အမှောင်အိပ်မက်ထဲတွင် တစ်နှစ်တိတိ ကုန်ဆုံးသွားခဲ့ပါသော်လည်း လက်တွေ့ကမ္ဘာထဲတွင်မူ တစ်ရက်မျှသာ ကုန်ဆုံးသွားခဲ့၏။
အမှောင်အဆောင်ပစ္စည်း ဖန်တီးထားသည့် အထပ်သုံးထပ်ပါသော မြေအောက်ကမ္ဘာကြီးထဲတွင် ပိတ်မိနေခဲ့သည့် အခြားဂြိုဟ်မှ ကျင့်ကြံသူသုံးယောက် ဝမ်ပေါင်လဲ့အား မျက်ခြည်ပြတ်သွားခဲ့သည်မှာ တစ်ရက်မျှသာ ရှိသေးသည်။
သူတို့မှာ အမျက်ချောင်းချောင်း ထွက်နေကြပြီး ဝမ်ပေါင်လဲ့အား သတ်ဖြတ်ချင်စိတ်များ တဖွားဖွား ပေါက်နေကြသည်။ သို့သော် သူတို့မှာ ပျာယာခတ်နေခြင်းမရှိပေ။ သူတို့၏ ဗဟုသုတများနှင့် အတွေ့အကြုံများကြောင့် အမှောင်အဆောင်ပစ္စည်း ဖန်တီးထားသည့် မြေအောက်ကမ္ဘာကြီးမှာ အလုံပိတ် စကြဝဠာကြီးတစ်ခု ဖြစ်နေကြောင်း သူတို့က သိရှိထား၏။ သူတို့မှာ ထိုနေရာမှ ထွက်ခွာနိုင်မည့် ထွက်ပေါက်တစ်ပေါက်တလေကိုပင် ရှာမတွေ့ခဲ့သောကြောင့် အတွင်းပိုင်းထဲသို့ ဝင်ရောက်ကာ ဆက်လက်ရှာဖွေနေခဲ့သည်။
သို့ဖြစ်ရာ သူတို့မှာ ဝမ်ပေါင်လဲ့ သို့မဟုတ် ထွက်ပေါက်တစ်ပေါက်ကို အနှေးနှင့်အမြန် ရှာတွေ့နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။ အမှန်တွင် ထိုနှစ်ခုလုံးကိုပင် ရှာတွေ့သွားနိုင်ခြေမှာလည်း အလွန်အင်မတန်မှ မြင့်မားနေသည်။
သူတို့ ယုံကြည်ထားသည့်အတိုင်းပင်။ သူတို့မှာ အထောက်အပံ့ပစ္စည်းများနှင့် ဝှက်ဖဲပေါင်း မြောက်မြားတို့ကိုသာမက သူတို့၏ အကြီးအကဲကြီး လက်ဆင့်ကမ်းပေးခဲ့သည့် တားမြစ်မန္တန်များအား ဖျောက်ဖျက်ပစ်နိုင်စွမ်းရှိသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကိုပင် ပိုင်ဆိုင်ထား၏။ ထိုပညာရပ်ကို အသုံးပြုလိုပါက သူတို့သုံးယောက်စလုံး ပူးပေါင်း၍ အသုံးပြုရမည်ဖြစ်ပါသော်လည်း ၎င်းမှာ တားမြစ်မန္တန်အစီအရင်များကို တုံ့ပြန်နိုင်စွမ်းရှိပြီး ၎င်း၏ အစွမ်းမှာ အလွန်အင်မတန်မှ အံ့သြမှင်တက်ဖွယ် ကောင်း၏။
သို့ဖြစ်ရာ ရက်အနည်းငယ်ခန့် အကြာတွင် သူတို့မှာ ဤအမှောင်အဆောင်ပစ္စည်းကြီးထဲမှ အမှန်တကယ်ပင် ဖောက်ထွက်သွားနိုင်ခြေ ရှိပေသည်။ သို့မဟုတ် ဝမ်ပေါင်လဲ့ဆီသို့လည်း ရောက်ရှိသွားနိုင်ပေသည်။
သို့သော်… သူတို့မှာ တစ်ရက်အတွင်းတွင် အခြေအနေများအားလုံး ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ယခုတွင် သူတို့မှာ မြေအောက်ကမ္ဘာကြီး၏ ဒုတိယအထပ်တွင် မာကျောမှု သိပ်မရှိသော နေရာတစ်ခုကို ရှာတွေ့ထားပြီ ဖြစ်သောကြောင့် ထိုနေရာမှ ဖောက်ထွက်နိုင်ရန် အတူတကွ ကြိုးစားနေကြ၏။ မြေပြင်ကြီးနှင့် ကောင်းကင်ကြီးတို့မှာ တသိမ့်သိမ့် တုန်ရီနေပြီး ကောင်းကင်ရံကြီးထဲတွင် ဝဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ အစပိုင်းတွင် ၎င်းမှာ ဖြည်းဖြည်းချင်းသာ လည်ပတ်နေခဲ့ပါသော်လည်း သူတို့သုံးယောက်မှာ ထိုမန္တန်ကြီးကို ဆက်လက်အသုံးပြုနေသောကြောင့် ၎င်းမှာ ပို၍ပင် မြန်ဆန်လာတော့သည်။
ထိုသို့ မြန်ဆန်လာသောအခါ ဝဲကြီး၏ အလယ်တွင် စင်္ကြံလမ်းလေးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ လက်ရှိတွင် တည်ငြိမ်မှု မရှိသေးပါသော်လည်း အချိန်အနည်းငယ်ခန့် ကြာပြီးလျှင် ပြန်လည်တည်ငြိမ်သွားမည်ဖြစ်ပြီး မြေအောက်ကမ္ဘာကြီး၏ ပထမအထပ်နှင့် ဒုတိယအထပ်တို့ကို ဆက်သွယ်ပေးလိုက်မည်သာဖြစ်သည်။
သူတို့မှာ ပထမအထပ်သို့ ရောက်ရှိသွားသည်နှင့် အင်အားသုံး၍ အမှောင်အဆောင်ပစ္စည်းကြီး၏ အပြင်ဘက်သို့ ဖောက်ထွက်သွားနိုင်မည်သာ ဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မရှာခင် အရင်ဆုံး အထပ်တစ်ထပ်ချင်းစီတိုင်းတွင် ထွက်ပေါက်တစ်ပေါက်စီ ဖန်တီးထားရန် ကြံရွယ်ထား၏။
” ငါတို့တွေ ပထမအထပ်ကို ရောက်ပြီးလို့ စင်္ကြံလမ်းတစ်ခုကို ဖောက်ပြီးတာနဲ့ ချက်ချင်းပြန်ပိတ်ပြီးတော့ ဟို ဖက်တီးစုတ်ကို သွားရှာကြတာပေါ့။ သူ့နာမည်က ကျိုးရိရှန်တော့ မဟုတ်လောက်ဘူး။ အဲ့လိုမှ မဟုတ်ရင် သူက သူ့ရဲ့ နာမည်ကို ငါတို့ မကြားကြားအောင် အော်ပြောခဲ့တာ ရူးနေလို့ပဲ ဖြစ်ရမယ် ”
” ကိစ္စမရှိပါဘူးကွာ။ သူက ကျင်းတူးတဲ့ နေရာမှာ တော်တဲ့ ကြွက်စုတ်တစ်ကောင်သာသာပါပဲ ”
သူတို့သုံးယောက်စလုံးမှာ မျက်စိမျက်နှာများပျက်နေကြ၏။ သူတို့မှာ သူတို့၏ ဇာတိဂြိုဟ်ပေါ်၌ဖြစ်စေ အခြားလူမှုအဖွဲ့အစည်းများကို သွားရောက်ဖျက်ဆီးခဲ့သည့် အချိန်များတုန်းကဖြစ်စေ ယခုကဲ့သို့ ဝှက်ဖဲပေါင်းမြောက်မြားစွာကို ပိုင်ဆိုင်ထားပြီး သုတ်သင်ရှင်းလင်းရန် အလွန်အင်မတန်မှ ခက်ခဲသည့်အပြင် ရက်စက်ကြမ်းကြုတ်ကာ အများနှင့်မတူဘဲ ကွဲထွက်နေသည့် အခြေတည်အဆင့်ကျင့်ကြံသူမျိုးနှင့် လုံးဝ မကြုံတွေ့ခဲ့ဖူးပေ။
သူတို့မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့်တွင်သာ ရှိနေသေးသည်ဆိုသည့် အချက်ကို ပြန်၍သတိရသွားသောအခါ ပို၍ပင်မျက်နှာပျက်သွားရပြန်သည်။ ထို့ကြောင့် သူတို့မှာ အစပိုင်းတွင် ဝမ်ပေါင်လဲ့အား လျှော့တွက်မိခဲ့ကြောင်း ဝန်ခံလိုက်ရ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား အရှင်လက်လက် ဖမ်းဆီးချင်ခဲ့သောကြောင့် သူတို့၏ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ထုတ်မသုံးခဲ့သဖြင့် ဝမ်ပေါင်လဲ့အား အခွင့်အရေးတစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ထိုအခွင့်အရေးကြောင့်လည်း သူတို့အတွက် အခြေအနေအားလုံးမှာ ပြောင်းလဲသွားရပြီဖြစ်သည်။
” အရင်ဆုံး ငါတို့တွေ အပြင်ဘက်ကို ဖောက်ထွက်ကြတာပေါ့။ ဒါပေမဲ့ သူ့ကို အချိန်အများကြီး အကုန်ခံပြီး ရှာမနေနဲ့။ ဇာတိဂြိုဟ်ကို အမြန်ဆုံးပြန်ပြီးတော့ အကြီးအကဲကြီးကို ဒီအကြောင်းတွေ သတင်းပြန်ပို့ဖို့ လိုသေးတယ်။ ပြီးတော့ သူ့ရဲ့မွေးနေ့အတွက် နောက်ကျလို့လည်းမဖြစ်ဘူး။ ငါတို့တွေ တိမ်လွှာကြယ်စင် လူမှုအဖွဲ့အစည်းရဲ့ အပျက်အစီးတွေထဲမှာ ရှာတွေ့ခဲ့တဲ့ ကျောက်တုံးသေတ္တာကြီးကို သူသဘောကျမှာ သေချာတယ်။ အဲဒီအပြင် ဒီကြယ်စင်စုအကြောင်းကိုပါ တင်ပြလိုက်မယ်ဆိုရင် ငါတို့ကို ဝိညာဉ်ကြားခံနယ်ဆေးလုံးသုံးလုံး ဆုချီးမြှင့်မှာ သေချာသလောက်ပဲ ” မျက်နှာပေါ်တွင် ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးမှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ရေရွတ်လိုက်၏။
အခြားကျင့်ကြံသူနှစ်ယောက်မှာ သူ၏စကားကို ကြားလိုက်ရသောအခါ မျက်ဝန်းများထဲ၌ စိတ်အားထက်သန်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူတို့မှာ လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကြီးကို ဆက်လက်အသုံးပြုကာ ဝဲကြီးထဲရှိ စင်္ကြံလမ်းလေးကို တည်ငြိမ်အောင်လုပ်ရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်တွင်… သူတို့မျှော်လင့်မထားသည့် အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကြီးတို့ဆီမှ အလွန်အင်မတန်မှ ကျယ်လောင်သော ထစ်ချုန်းသံကြီးများ အဆက်မပြတ်ပေါ်ထွက်လာ၏။ ထို့နောက် မြေပြင်ပေါ်တွေရှိနေသော အုတ်ဂူတိုင်များမှာ အပြင်းအထန် တုန်ရီသွားကြပြီး မြေအောက်ကမ္ဘာကြီး၏ ဒုတိယအထပ်တွင် ကမ္ဗည်းစာလုံးလှိုင်းများ ပေါ်ပေါက်လာသည်။ ထို့ကြောင့် ထို ဒုတိယအထပ်ကြီး တစ်ထပ်လုံးမှာ ရေကန်တစ်ခု၏ မျက်နှာပြင်ကဲ့သို့ ပြောင်းလဲသွားပြီး ၎င်းထဲသို့ ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာသကဲ့သို့ ဖြစ်သွားသောကြောင့် ကန်မျက်နှာပြင်ပေါ်တွင် တုန်ခါမှုလှိုင်းများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုကဲ့သို့ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားမှုကြောင့် ထိုကျင့်ကြံသူသုံးယောက်မှာ အထိတ်တလန့်ဖြစ်သွားရ၏။ သူတို့သုံးယောက် မတုံ့ပြန်နိုင်ခင်မှာပင် ရုတ်တရက်ဆိုသလို ကမ္ဘာကြီးတစ်ခုလုံးမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွား၏။ ထို့ကြောင့် ကောင်းကင်ကြီးမှာ ကမ္ဘာမြေကြီးဖြစ်သွားပြီး သုဿာန်မြေပြင်ကြီးမှာ မိုးကောင်းကင်ကြီး ဖြစ်သွားတော့သည်။
ထိုကမ္ဘာကြီး တစ်ခုလုံးထဲတွင် ကမ္ဗည်းစာလုံးလှိုင်းများမှာ အဆုံးမရှိလောက်အောင် ပျံ့လွင့်နေ၏။ ခဏအကြာတွင် သူတို့၏ အနီး၌ စိတ်နှလုံးချောက်ချားဖွယ်ရာကောင်းသော ဖုတ်ကောင်ခေါင်းကြီးနှစ်လုံး ပေါ်ပေါက်လာ၏။ ၎င်းတို့၏ မျက်နှာမှာ အစိမ်းရောင်ဖြစ်နေပြီး အစွယ်များပေါက်ကာ ချိုများထွက်နေသောကြောင့် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ၎င်းတို့၏ မျက်နှာများပေါ်တွင် ရှိနေကြသည့် ကမ္ဗည်းစာလုံးများမှာ လင်းလာလိုက် မှောင်သွားလိုက် ဖြစ်နေသောကြောင့် ၎င်းတို့၏ ပုံပန်းသွင်ပြင်မှာလည်း ကြက်သီးထစရာကောင်းကာ ရက်စက်ကြမ်းကြုတ်ဖွယ်ရာ ကောင်းနေတော့သည်။
ထိုဖုတ်ကောင်ခေါင်းကြီးနှစ်လုံးမှာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ပါးစပ်ပေါက်များကို ဖြဲလိုက်ကြပြီး ကျင့်ကြံသူနှစ်ယောက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြ၏။ ၎င်းတို့မှာ သူတို့နှစ်ယောက်ကို မျိုချပစ်ရန် ကြံရွယ်နေကြခြင်းဖြစ်သည်။
၎င်းတို့မှာ အလွန်အင်မတန်မှ လျင်မြန်နေသောကြောင့် သူတို့နှစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် မျက်နှာပေါ်၌ ကင်းခြေများကြီးရှိနေသော ကျင့်ကြံသူကြီးနှင့် သူ၏ဘေးတွင်ရှိနေသော မြင်းမျက်နှာနှင့် ကျင့်ကြံသူကြီးမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး အခြားရွေးချယ်စရာမရှိတော့သဖြင့် နောက်သို့ဆုတ်ခွာသွားရန် ကြိုးစားလိုက်ကြ၏။ သို့သော် သူတို့၏ ခန္ဓာကိုယ်များမှာ အစိမ်းရောင်မျက်နှာနှင့် ဧရာမဖုတ်ကောင်ခေါင်းကြီးနှစ်လုံး၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ ထို့နောက် သူတို့မှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
သူတို့ ပျောက်ကွယ်သွားသည်နှင့် ဇောက်ထိုးမိုးမျှော် ဖြစ်နေသောကမ္ဘာကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ကမ္ဗည်းစာလုံးလှိုင်းများနှင့်အတူ ထိုကမ္ဘာကြီးထဲတွင် ပေါ်ပေါက်လာခဲ့သည့် ပြောင်းလဲမှုများအားလုံးမှာလည်း ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ဒုတိယထပ်တွင် ရှိနေခဲ့သည့် ကျင့်ကြံသူ သုံးယောက်ထဲမှ မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူတစ်ယောက်သာ ကျန်ရစ်ခဲ့၏။ ထို့ကြောင့် သူသည် မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားရပြီး လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားနေရပြီဖြစ်သည်။ သူသည် စောစောတုန်းက မြင်လိုက်ရသည့် မြင်ကွင်းကြီးကြောင့် ကြောက်လန့်တကြား ဖြစ်သွားရသဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ထုတ်လွှတ်ကာ သူ၏ အာရုံခံနိုင်စွမ်းများကို ဖြန့်ကြက်လိုက်ပြီးနောက် နောက်သို့ဆုတ်ခွာသွား၏။ သူသည် အလွန်အင်မတန်မှ ထိတ်လန့်ကြောက်ရွံ့ကာ သတိကြီးကြီး ထားနေတော့သည်။
သူသည် ထိုသို့ဆုတ်ခွာသွားရင်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မန္တန်လက်ကွက်များ အလျင်အမြန်ဖော်လိုက်၏။ ထိုအခါ သူ၏နဖူး၊ မျက်လုံးထောင့်များ၊ လက်များနှင့် ခြေထောက်များပေါ်တွင် အကြေးခွံများ ပေါ်ပေါက်လာကြသည်။ ထိုကဲ့သို့သော အကြေးခွံစုစုပေါင်း ကိုးခုအထိရှိနေပြီး ၎င်းတို့အားလုံးမှာ ခရမ်းရောင်ဖြစ်နေ၏။ ထိုအကြေးခွံများထဲမှ အံ့ဩမှင်တက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေကြသည်။
၎င်းမှာ သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်ဖြစ်ပေသည်။ သို့သော် သူ ထိုတိုက်ကွက်အား ထုတ်သုံးသည့်အချိန်တိုင်း သူ၏ သက်စောင့်စွမ်းအားမှာ ကုန်ခန်းသွားရ၏။ ထို့ကြောင့်လည်း သူသည် ချောင်ပိတ်ကာ သေမင်းနှင့် ရင်ဆိုင်နေရသည့်အချိန်သို့ မရောက်မချင်း ထိုတိုက်ကွက်အား အသုံးပြုလေ့မရှိပေ။ ယခုတွင်မူ သူသည် ထိတ်လန့်ကြောက်ရွံ့နေသောကြောင့်သာ ထိုတိုက်ကွက်အား ထုတ်သုံးလိုက်ရခြင်းဖြစ်၏။
စိတ်နှလုံးထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သော မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်၏။ သူသည် မိနစ်သုံးဆယ်တိတိ ပျံသန်းနေလိုက်ပြီးနောက် သူ၏ ပတ်ပတ်လည်ရှိ မည်သည့်အရာကမှ ပြောင်းလဲသွားခြင်းမရှိသလို မည်သည့်အန္တရာယ်မှ ပေါ်ပေါက်မလာသည်ကို မြင်လိုက်ရသည်။
” ငါတို့တွေ ဒီ အမှောင်အဆောင်ပစ္စည်းထဲက ထောင်ချောက်တစ်ခုခုနဲ့များ ကြုံလိုက်ရတာလား ” မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ သံသယများ ဝင်လာရ၏။ ဖုတ်ကောင်ခေါင်းကြီးများ၏ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာမှုနှင့် ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့၏ ပြောင်းလဲသွားမှုများမှာ သူ့အတွက် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေသည်မဟုတ်ပါလော။ သူ၏ ရဲဘော်ရဲဘက်များမှာ တစ်ကိုယ်လုံး ဝါးမျိုခံလိုက်ရသည်ဖြစ်ပြီး လက်ရှိတွင် သူတို့၏ အခြေအနေများကို မသိနိုင်သောကြောင့် သူသည် စိုးရိမ်သောကများ ရောက်နေရတော့သည်။ ယခုတွင်မူ သူသည် ဘေးကင်းသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသောကြောင့် သံသယများ ဝင်နေသည့်တိုင်အောင် အနည်းငယ်ခန့် စိတ်အေးသွားရ၏။
သို့သော် သူ ထိုကဲ့သို့ အနည်းငယ်ခန့် စိတ်အေးသွားစဉ်မှာပင် အနက်ရောင်မြူခိုးများမှာ အုတ်ဂူတိုင်များဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးတစ်ခုလုံးကို တိတ်တဆိတ် လွှမ်းခြုံသွား၏။ အစပိုင်းတွင် ထိုမြူခိုးများမှာ ခပ်ရေးရေးမျှသာ ရှိပါသော်လည်း အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ၎င်းတို့မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အားလုံးကို လွှမ်းခြုံသွားတော့သည်။ အကယ်၍ အပေါ်စီးမှနေ၍ အောက်သို့ငုံ့ကြည့်လိုက်မည်ဆိုပါက မြေပြင်ကြီးတစ်ခုလုံး မြူခိုးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်ကိုသာ မြင်လိုက်ရမည်ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။ သူသည် ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီသွားရ၏။ ထို့နောက် သူသည် ကောင်းကင်ကြီးထဲတွင် သွေးများဖြင့်နီရဲနေသည့် နယ်မြေကြီးတစ်ခုကို မြင်လိုက်ရသဖြင့် မျက်လုံးများပြူးသွားတော့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် သွေးရောင် လမင်းကြီးတစ်စင်းမှာ ကောင်းကင်ယံထဲ၌ ပေါ်ပေါက်လာတော့သည်။
၎င်းမှာ ချောက်ချားဖွယ်ရာကောင်းသော အငွေ့အသက်ကြီးတစ်ခုကို ထုတ်လွှတ်နေ၏။ သူ၏ ပတ်ပတ်လည်တွင် တီးတိုးရေရွတ်သံများ ပဲ့တင်ထပ်လာပြီး မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်ယံကြီးထဲတွင် သွေးရောင် လမင်းကြီးတစ်စင်း ထိန်ထိန်လင်းနေတော့သည်။
ထိုမျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ ထိုတီးတိုးစကားသံများကို ကြိုးစား၍ နားထောင်ကြည့်နေပါသော်လည်း စကားလုံးတစ်လုံးတလေကိုပင် နားမလည်နိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ အကြောက်တရားများ ကြီးစိုးသွားပြီး သူ၏ မျက်နှာတစ်ခုလုံးမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ ထိုအချိန်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော အကြေးခွံကိုးခုမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပလာကြတော့သည်။ ထို့ကြောင့် သူသည် သတ္တိများပြန်ကောင်းသွားပြီး အော်မေးလိုက်၏။
” ဘယ်သူလဲကွ။ ငါ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာ ဘယ်သူလဲ ”
မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာ ထိုသို့အော်ဟစ်လိုက်ပြီးနောက် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သူသည် သူ၏ရှေ့ရှိ မြူခိုးများထဲ၌ လှေတစ်စင်း၏ မှုန်ဝါးဝါး ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရခြင်းဖြစ်သည်။ ထိုလှေပေါ်၌ လူတစ်ယောက်ထိုင်နေပြီး သူသည် အနက်ရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး သူ၏ရှေ့တွင် မီးအိမ်လှော်တက်တစ်ချောင်း ရှိနေ၏။ မြူခိုးများမှာ ထူထပ်လွန်းနေသောကြောင့် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော်လည်း မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးမှာမူ ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားရဆဲပင်။
၎င်းမှာ သာမန်လူတစ်ယောက် မြေအောက်ကမ္ဘာထဲမှ နိုးထလာသော သေမင်းနတ်ဘုရားကြီးတစ်ပါးကို မြင်လိုက်ရသည့် အချိန်၌ ခံစားလိုက်ရမည့် ခံစားချက်မျိုးနှင့် ဆင်တူနေ၏။
ထို့ကြောင့် သူသည် အသားများ တဆတ်ဆတ် တုန်ရီလာရတော့သည်။ သို့သော် သူသည် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် ဖြစ်ရာ သေဆုံးမှုမြောက်မြားစွာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးဖြစ်သလို သူကိုယ်တိုင်လည်း ရန်သူပေါင်းမြောက်မြားစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်နေရပြီး မျက်လုံးများ နီမြန်းနေရသည့်တိုင်အောင် သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်နေပြီဖြစ်ကြောင်း သတိဝင်သွား၏။ ထို့ကြောင့် သူသည် အသံကုန်အော်ဟစ်ကာ လှေကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ သူ၏ လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အကြေးခွံကိုးခုဆီမှ စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့မှာ ဖျက်ဆီးအားကောင်းသော အလင်းတန်းကိုးခုအသွင် ပြောင်းလဲသွားပြီး လှေကြီးပေါ်သို့ ကျရောက်လာကြတော့သည်။
ထိုအလင်းတန်းကိုးခုမှာ လှေကြီးပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်လာပါသော်လည်း ထိုလှေကြီးမှာ ပုံရိပ်ယောင်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဘာမှပြောင်းလဲသွားခြင်းမရှိပေ။ ထို့ကြောင့် ကြောက်မက်ဖွယ်ရာ စွမ်းအားများ ကိန်းအောင်နေပြီး ဖျက်ဆီးအားကောင်းသည့် အလင်းတန်းကိုးခုမှာ ထိုလှေကြီးအား ထိုးဖောက်သွားပြီးနောက် အဝေးတစ်နေရာရှိ မြူခိုးများထဲတွင် ပေါက်ကွဲသွားတော့သည်။
ထိုအခါ မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီး၏ နှလုံးသားထဲ၌ အကြောက်တရားများဖြင့် ပြည့်နှက်သွား၏။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီးနောက် နောက်သို့ အလောတကြီးနှင့် ထွက်ပြေးသွားတော့သည်။
သူ ထိုသို့ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာပြီး စကားလုံးအချို့ကို တိုးတိုးလေးရေရွတ်လိုက်၏။
” ရုပ်အလောင်းမျက်နှာ “