Switch Mode

အခန်း ( ၄ )

ဓာတ်နှောများ

“ အဲဒီလူသာ အသက်ရှင်နေသေးရင် ခရမ်းရောင်အလင်းတန်းနဲ့ ပတ်သက်နေလောက်တယ်။ ဒါပေမဲ့ ထောင်ချောက်တစ်ခုလည်း ဖြစ်နေနိုင်တာပဲ ”

ရွှီချင်းက တစ်ကိုယ်တည်း ရေရွတ်ကာ စဉ်းစားချင့်ချိန်နေသည်။

မြို့ပျက်ကြီးထဲ၌ ဤရက်များအတွင်း နတ်ဘုရား၏ အရှိန်အဝါ တိုက်စားခြင်းကြောင့် သန္ဓေပြောင်းသွားရသော သတ္တဝါများသည် အလွန် ရက်စက်ကြမ်းကြုတ်ကာ ကြောက်ခမန်းလိလိ အစွမ်းထက်ကြသည်ကို သူ ကောင်းစွာ နားလည်သဘောပေါက်လာခဲ့သည်။

တားမြစ်နယ်မြေ အပြည့်အဝ ရုပ်လုံးမပေါ်သေးသည့်အတွက်ကြောင့်ပေလော၊ ထိုသန္ဓေပြောင်းသားရဲများက နေ့ခင်းပိုင်းတွင် အိပ်စက်နေလေ့ရှိသည်။

သူသည် ဝါးပေလွှာကို ရရှိသည့်အချိန်မှစ၍ သန္ဓေပြောင်းသားရဲများ အိပ်စက်အနားယူနေသည့် နယ်မြေအထိ သွားရောက်ရှာဖွေလေသည်။

သူသာ သတိထားနေသရွေ့ ပြဿနာကြီးကြီးမားမား ကြုံလာရမည် မဟုတ်ပေ။

ရွှီချင်းအတွက်မူ ယင်းသားရဲများထက် လူသားများကို ပိုမိုကြောက်လန့်မိသည်။ တစ်ခါတရံ လူသားများ၏ စိတ်က ရက်စက်ကြမ်းတမ်းသော သားရဲများထက် အဆပေါင်းများစွာ ကောက်ကျစ်ယုတ်မာသည် မဟုတ်ပါလား။

သူ စဉ်းစားတွေးတောပြီးနောက် သူ၏အကြည့်က တဖြည်းဖြည်း အေးစက်တင်းမာလာသည်။ သက်ရှိလူသားတစ်ယောက်ဖြစ်စေ၊ ထောင်ချောက်တစ်ခုဖြစ်စေ ထိုနေရာသို့ နောက်တစ်ခေါက် ထပ်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ မသွားခင် ကောင်းစွာ ပြင်ဆင်ရမည် ဖြစ်သည်။

ထိုအကြောင်းကို တွေး၍ ရွှီချင်းက ဝါးပေလွှာလေးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။

ကျင့်ကြံနေသည့် ယခုရက်များအတွင်း သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများက သူ့ကို ယုံကြည်မှု တိုးပွားလာစေသည်။ ဝါးပေလွှာထဲရှိ ခေါင်းစဉ်တစ်ခုက သူ့ခေါင်းထဲ အလိုလို ပေါ်လာသည်။ ကျင့်ကြံခြင်းနည်းလမ်းအပြင် ယင်းအထဲတွင် ကျင့်ကြံခြင်းမိတ်ဆက်တစ်ခုလည်း ရှိနေပေသည်။

နတ်ဘုရား၏မျက်နှာပျက်ကြီး မပေါ်ပေါက်လာခင် ဟိုးရှေးခတ်ကာလကတည်းက ကျင့်ကြံခြင်းက ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် အပြောင်းအလဲ အနည်းငယ် ရှိလာပြီဖြစ်သော်လည်း ခြုံကြည့်လျှင် ကျင့်ကြံခြင်းအဆင့်များက ယခင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။

ယင်းတို့မှာ ချီစုစည်းမှုအဆင့်၊ အခြေတည်အဆင့်၊ အမြုတေဖွဲ့စည်းခြင်းအဆင့်၊ မူလဝိညာဉ်အဆင့် တို့ဖြစ်ကြသည်။

မူလဝိညာဉ်အထက်ရှိ ကျင့်ကြံခြင်းအဆင့်များမှာ မြင့်မားလွန်း၍ထင် ဝါးပေလွှာက မှတ်တမ်းတင်မထားပေ။ သို့သော် ယင်းက ကျင့်ကြံသူများ ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ရွှီချင်းအား ရှင်းရှင်းလင်းလင်း သိသွားစေသည်။

ယင်းမှာ နတ်ဘုရားအရှိန်အဝါက ဝိညာဉ်စွမ်းအားကို ညစ်ထွေးသွားစေခဲ့ပြီး သက်ရှိများအတွက် အဆိပ်အတောက် ဖြစ်စေခဲ့သောကြောင့် ဖြစ်ပေသည်။

မည်သည့်အချိန်ကတည်းက သတ်မှတ်လိုက်သည် မသိသော်လည်း နတ်ဘုရားအရှိန်အဝါကို လူအားလုံးက ‘ ဓာတ်နှော ’ အဖြစ် ခေါ်ဝေါ်ကြသည်။

ဓာတ်နှောများက ခန္ဓာကိုယ်ထဲ အတိုင်းအတာတစ်ခုအထိ စုစည်းမိသွားသောအခါ ကျင့်ကြံသူတစ်ယောက်ကို သန္ဓေပြောင်းလဲသွားစေသည်။ ကျင့်ကြံသူက သွေးများ ဖွာခနဲ ပန်းထွက်၍ ပေါက်ကွဲသွားသည်နှင့် အသိဥာဏ်မရှိသော သန္ဓေပြောင်းသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

နတ်ဘုရားအကြည့်သက်ရောက်ခံလိုက်ရသည့် နေရာ၌ ဓာတ်နှောများ ရုတ်ခြည်း တိုးပွားသွားတတ်ပြီး သန္ဓေပြောင်းလဲခြင်းဖြစ်စဉ်ကို မြန်ဆန်သွားစေသည်။

ကျင့်ကြံခြင်း၌ အန္တရာယ် ရှိနေပေသည်။

မကျင့်ကြံလျှင်လည်း နတ်ဘုရားအရှိန်အဝါ သက်ရောက်ခံနေရသော ဖုန်ဆိုးမြေ၌ လူသားများ၏ သက်တမ်းမှာ ပို၍ တိုတောင်းသွားမည်ဖြစ်သည်။ ယင်းအပြင် အဖျားရောဂါနှင့် ရောဂါပိုးများကလည်း နေရာအနှံ့ ပျံ့နှံ့နေသည်။ သက်ရှိသတ္တဝါများမှာ ငရဲကြီးရှစ်ထပ်ကို ရောက်နေသည့်အလား ကောင်းမွန်သော အဆုံးသတ်ဟူ၍ မရှိသလောက်ပင်။

ကျင့်ကြံရန် လမ်းတစ်လမ်းသာ ရှိပြီး ရွေးချယ်စရာဟူ၍ မရှိချေ။

သို့ဖြစ်၍ နှစ်ပေါင်းများစွာကြာသည်အထိ လူသားများက မျိုးရိုးစဉ်ဆက် ဆင်းသက်လာခဲ့သော ကျင့်ကြံခြင်းနည်းလမ်းများကို ခွဲခြမ်းစိတ်ဖြာကြသည်။

လက်ရှိလူတိုင်းသိထားကြသော အသိများအရ ဝိညာဉ်စွမ်းအားကို စုပ်ယူရာတွင် ကျင့်ကြံခြင်းပညာရပ်အား သုံး၍ ဝိညာဉ်စွမ်းအားထဲတွင် ရောနှောနေသော ဓာတ်နှောများကို ခွဲထုတ်ကာ ခန္ဓာကိုယ်တစ်နေရာတွင် သိမ်းဆည်းထားလေ့ရှိသည်။

ထိုနေရာကို သန္ဓေပြောင်းအမှတ်ဟူ၍ ခေါ်ဆိုသည်။

သို့ဖြစ်၍ ကျင့်ကြံခြင်းပညာရပ် ကောင်းသည်၊ဆိုးသည်ကို ဆုံးဖြတ်ရာတွင် ဓာတ်နှောများအား ဖယ်ထုတ်ပေးနိုင်သည့်နှုန်းအပေါ်လည်း မူတည်ပေသည်။

ယင်းအပြင် ဓာတ်နှောဖယ်ထုတ်ပေးနိုင်စွမ်း မြင့်မားသော ကျင့်ကြံခြင်းပညာရပ်အားလုံးကို အင်အားကြီးအုပ်စုများ သို့မဟုတ် မျိုးနွယ်စုများက ပိုင်ဆိုင်ထားကြပြီး ၎င်းတို့က သူတို့၏အဖိုးတန် အရင်းအမြစ်များ ဖြစ်သည်။ ထိုအခန်းကဏ္ဍတွင် နတ်ဘုရားရောက်လာသည်ဖြစ်စေ မရောက်သည်ဖြစ်စေ ယခင်အခြေအနေများနှင့် တူညီပေသည်။

လူများက ကျင့်ကြံခြင်းပညာရပ်အသီးသီးကို လေ့ကျင့်ကြသည်ဖြစ်၍ ဓာတ်နှောများအား ဖယ်ထုတ်သည့်နှုန်းမှာလည်း မတူညီကြပေ။ သို့ဖြစ်ရာ သူတို့၏ သန္ဓေပြောင်းအမှတ်တည်နေရာများသည်လည်း ကွဲပြားကြသည်။

မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်က ကျင့်ကြံလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောများ ရောက်ရှိလာကြမည်ဖြစ်ပြီး သန္ဓေပြောင်းအမှတ်အသား တဖြည်းဖြည်း ဖြစ်ပေါ်လာမည်ဖြစ်သည်။

လေ့လာတွေ့ရှိချက်များအရ သန္ဓေပြောင်းလဲခြင်းကို မဟန့်တားနိုင်ပေ။ ဆေးလုံးအနည်းငယ်ဖြင့် သန့်စင်နိုင်ပါသော်လည်း ယင်းက အမြစ်ပြတ်အောင် ကုသပေးနိုင်စွမ်း မရှိပေ။

သန္ဓေပြောင်းအမှတ်အသားအား အပြီးတိုင် ချေဖျက်ခြင်းနှင့်ပတ်သက်၍ ဝါးပေလွှာထဲတွင် ဝါကျတစ်ကြောင်း ပါရှိသည်။

ဖုန်ဆိုးမြေ၌ နန်းဟွမ်ဒေသကြီးထက် ပို၍ ကြီးမားကျယ်ပြန့်သော ဝမ်ကူးဒေသကြီးရှိသည်။

ယင်းက လူသားမျိုးနွယ် စတင်ပေါက်ဖွားရာနေရာဖြစ်ပြီး နတ်ဘုရားအရှိန်အဝါ သက်ရောက်သွားခဲ့ပါသော်လည်း ထိုဒေသ၌ အညစ်အထေးကို လုံးဝဥဿုံ ချေဖျက်ပေးနိုင်သော နည်းလမ်းတစ်မျိုး ရှိနေဟန်တူသည်။

သို့ပေမည့် ယင်းအဖြေက ဖြစ်နိုင်ချေနည်းပါးသည်။ အလွန်ဂုဏ်အရှိန်အဝါ ကြီးမားသည့် လူများသည်သာ ယင်းပညာရပ်များကို လေ့ကျင့်နိုင်ကြသည်။

သာမန်လူသားများအနေဖြင့် မျှော်လင့်တောင့်တနေရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။

အဆင့်အတန်းနိမ့်ကျသော ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများအတွက်ပင် ယင်းပညာရပ်များအား ပိုင်ဆိုင်ခွင့်ရရန် မဖြစ်နိုင်ပေ။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ လေ့ကျင့်သော ကျင့်ကြံခြင်းပညာရပ်များတွင် များသောအားဖြင့် ဓာတ်နှောများအား ဖယ်ရှားပေးသည့်နှုန်း လွန်စွာနိမ့်ကျသည်ဖြစ်ပြီး သူတို့အတွက် ကျင့်ကြံရန် ခဲယဉ်းသည်သာမက သန္ဓေပြောင်းသည့်အန္တရာယ်လည်း ပို၍ ကြီးမားပေသည်။

ထိုသို့ ကျင့်ကြံခြင်းအန္တရာယ်က ကြီးမားပါသော်လည်း လူအများစုက ကျင့်ကြံသူတစ်ယောက်ဖြစ်လာစေရန် ကြိုးစားနေကြဆဲပင်။

ဥပမာအနေဖြင့် ရွှီချင်းသည် သူ့ကိုယ်သူ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်အဖြစ် ယူဆထားသည်။

ဝါးပေလွှာတွင် ဖော်ပြချက်များအရ ဖုန်ဆိုးမြေရှိ ကျင့်ကြံသူများသည် အန္တရာယ်များ၊ အခက်အခဲများဖြင့် ပြည့်နှက်နေသော မပြန်လမ်းကို လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။ သူတို့က ကမ်းမမြင်နိုင်သော ပင်လယ်ပြင်ကျယ်ကြီး၏ တခြားတစ်ဖက်ကို ရောက်ရှိရန် ကူးခတ်နေသော သာမန်လူသားများနှင့် ဆင်တူသည်။

မည်သို့ပင်ဆိုစေကာမူ ဒဏ္ဍာရီလာတစ်ဖက်ကမ်းကို သူတို့ မမြင်ရခင် မောပန်းနွမ်းနယ်၍ သေဆုံးသွားကြရမည်သာ ဖြစ်ပေသည်။

ဆင်းရဲသားရပ်ကွက်တွင် နေထိုင်ကြီးပြင်းခဲ့ရသော ရွှီချင်းမှာမူ အဖျားရောဂါနှင့် ထိခိုက်ဒဏ်ရာတစ်ခုသည်ပင် လူ့အသက်ကို ဆုံးပါးသွားစေနိုင်ကြောင်း ကောင်းစွာ နားလည်ထားသည်။

“ ဒီတော့ နောင်တချိန်မှာ သန္ဓေပြောင်းသွားမယ့်အရေးထက် မနက်ဖန်အထိ အသက်ရှင်နိုင်ဖို့ကိုပဲ စိတ်ပူနေရမှာ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူက ရင်ဘတ်မှ ဒဏ်ရာကြီးအား ခပ်ဖွဖွ ပွတ်သက်ကာ အက်ကွဲကြောင်းမှတစ်ဆင့် ကောင်းကင်ကြီးအား ငေးမောကြည့်လိုက်သည်။

ထိုစဉ် အရုဏ်ဦးရောင်ခြည်တန်းများက အပြင်ဘက်လောကကြီးကို ဖြန့်ကျက်ရန် ဟန်ပြင်နေပြီး သွေးပျက်ခမန်း အော်ဟစ်သံများသည်လည်း တစတစ နည်းပါးလာသည်။

“ သွေးမိုးသာ ဆက်တိုက်ရွာနေပြီး ခရမ်းရောင်အလင်းတန်းကို ငါ ရှာမတွေ့ဘူးဆိုရင် ဒီနေရာကနေ ထွက်ပြီး တခြားမြို့တွေမှာ ငါ ဆေးပင်သွားရှာရမယ် ”

ရွှီချင်းသည် သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကြီးအား ငုံ့ကြည့်လိုက်သည်။

နတ်ဘုရားအရှိန်အဝါ သက်ရောက်ခံလိုက်ရပြီး သွေးမိုးများ အဆက်မပြတ် ရွာသွန်းနေသည်ဖြစ်၍ မြို့ထဲရှိ့ပစ္စည်းများအားလုံး ညစ်ထွေးနေသည်။ ဆေးပင်များသည်လည်း အရောင်အဆင်းကင်းမဲ့ကာ ဤနေရာကြီးတစ်ခုလုံး အရင်းအမြစ် ကင်းမဲ့နေတော့သည်။

ရွှီချင်းသည် လက်ဖြင့် ရင်ဘတ်မှဒဏ်ရာအား ဖိလိုက်ရာ သွေးအနည်းငယ် စိမ့်ထွက်လာသည်။

သူ့မျက်နှာ အနည်းငယ် ဖြူဖျော့သွား၏။ သူက အသက်ပြင်းပြင်းရှူကာ အတွင်းအင်္ကျီကို ပတ်တီးအဖြစ် ဒဏ်ရာတွင် စည်းလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ အားတင်း၍ မိုးသောက်ယံအချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။

မကြာခင် အပြင်ဘက်ရှိ မာန်ဖီဟိန်းဟောက်သံများက ပို၍ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းလာသည်။

အချိန်အနည်းငယ်ကြာပြီးနောက် အသံများအားလုံး တိခနဲ ငြိမ်ကျသွားသည်။ အက်ကွဲကြောင်းမှတစ်ဆင့် ရွှီချင်းသည် အပြင်ဘက်ရှိ ကောင်းကင်ကြီးက ကြည်လင်တောက်ပနေသည်ကို မြင်လိုက်ရသည်။

ယခင်အတွေ့အကြုံများအရ ယခုအချိန်တွင် သူ ထွက်ခွာနိုင်ပြီဖြစ်သည်ကို သူ သိသည်။

သို့သော် သူက ချက်ချင်း မထွက်သေးဘဲ မတ်တတ်ရပ်ကာ အကြောအချဉ် ဖြေလျော့လိုက်သည်။

သူ့ခန္ဓာကိုယ် နွေးထွေးလာသောအခါမှသာ ဝင်ပေါက်တွင် ပိတ်ဆို့ထားသော ကျောက်တုံးများနှင့် ပစ္စည်းပစ္စယများကို ဖယ်လိုက်သည်။ သူက ဝင်ပေါက်မှတစ်ဆင့် တိုးဝင်လာသော အလင်းဖျော့ဖျော့ကို အားယူ၍ သားရေအိတ်ရှုံ့လေးအား ဖွင့်ကာ ရှာဖွေလိုက်သည်။

ထို့နောက် သံချေးတက်နေသော ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ သူ့ပေါင်မှာ ချည်ထားလိုက်သည်။

မည်းနက်တောက်ပြောင်နေသော သံတုတ်ကိုလည်း သူ အလွယ်တကူ ထုတ်ယူနိုင်မည့်နေရာတွင် ထားလိုက်သည်။

အိတ်ထဲတွင် သူ ရစ်ခွေထားခဲ့သော မြွေခေါင်းတစ်ခေါင်းလည်း ရှိသေးသည်။ သူက ယင်းအား ဂရုတစိုက်ထုတ်ကာ စစ်ဆေးကြည့်ပြီး သတိထား၍ သိမ်းဆည်းလိုက်သည်။

ပြီးသည်နှင့် ရွှီချင်းက အသက်ရှူချိန်အနည်းငယ်ကြာ မျက်စိမှိတ်ထားပြီး တဖန် ပြန်ဖွင့်လိုက်သည်။ ယခုအခါတွင် သူ၏မျက်ဝန်းများထဲ၌ သွေးအေးသောအရိပ်အယောင်များက နေရာယူထားသည်။

သူက ဂူထဲမှ လျင်မြန်စွာ တွားသွားလိုက်ပြီး ဂူအပြင်ဘက်အဝနားတွင် ခဏကြာ ရပ်နားလိုက်သည်။

ဘေးပတ်ဝန်းကျင်အား လေ့လာအကဲခတ်ပြီးနောက် အန္တရာယ်စိုးစဉ်းမျှ မရှိနိုင်ကြောင်း သေချာသောအခါမှသာ ရွှီချင်းသည် ရှေ့သို့ ဆက်သွားလေသည်။ ကောင်းကင်ကြီးက တဖြည်းဖြည်း ကြည်လင်ဝင်းပလာသည်နှင့်အမျှ သူသည်လည်း ပြင်ပကမ္ဘာသို့ ရောက်ရှိလာပြီဖြစ်သည်။

ထို့နောက် သူက တဟုန်ထိုး ပြေးသွားလေသည်။

သွေးမိုးများ ရွာကျနေဆဲဖြစ်၍ မိုးသားတိမ်စိုင်များက ကောင်းကင်တခွင် နေရာယူထားသည်ဖြစ်ရာ နေမင်းကြီးအား မြင်တွေ့ရန်ပင် မဆိုထားဘိ နေရောင်ခြည်တန်းများကို တွေ့ခွင့်ရရန်ပင် ခဲယဉ်းလှသည်။

နေဝင်ဆည်းဆာနှင့် မိုးသောက်ယံအချိန်သမယသည် နာမကျန်းဖြစ်နေသော အသက်ကြီးရင့်နေပြီဖြစ်သည့် အဘိုးအိုတစ်ယောက်နှင့် အလားသဏ္ဍာန်တူပြီး ရွှီချင်း၏ ဒေါသရောင်လက်နေသော အကြည့်များထဲတွင် ညနက်သန်းခေါင်ယံ အေးစိမ့်စိမ့် အရိပ်အငွေ့များ ရောယှက်နေသယောင် ထင်ရသည်။

သူ ရှူထုတ်လိုက်သော ဝင်လေထွက်လေသည်လည်း သေမင်းအရိပ်အယောင်များဖြင့် ပြည့်နက်နေသည့် လေနုအေးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ ယင်းလေသည် အလွန့်အလွန် အေးစိမ့်နေလေ၏။

ရှေးမဆွက ရွှီချင်းသာ သူ့ခန္ဓာကိုယ်ကို ပူနွေးစေရန် အကြောမလျော့ထားခဲ့လျှင် လေအေးတစ်ချက် ဖျတ်ခနဲ တိုက်ခတ်လာသည်နှင့် သူ တုန်ရီသွားမည်ဖြစ်ပေသည်။

ရွှီချင်းသည် ခန္ဓာကိုယ် နွေးထွေးအောင် လုပ်ထားပြီးပြီဖြစ်၍ အအေးဓာတ်က သူ့အပေါ် များစွာ သက်ရောက်မှု မရှိတော့ပေ။

ထို့ကြောင့် သူ့အမြန်နှုန်းက လျော့ကျမသွားဘဲ ယမန်နေ့က အသက်ရှင်နေပုံရသော လူတစ်ယောက်ရှိသည့်နေရာသို့ မဆုတ်မနစ် သွားနေလေသည်။

အတန်ငယ်ဝေးသောနေရာမှ လှမ်းကြည့်လိုက်မည်ဆိုပါက မြို့ပျက်ကြီးထဲရှိ ရွှီချင်း၏ပုံရိပ်က နံရံအပျက်အစီးများအား တွေဝေတွန့်ဆုတ်ခြင်းမရှိ အေးဆေးစွာ ကျော်ဖြတ်နေသည့် ကျားသစ်တစ်ကောင်အလား ထင်ရမည် ဖြစ်ပေသည်။

သူနှင့်အတူ ဝေဟင်ပြင်တွင် ပျံသန်းနေသော ငှက်တစ်အုပ်လည်း ရှိနေသည်။ ၎င်းတို့က အလွန်မြင့်မားသော ကောင်းကင်ပြင်တွင် ပျံသန်းနေသည်ဖြစ်ရာ ဖမ်းဆီးရန် ခဲယဉ်းလှသည်။

ရွှီချင်းသည် ရှေ့သို့ သွားနေရင်း ပျံသန်းနေသော ငှက်အုပ်ကြီးကို ကြည့်၍ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

မည်သည့်အတွက်ကြောင့်မှန်း သူ မသိပါသော်လည်း နတ်ဘုရားက မျက်လုံးပွင့်လာပြီးနောက် သားရဲများအပါအဝင် သက်ရှိသတ္တဝါများအားလုံးနီးပါး ဇီဝိန်ချုပ်သွားခဲ့ရသည့်တိုင် ငှက်မျိုးစိတ်က အသက်ရှင်ကျန်ရစ်သည့်နှုန်း အမြင့်ဆုံး ဖြစ်သည်။

ယင်းအတွက် ဤကာလကြီးအတွင်း ငှက်များသည် သူ့ဆာလောင်မှုကို ဖြေဖျောက်ရန် အကောင်းဆုံးအဖြေတစ်ခု ဖြစ်လာခဲ့သည်။

တချိန်တည်းမှာပင် ငှက်များသည်လည်း သွေးမိုးများကို ကြုံတွေ့ရသည့်တိုင် ဘေးကင်းလုံခြုံရာ အသိုက်အမြုံကို အလိုလို ရှာတွေ့နိုင်စွမ်းရှိဟန်တူသည်။ ဥပမာအနေဖြင့် ရွှီချင်းနေထိုင်သော ဂူသည် ငှက်များနောက်သို့ လိုက်ရာမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ထိုအသိုက်အမြုံက ဘေးကင်းလုံခြုံပြီဟူ၍ မဆိုနိုင်သော်လည်း သန္ဓေပြောင်းသားရဲများနှင့် မကောင်းဆိုးဝါးများ သတိမထားမိနိုင်ဟန်တူသည်။

ဤကာလကြီးအတွင်း ရွှီချင်းက အသိုက်အမြုံနှစ်ခုကို ရှာတွေ့ခဲ့သည်။ တစ်ခုက ကျောက်ဂူဖြစ်ပြီး တခြားတစ်ခုမှာ မြို့စားစံအိမ်အပြင်ဘက်ရှိနေရာတစ်နေရာ ဖြစ်သည်။

ယခုလောလောဆယ် ရွှီချင်းသည် ကောင်းကင်ပြင်ကို ကြည့်နေရာမှ မြို့ရှိ နေရာတစ်နေရာကို စူးစိုက်ကြည့်နေပြီး တဖြည်းဖြည်း ချဉ်းကပ်လာလေသည်။

မကြာခင် ယမန်နေ့က မြင်ခဲ့ရသောနေရာသို့ ရွှီချင်း ရောက်ချလာသည်။ သူက ချက်ချင်း မသွားသေးဘဲ အပေါ်စီးမှ ကြည့်ရှုရန် နေရာတစ်နေရာ ရှာလိုက်သည်။

သူက သတိကြီးကြီးထား၍ အပေါ်ကိုတက်ပြီးနောက် မလှုပ်မယှက်လှဲကာ မျက်ဝန်းထဲရှိ အလင်းများ မပေါ်စေဘဲ မျက်လုံးမှေး၍ ငုံ့ကြည့်လိုက်သည်။

ရွှီချင်းက မျက်လုံးမှေး၍ ကြည့်လိုက်သည်နှင့် ယမန်နေ့က မြင်ခဲ့ရသော လူကို ထပ်မံ တွေ့လိုက်ရသည်။

ထိုလူက နံရံကိုမှီ၍ ထိုင်နေပြီး သူ့အဝတ်အစားများက သန့်ရှင်းသပ်ရပ်ကာ သူ့အသားအရေက ပုံမှန်ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူ့ရုပ်ရည်သွင်ပြင်၊ သူ့ခန္ဓာနှင့် သူ့မှာရှိသည့်အရာအားလုံး ယမန်နေ့က မြင်ခဲ့ရသည့်အတိုင်း တသွေမတိမ်းပင်။

တစ်ညလုံး ထိုလူက စိုးစဉ်းမျှ မလှုပ်ရှားခဲ့သည့်အလားပင်။

ယင်းက အလွန်တရာ ယုတ္တိကင်းမဲ့နေသည်။

ထိုလူသာ အသက်ရှင်နေသော လူသားတစ်ယောက်ဖြစ်နေခဲ့ပါက ညဘက်တွင် ပေါ်ထွက်လာတတ်သော အန္တရာယ်များကို လျစ်လျူရှုနေမည် မဟုတ်ပေ။

ထိုလူသာ သေဆုံးသွားခဲ့ပါက သူ၏မပျက်စီးမယိုယွင်းသေးသော ခန္ဓာကိုယ်က သန္ဓေပြောင်းသားရဲများ တပ်မက်သည့်အစားအစာဖြစ်သည်။ သို့ဖြစ်၍ ယခုအချိန်တိုင်အောင် သူ့ခန္ဓာကိုယ်က ဘာမှမပျက်စီးသေးသည်မှာ မဖြစ်နိုင်ပေ။

ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်ကာ စဉ်းစားတွေးတောပြီးနောက် မလှုပ်မယှက်နေရန် ဆုံးဖြတ်လိုက်သည်။ ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းလာခဲ့သော သူက စိတ်ရှည်သည်းခံနိုင်သည်။

ထိုနည်းအားဖြင့် သူ သတိထားစောင့်ကြည့်နေစဉ်အတောအတွင်း အချိန်က တဖြည်းဖြည်း ကုန်လွန်သွားသည်။ မွန်းတည့်ချိန် ရောက်သည့်တိုင်အောင် သူက မလှုပ်မယှက် ငြိမ်သက်နေသည်။

ခြောက်နာရီကြာသည်အထိ စောင့်နေပြီးနောက် ရွှီချင်း၏ညာဖက်လက်က အနည်းငယ် မြှောက်လာသည်။ သူက ကျောက်တုံးတစ်တုံးကို ဆုပ်ကိုင်ကာ ထိုလူထံ ပစ်လွှတ်လိုက်သည်။

ကျောက်တုံးက လျင်မြန်စွာ ရွေ့လျားသွားပြီး အရှိန်က မသေးလှချေ။ ထိုလူကို ကျောက်တုံး ထိမှန်သွားသောအခါ ဘုတ်ခနဲ မြည်သံတစ်သံ ကျယ်လောင်စွာ လွင့်ပျံလာသည်။

ကျောက်တုံး ထိမှန်ချက်ကြောင့် ထိုလူမှာ တုန်ခါသွားကာ အလောင်းတစ်လောင်းအလား ဘေးသို့ လဲကျသွားသည်။

ထိုလူ လဲကျသွားပြီးနောက် ခရမ်းရောင်အလင်းတစ်ချက် ဖျတ်ခနဲ ဝင်းလက်သွားသည်။ မူလက ထိုလူ ထိုင်နေခဲ့သော မြေပြင်တွင် အလင်း၏ဇစ်မြစ် ရှိနေသည်။

ခရမ်းရောင်အလင်းကို မြင်သောတခဏတွင် ရွှီချင်း၏မျက်လုံးများ တဖိတ်ဖိတ်ဝင်းလက်လာပြီး သူ့အသက်ရှူသံများလည်း မြန်ဆန်လာသည်။

မြို့ထဲသို့ ကျရောက်ခဲ့သော ခရမ်းရောင်အလင်းတန်းအား သူ အကြောင်းပြချက်မရှိ ရက်ပေါင်းများစွာ ရှာဖွေနေခဲ့သည်။

ယခုအခါတွင် သူသည် တဟုန်ထိုး ပြေးသွားချင်သည့်စိတ်ကို အတင်းအကြပ်ဖိနှိပ်ထားရပြီး မည်သည့်အန္တရာယ်မှမရှိဘဲ ဘေးကင်းကြောင်းသေချာသောအခါမှသာ ပြေးထွက်သွားသည်။

သူက အားကုန်သုံး၍ တဟုန်ထိုး ပြေးထွက်သွားသည်ဖြစ်ရာ သူ့ပြေးနှုန်းက ကြောက်ခမန်းလိလိပင်။ သူသည် အမဲလိုက်နေသော လင်းယုန်ငှက်တစ်ကောင်အလား ခရမ်းရောင်အလင်းတန်းတည်နေရာထံ တမုဟုတ်ချင်း ရောက်ချသွားသည်။

သူက ခရမ်းရောင်အလင်းတန်းရင်းမြစ်ကို ဆတ်ခနဲ ဆုပ်ယူကာ တွေဝေတွန့်ဆုတ်မနေဘဲ ချက်ချင်း နောက်ဆုတ်လိုက်သည်။

ဖြစ်စဉ်တစ်ခုလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ရွှီချင်းက ဆယ်ကျန့်ကျော်ကျော် နောက်ဆုတ်ပြီးသောအခါမှသာ ရပ်တန့်လိုက်သည်။ ထို့နောက် သူက လက်ထဲရှိ ခရမ်းရောင်အလင်းတန်း တဖျပ်ဖျပ်လက်နေသည့် ပစ္စည်းအား ကြည့်လိုက်သည်။

ယင်းက တဖျပ်ဖျပ်လက်နေသော ခရမ်းရောင်သလင်းကျောက်တစ်တုံး ဖြစ်သည်။

ရွှီချင်းမှာ ရင်တဒိန်းဒိန်းခုန်လာပြီး ခေါင်းစောင်း၍ ဘေးသို့လဲကျသွားသော အလောင်းကို ကြည့်လိုက်ရာ ခရမ်းရောင်အလင်းတန်း၏ အကာအကွယ်အောက်တွင် မရှိတော့၍ တဖြည်းဖြည်း ပုပ်ပွလာသည်ကို မြင်လိုက်ရသည်။ ၎င်း၏အသားအရည်သည်လည်း ရုတ်ခြည်း အစိမ်းပုပ်ရောင် ပြောင်းလဲသွားသည်။

ယင်းမြင်ကွင်းက ရွှီချင်းအား လက်ထဲရှိ ခရမ်းရောင်သလင်းကျောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိစေသည်။ ထို့နောက် သူက ချာခနဲလှည့်ကာ သူ့ဂူရှိရာသို့ တဟုန်ထိုး ပြေးသွားသည်။

သူ ပြေး၍ မရှေးမနှောင်းမှာပင် ဆတ်ခနဲ ရပ်သွားသည်။ သူ့မျက်နှာပေါ်တွင် ဝေခွဲရခက်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

သူက ခေါင်းငုံ့၍ သားရေအင်္ကျီကို လှပ်ကာ အတွင်းအင်္ကျီစည်းထားသည့် ဒဏ်ရာအား ကြည့်လိုက်သည်။

ယခုအခါတွင် ဒဏ်ရာမှ သွေးများ စီးကျမနေတော့ဘဲ သူ ယားစိစိ ခံစားလာရသည်။

မနက်ခင်းက သူ စစ်ဆေးကြည့်သောအခါ ဒဏ်ရာမှာ မပျောက်ကင်းသေးဘဲ ညိုမည်းလာနေသည်ကို သူ ကောင်းစွာ မှတ်မိနေသည်။ သို့သော် ယခုအခါတွင်မူ…

သူ့ရင်ဘတ်ရှိ ဒဏ်ရာတစ်ဝက်ကျော် ပျောက်ကင်းနေပြီဖြစ်ကာ ဒဏ်ရာပတ်လည်ရှိအမာရွတ် အနည်းအကျဉ်းသာ ကျန်တော့သည်။

“ ဒါက … ”

ရွှီချင်းမှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရသည်။ ထို့နောက် သူက လက်ထဲရှိ ခရမ်းရောင်သလင်းကျောက်အား မမှိတ်မသုန် စူးစိုက်ကြည့်လိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset