ဝမ်ပေါင်လဲ့မှာ ဒေါသ အမျက်ချောင်းချောင်း ထွက်နေ၏။ သူသည် ချက်ချင်းထွက်ခွာမသွားဘဲ ထိုနေရာတွင်ရပ်ကာ အတွေးများထဲတွင် နစ်မျောနေရင်း အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူ ပြန်ရောက်လာသည်ကို စောင့်ဆိုင်းနေ၏။ ခဏအကြာတွင် ထိုအပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူ ပြန်ရောက်လာပြီး ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာအား တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဝမ်ပေါင်လဲ့မှာ လက်ရှိအခြေအနေကို နားလည်သွားပြီဖြစ်ကြောင်း သူက ရိပ်မိလိုက်၏။ ထို့ကြောင့် သူသည် သူ၏ ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဆိတ်ငြိမ်နေ၏။
ဝမ်ပေါင်လဲ့မှာ ထိုအပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူကိုကြည့်ရင်း သူ၏မျက်လုံးများမှာ ဖျတ်ခနဲလက်သွား၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘက်လက်ဝါးတင်ကာ အရိုအသေပေးလိုက်ပြီး သူ၏အကြောင်းကို ပြောပြလိုက်၏။
” အစ္ကို။ က်န္ကော အဆင့္နိမ့္ကြျန်းမွာ ရွိခဲ့တုန်းက စိတ်အရမ်းဆတ္တာ။ လင်းတ်န်ဟောက္နဲ့လည်း မတည့္ခဲ့တဲ့အျပင် သူ့ရဲ့ရွေ့မွာပါ သူ့ရဲ့ လက်အောက်ငယ်သားတြေကို တိုက္ခိုက္ခဲ့ဖူးတယ်။ အဲဒီတော့ သူက က်နော့်ရဲ့ စရိုက္ကို ကောင်းကောင်းသိတယ္ဗ် ”
ဝမ်ပေါင်လဲ့မှာ တဖျတ်ဖျတ်လက်နေသော မျက်ဝန်းများဖြင့် သူ၏အကြောင်းများကို ရိုးရိုးသားသား ဖွင့်ပြောလိုက်၏။
ထိုအခါ အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူမှာ အံ့အားသင့်သွားပြီး မျက်လုံးများ မှေးသွား၏။ ကောင်းကင်တာအိုကျောင်းထဲသို့ ဝင်ခွင့်ရခဲ့ခြင်း၊ အတန်းတင်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး အဆင့်မြင့်ကျွန်းသို့ တက်လှမ်းနိုင်ခဲ့ခြင်း၊ စီမံရေးရုံးကို ဦးဆောင်ရသည့် ရာထူးတစ်ခုကို ရယူနိုင်ခဲ့ခြင်းအစရှိသော အချက်များကိုကြည့်၍ သူသည် ဉာဏ်နည်းသော လူတစ်ယောက် မဟုတ်ကြောင်း သိနိုင်၏။ ထို အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့၏ စကားများကို နားထောင်ရင်း ချက်ချင်းပင် နားလည်သွားသောကြောင့် သူ၏အမူအရာမှာ တည်ကြည်သွား၏။
သူသည် ဝမ်ပေါင်လဲ့အား မကောင်းကြံနေသည့် လင်းတျန်ဟောက်ဟု အသုံးချခြင်းကို ခံလိုက်ရခြင်း ဖြစ်နိုင်ကြောင်း ရိပ်မိသွား၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ဒေါသစိတ်များကြောင့် မျက်စိစုံလုံးကန်းသွားပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လင်းတျန်ဟောက်အား အကြမ်းဖက်လိုက်မည်ဆိုပါက ဤအခြေအနေကြီးမှာ အရုပ်ဆိုးသွားမည်သာ ဖြစ်သည်။ လူရည်လည်လွန်းသော ဝမ်ပေါင်လဲ့သာ မဟုတ်ဘဲ အခြားလူတစ်ယောက်ယောက်သာ ဆိုပါက သူသည် ဤအချက်အလက်များကို ထုတ်ပြခဲ့မည်မဟုတ်ပေ။ သူ့တွင် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ ရှိနေသေးသည်ဖြစ်ပြီး နတ်ဝိဇ္ဇာဂူများနှင့် ပတ်သက်သော ကိစ္စများမှာ လူအများကို အသိပေး၍မရသည့် လျှို့ဝှက်ချက်များ ဖြစ်နေသည် မဟုတ်ပါလော။
အကယ်၍ ပဋိပက္ခတစ်ခုခုသာ ဖြစ်ပေါ်လာခဲ့မည်ဆိုပါက သူ့ဘက်ကိုပါ ထိခိုက်လာနိုင်သည်ဖြစ်ရာ သူ နာမည်ပျက်သွားနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာလည်း မလျော်ကန်သော လုပ်ရပ်များကို လုပ်မိလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သလို ဓမ္မလက်နက်အဆောင်သို့ ရောက်လာသည်မှာ မကြာသေးဘဲ လူအများ၏ အထင်သေးခြင်းကို ခံလိုက်ရမည်ဖြစ်ရာ အပြစ်ပေးခံရမည်မှာ မလွဲဧကန်ပင်။ လင်းတျန်ဟောက်မှာမူ အကြမ်းဖက်သောသူ မဟုတ်သောကြောင့် တောင်းပန်လိုက်ရုံနှင့်သာ ပြီးသွားမည်ဖြစ်သည်။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လင်းတျန်ဟောက်အား နတ်ဝိဇ္ဇာဂူကိစ္စနှင့် ပတ်သက်၍ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ချိန်တွင် လင်းတျန်ဟောက်မှာ ငြင်းဆန်ခြင်း မရှိခဲ့ဘဲ ရက်အနည်းငယ်ခန့်သာ နှောင့်နှေးကြန့်ကြာဦးမည်ဟု ဆိုခဲ့၏။
” ဒီ လင်းတျန်ဟောက်ဆိုတဲ့ကောင်က ငါ့အပေါ်ကို အပြစ်ပုံချဖို့ ကြိုးစားနေတာလားဟ ”
အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူက အေးစက်နေသော မျက်ဝန်းများနှင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ရေရွတ်လိုက်၏။ သူသည် ယခုလက်ရှိ ရာထူးကို ရရှိနိုင်ရန်အတွက် အတွေ့အကြုံများစွာကို ကျော်ဖြတ်ဖူးခဲ့သည်ဖြစ်ရာ သူ့အား လွယ်လွယ်ကူကူနှင့် ဩဇာပေးရန်မှာ မဖြစ်နိုင်ပေ။
” ညီလေး ဝမ်ပေါင်လဲ့။ အစ်ကို ညီလေးလင်းကို မြန်မြန်လုပ်ပေးဖို့ သုံးလေးခေါက်လောက်ကို ပြောပြီးသွားပြီ။ ဒီတစ်ခေါက်ကျရင် သူ့ကို သတိပေးဖို့အတွက် ညီလေး ကူညီပေးနိုင်မလား ”
သူသည် ထိုသို့ဆိုကာ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့အား ပေးလိုက်၏။
” ကျေးဇူးတင်ပါတယ် အစ်ကို ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွား၏။ သူသည် သူ၏ဆန္ဒကို အတိအလင်း ဖော်ပြခဲ့သည်ဖြစ်ပြီး ၎င်းမှာလည်း သူတောင်းဆိုခဲ့သော အချက်ပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုပေလွှာလေးကို လက်ခံရယူလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာလာတော့သည်။
အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူမှာမူ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့်ကိုကြည့်ရင်း ခေါင်းမော့ကာ လင်းတျန်ဟောက် ရှိရာဘက်သို့ လှမ်းကြည့်ကာ နှာမှုတ်လိုက်၏။ သူ့အတွက်မူ လင်းတျန်ဟောက်ဖြစ်စေ၊ ဝမ်ပေါင်လဲ့ဖြစ်စေ သူတို့အားလုံးမှာ အတူတူပင်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ထိုနှစ်ယောက်စလုံးကို နှိုင်းယှဉ်ပြီးသွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့အား ကူညီပေးပြီး သူ့အား တရားဝင် အကြောင်းပြချက်တစ်ခု ပေးရန် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အဆောင်စီမံရေးဌာနမှ ထွက်ခွာလာပြီး လင်းတျန်ဟောက်၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြေးသွား၏။ သူ၏ နှလုံးသားထဲမှ အမုန်းမီးတောက်များမှာ တဟုန်းဟုန်း လောင်ကျွမ်းနေပြီဖြစ်သည်။
” လင်းတျန်ဟောက်။ မင်းဆီမှာ ဘယ်လိုမျိုး ယုတ်မာတဲ့ အကြံအစည်တွေ ရှိနေရှိနေ မင်း မွေးကင်းစ ကလေးတစ်ယောက်လို ငိုရတဲ့အထိ ငါမင်းကို ရိုက်နှက်ပေးမယ်။ ငါ့ကို မကောင်းကြံပြီးတော့ ငါ့ရဲ့ နတ်ဝိဇ္ဇာဂူကို သိမ်းပိုက်ဖို့ ကြံစည်နေတယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို တွေးလေလေ ပို၍ဒေါသထွက်လာလေလေ ဖြစ်နေ၏။ သူသည် အရှိန်တင်လိုက်ပြီး နတ်ဝိဇ္ဇာဂူများ ရှိရာနယ်မြေဆီသို့ ဦးတည်သွားလိုက်တော့သည်။
အဝေးမှ ကြည့်လိုက်ပါက သူသည် ဧရာမ ဘောလုံးကြီးတစ်လုံးနှင့် တူနေပြီး လူတိုင်း၏ဘေးမှ ဖြတ်ပြေးသွား၏။ သူ ဖြတ်ပြေးလာသည့် လမ်းတစ်လျှောက်တွင် ဖုန်များ ထနေတော့သည်။ ဓမ္မလက်နက်အဆောင်မှ ကျောင်းသားများစွာ ထိုအခြင်းအရာကို သတိထားမိသွားကြသောအခါ အံ့အားသင့်သွားကြတော့သည်။
” ဘာကြီးလဲဟ ”
” ဒီဖက်တီးက ဒီလောက်အမြန်ကြီး ပြေးပြီးတော့ ဘာလုပ်မလို့တုန်း ”
ကျောင်းသားများမှာ အထူးတဆန်း ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူများ ရှိရာနယ်မြေဆီသို့ ရောက်ရှိသွား၏။ အတိအကျဆိုရလျှင် လင်းတျန်ဟောက်၏ နတ်ဝိဇ္ဇာဂူရှိရာ အစွန်းအဖျားပိုင်းဆီသို့ ရောက်သွားခြင်းဖြစ်သည်။ သူသည် ညာလက်ကို မြှောက်လိုက်ပြီး အော်လန်ကြီးတစ်လုံးကို ထုတ်ယူကာ လင်းတျန်ဟောက်၏ နာမည်အား တောင်စဉ်ရေမရ အော်ခေါ်လိုက်တော့သည်။
” ကြီးနိုင်ငယ်ညှဉ်းကောင် လင်းတျန်ဟောက်။ ငါ မင်းနဲ့ အသက်သေတဲ့အထိ တိုက်ခိုက်မယ်ဟေ့ ”
သူ၏ အော်သံကြီးမှာ မိုးခြိမ်းသံတစ်သံကဲ့သို့ နတ်ဝိဇ္ဇာဂူနယ်မြေထဲတွင် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာ၏။ လင်းတျန်ဟောက်၏ နတ်ဝိဇ္ဇာဂူမှာ ထိုအသံ၏ ပြင်းအားကို အများဆုံး ခံစားလိုက်ရ၏။ အသံလှိုင်းများမှာ အားပြင်းလွန်းလှသောကြောင့် မန္တန်အစီအရင် အကာအကွယ်များကို ကျော်ဖြတ်ကာ နတ်ဝိဇ္ဇာဂူထဲအထိ ပျံ့နှံ့သွား၏။
ထိုအခါ ဓမ္မအဆောင်များ သန့်စင်နေသော လင်းတျန်ဟောက်မှာ ထိုအသံကို ကြားလိုက်ရသဖြင့် အသားများ တုန်ရီသွား၏။ ထို့နောက် သူ၏ အကြံအစည်မှာ အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် သူသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ဤနေရာသို့ ရောက်မလာခင် အဆောင်စီမံရေးဌာနနှင့် ပြဿနာတက်ခဲ့ရမည်ဟု သူက ခန့်မှန်းထား၏။ ထို့ကြောင့် ယခုတွင် ဝမ်ပေါင်လဲ့ကိုယ်တိုင် ရောက်လာပြီဖြစ်ရာ သူသည် ထိုအော်သံကြီးကို မကြားချင်ယောင်ဆောင်နေလိုက်တော့သည်။
လင်းတျန်ဟောက်မှာ သူ၏ နတ်ဝိဇ္ဇာဂူထဲမှ ထွက်မလာသောကြောင့် ဂူ၏အရှေ့တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့၏ အမူအရာမှာ တည်ကြည်သွား၏။ တချိန်တည်းမှာပင် အသံလှိုင်းများ ဆက်လက် ပျံ့နှံ့သွားသောကြောင့် ခပ်လှမ်းလှမ်းရှိ အခြားနတ်ဝိဇ္ဇာဂူများထဲတွင် နေထိုင်နေကြသောလူများမှာ အပြင်သို့ထွက်လာကြပြီး ဝမ်ပေါင်လဲ့အား ငေါက်ငမ်းနေကြတော့သည်။
” ဘယ်ကောင်က အခုလို အော်ဟစ်နေတာလဲကွ ”
” တော်တော် နားငြီးတာပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုခပ်လှမ်းလှမ်းမှ ဆူပူကြိမ်းမောင်းသံများကို နားထောင်ရင်း အေးစက်စက် ရယ်မောလိုက်ပြီးနောက် အော်လန်ကြီးကိုမြှောက်ကာ ထပ်၍အော်ဟစ်လိုက်ပြန်သည်။
” လင်းတျန်ဟောက် … ကျန်းတလုံနဲ့ မင်းရဲ့ကြားက ချစ်ခြင်းကိုခွဲတာ ငါ မဟုတ်ဘူးကွ။ မင်းက ငါနဲ့ ငါ့ရဲ့ ကျူးကန်ချမ်းတို့ကြားက ချစ်ခြင်းမေတ္တာကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ပေမယ့် မင်းတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ငါက တကယ်ကို လေးစားတာပါ ”
သူ၏စကားများကို ကြားလိုက်ရသောအခါ ခပ်လှမ်းလှမ်းမှ ဆူပူကြိမ်းမောင်းသံများမှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် သိပ်မကြာခင် ပို၍ကျယ်လောင်သော တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာတော့သည်။
” ဘာတွေဖြစ်နေတာလဲဟ။ သူ့စကားထဲမှာ အဓိပ္ပါယ်တွေ အများကြီးပါနေတဲ့ပုံပဲ ”
” ကျူးကန်ချမ်းဆိုတာ ဘယ်သူလဲ။ ကျန်းတလုံဆိုတာကရော ဘယ်သူလဲဟ။ အဲဒီနာမည်တွေက သန်မာထွားကျိုင်းတဲ့ သားရဲတိရစ္ဆာန်အထီးတွေရဲ့ နာမည်နဲ့ ဆင်တူနေသလားလို့ ”
” အမလေးဗျာ။ ဒါ သတင်းကြီးတစ်ခုပဲ။ လင်းတျန်ဟောက်ဆီမှာ ဒီလိုမျိုး ဝါသနာတွေ ရှိနေရတယ်လို့ကွာ…. ”
ထိုဆူညံသံများ ပျံ့နှံ့လာသောအခါ လင်းတျန်ဟောက်မှာ ဆက်၍ သည်းမခံနိုင်တော့ပေ။ သူသည် ချက်ချင်းပင် နတ်ဝိဇ္ဇာဂူတံခါးကို ဖွင့်လိုက်ပြီး အပြင်သို့ ပြေးထွက်လာပြီး ဒေါသတကြီး အော်ပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ မင်း ဘာအဓိပ္ပာယ်မရှိတဲ့ စကားတွေ လျှောက်ပြီးတော့ အော်ဟစ်နေတာလဲ ”
” နောက်ဆုံးတော့ မင်း ထွက်လာပြီပေါ့ ”
ဒေါသအမျက်ချောင်းချောင်းထွက်နေသော လင်းတျန်ဟောက် အပြင်သို့ထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ ဒေါသစိတ်များမှာ ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် ရှေ့သို့ ပြေးထွက်သွားကာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အမျှင်အတန်းများမှာလည်း ပျံ့နှံ့လာ၏။ သူသည် အမြန်ဆုံးသော အရှိန်ဖြင့် လင်းတျန်ဟောက်၏ရှေ့သို့ ရောက်ရှိလာပြီး သူ၏ညာလက်ကိုမြှောက်ကာ သူ့အား ထိုးနှက်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ်လေးပင် လက်တွန့်မနေဘဲ အားအကုန်သုံး၍ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများကို ထိန်းချုပ်ရင်း အပြင်ဘက်ရှိ ဝိညာဉ်ချီများကို စုပ်ယူလိုက်သောကြောင့် သူ၏လက်သီးရှေ့တွင် လေမုန်တိုင်းကြီးတစ်ခု ပေါ်ထွက်လာ၏။ ထိုလေမုန်တိုင်းကြီးမှာ လင်းတျန်ဟောက်၏ရှေ့တွင် ပေါက်ကွဲသွား၏။
လင်းတျန်ဟောက်မှာ ရှစ်လက်မဝိညာဉ်အမြစ်နှင့် ဖောက်ထွက်နိုင်ခဲ့သည့် တမူထူးခြားလောက်အောင် အစွမ်းထက်သော လူတစ်ယောက်ဖြစ်ပြီး သူ၏ လျှို့ဝှက်ဆန်းကြယ်ရတနာများစွာကို အသုံးပြု၍ အကာအကွယ်များစွာ တပ်ဆင်ထားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ စွမ်းပကားကို လျှော့တွက်မိလိုက်၏။ ယခုတွင် ဝမ်ပေါင်လဲ့၏ လက်သီးချက်မှာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ ကျယ်လောင်သောအသံကြီးတစ်သံ ပေါ်ထွက်လာပြီး သူ ပြင်ဆင်ထားခဲ့သည့် အကာအကွယ်အားလုံး ပျက်စီးသွားရတော့သည်။
ထိုအသံကြီးမှာ နားစည်များ ကွဲအက်သွားစေနိုင်လောက်သည်အထိ ကျယ်လောင်နေပြီး သူ၏ ခန္ဓာကိုယ်မှာ ထိုပြင်းအားကို ခုခံနိုင်စွမ်း မရှိသောကြောင့် လေပေါ်သို့မြောက်တက်သွားကာ နတ်ဝိဇ္ဇာဂူနယ်မြေ အပြင်ဘက်သို့ လွင့်ထွက်သွားတော့သည်။ သူ၏ မျက်နှာအမူအရာမှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။ သို့သော် သူ၏ လျှို့ဝှက်ဆန်းကြယ် ရတနာများမှ ပေးစွမ်းထားသော ဒိုင်းကာများကဲ့သို့ အကာအကွယ်များမှာ ဝမ်ပေါင်လဲ့၏ လက်သီးချက်အား တားဆီးပေးလိုက်သောကြောင့် သူသည် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားရုံလောက်သာ ဖြစ်သွား၏။
” ခွေးကောင် … ငါမင်းကို ထိုးချင်နေတာ တော်တော်ကိုကြာပြီ။ မိုးသစ်တောထဲက ကိစ္စကို အခုပဲ စာရင်းရှင်းကြတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ သူ၏ဒေါသစိတ်များကို ထုတ်လွှတ်၍ အရှိန်မြှင့်တင်ကာ လင်းတျန်ဟောက်ဆီသို့ ပြေးလာပြီး သူ၏ပေါင်ကြားကို အားပါပါ ကန်ကျောက်လိုက်၏။
” ဘယ်လိုလုပ်ပြီး သူက ဒီလောက် မြန်နေရတာလဲ ”
လင်းတျန်ဟောက်မှာ အံ့အားသင့်သွား၏။ သူသည် ရှောင်တိမ်းချင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင် လျင်မြန်လွန်းနေ၏။ သူ အနီးသို့ရောက်လာသောအခါ လင်းတျန်ဟောက်မှာ ကန်ကျောက်ခံလိုက်ရသဖြင့် ကောင်းကင်ပေါ်သို့ မြောက်တက်သွားပြီး အသံကျယ်ကြီးတစ်သံ ထပ်၍ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် ခပ်လှမ်းလှမ်းရှိ ကျောက်တုံးတစ်တုံးပေါ်သို့ ပြုတ်ကျသွား၏။
လင်းတျန်ဟောက်မှာ ထိုကဲ့သို့ ပြုတ်ကျသွားပြီးနောက် အသက်မရှူနိုင်လောက်အောင်ဖြစ်နေပြီး သူ၏ နာကျင်မှုများကို တောင့်ခံထားရတော့သည်။ သူသည် ဘေးဘက်သို့ ရှောင်တိမ်းရန် ပြင်လိုက်ပါသော်လည်း အလွန် နှေးကွေးနေဆဲပင်။ မျက်စိတစ်မှိတ်အတွင်း ဝမ်ပေါင်လဲ့မှာ ရောက်ရှိလာပြီး လင်းတျန်ဟောက်အား ဆံပင်မှဆွဲကာ ထောင့်တစ်နေရာဆီသို့ အားပါပါ ကိုင်ပေါက်လိုက်၏။ ထို့နောက် သူ၏ ပေါင်ကြားကို ထပ်၍ အပြင်းအထန် ကန်ကျောက်လိုက်သောကြောင့် သူသည် အခြားတစ်ဖက်ရှိ ကျောက်တုံးများဆီသို့ လွင့်ထွက်သွားရပြန်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့ ကိုးလက်မဝိညာဉ်အမြစ်ဆီမှ သင်ယူတတ်မြောက်ခဲ့သော နည်းဗျူဟာတစ်ခု ဖြစ်သည်။ သူ၏ အမြန်နှုန်းနှင့် ခွန်အားများကြောင့် သူသည် လေမုန်တိုင်းတစ်ခုနှင့် တူနေသဖြင့် သူ၏ ပြိုင်ဘက်မှာ စတင်အရေးနိမ့်သွားသည်နှင့် တစ်ပြိုင်နက် ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ပေ။
ထို အသံကျယ်ကြီး ပဲ့တင်ထပ်၍ ထွက်ပေါ်လာသောအခါ လင်းတျန်ဟောက်မှာ နတ်ဘုရားရတနာများက ကာကွယ်ပေးထားသည့်တိုင်အောင် ပါးစပ်ထဲမှ သွေးစိမ်းများ အန်ထွက်လာ၏။ ထိုကဲ့သို့ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် နာကျင်မှုများ သူ၏ခန္ဓာကိုယ် အနှံ့အပြားတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။ သူသည် မူးဝေဝေ ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့၏ ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရသောကြောင့် ဤကိစ္စမှာ ဤမျှလောက်နှင့် ပြီးဆုံးသွားဦးမည် မဟုတ်ကြောင်း ရိပ်မိလိုက်၏။
” မင်းက ငါ့ရဲ့ နတ်ဝိဇ္ဇာဂူကို လုယူရဲသေးတယ်ပေါ့ ဟုတ်လား။ မင်းကိုယ်တိုင်က ငါ့ကို ဒီလို မလုပ် လုပ်အောင် ဖိအားပေးခဲ့တာပဲကွ။ အစတုန်းက ငါက မင်းနဲ့ ကျန်းတလုံကြားက ကိစ္စတွေရော၊ ငါ့ရဲ့ သနားဖို့ကောင်းတဲ့ ကျူးကန်ချမ်းအကြောင်းကိုရော ထုတ်ပြောချင်တာ မဟုတ်ဘူး။ မင်းက တော်တော်ကိုရက်စက်ပြီးတော့ တရားလွန်လွန်းနေလို့ကွ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ပြောရင်း ရှေ့သို့ ထပ်၍ ပြေးထွက်လာပြီး အဆက်မပြတ် တိုက်ခိုက်လိုက်ပြန်သည်။ လင်းတျန်ဟောက်၏ လက်အား လိမ်ချိုးခြင်းဖြစ်စေ၊ သူ၏ ပေါင်ကြားအား ကန်ကျောက်ခြင်းဖြစ်စေ၊ ဝမ်ပေါင်လဲ့မှာ အလွန် ရက်စက်ကြမ်းကြုတ်နေ၏။ ထို့အပြင် သူ၏ ခွန်အားမှာ လင်းတျန်ဟောက်ထက် များစွာပို၍ သာလွန်နေသည် မဟုတ်ပါလော။ လင်းတျန်ဟောက်မှာလည်း အံ့ဩဖွယ်ကောင်းသော ခွန်အားများကို ပိုင်ဆိုင်ထားပါသော်လည်း သူသည် ဝမ်ပေါင်လဲ့အား မည်သည့်နည်းနှင့်မှ ပြန်လည်တုံ့ပြန် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
ယခုတွင်မူ ဓမ္မလက်နက်အဆောင်မှ ကျင့်ကြံသူပေါင်း မြောက်မြားစွာ စုဝေးလာကြပြီး သူတို့အား ကြည့်နေကြပြီဖြစ်သည်။ သူတို့မှာ ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားကြသောအခါ အံ့ဩတုန်လှုပ်သွားကြတော့သည်။
” ဝမ်ပေါင်လဲ့ ဟုတ်လား။ ငါ သူ့အကြောင်းကို ကြားဖူးတယ်။ ဒီနှစ်ရဲ့ ကျောင်းသားအသစ်တွေထဲက တစ်ယောက်ပဲ။ သူက တော်တော်ကို ရက်စက်ကြမ်းကြုတ်တာတဲ့ကွ ”
” သူက ငါတို့လိုမျိုး ဓမ္မလက်နက်အဆောင်ကရော ဟုတ်ရဲ့လား။ သူ့ပုံစံက ဘာလို့ ဟိုဘက်က သိုင်းပညာအဆောင်က လူတွေနဲ့ တူနေရတာလဲ။ ဒီ…. ဒီလိုမျိုး တိုက်ရည်ခိုက်ရည်တွေက ဘယ်လိုတောင်လဲဟ ”
ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးမှာ ဆွေးနွေးငြင်းခုံနေကြစဉ် လင်းတျန်ဟောက်မှာမူ အရူးတစ်ယောက်လို အော်ဟစ်လိုက်၏။ ထိုအခါ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင် အလင်းတစ်ခု ထွက်ပေါ်လာ၏။ သူသည် သူ၏ နတ်ဘုရားရတနာကို အသုံးပြုလိုက်ပြီး ဝမ်ပေါင်လဲ့၏ လေမုန်တိုင်းကဲ့သို့ တိုက်ကွက်များထဲမှ ရုန်းထွက်ကာ အလျင်အမြန်ပင် နောက်သို့ဆုတ်ခွာသွား၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရ၏။ ဘေးပတ်ပတ်လည်တွင် လူများစွာ ရှိနေသည်ဖြစ်ရာ သူ၏ စွမ်းအားအစစ်အမှန်ကို ထုတ်ပြရန်မှာ မသင့်တော်ပေ။ လင်းတျန်ဟောက် ဘေးကျပ်နံကျပ် အခြေအနေထဲမှ ထွက်ပြေးလွတ်မြောက်သွားသည်ကို မြင်လိုက်ရသောအခါ သူသည် သူ၏နောက်သို့ ပြေးလိုက်မသွားဘဲ ချောင်းဟန့်လိုက်ပြီး ဘေးပတ်ပတ်လည်မှ ပရိတ်သတ်များကိုကြည့်ကာ ညာလက်သီးပေါ်သို့ ဘယ်လက်ဝါးတင်၍ အရိုအသေပေးလိုက်၏။
” မင်္ဂလာ နံနက်ခင်းပါ အစ်ကိုတို့။ ကျနော် သူနဲ့ ကျနော့်ရဲ့ ကျူးကန်ချမ်းရဲ့ကြားက အကြောင်းကို ထုတ်ပြောလိုက်တာနဲ့ သူက အပြစ်ရှိသလို ခံစားလိုက်ရပြီး အရူးတစ်ယောက်လို ဖြစ်သွားတာ အစ်ကိုတို့အားလုံး မြင်လိုက်တယ်နော် ”
ထိုအခါ ဘေးပတ်ပတ်လည်မှ ပရိတ်သတ်များမှာ တစ်ယောက်ကိုတစ်ယောက် အထူးတဆန်းနှင့် ကြည့်လိုက်ကြတော့သည်။ လင်းတျန်ဟောက်၏ အသိစိတ်များမှာလည်း ကယောင်ချောက်ချားဖြစ်နေ၏။ သူသည် ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် လုံးဝမကြုံတွေ့ဖူးသလို ယခုလိုမျိုး ဆိုးဆိုးရွားရွား ရိုက်နှက်ကန်ကျောက်ခြင်းကိုလည်း မခံခဲ့ရဖူးပေ။ ထိုမျှလောက်သာဆိုပါက သူသည် သည်းခံခွင့်လွှတ်ပေးနိုင်ဦးမည် ဖြစ်ပါသော်လည်း ကျူးကန်ချမ်းအကြောင်း ပါလာသောအခါ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
ယခုတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြင်းအထန် နာကျင်နေရပြီ ဖြစ်ပြီး သူ၏လက်ချောင်းမှာလည်း ကျိုးလုနီးပါး အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ သူ၏ ပေါင်ကြားမှာလည်း တဆစ်ဆစ် နာကျင်ကိုက်ခဲနေသောကြောင့် သူ၏မျက်လုံးများမှာ နီမြန်းနေရပါသော်လည်း သူသည် ဆင်ခြင်တွေးတောနိုင်စွမ်း ရှိနေသေးသောကြောင့် ခက်ခက်ခဲခဲ ကြိုးစားကာ စိတ်ကို တည်ငြိမ်အောင်ထားလိုက်၏။
” ဝမ်ပေါင်လဲ့။ ဒီလိုမျိုး လီဆယ်နေလို့ ဘာမှမထူးဘူးကွ။ အပြစ်မရှိတဲ့ လူတွေက အမှန်တရားကို သိတယ် ”
လင်းတျန်ဟောက်မှာ ထိုသို့ဆိုကာ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် အေးစက်စက် ကြည့်လိုက်၏။ ထို့နောက် သူသည် နတ်ဘုရားရတနာတစ်ပါးဖြစ်သော ဓားပျံတစ်လက်ကို ထုတ်ယူလိုက်ပြီး ၎င်းကို ပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုဓားထဲမှ ဖိအားတစ်မျိုး ချက်ချင်းပင် ပေါ်ထွက်လာ၏။ ၎င်း၏ အရည်အသွေးမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းပြီး ၎င်းမှာ အနိမ့်ဆုံး ပဉ္စမအဆင့် နတ်ဘုရားရတနာတစ်ပါး ဖြစ်ရပေမည်။ လင်းတျန်ဟောက်တွင် အကာအကွယ် ရတနာများအပြင် အခြားဝှက်ဖဲများ ရှိနေသေးသည့်အချက်မှာ သိသာထင်ရှားပေသည်။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွား၏။ သူသည် လင်းတျန်ဟောက်အား တိုက်ခိုက်ရုံမျှဖြင့် လုံလောက်မည် မဟုတ်ကြောင်း တွေးလိုက်၏။ လင်းတျန်ဟောက်မှာ သူ့အား မကောင်းကြံစည်ခဲ့သည် ဖြစ်ရာ သူသည် မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ သူ့အား အသရေဖျက်ရန် လိုအပ်ပေသည်။ သူ၏ ဂုဏ်သိက္ခာ ပျက်ပြားသွားသည်နှင့် တစ်ပြိုင်နက် သူသည် မည်သည့်အရာကိုမှ ငြင်းဆန်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဟန်ဆောင်ချောင်းဟန့်ကာ ဆိုလိုက်၏။
” တာအိုရောင်းရင်းတို့။ ကျနော့်မှာ သက်သေရှိပါတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး သူ၏ညာလက်ကိုမြှောက်ကာ ရုပ်သေးရုပ်တစ်ရုပ်ကို ချက်ချင်းထုတ်ယူလိုက်၏။ ၎င်းမှာ အရွယ်အစားကြီးမားပြီး အမွေးအမျှင်များ အပြည့်ပေါက်နေသော ရုပ်သေးရုပ်ကြီးတစ်ခု ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ၎င်းမှာ တောင့်တင်းသန်မာမှုရှိကြောင်း မြင်နိုင်၏။ ၎င်းမှာ လင်းတျန်ဟောက်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အမူအရာမှာ ရှက်ကိုးရှက်ကန်းဖြစ်သွား၏။
ထို့နောက် ထိုရုပ်သေးရုပ်ကြီးဆီမှ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး ၎င်းမှာ လက်မြှောက်၍ လင်းတျန်ဟောက်အား ပွေ့ဖက်ချင်နေသည့်အလား သူ့ဆီသို့ ပြေးသွား၏။
ထိုအသံကြီးမှာ အရပ်မျက်နှာအနှံ့သို့ ကြည်လင်ပြတ်သားစွာ ပျံ့နှံ့သွား၏။
ထိုရုပ်သေးရုပ်ကြီးမှာ အလွန် ညှို့ယူအားကောင်းနေပြီး အာရုံဖမ်းစားနိုင်စွမ်း အပြည့်ရှိနေ၏။
” ဒါ ကျနော့်ရဲ့ ကျူးကန်ချမ်းပါ။ လင်းတျန်ဟောက်က သုံးရက်သုံးညတိတိ ညှဉ်းပန်းနှိပ်စက်ခဲ့လို့ အခု သူ့ခဗျာ တစ်နေကုန် ဒီလိုမျိုးပဲ အော်နေရတာပါ။ လင်းတျန်ဟောက်။ မှန်မှန်ပြောစမ်း။ မင်း ငါ့ရဲ့ ကျူးကန်ချမ်းကို ဘာလုပ်ခဲ့တာလဲ ”
ဝမ်ပေါင်လဲ့က ဒေါသတကြီး အော်မေးလိုက်၏။
( ဘာသာပြန်သူမှတ်စု။ ” တလုံ ” ဆိုသည်မှာ နဂါးကြီးဟု အဓိပ္ပါယ်ရသည်။ ” ကန်ချမ်း ” ဆိုသည်မှာ မာကျောသည်ဟု အဓိပ္ပါယ်ရသည်။ )