အခန်း (၅) သစ်ရွက်အမြင်
မရဏဂူထဲမှ ထွက်ခွာလာပြီးနောက် ကျန်းလန် နဝမတောင်ထွတ်သို့ ရောက်လာခဲ့သည်။
ဤနေ့ ဆရာဖြစ်သူက သူ့ကို စစ်ဆေးမည့်နေ့ ဖြစ်သည်။ လွန်ခဲ့သည့် လပေါင်းများစွာအတွင်း ဆရာဖြစ်သူက သူ့ကို မပျက်မကွက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ပထမတွင် (၃)ရက်တစ်ကြိမ် စစ်ဆေးခံရလေသည်။ နောက်တော့ တစ်ပတ်တစ်ကြိမ်သာ စစ်ဆေးခံရတော့သည်။
ယနေ့ စစ်ဆေးခြင်းတွင် ပြဿနာတစ်စုံတစ်ရာမရှိပါက နောက်ပိုင်း (၁)လလျှင် တစ်ကြိမ်သာ စစ်ဆေးခံရတော့မည် ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားလျှင်တော့ ပုံမှန် အစစ်ဆေးခံစရာ မလိုအပ်တော့ပေ။ ရံဖန်ရံခါသာ စစ်ဆေးခံရန် လိုအပ်ပေတော့မည် ဖြစ်သည်။
ခွန်လွန်စိတ်ကျမ်းမှ တန်ခိုးစွမ်းအား လှိုင်းလုံးများက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ပေးထားလေသည်။
ထို့ကြောင့်… လက်ရှိတွင် ကျန်းလန်က အခြေခံတည်ဆောက်ခြင်းအဆင့် ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အများအမြင်တွင်တော့ ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၂) ဟုသာ ထင်မှတ်စရာ ရှိသည်။
ဆရာဖြစ်သူ ကျန်းလန်ကို အမြဲတမ်း စစ်ဆေးနေရသည်မှာလည်း အကြောင်းရှိသည်။
ကျန်းလန်တွင် ကိုယ်တွင်းမိစ္ဆာမွေးဖွားလာမည်ကို စိတ်ပူပန်သောကြောင့် ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်တွင် ကိုယ်တွင်းမိစ္ဆာ မွေးဖွားလာပါက ကျင့်စဉ်လမ်းတွင် ကျရှုံးမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဆရာဖြစ်သူ၏ သဘောထားကို ကျန်းလန် နားလည်လေသည်။ ကျန်းလန်ကိုယ်တိုင်လည်း သူ့တွင် စိတ်ပိုင်းဆိုင်ရာ မိစ္ဆာများကိန်းအောင်းနေမည်ကို စိုးရိမ်ပူပန်မိသည်။
သို့သော်… သူ၏ ကျင့်ကြံခြင်းအဆင့်က လျှင်မြန်စွာ မြင့်တက်နေသောကြောင့် သိပ်ပြီး စိတ်ပူစရာတော့ မရှိနိုင်ပေ။
အပေါ်ယံအမြင်တွင် ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၂) ဟုသာ ထင်မှတ်ရသော်လည်း ယခုဆိုလျှင် ကျန်းလန်က ရွှေပြဒါးအမြုတေအဆင့်သို့ပင် ဦးတည်နေပြီဖြစ်သည်။
သို့သော်… ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၂) ဆိုသည်ကပင်လျှင် တပည့်အသစ်တစ်ယောက်အတွက် အတော်လေး အဆင့်မြင့်နေပြီ ဖြစ်သည်။
ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်ပေ။ သို့သော်… ကျင့်ကြံခြင်းအဆင့်မြင့်တက်နေခြင်းက ပါရမီရှင်တစ်ယောက်ပမာ လျှင်မြန်သည်ဟုပင် ဆိုနိုင်သည်။
ဆရာဖြစ်သူကတော့ အစွမ်းရှိသမျှ ကျန်းလန်ကို သင်ပြပေးခဲ့လေသည်။
ဆရာဖြစ်သူ ကျန်းလန်ကို သင်ပြပေးသည့် ကျင့်စဉ်များနှင့် ပေးအပ်ခဲ့သည့် ဆေးဝါးများမှာ စနစ်ကပေးသည့်ကျင့်စဉ်များနှင့် ဆေးဝါးများထက် နည်းပါးခြင်း မရှိပေ။
ထို့ပြင်… မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိစေရန်လည်း ဆရာဖြစ်သူက ကျန်းလန်၏ ရုပ်ခန္ဓာရော ၊ စိတ်ဝိညာဉ်ကိုပါ သေသေချာချာ ဂရုစိုက်ပေးခဲ့သည်။
သူက ဆရာဖြစ်သူအတွက် အသုံးဝင်သည့် တပည့်တစ်ယောက် ဖြစ်မလာသေးသည့်တိုင် ဆရာဖြစ်သူကတော့ သူ့အပေါ် စိတ်ရင်းအမှန်ဖြင့် ဆက်ဆံခဲ့လေသည်။
ထို့ကြောင့်… အနာဂတ်တွင် တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်လာခဲ့သည့်တိုင် ဆရာဖြစ်သူ၏ မျက်နှာကိုထောက်ပြီး နဝမတောင်ထွတ်တွင်ပင် နေထိုင်ရန် ကျန်းလန် ဆုံးဖြတ်ထားသည်။
သူ့ဆရာဖြစ်စေချင်သည့်အရာများကို ကျန်းလန် ပြုလုပ်ပေးမည် ဖြစ်သည်။ ဤသည်က ဆရာဖြစ်သူနှင့် ကျန်းလန်ကြားတွင်ထားရှိသည့် ရဲဘော်ရဲဘက်စိတ်ထား ဖြစ်လေသည်။
ထို့ပြင်… ဆရာဖြစ်သူ သင်ပြပေးသည့် ကျင့်စဉ်များကလည်း ကျန်းလန်အတွက် အသုံးမဝင်ဟု တစ်ထစ်ချ မဆိုနိုင်ပေ။ ဆရာဖြစ်သူ သင်ပြပေးသည့် သီအိုရီများ ၊ ဗဟုသုတများနှင့် မန္တန်များက သူ့အတွက် အလွန်အသုံးဝင်သည်။
ဥပမာ… တော်ဝင်လေပြင်းကျင့်စဉ်ကဲ့သို့သော ကျင့်စဉ်မျိုး ဖြစ်၏။
ထိုကျင့်စဉ်က သူ့ကို အချိန်တိုတိုဖြင့် လေထဲတွင် ခရီးသွားလာနိုင်အောင် ကူညီပေးလေရာ ကျန်းလန်အတွက် အလွန်အဆင်ပြေလေသည်။
တော်ဝင်ဓားသိုင်းသည်လည်း အလွန်အသုံးဝင်သည့် ဓားသိုင်းတစ်ခုဖြစ်သည်။ သို့သော်… တော်ဝင်ဓားသိုင်းကိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်မှသာ အသုံးပြုနိုင်မည် ဖြစ်သည်။
ဆရာဖြစ်သူက တော်ဝင်ဓားသိုင်းအကြောင်း အကြမ်းဖျင်းမျှသာ သင်ပြပေးထားခြင်းဖြစ်သော်လည်း ကျန်းလန်က မထင်မှတ်စွာ ဓားသိုင်းကို နားလည်တတ်ကျွမ်းသွားခဲ့သည်။
သို့သော်… တော်ဝင်ဓားသိုင်းကို လုံး၀ တတ်မြောက်သွားပြီဖြစ်ကြောင်း ကျန်းလန် ဆရာဖြစ်သူကို မပြောရဲပါချေ။
သိပ်မကြာမီ… ကျန်းလန် နဝမတောင်ထွတ်သို့ ရောက်ရှိလာလေ၏။
မော့ကျန်းသုန့်သည် ထုံးစံအတိုင်းပင် နဝမတောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်လျှက် ရှိလေသည်။ သူ၏ ဝတ်ရုံရှည်က လေထဲတွင် လွင့်ပျံနေလေသည်။
သူက နဝမတောင်ထွတ်အစွန်းမှ အခြားဘက်ဆီသို့ ငေးမျှော်ကြည့်နေလေရာ ကျန်းလန်ကို ကျောပေးထားသည့် အနေအထားဖြစ်သည်။
“ဆရာ… တပည့် အစစ်ဆေးခံဖို့ ရောက်လာပါပြီ…”
ကျန်းလန်က ဆရာဖြစ်သူ၏ ကျောပြင်ကိုကြည့်ရင်း ရိုသေစွာဖြင့် ပြောလိုက်သည်။
ကျန်းလန်၏ အသံကိုကြားသည်နှင့် မော့ကျန်းသုန့်က ချက်ချင်းပင် လှည့်ကြည့်လာသည်။
ယခုနှစ်များအတွင်း … ကျန်းလန်က သူ သဘောအကျဆုံး တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။
ကျန်းလန်က ကြိုးစားသည် ၊ တည်ကြည်သည် ၊ မရဏလောကမှ အငွေ့အသက်များကိုလည်း ခံနိုင်ရည် ရှိသည်။ အထင်ကြီးစရာကောင်းသည့် တပည့်တစ်ယောက် ဖြစ်လေ၏။
ထို့ကြောင့်… မော့ကျန်းသုန့်က တပည့်ဖြစ်သူကို လုံး၀ ဆရာစားမချန်ဘဲ သူသိသမျှ ၊ တတ်သမျှ အရာအားလုံးကို သင်ပြပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သင်ပြပေးမှသာလျှင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာမည် ဖြစ်သည်။
ထိုအခါမှသာ မရဏအငွေ့အသက်များကြောင့် ကျန်းလန် ပျက်စီးသွားမည့်အန္တရယ်ကို ကာကွယ်ပေးနိုင်မည် ဖြစ်၏။
မော့ကျန်းသုန့်က…
“ဒီနားလာခဲ့…”
ကျန်းလန် အနားသို့ ရောက်လာသည်နှင့် မော့ကျန်းသုန့်က ကျန်းလန်၏နဖူးကို လက်နှစ်ချောင်းဖြင့် အသာထိလိုက်သည်။
မိုးဖွဲလေးများကျဆင်းသကဲ့သို့ ထူးဆန်းသည့်အသံများ ကျန်းလန်၏ စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် မော့ကျန်းသုန့်က လက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
မော့ကျန်းသုန့်က…
“ဘာပြဿနာမှ ထူးထူးခြားခြား မရှိဘူး ၊ ကြည့်ရတာ မရဏအငွေ့အသက်တွေက မင်းကို မထိခိုက်စေဘူးထင်တယ် ၊ ကဲ… အခုချိန်ကစပြီး တစ်လတစ်ခါပဲ အစစ်ဆေးခံဖို့ လာခဲ့တော့… ၊ ဒါပေမဲ့ ထူးခြားချက်တစ်ခုခု ဖြစ်ခဲ့ရင်… ခံရခက်တဲ့အခြေအနေတစ်ခုခု ကြုံရရင် ဆရာ့ကို ချက်ချင်းလာပြီး ပြောပြရမယ်…”
ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်ကဲ့ပါ… ဆရာ…”
စနစ်နှင့် မသက်ဆိုင်သည့် အခြားအကြောင်းအရာမှန်သမျှကို ကျန်းလန်က ဆရာဖြစ်သူထံ အမြဲတမ်း လာရောက် မေးမြန်းလေ့ရှိသည်။
ကျန်းလန်ကလည်း ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သီအိုရီပိုင်း အားနည်းသူ ဖြစ်လေရာ ဆရာဖြစ်သူ၏ သင်ပြပေးမှုများက များစွာ အထောက်အကူပြုလေသည်။
စနစ်တွင် မှတ်ပုံတင်နေသည့်တိုင် အချို့ကိစ္စများက ကျန်းလန်အတွက် လမ်းလွဲနေဆဲ ဖြစ်သည်။ ထို့ကြောင့် လမ်းညွှန်ပေးမည့် ဆရာဖြစ်သူကတော့ ကျိန်းသေ လိုအပ်ပေသည်။
“သြော်… ဒါနဲ့… ၊ မင်း ဒီနေ့ ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးကို သွားရလိမ့်မယ် ၊ ဒီနေ့ တောင်ထွတ်တစ်ခုစီတိုင်းက ထူးချွန်တဲ့ တပည့်တွေကို မှော်ဝင်ပစ္စည်းတွေ ချီးမြှင့်မယ်လို့ ကြားတယ် ၊ အဲဒီတော့ မှော်ဝင်ပစ္စည်းတွေ သွားပြီးယူခဲ့ပါ…”
မော့ကျန်းသုန့်က တိုးလျသည့်လေသံဖြင့် ပြောလိုက်သည်။
“ထူးချွန်တဲ့တပည့်တွေ… ဟုတ်လား…”
ကျန်းလန် ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
မော့ကျန်းသုန့်က ကျန်းလန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
“မင်းက နဝမတောင်ထွတ်က ထူးချွန်တဲ့တပည့် မဟုတ်ဘူးလား…”
ကျန်းလန် အနည်းငယ် အံ့အားသင့်စွာဖြင့် ဆရာဖြစ်သူကို ကြည့်လိုက်မိလေသည်။
အမှန်တော့ နဝမတောင်ထွတ်တွင် တပည့်ဆို၍ ကျန်းလန် တစ်ယောက်သာရှိသည်။ သူက… ထူးချွန်သည့်တပည့်လား ၊ မထူးချွန်သည့်တပည့်လားဆိုသည်ကတော့ ဆရာဖြစ်သူ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်။
ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
“ဟုတ်ကဲ့ပါ…ဆရာ… တပည့် အခုပဲ သွားလိုက်ပါ့မယ်…”
ထို့နောက် ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့လေသည်။
ယနေ့အဖို့ ကျန်းလန် စနစ်တွင် မှတ်ပုံမတင်ရသေးပေ။
ယခုတော့… ခွန်လွန်တောင် အဓိက ခန်းမဆောင်ကြီးရှိရာသို့ သွားရင်း တစ်ခါတည်း မှတ်ပုံတင်ခဲ့ရပေမည်။
ထူးချွန်သည့်တပည့်များကို ပေးအပ်မည့် မှော်ဝင်ပစ္စည်းများကိုတော့ ကျန်းလန် သိပ်ပြီး စိတ်မဝင်စားပေ။ သူ့တွင် ပိုကောင်းသည့် အဖိုးတန်မှော်ဝင်ပစ္စည်းများကိုပင် ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလား။
ထို့ပြင်… ခွန်လွန်တောင်ကလည်း တပည့်များကို အလွန်အစွမ်းထက်သည့် မှော်ဝင်ပစ္စည်းများ ပေးအပ်လေ့မရှိပေ။
သို့သော်… ခွန်လွန်တောင်မှ ပေးအပ်သည့် မှော်ဝင်ပစ္စည်းများကတော့ လူသူများကြားထဲ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ အသုံးပြုနိုင်သည့် တရားဝင်ပစ္စည်းများ ဖြစ်လာပေလိမ့်မည်။
မှတ်ပုံတင်ခြင်းစနစ်မှ ရရှိထားသည့် မှော်ဝင်ပစ္စည်းများကိုတော့ ကျန်းလန် မည်သူ့ကိုမှ ထုတ်ဖော်ပြသရဲခြင်း မရှိပေ။
ထိုမှော်ဝင်ပစ္စည်းများကို ထုတ်ဖော်အသုံးပြုရန်အတွက် တန်ခိုးစွမ်းအားမြင့်မားလာသည့်အချိန်ထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့ပြီး ခွန်လွန်တောင်အဓိကခန်းမကြီးဆီသို့ ဦးတည်လာခဲ့သည်။
ခွန်လွန်တောင်အဓိကခန်းမှကြီးက ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြီး (၉)ခုတွင် တည်ရှိခြင်း မဟုတ်ပေ။ သီးခြား တောင်တစ်တောင်ထက်တွင် တည်ရှိခြင်းဖြစ်လေသည်။
ခွန်လွန်တောင်၏ တောင်ထွတ် (၉)ခု ရှေ့တွင် ခွန်လွန်တောင်တံခါးက မားမားမတ်မတ် တည်ရှိနေလေသည်။ ထို… ခွန်လွန်တောင်တံခါး တည်ရှိရာ တောင်ထိပ်တွင် ခွန်လွန်တောင်၏ အဓိကခန်းမကြီး တည်ရှိခြင်း ဖြစ်၏။
အဓိကခန်းမဆောင်ကြီး တည်ရှိရာနေရာသို့ ရောက်ရှိသည်နှင့် ကျန်းလန် ခန်းမဆောင်ထဲ တန်းဝင်သွားလိုက်သည်။
ခန်းမဆောင်ကြီးက အလွန်မှ ကြီးမားကျယ်ဝန်းလေသည်။
ခန်းမထဲတွင် အစိမ်းရောင်မြူခိုးများက လွင့်ပျံနေပြီး လှပသည့် နတ်ဘုရားတိမ်ခိုးတိမ်ငွေ့များကလည်း ပျံသန်းလျှက် ရှိသည်။
ကြိုးကြာငှက်များက သာယာစွာ အော်မြည်နေကြသလို တာအိုကျမ်းစာ ရွတ်ဖတ်သံများကလည်း ဌာန်ကရိုင်းကျကျ ထွက်ပေါ်လျှက်ရှိလေသည်။
ခန်းမထဲသို့ ဝင်လိုက်သည်နှင့်… နတ်ဘုရားတို့၏စံပျော်ရာ ကောင်းကင်ဘုံနန်းတော်သို့ ရောက်ရှိသွားသည့်အလား ခံစားရစေသည်။
ကျန်းလန် ခန်းမထဲသို့ဝင်လာသည့်အချိန်တွင်… ခန်းမထဲတွင် တပည့်အတော်များများ စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုတပည့်များက တောင်ထွတ်အသီးသီးမှ ထူးချွန်သည့် တပည့်များ ဖြစ်ကြသည်။
ခွန်လွန်တောင်မှ ပေးအပ်သည့် မှော်ဝင်ပစ္စည်းများကို ရယူရန် ရောက်ရှိနေကြခြင်း ဖြစ်၏။
ကြည့်လိုက်သည်နှင့်… ထိုတပည့်များက အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော တပည့်များဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။ အချို့ဆိုလျှင် ရွှေပြဒါးအမြုတေအဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
“ဒါက မျိုးဆက်သစ်တပည့်တွေချည်းပဲ မဟုတ်ဘူးလား ၊ အားလုံးက ဒီလောက်တောင် တော်ကြသလား…”
ကျန်းလန်၏ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်က ဖုံးကွယ်ထားလေရာ အားလုံးက ကျန်းလန်ကို ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၂)ဟုသာ သိမြင်ကြမည် ဖြစ်သည်။
ကျန်းလန်က ခန်းမဆောင်ထဲရှိ လူအုပ်ကြီး အနောက်ဘက်နားတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေလိုက်လေသည်။ သို့သော်… အချိန်ကျလာသည့်အခါ ခန်းမဆောင် အနောက်နားတွင် ပုန်းကွယ်နေရန်မှာ မဖြစ်နိုင်တော့ပေ။
မကြာမီ… သက်လတ်ပိုင်းလူရွယ်တစ်ယောက် ခန်းမရှေ့သို့ ထွက်လာ၏။ ထိုသူက အစီအစဉ်မှူး ဖြစ်ဟန်တူလေသည်။
ထိုသူက ကြည်လင်သည့်အသံဖြင့်…
“တောင်ထွတ်အသီးသီးက တပည့်များ… ၊ ကိုယ့်သက်ဆိုင်ရာနယ်မြေအလိုက် သတ်မှတ်ထားတဲ့နေရာမှာ လာရောက် နေရာယူကြပါ…”
ဟု ကြေငြာလိုက်၏။
လူရွယ်၏ စကားဆုံးသွားသည်နှင့် ကောင်းကင်ထက်မှ အလင်းတန်း (၉)ခု ဖြာကျလာလေသည်။ အလင်းတန်းတစ်ခုစီတွင် နံပါတ် (၁) မှ နံပါတ်(၉) အထိ အမှတ်အသားများပြုလုပ်ထား၏။
မကြာမီ… တောင်ထွတ်အသီးသီးမှ တပည့်များက သူတို့နှင့် သက်ဆိုင်ရာ အလင်းတန်းများရှိရာသို့ ထွက်လာကြပြီး မတ်တတ်ရပ် နေရာယူ လိုက်ကြသည်။
ပထမတောင်ထွတ်မှ တပည့်များက နံပတ် (၁) အလင်းတန်းအောက်တွင် နေရာယူကြပြီး ဒုတိယတောင်ထွတ်မှ တပည့်များက နံပါတ် (၂) အလင်းတန်းအောက်တွင် နေရာယူလိုက်ကြသည်။
အခြားတောင်ထွတ်အသီးသီးမှ တပည့်များလည်း ထိုသို့ပင် နံပါတ်များအလိုက် နေရာယူလိုက်ကြလေသည်။
“ဒီတစ်ခါတော့ နဝမတောင်ထွတ်ကလည်း ရောက်လာပါလားဟေ့….”
“အဲဒီမှာ တပည့်တစ်ယောက် ရောက်နေတယ် ကြားတယ်… ၊ ဒါပေမဲ့ နဝမတောင်ထွတ်က အမြဲတမ်း လူရှိတဲ့နေရာမှ မဟုတ်တာ… ၊ အခု တစ်ယောက်ရှိလည်း နောက်ကျ လစ်သွားမှာပဲ ၊ ရှိမှာ မဟုတ်တော့ဘူး…”
“အမှန်ပဲ… ၊ ဒါပေမဲ့ နဝမတောင်ထွတ်က တပည့်တော့ မှော်ဝင်ပစ္စည်းတွေ ရသွားတော့မှာပဲ…”
“ဒါတော့ သူရသင့်ပါတယ်ကွာ…”
ခန်းမဆောင်ထဲမှ တပည့်များက ကျန်းလန်ကို သတိပြုမိသွားသည်နှင့် တစ်ယောက်တစ်ပေါက် စကားသံများ ထွက်ပေါ်လာကြလေသည်။
ကျန်းလန် ထိုစကားသံများကို လျစ်လျူရှုပြီး တိတ်ဆိတ်စွာဖြင့်ပင် နဝမတောင်ထွတ်နယ်မြေအတွက် ပြင်ဆင်ပေးထားသည့် အလင်းတန်းရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။
သူ လမ်းလျှောက်သွားချိန်တွင်… များစွာသောတပည့်များ၏ လှောင်ရယ်သံများ ထွက်ပေါ်လာကြပြန်၏။
“ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၂) တဲ့… ၊ အတော်လေး အဆင့်နိမ့်သေးတာပဲ….”
“ငါတို့ထဲက အဆင့်အနိမ့်ဆုံးတောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နေကြပြီ… ၊ နဝမတောင်ထွတ်က တပည့်ကတော့ ဒီလောက်အဆင့်နိမ့်နိမ့်လေးနဲ့ မှော်ဝင်ပစ္စည်း လာယူရဲသေးသတဲ့ကွာ… ၊ ပြောစရာ စကားတောင်မရှိတော့ဘူး…ဟဟ…”
“သူက တပည့်အသစ်ကိုးကွ ၊ အဆင့်နိမ့်တာ ဘာဆန်းလို့လဲ…”
“ဟဲဟဲ… ဒီခန်းမထဲလာရတာလည်း သူ့ခမျာ ဖိအားတွေတစ်ပုံတစ်ပင် ခံရရှာမှာပါပဲကွာ…”
ဖိအားတွေ တစ်ပုံတစ်ပင်… တဲ့…။
ကျန်းလန် တွေးလိုက်မိသည်။
သို့သော်… တကယ်တမ်းတွင် ကျန်းလန် မည်သည့်ဖိအားမှ ခံစားရခြင်း မရှိပေ။
ဤခန်းမထဲတွင် ရပ်နေရခြင်းကြောင့် ကျန်းလန် မည်သည့် စိတ်ဖိစီးမှုမှ ခံစားရခြင်း မရှိပေ။ တစ်ယောက်တစ်ပေါက် ဝေဖန်လှောင်ရယ်နေသံများကိုလည်း ကျန်းလန်က လုံး၀ အရေးမစိုက်ပေ။
သူအရေးစိုက်သည်က စနစ်မှထွက်ပေါ်လာမည့် အသံပင် ဖြစ်သည်။
[ ဒင် ! ]
[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှ လက်ဆောင်ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ‘သစ်ရွက်အမြင်’ လို့ခေါ်တဲ့ ထူးခြားဆန်းကျယ်တဲ့ စွမ်းအားတစ်ခုကို လက်ခံရရှိပါတယ်…]
Zzz
LIKE
သစ်ရွက်အမြင်