Switch Mode

အခန်း (၂၃)

ရန်ကျောက်ကဲအား မေးမြန်းခြင်း

အပိုင်း(၂၃) ရန်ကျောက်ကဲအား မေးမြန်းခြင်း

လာမည့်အရာက နောက်ဆုံးတွင် ရောက်လာချေပြီ။ မကြာမီ အရှေ့တန်၏ အဆင့်မြင့်အကြီးအကဲနှင့် အရှေ့ကောင်းကင်ဒေသ၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲတို့ ချောက်နက်စောင့်ကြပ်ခြင်းမြို့သို့ အတူတကွ ရောက်လာကြသည်။

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲနှင့်အတူ အရှေ့တန်ဘုရင်လည်း လိုက်ပါလာသည်။

အရှေ့တန်နိုင်ငံအတွင်း ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များအပေါ် အရှေ့တန်နိုင်ငံကလည်း စိုးရိမ်ပူပန်ကြောင်း ပြသရပေမည်။ သို့သော် နိုင်ငံ၏ဘုရင်တစ်ပါးအနေဖြင့် မြို့တော်ကို စွန့်ခွာပြီး နိုင်ငံ၏နယ်စပ်ဒေသသို့ လာရောက်သည့်အဖြစ်က လူတိုင်း ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။

အပြင်ပန်းတွင် နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းရှိ ထူးဆန်းသော အခြေအနေက အရှေ့တန်နိုင်ငံတစ်ဝက်လောက်ကို သက်ရောက်နိုင်သည့်အတွက် ဘုရင်ကိုယ်တိုင်  လာရောက်စစ်ဆေးရသည်ဟု ကြေငြာထားသော်လည်း ရှု့ချွမ်၊ ဝမ်နင်ဇီနှင့် အခြားသူများ၏အမြင်၌ အရှေ့တန်ဘုရင်သည် ထိုအကြောင်းကြောင့် မဟုတ်ဘဲ ရန်ကျောက်ကဲအတွက်  ဤနေရာသို့ ရောက်လာပုံရသည်။

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲသည် ရန်ကျောက်ကဲအတွက် လာခြင်းကောင်းသောသူ မဟုတ်ပေ။ ထို့ပြင် အရှေ့တန်အကြီးအကဲရန်ရှု့ကလည်း ရန်ကျောက်ကဲ၏ဒုတိယသိုင်းဦးလေးကို အမာခံ ထောက်ခံသည့်သူ ဖြစ်နေသေးသည်။

အများမြင်ကွင်းတွင် ရန်ကျောက်ကဲကဲ့သို့ နောက်ခံရှိသူတစ်ယောက်ကို ရိုက်နှက်စစ်ဆေးဖို့ရာ မဖြစ်နိုင်သော်လည်း ရန်ကျောက်ကဲ ရင်ဆိုင်နေရသည့် ဖိအားက မနည်းပါးပေ။

အရှေ့တန်ဘုရင်နှင့် ရန်ကျောက်ကဲ၏အဖေမှာ ငယ်သူငယ်ချင်းများဖြစ်သဖြင့် ဤတစ်ကြိမ်တွင် အရှေ့တန်ဘုရင်သည် ရန်ကျောက်ကဲကို အကူအညီပေးရန် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။

မကြာသေးမီနှစ်များအတွင်း အရှေ့တန်နိုင်ငံတွင် နေသူတော်စင်ဂိုဏ်း၏ စိမ့်ဝင်ထိုးဖောက်မှုက အရေးကြီးသည့် အခြေအနေသို့ ရောက်နေလေပြီ။ သို့သော် ဝါဒတောင်ဂိုဏ်း အသာစီးရနေသေးသည့် အဓိကအကြောင်းရင်းမှာ အရှေ့တန်နိုင်ငံဘုရင်က ဝါဒတောင်ဂိုဏ်းအပေါ် မျက်နှာသာပေးထားခြင်းကြောင့် ဖြစ်သည်။

အရှေ့တန်ဘုရင် ရောက်လာသည့် သတင်းကို ကြားပြီး  ရှု့ချွမ်သည် မပျော်ရွင်ပေ။ စိုးရိမ်နေမိသည်။ ဝမ်နင်ဇီကမူ စိုးရိမ်မှုမရှိဘဲ ပျော်ရွင်နေ၏။

ထိုကဲ့သို့ ဘုရင်ရောက်လာခြင်းက ရန်ကျောက်ကဲအပေါ် အကူအညီ ဖြစ်စေနိုင်သော်လည်း ဤအကောင်ကြီးကြီး ရောက်လာခြင်းမှာ ဤတစ်ကြိမ်တွင် ရန်ကျောက်ကဲ ရင်ဆိုင်ရမည့် အခက်အခဲသည် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း ပြသနေသည်။ သည်တစ်ခါ ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးခန်းမ အမှန်တကယ် လှုပ်ရှားလေပြီ။ အရှေ့တန်နိုင်ငံ၏ဘုရင်ပင် ရပ်မကြည့်နေနိုင်တော့ပေ။

စစ်ခုန်ချင်းနှင့် အခြားလူငယ်တပည့်များက ဘုရင်ရောက်လာသည့် နောက်ကွယ်မှ နက်ရှိုင်းသာ အဓိပ္ပာယ်ကို နားမလည်ကြပေ။ သို့သော် သူတို့သည် မွန်းကြပ်စရာကောင်းသည့် ပတ်ဝန်းကျင်ကို ခံစားမိသည်။

မုန်တိုင်းလာချေပြီ။

ခန်းမ၏အပြင်ဘက်တွင် ရန်ကျောက်ကဲက သူတို့ကို လှည့်ကြည့်လိုက်သည်။ ပြုံးရင်း “သူတို့က ငါ့ကို စစ်မေးမှာ၊ မင်းတို့ကို မဟုတ်ဘူး၊ အဲ့တော့ မင်းတို့ စိတ်လှုပ်ရှားနေစရာမလိုဘူး”

သူတို့ ဟန်လုပ် ရယ်လိုက်ကြသည်။ သို့သော် သူတို့၏ မျက်နှာပေါ်၌ စိုးရွံ့မှုများ အထင်းသား ပေါ်နေသည်။ အလင်းဝိဉာဉ်ကြောင်လေးအား ပိုက်ထားသော မိန်းကလေးက အရဲကိုး၍ ပြောလိုက်သည်။ “စီနီယာအကိုကြီးရန်၊ အကိုကြီးရန် ဘာမှ မဖြစ်ဘူးဆိုတာ ကျွန်မ ယုံကြည်ပါတယ်”

ရန်ကျောက်ကဲ ပြုံးပြသည်။ နောက်လှည့်၍ ခန်းမထဲသို့ ဝင်သွားလေ၏။

ခန်းမထဲရှိ စင်မြင့်ပေါ်တွင် လူနှစ်ယောက် ဘေးချင်းကပ် ထိုင်နေကြသည်။

တစ်ယောက်မှာ တည်ငြိမ်အေးချမ်းသောဟန်ပန်ရှိပြီး ဩဇာတိက္ကမနှင့် ပြည့်စုံသော အငွေ့အသက်များ ထွက်ပေါ်နေသည့် အဘိုးအို ဖြစ်သည်။ ထိုအဘိုးအိုမှာ ဝါဒတောင်ဂိုဏ်း၏ အရှေ့ကောင်းကင်ဒေသ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဖြစ်သည်။

အခြားတစ်ယောက်မှာမူ တောက်ပသော အဝါရောင်အဝတ်အစားများဝတ်ဆင်ထားပြီး တော်ဝင်ဆန်သော အငွေ့အသတ်များ ထွက်ပေါ်နေသည့် လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။ သူကား အရှေ့တန်နိုင်ငံ၏ ဘုရင်မင်းမြတ်ဖြစ်၏။

သူ့ထက် တစ်ဆင့်နိမ့်သော နေရာတွင် တည်ကြည်သော မျက်နှာထားရှိသည့် ပိန်ပိန်ပါးပါး အဘိုးအို တစ်ဦး ငြိမ်သက်စွာ ထိုင်နေသည်။ ထိုပုဂ္ဂိုလ်မှာ ဝါဒတောင်ဂိုဏ်းမှ ခန့်ထားသော အရှေ့တန် အကြီးအကဲ ရန်ရှု့ဖြစ်သည်။

ဤခန်းမ၏ မူလပိုင်ရှင်ဖြစ်သော ဝါဒတောင်ဂိုဏ်း၏ အရှေ့တန်နိုင်ငံ၊ချောက်နက်ကြီးကြပ်ခြင်းမြို့၏အကြီးအကဲ ရှု့ချွမ်သည် ရိုသေလေးစားစွာဖြင့် လူတန်း၏ အဆုံးတွင် ထိုင်နေ၏။

သူ့မျက်နှာသည် တည်ငြိမ်သည့် ဟန်ပန်ရှိသော်လည်း သူ့အကြည့်များထဲတွင် စိုးရိမ်မှု တစွန်းတစ ပါဝင်နေသည်။

ခန်းမထဲသို့ ရောက်သောအခါ ရန်ကျောက်ကဲက ထိုအကြီးအကဲများအား အရိုအသေပေးလိုက်သည်။
ဘုရင်နှင့် ရန်ရှု့က မည်သည့်စကားမျှမပြော၊ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ အရှေ့ကောင်းကင်ဒေသ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက စတင် မေးမြန်းသည်။

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ရန်ကျောက်ကဲအား ကြည့်လျက် တည်ငြိမ်စွာ ပြောသည်။ “တူလေးရန်ရဲ့ ချောင်ယွမ်လုံအပေါ် နိုင်ပွဲက ဝါဒတောင်ဂိုဏ်းကို ဂိုဏ်တက်စေတယ်၊ ဒါ ဂုဏ်ပြုရမည့် အရာပဲ”

“ဒါပေမယ့်၊ အဲ့လို အနိုင်ရပြီးတော့ မောင်ရင်က သတိမေ့နေတဲ့ ချောင်ယွမ်လုံနဲ့ တခြားနေသူတော်စင်ဂိုဏ်းသားတွေကို မုန်တိုင်းမျက်လုံးကနေ မောင်းထုတ်လိုက်တယ် ကြားတယ်”

“ချောင်ယွမ်လုံနဲ့တိုက်တုန်းက မောင်ရင်က အနိုင်ရရုံတင် မဟုတ်ဘူး၊ ချောက်ယွမ်လုံကို တမင်သက်သက် အရှက်ကွဲတယ်၊ သူ့မျက်နှာကို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်တယ်၊ အဲ့တာတင်မကဘူး တခြားနေသူတော်စင်ဂိုဏ်းသားတွေကိုပါ အရှိုးရာထင်အောင် ရိုက်တယ်”

“အဲ့တာတွေက နေသူတော်စက်ဂိုဏ်းရဲ့ ထွက်ဆိုချက်တွေပဲ”

“အဲ့ထဲမှာ အမှားပါတာ ရှိရဲ့လား”

ရန်ကျောက်ကဲက သိမ်မွေ့စွာ ပြောလိုက်သည်။ “မှန်တယ်ဆိုတဲ့ သဘောပါပဲ”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ပြန်မေးသည်။ “မင်းကိုယ်မင်း ဘာများ ချေပချင်သေးလဲ”

အရှေ့တန်အကြီးအကဲ ရန်ရှု့က ထပ်ပေါင်းပြောဆိုသည်။ “အခု ဒီကိစ္စက မင်းနဲ့ ချောင်ယွမ်လုံကြား သိုင်းပညာဖလှယ်ရုံ ကိစ္စလောက် မဟုတ်တော့ဘူး”

ရန်ကျောက်ကဲက ပေါ့ပါ့ပါးပါး ပြုံးလိုက်သည်။ “ကျွန်တော် သူတို့ကို မုန်တိုင်းမျက်လုံးက မောင်းထုတ်လိုက်တယ်ဆိုတာ အဲ့နေရာက ကျွန်တော်တို့ ဂိုဏ်းအတွက် အထူးအသုံးဝင်လို့ပဲ၊  အဲ့နေရာကို လျို့ဝှက်ချက် အနေနဲ့ ထိန်းသိမ်းထားဖို့ နေသူတော်စင်ဂိုဏ်းက လူတွေကို အဲ့နေရာမှာ ဆက်နေခွင့် မပြုနိုင်ဘူး”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက မျက်လုံးပင့်၍ ကြည့်လိုက်သည်။ “ဟေ……”

ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ “အဲ့နေရာက မိစ္ဆာဝိဉာဉ်ကိုးပါး ဆုံစည်းတဲ့ နေရာပဲ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အဆင့်မြှင့်တင်ဖို့ ကျွန်တော် အဲ့နေရာမှာ စမ်းသပ်မှုလုပ်ရမယ်”

ဝါဒတောင်ဂိုဏ်းသားမဟုတ်ဘဲ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအကြောင်း သိထားသည့်  လူအနည်းစုတွင် အရှေ့တန်ဘုရင်လည်း ပါဝင်သည်။

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက  ဆက်မေးသည်။ “အဲ့နေရာက မရှိတော့ဘူး၊ မင်းရဲ့ဖြေရှင်းချက် မှန်ကန်ကြောင်း သက်သေရှိလား”

ရန်ကျောက်ကဲက အရိုးခံအပြည့်ဖြင့် ဖြေကြားသည်။ “ကျွန်တော်ယူလာတဲ့ အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုက ချောက်ထဲကျပြီး ပျောက်သွားပြီ၊ အဲ့မီးပြင်းဖိုက ကျွန်တော့ဆီမှာ မရှိတော့တာ အမှန်ပဲ၊ ဒါပေမယ့် အဲ့မီးပြင်းဖိုနဲ့ အချိန်ခဏလေးအတွင်း အလယ်အလတ်တန်းစား  ဝိဉာဉ်လက်နက်ကို ကျွန်တော် သန့်စင်နိုင်ခဲ့တယ်၊ အဲ့နေရာမှာ ကျွန်တော်နဲ့အတူ ရှိခဲ့တဲ့ ဂိုဏ်းတူညီလေးတွေ၊ ညီမလေးတွေ အကုန် သက်သေခံနိုင်တယ်”

လူငယ်တပည့်များတွင် အမြင့်ဆုံးကျင့်ကြံမှုရှိသော စစ်ခုန်ချင်းက အရင်ဆုံး မေးမြန်းခံရသည်။
“အကိုကြီးရန်ရဲ့ စကားက မှန်ပါတယ်၊ ကျွန်မနဲ့ အခြားဝါဒတောက်တပည့်တွေ အဲ့တာကို မြင်ခဲ့ပါတယ်”

အရှေ့တန်အကြီးအကဲရန်ရှု့က စစ်ခုန်ချင်းအား ကြည့်လိုက်သည်။ “အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို အကြောင်း ဘယ်လောက်သိလဲ၊ အဲ့တာက ဘယ်လိုအလုပ်လုပ်လဲရော သိလား၊  အမြင်နဲ့တင် အခြေအနေကို ဆုံးဖြတ်ချင်တာလား”

စစ်ခုန်ချင်းက မနှေးလွန်း မမြန်လွန်းသော အသံဖြင့် ပြန်လည်ဖြေကြားသည်။ “ဒီတပည့်က အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအကြောင်း အနည်းအကျဉ်းသာ နားလည်ပါတယ်၊ အဲ့အချိန်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ အတိအကျ မဆုံးဖြတ်နိုင်ပါဘူး၊ ဒီတပည့် ပြောခဲ့တဲ့ စကားတွေအကုန်လုံးက ဒီတပည့် မြင်ရတဲ့အတိုင်း ပြောခဲ့တာပါ”

“အကိုကြီးရန်က ကျွန်မတို့ရဲ့အမြင်အာရုံကို လှည့်စားဖို့ အလယ်အလတ်တန်းစား ဝိဉာဉ်လက်နက်တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး သေမျိုးကိရိယာနဲ့  လဲလိုက်တာလားဆိုတာတော့ ဒီတပည့်ရဲ့ကျင့်ကြံမှုအဆင့်နဲ့ သေချာ မသိနိုင်ပါဘူး၊ ဒါပေမယ့် အနက်ရောင်ဓားကတော့ သေချာပေါက် အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်ပါ”

“အဲ့ဒီ့ မိစ္ဆာဝိဉာဉ်ကိုးပါး ဆုံစည်းတဲ့ နေရာက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အဆင့်မြှင့်တင်ရာမှာ အထောက်အပံ့ဖြစ်နိုင်တယ်ဆိုတဲ့အချက် ဟုတ်၊ မဟုတ်ကိုလည်း ဒီတပည့် အတည်မပြုနိုင်ပါဘူး၊ ဒါပေမယ့် မိစ္ဆာဝိဉာဉ်ကိုးပါး ဆုံစည်းတာကို တပည့် အရင်ထဲက တွေ့ဖူးပါတယ်”

ထိုစကားကို ကြားပြီး လူတိုင်းက သူ့အား ကြည့်လိုက်ကြသည်။ မိစ္ဆာဝိဉာဉ်ကိုးပါး ဆုံဆည်းသည့် နေရာကို လူအများ တွေ့မြင်နိုင်ဖို့ နေနေသာသာ ကြားပင် မကြားဖူးကြပေ။

ရန်ရှု့က  စစ်ခုန်ချင်းကို ကြည့်ပြီး သူ့ခေါင်းကို ဖြည်းဖြည်းချင်း ငြိမ့်လိုက်သည်။

အရှေ့တန်နိုင်ငံဘုရင်က ပထမဆုံးအကြိမ် စကားစပြောလိုက်သည်။ “လုံမပျိုလေးစစ်ခုန်ရဲ့ စကားကို ထောက်ရှု့ရင်  မိစ္ဆာဝိဉာဉ်ကိုးပါးဆုံစည်းတဲ့ အရိပ်အယောင်တွေ အမှန်တကယ် ပြတယ်ပေါ့”

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်”

“မိစ္ဆာဝိဉာဉ်ကိုးပါး ဆုံစည်းတဲ့နေရာဆိုတာ အချိန်တစ်ခုကြာရင် သူ့အလိုလို ပျောက်သွားတတ်တယ်”

သူက ရန်ကျောက်ကဲကို ကြည့်လိုက်သည်။ “ဒီကိစ္စက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ သက်ဆိုင်နေတယ်၊ ဘယ်လိုနှောင့်နှေးမှုပဲဖြစ်ဖြစ် အခွင့်အရေးကောင်းနဲ့ လွဲချော်သွားနိုင်တယ်၊ မင်းက ဒါကိုမြင်လို့ အင်အားသုံးပြီး နေသူတော်စင်ဂိုဏ်းသားတွေကို အဲ့နေရာက ဖယ်ရှားပစ်တယ်၊ ငါ မင်းကို အပြစ်မမြင်နိုင်ပါဘူး”

“တကယ်လို့ အဲ့လိုလုပ်လို့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုရဲ့ထိရောက်မှုကို နောက်တစ်ဆင့်တိုးမြှင့်နိုင်ရင် မင်းဟာ အပြစ်မရှိရုံတင် မကဘူး၊ အကျိုးဆောင်နိုင်ခဲ့တယ်လို့တောင် ပြောလို့ရတယ်”

“နေသူတော်စင်ဂိုဏ်းနဲ့ ကိစ္စကို ငါတို့ဂိုဏ်းက ကိုင်တွယ်လိုက်မယ်၊ မင်း ဝင်ပါစရာမလိုဘူး၊ ဒါပေမယ့် သူတို့ဂိုဏ်းရဲ့လူငယ်မျိုးဆက်တွေထဲက တပည့်တစ်ယောက်ယောက်က မင်းနဲ့ သိုင်းပညာယှဉ်ပြိုင်ဖို့တောင်းဆိုရင် မင်းကိုယ်တိုင် ဖြေရှင်းရမယ်”

ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “ဒါက သဘာဝကျပါတယ်”

နေသူတော်စင်ဂိုဏ်းက အနည်းငယ် ပိုမို အင်အားကြီးမားသော်လည်း တန်းတူ ထိပ်သီးနယ်မြေဖြစ်သော ဝါဒတောင်ဂိုဏ်းက ရန်ကျောက်ကဲတွင် အပြစ်ရှိကြောင်း တွေ့ရှိလျှင် ဂိုဏ်းထဲ၌ပင် အပြစ်ပေးမည်။ အခြားပြင်ပအင်အားစုများ ထိပါးခွင့် ပြုမည် မဟုတ်ပေ။ ထိုသို့ ခွင့်ပြုပါက အခြားထိပ်သီးနယ်မြေများ၏ရှေ့တွင် ဂိုဏ်း၏ ပျော့ညံ့မှုကို ပြသရာလည်း ရောက်သည်။

ဤကဲ့သို့ ဖြစ်ရပ်မျိုးတွင် ရန်ကျောက်ကဲ အပြစ်ပေးခံရတောင်မှ သူ့အပြစ်ဒဏ်က သိပ်မပြင်းထန်လောက်ပေ။ အလွန်ဆုံးမှ အပြင်ဘက်ကမ္ဘာတွင် သူ့စိတ်ရှိသလို ထင်တိုင်းကြဲ ပြဿနာမလုပ်ရန်၊ ထိုသို့ လုပ်ရပ်သည် အကျိုးမရှိ၊ ဂိုဏ်းအတွက် မလိုလားအပ်သော ပြဿနာများ ဖိတ်ခေါ်ရာရောက်ကြောင်း ဆုံးမခံရရုံသာ ဖြစ်သည်။

နောက်လာမည့် အကြောင်းအရာမှာ ဤပွဲ၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်သည်။

သူ မျှော်လင့်ထားသလိုပင် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်သည်။ “နေသူတော်စင်ဂိုဏ်းနဲ့ကိစ္စကို ခဏ ဘေးဖယ်ထားမယ်……၊ ငါတို့ဂိုဏ်းရဲ့တပည့်ရီကျင်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ သေသွားတယ်၊ ဒီအဖွဲ့ကို ဦးဆောင်တဲ့ သိုင်းပညာရှင်အနေနဲ့၊ သိုင်းတူလေးရန်၊ မင်း ဘာများ ပြောချင်လဲ”

အရှေ့တန်အကြီးအကဲရန်ရှု့က ဆက်ပြောသည်။ “အနက်ရောင်မြူထဲမှာ မင်း ဘာသွားလုပ်လို့  ရီကျင်းက မင်းနာမည်ကို ဒေါသတကြီး အော်ဟစ်တာလဲ”

“ရီကျင်းက ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်လက်ချက်နဲ့ သေတာရော ဟုတ်ရဲ့လား”

Comment

Leave a Reply

Options

not work with dark mode
Reset