အလင်းရောင် ပေါ်ထွက်လာသည်နှင့် တိတ်တဆိတ် စောင့်ဆိုင်းနေကြသည့် အာနာပါနကျင့်ကြံသူများမှာ ရင်ခုန်နှုန်း မြန်လာကြသည်။ ဝမ်ပေါင်လဲ့သည်လည်း လူအုပ်ကြားထဲ၌ ရပ်နေရင်း အဆင့်မြင့်ကျွန်းမှ လာသည့် အလင်းတန်းမှာ စုစည်းသွားကာ တံတားတစ်စင်း ဖြစ်ပေါ်သွားသည်ကို တွေ့လိုက်ရပြီး စိတ်လှုပ်ရှားစွာ စောင့်မျှော်နေမိသည်။
“ အဆင့်မြင့်ကျွန်းက မင်းတို့ရဲ့ နောက်ဆုံးဦးတည်ရာ မဟုတ်ဘူး။ ဘဝခရီးတစ်လျှောက် ကြုံရတဲ့ မှတ်တိုင် တစ်ခုပဲ။ ကဲ၊ မင်းတို့ကို ငါကိုယ်တိုင် အဆင့်မြင့်ကျွန်းထိ လိုက်ပို့မယ်။ ငါ့နောက်က လိုက်ခဲ့ကြ၊ သွားကြစို့ ”
ပါမောက္ခက လှည့်ပြောလိုက်ပြီး အလင်းတံတားပေါ် တက်လှမ်းလိုက်သည်။
သူ့နောက်တွင် အာနာပါနအဆင့် ကျောင်းသားများ အားလုံးက ချက်ချင်းပင် အလင်းတံတားပေါ်သို့ လိုက်တက်ကာ သစ်တောစိမ်းကန်လယ်ရှိ အဆင့်မြင့်ကျွန်းသို့ ဦးတည်သွားကြသည်။
တဖြည်းဖြည်း နီးကပ်လာသည်တွင် အဆင့်မြင့်ကျွန်းမှာ သူတို့မျက်စိရှေ့၌ ပိုမိုထင်ရှားလာသည်။ အဆင့်မြင့်ကျွန်းမှာ တစ်နှစ်ပတ်လုံး မြူခိုးများ ဖုံးလွှမ်းနေလေ့ရှိရာ သူတို့အတွက် အမြဲ အထူးအဆန်းနေရာ ဖြစ်ခဲ့သည်။ ယခုလက်ရှိ အလင်းတံတားပေါ်၌ လျှောက်နေသည့်တိုင် အဆင့်မြင့်ကျွန်းကို ဖုံးလွှမ်းနေသည့် မြူခိုးများကို ထွင်းဖောက် မမြင်နိုင်သေးပေ။
မကြာခင် ပါမောက္ခက မြူခိုးများ အစွန်သို့ ရောက်ရှိကာ ရပ်လိုက်ပြီး သူ့နောက်မှ ကျောင်းသားများ အားလုံးကို လှည့်ကြည့်လိုက်သည်။
“ အဆင့်မြင့်ကျွန်းက ကောင်းကင်တာအိုကျောင်းရဲ့ အဓိက ဗဟိုချက်ပဲ။ ခပ်ကြမ်းကြမ်းတိုက်ခတ်နေတဲ့ လေပြင်းက ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အရာအားလုံးနဲ့ သီးခြားဖြစ်နေစေတယ်။ ဒါကြောင့် မင်းတို့က မြူခိုးပဲ မြင်ရတာ။ ဒါပေမဲ့ ခုတော့ မကြာခင် အဆင့်မြင့်ကျွန်းကို တွေ့ရတော့မှာပါ …”
ပါမောက္ခက စကားပြောပြီးသည်နှင့် မြူခိုးထဲသို့ ခြေတစ်လှမ်းချကာ ပျောက်ကွယ်သွားသည်။
ကျောင်းသားအားလုံး၏ မျှော်လင့်ခြင်းများက ပိုမို ပြင်းထန်လာကာ မြူခိုးထဲသို့ ခြေချလိုက်ကြသည်။ ဝမ်ပေါင်လဲ့သည်လည်း အသက်ကို ပြင်းပြင်းရှိုက်ကာ အများနည်းတူ မြူနှင်းထဲသို့ ဝင်ရောက်သွားသည်။ သူသည် ရေထဲသို့ လမ်းလျှောက်သွားရသည့်အလား အရာအားလုံး ဝေဝါးသွားသည်။ သူ့ခြေဖဝါးအောက်မှ အလင်းတံတားက ညွှန်ပြနေသည်မှ လွဲလျှင် သူသည် အခြားဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရပေ။
အန္တရာယ်မရှိကြောင်း သိနေသည့်တိုင် ဝမ်ပေါင်လဲ့မှာ မသိစိတ်က စိုးထိတ်နေပြီး သူ့ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်အမျှင်တန်းများ လှည့်ပတ်နေသည်။ မကြာမီ သူ့ရှေ့မှ လူအုပ်ကြီး၏ ဝါးခနဲ အာမေဋိတ်ပြုသံများကို ရုတ်တရက် ကြားလိုက်ရသည်။
“ ဘုရားရေ၊ ဒါက … ဒါက အဆင့်မြင့်ကျွန်းပါလား”
“ ဒါက ငါထင်ထားခဲ့တာနဲ့ လုံးဝ တခြားစီပဲ”
“ ဒါက… ဒါက နတ်ပြည်များလား”
ရှေ့မှ ဟင်ခနဲ ဖြစ်သွားသံများကို ကြားပြီးနောက် ဝမ်ပေါင်လဲ့ မျက်လုံးများမှာ တောက်ပလာပြီး ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။ မကြာခင် သူသည် မြူများကြားမှ ထွက်သွားပြီး ထူထပ်သည့် ဝိညာဉ်ချီလှိုင်းက သူ့ကို ရိုက်ခတ်လာသည်။ ပတ်ဝန်းကျင်မှ မြူမှုန်များသည် ထိုအခိုက်အတန့်၌ ပျောက်ကွယ်သွားကြသည်။ တအံ့တဩ ရေရွတ်သံများကို ထပ်ကြားလိုက်ရသည့်အချိန်၌ သူ့ခြေထောက်အောက်မှ ကမ္ဘာကြီးကို မြင်လိုက်ရသည်။
သူ့ခြေထောက်အောက်၌ ရှိနေသည်မှာ လေထဲတွင် ပေါလောမျောနေသည့် စင်မြင့်ကြီးကြီး တစ်ခုဖြစ်သည်။ အပေါ်ဘက်မှ ကြည့်ပါက ၎င်းစင်မှာ စစ်တုရင်ခုံအလား ထင်ရသည်။ စင်မြင့်ပေါ်တွင် ရပ်နေလျက် ဝမ်ပေါင်လဲ့သည် ဘေးပတ်လည်ကို လိုက်ကြည့်ကာ ရင်ထဲတွင် ခံစားချက်များ လှိုက်တက်လာသည်။
သူ့အောက်မှ ရေကန်ထဲရှိ ရေများမှာ ကြည်လင်နေသော်လည်း ယင်းက ဝမ်ပေါင်လဲ့ မျှော်လင့်ထားခဲ့သည့် အဆင့်မြင့်ကျွန်း ပုံစံမျိုး မဟုတ်ပေ။ ပြာလဲ့လဲ့ ကောင်းကင်ဝေဟင်ပြင်ရှိ တိမ်ပင်လယ်ထဲတွင် ပေါလောပေါ်နေသည့် ကျွန်းကြီးများ ရှိနေသည်။
ကျွန်းတစ်ကျွန်းစီမှာ အဆင့်နိမ့်ကျွန်း ပမာဏခန့် ကြီးမားသည်။ ထိုမျှသာဆိုလျှင် အံ့ဩစရာ ကောင်းမည် မဟုတ်ပေ။ ကျောင်းသားအားလုံး တအံ့တဩ ဖြစ်သွားရသည့် အကြောင်းရင်းမှာ ထိုကျွန်းဆယ်ကျွန်းက လေထဲတွင် ဇောက်ထိုးဖြစ်ကာ ပေါလောပေါ်နေသည့် တောင်ထိပ်အကြီးစား ဆယ်ခုနှင့် တူနေသောကြောင့် ဖြစ်သည်။
လေထဲရှိ တောင်တစ်ခုစီ၌ တောင်ရိုးများရှိပြီး တောင်ထိပ်များစွာ ဖြစ်ပေါ်နေသည်။ တိမ်ပင်လယ်ကြီး၏ အလယ်တွင် မရေမတွက်နိုင်အောင် များပြားလှသည့် အဆောက်အအုံများ၊ ထူးဆန်းသည့် သစ်ပင်ပန်းမန်များကို တောင်ဆယ်လုံးတွင် တွေ့ရသည်။ လေထဲတွင် ပျံ့လွင့်နေသည့် အမွှေးရနံ့တစ်ခု ရှိနေသည်။
တောင်ဆယ်လုံးအောက်တွင် တန်းလန်းကျနေသည့် နွယ်ကြိုးများ မရေမတွက်နိုင်အောင် ရှိနေသည်။ ထိုနွယ်များမှာ အတုတ်၊ အသေး မျိုးစုံ ရှိနေပြီး အလျားများမှာ အံ့ဩစရာ ကောင်းလောက်အောင် ရှည်ကြသည်။ ထိုနွယ်များ အားလုံးမှာ အချင်းချင်း ကူးလူးယှက်နွယ်နေကာ လေထဲမှ တောင်ဆယ်လုံးကို အတူတကွ ချိတ်ဆက်ပေးထားသည်။ သစ်တောစိမ်းရေကန်ထဲသို့ တွဲလောင်းကျနေသည့် နွယ်ကြိုးများမှာ ပိုမိုများပြားကာ တုတ်ခိုင် သန်စွမ်းကြသည်။
ဤသည်မှာ ကောင်းကင်တာအိုကျောင်း၏ အဆင့်မြင့်ကျွန်းဖြစ်ပြီး အဆင့်နိမ့်ကျွန်းနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။
ထိုနေရာရှိ မြူခိုးမှာ အရာအားလုံးကို သီးခြားဖြစ်စေကာ ကွယ်ဝှက်ထားသည့် မန္တာန်အစီအရင် တစ်ခု ဖြစ်သည်။ ထို့ကြောင့် နေရာမှာ ကျဉ်းသယောင် ထင်ရသည်။ အပြင်ဘက်မှ ကြည့်လျှင် ဤနေရာ၏ အနားသတ်များမှာ မကြီးမားသော်လည်း အမှန်တကယ်တွင် ကျွန်းများမှာ သစ်တောစိမ်းရေကန်ထက် များစွာ ကျယ်ပြန့်သည်။
ဤအခြင်းအရာအားလုံးက ဝင်လာသမျှ လူအားလုံး၏ နှလုံးသားကို ကိုင်လှုပ်လိုက်သည့်အလား ထင်ရသည်။ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံး ပြူးသွားပြီး သူ့စိတ်ထဲမှ ခံစားချက်မျိုးစုံတို့ ရောထွေးကာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။ အဆင့်မြင့်ကျွန်းမှာ သူမျှော်မှန်းထားခဲ့သည်ထက် များစွာ သာလွန်နေသည်။
ရှေ့မှ လျှောက်နေသည့် ပါမောက္ခက ပြုံးလိုက်သည်။ သူသည် ကျောင်းသားအားလုံး ထိတ်လန့်သွားကြသည်ကို အထူးအဆန်း မဖြစ်ပေ။ သူတို့ကို တခဏမျှ အချိန်ပေးပြီးနောက် ချောင်းဟန့်လိုက်သည်။ ထိုအသံက ကျောင်းသားများ၏ နားထဲသို့ မိုးခြိမ်းသံအလား ရောက်ရှိသွားကာ ငြိမ်ကျသွားသည်။
“ အဆင့်မြင့်ကျွန်းရဲ့ ဖွဲ့စည်းပုံက အဆင့်နိမ့်ကျွန်းနဲ့ ဆင်ဆင်ပဲ။ မျောနေတဲ့ တောင်ဆယ်လုံး ရှိပြီး အဆင့်နိမ့်ကျွန်းက ဌာနတွေလိုပဲ တောင်တစ်လုံးစီက အဆောင်တစ်ခုစီကို ကိုယ်စားပြုတယ်။ အမှန်တကယ်တော့ အဆင့်နိမ့်ကျွန်းရဲ့ ဖွဲ့စည်းပုံက အဆင့်မြင့်ကျွန်းကို နမူနာယူပြီး ဆောက်ထားတာ”
အဆင့်မြင့်ကျွန်းကို မိတ်ဆက်ပြီးနောက် ပါမောက္ခက ရှေ့မှ တောင်ဆယ်လုံးဆီ မျက်နှာမူကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
ထိုလှုပ်ရှားမှုကြောင့် တောင်ဆယ်လုံးက တမုဟုတ်ချင်း လင်းလာပြီး အလင်းတန်း ဆယ်ကြောင်းကို ထုတ်လွှတ်လိုက်သည်။ ဤအလင်းတန်းများက သူတို့ရပ်နေသည့် စင်မြင့်နှင့် ဆက်သွားကာ တံတားဆယ်စင်း ဖြစ်သွားသည်။
တောင်တစ်လုံးစီ၌ တံတားတစ်ဖက် အစွန်းတွင် ရပ်ကာ ပါမောက္ခကို နှုတ်ဆက်လိုက်ကြသည့် ပုံရိပ် ခုနစ်ခု၊ ရှစ်ခုကို မှုန်ဝါးဝါး တွေ့နိုင်သည်။
“ သိုင်းပညာဌာနရဲ့ အာနာပါနအဆင့် ကျောင်းသားတွေ ပထမတောင်ကို သွားကြပါ ”
ပါမောက္ခက ပြောလိုက်လျှင် ကျိုးရိဖန်နှင့် အခြားသူများက ရှေ့ထွက်လာကြသည်။ ဤတစ်ကြိမ်တွင် သိုင်းပညာဌာနမှ လူအများဆုံး ပါဝင်သည်။ လူနှစ်ရာခန့်နီးပါးက တံတားပေါ်သို့ တက်လိုက်ကြသည်။ သူတို့က သိုင်းပညာအဆောင်သို့ ဦးတည်လျှောက်လှမ်းသွားစဉ် ပါမောက္ခအသံက နောက်တစ်ကြိမ် ထွက်လာသည်။
“ ရှစ်လက်မ အာနာပါန ကျောင်းသားတိုင်းက တခြားကျောင်းသားတွေနဲ့ မတူဘဲ အဆောင်တိုင်းက အလေးပေး ဆက်ဆံမှာ ဖြစ်တယ်။ နတ်ဝိဇ္ဇာဂူတစ်လုံးစီ ရရုံမကဘူး။ သင်္ဘောပျံတစ်စင်းလည်း ရဦးမဲ့အပြင် ချီးမြှင့်တဲ့ အနေနဲ့ သိုလှောင်အိတ်တစ်လုံးလည်း ပေးဦးမှာ၊ ကျိုးရိဖန် … အဲဒါတွေ သွားထုတ်ဖို့ မမေ့နဲ့နော် ”
ကျိုးရိဖန်က ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက ခံစားချက်များကို မဖုံးကွယ်နိုင်ဘဲ အမိန့်နာခံသည့် အနေဖြင့် ဦးညွှတ်လိုက်သည်။
လူကြားထဲတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ ဤစကားကို ကြားလိုက်ပြီး မျက်လုံးများ ဝင်းလက်တောက်ပသွားသည်။
ကျန်သည့်အချိန်တွင် ပါမောက္ခက အာနာပါနကျောင်းသား တစ်ဖွဲ့စီတိုင်းအတွက် တံတားတစ်ခုစီမှ ဖြတ်သန်းကာ တောင်ထိပ်အသီးသီးသို့ ရောက်သွားစေရန် စီစဉ်ပေးလိုက်သည်။ မန္တန်အစီအရင်ဌာန ကျောင်းသားများ စတင်ထွက်ခွာသွားသည့် အချိန်၌ ပါမောက္ခက အဝေးမှ မန္တန်အစီအရင်အဆောင်ကို ညွှန်ပြလိုက်သည်။
“ မန္တန် အစီအရင်ဌာနမှာ အားလုံး ဖွင့်လို့ရတဲ့ မှော်ဝင်နယ်မြေတစ်ခု ရှိတယ်။ အဲဒီထဲကမှ နတ်ဘုရား လျှပ်စီးကနေ ရလာတဲ့ ကျမ်းစာ တစ်ခုရှိတယ်။ မင်းတို့ ဝင်ပြီး ကြိုးစားကြည့်လို့ ရတယ်။ ခုထိတော့ အဲဒီကဟာအားလုံးကို ရအောင် ယူနိုင်တာ တစ်ယောက်တည်း ရှိသေးတယ်။ ဒါပေမဲ့ လျှပ်စီးကျမ်းစာကနေ နတ်အစွမ်း ငါးခုထဲက တစ်ခု ရရင်ကို ကံကောင်းနေပြီလို့ ပြောလို့ရတယ် ”
စကား ပြောပြီးသည်နှင့် ပါမောက္ခ အကြည့်က သတ္တမမြောက် တောင်ထိပ်ဆီသို့ ရောက်သွားသည်။ သူ့အသံက တစ်ဖန် ထွက်လာပြန်သည်။
“ ဒါက ဓမ္မလက်နက်အဆောင်ပဲ၊ ဓမ္မလက်နက်ဌာန ကျောင်းသားတွေ သွားကြတော့ ”
ဝမ်ပေါင်လဲ့က ရင်တဒိန်းဒိန်းခုန်နေလျက် ပင့်သက် ရှိုက်လိုက်ပြီး ပါမောက္ခကို ဦးညွှတ် အရိုအသေပြုလိုက်သည်။ ထို့နောက် အလင်းတံတားပေါ်သို့ တက်သွားသည်။ သူ့နောက်မှ လူများက ဆက်တိုက် လိုက်လာကြသည်။ အတန်းလိုက် အလင်းတံတားပေါ်တွင် လျှောက်သွားရင်း တဖြည်းဖြည်း အဆင့်မြင့်ကျွန်း၏ ဓမ္မလက်နက်အဆောင်သို့ ရောက်သွားကြသည်။
ဓမ္မလက်နက်အဆောင်၏ တောင်ထိပ်သို့ နီးလာသည်နှင့် တံတားထိပ်မှ လူခုနှစ်ယောက်၊ ရှစ်ယောက်ခန့်၏ ပုံရိပ်များမှာ ထင်ရှားလာသည်။ အများစုမှာ အပြာရောင် ဝတ်ရုံများ ဝတ်ထားကြပြီး တမူထူးခြားသည့် ကျင့်ကြံခြင်း အဆင့်များနှင့် ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်နေသည်။ အထူးသဖြင့် ခရမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာ အစွမ်းထက်လှသည်။
သူ့အကြည့်မှာ တည်ငြိမ်နေသည်။ ယခု သူက သူတို့ရှိရာသို့ အမြန် လျှောက်လာနေသည့် ဝမ်ပေါင်လဲ့နှင့် အခြားကျောင်းသားများကို ကြည့်နေသည်။ သူ့အမူအရာမှာ စိတ်ဆိုးနေဟန် မရှိသည့်တိုင် သမုဒ္ဒရာ လှိုင်းကဲ့သို့ ဖိအားတစ်မျိုးကို ထုတ်လွှတ်နေသည်။ သူ့နားသို့ နီးလာသည့် အခိုက် ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီမှာ မတည်မငြိမ် ဖြစ်လာသည်ကို ခံစားကြရမည် ဖြစ်သည်။
“ နှုတ်ဆက်ပါတယ်၊ စီနီယာတို့ ”
အလင်းတံတားမှ ဆင်းပြီးနောက် ဝမ်ပေါင်လဲ့က လက်ချင်းဆုပ်ကာ လေးနက်စွာ အရိုအသေပေးလိုက်သည်။ သူ့နောက်မှ လူများကလည်း သူ့အတိုင်း စီနီယာများကို နှုတ်ဆက်လိုက်ကြသည်။
“ ဒါက ဓမ္မလက်နက်အဆောင်ရဲ့ အဆောင်မှူးပဲ”
မျက်နှာရှည်ရှည်နှင့် အပြာဝတ်ကျင့်ကြံသူက ခရမ်းဝတ် လူကို မိတ်ဆက်ပေးသည်။
“ နှုတ်ဆက်ပါတယ်၊ စီနီယာတို့ ”
အခြားသူများ၏ တုံ့ပြန်ချက်ကို မစောင့်ဘဲ ဝမ်ပေါင်လဲ့က အမြန် ဦးညွှတ် အရိုအသေပေးလိုက်သည်။ အခြားသူများကလည်း အမြန်လိုက်ကာ ဦးညွှတ်လိုက်ကြသည်။
ခရမ်းရောင် ဝတ်ရုံနှင့် သက်လတ်ပိုင်းလူက ပြုံးလိုက်ပြီး ဘာမျှ မပြောဘဲ ထွက်ခွာသွားသည်။ သူ့ကို မိတ်ဆက်ပေးခဲ့သည့် အပြာဝတ် ကျင့်ကြံသူမှာမူ ပို၍ ဖော်ရွေဟန် ရှိသည်။ သူက ဝမ်ပေါင်လဲ့နှင့် အခြားသူများကို လိုက်လာရန် ပြောလိုက်သည်။ သူက ဝမ်ပေါင်လဲ့မှာ ရှစ်လက်မဝိညာဉ်မြစ် ပိုင်ဆိုင်သူဖြစ်ကြောင်း သတိထားမိကာ တစ်ချက်ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူ့နောက်မှ လူများမှာလည်း အလားတူဖြစ်သည်။ ထို့ကြောင့် သူတို့မှာ အမြန် နောက်ကလိုက်သွားကြသည်။ လမ်းလျှောက်နေစဉ် သူတို့သည် ပတ်ဝန်းကျင်မှ တောင်စဉ်တန်းများနှင့် အဆောင်များကို ကြည့်လာသည်။ မကြာမီ တောင်စဉ်တန်းအောက်မှ ခန်းမကျယ်တစ်ခုထဲသို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် ခရမ်းဝတ် သက်လတ်ပိုင်းလူက ရပ်တန့်လိုက်သည်။ သူက လှည့်ကာ ဝမ်ပေါင်လဲ့နှင့် ကျန်ကျောင်းသားများကို ဝေ့ကြည့်လိုက်ပြီး သူ့အပြုံးက ပို၍အသက်ဝင်လာသည်။
“ ဓမ္မလက်နက်အဆောင်ကနေ ကြိုဆိုပါတယ်။ မင်းတို့ အသုတ်က ဘယ်ဆိုးလို့လဲ။ ရှစ်လက်မ ဝိညာဉ်မြစ် ပိုင်ရှင် နှစ်ယောက်တောင် ရှိတဲ့ အပြင် အဲဒီအထဲက တစ်ယောက်က ဓမ္မလက်နက်အဖွဲ့ဝင်တောင် ဖြစ်နေပြီ၊ ကြည့်လိုက်ပါဦး ”
ခရမ်းဝတ်ရုံဝတ် သက်လတ်ပိုင်းလူက ပြုံးလိုက်သည်။ စကားပြောပြီးနောက် ခန်းမကျယ်၏ အပြင်ဘက်မှ လူတစ်ယောက် ချက်ချင်း ထွက်လာသည်။
ထိုလူမှာ အပြာရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားသည်။ သူ့မျက်နှာမှာ ချောမောပြီး အရပ်ရှည်ကာ တည်ကြည်သူဖြစ်သည်။ သူက လျှောက်လာပြီး ခရမ်းဝတ်သက်လတ်ပိုင်း လူကို အရိုအသေပေးကာ ဝမ်ပေါင်လဲ့ အပါအဝင် ကျောင်းသားများ အားလုံးကို လှည့်ကြည့်လိုက်သည်။ သူတို့အားလုံး တအံ့တဩ ဖြစ်သွားကြသည်။ လူငယ်၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အသာအယာ ရယ်မောလိုက်သည်။
“ အားလုံးပဲ မတွေ့တာ ကြာပြီနော် ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများ ဝင်းလက်သွားသည်။ လင်းတျန်ဟောက် …