Switch Mode

အခန်း (၂၁)

သူ့ခေါင်းပေါ်ကို ကျလာသော ဒုက္ခ

အပိုင်း(၂၁) သူ့ခေါင်းပေါ်ကို ကျလာသော ဒုက္ခ

“ဘယ်လိုကြီးလဲဟ၊ တစ်ခုနဲ့ တစ်ခု အဆက်အစပ်လဲ မရှိဘူး၊ ဒီသတ္ထုပြားက အပြည့်အစုံ မဟုတ်လို့လား၊ အပိုင်းအစ တစ်ခုပဲ ဖြစ်လောက်မယ်၊ တချို့စကားလုံးတွေ ပျောက်နေတယ်”

ရန်ကျောက်ကဲ အနည်းငယ်မျှ စဉ်းစားပြီးနောက် သတ္ထုပြားထဲသို့ ချီ နည်းနည်းချင်း ထည့်သွင်းလိုက်သည်။

သူ ထင်ထားသည့်အတိုင်းပင် အပြင်ပန်းတွင် အကြမ်းထည်မျှသာ ထင်ရသော ထိုသတ္ထုပြားမှာ တကယ်တော့ ရှားပါးသည့်အရာဝတ္ထုနှင့် ပြုလုပ်ထားသည်။ ၎င်းသည် အပိုင်းအစတစ်ခုမျှသာ ဖြစ်သော်လည်း သာမာန်သတ္ထုများနှင့် မတူဘဲ ရန်ကျောက်ကဲ၏ချီကို ခံနိုင်ရည်ရှိသည်။

“ဒီသတ္ထပြားရဲ့ ခံနိုင်ရည်က အတွင်းပိုင်းသိုင်းပညာရှင် အလယ်အလတ်အဆင့်ကို ရောက်နေပြီ၊ ရီကျင်းရဲ့ ကျင့်ကြံမှုက နိမ့်ကျနေသေးလို့ ဒီသတ္ထုပြားကို မဖွင့်နိုင်သေးတာပဲ၊ အဲ့တာကြောင့် နောက်မှ စမ်းကြည့်ဖို့ သူ သိမ်းထားတာပဲ”

ရန်ကျောက်ကဲက သူ့အားထုတ်မှုကို နှစ်ဆတိုးမြင့်လိုက်သည်။ အချိန်အနည်းငယ်အတွင်း သတ္ထုပြားပေါ်တွင် ပြောင်းလဲမှုများ စတင်ပြသလာသည်။

အဖြူရောင်အလင်းဖျော့ဖျော့လေး ပြန်လည်ပေါ်ပေါက်လာပြီး သတ္ထုပြားတစ်ခုလုံး တောက်ပလာသည်။

တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲသည် သတ္ထုပြား၏မျက်နှာပြင်က အေးသည်ထက် အေးလာသည်ကို ခံစားမိသည်။

ရန်ကျောက်ကဲသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ချီကို လည်ပတ်ထားသော်လည်း သတ္ထုပြားပေါ်မှ အေးစက်မှုကို ခံစားနေရဆဲ ဖြစ်သည်။ ၎င်း၏ တကယ့် အပူချိန်က အလွန် နိမ့်လွန်းလေရာ သာမာန်လူတစ်ယောက်က ၎င်းကို ထိမိပါက သူတို့၏လက်များ လုံးဝ အေးခဲသွားနိုင်သည်။

“ဒီခံစားမှု….၊ မဟာကပ်ဘေးခေတ်တုန်းကနဲ့ အတော်လေး ဆင်တူတယ်၊ အဲ့ခေတ်တုန်းက ရေခဲပင်လယ်ဓားဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်၊ ဒီခံစားချက်က သူတို့ရဲ့ ဓားသိုင်းတစ်မျိုးကို အဆုံးထိ လေ့ကျင့်ပြီးတဲ့အခါ ထွက်ပေါ်လာတဲ့ ဓားအငွေ့အသက်နဲ့ ဆင်တူတယ်၊ ဒါပေမယ့် တစ်ထပ်တည်းတော့ မကျဘူး” ရန်ကျောက်ကဲ၏အကြည့် လှုပ်ခတ်သွားသည်။

“တစ်ခုခုနဲ့ ရောနေသေးတယ်၊ မဟာကပ်ဘေးပြီးတဲ့နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ သိုင်းသူတော်စင်တစ်ဦး ပေါ်ထွန်းလာဖူးတယ်၊ လူတွေက သူ့ကို မြောက်ပင်လယ်က ရေခဲနဂါးလို့ခေါ်ကြတယ်……၊ ရေခဲနဂါးသူတော်စင်လား!!!!”

“မဟာကပ်ဘေးကြီးပြီးတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာက ရေခဲကျင့်ကြံသူထဲမှာ ရေခဲနဂါးသူတော်စင်က အစွမ်းအကြီးဆုံးပဲ၊ သူ့ဆီမှာ အထွတ်အမြတ် ဝိဉာဉ်လက်နက်တောင် ရှိတယ်၊ အဲ့နှစ်မှာ သူ ရုတ်တရက် ပျောက်သွားတယ်၊ သူ သေသလား ရှင်သလား မသိရဘူး၊ သူ့အထွတ်အမြတ် ဝိဉာဉ်လက်နက်ပါ ပျောက်သွားတာပဲ”

သူ့မေးစေ့ကို ပွတ်သပ်ရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။

“အိုး… ရီကျင်း…. ရီကျင်း၊ မင်းက တကယ့် သောက်ကျိုးနဲလောက်အောင် ကံကောင်းတဲ့ကောင်ပဲ၊ အထူးအဆန်းပစ္စည်းတွေက မင်းရဲ့ ဆွဲဆောင်မှုကို မခံနိုင်တဲ့ပုံပဲ”

“ဒါတောင် နီညိုရောင် လက်စွပ်မပါသေးဘူး၊ သူ ဒီလိုပစ္စည်းတွေ ထပ်မတွေ့ဘူးလို့ ဘယ်သူပြောနိုင်မလဲ”

“ပြောရရင်၊ ကပ်ဘေးကြီးပြီးတဲ့နောက် နဂါးမျိုးနွယ်ဝင်တွေကို အစွန်းရောက်ရှစ်ပါးကမ္ဘာထဲမှာ မြင်ရခဲတယ်၊ အဲ့ဒီ့နှစ်မှာ ရေခဲနဂါးသိုင်းသူတော်စင် ရခဲ့တာက ရေခဲပင်လယ်ဓားဂိုဏ်းက ဓားသိုင်းသက်သက်ပဲ မဟုတ်လောက်ဘူး၊ နဂါးမျိုးနွယ်တွေနဲ့လဲ တစ်ခုခု ဆက်နွယ်နေလောက်တယ်”

ထိုအချိန်တွင် အားဟူသည် ရန်ကျောက်ကဲ တည်းခိုသည့် အိမ်တော်အပြင်မှ တံခါးခေါက်လာသည်။ “မင်းသားလေး၊ ချောက်နက်ကြီးကြပ်ခြင်းမြို့က အကြီးအကဲရှု့ ဒီကို ရောက်နေတယ်”

ရှု့ချွမ်သည် ချောက်နက်ကြီးကြပ်ခြင်းမြို့တွင် တာဝန်ကျသော ဝါဒတောင်ဂိုဏ်း၏ အဆင့်နိမ့်အကြီးအကဲ ဖြစ်သည်။

သတ္ထုပြားထဲသို့ ချီ ဖြည့်သွင်းမှုကို ရပ်တန့်ပြီး ရန်ကျောက်ကဲ နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ၊ အကြီးအကဲရှု”

အားဟူ ထွက်သွားပြီးနောက် ခန်းမထဲတွင် ရန်ကျောက်ကဲနှင့် ရှု့ချွမ်သာ ကျန်ခဲ့သောအခါ ရှု့ချွမ်သည် ယခင်ကကဲ့သို့ သိုင်းတူလေးရန်ဟု မသုံးနှုန်းတော့ဘဲ သခင်လေးရန်ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်သည်။ “သခင်လေးရန်၊ သခင်လေး ဒီတစ်ခါ အတော် ဒုက္ခရာက်ခဲ့မှာပဲ၊ ကံကြီးပေလို့ပေါ့ သခင်လေး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာ”

ရန်ကျောက်ကဲက ညင်သာစွာ ပြုံးရင်း အလိုက်သင့် ပြန်ဖြေလိုက်သည်။ “အကြီးအကဲရှု့ကို စိတ်ပူစေမိပြီ”

သည်ရှု့ချွမ်သည် သူ့အဖေဘက်မှ ဖြစ်သည်။ ချက်ချင်းပင် အခေါ်အဝေါ် ပြောင်းလဲသုံးနှုန်းသည်ကို ကြည့်လျှင် သူ၏ ပါးနပ်မှုကို မြင်နိုင်သည်။ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးက မည်မျှပင် နှိမ့်ချရသည်ဖြစ်စေ ကိုယ်ကျင့်သိက္ခာမရှိတော့သည့်အထိ ကပ်ဖားရပ်ဖားလုပ်တတ်သူ ဖြစ်သည်။

သို့ရာတွင် သူ့အထက်လူကြီးဖြစ်သော အရှေ့တန်၏ အဆင့်မြင့်အကြီးအကဲ ရန်ရှု့မှာ ရန်ကျောက်ကဲ၏ ဒုတိယဦးလေးကို ထောက်ခံသူဖြစ်သည်။ သူ့အထက်လူကြီး၏ နှိပ်ကွပ်မှုအောက်တွင် သူလည်း အေးအေးသာသာ မနေရပေ။ သူ၏ ပါးနပ်သော အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူသည်လည်း အရည်အချင်းတချို့ ပိုင်ဆိုင်ထားသည်ဟု ဆိုရပေသည်။

သို့မဟုတ်ပါက ညံ့ဖျင်းသော လူတစ်ယောက်အဖို့ နဂါးချုပ်လှောင်ခြင်းချောက်နက်၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါ။

ရန်ကျောက်ကဲက မေးလိုက်သည်။ “ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်နဲ့ တစ္ဆေရဲဒင်းအဘိုးအိုရဲ့ တည်နေရာကို သိရပြီလား”

ရှု့ချွမ်က ဝမ်းနည်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။ “တစ္ဆေရဲဒင်းအဘိုးအိုက အကြီးအကဲရန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး၊ သူ ဒဏ်ရာရလို့ ထွက်ပြေးသွားပြန်ပြီ၊ အကြီးအကဲရန်က သူ့ကို လိုက်ဖမ်းတာ မမိလိုက်ဘူး”

“ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်လဲ လွတ်မြောက်သွားပြန်တယ်၊ ပြင်ပမှာ အန္တရာယ်က ကြီးမားနေတုန်းပဲ”

ရန်ကျောက်ကဲ၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။ “အရှေ့တန်နိုင်ငံက အရှေ့ကောင်းကင်ဒေသရဲ့ အရှေ့ဘက်ဆုံး အပိုင်းမှာ တည်ရှိတယ်၊ ကျွန်တော်တို့ဂိုဏ်းက ဒီမှာ အခြေစိုက်နေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ အဲ့ဒီ့လူတွေ အလွယ်တကူ လွတ်ကုန်တယ်ဆိုတော့ ဒီဒေသမှာ ပုန်းကွယ်နေတဲ့ အင်အားစုတွေက ကြားထဲက ဝင်ရောက်နှောက်ယှက်နေတာများလား”

အရှေ့တန်နိုင်ငံသည် အရှေ့ကောင်းကင်ဒေသ၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင်အရ ဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ ဤဒေသ၏ အနေအထားမှာ လွန်စွာ ရှုပ်ထွေးသည်။ နဂါးချုပ်လှောင်ခြင်းချောက်နက်သာမက ၎င်းသည် တောင်တန်းနယ်မြေ၊ မီးနယ်မြေများနှင့်လည်း ထိစပ်နေသည်။

ထိပ်သီးနယ်မြေနှစ်ခုဖြစ်သော အဆုံးမဲ့တောင်တန်းနှင့် နေသူတော်စင်ဂိုဏ်းတို့က ထိုနေရာနှစ်ခုကို အသီးသီး ထိန်းချုပ်ထားသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ၎င်းတို့၏ လွှမ်းမိုးမှုက အရှေ့တန်နိုင်ငံထဲတွင် တဖြည်းဖြည်း စိမ့်ဝင်လာကာ လက်ရှိတွင် ၎င်းတို့သည် အရှေ့တန်နိုင်ငံထဲတွင် မငြိမ်မသက်ဖြစ်အောင် ဖန်တီးလျက်ရှိသည်။

ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းတို့ကြား ယှဉ်ပြိုင်မှုက အလွန် ပြင်းထန်သည်။ ထိုထိပ်သီးနယ်မြေကြီးနှစ်ခုမှာ အရှေ့တန်နိုင်ငံထဲတွင် နေ့စဉ်နေ့တိုင်းလိုလို ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်နေကြသည်။

ရှု့ချွမ်က ထောက်ခံလိုက်၏။ “ဟုတ်တယ်၊ ဖြစ်နိုင်ချေအများဆုံးက နေသူတော်စင်ဂိုဏ်းပဲ၊ ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့က ပို ပိုပြီး အတင့်ရဲလာတယ်”

သူ့စကားကို ရပ်တန့်ပြီးနောက် ရှု့ချွမ်သည် ရန်ကျောက်ကဲအား ကြည့်လိုက်သည်။ “ဟုတ်သားပဲ၊ သခင်လေးရန်က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ နေသူတော်စင်ဂိုဏ်းက ချောင်ယွမ်လုံကို အနိုင်ယူခဲ့တယ် ကြားတယ်”

ရန်ကျောက်ကဲက ခေါင်းငြိမ့်လိုက်၏။ “အင်း၊ အဲ့လိုကိစ္စမျိုး ရှိခဲ့တယ်”

“သခင်လေးရန်က ချောင်ယွမ်လုံကို ခမ်းနားထည်ဝါစွာ အနိုင်ရခဲ့တယ်၊ ကျွန်တော်တို့ရဲ့ ကြီးမြတ်လှတဲ့ ဝါဒတောင်ဂိုဏ်းနာမည်က အစွန်းရောက်ရှစ်ပါးကမ္ဘာထဲမှာ ပျံ့နှံ့ပြီးရင်း ပျံ့နှံ့နေတော့မှာပဲ၊ ဒါ အောင်ပွဲခံရမယ့် ကိစ္စပဲ၊ ဘယ်လောက်တောင် လေးစားစရာကောင်းတဲ့ စွမ်းဆောင်မှုလဲ၊ ကျွန်တော်တို့ဂိုဏ်းက လူငယ်မျိုးဆက်ရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ နာမည်နဲ့ လုံးဝ ထိုက်တန်ပါပေတယ်၊ အနာဂတ်မှာ သခင်လေးက ဒီအစွန်းရောက်ရှစ်ပါးကမ္ဘာထဲမှာ ဒဏ္ဏာရီပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ” ရှု့ချွမ်သည် ပါးစပ်မှ ရေကရားလွှတ်သလို အဆက်မပြတ် ချီးကျူးလိုက်သည်။

နေသူတော်စင်ဂိုဏ်းထက် အဆင့်နိမ့်သော အင်အားစုမှ တပည့်က နေသူတော်ဂိုဏ်း၏တပည့်အား ရိုက်နှက်ခဲ့လျှင် နေသူတော်စင်ဂိုဏ်းသည် အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ရန်ကျောက်ကဲသည် အဆင့်တူ ထိပ်သီးအင်အားစုဖြစ်သော ဝါဒတောင်မှ လာသူဖြစ်သည်။ ချောင်ယွမ်လုံနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းသည်ကား လူငယ်မျိုးဆက်တပည့်များအကြား သာမာန် သိုင်းပညာ ဖလှယ်သည်ဟု သတ်မှတ်နိုင်သည်။

တိုက်ပွဲတစ်ပွဲ ရှုံးနိမ့်ခြင်းက ဂုဏ်သိက္ခာ ကျဆင်းစေ၏။ သို့သော် နောက်တစ်ပွဲတွင် ပြန်လည်အနိုင်ရပါက ကျဆင်းသွားသည့် ဂုဏ်သိက္ခာကို ပြန်ဆည်နိုင်မည်ဖြစ်သည်။

ရန်ကျောက်ကဲက ချောင်ယွမ်လုံကို စုတ်ပြတ်သပ်နေအောင် ရိုက်နှက်နိုင်ခဲ့သဖြင့် ရှု့ချွမ်မှာ ပျော်ရွှင်မိသလို တစ်ဖက်တွင်လည်း စိုးရိမ်နေမိသည်။

ရှု့ချွမ်က အနည်းငယ်တုံ့ဆိုင်း၍ မေးလိုက်သည်။ “ဒါပေမယ့် ကျွန်တော်ကြားတာက….. အဲ့ဒီ့နောက်မှာ သခင်လေးရန်က နေသူတော်စင်ဂိုဏ်းက တပည့်တွေကို မုန်တိုင်းမျက်လုံးနေရာကနေ မောင်းထုတ်ပစ်တယ် ကြားတယ်”

ရန်ကျောက်ကဲက အနည်းငယ် ပြုံးလိုက်သည်။ “ဟုတ်တယ်၊ အဲ့တာ အမှန်ပဲ”

ရှု့ချွမ်၏ အနည်းငယ် စိုးရိမ်နေပုံရသော မျက်နှာကို ကြည့်ပြီး ရန်ကျောက်ကဲက စိတ်မပူစေလိုသည့် သဘောဖြင့် သူ့လက်ကို ရမ်းလိုက်သည်။ “စိတ်အေးအေးထားပါ အကြီးအကဲရှု့ရာ၊ ကျွန်တော်က အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ ပတ်သတ်ပြီး လုပ်စရာရှိသေးလို့ သူတို့ကို မောင်းထုတ်လိုက်တာပဲ”

ထိုစကားကို ကြားသောအခါ ရှူ့ချွမ် စိတ်သက်သာရာရ၍ သက်ပြင်းချလိုက်သည်။ “ဒီလိုဆို တော်သေးတယ်၊ နို့မို့ နေသူတော်စင်ဂိုဏ်းက ပြန်တုန့်ပြန်ရင် ကျွန်တော်တို့ဂိုဏ်းက လူတွေက သခင်လေးကို မေးခွန်းထုတ်ကြလိမ့်မယ်”

“အဲ့တာက လွဲရင်၊ အဲ့ဒီ့ ရီကျင်း၊ သိုင်းတူလေးရီက အန္တရာယ်ကြား ကျရောက်သွားတယ် ကြားတယ်၊ ဒီသတင်းကို ကြားရင် ဂိုဏ်းက လာမေးမြန်းကြဦးမယ်၊ ဒါပေမယ့် ပြဿနာအများကြီး မရှိလောက်ဘူးလို့ ကျွန်တော်ထင်တာပဲ သခင်လေး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါ မတော်တဆပဲလေ၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်လို လူတစ်ယောက်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ခံရတာက သဘာဝကပ်ဘေးကြီး ကျရောက်လာသလိုပဲ၊ ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘူးလေ” ရှု့ချွမ်က ထိုကိစ္စကို စိတ်အေးလက်အေးဖြင့် ပြောလိုက်သည်။

ရန်ကျောက်ကဲက ခေါင်းမော့၍ တံစက်မြိတ်ကို ကြည့်လိုက်၏။ “တချို့လူတွေက အဲ့လို တွေးမှာ မဟုတ်ဘူး၊ သူတို့က ရီကျင်း ဒီလိုဖြစ်သွားတာကို အခွင့်အရေးတစ်ခုအနေနဲ့ စောင့်နေကြတဲ့ပုံပဲ”

……………..

အရှေ့တန်နိုင်ငံ၊ ချောက်နက်ကြီးကြပ်ခြင်းမြို့နှင့် မဝေးလှသော နေရာတွင် လေဝိဉာဉ်တောင်ကြား တည်ရှိသည်။ တောင်ကြားတစ်ခုလုံးသည် ဝါဒတောင်ဂိုဏ်း၏ပိုင်နက်ထဲတွင် ပါဝင်ပြီး တန်ဖိုးကြီးသော အရင်းအမြစ်များ ထွက်ရှိသည်။

ဤနေရာမှ ဝါဒတောင်ဂိုဏ်း၏ တာဝန်ကျ အကြီးအကဲမှာ ဝမ်နင်ဇီဖြစ်သည်။ ခပ်လှမ်းလှမ်းမှ ကြည့်ပါက သူသည် သန့်ပြန့်ခံ့ညားသော သက်လတ်ပိုင်းအရွယ် လူကြီးလူကောင်းတစ်ဦး ဖြစ်ပုံရသည်။

သူကား အတော်ငယ်သေးသလို တောက်ပသော အနာဂတ်ကလည်း သူ့ရှေ့တွင် စောင့်ကြိုနေသည်။ သူ့ဘဝခရီးလမ်းတွင် မည်သည့် ခြေချော် လက်ချော်မျှ မဖြစ်လျှင် တိုးတက်စရာ အခွင့်အရေး အများကြီး ရှိသေးသည်။

“အစစ်အမှန်လီမီးတောက် မီးစေ့အတွက် နှစ်ဖက် ထိပ်တိုက်တွေ့ကြတယ်တဲ့လား၊ ရီကျင်း မသေခင် ရန်ကျောက်ကဲနာမည်ကို ဒေါသတကြီး အော်ပြောသွားတာလား” ဝမ်းသာအားရနေသော ဝမ်နင်ဇီ၏ မျက်နှာပေါ်တွင် နှုတ်ခမ်းထောင့်မှ တွန့်ကွေးသွားသည်။

သတင်းလာပို့သော ကျင့်ကြံသူက ပြန်လည်ဖြေကြားလိုက်သည်။ “ဒီအမှုထမ်းက ဒီသတင်းတစ်စွန်းတစ်စကို ရန်ကျောက်ကဲနဲ့ ခရီးအတူတူသွားတဲ့ လူငယ်တပည့်တစ်ယောက်ဆီက ကြားခဲ့တာပါ၊ ဒီသတင်းက မမှားနိုင်ပါဘူး၊ ပြီးကြတော့ ရီကျင်း ချောက်နက်ထဲ ပြုတ်ကျသွားတာကို သူတို့ မမြင်လိုက်ရပါဘူး”

ဝမ်နင်ဇီက ရယ်မောလိုက်သည်။ “ဟား ဟား အဲ့လောက်ဆို ရပြီ”

လူတိုင်း၏ ရှေ့မှောက်တွင် လူငယ် တပည့်တစ်ယောက် သေဆုံးသွားသည်။ ထိုတပည့်က ရန်ကျောက်ကဲနှင့် ရန်ငြိုးကြီးမားသည့် ရီကျင်းဖြစ်နေသည်။ အဖွဲ့ခေါင်းဆောင်အနေဖြင့် ရန်ကျောက်ကဲမှာ အပြစ်ဒဏ် ကျခံရနိုင်ခြေ အလွန်များသည်။ ဒုက္ခတွေ အားလုံး သူ့ခေါင်းပေါ် ရောက်ပြီ။

ဝမ်နင်ဇီ၏ ဘေးတွင် ရပ်နေသော သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ဒါပေမယ့် ရန်ကျောက်ကဲ က အကြီးအကဲရန်ရဲ့သားပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းရဲ့ လူငယ်မျိုးဆက်ထဲမှာ နံပါတ်တစ် ပါရမီရှင် အနေနဲ့၊ ကျွန်တော်တို့မှာ ခိုင်မာ လုံလောက်တဲ့ သက်သေ မရှိရင် သူ့နေရာကို ကိုင်လှုပ်ဖို့ မလွယ်ဘူး”

“ဒီလို ဖြစ်ရပ်မျိုးမှာ သက်သေမလိုဘူးကွ၊ သံသယရှိရုံလောက်နဲ့တင် လုံလောက်ပြီ” ဝမ်နင်ဇီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သူ့ဘေးရှိ လူက အနည်းငယ် တုံ့ဆိုင်းစွာဖြင့် “ရန်ကျောက်ကဲကြောင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက ဒီကမ္ဘာမှာ ပြန်ပေါ်လာပြီ၊ အဲ့တာကြောင့် ဂိုဏ်းထဲမှာ သူတို့အုပ်စုက ဩဇာကြီးနေတဲ့အချိန်ပဲ၊ ဒီလို အကျိုးဆောင်မှုနဲ့ဆို သူ အမှားအယွင်းတချို့လုပ်ရင်တောင် ခွင့်လွှတ်ပေးမယ် ထင်တယ်”

ဝမ်နင်ဇီက သရော်လိုက်သည်။ “အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတဲ့လား၊ အမွှေးတောင် စုံအောင် မပေါက်သေးတဲ့ ကလေးသာသာ ကောင်လေးကများ”

Comment

Leave a Reply

Options

not work with dark mode
Reset