Switch Mode

အခန်း(၄)

အကြင်နာတရားကင်းမဲ့သော

အပိုင်း( ၄ ) အကြင်နာတရား ကင်းမဲ့သော

မညီညာသော ကျောက်လှေကား၏ ဘေးနှစ်ဖက်လုံးက အလွန်အန္တရာယ် များလှသည်။ အမှား အနည်းငယ် လုပ်မိလျှင်ပင် အောက်ကို ပြုတ်ကျ သွားစေနိုင်၏။

နေ့တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် ဝမ်လင်း၏ ခြေထောက်များက သတ္တုနှင့် ပြုလုပ်ထားသလို လေးလံလာသည်။

ချွေးတပြိုက်ပြိုက် ကျနေပြီး အသက်ရှူ မှားလောက်အောင် ပင်ပန်းလွန်းသောကြောင့် လှုပ်ရှားရန်ပင် ခက်ခဲလှသည်။ တောင်အောက်ကို ငုံ့ကြည့်လျှင် လမ်းကြောင်းက သိပ်မရှည်ဟု ထင်ရသော်လည်း ယခုကား လမ်းက အဆုံး မရှိတော့သလို ခံစားနေရသည်။ ဝမ်လင်း၏ ခေါင်းထဲတွင်လည်း စိတ်ပျက် အားငယ်သော အတွေးများစွာ ဖြစ်ပေါ်နေလာ၏။

သူ့ရှေ့တွင် ကြံ့ခိုင်သော ကောင်လေး တစ်ဒါဇင်ခန့်က နှေးကွေးစွာ တက်နေကြသည်။ သူတို့ အားလုံးလည်း အလွန်အမင်း ပင်ပန်းသောကြောင့် အသက်ကို ပင်ပန်းကြီးစွာ ရှူရှိုက် နေကြရပြီ ဖြစ်သည်။ ယခုထိကား ဘယ်သူမှ အရှုံးမပေး ကြသေး။

ဝမ်လင်း အံကို တင်းတင်း ကြိတ်လိုက်သည်။ ဒါက သူ၏ နောက်ဆုံး အခွင့်အရေး ဖြစ်၏။ သူ့ ခေါင်းထဲ ရှိနေသည်ကလည်း မိဘနှစ်ပါး၏ မျှော်လင့်ချက်များ ဖြစ်သည်။ ထိုအချိန်မှာပင် သူ့နောက်မှ ကောင်လေးက ခြေချော်ကျပြီး တောင်အောက်ကို စူးစူးဝါးဝါး အော်ကာ ပြုတ်ကျ သွားတော့သည်။

“ငါ အရှုံးပေးတယ် … ကယ်ကြပါဦး ….. ”

တချိန်တည်းမှာပင် လူငယ်အားလုံးက အောက်ကို ကြည့်လိုက်သည်တွင် အနက်ရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ကြရ၏။ ဟုန်ယွီဂိုဏ်း၏ တပည့်တယောက်က သူတို့ မမြင်နိုင်သော တစ်နေရာမှ ထွက်ပေါ်လာကာ တောင်အောက်ကို ကျသွားသော လူငယ်အား ကယ်တင်သွား၏။ သူတို့ နှစ်ယောက်လုံး တောင်အောက်ခြေကို ညင်သာစွာ ရောက်သွားသည် မြင်နိုင်ပေသည်။

ဝမ်လင်းလည်း ဖြူဖပ်ဖြူရော် ဖြစ်ကာ တိတ်ဆိတ်သွားသည်။ သူက တောင်ပေါ်ကို ဂရုတစိုက် ဆက်တက်သည်။ အချိန်ကလည်း တဖြည်းဖြည်း ကုန်လာ၏။ နှစ်ရက်ခန့် ကြာပြီးတဲ့နောက်တွင် သူ့ရှေ့မှ လူငယ် တစ်ဒါဇင်ခန့်၏ အရိပ်များကို ပြန်မြင်လိုက်ရသည်။

သူနှင့် အတူ တက်လာခဲ့ကြသော လူငယ်များ ဘယ်လောက်များများ ကျရှုံးသွားပြီလဲ သူမသိပေ။ သူသိသည်က သူ အရှုံးပေး၍ မရ။ သူ့ခြေထောက်က သွေးများထွက်ပြီး ရောင်ကိုင်းနေသည်။ ခြေတစ်လှမ်း လှမ်းတိုင်း တစစ်စစ် ကိုက်ခဲမှုကို ဆိုးဝါးစွာ ခံစားနေရ၏။ ထိုသို့ ဖြစ်နေလျက်နှင့် ပင်သူက လေးဖက်ထောက်ကာ ဇွဲမလျော့ဘဲ ဆက်တက် လာခဲ့သည်။

တောင်ပေါ်မှ လူမမာ အသားအရောင်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးက လေထဲမှ ပျံဝဲပြီး ဆင်းလာသည်။

“ကောင်လေးတို့ မင်းတို့ရဲ့ စိတ်နှလုံးကို သန်မာအောင် ဆက်ထိန်းထားကြ … ဒီလမ်းကြောင်းက ရက်စက် ကြမ်းတမ်းတယ် ဆိုပေမဲ့ … အလဟဿ မဖြစ်စေဘူး … ဘယ်ကြိုးစား အားထုတ်မှုကမှ အလဟဿ မဖြစ်ဘူး…..”

သူက လေထဲမှ ပျံဝဲကာ တောင်ပေါ်ကို တက်နေသော လူငယ်များကို အပေါ်မှ ကျော်ဖြတ်လျက် အောက်ကို ဆင်းသွားလေသည်။

သက်လတ်ပိုင်း လူကြီးက ဝမ်လင်းကိုလည်း ကျော်ဖြတ် လာခဲ့သည်။ ဝမ်လင်းက သူကျော်ဖြတ် လာခဲ့သော လူငယ် ခြောက်ယောက်မြောက်လည်း ဖြစ်သည်။ လူငယ်များထဲတွင် သူက အားအပျော့ဆုံးလည်း ဖြစ်သည်။ သူ့အင်္ကျီတွင် သွေးများ ရွှဲရွှဲစိုနေသည်။ သူ့ ဒူးခေါင်းနှင့် ခြေချောင်းလေးများ ကလည်း ရုပ်ပျက်ဆင်းပျက် ဒဏ်ရာရနေသည်။

ဝမ်လင်းကား ယခု အချိန်တွင် လက်ကိုသာ အားပြုပြီး တက်နေရသည်။ သက်လတ်ပိုင်း လူကြီးက သက်ပြင်းချကာ မေးလိုက်သည်။

“ကလေး … မင်းနာမည် ဘယ်လိုခေါ်လဲ … ”

ဝမ်လင်း၏ အမြင်က လုံးဝ မှုန်ဝါးနေပြီး ဖြစ်သည်။ သူ့အတွေးထဲတွင် သေခြင်း ရှင်ခြင်းကလည်း အရေးမကြီးတော့…။ ထို့ကြောင့် သက်လတ်ပိုင်း လူကြီး၏ မေးခွန်းကလည်း မကြားတစ်ချက် ကြားတစ်ချက်…။သူ့အတွက် ကျန်ရှိသော ခရီးလမ်းကသာ အရေးကြီးဆုံး ဖြစ်သည်။

သက်လတ်ပိုင်း လူကြီးက ဝမ်လင်း၏ မျက်လုံးကို ကြည့်ပြီး စိတ်ထဲ အနည်းငယ် လှုပ်ရှားသွား၏။ သူ့လက်ကို ဝမ်လင်း၏ ခေါင်းပေါ် အသာတင်လိုက်သည် …

“ဒီကောင်လေးမှာ အံ့အားသင့်စရာ ကောင်းအောင် ခိုင်မာတဲ့ ဇွဲ၊လုံ့လ တွေရှိတယ်… သူ့မှာ ပင်ကိုစွမ်းရည် မပါတာ တော်တော် ဆိုးတာပဲ … စိတ်မကောင်းစရာပဲ … ”

သူက ဝမ်လင်းကို အတန်ကြာ စူးစိုက် ကြည့်သွားပြီး နောက်တွင် သူလည်း တောင်အောက်ကို ဆင်းသွားတော့သည်။

ညအချိန် ရောက်လာသောအခါ ဝမ်လင်း၏ လက်နှစ်ဖက်လုံးကလည်း သွေးများ ချင်းချင်းနီရဲလာသည်။ သူတက်လာခဲ့သော လှေကားထစ် တလျှောက်တွင်လည်း သွေးစွတ်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်နေသည်။ သူ ဘယ်လောက် ကြာကြာ တက်ခဲ့ပြီလဲ ဝမ်လင်း မသိတော့…။

သူ့အား အပေါ်ကို ဆက်တက်ရန် တစ်စုံ တစ်ခုသော အရာက တွန်းအား ပေးနေခဲ့သည်။ သူက အချိန်မရွေး သေဆုံး သွားနိုင်သည် ဟုလည်း ခံစားနေရ၏။

၃ ရက်မြောက်နေ့တွင် မနက်ခင်း နေရောင်ခြည်က ဝမ်လင်းအပေါ်ကို ကျဆင်းလာခဲ့သည်။ ဝမ်လင်းကား ကျောက်တုံး လှေကားအဆုံးကို ရောက်ရုံမျှသာ ရှိသေးသည်။ ကံဆိုးစွာဖြင့်ပင် ထိုအချိန်၌ သူ့နှလုံးကို တုန်ခါစေသော ချောက်ချားစေသော မိုးခြိမ်းသံအလား အသံတစ်ခုကို ကြားလိုက်ရသည်…

“အချိန်ပြည့်ပြီ … ၃ယောက် အောင်တယ် … ကျန်တဲ့သူ ကျတယ်….. ”

ဝမ်လင်းက တစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားလိုက်ရကာ မိမိကိုယ်ကို ခါးသီးစွာ ပြုံးလိုက်မိသည်။ နောက်လှည့်ရင်းက သူ တက်လာခဲ့သော လှေကားထစ်များကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အသိက လုံးဝကို အမှောင်ကျသွားတော့သည်။

လွန်ခဲ့သော သုံးရက်က ဝတ်စုံနက်လူကြီးက တောင်ထိပ်မှာ ရပ်နေခဲ့သည်။ မီတာ၅၀ အကွာအဝေးခန့်မှ ထိုလူကြီးက ဝမ်လင်းကို သနားကရုဏာ ကင်းသော မျက်လုံးများဖြင့် ကြည့်နေသည်။

ဟုန်ယွီဂိုဏ်း၏ တပည့်အနည်းငယ်က တောင်ထိပ်ပေါ်မှ ဆင်းလာကြကာ လူငယ် တစ်ယောက်စီတိုင်း၏ ရှေ့တွင် ရပ်လျက် ဆေးများ တိုက်ကျွေးကြသည်။

အမျိုးသမီး တပည့်တစ်ယောက်က အေးစက်သော လေသံဖြင့် ပြောသည်။

“စီနီယာ… ၃၉ ယောက်မှာ ၂၅ ယောက်က အရှုံးပေးသွားကြတယ် … ၃ ယောက် အောင်တယ်… ၁၁ ယောက် ကျန်တယ်….. ”

သူမက ဤကဲ့သို့ လူမဆန်သော စမ်းသပ်မှုမျိုးတွင် အတွေ့အကြုံရှိပုံ ရသည်။ ငယ်ငယ်လေး ကတည်းက လေ့ကျင့်ခဲ့သော သူမ၏ သိုင်းပညာ အပေါ်တွင် မိမိကိုယ်ကို ယုံကြည်မှုရှိသည်။ သူမ၏ ဇွဲလုံ့လမူကား လုံလောက်ရုံမျှသာ ရှိသည်။ ၁၀ နှစ်ခန့် ကြိုးစားခဲ့သည့် တိုင်အောင် ယခုထိပင် တပည့်တစ်ယောက် ဖြစ်မလာသေးပေ။

ဝတ်စုံနက်လူ၏ မျက်လုံးက အေးစက်နေသည်။ သူက သတိလစ်နေသော လူငယ် ၁၁ယောက်ကို ကြည့်ကာ မသိမသာ ခေါင်းညိတ်လိုက်သည်။

“အောင်တဲ့ ၃ ယောက်ကို ခေါ်သွားပြီး သူတို့လုပ်ရမယ့် အလုပ်တွေ ရှာပေးလိုက် … ကျရှုံးသွားတဲ့ ၂၅ ယောက်ကိုတော့ သူတို့ရဲ့ မိသားစုတွေဆီကို ပြန်ပို့လိုက် … နောက်ဆုံးကျန်တဲ့ ၁၁ ယောက်ကတော့ သူတို့ နိုးလာအောင် စောင့်ပြီးတော့မှ ဓားဝိညာဉ် စံအိမ်ဆီ ပို့လိုက် … ဓားဝိညာဉ်နဲ့ စိတ်ချင်း ဆက်နွှယ်မှု ရှိလား ကြည့်ခဲ့… သူတို့မှာ မရှိဘူးဆိုရင် အိမ်ပြန်ပို့လိုက်တော့… ”

သက်လတ်ပိုင်း လူကြီးက ပြောပြီးသည်နှင့် မည်သူ့ကိုမှ မကြည့်တော့ဘဲ အဝေးကို ထွက်သွားသည်။

၃ ရက်ကြာ ပြီးနောက်တွင် ဓားဝိညာဉ်စံအိမ်၌ ဆယ်ကျော်သက် လူငယ် ၁၁ ယောက်က ဖြူရော်နေသော မျက်နှာဖြင့် မတ်တတ် ရပ်နေကြသည်။ ဝမ်လင်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာ များကလည်း သက်သာ ပျောက်ကင်း နေလေပြီ။ သို့သော်လည်း စိတ်ဒဏ်ရာကတော့ ယခုထိ အနာ မကျက်သေးပေ။ သူ၏ ကျရှုံးမှုက ဝမ်လင်း၏ စိတ်နှင့် ခန္ဓာကိုယ်ကို လုံးဝ လုံးပါးပါး စေသည်။

ဤ ဓားဝိညာဉ် စမ်းသပ်မှုကို ဝတ်စုံနက်လူကြီးက ကြီးကြပ်ခြင်း မဟုတ်ချေ။ ယခင်က သူတို့မမြင်ဖူးသော ဝတ်စုံဖြူဝတ် လူကြီးတစ်ယောက်က ကြီးကြပ်ခြင်း ဖြစ်၏။ သူ၏ မျက်လုံးများကလည်း အေးစက်သော အငွေ့အသက်များ ယှက်သန်းနေသည်။ သူက လူငယ်များကို ပုရွတ်ဆိတ် တစ်ကောင်လို သဘောထားပြီး ကြည့်နေသည်။

ထိုလူကြီးက စိတ်မရှည်စွာ ကြည့်လိုက်သည်။

“ဒါက နောက်ဆုံး စမ်းသပ်မှုပဲ … အခန်းထဲကို ရောက်အောင် သွားနိုင်ရင် မင်းတို့က အောင်ပြီလို့ သတ်မှတ်တယ်… ”

အားလုံး၏ အကြည့်များက စံအိမ်ထံသို့ ရောက်နေကြသည်။ စံအိမ်၏ ရှေ့တံခါးက ဖွင့်ထားသည်။ အထဲကို ကြည့်လိုက်ပါက အရွယ်အစား မျိုးစုံသော ဓားများကို မြင်တွေ့ရသည်။

လူငယ်များက တစ်ယောက်ချင်းစီ စံအိမ်ထံသို့ လမ်းလျှောက်သွားသည်။ ပထမတစ်ယောက်က စံအိမ်နှင့် ၅မီတာ အတွင်းကို ရောက်ရှိလာသည်။ သူက စံအိမ်နဲ့ နီးကပ်အောင် အပြင်းအထန် ကြိုးစားနေရသည့် အတွက် မျက်နှာတစ်ခုလုံးက နီရဲနေသည်။ သို့သော်လည် မမြင်နိုင်သော အားတစ်ခုက သူ့အား တွန်းထုတ် ပစ်လိုက်သည်။

“ကျတယ်… နောက်တစ်ယောက်…”

ဝတ်စုံဖြူဝတ်က အော်လိုက်သည်။

ဝမ်လင်းက ၇ ယောက်မြောက် ဖြစ်သည်။ သူ့ရှေ့က ၆ ယောက်လုံးက ကျရှုံးသွားပြီး ဖြစ်သည်။ သူတို့က စံအိမ်နှင့် ၅ မီတာအတွင်းသို့ ရောက်သည်နှင့် မမြင်နိုင်သော အားတစ်ခု၏ တွန်းကန်ခြင်းကို ခံကြရသည်။

ဝမ်လင်းက ခါးသီးစွာ ပြုံးလိုက်၏။ သူ့ နှလုံးသားထဲမှ လက်ကျန် မျှော်လင့်ချက် ကလေးနှင့်အတူ ရှေ့ကို လျှောက်သွားလိုက်သည်။

ဝမ်လင်းက ၅ မီတာ အကွာအဝေးခန့်ကို ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနိုင်ခဲ့သည်။ သူ၏ နှလုံးခုန်သံက တဖြည်းဖြည်း မြန်ဆန်လာသည်။ နောက်၁ မီတာခန့် ခြေလှမ်း လှမ်းလိုက်သည်။ ဝမ်လင်းက မည်သည့် ခံစားမှုမျိုးမှ ထူးထူးခြားခြား မခံစားရသေးပေ။

“ဟေ….. ”

ဝတ်စုံဖြူဝတ်က အံ့သြစွာဖြင့် လွှတ်ခနဲ ထွက်သွားသည်။ သူ့မျက်လုံးများက တောက်ပလာပြီး မျက်နှာကလည်း အနည်းငယ် စိတ်ဝင်စားသော အမူအရာဖြစ်လာ၏။ ဝတ်စုံဖြူဝတ်လူက ညင်သာစွာ ပြောသည်။

“ဆက်သွားဖို့ တုံ့ဆိုင်းမနေနဲ့ … ဓားဝိညာဉ် စံအိမ်ထဲကို ဆက်လျှောက်သွား… ဓားဝိညာဉ်က အသိအမှတ် ပြုမယ်ဆိုရင် အရင်စမ်းသပ်မှု နှစ်ခုမှာ ရှုံးနိမ့်နေရင်တောင်မှ မင်းကို ပင်မတပည့်အဖြစ် အသိအမှတ် ပြုလိမ့်မယ်… ”

တခြား လူငယ်၁၀ ယောက်မူကား မနာလိုသော အမူအရာများဖြင့် ရပ်ကြည့်နေကြသည်။

ဝမ်လင်းက ကြီးစွာသော ဖိအားကို ခံစားနေရ၏။ သူ့မိဘများ၏ ပုံရိပ်များ သူ၏ ခေါင်းထဲကို ဝင်လာရင်းဖြင့်ပင် ဝမ်လင်းက တံခါးထံသို့ နောက်ထပ် ၁မီတာခန့် လှမ်းလိုက်သည်။ တံခါးသို့ ရောက်ရန် ၃ မီတာခန့်သာ လိုတော့သည်။ ထို့နောက် ဝမ်လင်းက နောက်တစ်လှမ်း လှမ်းလိုက်သည်။

ရုတ်တရက် ကြီးမားသော အားတစ်ခုက ဝမ်လင်းကို တွန်းထုတ် လိုက်သည်တွင် ဝမ်လင်းက သူ၏ ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်တော့ပဲ အနောက်ကို ၁၀မီတာခန့် လွင့်စဉ်သွားသည်။

တခြား လူငယ်များက ဝမ်လင်းကို ​လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဝမ်လင်းလည်း သူတို့နှင့် ဘာမှ ထူးခြားမည်မဟုတ်ဟု သူတို့ ထင်မြင်ကြသည်။

နာကြည်းစွာ တစ်ချက် ရယ်လိုက်ရင်းက သူ၏ စိတ်ထဲ ပိုမို၍ နာကျင်လာသည်။ သူ့မိဘများ၏ မျှော်လင့်ချက်များကလည်း တဖြည်းဖြည်း သေဆုံးလာသည်။

ဝတ်စုံဖြူဝတ်၏ မျက်လုံးများက တဖန် အေးစက်သွားသည်။

“ကျတယ်… နောက်တစ်ယောက်… “

Comment

Leave a Reply

Options

not work with dark mode
Reset