အပိုင်း(၂၅)
တန်ပြန်တိုက်ခိုက်ခြင်း
ပင်မဂိုဏ်းမှ ဤတစ်ကြိမ်တွင် အလွန်လျင်မြန်စွာ တုံ့ပြန်လာသည်။ အရှေ့ကောင်းကင်ဒေသတစ်ခုလုံး၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ တစ်ယောက်ကိုယ်တိုင် ဆင်းလာသဖြင့် အလွန်ကြီးမားသည့် တုံ့ပြန်မှုဟုလည်း ဆိုနိုင်သည်။ ဘေးမှ မီးစာထည့်သည့်သူ တစ်ယောက် သေချာပေါက် ရှိပေလိမ့်မည်။
အရှေတန်နိုင်ငံ၏ ကျင့်ကြံသူများမှတပါး ဝါဒတောင်ဂိုဏ်းသားများကသာ ချောက်နက်ကြီးကြပ်ခြင်းမြို့နှင့် လေဝိဉာဉ်တောင်ကြား၏ အနီးတစ်ဝိုက်တွင် အမြဲတစေ ရှိနေနိုင်သည်။
ထိုနေရာနှစ်ခုတွင် တာဝန်ကျသော ရှု့ချွမ်နှင့် ဝမ်နင်ဇီတို့အနက် မည်သူက ပိုမို သံသယဖြစ်စရာကောင်းသည်မှာ အသိသာကြီး ဖြစ်သည်။
အရင်ရက်အနည်းငယ်လောက်က ရန်ကျောက်ကဲသည် အားဟူအား စေလွှတ်၍ ဝမ်နင်ဇီ၏ နောက်ကြောင်းကို စုံစမ်းခိုင်းထားသည်။ ဝမ်နင်ဇီနှင့် တာဝန်ခန်းမ လက်ထောက်အကြီးအကဲဟောင်း ခွိုင်၏ ဆက်ဆံရေးကိုလည်း ရန်ကျောက်ကဲ သိရှိထားပြီးဖြစ်သည်။
ရန်ရှု့က ရန်ကျောက်ကဲအား ခပ်တည်တည် ကြည့်လိုက်သည်။ “အဲ့တာကို ဝမ်နင်ဇီက ငါ့ဆီ သတင်းပို့ပြီး ငါက ဂိုဏ်းကို တဆင့် သတင်းပို့တာ၊ လေဝိဉာဉ်တောင်ကြားအဆင့်နိမ့်အကြီးအကဲရဲ့ အထက်လူကြီး၊ အရှေ့တန်နိုင်ငံက အဆင့်မြင့်အကြီးအကဲအနေနဲ့ ဒီလို ဖြစ်ရပ်မျိုး အရှေ့တန်ပိုင်နက်ထဲမှာ ပေါ်ပေါက်လာရင် ဂိုဏ်းကို ပြန်တင်ပြရမှာ ငါ့တာဝန်ပဲ၊ အဲ့တာနဲ့ ပတ်သတ်ပြီး ပြဿနာရှိလို့လား”
ရန်ကျောက်ကဲက ရယ်မောလိုက်သည်။ “အိုး၊ ပြဿနာက သိပ်မကြီးပါဘူး၊ ဝမ်နင်ဇီက အပြင်လူတွေနဲ့ ပူးပေါင်းပြီး ဂိုဏ်းကို သစ္စာဖောက်နေတယ်လို့ သံသယ ရှိရုံပါပဲ”
“အဲ့တာကြောင့် ဒီဖြစ်ရပ် ဖြစ်လာတော့ ကျွန်တော့စိတ်ထဲမှာ ဆက်စပ် တွေးမိသွားတယ်၊ သူက ကျွန်တော့အကြောင်း ပင်မဂိုဏ်းကို ပြန်လည်တင်ပြတာက ဂိုဏ်းရဲ့ အတွင်းရေးပြဿနာသက်သက်ကြောင့် မဟုတ်တဲ့ပုံပဲ”
“တကယ်တော့၊ အကြီးအကဲရှု သိထားသလိုပဲ၊ ကျွန်တော်က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ တခြားဂိုဏ်းက တပည့်တချို့ မသေမရှင်ဖြစ်အောင် ရိုက်နှက်ထားတယ်လေ”
ရန်ရှု့၏အကြည့်က ရုတ်ချည်း အေးစက်သွားသည်။ “ရန်ကျောက်ကဲ၊ စကားကို ကြည့်ပြော”
ရန်ကျောက်ကဲက တည်ကြည်သော ဟန်ပန်ဖြင့် ပြောလိုက်သည်။ “ကျွန်တော် ဆက်လက် စောင့်ကြည့်နေတယ်၊ အဲ့တာကြောင့် သံသယဆိုတဲ့ စကားလုံးကို သုံးတာ၊ သံသယရှိရုံ သက်သက်ပဲ”
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ရန်ကျောက်ကဲကို ကြည့်သည်။ ထို့နောက် ရန်ရှု့အား ကြည့်လိုက်သည်။
သက်ပြင်းချပြီး သူက စစ်ခုန်ချင်းတို့အုပ်စုအား ပြောလိုက်သည်။ “လူလေးတို့ မင်းတို့ သွားကြတော့”
စစ်ခုန်ချင်းက ရန်ကျောက်ကဲအား တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ထို့နောက် ထွက်သွားလေ၏။
သူမ ထွက်သွားပြီးနောက် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ရန်ကျောက်ကဲကို မေးလိုက်သည်။
“တူလေးရန်၊ မင်း ဘာကို ပြောချင်တာလဲ”
ရန်ကျောက်ကဲက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ခန်းမထဲရှိ အခြားလူများသည် သူ့လက်ဖဝါးပေါ်ရှိ ပစ္စည်းလေးကို ကြည့်နေကြသည်။ သူတို့ မြင်ရသည်မှာ အဝါဖျော့ဖျော့သလင်းကျောက်ထဲတွင် အဖြူရောင်တိမ်များ မျောလွင့်နေသည့် သဏ္ဌာန်ရှိသော ပုံဆောင်ခဲလေးဖြစ်သည်။ ထိုသလင်းကျောက်၏အပြင်ပိုင်းတွင် အကြောများ အမြှောင်းမြှောင်း ထနေသည်။
ထိုသလင်းကျောက်ကို မြင်သောအခါ ချောက်နက်စောင့်ကြပ်ခြင်းမြို့ အကြီးအကဲရှု့ချွမ်၏ မျက်ခုံးများ အလိုအလျောက် တွန့်ကွေးသွားသည်။ သူ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ “တိမ်သွေးကြော သလင်းကျောက်လား”
ရန်ရှု့က ထိုအရာကို တစ်ချက် ကြည့်၍ မေးလိုက်သည်။ “တိမ်သွေးကြောသလင်းကျောက်၊ ဒါကို ထုတ်ပြီး ဘာလုပ်မလို့လဲ”
ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ သို့သော် မည်သည့်စကားမျှ မပြော။ သူက ဝိဉာဉ်မြက်အနည်းငယ်ကို ထုတ်ယူ၍ ဘေးမှ ရှု့ချွမ်ကို ပြောလိုက်သည်။ “ဒီဝိဉာဉ်ဖမ်းစားမြက် အနည်းငယ်ကို အရည်ဖြစ်အောင် ပြုတ်ဖို့ အကြီးအကဲရှု့ကိုပဲ ဒုက္ခပေးရဦးမှာပဲ”
အကြီးအကဲရှု့၏အကြည့် လှုပ်ခတ်သွားသည်။ သူ့ရှေ့က ဝိဉာဉ်မြက်ကို ဝိဉာဉ်ဖမ်းစားမြက်ဟု လူသိများသည်။ ၎င်းကို မီးရှို့ပြာချ၍ သင့်တော်သလို အသုံးပြုပါက အခြားတန်ဖိုးကြီးဆေးပင်များ၏ အာနိသင်များကို အပြည့်အဝ ဖော်ထုတ်နိုင်အောင် ကူညီပေးသည်။ ၎င်းကို အရည်ဖြစ်အောင် ပြုတ်လိုက်ပါက ၎င်းသည် အဆိပ်မဟုတ်သော်လည်း ခန္ဓာကိုယ်အတွက် အကျိုးမရှိသလို အခြား မည်သည့်ကောင်းကျိုးမျှလည်း မရှိပေ။ ရန်ကျောက်ကဲ ယခုကဲ့သို့ လုပ်ခိုင်းသည်မှာ ပစ္စည်းကောင်းတစ်ခုကို ဖြုံးတီးနေသည်နှင့် မခြားပေ။
သို့သော် သူ သဘောမတူကြောင်း မပြ။ ရန်ကျောက်ကဲ ပြောသည့်အတိုင်း ချက်ချင်း လုပ်လိုက်သည်။
ရန်ရှု့က ရန်ကျောက်ကဲကို အေးတိအေးစက် ကြည့်နေသည်။ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲနှင့် အရှေ့တန်ဘုရင်က မည်သည့်စကားမျှ ဝင်မပြောပေ။ နှစ်ယောက်စလုံး ဆိတ်ဆိတ်သာ ကြည့်နေကြသည်။
ဆေးပျော်ရည်က မျက်စိ တစ်မှိတ်အတွင်း ရောက်လာသည်။ ရန်ကျောက်ကဲက တောက်ပစွာ ပြုံးရင်း တိမ်သွေးကြောသလင်းကျောက်ထဲသို့ သူ့ချီကို စတင် ထည့်သွင်းလိုက်သည်။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ မျက်မှောင်ကြုံ့သွားသည်။ “သိုင်းတူလေးရန်၊ တိမ်သွေးကြောသလင်းကျောက်ထဲကို ချီ တိုက်ရိုက် ထည့်သွင်းလို့မရဘူး၊ ပေါက်ကွဲပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားလိမ့်မယ်”
ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “စိတ်အေးအေးထားပါ အကြီးအကဲ၊ ကျွန်တော်လည်း သိပါတယ်၊ ဒီသလင်းကျောက်ကို စိတ်နဲ့ ဝိဉာဉ် တည်ငြိမ်အောင် ထိန်းသိမ်းတဲ့နေရာမှာ သုံးတဲ့အပြင် တစ်ခါတစ်လေကျရင် လက်နက်အနေနဲ့လဲ သုံးလေ့ရှိတယ်၊ ဒါပေမယ့် ပေါက်ကွဲသွားရင်တောင် ကျွန်တော်တို့ကို အများကြီး မထိခိုက်နိုင်ပါဘူး”
“ဒါပေမယ့် ကျွန်တော့လက်ထဲက တိမ်သွေးကြောသလင်းကျောက်က မပေါက်ကွဲနိုင်ဘူး”
ထိုသို့ ပြောပြီး ရန်ကျောက်ကဲက တိမ်သွေးကြောသလင်းကျောက်တစ်ပိုင်းကို ဝိဉာဉ်ဖမ်းစားမြက် ဆေးပျော်ရည်ထဲတွင် နှစ်လိုက်သည်။ ၎င်း၏အပေါ်ပိုင်းကို သူ့လက်က ဆက်လက်ဆုပ်ကိုင်ထားသည်။
ရန်ကျောက်ကဲ၏ချီက တိမ်သွေးကြောသလင်းကျောက်ထဲသို့ အတားအဆီးမရှိသော စမ်းချောင်းပမာ စီးဆင်းသွားသည်။
သူတို့ ထင်ထားသကဲ့သို့ တိမ်သွေးကြော သလင်းကျောက်က အစိတ်စိတ်အမွှာမွှာ မကွဲသွားပေ။ အကောင်းပတိအတိုင်း ဆက်ရှိနေသည်။
ရှု့ချင်က ရန်ကျောက်ကဲ၏လက်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ဤကဲ့သို့ အရေးမပါလှသော ဖြစ်စဉ်ကို ပြရန် ရန်ကျောက်ကဲက ဤမျှ အလုပ်ရှုပ်ခံလုပ်နေမည်ဟု သူ မယုံကြည်ပေ။
နောက်တခဏတွင် သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
ထိုင်ခုံပေါ်တွင် ကျောမှီလျက် ထိုင်နေသော အရှေ့တန်ဘုရင် ချက်ချင်း ကျောမတ်သွားသည်။
သူတို့ကြည့်နေစဉ် ရန်ကျောက်ကဲ ကိုင်ထားသော တိမ်သွေးကြောသလင်းကျောက်၏ အတွင်းပိုင်းရှိ တိမ်နှင့်တူသော အကြောများ ရုတ်တရက် ပျော့ပြောင်းသွားသည်။ နို့နှစ်ရောင်အရည်များ အထဲမှ စိမ့်ထွက်လာကာ ဝိဉာဉ်ဖမ်းစားမြတ် ပျော်ရည်ထဲသို့ စီးဝင်သွားသည်။ ထိုနို့နှစ်ရောင်အရည်များနှင့် ဝိဉာဉ်ဖမ်းစားမြက် ပျော်ရည်တို့ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး ပျော်ရည်အရောတစ်ခု ဖြစ်ပေါ်လာသည်။ ထိုပျော်ရည်အရော၏မျက်နှာပြင်တွင် နို့နှင့်တူသော အလွှာတစ်ခုရှိသည်။
ထိုနှစ်ခု ပေါင်းစပ်မှုကြောင့် ထွက်ပေါ်လာသော မွှေးရနံ့က နဂိုရှိပြီးသား ဆေးနံ့ကို ဖုံးလွှမ်းကာ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ဤနေရာတွင် ရှိနေသူအားလုံးသည် အသိအမြင်ကျယ်ပြန့်သူများ ဖြစ်ကြရာ ၎င်း၏ရနံ့ကို တစ်ချက်မျှ ရှုကြည့်ရုံဖြင့် ထိုနို့နှစ်ရောင်အရည်၏အကြောင်းကို အကြမ်းဖျင်း နားလည်မိသည်။
၎င်းသည် သောက်စရာ ဖျော်ရည် မဟုတ်သလို ဆေးရည်လည်း မဟုတ်ပါ။ ကျောက်စိမ်းအဆီအနှစ်ဟု ခေါ်သော တန်ဖိုးကြီး ရတနာ ဖြစ်သည်။
ဤဈေးကြီးသော ရတနာပစ္စည်းကို နေရာအမျိုးမျိုးတွင် အသုံးချနိုင်သည်။ ဝိဉာဉ်ပစ္စည်းများ ပြုလုပ်ရာတွင် သို့မဟုတ် ဆေးဝါးဖော်စပ်ရာ၌ ပေါင်းထည့်လိုက်ပါက အောင်မြင်နိုင်သည့် ရာခိုင်နှုန်းကို အကြီးအကျယ် မြှင့်တင်ပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် ထုတ်ကုန်၏ အရည်အသွေးကို တိုးမြှင့်ပေးနိုင်သလို မူလက လိုအပ်သည့် ပါဝင်ပစ္စည်းအရေအတွက်ကိုလည်း လျော့ချပေးနိုင်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျောက်စိမ်းအဆီအနှစ် ထုတ်လုပ်နိုင်သည့် ပမာဏမှာ အလွန်နည်းပါးသည်။ လေနယ်မြေ၊ တောင်တန်းနယ်မြေကဲ့သို့သော နေရာအနည်းစုတွင်သာ ထွက်ရှိသည်။ သို့သော် ဈေးကွက်တောင်းဆိုအားမှာ အလွန်အမင်း ကြီးမားသည်။ မည်သည့်နှစ်ကမျှ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်ချေ။ ငွေပုံပေး၍ ဝယ်လျှင်ပင် မရသော အခါများ ရှိသေးသည်။
ဝါဒတောင်ဂိုဏ်းဖြစ်စေ အရှေ့တန်နိုင်ငံဖြစ်စေ ထိုကျောက်စိမ်းအဆီအနှစ်တချို့ ရရှိရန်အတွက် များပြားလှသော အရင်းအမြစ်ပမာဏ၊ ငွေကြေးပမာဏကို နှစ်စဉ်နှစ်တိုင်း အသုံးပြုရသည်။
သို့တိုင်အောင် သူတို့ ကျေနပ်သော ပမာဏ ရဖို့ရာ အလွန်ခက်ခဲသည်။ သူတို့သည် ၎င်းကို စိစိစစ်စစ်၊ ချွေချွေတာတာ သုံးကြရသည်။
သို့သော် ရန်ကျောက်ကဲ ပြသသွားသည်ကို ကြည့်လျှင် ဤမျှ သေးငယ်သော တိမ်သွေးကြောသလင်းကျောက်ထဲ၌ပင် ကျောက်စိမ်းအဆီအနှစ် အတော်အတန် ပါဝင်လေသည်။ ထုတ်ယူသည့် နည်းလမ်းကလည်း အလွန် ရိုးရှင်းသည်။
တိမ်သွေးကြောသလင်းကျောက် ဖြစ်စေ ဝိဉာဉ်ဖမ်းစားမြက်ဖြစ်စေ ကျောက်စိမ်းအဆီအနှစ်ကို အပြင်မှ ဝယ်ယူသည်နှင့် နှိုင်းယှဉ်လျှင် သူတို့၏ တန်ဖိုးက များစွာ နိမ့်ပါးသည်။ ထုတ်လုပ်နိုင်သည့် ပမာဏမှာလည်း အများကြီး မြင့်မားလေသည်။
ဤနည်းဖြင့် ကျောက်စိမ်းအဆီအနှစ် ထုတ်လုပ်နိုင်သည်ဆိုသည့် အဓိပ္ပာယ်က မည်သည်ကို ဆိုလိုသနည်း။
ဤနည်းဖြင့် ထုတ်လုပ်နိုင်ပါက သူတို့သုံးနိုင်သည်ထက် များစွာ ပိုလျှံနိုင်သလို ဈေးကွက်ထဲ တင်ရောင်းလျှင်ပင် ပြဿနာ မဟုတ်ပေ။
သိုင်းဆရာသခင်သုံးယောက် ငြိမ်ငြိမ် ထိုင်မနေနိုင်ကြတော့။ သူတို့ ထိုင်နေရာမှ ထလာပြီး ရန်ကျောက်ကဲ၏အရှေ့သို့ ရောက်လာကြသည်။ သူတို့၏ လက်ချောင်းများကို ဆန့်ထုတ်ကာ ထိုအဖြူရောင်အရည်လေးကို ထိကြည့်ကြသည်။
အသေအချာ စစ်ဆေးပြီးနောက် ၎င်းသည် အစစ်အမှန် ကျောက်စိမ်းအဆီအနှစ်ဖြစ်ကြောင်း သူတို့ လက်ခံသွားကြသည်။
၎င်းသည် သူတို့မျက်စိရှေ့တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရန်ကျောက်ကဲ၏ လှည့်စားမှု၊ လက်လှည့်မှုတို့ကြောင့် ထုတ်လုပ်လိုက်ခြင်း မဟုတ်ပါ။ တိမ်သွေးကြောသလင်းကျောက်နှင့် ဝိဉာဉ်ဖမ်းစားမြက် ပေါင်းစပ်လိုက်သောအခါ အမှန်တကယ်ပင် ကျောက်စိမ်းအဆီအနှစ် ပေါ်ပေါက်လာသည်။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက အသက်ပြင်းပြင်းရှုလိုက်ပြီး တုန်လှုပ်နေသော စိတ်ကို ဖိနှိပ်လိုက်သည်။ အံ့ဩတကြီးဖြင့် “သိုင်းတူလေးရန်၊ မင်းတော့ အကြီးကြီး အကျိုးဆောင်နိုင်ခဲ့တာပဲ”
“ဒီကိစ္စက မင်းရဲ့အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိစ္စမှာ အကျိုးဆောင်နိုင်မှုထက် မနိမ့်ကျဘူး၊ တကယ်တော့ ပိုပြီးတော့တောင် ကြီးမားနေသေးတယ်”
အကြီးအကဲရှု၏ အေးတိအေးစက် မျက်နှာက ယခင်ကထက် ပိုမို အေးချမ်းသွားသည်။ သို့သော် ချက်ချင်းပင် သူ့အမူအရာ ပြောင်းလဲသွားသည်။
နောက်ခဏအတွင်း ရန်ကျောက်ကဲ၏ နှေးကွေး၊ ညင်သာသော အသံက သူ့နားထဲသို့ ဝင်ရောက်လာသည်။ “အကြီးအကဲက ကျွန်တော့်ကို ချီးကျူးလွန်းပါပြီ၊ ကျွန်တော်က မတော်တဆ တွေ့ရှိမှု တစ်ခုကနေ ဒီ လျှို့ဝှက်ချက်ကို သိခဲ့ရတာပါ”
“ကျွန်တော်သိထားတာအရဆို ဒီနှစ်မှာ လေဝိဉာဉ်တောင်ကြားက တိမ်သွေးကြောသလင်းကျောက် အများအပြား ထုတ်လုပ်နိုင်ခဲ့တယ်၊ အဲ့ထဲကမှ အများစုကို နေသူတော်စင်ဂိုဏ်းရှိတဲ့ မီးနယ်မြေကို ရောင်းချခဲ့တာပဲ”
ရန်ရှု့၏မျက်နှာ မဲမှောင်သွားသည်။ “ဒီလိုနည်းလမ်းမျိုး တွေ့ဖူးတာ ဒါပထမဆုံး အကြိမ်ပဲ၊ ဘယ်တုန်းကမှ မကြားဖူးဘူး၊ ဒီနည်းလမ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာထဲမှာ မပျံ့နှံ့သေးဘူး ထင်တာပဲ”
“ငါတို့ ဒါကို သိသွားပြီဆိုတော့ ရှေ့လျှောက် တိမ်သွေးကြောသလင်းကျောက် ရောင်းချတာကို ထိန်းချုပ်သင့်တယ်၊ ဒါပေမယ့် အရင်က ဝမ်နင်ဇီ သလင်းကျောက်တွေ ရောင်းတာကတော့၊ နှမြောစရာကောင်းပေမယ့် သူ မသိသေးတဲ့အတွက် အပြစ်ပြောလို့ မရဘူး၊ ဒီကိစ္စကြောင့် သူ့ကို အပြစ်တင်လို့ မရဘူး”
“အိုး…..” ရန်ကျောက်ကဲက ကျယ်လောင်သော အာမေဍိတ်သံပြုလိုက်သည်။ “သူ မသိသေးမှန်း ဘယ်လိုလုပ် အကြီးအကဲရန်က အဲ့လောက် သေချာနေရတာလဲ”
“သူက ဒါကို တကယ်ပဲ မသိတာလား ဒါမှမဟုတ် သိရဲ့သားနဲ့ တမင်သက်သက် ဖုံးကွယ်ပြီး ဂိုဏ်းကို ပြန်မတင်ပြတာလား ဒါမှမဟုတ် တခြားအတွေးတွေနဲ့ နောက်ကွယ်မှာ နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းကြံစည်နေတာလား”
ရန်ကျောက်ကဲက ခေါင်းကို ဘယ်ညာယိမ်း၍ သူ့လည်ပင်းအား အနည်းငယ် အကြောဆန့်လိုက်သည်။ သွားအဖွေးသားပေါ်အောင် ပြုံးရင်း “ဒါတော့ ကျွန်တော်လည်း တပ်အပ် မပြောနိုင်ဘူး၊ ဒါပေမယ့် ဒီနေရာမှာ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲရော အကြီးအကဲရန်ပါ ရောက်နေမှတော့ တစ်ခါထဲ စစ်ဆေးသွားလိုက်ရင် မကောင်းဘူးလား”