရှစ်လက်မဝိညာဉ်အမြစ်နှင့် ဖောက်ထွက်နိုင်ခဲ့ရုံသာမက ကိစ္စအဝဝကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိ‌နေသည့်အပြင် လူမှုဆက်ဆံရေးပိုင်းတွင်လည်း ကျွမ်းကျင်ပိုင်နိုင်မှု အပြည့်ရှိနေ၏။ ထို့ကြောင့် သူတို့၏အမြင်တွင် သူသည် ဘက်စုံထူးချွန်သူတစ်ယောက် ဖြစ်နေတော့သည်။ သူတို့မှာ အဆင့်နိမ့်ကျွန်းပေါ်နှင့် ဝိညာဉ်အမြစ်ရွာထဲတွင် ဖြစ်ပျက်ခဲ့သည့် ဝမ်ပေါင်လဲ့နှင့် ပတ်သက်သော ကိစ္စများကို ကြားသိထားကြပါသော်လည်း အသေးစိတ်အချက်အလက်များကို မသိသေးပေ။ ယခုတွင်မူ သူတို့မှာ ထိုအကြောင်းများကို မေးမြန်းရင်း အဖြစ်အပျက်အားလုံးကို ပို၍ နားလည်လာကြသောကြောင့် ပို၍ပင် စိတ်ဓာတ်တက်ကြွလာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ဟန်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း သူတို့အားလုံးက ရိပ်မိကြပါသော်လည်း ဂရုမစိုက်ပေ။

လင်းတျန်ဟောက်မှာမူ သူ၏ ပတ်ပတ်လည်မှ ရယ်မောသံများမှာ သူ့အတွက် နားဝင်ဆိုးနေသောကြောင့် ချက်ချင်းပင် နောက်သို့လှည့်သွားပြီး နတ်ဝိဇ္ဇာဂူဆီသို့ ပြေးသွားလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ သူ့အား ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင်ကျိတ်၍ ချောင်းဟန့်လိုက်၏။ ထို့နောက် လင်းတျန်ဟောက်အား လျစ်လျူရှုလိုက်ပြီး သူ၏ ပတ်ပတ်လည်ရှိ လူများနှင့် ဆက်၍ တရင်းတနှီး စကားစမြည် ပြောဆိုနေလိုက်တော့သည်။ သူတို့အားလုံး ထွက်ခွာသွားကြပြီးနောက် ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်၏ နတ်ဝိဇ္ဇာဂူရှေ့တွင် မတ်တတ်ရပ်လိုက်၏။

သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထိုနတ်ဝိဇ္ဇာဂူ နှစ်လုံးမှာ ထိုနယ်မြေကြီး တစ်ခုလုံး၏ ထောင့်အကျဆုံး အစွန်အဖျားတွင် ရှိနေခြင်းဖြစ်ကြောင်း မြင်လိုက်ရမည် ဖြစ်သည်။ သူတို့၏ တံခါးနှစ်ပေါက်ကြားမှ အကွာအဝေးမှာ ပေတစ်ရာပင် မပြည့်ပေ။ ဝမ်ပေါင်လဲ့မှာ သေသေချာချာ အကဲခတ်လိုက်ပြီးနောက် ညာဘက်မှဂူမှာ အစွန်ဆုံးသို့ ရောက်နေသောကြောင့် နိမိတ်မကောင်းဟု ယူဆလိုက်ပြီး ဘယ်ဘက်မှဂူမှာ အတွင်းဘက် ပိုကျသောကြောင့် ပို၍ ကောင်းရမည်ဟု မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

” လင်းတျန်ဟောက်။ ငါ မင်းအခုနေနေတဲ့ ညာဘက်က နတ်ဝိဇ္ဇာဂူကို လိုချင်တယ်။ ခုချက်ချင်း သွားတော့ကွာ။ ငါလိုချင်တယ် ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လင်းတျန်ဟောက်၏ နဖူးပေါ်တွင် အပြာရောင်သွေးကြောကြီးများ ထောင်မတ်လာ၏။ သူသည် သူ၏ပစ္စည်းများကို ဘယ်ဘက်ရှိ နတ်ဝိဇ္ဇာဂူထဲသို့ ရွှေ့ပြောင်းနေခြင်း ဖြစ်သည်။ အစတွင် သူသည် ဝမ်ပေါင်လဲ့အား ညာဘက်မှ နတ်ဝိဇ္ဇာဂူကိုပေးရန် စီစဉ်ထားခဲ့ပါသော်လည်း ယခုတွင်မူ စိတ်ပြောင်းသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ ဘက်ဘက်ရှိ နတ်ဝိဇ္ဇာဂူထဲသို့ ပြေးဝင်သွားလိုက်ပြီး အနည်းငယ်ခန့် သန့်ရှင်းရေးလုပ်ကာ နတ်ဝိဇ္ဇာဂူ အသိအမှတ်ပြု တံဆိပ်ပြားကို အပြင်ဘက်သို့ လှမ်းပစ်လိုက်၏။

” ယူချင်ယူ။ မယူချင်နေ ”
သူသည် ထိုသို့ဆိုကာ ညာဘက်ရှိ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ဝင်သွားတော့သည်။

” မင်းက အရွယ်ရောက်နေတာတောင် ဆိုးနေတုန်းပဲ ”
ဝမ်ပေါင်လဲ့မှာ အသိအမှတ်ပြု တံဆိပ်ပြားကို လှမ်းဖမ်းလိုက်ပြီး ချောင်းဟန့်လိုက်၏။ ညာဘက်ရှိ နတ်ဝိဇ္ဇာဂူထဲမှ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ အံကြိတ်လိုက်ရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ဘယ်ဘက်ရှိ သူ၏ နတ်ဝိဇ္ဇာဂူထဲသို့ ဟိတ်ဟန်အပြည့်နှင့် ဝင်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ဂူအတွင်းသို့ ဝင်သွားကာ ကြည့်ရှု‌စစ်ဆေးပြီးလိုက်သည်နှင့် ချက်ချင်းပင် ကျေနပ်သွား၏။ ၎င်းမှာ သူ၏ အဆင့်နိမ့်ကျွန်းရှိ နတ်ဝိဇ္ဇာဂူထက် နှစ်ဆကျော်ပို၍ ကြီးမားနေရုံသာမက နားနေရန်နေရာတစ်ခု၊ တရားထိုင်ရန်အတွက် တံခါးပိတ်ကျင့်ကြံရာနေရာတစ်ခု ရှိနေသည့်အပြင် အကောင်းဆုံးအချက်မှာ မြေမီးတောက်မီးဖိုတစ်လုံး ပါရှိနေခြင်းပင်။ သူသည် ထိုမီးဖိုကိုသုံး၍ သူ၏နတ်ဝိဇ္ဇာဂူထဲတွင် ဇိမ်ဖြင့်ထိုင်ကာ ဓမ္မအဆောင်များကို သန့်စင်နိုင်သောကြောင့် အဆင့်နိမ့်ကျွန်းတွင် ရှိခဲ့စဉ်တုန်းကလို သတ်မှတ်ပေးထားသော နေရာများဆီသို့ သွားနေရန် မလိုတော့ပေ။

နောက်ဖေးတွင်လည်း ကောင်းကင်ယံရှိ တိမ်တိုက်များနှင့် ခပ်လှမ်းလှမ်းရှိ အခြားတောင်ထိပ်တစ်ခုကို လှမ်း၍ ကြည့်ရှုနိုင်သည့် ဝရန်တာတစ်ခု ရှိနေသေးသည်။ ၎င်းတို့ကို ကျော်လွန်၍ ကြည့်လိုက်မည်ဆိုပါက ကောင်းကင်ကြီးနှင့် ရေကန်ကြီးတို့ ပေါင်းစည်းသွားသည်မှာ လှပသော ပန်းချီကားတစ်ချပ်နှင့် တူနေသောကြောင့် စိတ်ကို လန်းဆန်းသွားအောင် ကူညီပေးနိုင်၏။

တချိန်တည်းမှာပင် ထိုဂူထဲရှိ ဝိညာဉ်ချီများမှာ သူ၏ နေရာဟောင်းထက် များစွာပို၍ သိပ်သည်းထူထဲနေ၏။ ထို့ကြောင့် ဂူထဲရှိ လသာဆောင် အပြင်ဘက်တွင် သစ်ပင်ပန်းမန် အမျိုးမျိုး ပေါက်ရောက်နေသည်ဖြစ်ရာ လေပြေလေညင်းများက သယ်ဆောင်လာသော ပန်းရနံ့များကို ရှူရှိုက်မိလိုက်သူတိုင်း လန်းဆန်းတက်ကြွသွားမည်မှာ အမှန်ပင်။

” ကောင်းလိုက်တဲ့ နေရာ ”
ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်နှင့် အိမ်ဘေးချင်းကပ် နေရသောကြောင့် အနည်းငယ် စိတ်ပျက်နေပါသော်လည်း နတ်ဝိဇ္ဇာဂူကို နှစ်သက်သဘောကျသောကြောင့် သူ့ကိုယ်သူ အာရုံလွှဲလိုက်နိုင်၏။ ထို့ကြောင့် သူသည် ကျေနပ်အားရစွာဖြင့် ထိုင်ချကာ မုန့်ထုပ်တစ်ထုပ်ကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။

” ငါ သန့်စင်ဖို့နဲ့ ပညာလေ့လာဖို့အတွက် အချိန်သက်သက် ဖယ်ထားမှ ဖြစ်မယ်။ ဒီကိုရောက်လာတာ လင်းတျန်ဟောက်နဲ့ ရန်ဖြစ်ဖို့ ရောက်လာတာမဟုတ်ဘူး။ ငါ့ရဲ့ ရည်မှန်းချက်က ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်ဖို့ပဲ ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တွေးတောကာ သူ၏ မုန့်ထုပ်ကို အောက်ချလိုက်ပြီး အဆင့်မြင့်ကျွန်း၏ ဝိညာဉ်ကွန်ရက်ပေါ်တွင် အချက်အလက်များကို ရှာဖွေလိုက်၏။ သူသည် အဆင့်မြင့်ကျွန်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို တီးမိခေါက်မိရှိသွားအောင် လေ့လာလိုက်ပြီး အဆင့်မြင့် ကမ္ဗည်းစာလုံးများ၊ ဝိညာဉ်အမြုတေများနှင့် ပတ်သတ်သော အချက်အလက်များကိုလည်း လေ့လာလိုက်၏။

” ဒါ့အပြင် အဆင့်မြင့်ကျွန်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို နားလည်ထားဖို့လိုပြီး ဓမ္မလက်နက်အဖွဲ့တစ်ယောက် ဖြစ်ရတဲ့ အဓိပ္ပါယ်ကို သိအောင်လုပ်ဖို့လည်း လိုသေးတယ် ”

ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောနေ၏။ သူသည် အရာအားလုံးကို အနည်းငယ်ခန့်စီ နားလည်သွားပြီဖြစ်ရာ ယခုတွင် အသေးစိတ် အချက်အလက်များကို စတင် ရှာဖွေနေတော့သည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပညာများကို လေ့လာနေစဉ် သူ၏ အိမ်နီးနားချင်းဖြစ်သူ လင်းတျန်ဟောက်မှာမူ အလွန် စိတ်ဓာတ်ကျနေ၏။ သူသည် ဂူထဲတွင် အံကြိတ်ကာ ထိုင်နေရင်း သူ၏မျက်လုံးများထဲတွင်‌ ကောက်ကျစ်ယုတ်မာသော အရိပ်အယောင်တစ်ခု ထင်ဟပ်သွား၏။ ထို့နောက် သူသည် သူ၏ ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ ညွှတ်ကြားချက်တချို့ ပေးပို့လိုက်ပြီး အေးစက်စက် ရယ်မောလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ မင်းက ငါ့ကို နာမည်ဖျက်ရဲတယ်ပေါ့။ အဲဒါဆိုလည်း ငါတို့နှစ်ယောက်လုံး အတူတူ နာမည်ပျက်ကြတာပေါ့ကွာ ”

အချိန်များ လျင်မြန်စွာကုန်ဆုံးသွားပြီး သုံးရက်တိတိ ကုန်လွန်သွား၏။ ဝမ်ပေါင်လဲ့ သူ၏ နတ်ဝိဇ္ဇာဂူကို ပြန်၍ အပိုင်သိမ်းခဲ့သည့် သတင်းမှာ ဓမ္မလက်နက်အဆောင်ထဲတွင် အနည်းငယ်ခန့်သာ ပျံ့နှံ့သွား၏။ ဓမ္မလက်နက်အဆောင်ရှိ ကျောင်းသားအများစုအတွက်မူ လင်းတျန်ဟောက်နှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်စလုံးမှာ လူသိပ်မသိကြသေးသော ကျောင်းသားအသစ်များသာ ဖြစ်ကြသည်။ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အမြစ်ရွာထဲနှင့် အဆင့်နိမ့်ကျွန်းပေါ်မှ အောင်မြင်မှုများမှာ အံ့ဩဖွယ်ရာ ကောင်းပါသော်လည်း သူ့အား တိုးတက်လာရန် အလားအလာရှိသည့် ကျောင်းသားတစ်ယောက်ဟူ၍သာ သတ်မှတ်၍ရမည်ဖြစ်သည်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် သူ ရှာဖွေနေခဲ့သော သတင်းအချက်လက်ကို ရှာတွေ့သွားသောကြောင့် အဆင့်မြင့်ကျွန်းနှင့် ဓမ္မလက်နက်အဆောင်တို့အကြောင်းကို ပို၍နက်နက်နဲနဲ နားလည် သွားတော့သည်။

” ဓမ္မလက်နက်အဆောင်က ဓမ္မအဆောင်‌တွေနဲ့ နတ်ဘုရား ရတနာတွေရဲ့ အတွင်းပိုင်းကို သန့်စင်ပေးတဲ့နေရာနဲ့ နယ်စပ်မှာရှိတဲ့ တပ်သားတွေအတွက် ဓမ္မအဆောင် ပြုပြင်ထိန်းသိမ်းပေးတဲ့နေရာမှာ တာဝန်ယူထားရတာ။ တချိန်ထဲမှာပဲ ကောင်းကင်တာအိုကျောင်းက တစ်သီးတစ်ခြားစီ ခွဲထွက်လိုတဲ့ ဆန္ဒကို အားမပေးဘူး။ အဆောင်အသီးသီးက ကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ပြီး စာသင်နှစ်အတွင်းမှာ အသေးစားအဖွဲ့လေးတွေ ဖွဲ့ပြီးတော့ အပြင်ကိုထွက်ပြီး လေ့ကျင့်ရတယ် ”
ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ တင်ပျဉ်ခွေထိုင်ရင်း တရား‌ထိုင်နေပြီး တတွတ်တွတ် ရေရွတ်နေ၏။

တစ်ပြိုင်နက်တည်းမှာပင် သူသည် ဓမ္မလက်နက်အဆောင်၏ ဖွဲ့စည်းတည်ဆောက်ပုံ အကြောင်းနှင့် ပတ်သက်သောအချက်အလက်များကို ရှာတွေ့သွား၏။

ဓမ္မလက်နက်အဆောင်မှာ မြို့တစ်မြို့လိုပင်။ အဆောင်မှူး၊ လက်ထောက်အဆောင်မှူး လေးယောက်၊ ဓမ္မလက်နက် စစ်သည်များ ထို့နောက် ဓမ္မလက်နက်အဖွဲ့ဝင်များဟူ၍ ရာထူးကြီးငယ်အလိုက်ရှိကြ၏။ သာမန်ကျောင်းသားတစ်ယောက်မှာ အဆင့်အနိမ့်ဆုံးဖြစ်သည်။

တချိန်တည်းမှာပင် အာဏာအဆင့်အတန်း အသီးသီးမှာ ထိုလူများ၏ လက်ထဲတွင် ရှိကြ၏။ ဝမ်ပေါင်လဲ့အတွက်မူ အဆောင်မှူးမှာ မြို့တော်တစ်မြို့၏ မြို့စားတစ်ယောက်နှင့် တူပြီး အဆင့်မြင့်ကာ ထိုနေရာတစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ သူသည် ကြီးမားသော ရာထူးအာဏာတစ်ခုကို ပိုင်ဆိုင်ထားပြီး အသက်ရှင်ခြင်း၊သေခြင်းကို ထိန်းချုပ်နိုင်စွမ်း ရှိရုံသာမက စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆုံးမရှိ‌သော လုပ်ပိုင်ခွင့်အာဏာများကို ပိုင်ဆိုင်ထား၏။

လက်ထောက်အဆောင်မှူးများကိုမူ လက်ထောက်မြို့စားများအဖြစ် မှတ်ယူနိုင်၏။ သူတို့မှာ အဆောင်မှူး၏ လက်ထောက်များဖြစ်ကြသလို ကြီးမားသော လုပ်ပိုင်ခွင့်အာဏာများကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူတို့အားလုံးမှာ ဓမ္မလက်နက်အဆောင်ထဲရှိ သက်ဆိုင်ရာ နယ်မြေအသီးသီးကို တာဝန်ယူထားရသည်ဖြစ်ပြီး အကယ်၍ သူတို့မှာ ပူးပေါင်းလိုက်ကြမည်ဆိုပါက အဆောင်မှူးကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိနိုင်ပေသည်။

ဓမ္မလက်နက်စစ်သည်များမှာမူ ဓမ္မလက်နက်အဆောင်မှူးများနှင့် ဆက်နွယ်နေ၏။ လက်ထောက်အဆောင်မှူး တစ်ယောက်ချင်းစီ၏ လက်အောက်တွင် ဓမ္မလက်နက်အဆောင်ထဲရှိ အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုများကို တာဝန်ယူထားရသော ဓမ္မလက်နက်စစ်သည်အချို့ ရှိကြ၏။ သူတို့မှာ ထိုအဖွဲ့အစည်း အသီးသီး၏ ကြီးကြပ်ညွှန်ကြားသူများ ဖြစ်ကြသည်။

နောက်ဆုံးတွင်မူ ဓမ္မလက်နက်အဖွဲ့ဝင်များမှာ ဓမ္မလက်နက်စစ်သည်များနှင့် လက်ထောက်အဆောင်မှူးတို့ကြားရှိ ဆက်နွယ်မှု အတိုင်းပင်။ ဓမ္မလက်နက်စစ်သည် တစ်ယောက်ချင်းစီ၏ လက်အောက်တွင် ဓမ္မလက်နက်အဖွဲ့ဝင် မြောက်မြားစွာ ရှိကြပြီး သူတို့မှာ ဓမ္မလက်နက်စစ်သည်များအား စီမံခန့်ခွဲရေး လုပ်ငန်းများထဲတွင် ကူညီကြ၏။ ထို ဖွဲ့စည်းတည်ဆောက်ပုံမျိုးမှာ အဆင့်မြင့်ကျွန်းရှိ အဆောင်အားလုံးနီးပါးတွင် အတူတူပင် ဖြစ်သည်။ သာမန်ကျောင်းသားများတွင်မူ မည်သည့် လုပ်ပိုင်ခွင့်အာဏာမှ မရှိပေ။

အဆောင်မှူးပင် မဆိုထားဘိ ဓမ္မလက်နက်စစ်သည်များပင်လျှင် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် များပြားသော လုပ်ပိုင်ခွင့်အာဏာများကို ပိုင်ဆိုင်ထား၏။ အကယ်၍ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာမည်ဆိုပါက အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်ရမည်ဖြစ်သည်။ ထို့အပြင် သူရောက်နေသည့်နေရာမှာ ကောင်းကင်တာအိုကျောင်း၏ အဓိကနေရာဖြစ်သော အဆင့်မြင့်ကျွန်း ဖြစ်‌နေသည် မဟုတ်ပါလော။ ဓမ္မလက်နက်စစ်သည် တစ်ယောက်ချင်းစီတိုင်း လမ်းပေါ်တွင် ပေါ်လာပါက သာမန်မြို့စားတစ်ယောက်ကိုပင် တရိုတသေ ဦးညွတ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။

ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

” ငါသာ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာမယ်ဆိုရင် ငါ့ကို အနိုင်ကျင့်ရဲမယ့်လူ‌တွေ နည်းသွားမဲ့အပြင် ငါ့ရဲ့ ပြည်ထောင်စုဥက္ကဋ္ဌဖြစ်ချင်တဲ့ အိပ်မက်နဲ့လည်း တစ်လှမ်း ပိုနီးသွားမှာပဲ ”

ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ရောယှက်နေ၏။ သူသည် ဓမ္မလက်နက်အဖွဲ့တစ်ယောက် ဖြစ်လာအောင်လုပ်နိုင်မည့် နည်းလမ်းများကို ဝိညာဉ်ကွန်ရက်‌ပေါ်တွင် ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် အဆင့်မြင့်ကျွန်း၏ ဝိညာဉ်ကွန်ရက်ပေါ်တွင် အသိပေးစာတစ်ခု ပေါ်လာသည်ပြီး ထိုအသိပေးစာထဲတွင် သူ၏အမည် ပါနေသည်ကို သတိထားမိလိုက်၏။

” ဟင် ”
ဝမ်ပေါင်လဲ့မှာ ထိုအသိပေးစာအား ချက်ချင်းပင် ဖတ်ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် ရယ်မောနေတော့သည်။

” ဒီနေ့ မိတ်ဆက်ပေးမှာက ဓမ္မလက်နက်အဆောင်က ဝမ်ပေါင်လဲ့ ဖြစ်ပါတယ်။ သူက အဆင့်နိမ့်ကျွန်းမှာ ရှိခဲ့တုန်းက ရာထူးတွေ တက်လာဖို့အတွက် ကလိမ်ကကျစ်ကျခဲ့တာလို့ လူတွေက ပြောနေကြတာပဲ။ တော်တော်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းပြီးတော့ အရှက်မရှိတဲ့ ကောင်ပဲ ”

” လတ်စသတ်တော့ အဲဒီလိုလား။ အဲဒါကြောင့် ငါက သူ ဘာလို့ အဲ့လောက် ချမ်းသာနေရသလဲဆိုတာ အံ့ဩနေခဲ့တာ။ ကြည့်ရတာ ဝမ်ပေါင်လဲ့ အဆင့်နိမ့်ကျွန်းမှာ ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တုန်းက အကြမ်းဖက်ပြီးတော့ တခြားလူတွေရဲ့ ပစ္စည်းတွေကို လုယူခဲ့တဲ့ ပုံပဲကွ။ သူက လောဘအရမ်းကြီးတဲ့ သူခိုးတစ်‌ယောက်မလို့ ဒီလောက် စုမိဆောင်းမိ ဖြစ်နေတာပဲ ဖြစ်ရမယ် ”

ထို အသိပေးစာများမှာ အစပိုင်းတွင် အနည်းငယ်မျှသာ ရှိပါသော်လည်း တဖြည်းဖြည်းနှင့် အရေအတွက် များလာ၏။ ထို့အပြင် ထိုအသိပေးစာများထဲတွင် တဏှာ၊ စည်းစိမ်ဥစ္စာ၊ လုပ်ပိုင်ခွင့်အာဏာ အစရှိသော အကြောင်းအရာများကိုသာ အဓိကထား၍ ရေးသားထားကြသည် ဖြစ်ပြီး ၎င်းတို့မှာ အလွန် ပုတ်ခတ်စော်ကားရာ ကျနေ၏။

ထိုကဲ့သို့‌ အောက်တန်းကျ အဆင့်နိမ့်သော နည်းဗျုဟာများကြောင့် လင်းတျန်ဟောက်မှာ အပြင်ပန်းတွင်သာ ဉာဏ်ပြေးသည့်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ အလွန် ကလေးဆန်နေကြောင်း ဝမ်ပေါင်လဲ့က နားလည်သွား၏။ သူသည် ထိုအသိပေးစာများကို ဖတ်လိုက်ပြီးနောက် သူ၏ ခေါင်းကို အသာအယာ ယမ်းလိုက်၏။

အကယ်၍ သူတို့ရောက်နေသည့်နေရာမှာ အဆင့်နိမ့်ကျွန်းဆိုပါက လင်းတျန်ဟောက်၏ ဗျူဟာများမှာ အလုပ်ဖြစ်နိုင်ပေသည်။ သို့သော် သူတို့မှာ အဆင့်မြင့်ကျွန်းတွင် ရောက်နေကြသည်ဖြစ်ပြီး လူတိုင်း မိမိတို့၏ ကျင့်ကြံခြင်းများအပေါ်၌သာ အာရုံစိုက်ထားကြသည် ဖြစ်သည်။ မည်သူကမှ မတုံးအကြပေ။ ထိုကဲ့သို့သော ကိစ္စရပ်များမှာ လူတစ်ယောက်အား အသရေဖျက်နိုင်မည် မဟုတ်ဘဲ ထိုသူ၏ ယုတ်မာကောက်ကျစ်စဉ်းလဲမှုများကိုသာ လူအများသိအောင် ဖော်ပြပေးလိုက်သကဲ့သို့ ဖြစ်သွားမည်သာဖြစ်သည်။

” ကြည့်ရတာ ဒီလင်းတျန်ဟောက်ဆိုတဲ့ကောင်က အရွယ်မရောက်သေးတဲ့ပုံပဲ။ ငတုံးတစ်ကောင်လို တော်တော်ကို အမြင်ကျဉ်းတာပဲကွ ”

ဝမ်ပေါင်လဲ့မှာ ခေါင်းသာယမ်းလိုက်ပြီး ထိုကိစ္စအကြောင်းကို စိတ်အရှုပ်ခံ၍ တွေးမနေသင့်ကြောင်း ယူဆလိုက်၏။ သူသည် လင်းတျန်ဟောက်ကြောင့် အချိန်အများကြီး ဖြုန်းမိသွားပြီ ဖြစ်သောကြောင့် သိုလှောင်လက်ကောက်ကိုင်ထားသော သူ၏ညာလက်ကို‌မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်ပြီးနောက် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။

” ဒါပေမဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး။ လူတစ်ယောက်ရဲ့ အသိစိတ်က ဘယ်လောက်အထိ တောင့်ခံနိုင်သလဲဆိုတာကို သူနဲ့ စမ်းသပ်ကြည့်ရအောင်။ အဲဒါဆို ငါက စိတ်ပညာဓမ္မအဆောင်‌တွေနဲ့ ပတ်သတ်ပြီးတော့ လေ့လာနိုင်တော့မှာပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset