Switch Mode

အခန်း (၂၂)

ရန်ကျောက်ကဲ လွတ်မြောက်ဦးမှာလား

အပိုင်း(၂၂)  ရန်ကျောက်ကဲ လွတ်မြောက်ဦးမှာလား

ဝမ်နင်ဇီက သူ့ခေါင်းကို ယမ်းရင်း ရယ်မောနေ၏။ “ရန်ကျောက်ကဲက အံ့အားသင့်စရာ အလားအလာကို ပိုင်ဆိုင်ပေမယ့်၊ လက်ရှိမှာ သူက အသေးအမွှားပဲ ရှိသေးတယ်”

“ပိုအရေးကြီးတာက…. သူ့အဖေက အကြီးအကဲရန် ဖြစ်နေတာပဲ”

ထိုစကားကို ပြောပြီးသည်နှင့် ဝမ်နင်ဇီသည် သူ့အသံကို အနည်းငယ် နိမ့်လိုက်သည်။ သူ့မျက်နှာက လေးနက်သွားသည်။ “အကြီးအကဲရန်နဲ့ အကြီးအကဲဖန်းတို့ကြား ပြိုင်ဆိုင်မှုက အမှားမခံတဲ့ အခြေအနေကို ရောက်နေပြီ၊ ဘယ်လို သေးငယ်တဲ့ အမှားလေးကပဲ ဖြစ်ဖြစ် သိုင်းဘိုးဘေး… အဲ့ဒီ့အဖိုးကြီးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို သက်ရောက်နိုင်ချေရှိတယ်”

“ရန်ကျောက်ကဲက အကြီးအကဲရန်ရဲ့ အားနည်းချက်ပဲ” သူ ဆက်ပြောလိုက်သည်။

ဝမ်နင်ဇီက အေးစက်စက် ရယ်မောလိုက်သည်။ “လူတွေက ပြောတယ်၊ ရန်ကျောက်ကဲတို့ သားအဖကို… ကျားလိုဖခင်က ခွေးလိုသား မမွေးဘူးတဲ့၊ ငါ့အမြင်အရတော့ ပြောင်းပြန်ပဲ၊ အကြီးအကဲရန်က ပြဿနာရှာတတ်တဲ့ သူ့သားကြောင့် ဒီတစ်ခါ ရှုံးနိမ့်သွားလိမ့်မယ်၊ လီတစ်ထောင်လောက်ရှည်တဲ့ ရေကာတာကြီးဟာလည်း ပုရွတ်ဆိတ်တွင်းတစ်တွင်းထဲကြောင့်ပျက်စီးသွားတော့မှာပါ”

သူ မတ်တပ်ရပ်၍ ပြောလိုက်သည်။ “မင်း နောက်ကြရင် နားလည်မှာပါ၊ တချိူ့အရာတွေက တကယ့် သက်သေ မလိုဘူး၊ သံသယရှိရုံနှင့် တစ်ဖက်လူရဲ့ အမြင်ကို သက်ရောက်နိုင်တယ်”

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကတော့…. ဟီးဟီး… နို့နံ့မစင်သေးတဲ့ ကလေးတစ်ယောက်က ခြေဆော့ လက်ဆော့ လုပ်ရုံနဲ့ ဖြစ်လာနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ”

ဝမ်နင်ဇီ၏ စကားကို ကြားပြီး သူ့ဘေးက လူ အံ့အားသင့်သွားသည်။ “အကြီးအကဲဝမ်၊ ပြောချင်တာက….”

ဝမ်နင်ဇီက အေးတိအေးစက် ပြောလိုက်သည်။ “အဲ့တာက အကြီးအကဲရန်ရဲ့လက်ရာဆိုတာ အသိသာကြီးပဲ”

“သူမျက်နှာရဖို့ ရန်ကျောက်ကဲက သူ့အဖေ အကျိုးဆောင်မယ့်ဟာကို ခိုးယူတာလား ဒါမှမဟုတ် သူ့သားအတွက် လမ်းဖောက်ပေးဖို့ အကြီးအကဲရန်က အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ရန်ကျောက်ကဲ လုပ်တယ်လို့ တမင်သက်သက် ပြောတာလား တစ်ခုခုပဲ”

“အဲ့တာကြောင့် ပြောတာပေါ့၊ အကြီးအကဲရန်က အဲ့ဒီ့ခွေးကောင်လေးလက်မှာ အနှေးနဲ့ အမြန် ပျက်စီးလိမ့်မယ်လို့”

ဝမ်နင်ဇီ၏မျက်နှာက ရုတ်တရက် ကြောက်မက်ဖွယ်ရာ ကောင်းသွားသည်။ “ဒါပေမယ့် ငါ့ဆရာက ဒုက္ခရောက်ခဲ့ရတယ်”

သူ့ဘေးမှ သိုင်းကျင့်ကြံသူက ခေါင်းကို ငုံ့ထားရင်း မည်သည့်အသံမှ မထွက်ရဲပေ။

ဝမ်နင်ဇီ၏ အနီးကပ်ဆုံး လူယုံဖြစ်သည်နှင့်အညီ သူသည် ဝမ်နင်ဇီ၏ အတွင်းရေးများကို ခရေစေ့တွင်းကျ သိသူ ဖြစ်၏။ မကြာသေးမီက တာဝန်ခန်းမမှ ဖြုတ်ချခံခဲ့ရပြီး စစ်ဆေးမှုတွေ ခံယူနေရသော လက်ထောက်အကြီးအကဲခွိုင်မှာ ဝမ်နင်ဇီ၏ ငယ်ဆရာဖြစ်သည်။

ဝမ်နင်ဇီ၏ကျင့်ကြံမှုက အကြီးအကဲခွိုင်ထက် များစွာ သာလွန်နေပြီဖြစ်သော်လည်း ဝမ်နင်ဇီသည် အကြီးအကဲခွိုင်ကို တလေးတစားဖြင့် တန်ဖိုးထားဆဲ ဖြစ်သည်။

ဝမ်နင်ဇီသည် သူ့ဆရာအတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကာ အရှေ့တန်အကြီးအကဲရန်ရှု့ကိုပင် အနူးအညွှတ်တောင်းဆိုခဲ့သည်။ သို့ရာတွင် အကြီးအကဲခွိုင်၏အခြေအနေက အနည်းငယ်မျှသာ တိုးတက်သေးသည်။

အကြီးအကဲခွိုင်သည် သူ့ရာထူးကို ဆုံးရှုံးသွားခဲ့လေပြီ။ သူ လက်ရှိအခြေအနေမှ လွတ်မြောက်၍ ပြစ်ဒဏ်မကျသင့်ဘဲ လက်ကျန်ဘဝကို အေးအေးချမ်းချမ်း နေရမည်လော ဆိုသည်ကိုတော့ မသိရှိရသေးပေ။

တစ်ဖက်တွင် လက်ရှိ ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်ဖြစ်သော အကြီးအကဲရန်၏သား၊ ဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် ၊ အခြားတစ်ဖက်တွင် မည်သည့်နည်းနှင့်မျှ ဆက်လက် မတိုးတက်နိုင်တော့သည့် သာမန်အကြီးအကဲ။ သိသာစွာပင် နှစ်ဖက်ချိန်ခွင်လျှာက မျှခြေတစ်ခုတွင် မရှိပေ။

ရန်ကျောက်ကဲအပေါ် မလှုပ်ရှားခင်ကတည်းက အကြီးအကဲခွိုင်သည် ဖြစ်လာနိုင်သည့် အဆိုးဆုံး အခြေအနေများအတွက် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သူသည် ဘာတစ်ခုမှ မရခဲ့သည့်တိုင်  သူ့ဘက်က အုပ်စုကို တစ်ခုခု အကျိုးပြုပေးနိုင်လိမ့်မည်ဟု တွက်ဆထားခဲ့သည်။ သို့သော် အကြီးအကဲခွိုင်မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်သလို ဖြစ်သွားခဲ့သည်။

အကြီးအကဲခွိုင်မှာ မအောင်မြင်ခဲ့သည်သာမက ရန်ကျောက်ကဲက သူ့ရည်ရွယ်ချက်များကို ကြိုမြင်နေကာ သူ၏အရံအစီအစဉ်များကိုပင် ဖော်ထုတ်ခဲ့သည်။ အဆုံးသတ်တွင် ဘာတစ်ခုမှ မရခဲ့သည့်အပြင် သူ့အတွက်ပါ အကျိုးယုတ်စေခဲ့သည်။

ထိုသို့သော အကြောင်းများကြောင့် အထက်လူကြီးများက သူ့ကို ကာကွယ်ရန် အဘယ်သို့ အားထုတ်ရမည်နည်း။

“ဟူး….၊ ဆရာက အသက်ကြီးနေတာတောင် ခေါင်းမာလွန်းတယ်၊ ငါပြောတာကို လုံးဝ နားမထောင်ဘူး၊ ငါတို့တွေ ဒီ့ထက်ပိုကောင်းတဲ့ နေရာရောက်ဖို့ သူက အလောင်းအစားလုပ်ချင်တယ်၊ ဒါပေမယ့် ရန်ကျောက်ကဲ ဉာဏ်များတာ ခံလိုက်ရတာပဲ”

ဝမ်နင်းဇီသည် ခေါင်းငိုက်စိုက်ကျနေရင်း   မုန်းတီးစွာ ပြောဆိုလိုက်သည်။ “ဒါပေမယ့် ဆရာ၊ ဆရာတိုက်ခိုက်တဲ့နေရာက မှန်နေတုန်းပဲ၊ ခွေးတစ်ကောင်က ဘယ်လိုဖြစ်ဖြစ် သူ့ကိုယ်ပေါ်က အစက်အပြောက်ကို မပြောင်းလဲနိုင်ပါဘူး၊ ပေါ့ပျက်ပျက်နိုင်တဲ့ ရန်ကျောက်ကဲလည်း နောက်ဆုံးမှာ ကျွန်တော့ အကွက်ထဲ ရောက်လာမှာပါ”

သူ့ဘေးမှ ကျင့်ကြံသူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဘယ်လိုပဲ ဖြစ်ဖြစ် ရန်ကျောက်ကဲက အကြီးအကဲရန်ရဲ့ သားပဲလေ၊ တကယ်လို့ အရှင် ဒီတစ်ခါ အောင်မြင်ခဲ့ရင်တောင် အကြီးအကဲရန်ရဲ့အမျက်သင့်တာ ခံရလိမ့်မယ်”

ဝမ်နင်ဇီက ရယ်မောလိုက်သည်။ “ငါအောင်မြင်သွားရင် အကြီးအကဲရန်ရဲ့လက်ကနေ ငါ့ကို ကာကွယ်ပေးမယ့် လူတွေ ရှိပါတယ်ကွ”

“ငါ့ဆီမှာ တစ်ဖက်အုပ်စုက ဆုပ်ကိုင်နိုင်မယ့် အားနည်းချက်မျိုး မရှိဘူး၊ အထက်လူကြီးတွေ ငါ့ကို ကာကွယ်ဖို့ဆိုတာ အရမ်းလွယ်တယ်”

“ကောင်းပြီ၊ ငါတို့ ဒီသတင်းကို အရှေ့တန်အကြီးအကဲနဲ့ ပင်မဂိုဏ်းဆီကို ပို့လိုက်ကြတာပေါ့”
“ရန်အိမ်တော်က ခွေးကောင်လေး ဒီတစ်ကြိမ် လွတ်မြောက်နိုင်ဦးမလား ကြည့်ကြတာပေါ့၊  ငါ သူ့ကို သေချာပေါက် အရေခွံစုတ်ပစ်မယ်ကွ”

………………

ရှူ့ချွမ်နှင့် အချိန်အနည်းငယ်မျှ စကားပြောပြီးနောက် ရန်ကျောက်ကဲသည် အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်ပြီး ရှု့ချွမ်၏အရှေ့တွင် ချလိုက်သည်။ “ဒါက တိမ်သွေးကြော သလင်းကျောက်ပဲ၊  ဒီသလင်းကျောက်က လေဝိဉာဉ်တောင်ကြားမှာ ထွက်တာလား”

ထိုသလင်းကျောက်သည် ဖောက်ထွင်းမြင်ရသော အဝါဖျော့ဖျာ့ ပုံဆောင်ခဲလေးဖြစ်ပြိး ၎င်း၏ အတွင်းပိုင်းမှာ တိမ်များ လွင့်မျောနေသည်နှင့် ဆင်တူသည်။

တိမ်ဝိဉာဉ်သလင်းကျောက်သည် ရန်ကျောက်ကဲ ချောက်နက်ကြီးကြပ်ခြင်းမြို့သို့ ရောက်ပြီးနောက် ရှု့ချွမ် ဆက်သသော ဒေသထွက်ကုန်များအနက်မှ တစ်ခုဖြစ်သည်။ ကျင့်ကြံသူများ ကျင့်ကြံချိန်တွင် ၎င်းကို သူတို့၏ ဘေးတွင် ထားလိုက်ရုံဖြင့် သူတို့၏ စိတ်ကို ငြိမ်သက်စေပြီး ကျင့်ကြံသည့် အမြန်နှုန်းကို အနည်းငယ် တိုးတက်နိုင်သည်။

ရှု့ချွမ် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်၊ အဲ့တာက လေဝိဉာဉ်တောင်ကြားမှာ ထွက်ရှိတာပဲ”
ရန်ကျောက်ကဲက တိမ်ဝိဉာဉ်သလင်းကျောက်ကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း ခေါင်းငြိမ့်လိုက်၏။ “သူ့အစွမ်းက အတော်လေး ကြီးမားတာပဲ”

ရှု့ချွမ်၏မျက်နှာက မပြောင်းလဲပေ။ သို့သော် သူ့စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

ချောက်နက်စောင့်ကြပ်ခြင်းမြို့မှာ နဂါးချုပ်လှောင်ခြင်းချောက်နက် အစပ်နားတွင် ရှေ့တန်းခံစစ်စခန်းသဖွယ် တည်ရှိနေသောကြောင့် အတွင်းဘက်ကျသော လေဝိဉာဉ်တောင်ကြားသည် အခြားအင်အားစုများ၏ နှောက်ယှက်မှုကို မခံရပေ။ ထို့ကြောင့် ထိုနေရာတွင် အရင်းအမြစ်များ ပေါကြွယ်ဝစွာ ထုတ်လုပ်နိုင်သည်။ ထိုတောင်ကြားတွင် တာဝန်ကျသူမှာ အဆင့်နိမ့်အကြီးအကဲမျှသာ ဖြစ်သော်လည်း ထိုနေရာသည် အရှေ့တန်နိုင်ငံအတွင်း အကြီးအကဲများအတွက် အဆူဖြိုးဆုံး နေရာများထဲမှ တစ်ခု ဖြစ်သည်။

ထိုနေရာသည် ချောက်နက်စောင့်ကြပ်ခြင်းမြို့နှင့် မတူပေ။ ထိုနေရာမှ ရာထူးက နိမ့်ပါးသော်လည်း တာဝန်က ကြီးမားသည်။ တစ်ခုခု အမှားအယွင်း ဖြစ်လျှင် တာဝန်ခံရမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုလေဝိဉာဉ်တောင်ကြား၏ တာဝန်ကျအကြီးအကဲမှာ ဝမ်နင်ဇီဖြစ်၏။ ဝမ်နင်ဇီသည် အရှေ့တန်အကြီးအကဲ၏ ယုံကြည်ရသော လက်ရုံးတစ်ယောက်ဖြစ်ပြီး ရန်ကျောက်ကဲ၏ဒုတိယဦးလေးဘက်မှ လူတစ်ယောက်လည်း ဖြစ်သည်။

ရှု့ချွမ်က စဉ်းစားရင်း သူ့အကြည့်က ရန်ကျောက်ကဲလက်ထဲရှိ တိမ်ဝိဉာဉ်သလင်းကျောက်လေးဆီ ရောက်သွားသည်။ ထိုကဲ့သို့ တိမ်ဝိဉာဉ်သလင်းကျောက်မျိုးကို သူ ကြိမ်ဖန်များစွာ မြင်ဖူးခဲ့သည်။ သို့သော် သူ မည်သို့ကြည့်ကြည့် ထိုသလင်းကျောက်လေးက အခြားသလင်းကျောက်များနှင့် ကွာခြားနေသည်ဟု မခံစားရပေ။

“ဒီသလင်းကျောက်လေးထဲမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား” ရှု့ချွမ် လုံးဝ စိတ်ရှုပ်ထွေးလျက်ရှိသည်။ “ဒါမှမဟုတ် ငါကပဲ အတွေးလွန်နေတာလား၊ သူက ဒါကို သာမာန်အတိုင်း ချီးကျူးတာများလား”

ရှု့ချွမ် ထွက်သွားပြီးနောက် ရန့်ကျောက်ကဲ၏ လက်ချောင်းများမှာ တိမ်ဝိဉာဉ်သလင်းကျောက်ကို တတောက်တောက် ခေါက်နေသည်။ သူ့မျက်နှာက ပြုံးသယောင်ယောင် ဖြစ်နေ၏။

နောက်တစ်နေ့မနက်တွင် အားဟူက သတင်းဆိုးတစ်ခုနှင့် ရောက်လာ၏။ “မင်းသား၊ မနေ့တုန်းက ပင်မဂိုဏ်း စည်းကမ်းထိန်းသိမ်းရေးခန်းမက စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲတစ်ဦး အရှေ့တန်ကို စေလွှတ်လိုက်တယ်လို့ ကျွန်တော်တို့သတင်းရပါတယ်”

အရှေ့ကောင်းကင်ဒေသကို တာဝန်ယူရသော ဝါဒတောင်ဂိုဏ်း၏ အကြီးအကဲကို အရှေ့အကြီးအကဲဟု ခေါ်ကြသည်။ အရှေ့အကြီးအကဲ၏ လက်အောက်တွင် အဆင့်မြင့်အကြီးအကဲများ၊ အဆင့်နိမ့်အကြီးအကဲများအပြင် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲများလည်း ရှိသေးသည်။

ထိုစည်းကမ်းထိန်းသိမ်းရေးအကြီးအကဲများသည် အရှေ့အကြီးအကဲအပြင် ပင်မဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးခန်းမကိုပါ ပြန်လည် တင်ပြရသည်။ ထိုအကြီးအကဲများသည် ဒေသတစ်ခုလုံးနှင့် သက်ဆိုင်ပြီး  ဂိုဏ်း၏စည်းမျဉ်းများ လိုက်နာစေရန် ကြပ်မတ်ရသည်။ စည်းကမ်းဖောက်ဖျက်သူများကို အပြစ်ပေးသည့် တာဝန်ကို ယူကြရသည်။

ရန်ကျောက်ကဲက မေးလိုက်သည်။ “ဘာလို့လာတာလဲ သိလား”

အားဟူက ပြန်လည်ဖြေကြား၏။ “နေသူတော်စင်ဂိုဏ်းက ပြဿနာရှာတဲ့ပုံပဲ၊ ပြီးကြတော့ ရီကျင်းကိစ္စလည်း ရှိသေးတယ်”

သူ့နှုတ်ခမ်းကို တင်းတင်း စေ့ထား၏။ “ရီကျင်းက အဲ့လောက်ကံဆိုးမိုးမှောင်ကျပြီး ချောက်နက်ထဲမှာ သေသွားမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး၊ တစ်ယောက်ယောက်က ဒီအခွင့်အရေးကို အမိဖမ်းပြီး မင်းသား ဒုက္ခရောက်အောင် ချောက်ချတဲ့ပုံပါပဲ”

ရန်ကျောက်ကဲက အမှုမထားဟန်ဖြင့် မေးလိုက်သည်။ “အရှေ့တန်မြို့တော်ကို လာမှာလား”

အားဟူက “မဟုတ်ဘူး၊ ဒီချောက်နက်ကြီးကြပ်ခြင်းမြို့ကို လာမှာ၊ အရှေ့တန်ရဲ့ အဆင့်မြင့်အကြီးအကဲရန်ရှု့က တစ္ဆေရဲဒင်းအဘိုးအိုရဲ့ အန္တရာယ်ကို အမြစ်မဖျက်နိုင်ခဲ့သလို ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်လည်း လွတ်မြောက်သွားတယ်၊ ပြီးတော့ နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့ ထူးဆန်းတဲ့အခြေအနေတွေကြောင့် သူ ဒီကို အရင်လာဖို့ ဆုံးဖြတ်လိုက်တာပဲ၊ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲနဲ့အတူ အရှေ့တန်က တာဝန်ရှိသူတွေလည်း ရောက်လာလိမ့်မယ်”

ရန်ကျောက်ကဲက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ “အဲ့တာဆို ဒီမှာပဲ စောင့်တာပေါ့ကွာ”

အားဟူကလည်း အတုခိုးပြီး သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ “မင်းသား…. မင်းသားရဲ့နောက်ခံနဲ့ဆို စည်းကမ်းထိန်းသိမ်းရေးခန်းမက အလွယ်တကူ ပြဿနာရှာရဲမှာ မဟုတ်ဘူး၊ အခု စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ လာနေပြီ၊ မင်းသားအတွက် လွယ်မှာတော့ မဟုတ်ဘူး”

ရန်ကျောက်ကဲက သူ့လက်နှစ်ဘက်ကို ဆန့်ကားလိုက်သည်။ “အကြီးဆုံးဦးလေးက ငါ့ကို ပေါ့တီးပေါ့ပျက်နိုင်တယ်ဆိုပြီး သိပ်ကြည့်လို့မရဘူး၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကြောင့်  ငါ့အပေါ် သူ့ရဲ့အမြင် ပြောင်းလဲသွားတယ်၊ အခု ဒီလို ဖြစ်လာတော့… သူ ပိုပြီး စိတ်ပျက်သွားမှာပဲလေ၊ မျှော်လင့်ချက်ကြီးကြီးထားလေ စိတ်ပျက်မှု ပိုကြီးလေပဲ”

“အကြီးဆုံးဦးလေးက ဒုတိယဦးလေးဘက်ကို မပါလောက်သေးဘူး၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ ငါ့ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ စဉ်းစားနေလောက်ပြီ၊ နောက်ထပ်တာဝန်တွေမှာ ငါ အမှား ကျူးလွန်မှာ စိုးလို့”

အားဟူက သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ “ခက်တာပဲ”

ရန်ကျောက်ကဲက သူ့ခြေထောက်ကို သက်တောင့်သက်သာ ဆန့်ထုတ်လိုက်သည်။ “တကယ်ကို တစ်ယောက်ယောက်ကတော့ ခက်ခဲတော့မယ်”

အလွန်လျင်မြန်စွာဖြင့် စစ်ခုန်ချင်းနှင့် အခြားသူများလည်း ထိုသတင်းကို ရရှိသွားသည်။

ရန်ကျောက်ကဲနှင့် အတူတကွ ခရီးသွားခဲ့ကြသဖြင့် သူတို့လည်း မျက်မြင်သက်သေများအနေဖြင့် မေးမြန်းခံရပေမည်။

ထိုသတင်းကို ကြားလျှင် သူတို့သည် တစ်ယာက်မျက်နှာ တစ်ယောက် ကြည့်ကာ စိတ်ရှုပ်ထွေးနေကြသည်။

အားဟူပြောသလိုပင် ရန်ကျောက်ကဲ၏အနေအထားက ထူးခြားသည်။ စည်းကမ်းထိန်းသိမ်းရေးခန်းမကပင် အလွယ်တကူ မထိပါးရဲပေ။ ရန်ကျောက်ကဲအပေါ်  စစ်ဆေးတော့မည်ဆိုသည့် အဓိပ္ပာယ်ကား အခြေအနေက ပြင်းထန်ပြီး အလွယ်တကူ ဖြေရှင်းမရနိုင်သည့် သဘောပင်။
ဂိုဏ်း၏ လူငယ်မျိုးဆက်ထဲတွင် လက်ညိုးညွှန်ရာ ရေဖြစ်သော ရန်ကျောက်ကဲ၊ သည်တစ်ကြိမ်မှာကော လွှတ်မြောက်နိုင်မည်လော။


Comment

Leave a Reply

Options

not work with dark mode
Reset