ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ရုပ်သေးရုပ်ကြီး၏ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံများကြောင့် လူတိုင်း ဆွံ့အမှင်တက်နေကြသည်။ ထို့နောက် ထိုနတ်ဝိဇ္ဇာဂူနယ်မြေထဲတွင် ရုတ်တရက် ပင်သက်ရှိုက်သံများ ထွက်ပေါ်လာပြီး လေပြင်းကြီးတစ်ခု တိုက်ခတ်ကာ လေမုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွား၏။
” ဒါ… ဘာကြီးလဲဟ။ ဓမ္မအဆောင်ရုပ်သေးရုပ် တစ်ရုပ်လား ”
” သူ့ရဲ့ အသံကြီးက … မင်းကြီးဒေါ် ဟို အသံကြီးပဲ။ အမယ်လေး။ ကြက်သီးတွေတောင် ထတယ် ”
” ဒီလို ရုပ်သေးရုပ်မျိုးကို ဖန်တီးနိုင်တဲ့ အရည်အချင်းကတော့ လေးစားစရာပဲ ”
ဝမ်ပေါင်လဲ့ ပြောခဲ့သည့်စကားများမှာ ဘေးပတ်ပတ်လည်မှ လူများ၏နားထဲတွင် ပဲ့တင်ထပ်နေကြတော့သည်။ နောက်ဆုံးတွင် ထိုလူအုပ်ကြီးမှာ ပို၍ပင် ဆူညံပွက်လော ရိုက်သွားကြ၏။
” သူပြောတာ အမှန်ပဲလားဟ။ မှန်မှန်၊ မှားမှား လင်းတျန်ဟောက်က ဒီ ကျူးကန်ချမ်းဆိုတဲ့ ရုပ်သေးရုပ်ကို ဒီအခြေအနေအထိ ရောက်သွားအောင် ဘယ်လိုတွေများ နှိပ်စက်ခဲ့ပါလိမ့်။ သုံးရက်နဲ့ သုံးညတိတိတောင် ဆိုပဲ။ လူ့တိရစ္ဆာန်ကောင် ”
” ကျူးကန်ချမ်းရဲ့ ပုံကိုလည်း ကြည့်ပါဦး။ ရှက်ကြောက်နေတဲ့ပုံ ပေါက်နေပေမဲ့ စိတ်နာနေတဲ့ပုံလည်း ပေါက်နေတာ…. သူ လမ်းလျှောက်တဲ့ ပုံစံကလည်း ထူးဆန်းလိုက်တာ။ သူ့ကြည့်ရတာ နာနေတယ် ထင်တယ်။ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခုခု ရှိကိုရှိရမယ်။ ဟား ဟား စိတ်ဝင်စားစရာပဲ။ တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲကွ ”
ဝမ်ပေါင်လဲ့မှာ ဘေးပတ်ပတ်လည်မှ လူများ၏ အပြန်အလှန် ပြောစကားများကို နားထောင်ရင်း သူတို့အကြောင်းကို နားလည်သွား၏။ သူတို့၏ ပြောစကားများကြောင့် သူတို့တစ်ယောက်ချင်းစီတိုင်း သူ့ထက်ပင်ပို၍ အရည်အချင်း ရှိကြပြီး စိတ်ထားကောင်းသော လူများ မဟုတ်ကြကြောင်း သူက ရိပ်မိသွားတော့သည်။
လင်းတျန်ဟောက်မှာမူ အသားများတုန်ရီနေ၏။ သူသည် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံများထုတ်လွှတ်ကာ ရှက်ကြောက်နေသည့် အမူအရာဖြင့် သူ့အားပွေ့ဖက်တော့မည့်အလား သူ့ဆီသို့ ပြေးလာနေသော သန်မာထွားကျိုင်းသည့် ရုပ်သေးရုပ်ကြီးအား စိုက်ကြည့်ရင်း သူ၏ မျက်လုံးများမှာ ကျွတ်ကျလုမတတ် ပြူးကျယ်လာရတော့သည်။ သူ၏ အသိစိတ်များမှာလည်း ကယောင်ချောက်ချား ဖြစ်နေသောကြောင့် သူ၏ရှေ့တွင် ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်ရတနာ ဓားပျံလေးပင်လျှင် မတည်မငြိမ်ဖြစ်သွားရပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
” သွားစမ်း။ သွားစမ်း။ ငါ့နားကိုမလာနဲ့ ”
သူသည် လုံးဝကို ဆွံ့အမှင်တက်နေရပြီဖြစ်သည်။ သူ၏ဘဝတစ်လျှောက်လုံး ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်မျိုးနှင့် လုံးဝ မကြုံခဲ့ဖူးပေ။ ထို့ကြောင့် သူသည် အလိုလို နောက်သို့ဆုတ်မိသွားပြီး အသက်ရှူသံများ မြန်ဆန်လာ၏။ ထို့နောက် အရာအားလုံးမှာ အလွန် ထူးဆန်းနေသောကြောင့် သူ၏အမြင်အာရုံများ မှောင်မိုက်စ ပြုလာတော့သည်။
သို့သော် ကျူးကန်ချမ်းမှာ အလွန် လျင်မြန်နေသောကြောင့် လင်းတျန်ဟောက် နောက်သို့ဆုတ်ရန် ပြင်လိုက်သည့်အချိန်မှာပင် သူ၏အနားသို့ ရောက်သွား၏။ ထို့နောက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံများမှာ ပို၍ပင်ကျယ်လောင်လာပြီး ၎င်းမှာ လက်များကို ဆန့်ထုတ်၍ လင်းတျန်ဟောက်အား တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တော့သည်။
ထိုကဲ့သို့ အဖက်ခံလိုက်ရသောကြောင့် လင်းတျန်ဟောက်မှာ ကြက်သီးမွေးညင်းများထကာ တုန်လှုပ်ချောက်ချားသွားရပြီး ရူးသွပ်လုမတတ် ဖြစ်သွား၏။ ထို့နောက် သူ၏ လက်များကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ သိုလှောင်အိတ်ထဲမှ ဓမ္မအဆောင်များ ပျံထွက်လာပြီး ကျူးကန်ချမ်းဆီသို့ ဦးတည်လာတော့သည်။
ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ကျူးကန်ချမ်း၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် ၎င်းမှာ ချက်ချင်းပင် အဝေးသို့ လွင့်ထွက်သွားတော့သည်။ ၎င်း အောက်သို့ပြန်ကျလာသော အချိန်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ကျူးကန်ချမ်း၏ အနားသို့ သွားလိုက်ပြီး ၎င်းအား တွဲ၍ ထူပေးလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အလွန် စိတ်မကောင်းဖြစ်နေသည့်ပုံစံဖြင့် လင်းတျန်ဟောက်အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။
” လင်းတျန်ဟောက်။ ကျူးကန်ချမ်းက ဒီလောက် သနားစရာကောင်းနေတာကို မင်းက တိုက်ခိုက်လိုက်သေးတယ်နော်။ သူက မင်းကိုမြင်လိုက်ရလို့ အပျော်လွန်သွားပြီး မင်းကို ပွေ့ဖက်ချင်ရုံလေးပါကွာ။ အဲဒါ ဘာများ မှားနေလို့လဲ ”
ထိုစကားကြောင့် ဆူညံသံများ နောက်ထပ်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာပြီး ဘေးနားမှ လူများကလည်း မီးလောင်ရာလေပင့်နေသကဲ့သို့ ဖြစ်နေကြသည်။ ဝမ်ပေါင်လဲ့၏ လင်းတျန်ဟောက်အား စွပ်စွဲသော စကားများမှာ လိမ္မာပါးနပ်ခြင်း မရှိကြောင်း သူတို့အားလုံး နားလည်ထားကြ၏။ ထို့အပြင် တချို့သူများမှာဆိုလျှင် ဝမ်ပေါင်လဲ့တစ်ယောက် အဆင့်နိမ့်ကျွန်းတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား ပြောဆိုနေခဲ့သည်ကို ခပ်ရေးရေးခန့် ကြားမိခဲ့၏။ သို့သော် သူတို့မှာ လင်းတျန်ဟောက်နှင့် မရင်းနှီးကြသောကြောင့် သူတို့၏ ပျင်းရိစရာကောင်းသော ဘဝများကို ပို၍ စိတ်ဝင်စားစရာကောင်းလာအောင် ကူညီပေးနိုင်သည့် ပွဲများ ပေါ်ထွက်လာပါက သူတို့မှာ ကျေကျေနပ်နပ်နှင့် ပွဲကြည့်ကြမည်သာ ဖြစ်သည်။
အမှန်တွင် လင်းတျန်ဟောက်နှင့် ဝမ်ပေါင်လဲ့တို့မှာ နေရာချင်း လဲသွားလျှင်တောင် သူတို့မှာ ယခုအတိုင်း ပြုမူကြမည်သာ ဖြစ်သည်။ ထို့အပြင် ဤကိစ္စကြီးထဲတွင် ဓမ္မအဆောင် ဖန်တီးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများပါ ပါဝင်နေသည်ဖြစ်ရာ သူတို့အားလုံး နိုးနိုးကြားကြား ဖြစ်သွားကြ၏။ သူတို့ထဲမှ တချို့ဆိုလျှင် မကောင်းကြံလိုသော လေသံများဖြင့် အော်ဟစ်နေကြတော့သည်။
” လင်းတျန်ဟောက်။ မင်းက တော်တော်ကို လွန်တာပဲကွ။ လုပ်စမ်းပါ။ ကျူးကန်ချမ်းကို ဒီအခြေအနေအထိ ရောက်သွားအောင် မင်း ဘာတွေလုပ်ခဲ့တာလဲကွ။ ပြောပြပါဦး ”
” ဟားဟား။ လင်းတျန်ဟောက်ရာ။ ရှက်မနေပါနဲ့ကွ။ ပြောပြပါ ”
လင်းတျန်ဟောက်မှာမူ အမျက်ချောင်းချောင်းထွက်ကာ မျက်လုံးများ နီမြန်းနေပြီ ဖြစ်သည်။ ယနေ့ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများအားလုံးမှာ သူ့အတွက် အလွန် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေတော့သည်။ ယခင်တုန်းကဆိုလျှင် သူသည် စိတ်တည်ငြိမ်သွားအောင် သူ့ကိုယ်သူ ကြိုးစား၍ ထိန်းသိမ်းနိုင်သေးပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့ကြောင့် ဆူညံပွက်လော ရိုက်နေကြသည့်အပြင် ဘေးပတ်ပတ်လည်မှ လူများကပါ မီးလောင်ရာ လေပင့်နေကြသည်ဖြစ်ရာ မည်သူကမှ ဖြစ်ရပ်မှန်ကို နားမလည်ကြကြောင်း သူက ရိပ်မိသွားတော့သည်။ သို့သော် သူတို့မှာ ဖြစ်ရပ်မှန်ကို သိနေလျှင်တောင် ဤသတင်းများမှာ ပျံ့နှံ့သွားတော့မည်သာဖြစ်သည်။
အနာဂတ်တွင် တာအိုကျောင်းမှ လူတိုင်း သူနှင့် ကျူးကန်ချမ်းတို့၏ ပုံရိပ်ကြီးကို အမြဲတမ်း အမှတ်ရနေကြတော့မည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ လင်းတျန်ဟောက်မှာ ရူးသွပ်လုမတတ် ဖြစ်သွား၏။ သူသည် ဝမ်ပေါင်လဲ့ လေမုန်တိုင်းတစ်ခုကဲ့သို့ သူ့အား တိုက်ခိုက်ခဲ့စဉ်တုန်းကထက်ပင် ပို၍ပင် တုန်လှုပ်ချောက်ချားနေရတော့သည်။
” ဝမ်ပေါင်လဲ့။ ငါမင်းကို သတ်မယ် ”
လင်းတျန်ဟောက်မှာ ထိုသို့ကြိမ်းဝါးကာ လေပေါ်သို့ ခုန်တက်လာ၏။ သူသည် စဉ်စားဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများမှိတ်ကာ စိတ်ထဲတွင်ကျိတ်၍ ရယ်မောလိုက်၏။ သူသည် အငြှိုးအတေးအကြီးသော လူတစ်ယောက်ဖြစ်သလို လက်စားမချေရဘဲ ခွင့်လွှတ်တတ်သော လူစားမျိုး မဟုတ်ပေ။ အကယ်၍ လင်းတျန်ဟောက်မှာ အဆင့်မြင့်ကျွန်းတွင် သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေခဲ့မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ခွင့်လွှတ်ပေးလိုက်မည်သာ ဖြစ်သော်လည်း လင်းတျန်ဟောက်မှာ သူ့အား ရန်စခဲ့သည်ဖြစ်ရာ သူသည် ယခုလိုမျိုး ရက်ရက်စက်စက် ပြန်လည်တုံ့ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူသည် လင်းတျန်ဟောက်အား ရိုက်နှက်ကန်ကျောက်ချင်ရုံသာမက သူ၏ ဂုဏ်သတင်းနှင့် သူ၏ စိတ်ဓာတ်ကိုပါ မည်မျှပင် ကြိုးစားသည်ဖြစ်စေ နဂိုမူလအခြေအနေသို့ ပြန်မရောက်လာနိုင်လောက်အောင် ဖျက်ဆီးရိုက်ချိုးပစ်ရန် ရည်ရွယ်ထား၏။
ယခုတွင် ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက် သူ့ဆီသို့ အရူးတစ်ယောက်လို ချဉ်းကပ်လာသည်ကို ကြည့်ရင်း မျက်လုံးများ ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူသည် ညာလက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အမျှင်အတန်းမှာ စတင်ပျံ့နှံ့လာပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့မှာလည်း စတင်လည်ပတ်လာ၏။
သို့သော် ထိုအချိန်မှာပင် မည်သူမှ ခုခံနိုင်စွမ်းမရှိသော ဖိအားကြီးတစ်ခု ဘီလူးကြီးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာ၏။ ၎င်းမှာ ဓမ္မလက်နက်အဆောင်ရှိ တောင်လေးလုံး၏ အလယ်တောင်ထိပ်မှ မျက်လုံးဖြင့် မမြင်ရသော လက်ကြီးတစ်ဖက်အသွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး ထိုနေရာတစ်ခုလုံးရှိ ဝိညာဉ်ချီများကို ချုပ်တည်းကာ ရပ်တန့်သွားအောင် ပြုလုပ်လိုက်၏။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဒေါသတကြီးဖြစ်နေသော အော်ဟစ်သံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။
” ဝမ်ပေါင်လဲ့ … မင်းကိုယ်မင်း ဘယ်နေရာကို ရောက်နေတယ်လို့ ထင်နေတာလဲ။ အတင့်ရဲလှပါလားကွ ”
ထိုအသံကြီးကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွား၏။ သူသည် အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ဘဲ သူ၏အမူအရာမှာလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွား၏။ လင်းတျန်ဟောက်မှာလည်း တုန်ရီသွားကာ ဝမ်ပေါင်လဲ့နှင့် ပေသုံးဆယ်အကွာတွင် ရပ်တန့်သွားရပြီး သူ၏ တုန်ရီနေသော ခန္ဓာကိုယ်ကြီးအား ပြန်လည်ထိန်းချုပ်နိုင်အောင် ကြိုးစားလိုက်ရ၏။
ဘေးနားမှ ကြည့်နေကြသူများပင်လျှင် ထိုဖိအားကြီးကို ခံစားလိုက်ရသည်။ သူတို့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ထိုဖိအားကြီးကို ခုခံတွန်းလှန်ရန် အားပင်မထုတ်တော့ဘဲ တရိုတသေနှင့် ခေါင်းငုံ့သွားကြ၏။
” မင်္ဂလာပါ။ အဆောင်မှူး ”
လူတိုင်း ထိုကဲ့သို့ နှုတ်ဆက်လိုက်သောအချိန်တွင် ကောင်းကင်ယံ၌ ရှည်လျားသော သက်တံ့ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုသက်တံ့ကြီးထဲတွင် လူရိပ်တစ်ခုရှိနေပြီး ထိုလူမှာ ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် ဓမ္မလက်နက်အဆောင်မှူးဖြစ်သည်။ သူသည် အစိမ်းရောင် ဓားပျံတစ်ချောင်းပေါ်တွင် ရပ်နေပြီး ရှုံ့မဲ့နေသော အမူအရာဖြင့် ဝမ်ပေါင်လဲ့အား အေးစက်စက် စိုက်ကြည့်နေ၏။
အဆောင်မှူး ရောက်ရှိလာမှုကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရ၏။ အဆောင်မှူးပြောခဲ့သည့် စကားများကိုကြည့်ပါက သူသည် သူ့အပေါ်သို့ အပြစ်အားလုံး ပုံချထားခြင်းဖြစ်ကြောင်း သိနိုင်၏။ သို့သော် သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ထုံးလိုချေ ရေလိုနှောက် ကျွမ်းကျင်နားလည်နေအောင် ဖတ်ရှုထားသည်ဖြစ်ရာ အနည်းငယ်လေးပင် မကျေမနပ်ဖြစ်နေသည့်ပုံပေါက်မနေဘဲ သူ၏ပတ်ပတ်လည်မှ လူများကဲ့သို့ပင် ရိုကျိုးနေ၏။ သူသည် ရှေ့သို့ပင် အလျင်အမြန် လှမ်းသွားလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခု မသိမသာ ဖျတ်ခနဲ လက်သွား၏။
ထိုခြေလှမ်းအနည်းငယ်ခန့်သည် သူ၏ အဆောင်မှူးအပေါ်ထားရှိသော ရိုသေလေးစားမှုများကို ပေါ်လွင်သွားအောင် ထုတ်ပြရန်ဖြစ်ပြီး သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို ပို၍တိုးတက်သွားအောင် ကူညီပေးရန်ဖြစ်သည်။ သို့သော်လည်း သူက လင်းတျန်ဟောက်၏အနားသို့သာ အမှုမဲ့ အမှတ်မဲ့ ကပ်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့က ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကောင်းကင်ယံရှိ အဆောင်မှူးအား အရိုအသေပေးလိုက်၏။
” ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပါ အဆောင်မှူးခင်ဗျား။ တပည့် မှားမှန်းသိပါတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တောင်းပန်လိုက်ပြီးနောက် ချက်ချင်းပင် သူ၏ ရုပ်သေးရုပ်အား ဘေးနားသို့ ချလိုက်၏။ သို့သော် သူ ထိုရုပ်သေးရုပ်အား အသာအယာ ထိလိုက်သောအခါ ၎င်း၏ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံများမှာ ပို၍ပင် ကျယ်လောင်လာပြီး ၎င်းမှာ လင်းတျန်ဟောက်အား မျက်လုံးပြူးကြီးများဖြင့်ကြည့်ကာ သူ့အား ပွေ့ဖက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
ထိုအခြင်းအရာကြီးမှာ မီးပုံထဲသို့ ဓာတ်ဆီများ လောင်းထည့်လိုက်သကဲ့သို့ပင်။ လင်းတျန်ဟောက်မှာ မာနကြီးသော လူတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ အများနှင့်မတူဘဲ တစ်မူထူးခြားသော လူတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။ ယနေ့တွင် သူ ခံစားခဲ့ရသည့် တုန်လှုပ်ချောက်ချားမှုများမှာ အလွန် ကြီးမားလှသောကြောင့် သူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းပင် မရှိတော့ပေ။ ထို့ကြောင့် သူ ခက်ခက်ခဲခဲ ချုပ်တည်းထားရသော ဒေါသစိတ်များမှာ ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ သူနှင့် ပေသုံးဆယ်အကွာတွင် ရှိနေခဲ့မည်ဆိုပါက ကိစ္စမရှိပါသော်လည်း ယခုတွင်မူ သူတို့နှစ်ယောက်အကြားတွင် ပေနှစ်ဆယ်ပင် မကွာတော့ပေ။
ထို့ကြောင့် လင်းတျန်ဟောက်မှာ မျက်ဝန်းများထဲတွင် ချက်ချင်းဆိုသလိုပင် ဒေါသမီးများ တောက်လောင်လာပြီး ဓမ္မအဆောင်ဓားပျံနှင့် အခြားဓမ္မအဆောင်များစွာကို ထိန်းချုပ်ကာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်လိုက်၏။
သို့သော် သူ ထိုသို့ စတင်တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။ သို့ရာတွင် သူ၏ တိုက်ကွက်အားလုံးကို ပြန်လည်ရုပ်သိမ်းရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူ၏ တိုက်ကွက်များမှာ ရုတ်ခြည်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ လင်းတျန်ဟောက်မှာ အဆောင်မှူး၏ မျက်စိရှေ့တွင် တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။
သူ၏ ဓားပျံနှင့် အခြားဓမ္မအဆောင်မြောက်မြားစွာမှာ ချက်ချင်းပင် ဝမ်ပေါင်လဲ့ပေါ်သို့ ကျဆင်းလာကြ၏။ ဝမ်ပေါင်လဲ့ကမူ စိတ်ထဲတွင်ကျိတ်၍ ပြုံးလိုက်ပါသော်လည်း အံ့ဩတုန်လှုပ်သွားဟန် ဆောင်လိုက်ပြီး သူ၏ အကာအကွယ်အားလုံးကို ထုတ်သုံးလိုက်၏။ ထို့နောက် သူသည် နောက်သို့ အရှိန်ပြင်းစွာ လွင့်ထွက်သွားကာ ခပ်လှမ်းလှမ်းရှိ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး သနားစရာကောင်းသည့်ပုံ ပေါက်နေရန်အတွက် သွေးစိမ်းတစ်ပွက်ကို ဟန်ဆောင်အန်ထုတ်လိုက်၏။ အမှန်တွင် သူ၏ သန်မာသော အပြင်ခန္ဓာကိုယ်မှာ ထိုတိုက်ကွက်များကြောင့် အနည်းငယ်လေးပင် ထိခိုက်မှုမရှိပါသော်လည်း သူသည် နာကျည်းနေသည့်ပုံစံ ဟန်ဆောင်လိုက်၏။
” အဆောင်မှူး … ကျနော်ရဲတင်းလွန်းနေတယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော်က ရှစ်လက်မဝိညာဉ်အမြစ်နဲ့ ဖောက်ထွက်နိုင်ခဲ့ပြီးတော့ ဝိညာဉ်အမြစ်ရွာထဲမှာ တာအိုကျောင်းအတွက် အများကြီး အကျိုးပြုနိုင်ခဲ့တာတောင် ကျနော့်ရဲ့ အောင်မြင်မှုတွေကြောင့် ကျနော်က အထူးအခွင့်အရေးတွေ ခံစားစရာမလိုဘူးလို့ မှတ်ယူထားခဲ့တာပါ ”
” တာအိုကျောင်းရဲ့ စည်းမျဉ်းတွေအရဆိုရင် ရှစ်လက်မဝိညာဉ်အမြစ်နဲ့ ဖောက်ထွက်နိုင်ခဲ့တဲ့ လူတွေကို နတ်ဝိဇ္ဇာဂူတစ်လုံးနဲ့ သင်္ဘောပျံတစ်စင်း ဆုချရမှာ ဆိုပေမဲ့ ကျနော်က ဘာမှ မရသေးဘူး။ ဒီ လင်းတျန်ဟောက်ဆိုတဲ့ကောင်က ကျနော့်လိုမျိုး ရှစ်လက်မဝိညာဉ်အမြစ်တစ်ခုကို ပိုင်ဆိုင်ထားတာခြင်း အတူတူဖြစ်ပေမဲ့ သူ့မှာကျတော့ အကုန်ရှိနေတယ်။ တာအိုကျောင်းကြီး မရှိရန် ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော်လည်း ရှိလာမှာမဟုတ်လို့ ကျနော်က တာအိုကျောင်းကို ကျေးဇူးတင်ပါတယ်။ ကျနော် တာအိုကျောင်းအပေါ် မကျေနပ်ချက် လုံးဝ မရှိပါဘူး။ အပြည့်အဝ နားလည်ပါတယ် ”
” လင်းတျန်ဟောက်က ကျနော်ပိုင်ဆိုင်တဲ့ ပစ္စည်းကို လုယူသွားပြီး နတ်ဝိဇ္ဇာဂူနှစ်လုံးကို တစ်ယောက်တည်း မောင်ပိုင်စီးထားရင်တောင် ကျနော်က စောဒက မတက်ပါဘူး ”
” ဒီနေ့ ကျနော်ရောက်လာရတဲ့ အကြောင်းအရင်းက အဆောင်စီမံခန့်ခွဲရေးဌာနက အစ်ကိုက နတ်ဝိဇ္ဇာဂူ ပြန်ယူဖို့ ကိစ္စနဲ့ ပတ်သတ်ပြီး စေလွှတ်လိုက်လို့ ရောက်လာရတာပါ။ အဲဒါကို ဒီ ကျောက်စိမ်းပေလွှာနဲ့ သက်သေပြနိုင်ပါတယ်။ အဆောင်မှူးကမှ ကျနော့်ကို အပြစ်ပေးချင်တယ်ဆိုရင် ကျနော် ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ကြိုးစား၍ မတ်တတ်ထလာပြီး သူ၏ ကျောက်စိမ်းပေလွှာလေးကို ထုတ်ယူလိုက်သည်။ ထို့နောက် ဝမ်းနည်းမှု အရိပ်အယောင်များနှင့် ဒေါသစိတ်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ခေါင်းငုံ့ထားလိုက်တော့သည်။
ထိုနေရာကြီးတစ်ခုလုံး ချက်ချင်းပင် ငြိမ်ကျသွား၏။ ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ရှုံ့မဲ့နေသော လင်းတျန်ဟောက်အားကြည့်ကာ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်အားရနေတော့သည်။
” ခွေးကောင်လေး … မင်းကများ ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့ ဟုတ်လား။ မင်းကို ငါ ကြံရာမရဖြစ်အောင် မလုပ်နိုင်ရင် ငါ့နာမည် ဝမ်ပေါင်လဲ့ မဟုတ်တော့ဘူးကွ “