Switch Mode

အခန်း ၁

မင်းနဲ့ ငါဆက်ကစားပေးရမှာပေါ့

“ထန်ရှု… မင်းပိုက်ဆံဘယ်မှာဝှက်ထားခဲ့တာလဲ။ ခုချက်ချင်းထုတ်လိုက်စမ်းပါ”

“ထန်ရှု… မင်းရဲ့မိသားစုကငွေလိုနေတယ်ဆိုရင်တောင် မင်း အဲ့ဒီပိုက်ဆံ ခိုးလို့မရဘူးလေ။ အဲ့ဒါကြောင့် လူများက ပြောကြတာ “ငယ်ငယ်တုန်းက အပ်တွေကို ခိုးမယ်၊ အသက်ကြီးတဲ့အခါ ရွှေကိုခိုးလိမ့်မယ်” တဲ့ပေါ့ ။ ခိုးတာကို မင်း အကျင့်မလုပ်သင့်ဘူး၊ အဲ့ဒါမှမဟုတ်ရင် မင်းရဲ့ဘ၀ ပြီးဆုံးသွားလိမ့်မယ်”

“ထန်ရှု…  ကျောင်းစရိတ် ယွမ်သုံးထောင် မင်းပေးရမယ် ဆိုတာငါသိတယ် ။ အဲ့ဒီအတွက် မင်း ဒီပိုက်ဆံ ယူတာမဟုတ်လား။”

လူတစ်ဒါဇင်ခန့်က ထန်ရူအနား ဝိုင်းရံလျက် တရစပ် စကားများ ပြောနေခဲ့သည်။

သံသယများနှင့်စက်ဆုပ်ရွံရှာမှုများအား မျက်ဝန်းများထဲတွင် ဖော်ပြလျက် စကားသံများထဲတွင်လည်း စိတ်မရှည်မူများအား ဖော်ပြနေကြသည်။

ထန်ရှု၏ မျက်နှာသည် နီရဲလျက် သူ၏နှုတ်ခမ်းကို ကိုက်ထားသောကြောင့် သွေးစအချို့ထွက်နေသည်ကို မြင်တွေ့နိုင်သည်။ သူ၏မျက်ဝန်းများက ဖျော့တော့လျက် ရှိသော်လည်း ခေါင်းကို မော့ကာ အခိုင်အမာ ပြောလိုက်သည်။

“အဲ့ဒီပိုက်ဆံ ကျွန်တော် မခိုးဘူး!

“ရှန်းဝမ်နဲ့ မေ့ယွမ်… ရူအာက နင်တို့ရှေ့တင် ကြီးပြင်းလာတာပါ…  သူက ငယ်ငယ်လေးကတည်းက ရိုးရိုးသားသားနေလာခဲ့တဲ့ ကလေးတစ်ယောက်ဆိုတာ နင်တို့လည်းအသိပဲ… သူရဲ့လေ့လာမှုတွေ၊ အပြုအမူတွေက အမြဲတမ်း ကောင်းမွန် ပြီး ဘယ်တုန်းကမျှ မလိမ်လည်ခဲ့ဘူးလေ။ ဒီငွေကို မယူဘူးလို့ သူပြောရင် အဲ့ဒီပျောက်သွားတဲ့ ယွမ်သုံးထောင်က သူနဲ့ ဆက်စပ်မှာ မဟုတ်ဘူး။”

စုလင်းယွမ်က  လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို အခန်းထဲမှာတောင်းပန်ရင်း သူမ၏သားကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည်။

“လင်းယွမ်… ငါတို့ကလည်း ရှုအာ ခိုးတယ်လို့ မပြောမိပါဘူး။ ဒီငွေသုံးထောင်ကို သူ ဖွက်ထားနိုင်တယ်လို့ တွေးကြည့်မိရုံလေးပါ။ သူက အစ်မကို ပိုက်ဆံအတွက် စိုးရိမ်ပူပန်မှုတွေ လျော့နည်းစေချင်လို့ ဒီလိုလုပ်တာများလားလို့ တွေးမိတာပါ။”

လူလတ်ပိုင်းအရွယ် အမျိုးသားက စုလင်းယွမ်အား မကြည့်ဝံ့ပဲ မျက်နှာလွှဲလျက် ထိုစကားများးကို ပြောလိုက်ခြင်းဖြစ်သည်။

“သူက ရိုးသားပြီးတော်တယ်ဟုတ်လား။ ဟွန့် ။ ကြယ်တာရာမြို့ မှာ အထက်တန်းကျောင်း မတက်ခင်တုန်းကတော့ အမှန်တကယ်တော်တဲ့ ကျောင်းသားပေါ့။ ဒါပေမယ့်… တစ်နှစ်လောက်လဲ ကြာရော သူ့အမှတ်တွေသိသိသာသာကျလာတယ်။ နောက်ဆုံးကနေရေရင် အဆင့်၁တောင် ဖြစ်နေပြီလေ။ အစ်မသာ တောင်းပန်မထားရင် အဲ့ဒီကျောင်းကနေ ထွက်ရတာ ကြာနေပြီပေါ့” လူလတ်ပိုင်းအရွယ် အမျိုးသမီးက ထိုစကားများအား အေးစက်စွာ ပြောလိုက်ပြီး စုလင်းယွမ်၏ခံစားချက်အား မျော်လင့်ချက်မရှိအောင် လစ်လျူရှုထားသည်။

သူမ၏မောင်ဖြစ်သူ စုရှန်းဝမ် နှင့် ယောင်းမဖြစ်သူ ကျန်းမေ့ယွမ် ပြောသည်ကိုကြားသောအခါ စုလင်းယွမ်၏မျက်နှာ ဖျော့တော့သွားပြီး သူမ၏မျက်လုံးများသည်လည်း ညှိုးငယ်သွား၏။ သို့သော်လည်း  သူမ၏ရင်ခွင်ထဲတွင်ရှိသော သားဖြစ်သူအား ကြည့်လိုက်ပြီး သားဖြစ်သူ၏ ရိုးသားမှုကို ကာကွယ်ရန်အတွက် အားတင်းလိုက်သည်။

သို့သော် သူမ ဘာမှ မပြောနိုင်မီ အသံစူးစူးနှစ်ခု ထွက်ပေါ်လာသည်။

“ဒေါ်လေး.. ထန်ရှုကို ကာကွယ်ပေးဖို့ မလိုအပ်ဘူးနော်။ ဒီအချိန် ဒေါ်လေး ကာကွယ်ပေးနိုင်ပေမယ့် သူ့ဘဝတစ်လျှောက်လုံး ဒေါ်လေး ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ အိမ်မှာ လူနည်းနည်းလေးပဲရှိတာ။ သူ မယူဘူးလို့ ဒေါ်လေးက ပြောတယ်ဆိုတော့ ပိုက်ဆံတွေက ဘာလဲ အတောင်ပေါက်ပြိး ပျံသွားတာလား။”

“ဒေါ်လေး… ကျွန်တော်တို့က သူ့ကိုပိုက်ဆံခိုးတယ်လို့ ဘာလို့ထင်ရတာလဲဆိုတော့ ဒီတစ်အိမ်လုံးမှာ သူက သံသယဝင်စရာ အကောင်းဆုံးလူဖြစ်နေလို့ပဲ။ ဒေါ်လေးမျက်လုံးထဲမှာတော့ ထန်ရှုကတော်ကောင်း တော်နေလိမ့်မယ်။ ဒါပေမယ့်သူက အိမ်စာတွေ သူများဆီက ကူးတယ် ကျောင်းစာမေးပွဲတွေမှာ စာခိုးကူးတယ်… ရန်ဖြစ်တယ်။ သူ့ရဲ့ဝမ်းကွဲဖြစ်နေရတာ ကျောင်းမှာ ကျွန်တော် ခေါင်းတောင် မဖော်ဝံံ့ဘူး။”

စုလင်းယွမ်၏ စကားကို ဖြတ်ပြောလိုက်သူနှစ်ဦးသည် စုရှန်းဝမ် နှင့် ကျန်းမေ့ယွမ်တို့လင်မယား၏ သားသမီးများ ဖြစ်ကြသည်။

“စုရန်နင်း… စုရှန့်ဖေး…  မင်းတို့မဟုတ်တာတွေ မပြောနဲ့…” ထန်ရှုက အော်ပြောလိုက်သည်။

“ရှန်းဝမ်…မေ့ယွမ်… ငါ့သားကို အခက်အခဲတွေ့အောင် မလုပ်ဖို့ ငါ တောင်းပန်ပါတယ်။ အဲဒီ ပိုက်ဆံ၃၀၀၀ကို နင်တို့ ရှာမတွေ့ရင်လဲ ငါကချေးတယ်လို့ပဲ သဘောထားပေးပါ။ ရှေ့တစ်နှစ်က မတော်တဆမှု ဖြစ်ခဲ့ပြီးကတည်းက ရှုအာ ခံစားမှုလွယ်လာတယ်ဆိုတာ နင်တို့လဲသိတာပဲ။ သူသာ ဆိုးဆိုးရွားရွားထပ်ဖြစ်ခဲ့ရင် အစ်မလဲအသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး။”

အစ်ကိုဖြစ်သူ မိသားစု၏ အထင်အမြင်သေးစွာ ဖိနှိပ်ဆက်ဆံမှုကြောင့် စုလင်းယွမ်တစ်ယောက် ဝမ်းနည်းကာ မျက်ရည်များပင်ကျနေပြီဖြစ်သည်။ ထိုသို့ပြောပြီးသည့်နောက်တွင် စုလင်းယွမ်တစ်ယောက် သူမ၏အားအင်တွေ ကုန်ဆုံးသွားသကဲ့သို့ပင် ခံစားနေရသည်။ ယခုနှစ်ထဲတွင် သူမ၏သားဖြစ်သူ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရပြီး သူမအနေဖြင့် မည်သို့မျှ အကူအညီမပေးနိုင်ခဲ့ပဲ တိတ်ဆိတ်ဝမ်းနည်းစွာ ငိုကြွေးနေခဲ့ရသည်ကို ပြန်လည်မြင်ယောင်နေမိသည်။

သူမ၏သားသည် ငယ်စဉ်ကတည်းက ဖခင်မရှိတော့သော်လည်း ပညာရေးတွင် ငယ်ရွယ်စဉ်ကတည်းက ထူးချွန်ထက်မြက်သူဖြစ်သည်။  လွန်ခဲ့သော၂နှစ်ကတည်းက ကြယ်တာရာ အထက်တန်းကျောင်းသို့ဝင်ရောက်နိုင်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲတွင် တစ်မြို့လုံးအတိုင်းအတာဖြင့် ပထမဆု ရရှိခဲ့သည်။ ပထမနှစ်တစ်လျှောက်လုံးတွင်လည်း ကျောင်းမှ ကျင်းပသည့် စာမေးပွဲများ၊ ယှဉ်ပြိုင်ပွဲများတွင်  ထူးချွန်စွာ ဖြေဆိုနိုင်ခဲ့ပြီး ဘာသာရပ်တိုင်းတွင် ပထမဆုရခဲ့သည်။

လွန်ခဲ့သောနှစ်တွင် ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီးနောက် သူ၏ဦးနှောက်သည် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရပြီး သူ၏မှတ်ဉာဏ်နှင့် သင်ယူနားလည်မှုစွမ်းရည်သည် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိခဲ့သည်။ ဆရာဝန်က သူ့ကို စမ်းသပ်ပြီးသည့်နောက် စိတ်ရောဂါပင် ရနိုင်သည်ဟု ဆိုခဲ့သည်။ သူမ၏အသနားခံမှုကြောင့်သာ ကျောင်းမှ ထုတ်ပယ်မခံရခြင်းဖြစ်သည်။

စုလင်းယွမ်၏ စိတ်ထိခိုက်စွာ ဝမ်းနည်းကြေကွဲနေမှုကို ကြည့်ပြီး တစ်အိမ်လုံး တိတ်ဆိတ်သွားသည်။ ဒီအခြေအနေကို ပျင်းရိလာသောကြောင့် စုရန်နင်းနှင့် စုရှန့်ဖေးတို့ မောင်နှမနှစ်ဦး တစ်ယောက်ကို တစ်ယောက် အဓိပ္ပာယ်ပါသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

လူတိုင်းက စုလင်းယွမ်အား အာရုံစိုက်နေချန်တွင် ပွေ့ဖက်ခံထားရသည့် ထန်ရှု၏ ခန္ဓာကိုယ်သည် မသိမသာ လှုပ်ခါသွားပြီး မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လင်းလက်သွားသည်။

“ဒါဘယ်နေရာလဲ။ ငါဒီကိုဘယ်လိုရောက်နေတာလဲ။ ငါစမ်းသပ်မှုကို ကျရှုံးသွားတာတောင် မသေသေးဘူးလား။ ဘာတွေဖြစ်နေတာလဲ။ ”

အတွေးများစွာဖြင့် ထန်ရှုသည် ပတ်ဝန်းကျင်ကို စိတ်ရှုပ်နေသည့် မျက်ဝန်းအစုံနှင့် အကဲခတ်လိုက်သည်။

ထန်ရှု မှတ်မိသည်က အင်မော်တယ်ကမ္ဘာတွင် သူသည် နတ်ဘုရားစမ်းသပ်ချက်ကို ဖြတ်ကျော်နေခြင်း ဖြစ်သည်။ ထိုစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့ပါက အင်မော်တယ်ကမ္ဘာတွင် နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီး ထာဝရရှင်သန်နိုင်သည့် ဘဝကို သူ တက်လှမ်းနိုင်မည်ဖြစ်သည်။

ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာနှင့် အရာရာကို မှတ်မိဖို့ သူ အသည်းအသန်စဉ်းစားနေရသည်။ ထန်ရှု၏ မျက်နှာမှာ ရှုံ့မဲ့နေပြီး သူ၏မျက်ဝန်းထဲတွင် အလွန်အမင်းနာကျင်နေသည့်ဟန်ရှိသည်။ ပြန်လည် သတိမရမီ နောက်ဆုံးမြင်ကွင်းသည် သူ၏ မှတ်ဉာဏ်ထဲ၌ ပြန်ပေါ်လာခဲ့သည်။

ထိုအချိန်သည် ထန်ရှု နတ်ဘုရားစမ်းသပ်ချက် ဖြတ်ကျော်နေမှု၏ အလွန်အရေးကြီးသောအချိန် ဖြစ်ခဲ့သည်။ စမ်းသပ်ချက်ပြီးဆုံးမှုသို့ ရောက်တော့မည့် အချိန်ဖြစ်ပြီး သူ၏ စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားတို့ကို ကျရောက်လာမည့် နတ်ဘုရားစမ်းသပ်ချက်ကို ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် သေချာစွာ ပြင်ဆင်ထားမှုကြောင့် သူ၏နောက်ကျောသည် ကာကွယ်မှုမရှိ ဖြစ်နေ၏။ ထို့ကြောင့်ပင် သူ့ထက် တန်ခိုးအဆင့်များစွာနိမ့်ကျသော်လည် အင်မော်တယ်ကမ္ဘာတွင် အထွတ်အထိပ်အဆင့်ရှိပြီး များစွာသော နတ်ဘုရားလက်နက်များနှင့် အဆောင်များကို ကိုင်ဆောင်ထားသည့် သူငယ်ချင်းကောင်းဟု သူ ယူဆထားသော လူများစွာ၏တိုက်ခိုက်မှုကို ကာကွယ်ရန် မဖြစ်နိုင်သည့် အခြေအနေရောက်ခဲ့ရသည်။

သူသည် အဆင့် ၉ မိုးကြိုးစမ်းသပ်ချက်အား ကျော်ဖြတ်ရုံမျှသာရှိသေးသည်။ ချက်ချင်းဆိုသလိုပင် နောက်ဆုံးစမ်းသပ်ချက်ဖြစ်သည့်  ပုံသဏ္ဍာန်မရှိသော ကြောက်စရာအကောင်းဆုံး နှလုံးသားစမ်းသပ်ချက်အား ရင်ဆိုင်လိုက်ရသည်။ တစ်ချိန်တည်းမှာတွင် ပထမဆုံးနတ်ဆိုးစမ်းသပ်ချက်ကိုပါ ရင်ဆိုင်ခဲ့ရသည်။

သူ့အားကာကွယ်ပေးခဲ့ကြသည့် သူငယ်ချင်းကောင်းဟု သူယူဆသောသူများသည် သူ့အား သေစေနိုင်သည့် ရိုက်ချက်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။

ထိုသို့ ရက်ရက်စက်စက် တိုက်ခိုက်သည့် လူများအထဲတွင် သူနှင့် နှစ်ပေါင်းများစွာချစ်ခဲ့ရသော ချစ်သူ ရှုချင်းချန်လည်း ပါဝင်သည်။ ထိုသို့ အလစ်ဝင် ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် ထန်ရှု၏ ကံကြမ္မာသည် မျှော်လင့်ချက်မရှိဖြစ်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်စစီမကြွေလွင့်ခင်နှင့် အသိစိတ် မကင်းကွာသေးခင်မှာပင် သူမထင်မှတ်ပဲ ရှေးဟောင်းနတ်ဆိုးရုပ်အလောင်းမှ ရရှိခဲ့သည့် လျှိုဝှက်ဆန်းကြယ်သော ကောင်းကင်စကြာဝဠာ ပညာရပ်ကျင့်စဉ်အား ထိုလူများသည် စိတ်မရှည်စွာနှင့် အပြေးအလွှား ရှာဖွေကြခဲ့သည်။

“လူတွေရဲ့ သဘာဝဟာ သစ္စာမရှိကြပါလား ။ ဒီလျို့ဝှက်နတ်ဘုရားကျင့်စဉ်တစ်ခုအတွက်

ချစ်သူနဲ့ မိတ်ဆွေသူငယ်ချင်းတွေတောင်မှ ယုံကြည်လို့ မရပါလား။”

“စမ်းသပ်ချက်ကို ငါ ကျရှုံးပြီ ဆိုကတည်းက ငါ့မှာ အသက်ရှင်ဖို့ အခွင့်အလမ်းမှ မရှိတော့တာ။ ငါ့ခန္ဓာကိုယ်က ပျက်စီးပြီး ဖုန်မှုန့်တွေ ဖြစ်သွားသင့်တယ်။ ပြီးတော့ ငါ့စိတ်ဝိညာဉ်ကလဲ တစ်စစီကြေမွပြီး လွင့်စင်သွားသင့်တယ်။ အခုတော့ ဘာတွေဖြစ်နေရတာလဲ။”

သူ တွေဝေနေစဉ်အတွင်း ရင်းနှီးကျွမ်းဝင်သည့် အမျိုးသမီးကိုယ်သင်းရနံ့သည် ထန်ရှု၏နှာခေါင်းထဲ ဝင်လာခဲ့သည်။ ထိုရနံ့ကြောင့် သူ၏စိတ်တည်ငြိမ်လာပြီး ကြည်လင်လာခဲ့၏။

အတန်ကြာပြီးနောက် ထန်ရှု  ဖြည်းညှင်းစွာ နောက်သို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့ကိုဖက်ထားသည့် အမျိုးသမီးအား တွေ့လိုက်သည်။

နူးညံ့သိမ်မွေ့သော မျက်နှာတစ်ခု ထန်ရှု၏ရှေ့တွင် ပေါ်လာခဲ့သည်။ ရင်းနှီးကျွမ်းဝင်လှပြီး ကြင်နာတတ်သော မျက်နှာတစ်ခုဖြစ်သည်။ သူ၏မှတ်ဉာဏ်အတွင်းရှိ မျက်နှာနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ သူမမျက်လုံးထောင့်တွင် အားနည်းသော လက္ခဏာတစ်စွန်းတစ်စ ရှိနေသည်။

“အတွင်းနတ်ဆိုး… ဘယ်လို အတွင်းနတ်ဆိုးလဲ… ငါသေခဲ့ပြီးပြီလေ။ ငါ့ကို ဘာလို့ ထပ်ပြီး တိုက်ခိုက်နေသေးတာလဲ။”

ထန်ရှု ခေါင်းကို ခပ်သွက်သွက်ခါလိုက်ပြီး နှစ်ထောင်ချီတိုင်အောင် အိပ်မက်ထဲ ထည့်မက်ခဲ့ရသော မျက်နှာကို ထပ်မကြည့်မိစေရန် ကြိုးစားလိုက်သည်။

အခန်းထဲတွင် ရှိသော အခြားလူများကို ကြည့်လိုက်မိသောအခါ ထန်ရှု ခေတ္တမျှ တွေဝေသွားသည်။

အင်မော်တယ်လောကတွင် နှစ်တစ်သောင်းကျော်အတွင်း သူသည် စိတ်ဝိညာဉ်စမ်းသပ်ချက်အမျိုးမျိုးကို ရင်ဆိုင်ခဲ့သည့် အတွေ့အကြုံအမျိုးမျိုး ရှိခဲ့ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ ဆွေမျိုးများထဲတွင် သူ၏မိခင်သည်သာ သူ၏ တွယ်တာရာ ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် အင်မော်တယ်လောက နှလုံးသားစမ်းသပ်မှုတွင် သူ၏စိတ်ထဲတွင် အခြားဆွေမျိုးသားချင်းများ မပေါ်လာဘဲ သူ့အမေတစ်ယောက်တည်းသာ ပေါ်လာခဲ့သည်။

“ငါ့ရှေ့မှာ အခုရှိနေတဲ့သူတွေက တကယ်ပဲ အတွင်းစိတ်ရိုင်းက ဖန်တီးထားတာမဟုတ်ဘူးလား”

အခန်းထဲကိုဝေ့ကြည့်လိုက်ပြီး ထန်ရှု ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုစဉ် သူ့ခေါင်းထဲတွင်  ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခု  ဖြစ်ပွားပြီးနောက် နှစ်တစ်သောင်းကျော်ကာလအတွင်း ထန်ရှု မသိသေးတဲ့ အကြောင်းအရာများ ချက်ချင်း ထွက်ကျလာခဲ့သည်။

“ငါအရမ်းပြန်ချင်နေတဲ့ ကမ္ဘာကြီးကို နောက်ဆုံးတော့ ငါပြန်ရောက်လာပြီပဲ။ အင်မော်တယ်လောကမှာ နှစ်တစ်သောင်း ရှိပြီဆိုပေမယ့် ဒီမှာက တစ်နှစ်ပဲ ရှိသေးတာပဲ။”

အချိန်အတော်ကြာပြီးနောက်မှာ ထန်ရှုသည် ဘာတွေဖြစ်ပျက်နေခဲ့လဲဆိုတာကို နားလည်သွားသည်။

ထန်ရှုသည် ကမ္ဘာမြေတွင် သူဖြတ်သန်းခဲ့သည့် တစ်နှစ်အတွင်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကိုလည်း  သူ၏မှတ်ဉာဏ်တွင် တရေးရေး  ပြန်လည်အမှတ်ရလာသည်။

လွန်ခဲ့သည့် တစ်နှစ်တွင် ကြုံတွေ့ခဲ့ရသော ကားမတော်တဆမှုတစ်ခုကြောင့် ခန္ဓာကိုယ်တွင် ဆိုးရွားစွာ မထိခိုက်ခံခဲ့ရသော်လည်း သူ၏မှတ်ဉာဏ်ထိခိုက်ခဲ့ရပြီး ကျောင်းပညာရေးတွင်လည်း ဒုက္ခရောက်ခဲ့သည်။ ဖြစ်ပွားခဲ့သည့် ကိစ္စအားလုံးကို သူ၏စိတ်ထဲတွင် မှတ်မိနေသော်လည်း မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်နိုင်ခဲ့ပေ။သို့သော်လည်း လွန်ခဲ့သော တစ်နှစ်အတွင်း ကမ္ဘာမြေတွင် ဖြစ်ခဲ့သမျှကို ပြန်လည် သိရှိနားလည်လာပြီ ဖြစ်သည်။

မတော်တဆမှု ဖြစ်ပြီးနောက် ထန်ရှု၏စိတ်ဝိညာဉ်သည် အင်မော်တယ်လောကသို့ ရောက်ရှိသွားပြီး  တော်ဝင်မီးတောက်ငှက်ဂိုဏ်းသခင်၏ မြေး သခင်ငယ်လေးဖြစ်ခဲ့သည်။ ထိုလောကတွင် နှစ်ပေါင်း တစ်သောင်းကျော်ကြာအောင် စိတ်လှုပ်ရှားစရာ ကောင်းသည့်ဘဝကို နေထိုင်ဖြတ်သန်းခဲ့သည်။

ကမ္ဘာမြေမှ အင်မော်တယ်လောကသို့ရောက်ရှိသွားပြီး သေဆုံးသွားသည်နှင့် ထိုနေရာမှ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်လို့တော့ တစ်ခါမှ သူမတွေးခဲ့မိပါချေ။။ ထို့အပြင် ပြန်ရောက်လာသည့်အချိန်တွင် ကမ္ဘာမြေပေါ်တွင်လည်း တစ်နှစ်သာ ကုန်ဆုံးနေချေသေးသည်။

“နတ်သမီးဝမ်ဟွား… မဟာအင်ပါယာ ဒန်ချင်း… ဗျတ်စောင်းမိစ္ဆာ ကျူယောင်… ငါ အင်မော်တယ်လောကကို ပြန်ရောက်လာတဲ့နေ့က မင်းတို့အားလုံး သေရမယ့်နေ့ပဲ။”

ထန်ရှုတစ်ယောက် အင်မော်တယ်လောကမှ အဖြစ်အပျက်များကို တွေးမိသည့်အတွက် ဒေါသထွက်သွားပြီး အံကြိတ်အော်ဟစ်လိုက်မှုသည် တိတ်ဆိတ်နေသောအိမ်အား လှုပ်ရှားသွားစေပြီး ရှိသမျှလူများက ဝိုင်းကြည့်လာကြသည်။

“ ရှုအာ … သားဘာဖြစ်တာလဲ” သားကို ပွေ့ဖက်ထားသောကြောင့် ထန်ရှု၏ တုန်လှုပ်မှုကို ဆုလင်းယွမ်သည် ပထမဆုံးသိသောသူဖြစ်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

နာကျင်နေသောဟန် ပေါ်လွင်နေသော ထန်ရှု၏မျက်နှာနှင့် ဖြစ်ပုံကိုကြည့်ပြီး ရပ်ကြည့်နေသည့်လူအများက စုရှန်းဝမ်မိသားစုကို အပြစ်တင်သည့် အကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။

စုရှန်းဝမ်မိသားစုအနေဖြင့် သူတို့ ဘယ်တော့မှ မမျှော်လင့်ထားခဲ့သည့် ထန်ရှု၏ ရုတ်တရက် ဒေါသတကြီး ဖော်ပြလာသည့် အပြုအမူကြောင့် လက်ရှိအခြေအနေကို ချင့်ချိန်ကြည့်လိုက်ကြသည်။ သူတို့မိသားစုဝင်အားလုံးကလည်း ထိုသို့ဖြစ်ရခြင်းသည် သူတို့ကြောင့် ဟုသိကြသည်။ ထို့ကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အပြစ်ရှိသလို ခံစားမိလိုက်သည်။

“ထန်ရှု… လာပီး သရုပ်ဆောင်မနေနဲ့။ ဘာအင်မော်တယ်… ဘာအင်ပါယာ… ဘာနတ်ဆိုးတုန်း။ နင့်ကိုယ်နင် ဂိမ်းကစားနေတယ် ထင်နေတာလား။ နတ်သမီးဝမ်ဟွား… မဟာအင်ပါယာ ဒန်ချင်း… ဗျတ်စောင်းမိစ္ဆာ ကျူယောင် တွေပါတဲ့ ဂိမ်းမျိုးလဲ ငါမကြားဖူးပါဘူး။”

အိမ်ထဲမှ လူအားလုံး ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် အေးစက်စက်အသံတစ်ခု အိမ်ထဲမှ ပျံ့လွင့်လာပြီး ထန်ရှု၏ဝမ်းကွဲဖြစ်သူ စုရှန့်ဖေး မှ အော်ပြောလိုက်ခြင်းဖြစ်သည်။

“ကောင်စုတ်လေး နင်က ဘယ်လို သရုပ်ဆောင်ရမလဲကော သိလား။ ငါတောင် မင်းလိမ်တာကို ခံရတော့မလို့။ သနားစရာပုံလိုလုပ်ပြီး ဒီယွမ်သုံးထောင်ကို လျစ်လျူရှုခိုင်းနိုင်မယ်လို့ ထင်လား။ နင်တို့ သားအမိနှစ်ယောက်လုံးကို ပြောလိုက်မယ်။ ယွမ်သုံးထောင်ကို ဒီနေ့ မပေးနိုင်ရင် ဒီတံခါးကနေ ထွက်သွားလို့ရမယ် မထင်နဲ့”

ထိတ်လန့်နေပြီးနောက် ကျန်းမေ့ယွမ်သည် ထန်ရှုအား တိတ်တဆိတ်ကြည့်ပြီး ဒေါသထွက်လာသဖြင့် ကျယ်လောင်စွာအော်ပြောလိုက်သည်။

ထန်ရှုသည် အော်လိုက်ပြီးမှ သူ့အသိစိတ်ခဏတာ လွတ်သွားကြောင်း သိလိုက်သည်။ ထို့နောက် သူ့အမေသည် သူ့အားစိုးရိမ်ပြီး အထိတ်တလန့် ဖြစ်နေကြောင်းသိလိုက်လျှင် ချက်ချင်း အမူအရာကို ပြင်လိုက်ကာ သူ့အမေအား သူအဆင်ပြေကြောင်း ပြောကာ နှစ်သိမ့်လိုက်သည်။ ထိုမြင်ကွင်းကို ကျန်းမေ့ယွမ်သည် ချက်ချင်းမြင်လိုက်ပြီး ဒေါသပိုထွက်လာသည်။

“နဂါးကနေ နဂါးကိုမွေးတယ်။ ဖီးနစ်ကလဲ ဖီးနစ်ကိုဘဲမွေးတယ်။ ပန်းသီးကလဲ အပင်ကနေ အဝေးကြီး ကြွေမကျဘူး။ ကြွက်ကလဲ သူ့အကျင့်အတိုင်း မြေကြီးကို တူးစမြဲပဲ။”

ထန်ရှုသည် ကျန်းမေ့ယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်အား စုရှန့်ဖေးဆီသို့ လွှဲကာ စိုက်ကြည့်လိုက်ရင်း စိတ်ဝင်စားမှုကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“စုရှန့်ဖေး …  နင်က ဒီဂိမ်းကို ဆက်ကစားဖို့ သေချာတယ်ပေါ့။ စိတ်ဝင်စားဖို့ကောင်းတယ်လို့ နင်ထင်နေရင်လဲ ငါက နင်နဲ့အတူ ဆက်ကစားပေးရမှာပေါ့။”


Comment

  1. saiaungsoe.sas4 says:

    Good telဗ်ိဳ႕

  2. saiaungsoe.sas4 says:

    Good tel

Leave a Reply

Options

not work with dark mode
Reset