Switch Mode

အခန်း ( ၁၂၅ )

ဒေါသူပုန်ထသွားသော ပေါင်လဲ့

” ဒါ အာလူးကြော် အနံ့ပဲ ”

သူ၏ အနံ့ခံနိုင်စွမ်းမှာ အလွန်ကောင်းမွန်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာ ရယ်မောလိုက်၏။ မည်သို့သော အစားအစာမျိုးပင် ဖြစ်နေစေကာမူ သူသည် အနံ့ရလိုက်ရုံမျှဖြင့် ချက်ချင်းသိနိုင်စွမ်း ရှိနေ၏။

သူသည် ဟိတ်ဟန်အပြည့်ဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါ ရှေ့တွင် တောင်ကြားလေးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် ထိုတောင်ကြားအပြင်ဘက်ရှိ လမ်းလေးအတိုင်း လျှောက်သွားလိုက်၏။ သူသည် ရှေ့သို့ ရောက်လာသည်နှင့်အမျှ မွှေးပျံ့သော ရနံ့တစ်ခုကို ရလိုက်ပြီး ဆူညံများကို ကြားလိုက်ရသောကြောင့် သူ၏ ခြေလှမ်းများမှာ မြန်ဆန်လာ၏။ သူသည် ထိုတောင်ကြားထဲသို့ ဝင်ခါနီးမှာပင် ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်၏။

” မင်းမေဘ… ဒါ ငါအကြိုက်ဆုံး ပဲငံပြာရည်နဲ့ ချက်ထားတဲ့ ကြက်ဥဟင်းပဲ ”
ဝမ်ပေါင်လဲ့မှာ အသားများတုန်ရီသွားပြီး ချက်ချင်းပင် တောင်ကြားထဲသို့ ဝင်လိုက်၏။ သူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အချိန်တွင် ဈေးသည်များ၏ ဆူညံများ၊ အော်ဟစ်သံများနှင့် မွှေးရနံ့ပေါင်းစုံတို့မှာ သူ့အား လွှမ်းခြုံသွားကြတော့သည်။

၎င်းမှာ ဈေးတစ်ခု ဖြစ်နေ၏။ ဆေးလုံးနှင့် ဓမ္မရတနာများ ရောင်းချသော ဈေးမဟုတ်ဘဲ မုန့်ပဲသရေစာများစွာ ရောင်းချသော ဈေးတစ်ခု ဖြစ်နေခြင်း ဖြစ်သည်။ ထို တောင်ကြားလေး၏ ပတ်ပတ်လည်တွင် တံခါးဝ၌ ဆိုင်းဘုတ်များ ဆွဲထားသော ဈေးဆိုင်များစွာ ရှိနေ၏။ ထို ဈေးဆိုင်များထဲမှ တစ်ဆိုင်ဆိုလျှင် ဝမ်ပေါင်လဲ့ ကောင်းကင်မြို့တော်ထဲတွင် မြင်ခဲ့ရသည့် မုန့်တစ်မျိုးကို ကြော်ငြာထား၏။

” အဆင့်မြင့်ကျွန်းမှာ ဒီလိုမျိုးနေရာတစ်ခုရှိနေတာ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး။ မဟုတ်မှလွဲရော သူတို့က ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို စမ်းသပ်နေတာများ ဖြစ်နေမလား ”

ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဝင်းလက်တောက်ပနေကြသည်။ ထိုနေရာသို့ ဝင်ထွက်သွားလာနေကြသော မီးခိုးရောင်ဝတ်ရုံနှင့် ကျောင်းသားများစွာ ရှိနေသည့်အတွက် အလွန် စည်ကားသိုက်မြိုက်နေ၏။ တစ်ခါတရံတွင် အပြာရောင်ဝတ်ရုံနှင့် လက်နက်အဖွဲ့ဝင်တစ်ယောက်ကိုပင် မြင်တွေ့ရတတ်သည်။

အမှန်တွင် အဆောင်တိုင်း၌ ထိုကဲ့သို့ ဈေးတစ်ခုစီ ရှိကြသည်။ သူတို့မှာ ရှေးဟောင်းသိုင်းအဆင့်မှ ဖောက်ထွက်ကာ အာနာပါနအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး ကျင့်ကြံသူအစစ်များ ဖြစ်နေကြပြီ ဖြစ်ပါသော်လည်း အစားအသောက် ရှောင်နိုင်စွမ်း မရှိသေးပေ။ လူပေါင်းများစွာ ရှိနေကြသည်ဖြစ်၍ နေ့တဓူဝ လိုအပ်သည့် အရာများကို ဖြည့်ဆည်းပေးနိုင်သော စီးပွားရေးလုပ်ငန်းများစွာ ရှိနေသည်မှာ မထူးဆန်းပေ။

” ငါက ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီလေ။ ကမ္ဘာကြီးရဲ့ ဝိညာဉ်ချီတွေကို စုပ်ယူထားပြီးသား ဖြစ်နေတာတောင် ဘာလို့ သာမန်လူသားတွေရဲ့ လိုအင်ဆန္ဒတွေကို တပ်မက်နေရသေးတာလဲ။ ပြီးတော့ ငါက ဝိတ်ချနေတာဆိုတော့ အောင့်အီးသည်းခံမှဖြစ်မယ် ”

ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ သူသည် ထိုနေရာမှ ထွက်ခွာချင်ပါသော်လည်း တခဏမျှ လမ်းလျှောက်လိုက်ပြီးနောက် အစားအသောက်များ ရောင်းချနေသည့် ဆိုင်ခန်းငယ်လေးတစ်ခုဘေးမှ ဖြတ်သွားမိလိုက်သည်။ ထိုနေရာတွင် သူသည် အသက်ပြင်းပြင်းရှူမိလိုက်၏။ ထို့နောက် အချိန်အတော်အတန်ကြာအောင် တွေဝေတုံ့ဆိုင်းသွားပြီးနောက် နောက်သို့ ပြန်လှည့်လာတော့သည်။

” အစ်ကို … ကျနော် ဒီလိုမျိုး အာလူးကြော် ပွဲသုံးဆယ်လောက် လိုချင်တယ် ”

” ပြီးတော့ ဒီ ပဲငံပြာရည် ကြက်ဥဟင်းကို ပွဲတစ်ရာတိတိ ပါဆယ်ထုတ်ပေးပါ ”

” အစ်ကို … ကျနော် ဒီ ဝိညာဉ်ရေခဲရေ အကုန်လုံးကို လိုချင်တယ်။ ပြီးတော့ အစ်ကို့ဆီက မုန့်ရှစ်ဘူးပါ ထည့်လိုက် ”

အချိန်အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ဈေးထဲမှ ပြန်ထွက်လာ၏။ သူသည် အာလူးကြော်များစားကာ ပဲငံပြာရည်ကြက်ဥ တစ်လုံးကို မျိုချလိုက်ပြီး ဝိညာဉ်ရေခဲရေများကို သောက်သုံးနေတော့သည်။ သူ၏ အမူအရာမှာမူ သူ့ကိုယ်သူ နာကျည်းနေသည့်ပုံ ပေါက်နေ၏။

” ထားလိုက်ပါတော့ကွာ။ ဒီနေ့တော့ ငါ ဝိတ်မချတော့ဘူး။ ငါက ရောက်ရောက်လာချင်း လင်းတျန်ဟောက်နဲ့ တွေ့ခဲ့ရတာလေ။ အခု သူ့ကို ရှင်းထုတ်နိုင်မယ့် နည်းလမ်းကို စဉ်းစားရတော့မှာဆိုတော့ အားစိုက်ဖို့လိုတယ်။ အခုလိုဖြစ်ရတာ လင်းတျန်ဟောက်ရဲ့ အပြစ်တွေကြောင့်ပဲ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ နောက်ထပ် ကြက်ခြေထောက်တစ်ချောင်းကို ဆွဲဖြုတ်၍ အားပါးတရ ကိုက်စားလိုက်၏။ သူသည် ဈေးအပြင်ဘက်သို့ တဖြည်းဖြည်းနှင့် လမ်းလျှောက်ထွက်လာရင်း သူ၏ခပ်လှမ်းလှမ်းရှိ တောင်ခြေနားတွင် အတန်းလိုက် ဖြစ်နေသော အဆောက်အဦတချို့ကို မြင်လိုက်ရ၏။

ထိုအဆောက်အဦ အရေအတွက်မှာ အနည်းဆုံး ထောင်ဂဏန်းအနည်းငယ်အထိ ရှိနေ၏။ ၎င်းတို့ကို ပူးကပ်၍ တည်ဆောက်ထားကြပါသော်လည်း စည်းစနစ်တကျ နေရာချထား၏။ လူများမှာ အတူတကွ နေထိုင်ကြခြင်းမရှိပေ။ ကျောင်းသားတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အဆောက်အဦတစ်ခုကို ပိုင်ဆိုင်ထားကြသည်။

ဝမ်ပေါင်လဲ့မှာ သူ၏နေအိမ်အား ရှာတွေ့သွားသောအခါ အကဲခတ် စစ်ဆေးကြည့်လိုက်၏။ ၎င်းမှာ အဆင့်နိမ့်ကျွန်းရှိ နတ်ဝိဇ္ဇာဂူလောက် မသားနားပါသော်လည်း သန့်သန့်ရှင်းရှင်းနှင့် သပ်သပ်ရပ်ရပ် ရှိနေဆဲပင်။ တစ်ခုတည်းသော ပြဿနာမှာ သူ ပြတင်းပေါက်ကို ဖွင့်လိုက်ပါက အောက်ဘက် တောင်ကြားထဲရှိ ပျားပန်းခတ်နေသော ဈေးတန်းကြီးကို မြင်နေရခြင်းပင်။ ထိုဈေးတန်းဆီမှာ မွှေးရနံ့များမှာလည်း သူ့ဆီသို့ ရောက်လာနေသောကြောင့် အခက်တွေ့နေရတော့သည်။

” ဒီနေရာက ကောင်းပေမဲ့ ငါ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်နေတာပဲ ”

ဝမ်ပေါင်လဲ့မှာ အချိန် အတော်အတန်ကြာအောင် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်လိုက်ပြီးနောက် မုန့်ပဲသရေစာများ ထွက်ဝယ်ချင်သည့် စိတ်ဆန္ဒများကို ချုပ်တည်းနိုင်သွား၏။ ထို့ကြောင့် သူသည် အဆင့်မြင့်ကျွန်းက ပေးအပ်ထားသော ကျင့်ကြံခြင်းပညာရပ် ကျောက်စိမ်းပေလွှာလေးကို စတင် လေ့လာလိုက်တော့သည်။

အချိန်များတဖြည်းဖြည်း ကုန်ဆုံးသွားပြီး လမင်းကြီး ထိန်ထိန်သာနေသော အချိန်သို့ ရောက်သွားသောအခါ အပြင်ဘက်မှ ဈေးတန်းကြီးမှာ ပိတ်သွားပြီဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်စ ပြုလာ၏။ လက်ရှိရောက်နေသော ရာသီကြောင့် ပို၍ပင် တိတ်ဆိတ်နေတော့သည်။ ထို့အပြင် တောင်ကြီးမှာ လေပေါ်တွင် ရှိနေသည်ဖြစ်ရာ တိုက်ခတ်လာသော လေများမှာ အလွန်အေးစက်နေ၏။ ထိုလေအေးများမှာ ပြတင်းပေါက်ကိုဖြတ်၍ တိုက်ခတ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသောကြောင့် သူသည် အလွန် သက်တောင့်သက်သာ ဖြစ်သွားတော့သည်။

လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ကျောက်စိမ်းပေလွှာထဲရှိ ကျင့်ကြံခြင်းပညာရပ်ထဲတွင် စိတ်ကိုနှစ်မြှုပ်ထား၏။ သူသည် အတွေးများထဲတွင် နစ်မျောနေပြီး တစ်ခါတရံ အပေါ်သို့ မော့ကြည့်ကာ အချက်အလက်များကို မှတ်သား၍ ကောက်ချက်ချနေသည့် အမူအရာဖြင့် မျက်လုံးများကို မှိတ်ထား၏။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့ အဆင့်မြင့်ကျွန်းပေါ်တွင် နေရသည့် ပထမဆုံးညမှာ တဖြည်းဖြည်းနှင့် ကုန်ဆုံးသွား၏။ ဓားနေမင်းကြီး ထွက်လာပြီး ကမ္ဘာပေါ်သို့ အလင်းရောင်များ ဖြာကျလာသည့် အချိန်မှသာလျှင် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျင့်ကြံခြင်းပညာရပ်များအား လေ့လာနေခြင်းကို အဆုံးသတ်လိုက်၏။

” တကယ်တမ်း အာနာပါနအဆင့်ကို ငါးဆင့် ခွဲထားတာပဲ။ ဒီဖော်ပြချက်အရဆိုရင် ပထမအဆင့်မှာရှိတဲ့ ဝိညာဉ်ချီက ပိုးသားလိုမျိုး နူးညံ့တယ်။ ဒုတိယအဆင့်မှာဆိုရင် မြူခိုး‌တွေကနေ စမ်းချောင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး တတိယအဆင့်ရောက်ရင် စမ်းချောင်းတွေကနေ မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားမှာပဲ။ အဲဒီကနေတစ်ဆင့် မြစ်တွေက အရွယ်အစားပိုကြီးလာပြီးတော့ နောက်ဆုံးမှာ စမ်းချောင်းတွေနဲ့ မြစ်တွေအားလုံး စုပေါင်းပြီးတော့ သမုဒ္ဒရာထဲကို စီးဝင်သွားကြမှာ ”
ဝမ်ပေါင်လဲ့မှာ မျှော်လင့်ချက် အရိပ်အယောင်များ ထပ်ဟင်နေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။ ညလုံးပေါက် လေ့လာခဲ့ပြီးနောက် သူသည် အာနာပါနအဆင့်ကို ပို၍ နားလည်လာပြီဖြစ်သည်။

” ကောင်းကင်တိမ်လွှာပညာရပ်က ကောင်းကင်တာအိုကျောင်းရဲ့ ကိုယ်ပိုင် ပညာရပ်တစ်ခုပဲ။ ငါ ဒီ ညွှန်ပြချက်တွေအတိုင်း လိုက်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်သွားမယ်ဆိုရင် အာနာပါနအဆင့်ရဲ့ ထိပ်ဆုံးအဆင့်ကို တက်လှမ်းနိုင်မှာပဲ။ ပြီးတော့ ပထမအဆင့်ကလွဲလို့ တခြား လေးဆင့်စလုံးမှာ ကိုယ်ပိုင်မန္တန်တစ်ခုစီ ရှိသေးတယ် ”

” ဒီ ကျင့်ကြံခြင်း ပညာရပ်ရဲ့ အရေးအကြီးဆုံး ပြောင်းလဲမှုက ဝိညာဉ်ချီတွေကို မြူခိုးတွေလို ပျော့ပျောင်းသွားအောင် လုပ်ပေးနိုင်လို့ ထိန်းချုပ်ရ လွယ်ကူသွားတဲ့အချက်ပဲ။ နောက်ဆုံးအဆင့်အထိ လေ့ကျင့်ပြီးရင် အမြန်နှုန်းတွေ မြင့်တက်လာမှာ ဖြစ်သလို ခန္ဓာကိုယ်ကလည်း သိမ်မွေ့နူးညံ့လာမှာ။ ကျင့်ကြံခြင်းကို ထုတ်လွှတ်လိုက်တာနဲ့ ကမ္ဘာကြီးထဲမှာရှိတဲ့ ဝိညာဉ်ချီ‌တွေနဲ့ တစ်သားတည်း ပေါင်းစည်းသွားပြီးတော့ တစ်နေရာကနေ တစ်နေရာ ရွေ့လျားနိုင်စွမ်း ရှိသွားမယ် ”

ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ တိုက်ခိုက်ခဲ့စဉ်က လက်ထောက်ပါမောက္ခ ထုတ်ယူခဲ့သည့် လက်ဖွဲ့အဆောင်အကြောင်းကို ပြန်၍ အမှတ်ရသွား၏။

ကျောက်စိမ်းပေလွှာထဲတွင် ထိုလက်ဖွဲ့အဆောင်အကြောင်းကိုပါ မိတ်ဆက်အဖြစ် ဖော်ပြထား၏။ အာနာပါနအဆင့်၏ ပထမဆုံးအဆင့်တွင် ဝိညာဉ်ချီသိပ်မရှိသောကြောင့် အမျှင်တန်းတစ်ခုမျှသာ ရှိ၏။ ထို့ကြောင့် ဓမ္မမန္တန်များကို အလွယ်တကူ ထုတ်သုံးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လက်ဖွဲ့အဆောင်များ၏ အကူအညီကို သုံးကာ ဓမ္မမန္တန်များကို ဖန်တီးရသည်။ ဒုတိယအဆင့်တွင်မူ မြူခိုးအမျှင်အတန်းများမှာ စမ်းချောင်းတစ်ခုအသွင် စုစည်းသွားကြပြီဖြစ်ရာ အင်အားအမြောက်အမြား ထုတ်သုံးရန်လိုအပ်သော ဓမ္မမန္တန်များမှလွဲ၍ သာမန်မန္တန်များကို အသုံးပြုလိုပါက လက်ဖွဲ့အဆောင် စာရွက်များကို မလိုအပ်တော့ပေ။

ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် လက်ထောက် ပါမောက္ခမှာ ပထမအဆင့် အာနာပါနအဆင့်တွင်သာ ရှိသေးသော ဝါရင့်တစ်ယောက်ဖြစ်ကြောင်း သိနိုင်၏။ အကယ်၍ သူသာ ဒုတိယအဆင့်အထိ ရောက်နေခဲ့မည်ဆိုပါက ကောင်းကင်တိမ်လွှာပညာရပ်၏ တိမ်လွှာလက်ချောင်း ပညာရပ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ကျောက်စိမ်းပေလွှာထဲတွင်ပါသော တိမ်လွှာလက်ချောင်း ပညာရပ်အကြောင်း မိတ်ဆက်ပေးထားသည့် စာများကိုဖတ်ကာ တွေးတောရင်း စိတ်နှလုံး လှုပ်ရှားလာ၏။ ထို့နောက် သူသည် ခေါင်းငုံ့ကာ အနန္တ လက်နက်အသွင်ပြောင်းလဲခြင်းပညာရပ်အကြောင်း ရေးသားထားသည့် ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး မျက်လုံးများ အရောင်လက်သွား၏။

” ငါ ဓမ္မလက်နက်အဆောင်ရဲ့ အနန္တလက်နက်အသွင် ပြောင်းလဲခြင်းပညာရပ်ကိုလည်း လေ့လာလို့ရသေးတာပဲ။ ဒီပညာရပ်က တကယ်တမ်းတော့ ချီအားဖြည့်ခြင်းပညာရပ်ကို နောက်ဆုံးအဆင့်အထိ လေ့လာနိုင်တဲ့ ပညာရပ်ပါပဲ။ အဆင့်မြင့် ကမ္ဗည်းစာလုံးတွေနဲ့ ပတ်သတ်တဲ့ ပညာရပ်တွေ၊ အဆင့်မြင့် ဝိညာဉ်အမြုတေ ပညာရပ်တွေ၊ ကုန်ကြမ်းပစ္စည်းတွေကို ပေါင်းစပ်ရောနှောနိုင်တဲ့ နည်းလမ်း‌တွေနဲ့ အဆောင်ပစ္စည်းတွေကို သန့်စင်နိုင်တဲ့ နည်းလမ်းတွေ ပါတယ်။ ငါ ဒီပညာရပ်တွေကို နက်နက်နဲနဲ လေ့လာထားနိုင်မယ်ဆိုရင် ပစ္စည်းတွေအားလုံးကို အဆင့်အတန်း တစ်ခုအထိရှိတဲ့ ရတနာတွေအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသွားမှာပဲ ”

ဝမ်ပေါင်လဲ့မှာ တစ်ညတာမျှ လေ့လာလိုက်ရုံဖြင့် ဓမ္မလက်နက်အဆောင်၏ သင်ရိုးများကို နက်နက်နဲနဲ နားလည်သွား၏။ ဓမ္မလက်နက်အဆောင်ထဲတွင် ကျောင်းသားများမှာ သတ်မှတ်ထားသော နေရာများသို့ သွားရောက်၍ စီနီယာများထံမှ ဗဟုသုတများကို နားထောင်နိုင်သလို အဆင့်မြင့်ကျွန်း၏ ဝိညာဉ်ကွန်ရက်ပေါ်တွင်လည်း ဟောပြောပို့ချချက် ရုပ်သံမှတ်တမ်းများကို ကြည့်ရှုနိုင်ကြောင်း ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထား၏။

အနှစ်ချုပ်ရသော် ဓမ္မလက်နက်အဆောင်မှ ကျောင်းသားများမှာ အဆင့်နိမ့်ကျွန်းတုန်းကကဲ့သို့ ကျောင်းစာလေ့လာခြင်းကို ဦးစားမပေးကြပေ။ အဆင့်မြင့်ကျွန်းတွင် ကျောင်းသားများမှာ တစ်‌ယောက်တည်း‌နေ၍ သူတို့၏ သန့်စင်မှုနှင့် စမ်းသပ်မှု လုပ်ငန်းများထဲတွင် စိတ်နှစ်ကာ သူတို့၏ အချိန်အများစုကို ကုန်ဆုံးလေ့ရှိကြသည်။

ဝမ်ပေါင်လဲ့မှာ နားလည်သဘောပေါက်ရန်လိုအပ်သော ဗဟုသုတများကို လေ့လာလိုက်ပြီးနောက် စိတ်ဓာတ်တက်ကြွသွားပြီး ချက်ချင်းပင် စိတ်နှစ်ထားလိုက်တော့သည်။ ထိုသို့ဖြင့် လေးရက်ဆိုသောအချိန်မှာ တခဏအတွင်း ကုန်လွန်သွား၏။ ထိုလေးရက်အတွင်း ဝမ်ပေါင်လဲ့မှာ အနန္တလက်နက်အသွင် ပြောင်းလဲခြင်းပညာရပ်အား လေ့လာရင်း ကောင်းကင်တိမ်လွှာပညာရပ်ကို ကျင့်ကြံနေခဲ့ပြီး သူ ဗိုက်ဆာလာသော အချိန်များတွင် ဈေးထဲသို့ သွားခဲ့၏။ အစားအသောက်များကို ဝယ်ယူရသည်မှာ လွယ်ကူလွန်းနေသောကြောင့်လားတော့ မသိပေ။ သူသည် သူ၏ ကျင့်ကြံခြင်းပညာရပ်များမှာ သိသိသာသာ တိုးတက်လာခြင်းမရှိပါသော်လည်း သူ၏ ဝိတ်မှာမူ နေ့စဉ်နေ့တိုင်း တဖြည်းဖြည်း တက်လာ၏။ ထိုလေးရက်အတွင်း သူ၏ ဝိတ်မှာ သိသိသာသာ တက်သွားခဲ့၏။

” ဒီလိုဆက်လုပ်နေလို့တော့ မဖြစ်ဘူး ”

ငါးရက်မြောက်နေ့၏ မနက်ခင်းစောစောအချိန်တွင် ဝမ်ပေါင်လဲ့မှာ စိတ်သောကရောက်နေသည့် ရပ်နားထားဖြင့် သူ၏ဗိုက်ကိုပုတ်ရင်း ဘုရင်တစ်ပါးကဲ့သို့ မနက်စာ စားသုံးနေ၏။ ထို့နောက် သူသည် ဈေးထဲမှပြန်ထွက်လာရင်း နောက်သို့လှည့်ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် မှန်တစ်ချပ်ကိုထုတ်ယူ၍ သူ၏ သိသိသာသာ ဖောင်းကားလာသော မျက်နှာကြီးကို ကြည့်လိုက်၏။

” ငါက ခံ့ချောကြီး ဖြစ်နေတုန်းပဲ ဆိုပေမယ့် သတိထားမှတော့ ရမယ် ”

ဝမ်ပေါင်လဲ့မှာ သူ၏မျက်နှာကို တို့ထိရင်း သူ၏ နတ်ဝိဇ္ဇာဂူကို ထုတ်ယူဖို့ရာ အဆောင်စီမံရေးဌာနဆီသို့ သွားရန် သင့်၊မသင့် စဉ်းစားတွေးတောနေ၏။ ထို့နောက် သူ၏မှန်ကို သိမ်းဆည်းလိုက်စဉ်မှာပင် သူ၏ခေါင်းပေါ်မှ ဖြတ်ပျံသွားသော သင်္ဘောပျံတစ်စင်း၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ မျက်စိလျင်သူ ဖြစ်သောကြောင့် ထိုသင်္ဘောပျံပေါ်မှ လူမှာ လင်းတျန်ဟောက်ဖြစ်ကြောင်း မြင်လိုက်ရ၏။

” သူပဲဟ။ သူကရော ဒီ တောင်တန်းထဲမှာ ရှိနေတာလား ”
ဝမ်ပေါင်လဲ့မှာ မျက်ခုံးများပင့်ကာ ပြန်၍ကြည့်လိုက်သောအခါ လင်းတျန်ဟောက်ကလည်း သူ့အား သတိထားမိသွား၏။ ထို့နောက် လင်းတျန်ဟောက်မှာ ခေါင်းငုံ့ကြည့်လိုက်သဖြင့် ဝမ်ပေါင်လဲ့နှင့် အကြည့်ချင်းဆုံသွားတော့သည်။

တစ်ယောက်မှာ ကောင်းကင်ယံတွင် ရှိနေသည်ဖြစ်ပြီး အခြားတစ်ယောက်မှာ မြေပြင်ပေါ်တွင် ရှိနေသည်ဖြစ်ရာ လင်းတျန်ဟောက်မှာ တစ်စုံတစ်ခုကို တွေးမိသွားသည့်ပုံစံဖြင့် လှောင်ပြုံးပြုံးလိုက်၏။

” အဖေပြောတာ မှန်တယ်။ ငါတို့ရဲ့ အဆင့်အတန်းတွေက မတူဘူးပဲကွ။ ဒါပေမဲ့ ဝမ်ပေါင်လဲ့ရေ … မင်း အဆင့်မြင့်ကျွန်းမှာ အခြေချနိုင်မလား မချနိုင်ဘူးလားဆိုတာ ငါဆင်ထားတဲ့ ထောင်ချောက်ထဲကို ရောက်၊မရောက်ဆိုတဲ့ အချက်ပေါ်မှာ မူတည်နေတာကွ ”

လင်းတျန်ဟောက်မှာ ထိုသို့တွေးတောကာ အကြည့်လွှဲလိုက်ပြီး ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် တောင်တက်လမ်း၏ အလယ်နားတွင်ရှိသော နတ်ဝိဇ္ဇာဂူများ ရှိရာနေရာသို့ တမင်သက်သက် ဦးတည်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်က တောင်၏ အလယ်ပိုင်းသို့ ဦးတည်ပျံသန်းသွားပြီး နတ်ဝိဇ္ဇာဂူတစ်လုံး၏ တံခါးအပြင်ဘက်၌ ဆင်းသက်ကာ အတွင်းသို့ဝင်သွားသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများပြူးကျယ်သွားပြီး သူ၏အကြည့်များမှာ အေးစက်သွားတော့သည်။

” သူ့မှာ နတ်ဝိဇ္ဇာဂူတစ်လုံး ရှိနေတာပဲ ”

” စိတ်ဝင်စားစရာပဲ။ ဒီ လင်းတျန်ဟောက်ဆိုတဲ့ကောင်ဆီမှာ သင်္ဘောပျံတစ်စင်းနဲ့ နတ်ဝိဇ္ဇာဂူတစ်လုံး ရှိနေပေမယ့် ငါ့လို ရှစ်လက်မဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး တာအိုကျောင်းကို ကြီးကြီးမားမား အကျိုးပြုခဲ့တဲ့ လူတစ်ယောက်ဆီမှာတော့ ဘာမှ မရှိပါလား ”

ဝမ်ပေါင်လဲ့၏ အမူအရာမှာ ရှုံ့မဲ့သွား၏။ သူသည် သင်္ဘောပျံအပေါ် သိပ်၍ အာရုံမစိုက်ခဲ့ပါသော်လည်း ယခုတွင်မူ ထိုသင်္ဘောပျံပေါ်တွင် နံပါတ်တစ်ခု ရှိနေသည်ကို သတိထားမိလိုက်၏။ သူသည် အဆင့်မြင့်ကျွန်းအကြောင်းကို အနည်းငယ် နားလည်ထားသည်ဖြစ်ရာ တာအိုကျောင်းမှာ ထိုသင်္ဘောပျံကို ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ သူ အဆောင်စီမံရေးဌာနနှင့် စကားမပြောရသည်မှာ ငါးရက်တိတိ ရှိနေပြီဖြစ်ကြောင်း အမှတ်ရသွားသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဒေါသမီးများကို ချုပ်တည်းလိုက်ပြီး နောက်သို့လှည့်ကာ အဆောင်စီမံရေးဌာနဆီသို့ ဦးတည်သွားလိုက်တော့သည်။

သူ ထိုနေရာသို့ ရောက်သွားသောသွားချိန်တွင် အခြားမည်သူမှ ရှိမနေခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူကြီးကို မြင်လိုက်ရသောအခါ ထိုကျင့်ကြံသူကြီးကလည်း သူ့အား သတိထားမိသွား၏။ ထို့ကြောင့် သူသည် မျက်ခုံးနှစ်ဖက်ကြားကို လက်ဖြင့်ပွတ်လိုက်ပြီး ဝမ်ပေါင်လဲ့ စကားမပြောနိုင်ခင်မှာပင် သက်ပြင်းချကာ ဆိုလိုက်၏။

” ညီလေးဝမ်ရေ။ နည်းနည်းလောက်ပဲ ထပ်ပြီးစောင့်ပေးပါ။ အစ်ကို သွားမေးပြီးသွားပြီ။ နတ်ဝိဇ္ဇာဂူက နောက်ဆယ်ရက်နေရင် ရမယ်တဲ့ ”

ထိုစကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ဒေါသများကို မချုပ်တည်းနိုင်တော့ပါသော်လည်း တစ်ခုခု ထူးဆန်းနေကြောင်း ရိပ်မိသွား၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် သက်တံ့ဝိညာဉ်ကျောက်တုံးဆယ်တုံးကို ထုတ်ယူလိုက်ပြီး စားပွဲခုံပေါ်သို့ တင်လိုက်၏။

” အစ်ကို။ ကျနော် ဒီနေ့ လိုချင်တာ ”

ထို သက်တံ့ဝိညာဉ်ကျောက်တုံးဆယ်တုံးမှာ အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူအတွက်မူ ပွပေါက်အသေးစားလေး တစ်ခုပင် ဖြစ်သည်။ သို့သော် သူသည် ၎င်းတို့အား စိုက်ကြည့်ကာ ရှုံ့မဲ့မဲ့သာ ပြုံး‌လိုက်၏။
” ညီလေး။ အစ်ကိုက ညီလေးကို ညာနေတာမဟုတ်ဘူး။ ညီလေးက ရှစ်လက်မဝိညာဉ်အမြစ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့အပြင် အဆင့်နိမ့်ကျွန်းမှာ ကျောင်းသားခေါင်းဆောင်ပါ ဖြစ်ခဲ့သေးတာ။ အဲဒီတော့ ညီလေးက အနှေးနဲ့အမြန် ဓမ္မလက်နက်အဖွဲ့ဝင် တစ်ယောက် ဖြစ်လာမှာပဲ။ အစ်ကိုက ညီလေးအပေါ် အပြစ်လုပ်မိမှာ အစိုးရိမ်ဆုံးပဲ။ ဒါပေမဲ့ တခြားတစ်ဖက်ကိုလည်း အပြစ်လုပ်မိလို့က မဖြစ်ဘူးကွ။ ဒါတောင် အစ်ကို သူတို့ကို မောင်းထုတ်နေရတာ သုံးခေါက် လေးခေါက်လောက် ရှိနေပြီ ”

ထိုစကားများကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် လက်ကိုဝှေ့ယမ်းလိုက်သောအခါ စားပွဲခုံပေါ်မှ သက်တံ့ဝိညာဉ်ကျောက်တုံးများမှာ အတုံးသုံးဆယ်အထိ ဖြစ်သွား၏။ သူကမူ တည်တည်ငြိမ်ငြိမ်လေသံဖြင့် ဆိုလိုက်၏။

” အစ်ကို။ ရှင်းရှင်းလင်းလင်း ပြောဗျာ ”

” ဒါက… ”
အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူမှာ ချီတုံချတုံဖြစ်နေ၏။ သူသည် ဝမ်ပေါင်လဲ့အား အပြစ်လုပ်မိမည်ကို မလိုလားပါသော်လည်း တစ်ဖက်တွင် သူ၏ အလုပ်တာဝန် ရှိနေသေးသည် မဟုတ်ပါလော။ နတ်ဝိဇ္ဇာဂူများ၏ မှတ်တမ်းများကို လျှို့ဝှက်ထားရသည် ဖြစ်ရာ အပြင်ဘက်သို့ ပေါက်ကြားစေ၍ မရပေ။ အခြားသူတစ်ယောက်ယောက်ဆိုပါက သူသည် မောင်းထုတ်ပြီးသား ဖြစ်နေလောက်ပြီ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ လက်ပါလာလျှင်တောင် သူသည် ထိုစည်းမျဉ်းကို လိုက်နာရမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ညှိနှိုင်းသောနေရာတွင် ကျွမ်းကျင်လွန်းနေသောကြောင့် သူသည် ဝမ်ပေါင်လဲ့အား ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုအရိပ်အယောင်များ ထင်ဟပ်သွားတော့သည်။

” ညီလေးဝမ်။ အစ်ကို မင်းကို မိတ်ဆွေတစ်ယောက်အဖြစ် လက်ခံလိုက်ပြီ ”
သူသည် ထိုသို့ဆိုကာ စားပွဲခုံပေါ်ရှိ သက်တံ့ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး သူ၏ဘေးတွင်ရှိသော စာလိပ်များထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ထိုကျောက်စိမ်းပေလွှာအား ဘေးသို့ချကာ စားပွဲခုံနှင့် တစ်ခဏမျှ ခေါက်လိုက်ပြီးနောက် မတ်တတ်ထကာ အကြောဆန့်လိုက်၏။

” ညီလေးပေါင်လဲ့ … အစ်ကို နောက်ဖေးမှာ ဓမ္မအဆောင်တစ်ခု သန့်စင်နေတုန်းမလို့။ တစ်ချက်လောက် သွားကြည့်လိုက်အုံးမယ်။ အစ်ကို့ကို စောင့်နေ။ နောက်ငါးမိနစ်လောက်နေရင် ပြန်လာခဲ့မယ် ”
အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူမှာ ထိုသို့ဆိုလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွား၏။

ဝမ်ပေါင်လဲ့မှာ စားပွဲခုံပေါ်မှ ကျောက်စိမ်းပေလွှာကို မြင်လိုက်ရသောအခါ သူ၏ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွား၏။ ထို့ကြောင့် သူသည် ၎င်းအား ကောက်ယူကာ ဖုန်သုတ်လိုက်ပြီး စစ်ဆေးကြည့်လိုက်သောအခါ သူ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။

ထိုကျောက်စိမ်းပေလွှာထဲတွင် နတ်ဝိဇ္ဇာဂူပိုင်ရှင်များအားလုံးကို မှတ်တမ်းတင်ထား၏။ ထိုဂူများအားလုံးမှာ အမှန်တကယ်ပင် ပြည့်နှက်နေခြင်း ဖြစ်ပါသော်လည်း လင်းတျန်ဟောက်၏ နာမည်အောက်တွင်မူ နတ်ဝိဇ္ဇာဂူနှစ်လုံးအထိ ရှိနေ၏။

ထိုနတ်ဝိဇ္ဇာဂူနှစ်လုံးမှာ ဘေးချင်းကပ်လျက် ဖြစ်နေ၏။ အပြာရောင်အင်္ကျီနှင့် ကျင့်ကြံသူကြီး၏ လုပ်ရပ်များကိုပါ ထည့်သွင်းစဉ်းစားလိုက်မည်ဆိုပါက ၎င်းမှာ သက်သေပြနေရန်ပင် မလိုတော့ပေ။

” တောက်ကွာ။ လင်းတျန်ဟောက် … မင်းက ငါ့ရဲ့ နတ်ဝိဇ္ဇာဂူကို လုယူရဲတယ်ပေါ့ ”

ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ရေခဲတမျှ အေးစက်သွား၏။ သူသည် သူ၏ တစ်စတစ်စ ကြီးထွားလာသော ဒေါသစိတ်များကို မချုပ်တည်းနိုင်တော့ပေ။ သို့သော် တစ်ခုခု ထူးဆန်းနေကြောင်း သူက ရိပ်မိလိုက်၏။ အခြားတစ်ဖက်မှ လူ၏ လုပ်ရပ်မှာ သိသာထင်ရှားလွန်းနေသည် မဟုတ်ပါလော။

” ခဏနေပါဦး။ ဒီကောင် ဒီလောက် မတုံးဘူး။ သူ ငါ့ရဲ့ နတ်ဝိဇ္ဇာဂူကို ဒီလို ပေါ်တင်ကြီး လုယူပြီးရင် ငါ့ကြောင့် ထိုးနှက်ကန်ကျောက်ခံရမှာကို ကြောက်နေရမှာ မဟုတ်ဘူးလား ”
ဝမ်ပေါင်လဲ့မှာ ဒေါသထွက်နေပါသော်လည်း အေးဆေးတည်ငြိမ်နေဆဲပင်။ ထို့ကြောင့် သူသည် မယုံသင်္ကာဖြစ်သွားပြီး စဉ်းစားတွေးတောကာ အကယ်၍ အဆောင်စီမံခန့်ရေးဌာနမှ အစ်ကိုဖြစ်သူက သူ့အား ထိုကျောက်စိမ်းပေလွှာကို ထုတ်မပြခဲ့ပါက မည်သို့မည်ဖုံ ဖြစ်ပျက်သွားနိုင်မည်နည်းဟု မှန်းဆကြည့်နေ၏။ ထို့နောက် သူသည် ချက်ချင်းပင် နားလည်သွားသဖြင့် စားပွဲခုံအား လက်ဖြင့်ရိုက်လိုက်၏။

” ဒါ… ငါ့ကို ထောင်ချောက်ဆင်နေတယ်ပေါ့။ ဒီကြွက်စုတ်က တကယ်ပဲ ငါ့ကို မကောင်းကြံချင်နေတာပဲကွ။ ငါက အဆင့်မြင့် အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်ထားတာကွ။ အခုလေးတင်ပဲ ငါ မင်းကို ဘယ်လို ဆုံးမရမလဲဆိုတာ စဉ်းစားနေတာ။ ဒီတစ်ခေါက် မင်းကို ငါ ဘယ်လိုမျိုး ပြားပြားဝပ်သွားအောင် လုပ်ပြမလဲဆိုတာ စောင့်ကြည့်နေလိုက် ”
ဝမ်ပေါင်လဲ့မှာ လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ မျက်ဝန်းများမှာ အေးစက်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset