Switch Mode

အခန်း (၂)

ဝိညာဉ်အားဖြည့်ခြင်း

အပိုင်း(၂) ဝိညာဉ်အားဖြည့်ခြင်း

ယေဘူယျအားဖြင့် လူငယ်များမှာ ရှုတ်ထွေးသည့် အတွေးများ မရှိ တတ်ကြသဖြင့် တကယ့် ဆန်းလျန်အစစ်မှာ သူ့ဝိညာဉ်ကို အလွယ်တကူ လွှင့်နိုင်ပြီး စာအုပ်ထဲတွင် ရေးထားသည့် ကျင့်စဉ်အတိုင်း ဝိညာဉ် အားဖြည့်နိုင်လေသည်။

သို့သော် စာအုပ်ပါ ကျင့်စဉ်များ၏ စာမျက်နှာ တချို့မှာ ပျောက်ဆုံး နေသလားဟု သူသိချင် နေမိသည် … အဘယ်ကြောင့်ဆိုသော် စာအုပ်မှ အခန်းတိုင်းမှာ ဝိညာဉ် အားဖြည့်သည့် နည်းလမ်းများသာ ဖြစ်ပြီး သိုင်းပညာ လေ့ကျင့်ရမည့် အပိုင်းများ မပါဝင်ပေ။

သူက ဝိညာဉ် အားဖြည့်သည့် ကျင့်စဉ်ကို အလွန်အာရုံ စူးစိုက် လေ့ကျင့်ပြီး သိုင်း လေ့ကျင့် မှုကိုတော့ လျစ်လျူ ရှုထားမိသည်။ စိတ်ဝိညာဉ်က အတွင်းအား စီးဆင်းမှုကို အမြင့်ဆုံးသို့ ဆွဲခေါ် သွားသောကြောင့် သူ့ဝိညာဉ်က စွမ်းအားကြီးမား လာသလောက် သူ့ ရုပ်ခန္ဓာကတော့ အားအင် ချို့တဲ့ လာသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်မှာ အားနည်းသည်ထက် နည်းလာ လေတော့သည်။ လူငယ်ဆိုသည်က ဖွံ့ဖြိုးဆဲ ဖြစ်သောကြောင့် အားအင် လိုအပ်လေသည်။ သို့သော် တကယ့် ဆန်းလျန် အစစ်မှာတော့ စွမ်းအင်များ ကုန်ခန်းပြီး အားအင်ချည့်နဲ့ နေလေတော့သည်။ စတင် လေ့ကျင့်စဉ်က ကျန်းမာသော ကိုယ်ခန္ဓာ ရှိသည်မှာ သူ့အတွက် ကံကောင်းခြင်း ဖြစ်ပြီး နှစ်အတန်ကြာ ကျင့်စဉ်ကို လေ့ကျင့်သည့်တိုင် မည်သည့် ထိခိုက်မှုမှ မဖြစ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ကျင့်စဉ် လမ်းကြောင်းမှ အနည်းငယ် လွဲချော်သည်နှင့် မကောင်းသော ရလဒ်များကို ဦးတည် သွားလေတော့သည်။

တစ်နေ့မှာတော့

သူ၏ စိတ်ဝိညာဉ်မှာ အကန့်အသတ်ကို ကျော်လွန်၍ ပိုင်ဟွေ့ ဗဟိုချက်ကို ဖြတ်ကျော်ကာ သူ့ခန္ဓာကိုယ်မှ ထွက်ခွာရန် အဆင်သင့် ဖြစ်နေသည့်အချိန်…

ခန္ဓာကိုယ်မှ ထွက်ခွာရန် နီးကပ်နေသော ဝိညာဉ်မှာ ထွန်းလင်လျက် ရှိလေသည်။

ရုတ်တရက် လေနှင့်အတူ လွင့်မျော သွားတော့မလို သူခံစား လိုက်ရသည်။

သူက ကျင့်ကြံမှု လမ်းစဉ်နှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိ။ သူသတိ မထားမိသည်က သူ့ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာလျှင် သူ့ခန္ဓာကိုယ်မှ အတွင်းအား စီးဆင်းမှုများ အားလုံးကို ယူဆောင် သွားမည် ဆိုသည်ကိုပင်။ သူ့ခန္ဓာကိုယ်က အမြဲ အားနည်းနေပြီး ခန္ဓာကိုယ် တစ်လျှောက် စီးဆင်း နေသည့် ဝိညာဉ် စွမ်းအားများကြောင့် သူ့သွေးမှ ထုတ်လွှတ်ပေးသည့် အတွင်းအားများမှာ ယုတ်လျော့ လျက် ရှိလေသည်။

ခန္ဓာကိုယ်မှ ဝိညာဉ် လွှင့်နိုင်ရန်အတွက် အတွင်းအား အတိုင်းအတာ တစ်ခုအထိ လိုအပ် လေသည်။ သူ့ခန္ဓာကိုယ်မှာ လုံလောက်သည့် အတွင်းအားကို ထုတ်ပေးနိုင်ခြင်း မရှိတော့…

တကယ့် ဆန်းလျန်အစစ်မှာ သူ၏ ရုပ်ပိုင်းဆိုင်ရာကို ဂရုစိုက်ခဲ့ခြင်း မရှိဘဲ စိတ်ကျင့်စဉ်ကိုသာ လေ့ကျင့်ခဲ့သောကြောင့် သူ့ ခန္ဓာကိုယ်တွင်ရှိသော အတွင်းအားများမှာ လုံးဝ ကုန်ဆုံးသွားရပြီး သေလု ဆဲဆဲ အခြေအနေ ရောက်သွားရလေ သည်။

ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ စိတ်ဝိညာဉ် ဖြစ်တည်မှုနှင့် ချိတ်ဆက်နေသလို စိတ်စွမ်းအားမှာလည်း ဝိညာဉ်နှင့် ဆက်စပ် နေလေသည်။ စိတ်စွမ်းအားနှင့် ဝိညာဉ်၏ ဖြစ်နိုင်ချေများမှာ ခန့်မှန်း၍ မရနိုင် လောက်အေင် များပြားလွန်းသည်။ သူတို့နှစ်ခု ဟန်ချက် ပျက်သွားခြင်းက သူ၏ ဝိညာဉ်ကို နာမ် လောကထဲသို့ လွင့်မျော သွားစေကာ ခန္ဓာကိုယ်နှင့် ဝိညာဉ် ကွဲကွာသွားပြီး အသက် ဆုံးသည်အထိ ဖြစ်ရ လေသည်။

အဆုံးသတ်မှာတော့ သူ့ခန္ဓာကိုယ်ထဲသို့ တခြား ကမ္ဘာမှ ဆရာဝန် တစ်ယောက်၏ ဝိညာဉ် ဝင်ရောက်လာခြင်း ဖြစ်လေသည်။

ဆန်းလျန် အသစ် ဖြစ်လာသည့် လီဖုန်းမှာ တကယ့် ဆန်းလျန် အစစ်နှင့် မှတ်ဉာဏ်များ ပေါင်းစည်း မိကြပြီး သူပိတ်မိနေသော အားနည်းလွန်းသည့် ခန္ဓာကိုယ်မှာ သူနှင့် အဆက်အစပ် မိနေ လေသည်။

ကံကောင်းသည်မှာ နာမ်လောကထဲသို့ မျောလွင့်သွားစဉ် အတွင်း ဝိညာဉ် စွမ်းအားများမှာ ဆန်းလျန်၏ ခန္ဓာကိုယ် တစ်လျှောက် ပျံ့သွားလေရာ ဝိညာဉ် စွမ်းအားများမှ အတွင်းအား စီးဆင်းမှု အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကို ပုပ်သိုး မသွားအောင် ထိန်းသိမ်း ထားနိုင်ခြင်း ဖြစ်လေသည်။

ထို့ကြောင့်ပင် အသစ်သော ဆန်းလျန်မှာ နိုးထလာသည့် အချိန်တွင် မသေဆုံးဘဲ အသက် ရှင်နေခြင်း ဖြစ်လေသည်။

သူက ဆရာဝန် တစ်ယောက် ဖြစ်သည့်အတွက် သူရရှိထားသည့် ခန္ဓာကိုယ်မှာ မည်မျှ အားနည်း နေကြောင်း သိလိုက်ရသည်။

သို့သော် ကြီးမားသည့် ဝိညာဉ်စွမ်းအားက ခန္ဓာကိုယ်ကို ဝန်ပိစေခဲ့သည် ဆိုသည်ကိုတော့ သူမသိခဲ့။

သူ့ခန္ဓာကိုယ် ပြန်လည် ကျန်းမာစေရန်နှင့် အတွင်းအားများ ပြန်လည် စီးဝင်လာစေရန်အတွက် ဖိအားတစ်ခု လိုအပ်လေသည်။

ကံကောင်းသည်က သူက သဘာဝတရားနှင့် စိမ်းလန်းသော ပတ်ဝန်းကျင်တွင် ရောက်ရှိ နေသောကြောင့် ဖြစ်လေသည်။

ဤနေရာမှ သစ်ပင်များက သူနေထိုင်သည့် ကမ္ဘာပေါ်မှ သစ်ပင်များနှင့် ဆင်တူနေသောကြောင့် သူ့ခန္ဓာကိုယ်ကို အားပြည့်စေမည့် ဆေးပင်များကို သူရှာဖွေလိုက်သည်။

စိတ်မကောင်းစရာမှာ ဂျင်ဆင်း ဆေးပင်နှင့် မြက်ပန်း ဆေးပင်များကိုတော့ သူရှာလို့ မတွေ့ခဲ့ပေ။ ဆေးစွမ်းထက်သည့် ဆေးပင်များမှာ ရှားပါးသည် မဟုတ်ပါလား။ မည်သည့် ခေတ်မှာ ရောက်နေသည်ကို မသိခြင်းကြောင့် ဖြစ်နိုင်သလို ထိုဆေးပင်တွေ ရှိလျှင်လည်း ရွာသားများက တူးယူ သွားခြင်း ဖြစ်နိုင်လေသည်။

လပေါင်းများစွာ ကြာပြီးသည့် အခါတွင်တော့ ဆန်းလျန်၏ အားနည်းပြီး ပိန်လွန်းသော ခန္ဓာကိုယ်မှာ အလေးချိန် အနည်းငယ် တက်လာခဲ့လေသည်။ တိုးတက်မှုမှာ အားရစရာ ဖြစ်သော်လည်း သူ့မှာ ပုံမှန် ရှိသင့်သည့် အလေးချိန်ထက်တော့ အများကြီး လျော့နည်း နေသေးသည်။

အနည်းဆုံးတော့ လေပြင်းတိုက်လျှင် လွင့်မသွားနိုင်တော့သည့် အခြေအနေ ရောက်ခဲ့ပြီ။

တကယ့် ဆန်းလျန်အစစ်မှာ ကျင့်စဉ် လေ့ကျင့်ရင်း နာမ်လောကထဲသို့ လွင့်သွားခြင်း ဖြစ်ကြောင်း အပြည့်အစုံ သိရှိထားသည့်အတွက် ဆန်းလျန် အသစ်မှာ သေသေချာချာ သိရှိ နားလည်ခြင်း မရှိဘဲ ကျင့်စဉ်ကို ဆက်ပြီး မလေ့ကျင့်ရဲပေ။

သင့်တော်သည့် အသိမရှိဘဲ ကျင့်စဉ် လေ့ကျင့်ခြင်းက ဆေးပညာကို ကိုယ့်ဟာကိုယ် လေ့လာသကဲ့သို့ ကိုယ့်သေတွင်းကိုယ် တူးသည်နှင့် တူမှာအမှန်ပင်။ လျှို့ဝှက် နက်နဲလွန်းသည့် နေ ကိုးစင်း ကျင့်စဉ်ကို ကျင့်ကြံ အောင်မြင်ခဲ့သည့် ကျော်ကြားလှသည့် ကျန်းဝူကျိတောင်မှ အခိုင်အမာ အခြေတည်ကာ စတင်ခဲ့ရသည်။ မမေ့သင့်သည့် အချက်တစ်ချက်မှာ ကျော်ကြားသည့် သိုင်းဆရာကြီး များဖြစ်သည့် ရှဲ့ရွှမ့်နှင့် ကျန်းဆန်းဖုန်းတို့လို ပုဂ္ဂိုလ်ကြီးများထံမှ လမ်းညွှန်မှုများ ရယူခဲ့ရသေးသည်။

အချိန်နှင့် နေရာ၏ ထူးခြား ဆန်းကြယ်မှုများကြားတွင် ဆန်းလျန် အသစ်မှာ ကံကောင်းဖို့ မကြိုးစားချင်တော့…

နောက်တစ်ကြိမ် အချိန် ခရီးသွားခြင်းကြောင့် သူသေခြင်းတရားမှ လွတ်မြောက် နိုင်မည်ဟု အာမခံချက်လည်း မရှိ။

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

မခံမရပ် နိုင်လောက်အောင် ခါးသည့် ဆေးပင်များကို သူသောက်ခဲ့သည်။ ခါးသည့် ဆေးပင် များက ဆေးဖက်ဝင်သည်ဟု သူထင်သောကြောင့် ဖြစ်သည်။ သတ္တဝါ ငါးမျိုးပုံစံ (ဝူချင်ရှိ) ချိကုန်း ကျင့်စဉ်ကိုလည်း သူလေ့ကျင့်သည်။

တံခါး အပြင်ဘက်မှ တစ်စုံ တစ်ယောက်၏ တံခါးခေါက်သံကို ဆန်းလျန် ကြားလိုက်ရသည်။ မနေ့ကပဲ ရွာသားများက အဝတ်အထည်နှင့် စားစရာများ လာပို့ ပေးပြီးပြီပဲ။ ဒီနေ့ ဘာကြောင့် ထပ်လာ ရတာလဲ။

တံခါးဝတွင် ရပ်နေသည့် သက်လတ်ပိုင်းအရွယ် လူရွယ် တစ်ယောက်ကို မြင်လိုက် ရသည့် အခါတွင်တော့ သူအံ့သြ သွားရလေသည်။ ထိုသူမှာ အစေခံ တစ်ယောက် ဖြစ်မည်ဟု သူတွေး လိုက်သည်။ အစေခံတွေသာ ချည်ကြမ်း ဝတ်စုံကို ဝတ်ဆင်သည် မဟုတ်ပါလား။

ပြီးတော့ ဒီထိုသူ၏ မျက်နှာကို သူဘယ်မှာ မြင်ဖူးတာပါလိမ့်။

တကယ့် ဆန်းလျန် အစစ်၏ မှတ်ဉာဏ်များကို မှတ်မိရုံသာမက သူ၏ ဝိညာဉ် စွမ်းအား များကိုပါ စုပ်ယူထားသော ဆန်းလျန်အသစ်မှာ မြင့်မားသော စိတ်စွမ်းအား ရှိလေသည်။ စိတ်ထဲမှ ပုံရိပ် များနှင့် အရာများကို တိတိကျကျ အသေးစိတ် မှတ်မိ နေတတ်သည့် စိတ်စွမ်းအားကို ရထားသည်။

သူ၏ မှတ်ဉာဏ်အရ ထိုသူမှာ ဆန်းအိမ်တော်မှ အစေခံတစ်ဦး ဖြစ်သည်ကို မှတ်မိလိုက်သည်။

“တတိယသခင်လေး နောက်ဆုံးတော့ တံခါးဖွင့်ပြီပေါ့”

သက်လတ်ပိုင်းအရွယ် လူရွယ်က ပြောလိုက်သည်။

ဆန်းလျန်၏ ဦးလေးအကြီးတွင် သားနှစ်ယောက် ရှိပြီး နှစ်ယောက်လုံးမှာ သူ့ထက် အသက် ကြီးကြ လေသည်။ ဆန်းလျန်မှာလည်း မိခင်ဖြစ်သူ၏ မျိုးရိုး နာမည်ကို ယူထားသောကြောင့် ဆန်း အိမ်တော်တွင် တတိယသခင်လေး နေရာရခြင်း ဖြစ်လေသည်။

“ဒီကို ဘာလာလုပ်တာလဲ အိမ်တော်ထိန်း ဝူ”

ဆန်းလျန်က အတက်အကျ မရှိဘဲ ပုံမှန် အသံဖြင့် ပြန်မေးလိုက်သည်။

အိမ်တော်ထိန်း ဝူမှာ ဆန်းအိမ်တော်တွင် အလုပ်လုပ် နေသည်မှာ လွန်စွာ ကြာမြင့်ပြီ ဖြစ်ပြီး ဆန်းအိမ်တော်ရှိ အစေခံ များထဲတွင် လေးစားလောက်စရာ ပုံပန်းမျိုး ရှိသူဖြစ်သည်။

“တတိယသခင်လေး လွန်ခဲ့တဲ့ နှစ်နှစ်ကထက် အများကြီး ပိန်သွားတာပဲ”

အိမ်တော်ထိန်း ဝူက ဆန်းလျန်ကို အရေးမပါသော အလုပ်ဖြင့် ဘာကြောင့် ဒုက္ခခံနေသည်ကို သိချင်သည့် ပုံစံဖြင့် မှတ်ချက် ပြုလိုက်လေသည်။

တကယ်တော့ အိမ်တော်ထိန်း ဝူမှာ တတိယ သခင်လေးနှင့် ရင်းနှီးသူတော့ မဟုတ်။ လွန်ခဲ့သော နှစ်ဝက်ခန့်က တိုက်တိုက် ဆိုင်ဆိုင်ပင် ဆန်းမိန်းကလေးမှာ ဆန်းအိမ်တော်၏ တတိယမြောက် မျိုးဆက်အတွက် တစ်ဦးတည်းသော ဆက်ခံသူဖြစ်လာခဲ့သည်။ ဆန်းလျန်၏ အကြီးဆုံး ဦးလေးမှာ နေမ ကောင်းဖြစ်ပြီး သားသမီး ထပ်မံ ရရှိနိုင်ခြင်း မရှိ တော့ပေ။ ထို့အတူ ဆန်းလျန်၏ ဒုတိယ ဦးလေး မှာလည်း သိုင်းပညာ လေ့ကျင့်ရင်း ဒဏ်ရာ ရခဲ့သဖြင့် သားသမီး ရရှိနိုင်ခြင်း မရှိတော့။

ထို့ကြောင့် ဆန်းလျန်မှာ ဆန်းမိသားစု၏ နောက်ပိုင်း မျိုးဆက်အတွက် ခေါင်းဆောင် လောင်းဖြစ်လာခဲ့ လေသည်။

ထို့ကြောင့် အစေခံဝူက သတိထားပြီး သိမ်မွေ့စွာ စကားပြောလေသည်။ ယခုလည်း ဆန်းသခင်ကြီး၏ ညွှန်ကြားချက်ဖြင့် သူက ဆန်းလျန်ကို ဆန်းအိမ်တော်သို့ ပြန်လာရန် လာရောက် ပြော ကြားခြင်း ဖြစ်လေသည်။

“ဒီနေ့က ဘာပွဲလမ်းသဘင်မှ မရှိဘူး ဘာလို့ အိမ်တော်ထိန်းဝူ ရောက်လာရတာလဲ”

ဆန်းလျန် တွေးလိုက်မိသည်။

ပြီးတော့ ဆန်းလျန်မှာ တကယ့်ဆန်းလျန်နှင့် ဘယ်အရာမှ တူသည့် သူမဟုတ်။ ဆန်းလျန် အသစ်မှာ ခေတ်မီ လူ့အဖွဲ့အစည်းတွင် နေထိုင်သည့် အရွယ်ရောက် ပြီးသည့် လူတစ်ယောက် ဖြစ်လေ သည်။

လူတွေအကြောင်းကို ကောင်းကောင်း နားလည်သူပီပီ အိမ်တော်ထိန်းဝူမှာ သူ့ဆီသို့ အကြောင်း မရှိဘဲ လာလေ့ မရှိသည်ကို ဆန်းလျန် ရိပ်မိသည်။

ဆန်းအိမ်တော်မှာ ခရီး ဝေးလွန်းသောကြောင့် မလိုအပ်ဘဲ မည်သည့် အစေခံမှ လာလေ့မရှိ။

“အိမ်တော်ထိန်းဝူ မင်းလာရတဲ့ အကြောင်းအရင်းကို ငါမသိရသေးဘူးနော်”

ဆန်းလျန်က ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ တည့်တည့်ပင် မေးလိုက်မိသည်မှာ သူ၏ လက်ရှိ အသက်အရွယ်နှင့် အဆင့်အတန်းမှာ တကယ့် ဆန်းလျန်အစစ်နှင့် မတူသောကြောင့် ဖြစ်ဟန် တူလေသည်။

“ဆန်းသခင်ကြီးနဲ့ သခင်လေးရဲ့ ဦးလေး ဆန်းသခင်လေးက ခုတလော သခင်လေးနဲ့ မတွေ့တာ ကြာလို့တဲ့ ပြီးတော့ သူတို့က သခင်လေး တောင်ပေါ်မှာ တစ်ယောက်တည်း နေတာဆိုတော့ အခက်အခဲ ရှိမှာ စိတ်ပူနေကြတာ တစ်ခါတလေတော့ အိမ်ကို အလည် လာစေချင်တာပေါ့”

“အိမ်မှာ တစ်ခုခုများ ဖြစ်လို့လား”

ခဏတာ တိတ်ဆိတ် နေပြီးတော့မှ ဆန်းလျန်က မေးလိုက်သည်။

အိမ်တော်ထိန်း ဝူက ဆန်းလျန်၏ မေးခွန်းကြောင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။ ဆန်းလျန်မှာ ဘာသိဘာသာ နေတတ်သည့် သူတစ်ယောက် ဖြစ်သော်လည်း ခပ်တုံးတုံး တစ်ယောက် တော့ မဟုတ်။ ဆန်းလျန်၏ ဉာဏ်ရည် ထက်မြက်မှုမှာ ကောင်းသည့်အရာ ဖြစ်သည်ကို အိမ်တော်ထိန်း ဝူ သိသော်လည်း သူ၏ အသက်မဲ့နေသော အကြည့်က တစ်ခုခုကို အလေးအနက် စဉ်းစား နေကြောင်း သိနိုင်သည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်က သခင်လေးနဲ့ ဒုတိယသခင်လေးတို့ ဆုံးသွားကြပါတယ်”

အိမ်တော်ထိန်းဝူ အမှန်အတိုင်း ပြောလိုက်လေသည်။

ပြောပြီးသည်နှင့် အိမ်တော်ထိန်း ဝူ၏ အသံမှာ တိတ်ဆိတ်သွားသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ အချိန်တွင် ဆန်းအိမ်တော်မှာ အခက်အခဲနှင့် ရင်ဆိုင်နေရပြီး အမွေ ဆက်ခံသူ နှစ်ယောက်လုံးကို ဆုံးရှုံးရသည့် ကံကြမ္မာဆိုးကို နားလည်လိုက်သည်။

“ကောင်းပြီလေ မနက်ဖြန်မနက် မင်းနဲ့အတူ ဆန်းအိမ်တော်ကို ပြန်လိုက်ခဲ့မယ်”

အတန်ကြာ စဉ်းစားပြီးမှ ဆန်းလျန်က အဖြေပေးလိုက်သည်။

“တတိယသခင်လေး သိပ်နေကောင်းပုံ မရဘူး သခင်လေးကို ကြိုဖို့ မြင်းရထား စီစဉ် ပေးရ မလား”

အိမ်တော်ထိန်းဝူက မေးလိုက်သည်။

“ကောင်းပြီလေ အခုတော့ အထဲဝင်ပြီး အနားယူပါဦး”

ဆန်းလျန်က ပြန်ပြောလိုက်သည်။

“အနားမယူတော့ဘူး ကျွန်တော် တောင်ခြေကို သွားပြီး ဆန်းမိသားစု ပိုင်ဆိုင်တဲ့ မြေတွေကို စစ်ဆေး ကြည့်ရဦးမယ်”

အိမ်တော်ထိန်းဝူကို လိုက်ပို့ပြီးသည်နှင့် ဆန်းလျန် ကျင့်စဉ် လေ့ကျင့်သည့် အခန်းဆီသို့ ပြန်လာခဲ့သည်။ အခန်းမှာ မှောင်မိုက်နေပြီး အလင်းရောင် မရှိပေ။ သူက တောင်ပေါ်မှ ခူးထားသည့် မြက်မွှေးပင်များဖြင့် မီးထွန်းလိုက်သည်။ ညအမှောင်ထဲတွင် ကြယ်လေး တစ်စင်း လင်းလက် တောက်ပ လာသလိုပင် မီးတောက်လေး ထွက်ပေါ်လာပြီး ရနံ့လေးကလည်း မွှေးပျံ့ နေလေသည်။ ဆန်းလျန်က ထိုရနံ့၏ ငြိမ်းအေးမှုကို ခံစားရင်း စတင်ပြီး တရားထိုင်လိုက်သည်။

သူ့နှလုံးသားမှာ မဟာ ပေါက်ကွဲမှုကြီး မဖြစ်ခင် စကြာဝဠာ တွင်းနက်ကြီးနှင့် ဆင်တူနေ လေသည်။

ဘာမှမရှိ…

အမှောင်ထုသာ ရှိလေသည်။

ဆန်းလျန် ခေါင်းထဲတွင် ရှိသည့် များစွာသော အတွေးများမှာ မတည်ရှိမှုသို့ ကူးပြောင်းသွားပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားလေတော့သည်။

Comment

  1. ဆောင်းရတီ says:

    good

Leave a Reply

Options

not work with dark mode
Reset