Switch Mode

အခန်း ၂

ပြောင်းလဲခြင်းနိယာမ

တစ်စုံတစ်ခုကို ဆုံးရှုံးဖူးမှသာလျှင်  ထိုအရာရဲ့ တန်ဖိုးကို သင်နားလည်လာလိမ့်မယ်။

 

တစ်စုံတစ်ခုကို ဆုံးရှုံးဖူးမှသာလျှင်  ဘယ်အရာကို တန်ဖိုးထားဖို့ သင်နားလည်လာလိမ့်မယ်။

အင်မော်တယ် လောကတွင် နှစ်ပေါင်းတစ်သောင်း သူကျင်လည်ခဲ့စဉ်က သူ အတမ်းတရဆုံးသူမှာ သူ၏အမေပင်ဖြစ်သည်။ ထိုတမ်းတရသောစိတ်သည် သူ၏အတွင်းစိတ်ရိုင်းသဖွယ်  ဖြစ်ပေါ်လာပြီး  သူ၏ကျင့်ကြံမှုတွင် အတားအဆီးသဖွယ်ဖြစ်ခဲ့ရသည်။ ယခုအခါတွင် သူ၏အမေနှင့် ပြန်လည်တွေ့ဆုံခွင့် ရပြီဖြစ်သောကြောင့် ထန်ရှုတစ်ယောက် ပျော်ရွှင်နေရပြီဖြစ်သည်။  ထို့အတွက် မည်သည့်အကြောင်းအရာဖြစ်ပေါ်ပါစေ သူ၏အမေကို အရာအားလုံးမှ ကာကွယ်ပေးသွားမည်ဖြစ်ပေသည်။

ထန်ရှု သည် သူ၏ အမေကို လန့်အောင်လုပ်မိသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်လိုက်မိသည်။ သို့သော် ကျန်းမေ့ယွမ် နှင့် စုရှန့်ဖေး တို့၏ လှောင်ပြောင်ပြောဆိုသံနှင့် ဖိနှိပ်အပြစ်တင်ပြောဆိုသံများကိုကြားရသောအခါ သူ၏ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာခဲ့သည်။

သူ၏ စိတ်ဝိညာဉ်သည် အင်မော်တယ်လောကမှ ယခုကမ္ဘာမြေသို့ပြန်လည်ရောက်ရှိလာသော်လည်း  အပြင်ဘက်တွင် မည်သည့်ပြောင်းလဲမှုမှ ဖြစ်သွားခဲ့ပုံမပေါ်ချေ။ သူ၏ခန္ဓာကိုယ်တွင်သာ ပြောင်းလဲမှုများ ဖြစ်သွားခဲ့ပုံပေါ်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ခေါင်းမှ ခြေအထိ၊ အပြင်မှသည် အတွင်းအထိ ပြောင်းလဲလာမှုကို သိသိသာသာ သူ ခံစားရသည်။

သူ၏အာရုံခံစားမှုသည် ဆယ်ဆအထိတိုးသွားပြီး ဦးနှောက်၏လုပ်ဆောင်မှုသည် အဆတစ်ရာအထိတိုးမြင့်သွားသည်။ တစ်အိမ်လုံးရှိ လှုပ်ရှားမှုမှန်သမျှအား သူ သိရှိနိုင်သည်အထိ သူ့မျက်စိနှင့် အကြားအာရုံအား ဖြန့်ကျက်ထားနိုင်ပြီဖြစ်သလို  သိရှိလာသည့် သတင်းအချက်အလက်များအပေါ် ဦးနှောက်အသိညာဏ်ဖြင့်လည်း ဝေဖန်ပိုင်းခြားနိုင်ပြီဖြစ်သည်။

ထိုအရာတွေကို ကြည့်ခြင်းအားဖြင့်  ထန်ရှု၏ ကိုယ်ခန္ဓာကို ဖြန့်ကျက်ထိန်းချုပ်နိုင်မှုက ကြောက်စရာကောင်းသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။သူ့ကို အမြဲတမ်းဆီးတားထားသည့် ကြိုးတစ်ချောင်း ပြတ်သွားသကဲ့သို့ လွတ်မြောက်သွားသည့်အခါ သူ၏ရှေ့တွင် ကမ္ဘာတစ်ခုလုံး ရှိနေသလိုပင် သူ၏ထိန်းချုပ်နိုင်စွမ်းက လွန်စွာကြောက်စရာကောင်းသွားလေသည်။

နောက်ဆုံးအချက်အနေဖြင့် အင်မော်တယ်ကမ္ဘာတွင် နှစ်တစ်သောင်းနေခဲ့သော ထန်ရှုသည် တော်ဝင်ဂိုဏ်းကြီးတစ်ခု၏ မြေးတစ်ယောက်ပီပီ အမြဲတမ်းမြင့်မားတဲ့ အဆင့်အတန်းတစ်ခုမှာရှိပြီး သူ့ဘေးနားကလူတွေကို အမိန့်ပေးစေခိုင်းနိုင်သည်။ နှစ်ရှည်လများကြာအောင် ပြုလုပ်ခဲ့သည့် ပြစ်ဒဏ်ချမှတ်တဲ့ပုံစံများကို သာမန်လူများအနေနှင့် စိတ်ကူးကြည့်လို့ပင် ရနိုင်မည် မဟုတ်ချေ။သူ၏စိတ်ဝိညာဉ်သည် ကမ္ဘာမြေတွင်ရှိသည့် ခန္ဓာကိုယ်သို့ ပြန်ဝင်ရောက်လာတဲ့အခါ ထိုကဲ့သို့ပြစ်ဒဏ်ချမှတ်သည့် နည်းများအား မဖျောက်နိုင်သေးသလို သူ၏ ခန့်ညားသည့် အသွင်အပြင်များ ပြန်လည်ပေါ်ပေါက်လာသည်။

ထန်ရှု ပြစ်တင်ပြောဆိုလိုက်သောကြောင့်  အခန်းတွင်းအပူချိန်သည် ရုတ်တရက် ကျဆင်းသွားသကဲ့သို့ထင်မှတ်ရပြီး  အေးခဲလုမတတ် ရေခဲမှတ်အထိ ရောက်သွားသည့်အထိပင် ဖြစ်သည်။ လူအများသည်လည်း ထိုအေးစက်မှုကြောင့် ထိတ်လန့်စွာနှင့် တုန်လှုပ်နေကြပြီဖြစ်သည်။ ကျန်းမေ့ယွမ် နှင့် စုရှန့်ဖေး တို့ပင် ထိတ်လန့်သွားပြီး စကားတစ်ခွန်းမျှ မပြောရဲကြပေ။

“ထန်ရှု… မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ။ အကြီးတွေကို မလေးမစားလုပ်ရဲသေးတာလား။ ဟမ်… ပိုက်ဆံခိုးထားပြီးတော့ ဒီလိုမျိုး ရိုင်းပျနေတာလား”

စုရှန်းဝမ်သည် ခဏတာမျှ တိတ်ဆိတ်နေပြိးနောက် ကြောက်ရွံ့နေသော်လည်း အားတင်းကာ ပြန်ပြောလိုက်သည်။  သူ၏တူတွင် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများက သူ့အား လွန်စွာ နေရထိုင်ရခက် စေပြီး အန္တရာယ်ရှိသည့် အငွေ့အသက်ကို ခံစားမိစေသည်။ သို့သော်လည်း မည်သည့်အရာကပြောင်းလဲသွားသည်ကိုတော့ နားမလည်နိုင်ပေ။ ထန်ရှု၏ပြောင်းလဲလာမှုသည် သူ၏သားနှင့် ဇနီးသည်အပေါ် ဖိအားသဖွယ်ဖြစ်နေပြီး နေရခက်နေသည့်အတွက်သာ သူအားတင်း၍ ထပြောရခြင်းဖြစ်သည်။

“စုရှန်းဝမ်… ဦးလေးက ကျွန်တော့်ကို အကြီးတွေကို မလေးစားဘူးလို့ ပြောပိုင်ခွင့်ရှိလို့လား”

“သန်းနဲ့ချီ ချမ်းသာပေမယ့် အဖိုးနဲ့ အဖွားကို  ဂရုမစိုက်ပဲ ပစ်ထားတယ် ရွာမှာရှိတဲ့ ဦးလေးနဲ့ ခက်ခက်ခဲခဲနေစေခဲ့တယ်။ ဒါတင်မကသေးဘူး သူတို့ရဲ့ဆေးဝါး အသုံးစရိတ်ကို အညီအမျှ ခွဲတမ်းချပြီး အနည်းငယ်သာရှိတဲ့ ဦးလေးတွေနဲ့ အဒေါ်တွေက ပေးနေရတယ်။ ဒါလား ဦးလေးပြောတဲ့ အကြီးအကဲတွေကို လေးစားရမယ်ဆိုတာ?”

“ပြီးတော့ မိသားစု စုဝေးတဲ့အချိန်တိုင်း စုရန်နင်းနဲ့ စုရှန့်ဖေးဆိုတဲ့ ဦးလေးရဲ့သားသမီးတွေက အကြီးတွေကို ရိုက်နှက်ဆဲဆိုနေတာပဲလေ။  ဦးလေးနဲ့ ဦးလေးမိန်းမကလဲ ချမ်းသာတယ်ဆိုပြီးတော့ လူတိုင်းကို အထက်စီးကနေ ဆက်ဆံမောက်မာတယ်လေ။ ဒါလား အကြီးတွေကိုလေးစားတာ”

“ဦးလေးတို့မိသားစုပါတီလုပ်တဲ့အချိန်တိုင်း အဖိုး၊အဖွား၊ ဦးလေး၊ အမေနဲ့ ကျွန်တော်တို့ အားလုံး အပင်ပန်းခံ ပိုက်ဆံအကုန်ခံပြီး လုပ်ပေးတယ်လေ ။ ဒါပေမယ့် လူများတယ်ဆိုပြီး  ထမင်းဝိုင်းမှာတောင် ကျွန်တော်တို့ကိုပေးထိုင်လို့လား။ ဒါကရော လူကြီးတွေကို လေးစားတယ်ဆိုတာလား။”

ထန်ရှုသည် ဘေးတစ်ဘက်တစ်ချက်သို့ ကြည့်လိုက်ပြီး စုရှန်းဝမ်၏ ကောက်ကျစ်တဲ့အကြည့်ကို လျစ်လျူရှုထားပြီး သူတို့၏အပြစ်များကို ထောက်ပြလိုက်သည်။

စုရှန်းဝမ်သည်  နှစ်(၂၀)ကျော် စီးပွားရေးလုပ်ကိုင်ခဲ့ပြီးနောက် သူ့တွင် အာဏာနှင့် လွှမ်းမိုးနိုင်မှုအချို့ရှိနေပြီဖြစ်သောကြောင့် သူသည် မိသားစုရှေ့တွင် လူအများကို အထက်စီးမှဆက်ဆံသူဖြစ်သည်။ ထို့ကြောင့် သူခက်ထန်စွာပြောလိုက်ခြင်းဖြင့် ထန်ရှုသည် စကားထစ်သွားပြီး ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခုတွင်မူ သူ့အထင်သည် မှားယွင်းနေပြီဖြစ်သည်။ တစ်ခါဖူးမျှပင် တွေးထင်မထားခဲ့ဖူးသည့်

ထန်ရှု၏ ပြစ်တင်ဝေဖန်မှုကြောင့် စုရှန်းဝမ် ၏မျက်နှာသည် မျောက်ဖင်နီကဲ့သို့ နီရဲလာပြီး ဒေါသကြောင့် နှာခေါင်းပင် ပွလာသယောင်ထင်လာရသည်။

“ကောင်စုတ်လေး… မင်းက လောကနီတိကို မလိုက်နာတဲ့ကောင်ပဲ။ မင်းအမေက မင်းကို မဆုံးမနိုင်မှတော့ ငါကဆုံးမပေးရမှာပေါ့။ “

စုရှန်းဝမ် သည် ထန်ရှု၏စကားများကို ပြန်လည်ချေပနိုင်ခြင်းမရှိသည့်အတွက် ရှက်ရမ်းရမ်းနေပြီဖြစ်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်ကာ ထန်ရှု၏မျက်နှာကို လှမ်းရိုက်လိုက်သည်။

ထန်ရှုသည် စုရှမ်းဝမ်က သူ့အား ထိုကဲ့သို့ လုပ်ရဲလိမ့်မယ်ဟု မထင်ထားချေ။ စုရှန်းဝမ် ၏ လုပ်ရပ်ကို တွေ့လိုက်သောအခါ အေးစက်လှောင်ရယ်စွာ ပြုံးလိုက်သည်။ လွန်ခဲ့သောနှစ်တစ်သောင်းက အင်မော်တယ်ကမ္ဘာတွင်  သူ့အား တိုက်ခိုက်ရဲသူမရှိပေ။ သူ့ကိုတိုက်ခိုက်ရန် ကြိုးစားသူအားလုံးသည်လည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရသည်သာဖြစ်သည်။

ထန်ရှု၏စိတ်ထဲတွင် အလင်းတစ်ချက်လက်သွားပြီး အင်မော်တယ်ကမ္ဘာမှအစွမ်းများကို ထုတ်ပြီး ပြန်လည်ခုခံရန် ကြိုးစားလိုက်သည်။ ထိကဲ့သို့ ထုတ်သုံးရန် ကြိုးစားလိုက်ချိန်တွင် သူ၏မျက်နှာသည် လူသေကဲ့သို့ ဖြူဖျော့သွားသည်။

ထန်ရှုမှာ ဤနေရာအား အင်မော်တယ်ကမ္ဘာအလား ထင်နေခြင်းဖြစ်သည်။ ကမ္ဘာမြေပေါ်ကို ပြန်လည်ရောက်ရှိနေပြီး သာမန်လူသားတစ်ယောက်သာ ဖြစ်သည်ကို မေ့လျော့နေခဲ့၏။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် စွမ်းအားမရှိသည့်အပြင် သာမန်လူထက်ပင် အားနည်းနေသူဖြစ်သည်။

စုရှန်းဝမ်သည် ထန်ရှု၏ မူမမှန်သောအပြုံးကို မြင်လိုက်ပြီးသည့်နောက် သူ၏ရိုက်ချက်သည် ထန်ရှု၏ မျက်နှာမှ ၁၀ စင်တီမီတာခန့် လွဲချော်သွားသည်။

စုရှန်းဝမ်၏ လက်ဝါးသည် သူ၏မျက်နှာသို့ ကျရောက်တော့မည်ဟု ထန်ရှုသိလိုက်သည်နှင့် သူ၏ စိတ်ထဲတွင် မခံမရပ်နိုင်ဖြစ်သွားခဲ့သည်။ သူသည် အင်မော်တယ်ကမ္ဘာ၌ နှစ်တစ်သောင်းအတွင်း မည်သူ့ကိုမှ မရှုံးဖူးခဲ့သေးပေ။ ယခုတော့ သာမန်လူတစ်ယောက်က ရိုက်တာကို ခံရတော့မည်လားဟု စိတ်ထဲ မခံချိမခံသာ ဖြစ်သွားရသည်။

“စုရှန်းဝမ်… ခင်ဗျား လုပ်ရဲတယ်ပေါ့ဟုတ်လား” ထန်ရှုသည် ကမန်းကတန်း အော်လိုက်ပြီး သူ၏မျက်လုံးတွင်လည်း ကြောက်မက်ဖွယ် အငွေ့အသက်များ ဖြာထွက်နေသည်။

“ဘာ..ငါဘာလို့မလုပ်ရဲရမှာလဲ။ မင်းရဲ့ ဦးလေးအဖြစ် မင်းကို ဆုံးမခွင့်မရှိဘူးလား?”

စုရှန်းဝမ် သည် ထန်ရှု၏ ဒေါသထွက်သည့် ပုံသဏ္ဍာန်ကို မြင်လိုက်သည်တွင် ရိုက်တော့မည့်လက်သည် ခဏတာတုန့်ဆိုင်းသွားသည်။ သူသည် ထန်ရှု က ထိုကဲ့သို့ ဆန့်ကျင်လာသည့်အတွက် လက်ကိုရုပ်မည့်အစား သူ့လက်အား ပိုလို့အားထည့်ပြီး ထန်ရှု၏ ပါးကို ထပ်ရိုက်လိုက်သည်။

သို့သော် စုရှန်းဝမ် တုန့်ဆိုင်းသွားသည့် အချိန်ခဏသည် ထန်ရှုအတွက် ရှောင်တိမ်းရန် အခွင့်အရေးရသွားသည်။

စုရှန်းဝမ်  အားပိုထည့်ပြီး  ရိုက်လိုက်သည့်အချိန်တွင်တော့ ထန်ရှုသည် ဘေးသို့ရှောင်ထွက်သွားပြီး ဖြစ်သည်။

ထန်ရှုသည် အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း သူ၏နားထဲတွင် “ဖြန်း” ဟူသော အသံကိုကြားလိုက်သည်။ ထိုအသံသည် သူ၏နားထဲ၌ ထပ်ခါထပ်ခါ ကြားနေရသလို ဖြစ်နေသည်။ထို့ကြောင့် သူ့ခေါင်းကို ပြန်လှည့်ပြီး ကြည့်လိုက်သည့်အခါ သူ့အားရိုက်လိုက်သည့် လက်ဝါးသည် သူ့အမေ၏ပါးသို့ ရိုက်မိသွားကြောင်း နားလည်လိုက်သည်။

သူ့အမေသည် မကြာသေးမီက သူ့အား ပွေ့ဖက်ထားခဲ့ကြောင်း ပြန်မှတ်မိလိုက်သလို သူ့အနောက်တွင် နီးကပ်စွာ ရပ်နေခဲ့ကြောင့် သူရှောင်တိမ်းလိုက်သည့်အခါ စုရှန်းဝမ်၏ လက်ဝါးသည် သူ့အမေထံသို့ ရိုက်မိရက်သား ဖြစ်သွားသည်။

နောင်တရခြင်း၊ဒေါသထွက်ခြင်း၊ စိတ်နာကျင်မှုနှင့် မိမိကိုယ်ကိုအပြစ်တင်မှု စသည့်ခံစားချက်များသည် ထန်ရှု၏စိတ် နှလုံးသားထဲသို့ဝင်ရောက်လာပြီဖြစ်သည်။

“မဟုတ်ဘူး။ ဒါမဖြစ်နိုင်ဘူး။ သူရှိနေတဲ့နေရာကနေဆိုရင် ငါ့အမေကို မတော်တဆရိုက်မိမှာ မဟုတ်ဘူး။ ငါရှောင်လိုက်တော့ သူက တမင် ရည်ရွယ်ချက်ရှိရှိနဲ့ အမေ့ကို ရိုက်လိုက်တာပဲ။ ”

ဖြစ်ပျက်သွားသည့်အရာများကို အလျင်အမြန်တွေးတောလိုက်ပြီး စုရှန်းဝမ်ကို ထန်ရှု အေးစက်စွာ ကြည့်လိုက်သည်။

ထန်ရှုတစ်ယောက် စုရှန်းဝမ်မှ လှောင်ပြုံးပြုံးနေသည်ကို တွေ့လိုက်ရသည့်အတွက် အလွန်ဒေါသထွက်သွားသည်။ ထို့ကြောင့် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားချင်သော်လည်း စုရှန်းဝမ်သည် ဝက်ဝံတစ်ကောင်ကဲ့သို့ခွန်အားကြံခိုင်သူဖြစ်ပြီး သူ့မှာမူ အလွန်အားနည်းနေသည့်သူဖြစ်သည့်အတွက် သူ့စိတ်ကိုသူ ထိန်းချုပ်လိုက်ရသည်။ စုရှန်းဝမ်မိသားစု၏ လှောင်ပြောင်မှုသည် ထန်ရှုအား ဒေါသထွက်စေပြီးယခုတဖန် သူ၏မိခင်ကို နာကျင်စေသောကြောင့် ထိုမိသားစုကို မုန်းတီးသွားသည်။

“ကျင့်ကြံဖို့ပစ္စည်းအရင်းအမြစ်တွေလည်းမရှိ၊ နတ်ဘုရားလက်နက်တွေလည်း မရှိ၊ ကျင့်စဉ်သိုင်းပညာလည်းမရှိပဲနဲ့ ဒီလို အခြေအနေကို ငါဘယ်လိုကျော်ဖြတ်ရမလဲ။”

“ဟုတ်ပြီ.. ဒါ ဖြစ်နိုင်လောက်တယ်။”

ထန်ရှု၏မျက်လုံးသည် မျှော်လင့်ချက်ဖြင့် တောက်ပသွားသည်။ သူ အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းသောင်းကျော်နေခဲ့သည့်အချိန်အတွင်း သူလေ့ကျင့်ခဲ့သည့် သိုင်းပညာများမှာ ရေတွက်၍ပင် မရနိုင်ချေ။ထိုသိုင်းပညာရပ်များသည် ကျယ်ပြောသည့် ပင်လယ်ကဲ့သို့ အကန့်အသတ်မရှိပေ။  ယခုအခြအနေအတွက် အသုံးဝင်သည့် ပညာရပ်တစ်ခုကို သူမှတ်မိလိုက်သည်။ ထိုပညာရပ်မှာ “မူလပေါက်ကွဲခြင်း” ကျင့်စဉ်ဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် စွမ်းအင်လှည့်ပတ်ခြင်းပညာရပ်ဖြစ်သည်။အသက်ရှုသည့် ကျင့်စဉ်နှင့်တူသည်။ထိုပညာသည် အခြေခံရှိစရာမလိုချေ။ သာမန်လူတစ်ယောက်ပင်လျှင်အသုံးချနိုင်သည်။ ကျင့်စဉ်ကိုကျင့်ကြံရန် အခြားလူတစ်ဦးစီမှ အသက်စွမ်းအင်ကို လိုအပ်သော်လည်း ကျင့်ကြံသူကိုမူ မည်သည့် အန္တရာယ်မှ မဖြစ်စေပေ။ သို့သော်လည်းထိုကျင့်စဉ်သည် သန့်သတ်ချက်ရှိသည်။ ထိုကျင့်စဉ်သည် ကျင့်ကြံသူ၏စွမ်းရည်ကို တိုးတက်စေသော်လည်း ထိုအရာက ယာယီမျှသာဖြစ်သည်။

သူသည်အားနည်းသောကြောင့် စုရှန်းဝမ်ကို အပြည့်အဝမတိုက်ခိုက်နိုင်သော်လည်း သူ၏စွမ်းရည်ကို စုဆောင်းနေပြီး အခွင့်အရေးရလျှင် အနီးကပ်တိုက်ခိုက်လိုက်ပါက အနိုင်ရမည်ဟု ယုံကြည်သည်။

“စုရှန်းဝမ်…ခင်ဗျားမှာ ကျွန်တော့်အမေကို ပါးရိုက်ပိုင်ခွင့်ရှိလို့လား”

ထန်ရှုသည်တစ်ခဏအတွင်း စွမ်းအားအတိုင်းအတာတစ်ခုအထိ တိုးမြင့်လာပြီဖြစ်သည်။ ထို့နောက် ၁၆နှစ်သား ထန်ရှုသည် ဒေါသဖြင့် အော်ဟစ်ကာ စုရှန်းဝမ်ထံသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။

“ဘယ်လောက်တောင် ရူးတဲ့ကောင်လဲ။  ငါကမင်းကိုကြောက်မယ်လို့ ထင်နေတာလား။” စုရှန်းဝမ်သည် သူ့ဆီသို့ပြေးလာသော ဝါးခြမ်းပြားကဲ့သို့ ပိန်ပါးလှသည့် ထန်ရှု ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

“ငါက မင်းကိုဆုံးမချင်တာလေ။ မင်းက ရှောင်လိုက်တော့ မင်းအမေကို ရိုက်မိသွားတာ။ အပြစ်တင်ချင်ရင် မင်းကိုယ်မင်းပဲအပြစ်တင်။ တခြားလူကို လိုက်အပြစ်တင်မနေနဲ့။”

စုရှန်းဝမ်သည် ပြောနေရင်း  ထန်ရှု ကိုတွန်းထုတ်ရန် လက်ဆန့်ထုတ်လိုက်သည်။ ထိုစဉ် “ဂျွတ်” ဟူသောအသံထွက်လာပြီး သူ၏လက်သည် အဆစ်လွဲသွားသည်။

စုရှန်းဝမ် သည် နာကျင်လွန်းသောကြောင့် အော်ပင် မအော်လိုက်လိုက်နိုင်မီ သူ၏ဝမ်းဗိုက်မှ နာကျင်မှုကို ထပ်မံခံစားလိုက်ရပြီဖြစ်သည်။ ထန်ရှု သည် သူ၏ဝမ်းဗိုက်ကို တရစပ်ထိုးနေပြီဖြစ်သည့်အတွက် နေ့လည်က စားထားသည့်အရာများပင် ပြန်အန်ထွက်လုမတတ်ဖြစ်နေတော့သည်။ သူသည် နာကျင်လွန်း၍ သေလုမတတ် ခံစားနေရသည်။

“ကယ်ကြပါဦး … လူသတ်သမား ရှိနေပါတယ်….”

“သွေးတွေအရမ်းထွက်နေပြီ။ ရဲကို မြန်မြန်ဖုန်းဆက်ပါ။”

“ယွမ်၃၀၀၀အတွက်နဲ့ မွေးနေ့ပါတီက ဒီလိုဖြစ်သွားတာ ထိုက်တန်လို့လား။”

စုရှန်းဝမ်သည် ကြောက်ရွံစွာအော်ဟစ်နေကြသည့် အသံများကို သတိမမေ့ခင် ကြားလိုက်ရ

သည်။ သို့သော်လည်း မည်ကဲ့သို့ ဖြစ်သွားသည်ကို သူ မသိနိုင်တော့ပါချေ။

Comment

Leave a Reply

Options

not work with dark mode
Reset