အခန်း (၂၄)

ရန်ကျောက်ကဲ၏ ပြန်လည်ချေပမှု

အပိုင်း(၂၄) ရန်ကျောက်ကဲ၏ ပြန်လည်ချေပမှု

ရန်ရှု့၏မေးခွန်းကို ကြားပြီး ရန်ကျောက်ကဲ အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ “အဲ့တာဆို ဂိုဏ်းတူညီလေးရန်သေဆုံးမှုမှာ ဘယ်သူ တာဝန်ရှိတယ်လို့ အကြီးအကဲရန် ထင်သလဲ”

အရှေ့တန်အကြီးအကဲရန်ရှူ့က ရန်ကျောက်ကဲကို အေးစက်စွာ ကြည့်လိုက်သည်။ “မင်း အခု ဘယ်လို အခြေအနေမျိုး ရောက်နေလဲဆိုတာ မင်း နားမလည်ဘူးလား၊ မင်းမှာ ပြန်မေးခွန်းထုတ်ပိုင်ခွင့် ရှိလို့လား”

“မင်းလုပ်ရမှာက မေးသမျှမေးခွန်းတိုင်းကို မှန်မှန်ကန်ကန် ပြန်လည်ဖြေကြားဖို့ပဲ၊ မမှန်ကန်ဘူးလို့ ယူဆရတဲ့ စကားတစ်လုံး တွေ့ရင် ဒါမှမဟုတ် စကားကို ကပ်သီးကပ်သတ်ပြောရင် မင်းရဲ့ အခြေအနေကို ပိုမို ဆိုးရွားသွားနိုင်တယ်”

ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “ကျွန်တော် အမှတ်မမှားဘူးဆိုရင် ဒါက ပုံမှန် အမေးအဖြေလုပ်ရုံလောက်ပဲ၊ စစ်မေးတာမျိုး မဟုတ်ဘူး၊ စစ်မေးတာဆိုရင်တောင် မေးရမယ့်သူက ခင်ဗျားမဟုတ်ဘူး၊ အရှေ့ကောင်းကင်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ကျွန်တော့ကို မေးရမှာ”

“ကဲ၊ ကျွန်တော် အပြစ်ရှိကြောင်း ခင်ဗျား ဆုံးဖြတ်ပြီးပြီဆို၊ ဘယ်မှာလဲ သက်သေ”

ရန်ရှု့က ဒေါသ ထွက်ပုံမရ၊ မတုန်မလှုပ်ဖြင့် မေးလိုက်သည်။ “အစစ်အမှန်လီမီးတောက် မီးစေ့၊ အဲ့တာ အခု ဘယ်သူ့ လက်ထဲမှာလဲ”

ရန်ကျောက်ကဲက ပြုံးလျက် ဖြေကြားသည်။ “ကျွန်တော့ဆီမှာ”

ရန်ရှု့က စစ်ခုန်ချင်းကို ကြည့်လိုက်သည်။ “ကောင်းပြီ၊ ရီကျင်း မသေခင် တစ်ခုခု ပြောတာများ ကြားခဲ့သေးလား”

စစ်ခုန်ချင်းက တစ်ခဏမျှ တိတ်ဆိတ်နေသည်။ ထို့နောက် ရိုးသားစွာ ဖြေကြားလိုက်သည်။ “သူက အကိုကြီးရန်ရဲ့နာမည်ကို အကျယ်ကြီး အော်နေတာ”

“ဘယ်လို အမူအရာနဲ့လဲ”

“…….ဒေါသတကြီး၊ မကျေမနပ်၊ မုန်းတီးမှု အပြည့်နဲ့”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက လက်ဝါးနှစ်ဖက်ကို ပူးကာ လက်ချောင်းများကို ယှက်လိုက်သည်။ သူ့၏အေးချမ်းသော အကြည့်က ရန်ကျောက်ကဲထံသို့ ရောက်သွားသည်။ “တူလေးရန်၊ အဖွဲ့ခေါင်းဆောင် သိုင်းပညာရှင်အနေနဲ့ အဖွဲ့သားရီကျင်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ သေတာနဲ့ ပတ်သတ်ပြီး၊ ဘာပြောချင်လဲ”

သူသည် အစောပိုင်းက မေးခွန်းကို ထပ်မံမေးမြန်းနေသော်လည်း လက်ရှိ သူ့အသံက အစောပိုင်းက အသံနှင့် ယှဉ်လျှင် ပိုမို လေးနက်နေသည်။

ရန်ကျောက်ကဲက  “ပထမဆုံး ကျွန်တော် အမှန်ပြင်ပေးချင်တဲ့ အချက်တစ်ချက် ရှိသေးတယ်၊ အဲ့တာက ဂိုဏ်းတူညီလေးရီက ပျောက်ဆုံးနေတာ၊ သူ သေတယ်လို့ အတည်ပြုလို့မရသေးဘူး”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက အမူအရာ မပြောင်းလဲဘဲ မေးလိုက်သည်။ “ဘာလို့ မောင်ရင်က အဲ့လို ပြောတာလဲ၊ အဲ့တာဆို အဲ့တုန်းက ဘာများ ဖြစ်ခဲ့တာလဲ၊ တိတိကျကျ ပြောပြပေးလို့ ရမလား”

ရန်ကျောက်ကဲက စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး ပြုံးရင်း ပြောသည်။ “ဂိုဏ်းသားတွေကို လေ့ကျင့်ပေးမယ့် ခရီးမှာ ဦးဆောင်တဲ့ သိုင်းပညာရှင်အနေနဲ့……၊ ဒီလို ဖြစ်ရပ်မျိုး ဖြစ်လာတယ်၊  ဒီဖြစ်ရပ်ကို ကျွန်တော်က မှတ်တမ်းတင်ထားရမှာ သဘာဝပဲ၊ ကျွန်တော် ဒါကို ဂိုဏ်းကို မတင်ပြခင်၊ အကြီးအကဲ ရောက်လာတဲ့ သတင်းကို ကြားတာပဲ၊ အဲ့တာကြောင့် ကျွန်တော်က ဒါကို ပင်မဂိုဏ်းကို မပို့တော့ဘဲ အကြီးအကဲလက်ထဲ အပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပဲ”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက တခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ခေါင်းငြိမ့်သည်။ “ဒီကို လာစဉ်တုန်းက ဒီလူအိုကြီးရဲ့ ရည်ရွယ်ချက်က မင်းကို ပင်မဂိုဏ်းဆီ ပြန်ခေါ်သွားဖို့ပဲ”

သူ ထိုစာရွက်ကို လက်ခံသည်။ သေချာ စေ့စေ့စပ်စပ် ဖတ်ပြီးနောက် သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ထိုစာရွက်ကို ရန်ရှု့ထံ လက်ကမ်းပေးသည်။

ထိုစာရွက်ကို ဖတ်ရှူ့ပြီးသောအခါ ရန်ရှု့ မျက်မှောင်ကြုံ့သွားသည်။ “မင်းရဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ချောက်နက်ထဲ ကျသွားတယ်၊ ပြီးတော့ ပေါက်ကွဲသွားတယ်၊ အဲ့က ထွက်တဲ့ လှိုင်းတွေကြောင့် ရီကျင်းရဲ့ ခန္ဓာကိုယ် ပျက်စီးသွားတယ်၊ ဒါပေမယ့် လက်မှာဝတ်ထားတဲ့ အကာအကွယ်ရတနာကြောင့် ရီကျင်းရဲ့ဝိဉာဉ်က လွတ်မြောက်သွားတယ်၊ သူ့လက်ရှိနေရာကို မသိရသေးဘူး၊ အဲ့သဘောလား”

ရန်ကျောက်ကဲက ပြောသည်။ “အဲ့မှော်ပစ္စည်းက အရမ်းကို ဆန်းကြယ်တဲ့ ရတနာပဲ၊ သိပ်မကြာခင် ဂိုဏ်းတူညီလေးရီ ကျွန်တော်တို့ရှေ့မှာ ပြန်ပေါ်လာမယ်ဆိုတာ ကျွန်တော်ပြောရဲတယ်၊ အဲ့အချိန်ကြမှ ကျွန်တော်စကားတွေ မှန်တယ်ဆိုတာ သိရလိမ့်မယ်”

“သေချာတာပေါ့၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပေါက်ကွဲမှုကြောင့်၊ သူကတော့ ကျွန်တော့ကို အငြိုးထားနေဦးမှာပဲ”

အရှေ့တန်နိုင်ငံဘုရင်၏မျက်ခုံးများ တွန့်ကွေးသွားသည်။ “မင်းပြောတာသာ အမှန်ဆို၊ ရီကျင်းက အခု ချီလည်ပတ်ခြင်း အလယ်အလတ်အဆင့်မှာ ဟုတ်တယ်မလား၊  ချောက်ထဲပြုတ်ကျပြီး ဝိဉာဉ်ပဲ ကျန်ခဲ့တဲ့လူ မပြောနဲ့၊ ပုံမှန်အတိုင်းတောင် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ တစ်ယောက်ထဲ သွားရင်  လူဆယ်ယောက်မှာ ကိုးယောက်က သေနိုင်တယ်နော်”

ရန်ကျောက်ကဲက ဖြေးဖြေးမှန်မှန် ပြောလိုက်သည်။ “သူ့အကာအကွယ်ရတနာက ထုတ်လွှတ်လိုက်တဲ့ အရောင်အဝါက တော်တော် စွမ်းအားကြီးတယ်၊ သွားလျော့တွက်လို့ မရဘူး”

ရန်ရှု့က ရန်ကျောက်ကဲအား အေးစက်စွာ ကြည့်လိုက်သည်။ “ရီကျင်း ပြန်မလာဘူး၊ အဲ့တာနဲ့ ပတ်သတ်ပြီး ဘာပြောချင်လဲ”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ဝင်မေးသည်။ “အစစ်အမှန်လီမီးတောက် မီးစေ့က ချောက်ထဲက လှိုင်းပင့်တင်တာ ခံရပြီး မင်းရှေ့ကို သူ့ဘာသူ ကျလာတာပေါ့၊ ဟုတ်လား”

ရန်ကျောက်ကဲက ဖြေကြားသည်။ “အတိအကျပါပဲ”

ထိပ်တန်းပုဂ္ဂိုလ်သုံးယောက်က ရန်ကျောက်ကဲကို အကဲခတ်နေကြသည်။ မည်သည့်မေးခွန်းမှ ဆက်မမေးကြ။

ရန်ကျောက်ကဲက တည်ငြိမ်စွာ ပြောလိုက်သည်။ “အစထဲက ရီကျင်းက ကျွန်တော့ကို တစ်ဖက်စွန်းရောက်တဲ့ အတွေးတွေနဲ့ ကြည့်နေတာပဲ၊ သူ ကျွန်တော့ကို ရန်လာမစသရွေ့… ကျွန်တော်က သူ့ကို အခြားဂိုဏ်းတူညီလေးတွေ ညီမလေးတွေလို သဘောထားမှာပဲ”

“အစစ်အမှန်လီမီးတောက် မီးစေ့ကတော့…..၊ ဂိုဏ်းက အဲ့တာကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ထုတ်လုပ်ဖို့အတွက် ဦးစားပေး အသုံးပြုလိမ့်မယ်လို့ ကျွန်တော် ယုံတယ်၊ ကျွန်တော် ဒါကို ရတော့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ထုတ်လုပ်တဲ့နေရာမှာ ပိုမို အဆင်ပြေသွားတာပေါ့”

“ဂိုဏ်းတူညီလေးရီက မရင့်ကျက်လို့ နားမလည်လို့ ဒီမီးစေ့အတွက် ကျွန်တော်နဲ့ တိုက်ခိုက်ရင်တောင် အလွန်ဆုံးမှ ကျွန်တော် သင်ခန်းစာပေးရုံလောက်ပဲ လုပ်မှာ၊ သူ့ကို သတ်လောက်တဲ့အထိတော့ လုပ်မှာ မဟုတ်ဘူး”

“ကုန်ကုန်ပြောရရင် ကျွန်တော့လက်တောင် သွေးစွန်းစရာမလိုဘူး၊ ကျွန်တော်သာ လုပ်ချင်ရင် သူ့ကို ခက်ခဲအောင် လုပ်နိုင်မယ့် နည်းလမ်းအများကြီးရှိတယ်”

ရန်ကျောက်ကဲက တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။ “ကျွန်တော် တင်ပြတဲ့ထဲမှာ ရေးထားတယ်၊ အကြီးအကဲတို့လည်း အဲ့တာကို ဖတ်မိလိမ့်မယ် ထင်ပါတယ်”

“ဂိုဏ်းတူညီလေးရီက တစ္ဆေရဲဒင်းအဘိုးအိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ မျက်မှောင်ကြုံ့သွားသည်။ “ဒီကိစ္စနဲ့ ဘာဆိုင်လဲ”

ရန်ရှု့က ငြိမ်သက်စွာ ပြောလိုက်သည်။ “ငါနဲ့ မိစ္ဆာအိုကြီးဟန်ကြားမှာ ရန်ငြိုးရှိတယ်၊ ဒါပေမယ့် ဒါက ကိုယ်ရေးကိုယ်တာ သက်သက်ပဲ၊ ဂိုဏ်းနဲ့ နည်းနည်းလေးတောင် မသက်ဆိုင်ဘူး”

“ရီကျင်းနဲ့ သူနဲ့ ရင်းနှီးတာ ပြဿနာမဟုတ်ဘူး၊ ဒီလူအိုကြီးက အဲ့လိုအရာမျိုးအတွက် အာဃတ မထားတတ်ပါဘူး”

“တကယ်လို့ မိစ္ဆာအိုကြီးဟန်က အတိတ်က ရန်ငြိုးတွေ ခဝါချပြီး ကာလရှည်ကြာနေတဲ့ ငါတို့ကြားက အမုန်းတွေ ရုတ်သိမ်းချင်ရင်၊ ဘာလို့ လက်မခံနိုင်ရမလဲ၊ ငါ လက်ခံမှာပဲ”

ရန်ကျောက်ကဲ ပြုံးလိုက်သည်။ “အဲ့တာက ခင်ဗျားတို့နှစ်ယောက်ရဲ့ ပြီးခဲ့တဲ့တိုက်ပွဲတုန်းက ခင်ဗျားက အသာရပြီး ဟန်ရှန်းက ရှုံးနိမ့်သွားလို့လေ”

သို့သော် နောက်ခဏ၌ ရန်ကျောက်ကဲ၏မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ “ဒါပေမယ့် အခု ကိစ္စက ပုဂ္ဂိုလ်ရေးရန်ငြိုးလောက်နဲ့ မသက်ဆိုင်ဘူး၊ တစ္ဆေရဲဒင်းအဘိုးအိုက ချောက်နက်ထဲမှာ ဖြစ်နေတဲ့ မူမမှန်တဲ့ အပြောင်းအလဲတွေနဲ့ ပတ်သတ်ဆက်နွယ်နေတယ်”

ထိုစကား သူ့ပါးစပ်မှ ထွက်ပြီး ခဏအကြာတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ၊ အရှေ့တန်ဘုရင်နှင့် ရန်ရှု့တို့ သူတို့ကျောကို မတ်မိကြသည်။ သူတို့၏ အကြည့်များက ရန်ကျောက်ကဲထံသို့သာ စုပြုံကျရောက်နေ၏။

“ဘယ်လိုလုပ် မင်းက ဒီလို ကောက်ချက်ချနိုင်ရတာလဲ”

သိုင်းဆရာသခင် သုံးယောက်၏ဖိအားကြောင့် ခန်းမတစ်ခုလုံးသည် မီးပြင်းဖိုတစ်လုံးထဲ ရောက်နေသည့်အလား မွန်းကျပ်နေသည်။

ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “ဒီမှာ ရှိတဲ့ လူတွေအကုန် သက်သေခံနိုင်တယ်၊ တစ္ဆေရဲဒင်းအဘိုးအို ပထမဆုံး ပေါ်လာတော့၊ သူ ဂိုဏ်းတူညီလေးရီကို မတွေ့ရှိခဲ့ဘူး၊ သူပြောတာက ဘယ်သူက ဒီလူအိုကြီးရဲ့ အစီအစဉ်ကောင်းတွေကို ဖျက်စီးတာလဲ ဆိုတာပဲ၊ ဆိုတော့ တွေးကြည့်ရရင်၊ တစ္ဆေရဲဒင်းအဘိုးအိုရဲ့ အစီအစဉ်ကောင်းတွေဆိုတာ ဘယ်လိုအစီအစဉ်မျိုးဖြစ်မလဲ”

ထိုသို့ ပြောပြီး ရန်ကျောက်ကဲက သလင်းကျောက်နှစ်တုံးကို သူတို့အား ပေးလိုက်သည်။ သလင်းကျောက်တုံးတစ်တုံးတွင်  နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲရှိ အနက်ရောင်မြူများထဲတွင် ပေါ်လာတတ်သော အနီရောင်အလင်းအပိုင်းအစလေးကို ပိတ်လှောင်ထားသည်။

အခြားသလင်းကျောက်ထဲတွင် မှုန်ဝါးဝါးပုံရိပ်လေးတစ်ခုကို ပိတ်လှောင်ထားသည်။ ထိုမှုန်ဝါးဝါးပုံရိပ်သည် ရန်ကျောက်ကဲ လီမီးစေ့ကို ထားခဲ့ပြီး  လိုက်လံဖမ်းဆီးခဲ့သော မိစ္ဆာပုံရိပ်များထဲမှ တစ်ခုဖြစ်သည်။

ရန်ကျောက်ကဲက  ရန်ရှု့၏မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။ “အကြီးအကဲရန်၊ အကြီးအကဲရန်က တစ္ဆေရဲဒင်းအဘိုးအိုအကြောင်း အသိဆုံးမလား၊ သလင်းကျောက်ကနေ တစ်ခုခု ရှာတွေ့ရဲ့လား”

ရန်ရှု့က သလင်းကျောက်ကိုယူပြီး စေ့စေ့စပ်စပ် ကြည့်နေသည်။ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲနှင့် အရှေ့တန်ဘုရင်တို့၏ အကြည့်များက သူ့ထံသို့ ရောက်နေကြသည်။

တခဏကြာပြီးနောက် ရန်ရှု့က ရှည်လျားသော သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် ပြော၏။ “ဒါက ဘယ်လို မိစ္ဆာပညာမျိုးနဲ့လုပ်ထားလဲလို့ ငါ မသိဘူး၊ ဒါပေမယ့် မိစ္ဆာအိုကြီးဟန်ရဲ့ လက်ရာတော့ အမှန်ပဲ”

ရန်ကျောက်ကဲက မိစ္ဆာပုံရိပ်များနှင့် တွေ့ဆုံပုံ၊ လိုက်လံဖမ်းဆီးပုံတို့ကို အေးအေးလူလူ ပြောပြနေသည်။ ရန်ကျောက်ကဲ ပြောပြသည်ကို နားထောင်ရင်း သိုင်းဆရာသခင်သုံးယောက် အတွေးနက်နေကြသည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် ဖြစ်ပျက်ခဲ့သော အရာများကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။ ထိုအရာများအားလုံးမှာ အရင်ခေတ်က မြေကမ္ဘာဟု ခေါ်ဝေါ်၍ ယနေ့ခေတ်တွင် ငရဲဟု လူသိများသော နေရာနှင့် ဆက်စပ်နေသည်။

အချိန်အတန်ကြာပြီးနောက် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက သူ့ခေါင်းကို မော့လိုက်သည်။ “ရီကျင်းက ဟန်ရှန်းနဲ့ ပူးပေါင်းကြံစည်နေတယ်လို့  မင်း ပြောချင်တာလား”

ရန်ကျောက်ကဲ ခေါင်းခါလိုက်သည်။ “ကျွန်တော်အဲ့လိုမျိုး မရည်ရွယ်ပါဘူး”

“ဂိုဏ်းတူညီလေးရီနဲ့ တစ္ဆေရဲဒင်းအဘိုးအိုက တစ်ယောက်နဲ့ တစ်ယောက် ညီအကိုတွေအဖြစ် သဘောထားတဲ့အထိ အရမ်း ရင်းနှီးတယ်၊ အဲ့တာ အမှန်တရားပဲ”

“ဂိုဏ်းတူညီလေးရီက တစ္ဆေရဲဒင်းအကြီးအကဲနဲ့ ဘယ်လိုတွေ့လဲ၊ သူ နဂါးချုပ်လှောင်ခြင်းချောက်နက်အကြောင်း ဘယ်လောက်သိလဲ၊ အဲ့ဒီ့အဘိုးကြီးအကြောင်း ဘယ်လောက်သိလဲ၊ သူက ကျွန်တော်တို့ဂိုဏ်းကိုကော သဘောရိုးနဲ့ ဝင်ရောက်ခဲ့တာလား”

“အဲ့တာတွေအကုန်လုံး ဟုတ် မဟုတ်ကို ကျွန်တော်လည်း မသိဘူး၊ သေချာ စစ်ဆေးကြည့်မှပဲ သိနိုင်လိမ့်မယ်”

“ဒါတွေအကုန် ပြောနေတာက ကျွန်တော်က ဂိုဏ်းတူညီလေးရီကို ဒုက္ခပေးချင်ရင် ကျွန်တော်ကိုယ်တိုင်လှုပ်ရှားဖို့တောင် မလိုတဲ့အကြောင်း သက်သေပြချင်နေတာပဲ”

သိုင်းဆရာသခင်သုံးယောက် ရုတ်ချည်း တိတ်ဆိတ်သွားသည်။

ရန်ကျောက်ကဲ ပြောခဲ့သလိုပင် ထိုသို့သော ကိစ္စရပ်မျိုး တွေ့ရှိပါက ဂိုဏ်းက ရီကျင်းအပေါ် အပြင်းအထန် အရေးမယူလျှင်တောင်မှ ကြီးကြီးမားမား စစ်ဆေးမေးမြန်းမှု ပြုလုပ်မည်မှာ မလွဲဧကန် ဖြစ်သည်။ စစ်ဆေးမေးမြန်းမှု တစ်ခုတည်းနှင့်ပင် ရီကျင်း အတော် ဒုက္ခရောက်နိုင်သည်။

အနည်းဆုံးတော့ စုံစမ်းစစ်ဆေးမှုက ကျေနပ်စရာ ရလဒ်ဖြင့် အဆုံးသတ်ပါမှ  ရန်ကျောက်ကဲ၏ အကြီးဆုံးဦးလေးကလည်း ရီကျင်းကို တပည့်အဖြစ် လက်ခံရန် ပြန်လည်စဉ်းစားပေမည်။

“ကျွန်တော် ပြောခဲ့သလိုပဲ ဂိုဏ်းတူညီလေးရီ မသေသေးဘူး၊ သူ့ဆီက ရတနာက အတော်ထူးဆန်းတယ်၊ သူ့အတွက် ခန္ဓာကိုယ် အသစ်တစ်ခုတောင် ဖန်တီးပေးလောက်တယ်”

“နောက်တစ်ကြိမ် သူ ပြန်ပေါ်လာရင်၊ ကိစ္စ တော်တော်များများကို သူ့ တိုက်ရိုက်မေးတာ အကောင်းဆုံးပဲ၊ အဲ့အချိန်ကြရင်လည်း ကျွန်တော် မျက်မြင်သက်သေအနေနဲ့ ဆောင်ရွက်ပေးဖို့ အဆင်သင့်ပဲ”

ရန်ကျောက်ကဲက သူ့စကားကို အဆုံးသတ်ပြီးနောက် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “အဲ့လိုဖြစ်လာရင် ကျွန်တော်တို့ သွေး ဝိဉာဉ်အမှတ်ရခြင်းနည်းစနစ်ကို သုံးပြီး အဲ့အချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့မြင်ကွင်းကို ပြန်လည်ပုံဖော်လို့ရတယ်၊ ကျွန်တော်တို့နှစ်ယောက်ထဲမှာ ဘယ်သူက အပြစ်ရှိတာကို ဖုံးကွယ်နိုင်မှာ မဟုတ်ဘူး”

ရန်ရှု့က သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ “ဒီစကားပဲ၊ ရီကျင်းပေါ်မလာရင် ဘယ်လိုလုပ်မလဲ”

“သုံးနှစ်၊ နှစ်နှစ်….. တစ်နှစ်၊ ဒါမှမဟုတ် အဲ့ထက်တောင် တိုရင် တိုဦးမယ်” ရန်ကျောက်ကဲက ညင်သာစွာ ပြောလိုက်သည်။ “တစ်ယောက်ယောက်က သူ့ကို အစဖျောက်ဖို့ မကြိုးစားသရွေ့ပေါ့”

ရန်ရှု့၏မျက်နှာ မည်းမှောင်သွားသည်။
ထိုင်ခုံနောက်မှီပေါ်  မှီချလိုက်ရင်း အရှေ့တန်ဘုရင်က ရန်ကျောက်ကဲကို အနည်းငယ် ခေါင်းငြိမ့်ပြသည်။

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက တွေးတွေးဆဆဖြင့် ဖြည်းဖြည်းချင်း ပြောသည်။ ” ငါ ဒီနေ့ မေးမြန်းခဲ့တဲ့ အကြောင်းအရာအကုန်လုံးကို ပင်မဂိုဏ်းဆီ ပြန်လည် တင်ပြလိုက်ပါမယ်”

“ငါ့အနေနဲ့ကတော့ တူလေးရန်ရဲ့ စကားကို ယုံကြည်မိတယ်၊ ဒါပေမယ့် မင်း ပြောသလိုပေါ့၊ မင်း သံသယရဲ့ အရိပ်အောက်က လွတ်မြောက်ပြီး အပြစ်ကင်းစင်သလားဆိုတာ အချိန်ကပဲ သက်သေပြသွားမှာပါ၊ ရီကျင်း အသက်ရှင်နေသေးတယ်ဆို……. ဒါ ဝမ်းမြောက်စရာကိစ္စပဲ၊ ဂိုဏ်းက သူ ဘယ်ရောက်နေသလဲဆိုတာ ဆက်လက် ရှာဖွေနေဦးမှာပါ”

အဆုံးမှာတော့ ရန်ကျောက်ကဲက ရီကျင်းကို တမင်သက်သက် သေစေခဲ့သည်ဟူသော အဆိုကို ထောက်ခံနိုင်သည့် ထင်ရှားသော သက်သေမတွေ့ပါ။ မရည်ရွယ်ဘဲ အမှားလုပ်မိသည်ဟုပင် စွတ်စွဲ၍ မရပါ။

“ကျွန်တော့ကိစ္စကို ဆွေးနွေးပြီးပြီဆိုတော့ တဖြင့် တစ်ခု ပြောရအောင်”

ရန်ကျောက်ကဲက ရုတ်တရက် မေးမြန်းလိုက်သည်။
“ကျွန်တော့အကြောင်းကို ဂိုဏ်းကို သတင်းပို့တဲ့သူက… လေဝိဉာဉ်တောင်ကြားက အဆင့်နိမ့်အကြီးအကဲ ဝမ်နင်ဇီ၊ ဟုတ်တယ်မလား”


Comment

Leave a Reply

Options

not work with dark mode
Reset